← Chapters

ဖြန့်ဝေခြင်း ၁

Vol. 78 Ch. 771

ဖြန့်ဝေခြင်း ၁

Vol. 78 Ch. 771

လက်စွပ်လေးကွင်းအဆင့်အာကင်နာပညာရှင်တဦးဘဝအား ပိုင်ဆိုင်လိုက်ရခြင်းမှာ ရိုးစင်းလွယ်ကူလွန်းနေ၍ သာမာန်အားဖြင့် ယုံကြည်စရာပင် မရှိချေ။

သို့သော် သုတေသနဟူသည် ထိုကဲ့သို့ ဆန်းကြယ်မှုများ ပေါ်ထွန်းလာစေရန် ရည်ရွယ်သည် မဟုတ်ပါလား။

မည်သို့ဆိုစေ သံမဏ်ိိအနေနှင့် ရှေးဟောင်းအာကင်နာနည်းစနစ်များနှင့် ပတ်သက်၍ အနာဂတ်တွင် ပိုမိုလေ့လာနိုင်တော့မည် ဖြစ်သည်။ သံမဏိတယောက် လမ်းကြောင်းမှန်ပေါ်ရောက်ရှိသွားပြီဟု ဆိုလိုက ဆိုနိုင်၏။

ရှေးယခင်က မည်သည့်တောင်ရိုးကမ်းပါးမျိုးစိတ်မှ အာကင်နာပညာရှင် မဖြစ်ဘူးလေရာ သံမဏိ၏ ထွန်းပေါက်မှုမှာကား အံ့ချီးလောက်စရာပင်တည်း။

ထိုအခါ စုချန်းက သံမဏိ၏ ပုခုံးအား လှမ်းပုတ်ရင်း ပြောလိုက်၏။

"ဒီနေ့ကစပြီး ရှေးဟောင်းအာကင်နာနည်းစနစ်တွေကို မင်း ပိုပြီးလေ့လာရလိမ့်မယ် မင်းကို သင်ကြားပေးဖို့အတွက် ကျုပ်တို့မှာ ပိတ်လော့ရှိနေတယ်"

ပြောပြောဆိုဆို သူက တောင်ခွဲဓားအား သံမဏိလက်ထဲသို့ ထည့်ပေးလိုက်လေသည်။

"လေ့လာရမယ် ဟုတ်လား သခင် ကျုပ်တို့မျိုးစိတ်အတွက် သင်ကြားလေ့လာတယ်ဆိုတာ အင်မတန်ခက်ခဲမှန်း သခင်လဲ သိရဲ့သားနဲ့"

စုချန်း ပြုံးလိုက်သည်။

"ခက်ခဲရုံလေးပါပဲကွာ မဖြစ်နိုင်တာမှမဟုတ်တာပဲ ဟုတ်တယ်မလား အခက်အခဲတွေဆိုတာ ကျော်ဖြတ်ဖို့ ဖြစ်တည်လာတာကွ မင်း လုပ်နိုင်လိမ့်မယ်လို့ ကျုပ် ယုံကြည်နေတယ်"

"ဒါပေမဲ့ ကျုပ်ကတော့ ခုလက်ရှိ တိုက်ခိုက်ရေးပုံစံက်ိုပဲ ပိုသဘောကျတာသခင်ရဲ့"

