သုတေသန ၁
Vol. 77 Ch. 769
ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်သိုဝင်ရောက်မည့်နည်းလမ်းသည် ထင်ထားသည်ထက် ရိုးရှင်းမှန်း စုချန်း နားလည်လိုက်ပြီ ဖြစ်သည်။
ထိုပြင် ဤလမ်းဤစခန်းအား လျှောက်လှမ်းရန် သူ ကြိုတင်တည်ဆောက်ထားသည့် အုတ်မြစ်သည် တခြားလူများထက် သာလွန်နေပြီမှန်း စုချန်း ထပ်မံသဘောပေါက်လိုက်၏။ ကြိုးစားမှု၏ အသီးအပွင့်ကို ကြိုးစားသူသာ ခံစားရစမြဲဖြစ်၍ ၎င်းမှာလည်း သိပ်အံ့သြစရာတော့ မရှိလှ။
မည်သို့သောလူစားမျိုးက စိတ်ဝိညာဥ်စွမ်းအား ယူနစ်ပေါင်း တထောင်ကျော်ကို ပိုင်ဆိုင်နိုင်အံ့နည်း။
ခြောက်ပစ်ကင်းကျင့်ကြံခြင်းနည်းစနစ်မရှိပဲ မည်သ်ို့သော လူစားမျိုးက သာမာန်လူထက် မူလစွမ်းအင်ခုနှစ်ဆများအောင် စုဆောင်းနိုင်အံ့နည်း။
ထိုသို့ ကြိုးပမ်းအားထုတ်ခဲ့ခြင်းကြောင့် ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်သို့ ဝင်ရောက်မည့်စုချန်း၏ လမ်းကြောင်းသည် ထင်ထားသည်ထက် များစွာ ဖြောင့်ဖြူးနေခဲ့လေပြီတည်း။
"ငါ မရည်ရွယ်ပဲ ကြိုးစားဖန်တီးခဲ့တဲ့နည်းစနစ်တွေက နောက်ဆုံးတော့ သွေးဗီဇမလိုပဲ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ထဲ ဝင်ရောက်နိုင်မဲ့နည်းလမ်းကို အဖြေရှာပေးလိုက်ပြီပဲကိုး"
စုချန်း အထက်ပါအတိုင်း တီးတိုးရေရွတ်လိုက်၏။ သူ့နှုတ်ခမ်းတွင်တော့ အပြုံးတစ တွဲလွဲခိုနေလေသည်။
သတင်းကောင်းကြားလျင် မည်သူ မပြုံးပဲ နေနိုင်ပါအံ့နည်း။
သိပ်မကြာမီ နောက်ဆုံးအဆင့်နှစ်ဆင့်က်ိုပါ စုချန်း အဖြေရှာနိုင်ခဲ့၏။
ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်သို့ ဝင်ရောက်ရာတွင် ပထမဆုံးနှစ်ဆင့်မှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနှင့် သက်ဆိုင်နေပြီး နောက်ဆုံးနှစ်ဆင့်မှာ မူလစွမ်းရည်များနှင့် သက်ဆိုင်နေ၏။
ထိုအခါ စုချန်းသည် ကျူးမျိုးနွယ်၏ လျှို့ဝှက်နည်းစနစ်၊ လီကုံးရှန်၏ နည်းစနစ်နှင့် ယုန်မျိုးနွယ်နည်းစနစ်များကို ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ် နောက်ဆုံးနှစ်ဆင့်အတွက် အသုံးပြုရန် စဥ်းစားလိုက်၏။
ဤသို့နှင့် စုချန်းသည် သုတေသနလုပ်ငန်းများထဲတွင် ပြန်လည်နစ်မြုပ်သွားပြန်သည်။
ဤတကြိမ်တွင်တော့ ယုန်မျိုးနွယ်အကြီးအကဲခြောက်ဦးမှာ ကံဆိုးသွားကုန်၏။
