ဖြောင့်ဖြူးနေသောလမ်း
Vol. 77 Ch. 768
စုချန်းသည် သူ့အား ဖိအားပေးလာသည့် ကြီးမားသောလက်ကြီးကို လစ်လျူရှုထားပြီး မီးလျံငှက်အား အလုံးစုံ ထိန်းချုပ်ထားရန်သာ ကြိုးစားနေ၏။
အခြေအနေမှာ မကောင်းနိုင်တော့မှန်း လူပျံတော်မ သဘောပေါက်လိုက်ပြီ ဖြစ်သည်။ ထိုအချိန်မှာပင် သူမမျက်လုံးအစုံတွင် အလင်းရောင်တချက် ဝင်းလက်သွား၏။ သူမ၏ တကိုယ်လုံးမှာလည်း လှုပ်ရှားမှုမရှိတော့ပဲ ငြိမ်သက်သွားတော့သည်။
စက္ကန့်ပိုင်းအတွင်းမှာပင် မီးလျံငှက်ထံမှ တိုးထွက်လာသော မီးလျံများသည် လူပျံတော်မအား ပက်လက်လန်သွားစေတော့၏။
စုချန်း တဟားဟားရယ်မောလိုက်လေသည်။
"ဒီတော့ မင်းက တကယ့်အစစ်ပဲပေါ့လေ"
ပရမအမြင်အာရုံကြောင့် ဖြစ်စဥ်တိုင်းကို စုချန်း ပြတ်ပြတ်သားသား မြင်တွေ့နေရသည်မဟုတ်ပါလား။
ထိုစဥ် ကြီးမားသောလက်ကြီးက စုချန်းထံပါးသို့ တဖြည်းဖြည်းနီးကပ်လာခဲ့ပြီဖြစ်သည်။ ထိုအခိုက်မှာပင် ဆန့်ကျင်ဘက်အရပ်ဆီမှ နောက်လက်တဖက်က ပထမလက်ကြီးအား တားဆီးလိုက်၏။
ကျူးမျိုးနွယ်ဘိုးဘေးကား ချိန်သားကိုက်ပင် ရောက်ရှိလာပြီး ရန်သူ၏ တိုက်ခိုက်မှုကို တားဆီးလာခဲ့လေပြီ။
ထို့နောက် သူက ပြောလိုက်၏။
"ယုန်ကုလွှာ ဒီလိုအခြေအနေရောက်မှာ နောက်ဆုတ်လို့ရမယ် ထင်နေသေးတာလား ဒီလူပျံတော်တွေ သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ လူသားမျိုးနွယ်အပေါ် ယုမျိုးနွယ်စုရဲ့ သစ္စာဖောက်မှုက သမိုင်းတွင်စေခဲ့ပြီ ခုချိန်မှာ မင်းလုပ်နိုင်တဲ့ တခုတည်းသောအရာက ထွက်ပြေးဖို့ပဲ ဆက်ပြီးအတိုက်အခံလုပ်နေရင် ဒီမှာတင် မင်း သေရလိမ့်မယ်"
ထိုစကားကို ကြားသည်နှင့် စုချန်းအား အငိုက်ဖမ်းတိုက်ခိုက်ရန်ကြိုးစားသူသည် သက်ပြင်းချပြီး သူ့လက်ကို ပြန်လည်ရုတ်သိမ်းလိုက်လေသည်။
ယုန်မျိုးနွယ်ဘိုးဘေး ထွက်ပြေးရန်ကြိုးစားမည့်အရေးကို မည်သူမှ တားဆီးလိမ့်မည်မဟုတ်။ စိတ်ကူးကိုယ်ထင်ပြခြင်းနယ်ပယ်ပညာရှင်တဦးသာ ဆန္ဒရှိပါက တမြို့လုံးကို ချေမှုန်းပစ်နိုင်သည်မဟုတ်ပါလား။
နောက်ဆုံးတွင် ယုန်ကုလွှာအနေနှင့် လွတ်မြောက်သွားမည်သာ။ သို့သော် ကျန်ယုန်မျိုးနွယ်ဝင်များကား ထိမ်းသိမ်းခြင်းခံရပေလိမ့်မည်။ ၎င်းမှာ သူ ပေးဆပ်ရမည့် တန်ဖိုးပေတည်း။
တိုက်ပွဲကား ပြီးဆုံးသွားခဲ့လေပြီ။
ကျူးမျိုးနွယ်ဟောခန်းမတွင် ဖြစ်သည်။ ကျူယုယန်သည် စုချန်းအား ဝမ်းသာအားရ ပြုံးပြရင်း ပြောလိုက်သည်။
"စုချန်း ကျေးဇူးကြီးမားလှပါပေတယ် ဒီတော့ ရှည်ရှည်ဝေးဝေး ဘာမှပြောမနေတော့ဘူး မင်း အလိုရှိရာကို ပွင့်ပွင့်လင်းလင်းသာ ပြောပါ"
စုချန်း ခေါင်းညိတ်လိုက်သည်။
"ကောင်းပါပြီခင်ဗျာ ဒါဆိုလဲ ကျုပ် သွယ်ဝိုက်ပြီး ပြောမနေတော့ပါဘူး"
"ပွင့်ပွင့်လင်းလင်းသာ ပြောပါလေ"
စုချန်း ပြောလိုက်၏။
"ဒါဆိုရင် ကျုပ် ယုန်မျိုးနွယ်အကြီးအကဲခြောက်ယောက်ကို လိုချင်ပါတယ်"
ဟင်...
