← Chapters

ကြားဖြတ်တားဆီးသည်

Vol. 77 Ch. 767

ကြားဖြတ်တားဆီးသည်

Vol. 77 Ch. 767

စုချန်း၏ အော်သံသည် မိုးခြိမ်းသံသဖွယ် ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ သူ့အသံသည် ဝိညာဥ်လောင်ကျွမ်းခြမ်းနယ်ပယ်ပညာရှင်များအား ခြိမ်းခြောက်နိုင်စွမ်းမရှိ။ သို့သော် တိုက်ပွဲကို ရပ်တန့်သွားစေရန်တော့ လုံလောက်လေသည်။

"မင်းဘာပြောလိုက်တာလဲ"

စုချန်းအား ဒေါသတကြီး လှည့်ကြည့်ရင်း ယုန်ချန်းရှန်း အော်ဟစ်လိုက်သည်။ အတော်ပင်ဝေးကွာနေသည့်တိုင် ယုန်ချန်းရှန်း၏ အကြည့်သည် စုချန်း၏ ရင်ဝအား ဓားတချောင်းသဖွယ် ထိုးဖောက်ဝင်ရောက်သွား၏။

သို့သော် စုချန်းကား ဂရုမစိုက်။

"ကျုပ် ဘာပြောသလဲ ခင်ဗျားသိပါတယ် ဒီမယ် ယုန်ချန်းရှန်း တကိုယ်ရေလောဘအတွက် ခင်ဗျား လူပျံတော်တွေနဲ့ ဒီလိုဆက်သွယ်ရဲသလား"

ယုန်ချန်းရှန်း တကိုယ်လုံး ဆတ်ဆတ်တုန်သည်အထိ ဒေါသထွက်သွား၏။

"မင်း ငါ့ကို အပုတ်ချနေတာပဲ သေချင်နေပြီထင်တယ်"

စုချန်း ရယ်မောလိုက်သည်။ သို့သော် သူ့ရယ်မောသံမှာ အေးစက်တင်းမာနေ၏။

"ခင်ဗျား အကြံအစည်ကို ကျုပ် မဖော်ထုတ်နိုင်ဘူးလို့ ထင်နေတာလား ဟေ့!!!! ထွက်လာခဲ့စမ်း"

စကားဆုံးသည်နှင့် စုချန်းက လေထဲသို့ လက်သီးတချက် ပစ်သွင်းလိုက်လေသည်။

စုချန်း၏ လက်သီးသည် ရိုးစင်းလှ၏။ သို့သော် တသက်က်တာစုဆောင်းထားသည့်အင်အားများကို ဖြည့်သွင်းထား၍ အထူးပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ လက်သီး၏ ဦးတည်ရာမှာကား အဝေးရှိ ကောင်းကင်ယံဆီသို့။

စုချန်း၏ လက်သီးဦးတည်နေသည့် ကောင်းကင်ယံသည် ကြည်လင်နေ၏။ သက်ရှိဟူ၍ ငှက်တကောင်ပင်မရှိပဲ တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။

သို့သော် စုချန်း၏ လက်သီးချက်ထွက်ပေါ်လာသည်နှင့် ကြည်လင်ပြီး ဟာလာဟင်းလင်းဖြစ်နေသောကောင်းကင်သည် ရုတ်ချည်းပင် ပြောင်းလဲသွားတော့၏။ တချိန်တည်းမှာပင် ကောင်းကင်ဆီမှ အရောင်မျိုးစုံ ပြိုးပျက်ဝင်းလက်လာပြီး အက်ကွဲသံများ ထွက်ပေါ်လာကာ မှန်ကြီးတချပ် ဝုန်းခနဲ ကွဲကြေသွားတော့သည်။ ထို့နောက် မရေမတွက်နိုင်သော သလင်းမှုန်လေးများ လေထဲတွင် တွဲလွဲခိုနေတော့၏။