သံမဏ်ိိက မေးစေ့ကို ပွတ်ရင်း ပြောလိုက်ပြန်၏။

"မင်းရဲ့တိုက်ခိုက်ရေးပုံစံကို ပြောင်းပစ်ဖို့ ကျုပ် ပြောနေတာမဟုတ်ဘူးကွ ဒါပေမဲ့ တန်ဖိုးနည်းနည်းနဲ့ အင်အားတိုးလာမယ်ဆိုရင်တော့ ဒီလိုအခွင့်အရေးမျိုးကို မင်း မငြင်းသင့်ဘူးလေကွာ ဒီလောကကြီးမှာ မင်းရဲ့ရုပ်ပိုင်းဆိုင်ရာကို အများကြီးအားဖြည့်ပေးနိုင်တဲ့ အာကင်နာနည်းစနစ်တွေ အများကြီးရှိနေတယ် ဒါတွေကို လေ့လာသင်ယူဖို့ မင်းကြိုးစားရလိမ့်မယ် ဥပမာ နဂါးအစွမ်းဟာ မင်းရဲ့လက်ရှိခွန်အားကို အဆပေါင်းများစွာ တိုးပွားလာစေနိုင်တယ် မီးလျံဒိုင်းဟာဆိုရင်လဲ မင်းရဲ့သံမဏိဒိုင်းကာနဲ့အတူ တွဲဖက်အသုံးပြုနိုင်တယ် လေပေါ်ပျံဝဲနည်းစနစ်ဟာဆိုရင် မင်းရဲ့အမြန်နှုန်းကို တိုးမြှင့်ပေးလိမ့်မယ် ပြီးတော့ အဲဒီနည်းစနစ်ကို မင်းက တိမ်တ်ိုက်ကိုယ်ခန္ဓာနည်းစနစ်နဲ့ပေါင်းစပ်အသုံးပြုနိုင်တယ် ကျုပ် အခုပြောနေတာ ဥပမာတချို့ပဲ ရှိသေးတယ် အလားတူတခြားနည်းစနစ်တွေလဲ အများကြီးပဲ ရှိနေသေးတယ် အဆင့်မြင့်လာလေလေ မင်းရဲ့စွမ်းရည်တွေက တိုးပွားလာဖို့ပဲရှိတယ် ကျုပ်အနေနဲ့ မင်းရဲ့ မူလလမ်းကြောင်းကို ပြောင်းလဲပစ်ဖို့မပြောဘူး ရနိုင်သမျှ အကူအညီတွေကို များများယူပြီး ပန်းတိုင်ကို အမြန်ဆုံးရောက်အောင်လျှောက်လှမ်းစေချင်တာ"

စုချန်း၏ မျှော်မှန်းချက်ကို ကြားရသောအခါ သံမဏိတယောက် ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။

သူသည် အနီးကပ်အကြမ်းပတမ်းတိုက်ခိုက်ရခြင်းကိုသာ နှစ်သက်သူဖြစ်ပြီး အဝေးမှ မီးလုံးများနှင့်ပစ်ပေါက်တိုက်ခိုက်ခြင်းကို နှစ်သက်သူမဟုတ်။ ယခု စုချန်းပြောလိုက်တော့မှ ရှေးဟောင်းအာကင်င်နာနည်းစနစ်များသည် သူ့အတွက်လည်း သင့်တော်နိုင်ကြောင်း သဘောပေါက်လာလေသည်။

"ကောင်းပါပြီသခင်"

သံမဏိ၏ အသံမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ခါနေ၏။

စုချန်းက ပြောလိုက်ပြန်သည်။

"ဆိုးတာက ကျုပ်တို့မှာ လူပျံတော်အလောင်းက နှစ်လောင်းသာရှိတာပဲ ဒီထက်များများသာရှိရင် တိမ်တိုက်ကျားသစ်နဲ့ တခြားသူတွေကိုပါ အာကင်နာပညာရှင်တွေအဖြစ် ကျုပ် ပြောင်းပေးနိုင်တယ်"

"ဒါဆို ဘာလို့ထပ်ဖမ်းဖို့ မကြိုးစားတာလဲသခင် ကောင်းကင်မှာ ဥဒဟိုပျံသန်းနေတဲ့ လူပျံတော်တွေ အများကြီးပဲမလား"

မသ်ိနားမလည်ဟန်ဖြင့် သံမဏိက မေးခွန်းထုတ်လိုက်သည်။

စုချန်း ရယ်မောလိုက်၏။

"ဒါဆိုလဲ မင်းဟာမင်းပဲ အပြင်လေးဘာလေးထွက်ပြီး ဖမ်းဖို့ကြိုးစား"

ပြောနေရင်းနှင့်ပင် စုချန်း အတွေးပေါက်သွား၏။

"ဟာ ဟုတ်သားပဲ ကျုပ်တို့ဖာသာကျုပ်တို့ သွားဖမ်းလို့ရနေသားပဲကွ"

ထို့နောက် စုချန်းသည် လူပျံတော်အလောင်းကိုကြည့်ရင်း တစုံတခုကို အလေးအနက် စဥ်းစားနေလိုက်တော့သည်။