ဤတကြိမ် စမ်းသပ်မှုတွင် စုချန်း ပြောင်းလဲလိုက်သည့် ပထမဆုံး အပြောင်းအလဲမှာ မူလအရိုးအား အသုံးပြုနှုန်းကို လျော့ချလိုက်ခြင်းပင်။ အစမ်းသပ်ခံများအား လက်တွေ့စမ်းသပ်ရန် အချိန်ကျရောက်လာခဲ့ပြီ မဟုတ်ပါလား။
ယုန်မျိုးနွယ်အကြီးအကဲများထက် ကောင်းမွန်သော အစမ်းသပ်ခံမရှိချေ။
မြို့တော်မှယာဥ်တန်းသည် သိပ်မကြာမီ ဆိုက်ရောက်လာတော့မည်မှန်း စုချန်း သဘောပေါက်ထား၏။ ထို့ကြောင့် စုချန်းသည် လုပ်စရာရှိသည်ကို တုံ့ဆိုင်းခြင်းမရှိ၊သက်ညှာခြင်းမရှိပဲ မြန်မြန်သုတ်သုတ်ပင် ဆောင်ရွက်၏။
လူသားအစမ်းသပ်ခံများအား အသုံးပြုရသည်မှာ ရုတ်ဆိုးအကျည်းတန်၏။ သို့သော် ရလဒ်မှာကား မမျှော်မှန်းနိုင်အောင်ပင်။ တခါတရံတွင် လှပသောအရာများသည် ကြည့်ရဆိုးသော အုတ်မြစ်များအပေါ်တွင် အခြေတည်ထားတတ်သည် မဟုတ်ပါလား။ ပုတ်သိုးဆွေးမြေ့သောအသားများမပါပဲ သြဇာကောင်းမွန်သော မြေဆီလွှာမျိုး မရနိုင်။ ထိုအခါ အနှီမြေဆီလွှာပေါ်တွင် သစ်ပင်များလည်း ရှင်သန်လာနိုင်မည် မဟုတ်ချေ။
ထိုအခါ စုချန်းသည် လူသားတမျိုးနွယ်လုံးအား သစ္စာဖောက်ရန် ကြံစည်ခဲ့သည့် ယုန်မျိုးနွယ်အကြီးအကဲများအား အနည်းငယ်မှ သက်ညှာခြင်းမရှိပဲ ရက်ရက်စက်စက်ပင် စမ်းသပ်၏။ အဆိုးဝါးဆုံးနည်းလမ်းများကို အသုံးပြု၏။
သိပ်မကြာမီ အဆန်းတကြယ်နိုင်ပြီး ကိုးရိုးကားယားဆန်လှသော စမ်းသပ်မှုများ ဆက်တိုက်ဆိုသလို ပေါ်ထွက်လာတော့၏။
စုချန်းသည် ဆေးဝါးများ၊ အမျိုးမျိုးသော မူလပစ္စည်းများနှင့် မူလစွမ်းအင်အပေါ် သက်ရောက်မှုများ၊ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်အား သတ်ပစ်နိုင်သည့် အဆိပ်များ၊ ၎င်းတို့၏ စိတ်ဝိညာဥ်စွမ်းအင်အောက်မှ ပုန်းကွယ်နေနိုင်မည့်နည်းလမ်းများ၊ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်တဦး မူလစွမ်းအင်အပေါ် အသုံးပြုပုံပြုနည်းများ စသည်တို့ကို ပုံစံမျိုးစုံပြောင်းလဲကာ စမ်းသပ်နေတော့သည်။
အင်အားနှင့်အတွေ့အကြုံ မြင့်မားလာသည်နှင့်အမျှ စုချန်း၏ ရည်မှန်းချက်မှာ မြင့်မားသည်ထက် မြင့်မားလာခဲ့ပြီ ဖြစ်သည်။ တချိန်တည်းမှာပင် ကျွမ်းကျင်မှုကြောင့် သူ့ လှုပ်ရှားမှုတိုင်းသည်လည်း အတိုင်းအဆမရှိအောင် နူးညံ့လာ၏။ သက်ရောက်မှုကြီးမားလာ၏။
ဤယနေ့တွင်လည်း စုချန်းသည် ခါတိုင်းကဲ့သို့ပင် စမ်းသပ်မှုများ ဆက်လက်ဆောင်ရွက်နေ၏။ ထိုအချိန်မှာပင် အခန်းထဲသို့ သံမဏိ ဝင်လာလေသည်။
"သခင် နေပြည်တော်က ယာဥ်တန်းရောက်လာပါပြီ"