ထိုအချိန်မှာပင် အရိပ်သုံးရိပ်လေပေါ်တွင် ပျံသန်းနေကြောင်း လူတိုင်း မြင်တွေ့လိုက်ရလေသည်။ အဆိုပါ အရိပ်သုံးရိပ်မှာ လူသားများနှင့် တူတော်လည်း လူမဟုတ်သည်ကတော့ သေချာနေ၏။ အကြောင်းမှာ ၎င်းတို့ကျောပေါ်တွင် တောင်ပံများရှိနေသောကြောင့်ပင်။

အဆိုပါသုံးဦးသည် အတောင်တဖြတ်ဖြတ်ခတ်ကာ လေပေါ်တွင် လှည့်ပတ်ပျံသန်းလျက်ရှိသည်။

၎င်းသုံးဦးသည် လူသားများထက် အနည်းငယ် အရပ်ပု၏။ သို့သော် ၎င်းတို့၏ မျက်နှာများမှာကား ထူးခြားလှသည်။

ပျံသန်းနေသူသုံးဦးမှာ မိန်းမတဦးနှင့် ယောကျာ်းနှစ်ဦး ဖြစ်သည်။ မိန်းမှာမှာ ချောမော၏။ ယောကျားများမှာ ယောကျာ်းပီသ၏။ သုံးဦးလုံးလိုလိုသည် ကြည့်ကောင်းလှသည်ကတော့ အမှန်ပင်။

အဆိုပါ လူပျံတော်သုံးဦးသည် တိုက်ခိုက်နေသူများအား မယုံကြည်ဟန်ဖြင့် ငေးကြည့်လျက်ရှိသည်။

"ဟာ လူပျံတော်တွေပါလား"

ကျူးယုယန်၊ ချွန်ရှုကျုံးအပါအဝင် လူတိုင်း၏ အာမေဋိတ်သံ ထွက်ပေါ်လာ၏။

တဖက်မှ လူပျံတော်များမှာလည်း အထူးပင် အံ့သြလျက်ရှိသည်။

"ဟာ ဒါဘယ်လိုလုပ်ဖြစ်နိုင်မလဲ မှော်ကျောက်စိမ်းကြေးမုံကို ဘယ်သူမှ မမြင်နိုင်ပါဘူး"

စုချန်း ပြုံးလိုက်သည်။

"ကျုပ်လဲ မမြင်ရပါဘူးလေ"

အမှန်တကယ်လည်း စုချန်း မမြင်ရချေ။ သူ လုပ်လိုက်သည်က ထင်မြင်ချက်ကို စမ်းသပ်လိုက်ရုံသာ။ ယခုတော့ သူ့ စမ်းသပ်ချက်မှာ အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။

ထိုအချိန်မှာပင် ကျူးယုယန်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"ယုန်ချန်းရှန်း ရှင် လူသားမျိုးနွယ်ကို သစ္စာဖောက်ရဲသလား"

ယုန်မျိုးနွယ်စုသည် လူပျံတော်များအား သစ္စာခံထားသည်မှာ လယ်ပြင်တွင် ဆင်သွားသကဲ့သို့ ထင်ရှားနေခဲ့လေပြီ။ ၎င်းတို့သည် လူပျံတော်များ၏ အကျိုးကျေးဇူးအတွက် ကျူးမျိုးနွယ်စုအား ရှင်းပစ်ရန် ကြံစည်ခဲ့ခြင်းပင်။

ယုတ်စွအဆုံး ချွန်ရှုကျုံးပင် မျက်နှာပျက်သွား၏။

"ယုန်ချန်းရှန်း မင်း ကျုပ်တို့ကို လိမ်တာလား"