________________×××______________×××___________

"ဘာ မင်းက လူပျံတော်အကျဥ်းသားတွေ ဝယ်ချင်လို့ ဟုတ်လား"

ကျူးယုယန် အထူးပင် အံ့သြသွား၏။

"မှန်ပါတယ် အကြီးအကဲ လျောင်ယဲ့နိုင်ငံဟာ လူပျံတော်တွေနဲ့ စစ်ဖြစ်နေတာ ကြာပါပြီ ဒါကြောင့် လူပျံတော်အကျဥ်းသားတွေ အတော်များများ ရှိနေပါလိမ့်မယ် အကြီးအကဲအနေနဲ့ ဒီကိစ္စမှာ ကျုပ်ကို ကူညီနိုင်မလားခင်ဗျ"

မှန်၏။ စုချန်းသည် လူပျံတော်များအား ဖမ်းဆီးမည့်အစား အကျဥ်းသားများ ဝယ်ယူရန် ကြိုးစားလိုက်ခြင်းပင်။ ငွေရှိနေလျက်နှင့် ဘာကြောင့် ကိုယ့်အသက်ကိုရင်း၍ စွန့်စားနေမည်နည်း။

"သုတေသနအတွက်ပဲပေါ့ ဟုတ်လား"

စုချန်း ခေါင်းညိတ်ပြလိုက်လေသည်။

"ဘယ်လောက်လိုချင်တာလဲ"

"အရေအတွက်က အရေးမကြီးပါဘူးခင်ဗျာ အရည်အသွေးမြင့်တဲ့ တချို့လောက်ပေါ့"

အရည်အသွေးမြင့်အာကင်နာနည်းစနစ်ပုံစံများအား လက်ခံထားသူသည် အာကင်နာနည်းစနစ်များအား ဆက်လက်လေ့လာရာတွင် တခြားသူများထက် မြန်မြန်ဆန်ဆန် တိုးတက်လာနိုင်မည် ဖြစ်သည်။ ထို့ကြောင့် စုချန်းအနေနှင့် အရည်အသွေးမြင့်လူပျံတော်အလောင်းများကိုသာ လိုအပ်ခြင်းပင်။

ကျူးယုယန် မျက်မှောင်ကုတ်သွား၏။

"ထိပ်တန်းလူပျံတော်အကျဥ်းသားတွေက ရဖို့တော့မလွယ်လှဘူး"

"ဒါပေမဲ့ ကျူးမျိုးနွယ်ရဲ့အနေအထားနဲ့ဆို ဒါကို ဝယ်ပေးနိုင်မှာပါ ဟုတ်တယ်မလား ကျုပ်ပြောတာ"

အမှန်တကယ်လည်း စုချန်း တောင်းဆိုသည့်ကိစ္စကို ကျူးမျိုးနွယ်အနေနှင့် စွမ်းဆောင်ပေးနိုင်သော အနေအထားတွင်ရှိ၏။ နတ်ဆိုးဧကရာဇ်သားရဲသွေးဗီဇပိုင်ရှင်မျိုးနွယ်စုဖြစ်၍ သူတို့၏ အနေအထားမှာ အဆင့်မနိိမ့်လှ။ ထို့ပြင် ယုမျိုးနွယ်အရေးအခင်းတွင်လည်း ကျူးမျိုးနွယ်များသည် နိုင်ငံအတွက် တာဝန်ကျေပြွန်ပေးခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် လူပျံတော်အကျဥ်းသားများဝယ်ယူရန်ကိစ္စမှာ ထင်သလောက် ပြသနာကြီး မဟုတ်တော့။

ကျူးယုန်ယန် ခေါင်းညိတ်လိုက်၏။

"ကောင်းပြီလေ ဒါဆိုလဲ နေပြည်တော်ကို လူတချို့လွှတ်လိုက်မယ်"

ထို့နောက်တွင်တော့ အရာအားလုံးမှာ အဆင်ပြေချောမွေ့သွားတော့သည်။

ဤယနေ့တွင်လည်း စုချန်းသည် ခါတိုင်းကဲ့သို့ပင် အလုပ်ရှုပ်နေ၏။ ထိုအချိန်မှာပင် တိမ်တိုက်ကျားသစ် အခန်းထဲသို့ ဝင်လာပြီး ပြောလိုက်သည်။

