← Chapters

အဖြေ

Vol. 77 Ch. 766

အဖြေ

Vol. 77 Ch. 766

တဦးချင်းအင်အားသာယှဥ်လျင် ကျူးမျိုးနွယ်အနေနှင့် ယုန်မျိုးနွယ်အား ယှဥ်နိုင်စရာအကြောင်းမရှိချေ။

သို့သော် ကျူးမျိုးနွယ်စု၏ စစ်မှန်သောအင်အားမှာ တိုက်စွမ်းအားအပေါ် မူတည်ထားခြင်းမဟုတ်။ ထိန်းချုပ်ခံရုပ်သေးရုပ်အရေအတွက်အပေါ်တွင်သာ မှီခိုနေ၏။ ကျင့်ကြံခြင်းနယ်ပယ်တူနေပါက နယ်ပယ်တူ အရေအတွက်များသူက အင်အားသာလွန်သွားမည် မဟုတ်ပါလား။ တနည်းအားဖြင့် အဆိုပါ ထိန်းချုပ်ခံရုပ်သေးရုပ်များ၏ အရေအတွက်သည်ပင် ကျူးမျိုးနွယ်များ၏ အရေးကြီးလှသော ဝှက်ဖဲတချပ်ပေတည်း။

သိပ်မကြာမီ အကြီးအကျယ် ဖြစ်ပွားတော့မည့်တိုက်ပွဲတွင်လည်း ယုန်ရှန်းချွင်သည် ကျူးမျိုးနွယ်၏ ဝှက်ဖဲတချပ်သဖွယ် ဖြစ်နေလေသည်။ အနှီပုဂ္ဂိုလ်သည် ယုန်မျိုးနွယ်စုအား ဒေါသထွက်အောင် လှုံ့ဆောင်ပေးနိုင်ရုံမက ဒိုင်းကာတခုသဖွယ်လည်း သုံးနိုင်သေး၏။ ယုန်မျိုးနွယ်အကြီးအကဲများအနက် တဦးအပါအဝင်ဖြစ်သော ယုန်ရှန်းချွင်သည် ပေါ့သေးသေးပုဂ္ဂိုလ်မဟုတ်လေရာ ၎င်းကို ထိန်းချုပ်ထားနိုင်ခြင်းမှာ ကျူးယုယန်အတွက် လက်နက်ကောင်းတလက် ပိုင်ဆိုင်ထားသည့်နှယ်ပင်။ ယုန်ချန်းရှန်းအပါအဝင် ယုန်မျိုးနွယ်အကြီးအကဲများအနေနှင့် ၎င်းတို့ညီသားရင်းချာ သွေးစွန်းမည့်အရေးကို မလိုလား။ ကျူးယုယန်၏ ကျိန်စာကိုလည်း ၎င်းတို့ မချေဖျက်နိုင်။ ထို့ကြောင့် သူတို့ တတ်န်ိုင်သည်မှာ ကျိန်ဆဲနေရန်သာတည်း။

ကျူးယုယန်တို့ဖက်မှာ ထိန်းချုပ်ထားသည့် ကျန်အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်သုံးဦးသည်လည်း အသုံးဝင်မှုကိုယ်စီ ရှိနေကြ၏။ သူတို့သုံးဦးအနက် တဦးမှာ အလင်းပြန်သားရဲသွေးဗီဇပ်ိုင်ရှင်ဖြစ်သည်။ အဆိုပါသားရဲ၏ ထူးခြားသောအစွမ်းတမျိုးမှာ အမှောင်ထုကို ဖြိုခွင်းနိုင်သည့် အလင်းတန်းများ ထုတ်လွှတ်ပေးနိုင်ခြင်းပင် ဖြစ်သည်။ ၎င်းစွမ်းရည်မှာ ယုန်မျိုးနွယ်စု၏ အမှောင်ထုမူလစွမ်းရည်များအား တုံ့ပြန်ရန် အသင့်တော်ဆုံး စွမ်းရည်တမျိုးပင်။ ကျန်တဦးမှာ အပြာရောင်ဓားခုတ်ကောင်သားရဲသွေးဗီဇပိုင်ရှင်ဖြစ်ပြီး မည်မျှဒဏ်ရာပြင်းထန်စေကာမူ အသက်ပြန်ရှင်လာနိုင်စေသော စွမ်းရည်ပိုင်ရှင် ဖြစ်သည်။ နောက်ဆုံးတဦးမှာ သက်တန့်နတ်ဆိုးသားရဲသွေးဗီဇပိုင်ရှင် ဖြစ်သည်။ သက်တန့်နတ်ဆိုးသားရဲသည် နတ်ဆိုးဘုရင်သားရဲဖြစ်ပြီး ရန်သူအား ညှို့ငင်ဖမ်းစားနိုင်သော စွမ်းရည်ရှိ၏။

