← Chapters

ထုတ်ပြော၍မရသော လျှို့ဝှက်ချက် ၂

Vol. 78 Ch. 774

ထုတ်ပြော၍မရသော လျှို့ဝှက်ချက် ၂

Vol. 78 Ch. 774

အဆိုပါ ပစ္စည်းများများ အိုရီအိုးလ်နှင့် အတူ မရှိသည်မှာ သေချာနေ၏။ သူမအား ဖမ်းမိပြီးကတည်းက သေသေချာချာစစ်မေးပြီး ဖြစ်သောကြောင့်ပင်။

ထို့ကြောင့် အဆိုပါရတနာများ ယုန်အိမ်တော်တနေရာရာတွင် ရှိဖို့ လမ်းများနေ၏။

စုချန်း မြန်မြန်ဆန်ဆန်ပင် ကောက်ချက်ချလိုက်သည်။

ထို့နောက် သူက ကျူးရှန်းယောင်အခန်းသို့သွားကာ သူမအား မေးလိုက်၏။။

"မင်းတို့တွေ ယုန်မျိုးနွယ်အိမ်တော်မှာ ထူထူးဆန်းဆန်း ပစ္စည်းတွေများ တွေ့မိသေးလား"

ထိုအချိန်တွင် ယုန်အိမ်တော်မှာ ဖျက်သိမ်းခံလိုက်ရပြီ ဖြစ်သည်။ ယုန်မျိုးနွယ်စု၏ စီးပွားရေးလုပ်ငန်းများအပါအဝင် ပ်ိုင်ဆိုင်မှုအားလုံး ကျူးမျိုးနွယ်လက်ထဲသို့ ရောက်သွားလေပြီ။

"ရှင်ဆိုလိုတာ ရတနာလား ဒါမှမဟုတ် အရင်းအမြစ်လား"

စုချန်း ခေါင်းခါလိုက်သည်။

"တခုမှမဟုတ်ဘူး လူသားတွေပိုင်ဆိုင်ဖို့မဖြစ်နိုင်တဲ့ ပစ္စည်းတမျိုးမျိုး အဲဒီပစ္စည်းက ယုန်မျိုးနွယ်စုရဲ့ သစ္စာဖောက်မှုနဲ့ သက်ဆိုင်နေလိမ့်မယ်"

လူပျံတော်များနှင့် သက်ဆိုင်နေကြောင်း ကြားသည်နှင့် ကျူးရှန်းယောင်၏ အမူအရာသည် ချက်ချင်းပင် လေးနက်လာ၏။

"ကျွန်မ သွားကြည့်လိုက်မယ်"

သို့သော် ချက်ချင်းပင် သူမက ပြန်ပြောလိုက်သည်။

"ဒီလိုပစ္စည်းမျိုးတော့ ဘယ်သူမှ မတွေ့ကြဘူးရှင့်"

"ဘယ်ပစ္စည်းမှာဖွက်ထားတာမျိုး မတွေ့ဘူးပေါ့"

"သေတော့မသေချာဘူးရှင့်"

အတန်ကြာသော် သူမက ပြောလိုက်ပြန်သည်။

"ယုန်ကုလွှာ ယူသွားတာရော မဖြစ်နိုင်ဘူးလား"

စုချန်း ခေါင်းခါလိုက်၏။

"ဒါက ဖြစ်နိုင်ချေတခုပေါ့လေ ဒါပေမဲ့ ကျုပ်တို့ ဘယ်ဖြစ်နိုင်ချေကိုမှ လက်လွှတ်လို့ မရသေးဘူး ဒီဖြစ်ရပ်တွေရဲ့နောက်ကွယ်မှာ ကြီးကြီးမားမားတခုခု ရှိနေတယ်လို့ ကျုပ် ခံစားနေရတယ်"

ကျူးရှန်းယောင် ခေါင်းညိတ်လိုက်၏။

"ကျွန်မလဲ အဲလိုပဲ ခံစားနေရတယ် ဒါပေမဲ့ သူတို့တအိမ်လုံး ကျွန်မတို့ ရှာပြီးပြီ ရှာတွေ့သမျှ ပစ္စည်းတွေကလဲ လူပျံတော်တွေနဲ့ မဆိုင်ဘူး"