ခန်းမအတွင်းရှိလူတိုင်းလိုလို အံ့သြသင့်သွား၏။ ကျူးရှန်းယောင်တယောက်သာ အံ့သြခြင်းမရှိ။ သူမက စုချန်းအား မျက်စောင်းထိုးရင်း ရေရွတ်လိုက်သည်။
"ကြည့် ထင်ထားတဲ့အတိုင်းပဲ"
စုချန်းအတွက် ဤတိုက်ပွဲစဥ်တလျှောက် တန်ဖိုးရှိသောအရာမှာ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်များသာတည်း။ အလင်းတုန်ခါခြင်းနယ်ပယ််မှ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်ရန် ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင် အစမ်းသပ်ခံတချို့ မဖြစ်မနေ လိုအပ်သည် မဟုတ်ပါလား။
ခက်နေသည်မှာ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်ဟူသည်မှာ ဖမ်းဆီးရန် မလွယ်ကူလှ။ ထို့ကြောင့် စုချန်းအတွက် သင့်လျော်သော အစမ်းသပ်ခံကို ရရှိရန် မလွယ်ကူပဲ ဖြစ်နေ၏။ ယခုတော့ စုချန်းအတွက် အခွင့်အရေးရရှိလာခဲ့ပေပြီ။ ဤအခွင့်အရေးမျိုးကို စုချန်း အဘယ်မှာ လက်လွှတ်ခံနိုင်အံ့နည်း။
မည်သို့ဆိုစေ စုချန်း၏ တောင်းဆိုမှုကြောင့် ကျူးယုယန် အတော်ပင် အခက်တွေ့သွား၏။ ထို့နောက် သူမက တွေးတွေးဆဆဟန်ပန်ဖြင့် ပြောလိုက်သည်။
"ယုန်မျိုးနွယ်ဝင်တွေဟာ လူသားမျိုးနွယ်စုကို သစ္စာဖောက်တဲ့အပြစ်ကြီး ကျူးလွန်ထားတာ သူတို့ကို ဘုရင်းမင်းမြတ်လက်ထဲ ထည့်ပေးရမှာကွဲ့"
စုချန်း ပြုံးလိုက်၏။
"မှန်ပါတယ် ဒါကို ကျုပ်သိပါတယ် ဒါပေမဲ့ တောင်ပြားမြို့နဲ့ တော်ဝင်မြို့တော်ဟာ အတော်ကို အလှမ်းဝေးတဲ့အတွက် အဲဒီကိုရောက်ဖ်ို့ အချိန်တခုကြာအုံးမှာပါ ကျုပ်အနေနဲ့ ဒီကာလလေးအတွင်းမှာ သူတို့ကို လေ့လာကြည့်ချင်ရုံပဲ ဒီလောက်ဆိုရင် လုံလောက်ပါပြီခင်ဗျာ"
ကျူးယုယန် တွေခနဲ ဖြစ်သွား၏။ ထို့နောက် သူမက ပြောလိုက်သည်။
"ဒီလိုဆိုရင်လဲ ကောင်းပြီလေ မင်းအတွက် အချိန်ပိုရအောင် ကြိုးစားကြည့်ပေးမယ် ဒါပေမဲ့ မင်း သူတို့ကို မသတ်ပစ်ရဘူးနော်"
စုချန်း ရယ်မောလိုက်သည်။
"စိတ်ချပါဗျာ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်တွေဆိုတာ သတ်ဖို့သိပ်ခက်တဲ့ လူစားမျိုးတွေပါ သူတို့ မသေစေရပါဘူး ကျုပ် ကတိပေးပါတယ်"
နောက်နေ့ရက်များတွင်တော့ စုချန်းတယောက်က် သုတေသနလုပ်ငန်းများနှင့် ပြန်လည်နစ်မြုပ်သွားပြန်သည်။