"အင်း နောက်ဆုံးတော့ သူတို့ ရောက်လာပြီပေါ့လေ"
စုချန်း သက်ပြင်းချရင်း ရေရွတ်လိုက်၏။
ယုန်မျိုးနွယ်အကြီးအကဲများ အဖမ်းမ်းခံရပြီး ဆယ်ရက်အကြာတွင် ယာဥ်တန်း ရောက်ရှိလာခြင်း ဖြစ်သည်။ ကျူးယုယန်အနေနှင့် အချိန်ဆွဲရန် တတ်နိုင်သလောက် ကြိုးစားခဲ့သည်မှာ ယုံမှားသံသယဖြစ်ရန်မလို။ သို့သော် ထိုအချိန်ဆယ်ရက်မှာ စုချန်းအတွက် တိုလွန်းနေ၏။ ဤအတောအတွင်း စုချန်း တရေးမျှပင် မအိပ်ရသေး။
ထို့ပြင် စုချန်းတွင် စမ်းသက်စရာ စိတ်ကူးစိတ်သန်းများစွာ ကျန်ရှိနေသေး၏။
ကျင့်ကြံခြင်းနယ်ပယ်သစ်တခုသို့ ချည်းကပ်မိခြင်းသည် စုချန်းအတွက် ကမ္ဘာသစ်နှင့် တူလှသည်။ ၎င်းသည် စုချန်းအား များစွာ မျက်စေ့ပွင့်နားပွင့် ဖြစ်စေ၏။
ယခုတော့ စုချန်းအတွက် ကံမကောင်းလှ။ အခန်းထဲသို့ ခြေတလှမ်းချမိရုံသာ ရှိသေးသည်။ တံခါးက ပိတ်သွားခဲ့လေပြီ။
ဤအတောအတွင်းဝယ် ရရှိနိုင်သမျှ သတင်းအချက်အလက်များကို အတတ်နိုင်ဆုံး စုဆောင်းခဲ့သည့်တိုင် စုချန်းကား နောင်တရမဆုံး ဖြစ်နေဆဲပင်။
သူတို့ကျူးလွန်ခဲ့သောပြစ်မှုကြောင့် ယုန်မျိုးနွယ်အကြီးအကဲများသည် ဘုရင်မင်းမြတ်လက်ထဲသို့ သက်ဆင်းရမည်သာ။ ထိုနေ့ညနေခင်းတွင် ယုန်မျိုးနွယ်အကြီးအကဲများအား ဘုရင့်ယာဥ်တန်းဆီသို့ အပ်နှင်းရမည်ဖြစ်သည်။
လူတိုင်းက ယုန်မျိုးနွယ်အကြီးအကဲများသည် ကြောက်ရွံ့တုန်လှုပ်နေလိမ့်မည်၊ သို့တည်းမဟုတ် ၎င်းတို့၏ ပြစ်မှုအတွက် ငိုယ်ိုတောင်းပန်နေကြလိမ့်မည်ဟု ထင်ထားကြ၏။ သို့သော် မြင်လိုက်ရသော မြင်ကွင်းကြောင့် လူတိုင်း အံ့သြကုန်ကြလေသည်။
ကျုးယုန်ယန်တယောက်က် စုချန်းအား ဖြတ်ခနဲ လှမ်းကြည့်ရင်း ပြောလိုက်၏။
"မင်း သူတို့ကို တော်တော်ပဲ နှိပ်စက်ထားပုံရတယ်"
စုချန်း ပြုံးလိုက်၏။
"ကျုပ် သူတို့ကို မှဲ့တပေါက်တောင် မစွမ်းစေပဲ ပြန်ပေးမယ်လို့ ပြောခဲ့တယ် ခု သူတို့ကို ကြည့်ပါလား ခြေတွေလက်တွေက အကောင်းကြီး"
ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်များဟူသည် ခြေလက်များ ပြတ်တောက်သွားစေကာမူ ပြန်ပေါက်နိုင်ကြလေရာ စုချန်းတယောက် ယုန်မျိုးနွယ်အကြီးအကဲများအား ခြေလက်ဘယ်နှစ်ကြိမ်ဖြတ်တောက်ထားသည်ကို မည်သူ ပြောနိုင်အံ့နည်း။
ကျူးယုယန် ဘာမှမပြောတော့ပဲ ဟက်ခနဲသာ ရယ်မောလိုက်လေသည်။