စုချန်း စိတ်ပျက်လက်ပျက်နှင့် သက်ပြင်းချလိုက်သည်။ ထိုအချိန်မှာပင် ကျူးရှန်းယောင်က ထပ်ပြောလိုက်ပြန်သည်။

"သူတို့အိမ်တင်မကဘူး လကျောက်မိုင်းတွင်းကလွဲရင် သူတို့ပိုင်ဆိုင်သမျှ ဆိုင်တွေ အလုပ်ရုံတွေမှာပါ ရှာပြီးသွားပြီ"

စုချန်း လွှတ်ခနဲ မေးလိုက်သည်။

"လကျောက်မိုင်းတွင်း မင်းတို့ အဲဒီမှာ ဘာလို့မရှာတာလဲ"

"ဘာလို့လဲဆိုတော့လကျောက်မိုင်းတွင်းက ဘာမှမရှိတော့ဘူး ခန်းသွားပြီလေ ရှင်ဆိုရင်ကော အဲလိုနေရာကို ဦးစားပေးရှာမလား"

စုချန်း ဘာမှပြန်မပြော။ တစုံတရာကို အလေးအနက် စဥ်းစားလျက်ရှိလေသည်။

ထိုအခါ ကျူးရှန်းယောင်က ပြောပြန်၏။

"စုချန်း ရှင်ဘာတွေစဥ်းစားနေတာလဲ"

စုချန်း အသိဝင်လာ၏။ သူ့ပုံစံမှာ အထူးပင် လေးနက်တည်ကြည်နေလေသည်။

"ကျုပ်သာအမှတ်မှားရင် လကျောက်မိုင်းတွင်းဟာ ပြီးခဲ့တဲ့ လဝက်ကမှ ခန်းသွားတာမဟုတ်ဘူးလား"

"ဘာရှင့်"

ကျူးရှန်းယောင် အံ့သြသွား၏။

ဤဖြစ်ရပ်မျိုးက တိုက်ဆိုင်ရန်ခဲယဥ်းမှန်း ကျူးရှန်းယောင် သဘောပေါက်သည် မဟုတ်ပါလား။

"ဒါဆို ပြသနာတခုရှိနေတဲ့ သဘောလား"

"ပြသနာသေးသေးမဟုတ်ဘူး အကြီးကြီး"

စုချန်းက ပြန်ဖြေလိုက်၏။

"ချွန်မျိုးနွယ်တွေနဲ့ ယုန်မျိုးနွယ် ဘယ်လိုသဘောတူညီချက်မျိုး ယူခဲ့သလဲ မင်း မှတ်မိသေးလား ကျူးမျိုးနွယ်စုဆီက ရသမျှ အကျိိုးအမြတ်ကို ယုန်မျိုးနွယ်က ချွန်မျိုးနွယ်တွေဆီ ပေးရမယ်ဆိုတာလေ ဒါပေမဲ့ တကယ်တမ်းမှာတော့ အကျိုးအမြတ်အကုန်လုံးကို ပေးမှမဟုတ်ဘူး သူတို့အတွက် အရန်ရှိပြီသားကွ"

"အဲတာ ဘာများလဲရှင့်"

"ကြယ်ရွှေမိုင်းတွင်းလေကွာ"

ကြယ်ရွှေမိုင်းတွင်းကား ကျူးမျိုးနွယ်ပိုင် မိုင်းတွင်း ဖြစ်သည်။

ကြယ်ရွှေမိုင်းတွင်းအစား ငွေအမြောက်အများကို ချွန်မျိုးနွယ်ရမည်။ ကြယ်ရွှေမိုင်းတွင်းကိုတော့ ယုမျိုးနွယ်တို့ ယူမည်။ သဘောတူညီချက်မှာကား ဤအတိုင်းပင်တည်း။