တိုက်ပွဲကား အစပြုခဲ့လေပြီ။ ကျူးမျိုးနွယ်ဘက်မှ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်ရှစ်ဦးနှင့် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တဦးတို့သည် ယုန်မျိုးနွယ်အကြီးအကဲခြောက်ဦးနှင့် ထိပ်တိုက်ရင်ဆိုင်မိကြ၏။ ယုန်မျိုးနွယ်ဘက်မှ လူခြောက်ဦးတည်းသာရှိသည်ဆိုသော်ငြား ၎င်းတို့အင်အားကတော့ မနိိမ့်။ တိုက်ပွဲစတင်လိုက်သည်နှင့် ၎င်းတို့ခြေဖဝါးအောက်နားဆီမှ အနက်ရောင်မြူခိုးများ တလူလူ ထွက်ပေါ်လာတော့၏။

တခနအတွင်းမှာပင် အနီရောင်နှင့်အနက်ရောင်အလင်းတန်းများ လုံးထွေးသတ်ပုတ်လျက်ရှိလေပြီ။ ထိုအခါ ကောင်းကင်တခွင်လုံး နီတခါ နက်တလှည့် ရှိနေတော့သည်။

မိုင်ပေါင်းများစွာအကွာမှပင် အနှီ ထူးခြားဆန်းကြယ်လှသော မြင်ကွင်းကို မြင်တွေ့နေရမည်မှာ သေချာနေ၏။

ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်ဆယ်ဦးကျော်၏ အင်အားသည် ကမ္ဘာမြေကြီးကို ထက်ခြမ်းကွဲထွက်သွားစေနိုင်လောက်ပေသည်။ တဟုန်းဟုန်းထွက်ပေါ်လာသော အားလှိုင်းများသည် စွမ်းအင်ပင်လယ်ပြင်ကြီးသဖွယ် စုဝေးသွား၏။ အဝေးဆီမှာ တောင်ကြီးများပင် ငလျင်လှုပ်သည့့်သဖွယ် သိမ့်သိမ့်တုန်လာပြီး ဝုန်းခနဲ ပြိုကျကုန်ကြလေသည်။ တိုက်ခိုက်နေသူအားလုံး လေထဲတွင် တိုက်ခိုက်နေကြခြင်းဖြစ်ပြီး မြို့တော်၏ ကာကွယ်ရေးစနစ် အသက်ဝင်နေ၍သာ တော်တော့သည်။ မဟုတ်ပါက ရိုက်ခတ်လာသော အားလှိုင်းများကြောင့် တမြို့လုံး ပြားပြားဝပ်သွားမည်မှာ သေချာနေ၏။

အားလုံးအနက် အင်အားအကြီးမားဆုံးသူမှာ ယုန်ချန်းရှန်းမှန်း သံသယဖြစ်စရာမလိုချေ။ ယုန်မျိုးနွယ်အကြီးအကဲဖြစ်သည့် ၎င်းသည် ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ် ထိပ်ဆုံးအလွှာသို့တိုင် ရောက်ရှိနေပြီဖြစ်ပြီး ၎င်း၏ ကျင့်ကြံခြင်းအုတ်မြစ်မှာကား နတ်ဘုရားနန်းဆောင် အဌမအလွှာပင်တည်း။

သူသည် အရိပ်သဲမြန်ဟူသော ထူးခြားသည့် မူလကိရိယာတမျိုးကို ကိူင်ဆောင်ထား၏။ အဆိုပါကိရိယာမှာ အရိပ်စွမ်းအင်များအား ပြန်လည်ဖြည့်တင်းပေးနိုင်သော စွမ်းရည်ရှိလေသည်။ ၎င်း၏ နောက်ထပ်ထူးဆန်းသောစွမ်းရည်မှာ ဓား၊လှံ၊ ဒိုင်းကာ အစရှိသော လက်နက်အသီးသီပုံစံအဖြစ် ပြောင်းလဲနိုင်ခြင်းပင်။ ထိုအခိုက်အတန့်တွင် အရိပ်သဲမြန်မူလကိရိယာသည် ပုံစံအမျိုးမျိုး ပြောင်းလဲကာ ထူးခြားဆန်းပြားသော အစွမ်းက်ို ဖော်ကျူးလျက်ရှိလေ၏။