ချွန်မျိုးနွယ်စုသည် ကျုးမျိုးနွယ်အား ရှင်းလင်းရန် ယုန်မျိုးနွယ်စုနှင့် ပူးပေါင်းခဲ့၏။ သို့သော် ယုမျိုးနွယ်စုနှင့် လူပျံတော်များ ပူးပေါင်းထားသည်ကိုတော့ သူတို့ ကြိုမသိ။ အကျိုးအမြတ်အတွက်သာ ဤတိုက်ပွဲသို့ သူတို့ဝင်ရောက်လာခဲ့သည် မဟုတ်ပါလား။ လောဘတရားက သူတို့ကို စုံလုံးကန်းစေခဲ့လေပြီ။ သို့သော် လူသားမျိုးနွယ်ကို သစ္စာဖောက်မိ၍ ဖြစ်ပေါ်လာမည့် အကျိုးဆက်မှာကား မသေးလှ။ ထိုအကျိုးဆက်များကို ချွန်မျိုးနွယ်တို့ မလိုလား။

ထိုအခါ ချွန်ရှုကျုံးက ပြောလိုက်၏။

"ဘာပဲဖြစ်ဖြစ် ကျုပ်တို့ လူပျံတော်တွေနဲ့တော့ ပူးပေါင်းမှာမဟုတ်ဘူး ယုန်ချန်းရှန်း ကျုပ်တို့ မဟာမိတ်ဖွဲ့ထားတာ ဒီနေ့ကစပြီး ပျက်ပြယ်သွားပြီလို့မှတ်လိုက်ပါ"

အခြေအနေကို ကျူးယုယန်က အမိအရပင် အခွင့်အရေးယူလိုက်၏။

"ဒီလောက်နဲ့ မလုံလောက်သေးဘူး သူတို့ကို ဖမ်းမိအောင် ရှင် ကျွန်မကို ကူညီရမယ် ဒါကသာ ရှင်တို့ရဲ့ ရိုးသားမှုကို သက်သေပြနိုင်ဖို့ တခုတည်းသော နည်းလမ်းပဲ"

"ကောင်းပြီလေ ကျုပ်တို့ သဘောတူတယ်"

ချွန်မျိုးနွယ်အကြီးအကဲသုံးးဦးလုံး ပြိုင်တူခေါင်းညိတ်လိုက်ကြသည်။

အသက်တမျှအရေးကြီးသော အနေအထားတွင် သူတို့ အနည်းငယ်မျှ တုံ့ဆိုင်းမနေရဲ။ မဟုတ်ပါက တမျိုးနွယ်လုံး ဖယ်ရှားရှင်းလင်းခံရသွားနိုင်သည် မဟုတ်ပါလား။

အခြေအနေမှာ ရုတ်ချည်းပင် ပြောင်းလဲသွားတော့၏။ ချွန်မျိုးနွယ်ညီအစ်ကိုသုံးဦး ကျူးမျိုးနွယ်နှင့် ပူးပေါင်းလိုက်သည့်နောက်တွင်တော့ ယုန်မျိုးနွယ်များ အဘယ်မှာ အရေးလှနိုင်အံ့နည်း။ သိပ်မကြာမီ ယုန်ချန်းရှန်းတို့လူသိုက် ဖမ်းဆီးခံလိုက်ရတော့သည်။

ဆိုးဝါးသောအခြေအနေက်ို မြင်သည်နှင့် လူပျံတော်သုံးဦး ထွက်ပြေးရန် ဟန်ပြင်တော့၏။

"ထွက်ပြေးချင်တယ်ပေါ့ ဟုတ်လား ဟေ့ သေမင်းအရိပ်"

စုချန်း၏ အမိန့်သံထွက်ပေါ်လာသည်နှင့် အဖြူရောင်အရိပ်တရိပ် လေထဲသို့ တိုးထွက်လာ၏။ ထို့နောက် မရေမတွက်နိုင်သော စက္ကူလက်တံများသည် ကြောက်မက်ဖွယ်အရှိန်အဟုန်ကိုဆောင်ကာ လူပျံတော်သုံးဦးနောက်သို့ ထပ်ချပ်မကွာ လိုက်ပါသွားတော့သည်။

၎င်းကိုမြင်သည်နှင့် အထီးလူပျံတော်နှစ်ဦးသည် ရှေ့သို့တိုးထွက်လာပြီး လေးကိုထုတ်ကာ ရွှေရောင်မြားများနှင့် ပစ်ခတ်လိုက်တော့သည်။