"နေပြည်တော်ကို သွားတဲ့အဖွဲ့တွေ ပြန်လာပြီကွ"

"ဟုတ်လား အခြေအနေဘယ်လိုရှိသလဲ"

"နှစ်ဆယ်ပါလာတယ်"

"အိုး သိပ်ကောင်းတယ်"

စုချန်း ဝမ်းသာအားရ ရေရွတ်လိုက်၏။

"ကဲ လာကွာ ကျုပ်တို့ သွားကြည့်ကြမယ်"

သိပ်မကြာမီ စုချန်းနှင့် တိမ်တိုက်ကျားသစ်တို့ ကျူးမျိုးနွယ် အကျဥ်းခန်းသို့ ရောက်ရှိလာ၏။ အခန်းထဲဝယ် လူပျံတော်နှစ်ဆယ်အား ချုပ်နှောင်ထားလေသည်။

အချုပ်ခန်းများ၏ အုပ်ချုပ်သူမှာ ကျူးပိုင်လျူဖြစ်ပြီး ကျူးရှန်းယောင်၏ သွေးအတော်ဝေးသည့် ဦးလေးတော်စပ်သူ ဖြစ်သည်။ ၎င်းအား အများက ဦးလေးဆယ့်သုံးဟု ခေါ်ကြ၏။ စုချန်းအား မြင်သည်နှင့် ၎င်းက ပြုံးရင်း ပြောလိုက်သည်။

"မင်းသားလေးစု ဒီထဲမှာ အချုပ်သားအယောက်၂၀တိတိရှိတယ် ၁၂ယောက်က လက်စွပ်လေးကွင်းအဆင့် ၇ယောက်ကတော့ လက်စွပ်ငါးကွင်းအဆင့်နဲ့ လက်စွပ်ခြောက်ကွင်းအဆင့်ကတော့ တယောက်ပါပါတယ်"

"လက်စွပ်ခြောက်ကွင်းအဆင့်က တယောက်ပဲပါတာလား"

စုချန်း အနည်းငယ် စိတ်ပျက်သွား၏။

ကျူးပိုင်လျူ အားတင်းပြုံးရင်း ရှင်းပြလိုက်သည်။

"ထိပ်တန်းအဆင့်လူပျံတော်တွေဆိုတာ ဟင်းရွက်ကန်စွန်းရွက်မဟုတ်မှန်း မင်းသားလေးလဲ သိသားပဲ ပြီးတော့ သူတို့က်ို အရှင်ဖမ်းမိဖို့ဆိုတာကလဲ သိပ်ခက်တာ ဒီတကောင်က်ို ရဖို့တောင် ကျုပ်တို့ အတော်လေးပြောယူလိုက်ရတယ် ဒါတောင် သူတို့က သေသေချာချာ မှာလိုက်ပါတယ် ဒီကောင် နိုင်ငံအပြင်ဘက်ကို အသက်ရှင်လျက် ထွက်မသွားစေရဘူးတဲ့"

"ကောင်းပြီလေ"

စုချန်း ရှင်းပြမှုကို လက်ခံလိုက်လေသည်။ လက်စွပ်ဆယ်ကွင်းအဆင့်အာကင်နာပညာရှင်အား အရှင်ဖမ်းမိဖို့ဟူသည်ကလည်း မည်သို့မှ မဖြစ်နိုင်ချေ။

အကျဥ်းသားများအနက် ရင်းနှီးနေသော မျက်နှာတခုကို စုချန်း မြင်လိုက်ရ၏။

၎င်းမှာ တခြားသူမဟုတ်။ ယုန်မျိုးနွယ်သစ္စာဖောက်မှုကို နောက်ကွယ်မှ ကြိုးကိုင်ခဲ့သော လူပျံတော်အမပင် ဖြစ်သည်။

စုချန်းအား စိုက်ကြည့်နေသည့့် သူမ၏ မျက်လုံးထဲတွင် အမုန်းများနှင့် ပြည့်နှက်နေလေသည်။