ကျူးရှန်းယောင် ကြောင်အမ်းအမ်းဖြစ်သွား၏။

"ဒီတော့ ဒီလို မိုင်းတွင်းလေးတတွင်းအတွက် သူတို့ ဒီလိုလုပ်တယ်ပေါ့"

စုချန်းနှင့် ကျူးရှန်းယောင်တို့ အမြဲယုံကြည်ထားသည်မှာ မိုင်းတွင်းတစ်တွင်းအတွက် မျိုးနွယ်စုနှစ်စုအကြား အသေအကြေတိုက်ပွဲကို ယုန်မျိုးနွယ်တို့ စလိမ့်မည်မဟုတ်ဟူ၍ပင်။ ယခုတော့ ထိုထင်မြင်ချက် လွဲမှားနေကြောင်း မြင်သာနေ၏။

တနေရာရာတွင် တစုံတခုကတော့ အကြီးအကျယ် လွဲမှားနေခဲ့ချေပြီ။ စဥ်းစားရင်းနှင့် နှစ်ဦးသား ရင်တုန်ပန်းတုန် ဖြစ်လာ၏။

လူပျံတော်ပြသနာ၏ အစကို သူတို့ ဆွဲထုတ်မိနေခဲ့ပြီ မဟုတ်ပါလား။

"ကဲ မိုင်းတွင်းကို သွားကြည့်ရအောင်"

စုချန်းနှင့် ကျူးရှန်းယောင် ပြိုင်တူရေရွတ်လိုက်သည်။

လကျောက်မိုင်းတွင်းသည် တောင်ပြားမြို့၏ အနောက်တောင်ထောင့်တွင် တည်ရှိပြီး စုချန်း မြို့သို့အလာ ယာဥ်ပျံဆင်းသက်ခဲ့သည့်နေရာနှင့် သိပ်မဝေးလှ။

ယုန်မျိုးနွယ်စု၏ အဓိကမိုင်းတွင်း ဖြစ်သောကြောင့် အလုပ်သမား ထောင်ချီ၍ ဤနေရာတွင် အလုပ်လုပ်ကြ၏။ မိုင်းတွင်း ခန်းခြောက်သွားသည့့်တိုင် ယုန်မျိုးနွယ်စု မပြိုကွဲမီအချိန်ထိ ဤနေရာတွင် နေထိုင်သည့့် အလုပ်သမားများစွာ ရှိနေကြသေးလေသည်။ ယုန်မျိုးနွယ်စု ပြိုကွဲသွားပြီးနောက်တွင်တော့ မိုင်းလုပ်သားများ စွန့်ခွာကုန်ကြလေရာ ဤနယ်မြေကြီးတခုလုံးမှာ တစပြင်အဖြစ် မြန်မြန်ဆန်ဆန်ပင် ပြောင်းလဲသွားတော့၏။ အပေါက်ပေါင်းများစွာနှင့် တောင်ကြီးသာလျင် ထီးထီးကြီး ကျန်ရစ်၏။

မြင်မကောင်းရှုမကောင်းဖြစ်နေသော တောင်ကြီးကို ညွှန်ပြရင်း ကျူးရှန်းယောင်က ပြောလိုက်သည်။

"လကျောက်မိုင်းတွင်းဆိုတာ ဒါပဲ ဟောဟိုက အကြီးဆုံးအပေါက်က ကျင်းနံပါတ်တစ်လို့ခေါ်တယ် တချိန်တုန်းကတော့ မိုင်းလုပ်သားရာသီ ဝင်ထွက်သွားလာနိုင်ခဲ့တာပေါ့"

မှောင်မဲနေသောအဝင်ပေါက်အား ညွှန်ပြရင်း စုချန်းက ပြောလိုက်သည်။

"ကဲ အဲဒီကိုသွားပြီး တချက်ကြည့်ကြတာပေါ့"

လှိုဏ်ခေါင်းသည် မဲမဲမှောင်နေ၏။ နှစ်ပေါင်းများစွာ သတ္တုများ တူးထုတ်လာခြင်းကြောင့် လှိုဏ်ခေါင်းမှာ ရှည်လျားလှပြီး လမ်းအသွယ်နှင့် ရှုပ်ထွေးကာ ဘယ်တော့မှ မဆုံးနိုင်ဟု ထင်မှတ်ရပေသည်။