လူပျံတော်များဟူသည် အဝေးမှတ်ိုက်ခိုက်ခြင်းကို ထူးချွန်ကြပြီး လေးနှင့်မြားမှ ၎င်းတို့၏ စံပြုလက်နက်ပင်။

သို့သော် အဆိုပါမြားများ စက္ကူဖြူအရုပ်အား ထိမှန်သွားသည်နှင့် ပုတ်သိုးဆွေးမြေ့ကုန်၏။

၎င်းကိုအခွင့်အရေးယူကာ လူပျံတော်မသည် လှစ်ခနဲ ထွက်ပြေးတော့၏။ ၎င်း၏ လှုပ်ရှားမှုမှာ ကြောက်စရာကောင်းလောက်အောင် မြန်ဆန်လှပေသည်။

သို့သော် စုချန်း၏ လှုပ်ရှားမှုက ပို၍ပင် မြန်ဆန်နေသေး၏။

လမင်းစန္ဒာလွန်းပျံယာဥ်သည် လူပျံတော်မ၏ ရှေ့မှောက်သို့ ချက်ချင်းပင် ရောက်ရှ်ိလာလေသည်။

လူပျံတော်မ၏ တုံ့ပြန်မှုကလည်း မသေးလှ။ ကောင်းကင်ဆီမှာ လျပ်စီးတန်းတခု ဝုန်းခနဲ ထွက်ပေါ်လာ၏။ လူပျံတော်များ၏ မူလစွမ်းအင်အပေါ် အာရုံခံနိုင်စွမ်းမှာ လူသားများထက် မြင့်မားပေသည်။ ထို့ပြင် ၎င်းတို့၏ မူလစွမ်းရည်များမှာ ရှေးဟောင်းအာကင်နာနည်းစနစ်များနှင့် ပို၍ ဆင်တူနေ၏။ ၎င်း၏ စွမ်းအင်နှင့် အမြန်နှုန်းကို ကြည့်ရင်း စုချန်းပင် မျက်လုံးပြူးသွားလေသည်။

ကံကောင်းသည်မှာ လျပ်စီးကြောင်းတိုက်ခိုက်မှုအား လမင်းစန္ဒာယာဥ်က ကောင်းစွာ ခုခံနိုင်လိုက်ခြင်းပင်။

ထို့နောက် စုချန်းသည် လွန်းပျံယာဥ်အား လေထဲတွင် ကွေ့ဝိုက်ပျံသန်းပြီး တောင်ခွဲဓားကို ဆွဲထုတ်ကာ လူပျံတော်မအား ခုတ်ချလိုက်တော့သည်။ လူပျံတော်မှာ အမပင် ဖြစ်နေသည့်တိုင် စုချန်းက အနည်းငယ်မျှ သက်ညှာခြင်းမရှိ။

ထိုအခါ လူပျံတော်မသည် ခေါင်းမော့ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ အော်သံမှာ ကြိုးကြာအော်သံနှင့် တူလှသည်။ အော်သံသည် လှိုင်းတခုသဖွယ် တောင်ခွဲဓားအား ထိမှန်သွား၏။ စုချန်း၏ တိုက်ခိုက်မှုမှာလည်း ရပ်တန့်သွားတော့သည်။

စုချန်း ပြုံးလိုက်သည်။

"မဆိုးပါလား"

ရုတ်ချည်းပင် စုချန်းး၏နောက်ကျောတွင် အရိပ်တရိပ် ထွက်ပေါ်လာ၏။ ထို့နောက် တောင်ခွဲဓားသည်လည်း ကြီးထွားလာပြီး အင်အားမှာလည်း ကြောက်စရာကောင်းလောက်အောင် ပြင်းထန်လာလေသည်။

အခြေအနေမဟန်မှန်း လူပျံတော်မ သဘောပေါက်လိုက်ပေပြီ။ ထိုအခါ သူမက ရုတ်ချည်းသည် ကျောက်စိမ်းဆွဲသီးအား ဆွဲထုတ်လိုက်သည်။ ကျောက်စိမ်းဆွဲသီးသည် လေထဲတွင် ပြန့်ကားလာပြီး အလင်းရောင်များ တောက်ပလာကာ စုချန်း၏ ဓားချက်အား ခုခံလိုက်ပြန်၏။