သို့ရာတွင် စုချန်းအတွက် အချိန်အများကြီးမရ။ ထို့ကြောင့် သူသည် အခြေခံစမ်းသပ်မှုများ ကနဦး ဆောင်ရွက်ကာ မုလအရိုးကို ခန့်မှန်းခိုင်း၏။ အနှစ်ချုပ်သုံးသပ်ချက်ရသည်နှင့် သူသည် ချက်ချင်းပင် နောက်တဆင့်သို့ ကူးပြောင်းလေသည်။
သာမာန်အားဖြင့် သုတေသနဟူသည် များစွာ အချိန်ယူရ၏။ သို့သော် မူလအရိုးက အဆိုပါကြာမြင့်ချိန်ကို များစွာလျော့ချပေးနိုင်ခဲ့လေသည်။
မူလအရိုး၏ အကူအညီဖြင့် စုချန်းသည် အဖြေတခု မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ မေးခွန်းတိုင်း၏ အဖြေကို မြန်မြန်ဆန်ဆန် ဖော်ထုတ်နိုင်ခဲ့သည်ကတော့ အမှန်ပင်။ ဤသို့ဖြင့် ရက်သတ္တပေါင်းများစွာ၊ လပေါင်းများစွာ ကြာမြင့်နိုင်မည့် စမ်းသပ်မှုများကို မိနစ်အနည်းငယ်နှင့် စုချန်း ဆောင်ရွက်နိုင်လာ၏။ အမြန်နှုန်းမှာကား အံ့သြသင့်လောက်စရာပင်။ ထိုအတွက် အရင်းအမြစ်များစွာကိုလည်း စုချန်း အသုံးပြုခဲ့ရလေသည်။
အချိန်တိုအတွင်း အရင်းအမြစ်များစွာ သုံးပြီးနောက် ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များစွာကို စုချန်း စုဆောင်းမိခဲ့လေပြီ။ ဤကား သတင်းစုဆောင်းသည့့် ကနဦးအဆင့့်ပေတည်း။
နောက်ဆုံးတွင်တော့ ဤနယ်ပယ်အား ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ဟု အဘယ်ကြောင့် သမုတ်ရကြောင်းကို စုချန်း နားလည်လာ၏။
ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ဟူသည် ကျင့်ကြံခြင်းလမ်းကြောင်းအား ချိုးဖျက်လိုက်နိုင်ခြင်းကိုရည်ရွယ်၏။ တောက်ပခြင်းနဂါးသွေးဗီဇမပေါ်ပေါက်ခင်အထိ လူသားများ၏ ကျင့်ကြံခြင်းလမ်းကြောင်းသည် အလင်းတုန်ခါခြင်းနယ်ပယ်တွင်သာ လမ်းဆုံးသွားခဲ့လေသည်။
၎င်းမှာ အလင်းတုန်ခါခြင်းနယ်ပယ်နှင့် ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်၊ နယ်ပယ်နှစ်ခုကြား ကွာဟချက်ကြီးမားနေရခြင်း၏ အဓိကအကြောင်းပြချက်ပေတည်း။
အဆိုပါကွာဟချက်သည် မျက်စေ့နှင့်မြင်တွေ့ရသောဖြစ်တည်မှုတခုမှသည် မျက်စေ့နှင့် မမြင်နိုင်သော ဖြစ်တည်မှုတခုအဖြစ် ပြောင်းလဲသွားခြင်းမှလာ၏။ ထို့ကြောင့် ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်သည်နှင့် အဆိုပါလူသား၏ စိတ်ဝိညာဥ်စွမ်းအင်မှာ ကြောင်ခမန်းလိလိ တိုးပွားလာတော့သည်။
ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်အတွင်း ဝင်ရောက်သွားသည်နှင့် ကြွယ်ဝသောဆင့်ကဲဖြစ်စဥ်၊ နန်းဆောင်နှစ်မွှာ၊ ကောင်းကင်ဘုံအားဖြည့်ခြင်း၊ မူလအစောင့်၊ ကျယ်ပြောသမုုဒ္ဒရာ၊ တိတ်ဆိတ်သောညနေ၊ မြူခိုးလေ၊ ညဏ်ပညာနန်းဆောင် အစရှိသော နတ်ဘုရားနန်းဆောင် ရှစ်ဆောင်ပေါ်ပေါက်လာ၏။