သို့သော် အပေါ်စီးမှ တ်ိုက်ပွဲဝင်နေသူမှာကား ယုန်မျိုးနွယ်မဟုတ်။ ကျူးမျိုးနွယ်သာ ဖြစ်လေသည်။ အရေအတွက်အားဖြင့် ယုန်မျိုးနွယ်များထက် သာလွန်နေသော ကျူးမျိုးနွယ်များသည် တိုက်ပွဲအား အပေါ်စီးမှ ဦးဆောင်လျက်ရှိသည်မှာ အမှန်ပင်။

တချီတွင်တော့ ကျူးယုယန်သည် ပြင်းထန်သော ချီစွမ်းအားလှိုင်းများကို အဆက်မပြတ်ဖော်ထုတ်ရင်း အောက်ပါအတိုင်း အော်ဟစ်ကျုံးဝါးလိုက်၏။

"ယုန်ချန်းရှန်း ရှင် သေဖို့သာပြင်ပေတော့"

အော်သံနှင့်အတူ သူမ၏ အရှိန်အဝါသည်မှာ ပတ်ဝန်းကျင်တခုလုံးအား လွှမ်းမိုးလာ၏။

သို့သော် ယုန်ချန်းရှန်းကား ပြုံးရုံမျှသာ ပြုံးလိုက်သည်။

တဆက်တည်းမှာပင် အရိပ်သဲမြန်သည် ဒိုင်းတခုအဖြစ် ပြောင်းလဲသွားပြီး ကျူးယုယန်၏ တိုက်ခိုက်မှုကို ကာကွယ်ပေးလိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။

"ဒီလို ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွေမှာ မင်းတို့က ပိုသာတယ်ဆိုတာ ကျုပ် မသ်ိဘူးထင်နေသလား ဒါပေမဲ့ ကျုပ်ဖက်ကလဲ အရှုံးခံပြီး မင်းတို့ကို ခုလို ခြုံခိုတိုက်ခိုက်ပါ့မလားကွ ကဲ တိုက်ကြစမ်းဟေ့"

ထိုအချိန်မှာပင် အဖြူရောင်အရိပ်သုံးရိပ်သည် ဝုန်းခနဲ ထွက်ပေါ်လာပြီး ကျူးယုယန်၊ ကျူးယဲ့ဖန်နှင့် ကျူးယွန်ယုတို့အား ပြိုင်တူဝင်ရောက်တိုက်ခိုက်လိုက်ကြလေသည်။

"ဟာ ချွန်ရှုးကျုံး ချွန်ရှုးယုန် ချွန်ရှုးဝမ်တို့ပါလား"

ရုတ်ချည်းထွက်ပေါ်လာသူသုံးဦးမှာ အဖြူရောင်သမင်ချွန်မျိုးနွယ်စုမှ ပုဂ္ဂိုလ်များပေတကား။

ကျူးယုယန်ကိုကြည့်ရင်း အဖြူရောင်ဝတ်ရုံရှည်ဝတ်ဆင်ထားသည့့် ချွန်ရှုးကျုံးက ရယ်ရယ်မောမောနှင့် နှုတ်ဆက်လိုက်သည်။

"အစ်မကျူး မတွေ့ရတာတောင် အတော်ကြာသွားပြီနော်"

ကျူးယုယန် မဲ့လိုက်၏။

"ချွန်ရှုးကျုံး ချွန်မျိုးနွယ်စုက နင်တို့သုံးယောက်ပဲ ရောက်လာတာလား"

ချွန်ရှူးကျုံး ပြုံးလိုက်သည်။

"သတင်းပေါက်ကြားသွားကတည်းက အကြီးအကဲယုန်အနေနဲ့ ချက်ချင်း တန်ပြန်တိုက်စစ်စတင်ဖို့ ဆုံးဖြတ်လိုက်တယ်လေဗျာ"

စကားဆုံးသည်နှင့် သူ စတင်လှုပ်ရှားလိုက်၏။ သူ့လက်အစုံမှ အဖြူရောင်အခိုးအငွေ့များ အတန်းလိုက် ထွက်ပေါ်၏။