မည်သို့ဆိုစေ လွန်ခဲ့သောဆယ်ရက်က ယား၍ပင်ကုတ်ချိန်မရအောင် အလုပ်ရှုပ်နေခဲ့သောစုချန်းတယောက် ယခုတော့ အားလပ်သွားခဲ့လေပြီ။ ကျူးရှန်းယောင်အတွက် အချိန်ပေးရပေတော့မည်။
နောက်လာသည့်ရက်များတွင်တော့ ကျူးရှန်းယောင်သည် စုချန်းအား မြို့လုံးအနှံ့ လိုက်ပြ၏။ သူတို့နှစ်ဦးကား တံခါးပိတ်စေ့စပ်ထားသည့် သဘောရှိလေရာ သူတို့နှစ်ဦး လျှောက်လည်နေကြသည်ကို မည်သူမှ ကန့်ကွက်ခြင်းမရှိ။
ကျူးရှန်းယောင်ကား ပျော်မဆုံးမော်မဆုံး ဖြစ်နေ၏။ သူမ၏ ပုံစံမှာ လှောင်ချိုင့်ထဲမှ လွတ်မြောက်လာသည့် ငှက်လေးတကောင်နှင့်ပင် တူနေသေးသည်။
ဤယနေ့တွင်လည်း ချစ်သူနှစ်ဦးသည် ခါတိုင်းကဲ့သို့ပင် အပြင်သို့ထွက်လာကြလေသည်။ တလောကလုံး သာယာလှပနေ၏။
စုချန်းကား မြက်ခင်းပြင်ပေါ်တွင် ပက်လက်လှန်ကာ လှဲအိပ်လျက်ရှိသည်။ ကျူးရှန်းယောင်မှာ စုချန်း၏ ရင်ခွင်ထဲတွင် ရှိနေ၏။ အတန်ကြာသော် ကျူးရှန်းယောင်က မေးလိုက်သည်။
"ရှင် ဘာတွေစဥ်းစားနေတာလဲ"
စုချန်းက ပြန်ဖြေလိုက်သည်။
"မူလစွမ်းအင်ဟာ ချိုင့်ဝှမ်းနက်ကနေတဆင့် ထွက်ပေါက်ကို စီးဆင်းသွားတယ် ဒီလိုအနေအထားမှာ ကျုပ် ပန့်ပွင့်တထောင်ချိပ်ကို သုံးလိုက်ရင် ဘာဖြစ်သွားနိုင်သလဲ"
စုချန်း၏ အဖြေကြောင့် ကျူးရှန်းယောင် နှုတ်ခမ်းစူသွား၏။
"ကျွန်မနဲ့အတူ ရှိနေချိန်မှာတောင် ရှင် ဒီအကြောင်းတွေ စဥ်းစားနေတုန်းပဲလား"
စုချန်း ပါးစပ်ပြဲသွား၏။ သူ အမှားကျူးလွန်လိုက်မှန်း သဘောပေါက်လိုက်သည် မဟုတ်ပါလား။
"ကျုပ်တောင်းပန်ပါတယ်ကွ ကျုပ် မှားသွားတယ် ဒါပေမဲ့ မင်းလဲသိတဲ့အတိုင်း မူလအရိုးဟာ ရလဒ်ကိုသာ ခန့်မှန်းပေးနိုင်တယ် ကြားထဲက လုပ်ငန်းစဥ်တွေကို မပြောပြနိုင်ဘူး ဒါကြောင့် ကျုပ် သိထားတာတွေကို တချို့နေရာတွေမှာ အဆက်အစပ်မရှိပဲ ကွက်လပ်ကြီးတွေ ဖြစ်နေတယ် ဒါကြောင့် ကျုပ် ပြန်သုံးသပ်ဖို့ လိုအပ်နေလို့ပါ"
"အဲဒါကြောင့် ရှင် ကျွန်မနဲ့ရှိနေတာတောင် မပျော်နိုင်ပဲ ဒါတွေ တချိန်လုံး စဥ်းစားနေတာပေါ့လေ"
စုချန်း ပြုံးလိုက်၏။
"မင်းနဲ့ကျုပ် အတူနေလာတာကြာပြီ ဒါကြောင့် ကျုပ်တို့ကြားမှာ စကားတွေအများကြီး ပြောနေစရာမလိုတော့ဘူး ထင်လို့ပါကွာ"
စကားဆုံးသည်နှင့် စုချန်းက ကျူးရှန်းယောင်အား ဖက်ကာ အားရပါးရကြီး အနမ်းပန်းချွေလိုက်တော့သည်။ စုချန်းကား မိန်းမကျမ်းကြေသည်ဟုပင် ဆိုရတော့မည်။ အကြောင်းမှာ အနမ်းတချက်နှင့် ကျူးရှန်းယောင်၏ ဒေါသများ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားသောကြောင့်ပင်။