၎င်းကိုမြင်သော် စုချန်း ပြုံးလိုက်၏။ ထို့နောက် သူက ကျူးပိုင်လျူအား ပြောလိုက်သည်။

"ကောင်းပြီလေ ဒီအကျဥ်းသားတွေကို ကျုပ် လက်ခံလိုက်ပါမယ် အကြီးအကဲကို ကျေးဇူးတင်ကြောင်း ပြောပြပေးပါခင်ဗျာ"

ကျူးပိုင်လျူက သူ့ရင်ဘတ်ကိုသူ ပြန်ပုတ်ပြီး မလိုကြောင်း အမူအရာ ပြလိုက်သည်။ မည်သို့ဆိုစေ စုချန်းသည် ကျူးရှန်းယောင်၏ ခင်ပွန်းလောင်းဖြစ်နေသည့်အပြင် ကျူးအိမ်တော်၏ အထူးဧည့်သည် ဖြစ်နေသည် မဟုတ်ပါလား။

ပထဆုံးအနေနှင့် စုချန်းသည် လက်စွပ်လေးကွင်းအဆင့် ၁၂ယောက်နှင့် လက်စွပ်ငါးကွင်းအဆင့်နှစ်ယောက်ကို သူနှင့်အတူ ခေါ်လာခဲ့၏။

လက်စွပ်လေးကွင်းအဆင့် ၁၂ယောက်က်ိုကား စုချန်းက ဓားအစေခံ၁၂ဦးအတွက် ရည်ရွယ်ထား၏။ လက်စွပ်ငါးကွင်းအဆင့်နှစ်ဦးမှာကား တိမ်တိုက်ကျားသစ်နှင့်ကျူးရှန်းယောင်အတွက်ပင် ဖြစ်သည်။

စမ်းသပ်ခန်းသို့ရောက်သည်နှင့် စုချန်းသည် အကျဥ်းသားများကိုယ်တွင်းမှ အာကင်နာနည်းစနစ်ပုံစံများအား ဆွဲထုတ်ပြီး သင့်လျော်သော အာကင်နာနည်းစနစ်ရလာစေရန် ပွားယူလိုက်လေသည်။

အာကင်နာနည်းစနစ်ပုံစံအတွင်းမှ နည်းစနစ်တခုကိုသာ ပွားယူ၍ရသောကြောင့် သင့်လျော်သောနည်းစနစ်ရစေရန်တော့ စုချန်း ဂရုစိုက်ရွေးချယ်ရ၏။ သံမဏိအတွက် မီးလျံဒိုင်းကို စုချန်း ရွေးချယ်ပေးခဲ့ငလို ကျန်လူများအတွက်လည်း သင့်တော်သည့်နည်းစနစ်ကို ရွေးချယ်ပေးရမည် မဟုတ်ပါလား။

ဥပမာ ဓားအစေခံဆယ့်နစ်ဦးသည် စစ်သည်တော်များ ဖြစ်ကြပြီး အုပ်စုလိုက်တိုက်ခိုက်ခြင်းကို ကျွမ်းကျင်သူများ ဖြစ်သည်။ အုပ်စုဖွဲ့တိုက်ခိုက်ပါက ၎င်းတို့၏ အင်အားမှာ များစွာ တိုးပွားလာတတ်၏။

ထို့ကြောင့် စုချန်းက ၎င်းတို့အတွက် အုပ်စုလိုက်တိုက်ခိုက်ရေးစွမ်းရည်ကို တိုးပွားစေသည့် အာကင်နာနည်းစနစ်ကို ပွားယူရလေသည်။

စုချန်း ရွေးချယ်လိုက်သည့့် နည်းစနစ်မှာပဲ ရေခဲတံတိုင်းဟူသော နည်းစနစ်ပင် ဖြစ်သည်။ နာမည်အတိုင်း ဤနည်းစနစ်၏ စွမ်းအားမှာ ရန်သူများအား အေးခဲသွားစေ၏။ ၎င်း၏ စွမ်းရည်ကိုကြည့်လျင် အုပ်စုလိုက်တိုက်ပွဲများတွင် မည်မျှအသုံးဝင်မည်ဖြစ်ကြောင်း မြင်သာနေလေသည်။

***

All Chapters