အဖြူရောင်သမင်သွေးဗီဇသည် တိမ်ထုများအား ထိန်းချုပ်နိုင်ပြီး တိမ်တိုက်များထဲတွင် မည်သည့်အင်အားမှ သုံးစရာမလိုပဲ လွယ်လွင့်တကူ လမ်းလျှောက်စေနိုင်သော စွမ်းရည်မျိုး ရှိနေ၏။ တနည်းအားဖြင့် အဆိုပါသွေးဗီဇသည် အသုံးပြုသူအား လေကဲ့သို့ ရွေ့လျားလာစေနိုင်ပေသည်။ ထို့ကြောင့် ချွန်မျိုးနွယ်စုများ၏ တိုက်ခိုက်ပုံသည် လွန်စွာ မြန်ဆန်ပြီး ပြောင်းလွယ်ပြင်လွယ် ရှိလေသည်။

မျက်စေ့တမှိတ်အတွင်းမှာပင် တိမ်ထုများသည် မရေမတွက်နိုင်သော ဝံပုလွေများ၊ ကျားများအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ အဆိုပါ ဝံပုလွေများ၊ ကျားများသည် တိမ်တိုက်များနှင့် ဖန်တီးထားသောငြား ၎င်းတို့ထံမှ ထွက်ပေါ်နေသည့့် အရှိအဝါများမှာကား ကြောက်စရာ ကောင်းနေ၏။

ထိုအချိန်မှာပင် ကျူးယုယန်က ရွှေရောင်ကပ်ကြေးတလက်ကို ဆွဲထုတ်ပြီး ဝံပုလွေများ၊ ကျားများကို ချိန်ရွယ်ကာ တချွန်ချွန်နှင့် ညှပ်ချလိုက်သည်။ ကျူးယုယန်၏ ကပ်ကြေးကိုက်ချက်ကြောင့် ချွန်ရှုးကျုံး၏ တိမ်တိုက်ဝံပုလွေများ၊ ကျားများမှာ အပိုင်းပိုင်း ပြတ်ကုန်လေသည်။

သို့သော် တိမ်ထုများသည် ချက်ချင်းပင် သိမ်းငှက်များအဖြစ် ပြောင်းလဲသွားပြီး အတောင်တဖြတ်ဖြတ်ခတ်ကာ ပျံသန်းလာပြန်၏။

ဤတကြိမ်တွင်တော့ များပြားလှသော သိမ်းငှက်များအား ပိုင်းဖြတ်ရန် ကျူးယုယန်တယောက် အတော်ပင် အားထုတ်လိုက်ရလေသည်။

မည်သို့ဆိုစေ ချွန်မျိုးနွယ်စုဝင်သုံးဦး ဝင်ရောက်လာသည်နှင့် တိုက်ပွဲ၏ အခြေအနေမှာ စတင်ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။ တိုက်ပွဲမှာ ကနဦး ယုမျိုးနွယ်စုများ ဖိနှိပ်ခံနေရသော အနေအထားမှ တဖက်နှင့်တဖက် အင်အားမျှသော အခြေအနေသို့ ရောက်ရှိသွားပေပြီ။

တချိန်တည်းမှာပင် ကျူးယုယန် သွေးပျက်စ ပြုလာ၏။

ကျူးမျိုးနွယ်စုအနေနှင့် ဝှက်ဖဲမရှိသည်တော့မဟုတ်။ သို့သော် အဆိုပါ ဝှက်ဖဲသည် ကျူးအိမ်တော်တွင်သာ ရှိနေသည်။ လက်ရှိအနေအထားအရ သူတို့အားလုံး မြို့ပြင်သို့ရောက်ရှိနေသဖြင့် အဆိုပါဝှက်ဖဲကို သူတို့ အသုံးပြုနိုင်သော အခြေအနေတွင် မရှိ။

မည်သို့ဆိုစေ တိုက်ပွဲမှာ ပြင်းပြင်းထန်ထန်ပင် ဆက်လက်ဖြစ်ပွားနေ၏။ အခြေအနေမှာလည်း နောက်ဆုတ်ရနိုင်သော အခြေအနေမျိုး မဟုတ်တော့။

ထိုအခိုက်မှာပင် စုချန်းနှင့်ကျူးရှန်းယောင်တို့ တိုက်ပွဲဖြစ်ပွားရာနေရာကို ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်ရှိလာတော့သည်။

ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်များ ပြင်းပြင်းထန်ထန်တိုက်ခိုက်နေသော မြင်ကွင်းကိုကြည့်ရင်း ကျူးရှန်းယောင် မျက်နှာပျက်သွား၏။ သို့သော် ဤတိုက်ပွဲမျိုးကို သူမ ဝင်မတိုက်နိုင်။ ဝင်တိုက်ဖို့နေနေသာသာ အနားကပ်၍ပင်မရ။