အဆိုပါနန်းဆောင်အသီးသီးသည် သက်ဆိုင်ရာ ချီစွမ်းအားပညာရှင်၏ စိတ်ဝိညာဥ်စွမ်းအင် အနည်ထိုင်ရာမှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ၎င်း၏ အသိညဏ်ပညာများ၊ များပြားလှသောမူလစွမ်းရည်များနှင့် ပေါင်းစပ်တည်ဆောက်ထားခြင်းပင်။
အဆိုပါနန်းဆောင်များ ဖြစ်ပေါ်လာရေးအတွက် ပထမဆုံးအတားအဆီးမှာ အားကောင်းသော စိတ်ဝိညာဥ်စွမ်းအင် ပိုင်ဆိုင်ထားရန် လိုအပ်နေခြင်းဖြစ်သည်။ လုံလောက်သောစိတ်ဝိညာဥ်စွမ်းအင် မရှိပဲ နတ်ဘုရားနန်းဆောင်များ ဖြစ်ပေါ်မလာနိုင်။
သို့သော် ၎င်းမှာ စုချန်းအတွက် အခက်အခဲတခု မဟုတ်လှ။
မည်သည့်အကူအညီမှ မလိုပဲ စုချန်း၏ စိတ်ဝိညာဥ်စွမ်းအားသည် ၁၂၀၀ယူနစ်သို့တိုင် ရောက်ရှိနေခဲ့ပြီ မဟုတ်ပါလား။ စိတ်ဝိညာဥ်စွမ်းအားနှင့်ပတ်သက်လျက် လူသားမျိုးနွယ်တရပ်လုံးတွင် စုချန်းအား ဘက်ပြိုင်နိုင်သူမရှိ။
သာမာန်အားဖြင့် လူသားတဦးသည် ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်သ််ို့ ဝင်ရောက်သွားပါက စိတ်ဝိညာဥ်စွမ်းအား ယူနစ်၅၀၀၊ စိတ်ကူးကိုယ်ထင်ပြခြင်းနယ်ပယ်သို့ ဝင်ရောက်သွားပါက စ်ိတ်ဝိညဥ်စွမ်းအား ယူနစ် ၈၀၀၊ အနှိုင်းမဲ့ဧကရာဇ်နယ်ပယ်သ်ို့ ဝင်ရောက်သွားပါက စိတ်ဝိညာဥ်စွမ်းအား ယူနစ် ၁၀၀၀ စသဖြင့် အသီးသီး ပိုင်ဆိုင်သွားလေ့ရှိသည်။
ထို့ကြောင့် စိတ်ဝိညာဥ်စွမ်းအားသက်သက်သာ ပြောကြေးဆိုလျင် စုချန်းသည် အနှိုင်းမဲ့ဧကရာဇ်နယ်ပယ်သို့ပင် ရောက်ရှိနေခဲ့လေပြီ။ သူ့တွင် လိုအပ်နေသည်မှာ ထိုစွမ်းအားကို အသုံးပြုရန် သင့်လျော်သောနည်းလမ်း ရှာမတွေ့နိုင်သေးခြင်းပင်။
ထိုအခါ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်နှင့် သူ့အကြား ပထမအတားအဆီးမှာ ဖယ်ရှားပြီးဖြစ်နေကြောင်း စုချန်း သိလာရ၏။
ထ်ို့ကြောင့် စုချန်း ပြုလုပ်ရန်လိုအပ်သည်မှာ ရှိရင်းစွဲစိတ်ဝင်ညာဥ်စွမ်းအင်များအား စုစည်းကာ နတ်ဘုရားနန်းဆောင်များအဖြစ် ပြောင်းလဲပစ်ရန်သာတည်း။
နန်းဆောင်ရှစ်ဆောင်အနက် ပထမဆုံး ဖန်တီးရမည့်နန်းဆောင်မှာ ကြွယ်ဝသောဆင့်ကဲဖြစ်စဥ်အမည်ရနန်းဆောင်ပင် ဖြစ်သည်။ ဤနန်းဆောင်သည် မူလစွမ်းအင်အား ထိန်းချုပ်ကိုင်တွယ်နိုင်ခြင်းနှင့် သက်ဆိုင်နေ၏။