၎င်းကိုအခွင့်ကောင်းယူကာ နောက်တကြိမ် ထွက်ပြေးရန် သူမ ကြိုးစားလိုက်ပြန်သည်။

သို့သော် ထိုအချိန်မှာပင် ကျူးရှန်းယောင် သူမရှေ့မှောက်သို့ ရောက်ရှိလာ၏။ ခရီးရောက်မဆိုက်ပင် ကျူးရှန်းယောင်သည် မြေပုံတခုအား ဆွဲထုတ်ကာ လေထဲသို့ ပစ်ထုတ်လိုက်လေသည်။

အဆိုပါမြေပုံသည် ထူးခြားသော မူလကိရိယာတမျိုးပင်။ မြေပုံမှာ ထောင်နှင့်ချီသော အလင်းတန်းများ ထွက်ပေါ်လာပြီး လူပျံတော်မအား မပြေးနိုင်အောင် တားဆီးထားလိုက်တော့သည်။

ထိုအခါ လူပျံတော်မသည် အံတချက်ကြိတ်ပြီး ကြေးမုံတချပ်က်ို ပစ်လွှတ်လိုက်၏။ ကြေးမုံသည် အလင်းတချက်ပြန်သွားပြီး လူပျံတော်မ၏ ကိုယ်ပွားရုပ်တရုပ် ထွက်ပေါ်လာတော့သည်။

သို့သော် စုချန်းကား ဂရုမစိုက်။ လူပျံတော်မအား ပိတ်ဆို့ရန်သာ ကြိုးစားလျက်ရှိသည်။

ထိုအချိန်မှာပင် ကိုယ်ပွားရုပ်၏ လက်တဖက်လှုပ်ရှားသွားပြီး မရေမတွက်နိုင်သော မီးလျံစက်လုံးများ ထွက်ပေါ်လာ၏။

"မင်းက မီးနဲ့ကစားချင်တယ်ပေါ့လေ"

စုချန်း တဟဲဟဲ ရယ်မောရင်း ပြောလိုက်သည်။ ထို့နောက် သူက ဘယ်ဖက်လက်က်ို လှုပ်ရှားပြီး မီးလျံစက်လုံးများအား ရပ်တန့်စေလိုက်၏။ တဖန် ညာဖက်လက်ကို လှုပ်ရှားလိုက်ပြန်ရာ မီးလျံစက်လုံးတိုင်းသည် အချင်းချင်းပူးကပ်သွားပြီး ကြီးမားလှသော မီးလျံငှက်ကြီးတကောင်အဖြစ် ပြောင်းလဲသွားတော့သည်။

ထိုစဥ်...

သက်ပြင်းချသံတသံံ ပေါ်ထွက်လာ၏။ အဆိုပါသက်ပြင်းချသံသည် စုချန်း၏ နားထဲတွင် ကျယ်လောင်စွာ မြည်ဟီးသွား၏။ တဆက်တည်းမှာပင် ကြောက်ရွံ့မှုကြောင့် စုချန်းတကိုယ်လုံး တုန်ခါသွားတော့သည်။

ဟာ....မကောင်းတော့ဘူး.. စိတ်ကူးကိုယ်ထင်ပြခြင်းနယ်ပယ်အဆင့်ပညာရှင်တယောက်က် ရောက်လာပြီပဲ...

မကြုံစဖူးသော ကြောက်ရွံ့မှုနှင့် ကြီးမားသော ခြိမ်းခြောက်မှုကို စုချန်း ခံစားလိုက်ရပြီ ဖြစ်သည်။

ထိုအချိန်မှာပင် မီးလျံငှက်၏ တိုက်ခိုက်မှုကြောင့် လူပျံတော်မ နောက်သို့လွင့်စဥ်သွားတော့၏။

"ရပ်လိုက်စမ်း"

***

All Chapters