အတန်ကြာသော် ကျုးရှန်းယောင်က နူးညံ့သောလေသံနှင့် ပြောလိုက်ပြန်သည်။
"ရှင် ဒီလောက်ထိ အလုပ်ကြိုးစားနေတယ်ဆိုတော့လဲ ကျွန်မ ခွင့်လွှတ်လိုက်မယ်"
"ခွင့်လွှတ်ရုံပဲလားကွ"
"ရှင်က ဘာလိုချင်လို့လဲ"
စုချန်း ပြန်ဖြေလိုက်သည်။
"လူပျံတော်ထီးနှစ်ကောင်ရဲ့ အလောင်းတွေဆိုရင် ဘယ်လိုနေမလဲ"
ကျူးရှန်းယောင် အံ့သြသွား၏။
"ဟင် ရှင် ဘယ်လိုလုပ်သိနေတာလဲ"
စုချန်း သက်ပြင်းချလိုက်သည်။
"ကျုပ် မသိပဲ ဘယ်နေပါ့မလဲကွာ"
လူပျံတော်မကား ယုန်မျိုးနွယ်များနှင့်အတူ နေပြည်တော်သို့ ပို့ဆောင်ခံလိုက်ရပြီ ဖြစ်သည်။ လူပျံတော်ထီးနှစ်ကောင်မှာ တိုက်ပွဲအတွင်းဝယ် သေဆုံးသွားခဲ့၏။ ထိုအလောင်းများသည် ဤတလျှောက်လုံးတွင် ကျူးရှန်းယောင်၏ လက်ထဲတွင်သာ ရှိနေခဲ့လေသည်။
သို့သော် ထိုအကြောင်းကို ကျူးရှန်းယောင် ထုတ်မပြောသလို စုချန်းကလည်း မမေး။
စုချန်းက စကားဆက်လိုက်ပြန်သည်။
"မင်းက ကျုပ်ရဲ့အမျိုးသမီးလေကွာ မင်း ဘယ်လိုစဥ်းစားနေမှန်း ကျုပ် မသ်ိပဲနေပါ့မလား"
ကျူးရှန်းယောင်၏စဥ်းစားပုံမှာ ရိုးရိုးလေးပင်။ လူပျံတော်အလောင်းများကို စုချန်းလက်ထဲထည့်လိုက်ပါက စမ်းသပ်မှုများနှင့် အချိန်ကုန်နေပြီး သူမအား အချိန်မပေးနိုင်မည်ကို စိတ်ပူသောကြောင့်ပင်။
စုချန်းကလည်း ကျူးရှန်းယောင် ဘာတွေးနေမှန်း ကောင်းကောင်းသဘောပေါက်ထား၏။
သို့သော် ကျူးရှန်းယောင်က ခပ်တည်တည်ပင် ဗြောင်လိမ်လိုက်လေသည်။
"ဘာအလောင်းမှ မရှိတော့ဘူးရှင့် ကျွန်မ အကုန်မီးရှို့လိုက်ပြီ"
စုချန်း ဘာမှမတတ်နိုင်တော့။ စမ်းသပ်မှုများ လုပ်နေသော်လည်း ကျူးရှန်းယောင်အား ပစ်မထားပါကြောင်း၊ တနေ့လျင် အနည်းဆုံးလေးနာရီ သူမနှင့် အချိန်ဖြုန်းမည်ဖြစ်ကြောင်း စသဖြင့် မျိုးစုံတောင်းပန်ရတော့သည်။
စုချန်း၏ စကားကိုနားထောင်ရင်း ကျူးရှန်းယောင် နှုတ်ခမ်းစူလာပြန်၏။ ထို့နောက် သူမက ပြောလိုက်သည်။
"ရှင့်ကိုကြည့်ရတာ ဒီအလောင်းတွေကို ကျွန်မထက်ပိုပြီး စိတ်ဝင်စားနေပုံပဲ မိန်းမယူမဲ့အစား အဲဒီအလောင်းတွေနဲ့သာ လက်ထပ်လိုက်ပေတော့"
စကားဆုံးသည်နှင့် သူမက ဝုန်းခနဲ မတ်တပ်ရပ်ပြီး ဒေါသတကြီးနှင့် ပြောလိုက်၏။
"ကျွန်မနောက် လိုက်ခဲ့"
ပြောပြောဆိုဆို သူမ ချာခနဲ လှည့်ထွက်သွား၏။ အချုပ်အနှောင်မဲ့အဖွဲ့၏ အဖွဲ့ခေါင်းဆောင်ကြီးစုချန်းတယောက် ကျူးရှန်းယောင်နောက်မှ ကုပ်ကုပ်လေး လိုက်ပါသွားရရှာလေသည်။
***