ထို့ကြောင့် ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်သ်ို့ ဝင်ရောက်နိုင်ရန် စိတ်ဝိညာဥ်စွမ်းအင်သာမက မူလစွမ်းအင်လုံလောက်ရန်လည်း လိုအပ်ကြောင်း သိသာနေ၏။ မည်သို့ဆိုစေ ဤကမ္ဘာကြီးဝယ် မူလစွမ်းအင်သည် နေရာဌာနတိုင်းတွင် အုတ်မြစ်အဖြစ် တည်ရှိနေဆဲပင်။
လိုအပ်သည့် မူလစွမ်းအင်ပမာဏမှာလည်း အတော်ပင် မြင့်မားနေ၏။ သိပ်မကြာမီ သူ့တွင် ထိုလိုအပ်ချက်နှင့် ပြည့်စုံနေပြီဖြစ်ကြောင်း စုချန်း သဘောပေါက်လာတော့သည်။
ခြောက်ပစ်ကင်းကျင့်ကြံခြင်းနည်းစနစ်က်ို လေ့ကျင့်ပြီးကတည်းက စုချန်း၏ မူလစွမ်းအင်မှာ သာမာန်လုထက် ခုနှစ်ဆမျှပင် မြင့်မားနေခဲ့လေပြီ။ သာမာန်ထက် မူလစွမ်းအင် အလွန်များပြားနေ၍သာ စုချန်းတယောက် အဆင့်ကျော်ရန်သူများအား ကောင်းစွာရင်ဆိုင်နိုင်ခဲ့ခြင်းပင် မဟုတ်ပါလော။
ထို့ကြောင့် စုချန်း လုပ်ဆောင်ရမည့် ဒုတိယအဆင့်မှာ နတ်ဘုရားနန်းဆောင်ပုံစံများအား ဖန်တီးရန်ပင်။
တတိယအဆင့်မှာကား တူညီသောစဥ်ဆက်မပြတ်နည်းလမ်းများကိုအသုံးပြု၍ နတ်ဘုရားနန်းဆောင်များပုံစံပီပြင်လာအောင် ဖန်တီးရန်ပင်။ အဆိုပါနည်းလမ်းများမှာ တခြားမဟုတ်။ မျိုးနွယ်စုအသီးသီး ပိုင်ဆိုင်ထားပြီးဖြစ်သည့် ကျင့်ကြံခြင်း နည်းစနစ်များကိုပင် ဆိုလိိုခြင်း ဖြစ်သည်။ တနည်းအားဖြင့် ဤအဆင့်သည် မူလစွမ်းရည်များကို နတ်ဘုရားနန်းဆောင်နှင့် ပေါင်းစပ်ရန် ရည်ရွယ်၏။
နောက်ဆုံးအဆင့်မှာကား ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်အတွင်း ဝင်ရောက်မည့်သူ၏ စိတ်အား လှုပ်ခတ်စေခြင်း၊ ၎င်း၏ ဝိညာဥ်အား လောက်ကျွမ်းစေခြင်း၊ ၎င်း၏ နတ်ဘုရားနန်းဆောင်အား ပုံသွင်းခြင်း အစရှိသော လုပ်ငန်းစဥ်များ ပါဝင်၏။ ဤအဆင့်မှာ အခက်ခဲဆုံးနှင့် အနက်ဆုံးပင် ဖြစ်သည်။ ဤအဆင့်သို့ရောက်ပါက အကြင်သူသည် ရန်သူများ၏ စိတ်ဝိညာဥ်တိုက်ခိုက်မှုများကို ကာကွယ်ရန် နံရံတံတိုင်းများ တည်ဆောက်ထားပြီး ဖြစ်သလို အားကောင်းသော စိတ်ဝိညာဥ်စွမ်းရည်များအား ထုတ်ဖော်အသုံးပြုလာနိုင်တော့မည် ဖြစ်သည်။
နောက်ဆုံးတွင်တော့ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်အတွင်း ဝင်ရောက်မည့့်နည်းလမ်းသည် သူ ခန့်မှန်းထားသည်ထက် များစွာ ရိုးရှင်းနေမှန်း စုချန်း သဘောပေါက်လိုက်တော့သည်။
စုချန်းအတွက် ရှေ့ခရီးလမ်းမှာကား ဖြောင့်ဖြောင့်ဖြူးဖြူးကြီး ရှိနေခဲ့လေပြီ။
***