သို့သော် စုချန်းကား တိုက်ပွဲကို စိတ်ဝင်တစားနှင့် ကြည့်ရှုလျက်ရှိသည်။ တိုက်ခိုက်နေသူများ၏ မူလစွမ်းအင်းစီးဆင်းမှုကို စိုက်ကြည့်ရင်း သူ့မျက်လုံးအစုံမှာ တဖြတ်ဖြတ်တောက်ပနေ၏။

အချိန်ကြာမြင့်စွာအသုံးပြုလာခဲ့ခြင်းကြောင့် လက်ရှိတွင် စုချန်း၏ ပရမတ်မျက်လုံးမှာ များစွာ အဆင့်မြင့်နေခဲ့ပေပြီ။ တစုံတဦး၏ မူလစွမ်းအင်စီးဆင်းမှုကို လေ့လာရသည်မှာ စုချန်းအဖို့ ငှက်ပျောသီး အခွံခွာစားရသည်ထက်ပင် လွယ်ကူနေပေသေးသည်။

စုချန်း၏ ပုံစံကိုကြည့်ရင်း ကျူးရှန်းယောင် နှုတ်ခမ်းစူလိုက်သည်။

"စုချန်း အမေ့ကိုကူညီဖို့ တခုခုလုပ်အုံးလေ"

စုချန်း ခေါင်းခါလိုက်၏။

"ဒီလိုဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်တွေ အုပ်လိုက်ကြီးတိုက်ခိုက်နေတဲ့တိုက်ပွဲမှာ ကျုပ်လဲ ဘာမှမကူညီနိုင်ဘူးကွ"

သို့သော် စုချန်း တွေခနဲ ဖြစ်သွား၏။ ထို့နောက် သူက ပြောလိုက်ပြန်သည်။

"ဒါပေမဲ့ ကိုယ်တိုင်ဝင်မတိုက်ပဲ တိုက်ပွဲကို အနိုင်ရနိုင်မဲ့ နည်းလမ်းတမျိုးမျိုးတော့ ရှိမလားပဲကွ"

ကျူးရှန်းယောင် အံ့သြသွားလေသည်။

"ရှင် ဘာကိုဆိုလိုတာလဲရှင့်"

စုချန်းက ရှင်းပြလိုက်၏။

"လက်ရှိတိုက်ပွဲမှာ သုံးစွဲနေတဲ့ မူလစွမ်းအင်ပြောင်းလဲမှုတွေအရ ယုန်မျိုးနွယ်စုဟာ ကျူးမျိုးနွယ်စုရဲ့ စိတ်ဝိညာဥ်ထိန်းချုပ်မှုကို ချိုးဖျက်နိုင်စွမ်းမရှိတာ သေချာတယ် ချွန်မျိုးနွယ်စုကျတော့လဲ စိတ်ဝိညာဥ်မူလစွမ်းရည်မျိုး ရှိမနေဘူး ဒါဆို ချိန်းဝုရဲ့ ထိန်းချုပ်မှုကို ဘယ်သူဖျက်ဆီးလိုက်သလဲ သေချာတာကတော့ နောက်ကွယ်မှာ ဒီလိုအစွမ်းအစမျိုးရှိတဲ့ တယောက်တော့ ရှိနေပြီ ဒါပေမဲ့ သူ အခု ဒီမှာ မရှိဘူး ဘာလို့လဲ အနီးအနားမှာ မရှိလို့လား ဒါမှမဟုတ် လူလုံးထွက်ပြဖို့ မသင့်တော်ဘူးလား မသင့်တော်ရင် ဘာကြောင့်လဲ နတ်ဆိုးသခင်အဆင့်စတေးမှုတောင် အဖြေကို မထုတ်ပေးနိုင်ဘူး ဘာလဲ ဘာကြောင့်လဲ"

ပြောနေရင်းနှင့်ပင် စုချန်း၏ မျက်လုံးအစုံသည် တဖြည်းအရောင်တောက်လာ၏။ ထို့နောက် သူက ပြောလိုက်သည်။

"ကျုပ်တို့ နောက်ထပ်စတေးမှုလုပ်ဖို့လိုအုံးမယ်ထင်တယ်"

သိပ်မကြာမီ စုချန်း၏ ရှေ့တွင် ပုံရိပ်များ ထင်ဟပ်လာလေသည်။

***

All Chapters