ဤနေရာမျိုးတွင် တစုံတရာကို ရှာဖွေတွေ့ရှိရန်မှာ ခက်လှသည်။ ပို၍ဆိုးသည်မှာ သူတို့ရှာနေသည်မှာ ဘယ်အရာမှန်းပင် သူတို့ သိသည်မဟုတ်။

လှိုဏ်ခေါင်းသည် ပို၍နက်ရှိုင်းလာ၏။ သူတို့လူစုမှာလည်း အတွင်းပိုင်းဆီသို့ ရောက်သည်ထက် ရောက်ရှိလာပြီ ဖြစ်သည်။

ထိုအချိန်တွင် ဓားအစေခံတဦးဖြစ်သည့့် လီချိက အမှုမဲ့အမှတ်မှဲ့ဟန်ပန်ဖြင့် နံရံကို တဒေါက်ဒေါက် ခေါက်လိုက်လေသည်။ ဆူညံသောအသံသည် မှောင်မဲနေသောလမ်းကြောင်းတလျှောက် ပဲ့တင်ထပ်သးတော့၏။

ထိုစဥ် စုချန်းက မျက်မှောင်ကုတ်ရင်း ပြောလိုက်သည်။

"ဟေ့ ဘာအသံလဲမသ်ိဘူး မင်းတို့ကော ကြားလိုက်မိသလား"

လီချိက အထစ်ထစ်အငေါ့ငေါ့နှင့် ဖြေလိုက်သည်။

"ဒါ...ကျွန်တော်...လှိုဏ်ခေါင်းနံရံကို ခေါက်လိုက်တဲ့အသံလားလို့..."

စုချန်း ခေါင်းခါလိုက်၏။

"မဟုတ်ဘူး တကောင်ကောင်ရဲ့ အော်သံပဲ"

စုချန်း ခေါင်းမော့ပြီး အသံက်ို နားစွင့်လိုက်၏။သို့သော် အသံမှာ ပျောက်ကွယ်သွားခဲ့လေပြီ။

ထိုအခါ စုချန်းသည် ခေတ္တစဥ်းစားဟန်ပြုပြီး ရှေ့သို့ ခပ်မြန်မြန်ပင် လျှောက်သွားလိုက်တော့သည်။ နောက်မှလူများသည်လည်း စုချန်းနောက်သို့ ခြေကုန်သုတ်လိုက်ကြရ၏။

လမ်းတလျှောက်တွင် လူတိုင်းလိုလိုသည် နားကိုသေသေချာချာပင် စွင့်ထားကြ၏။ သို့သော် မည်သည့့်အသံမှ သူတို့မကြားရ။

ထိုအခါ ကျူးရှန်းယောင်က မေးလိုက်သည်။

"စုချန်း ရှင်တကယ်ပဲ အသံကြားလိုက်တာလား"

"အင်း ကျုပ် သေသေချာချာကိုပဲ ကြားလိုက်တယ် ထူးထူးဆန်းဆန်းအသံမျိုးပဲ အတွင်းကိုရောက်လာလေလေ အသံက ပိုကြည်လာတယ်"

"ဟင် ကျွန်မတော့ဖြင့် ဘာမှမကြားရပါဘူး သေမင်းအရိပ် ရှင်ကောကြားရလား"

ကျူးရှန်းယောင်က စက္ကဖြူအရုပ်အား လှည့်မေးလိုက်ပြန်သည်။

"ကျွန်တော်လဲ ဘာအသံမှ မကြားလိုက်ရပါဘူး သခင်မ"

"ဒါ သာမာန်အသံမဟုတ်ဘူး စိတ်ဝိညာဥ်ထုတ်လွှင့်မှု ဒါမှမဟုတ် အချက်ပေးသံပဲ ကြည့်ရတာ အငြိုးတကြီးလက်စားချေတတ်တဲ့ဝိညာဥ်တကောင်ရဲ့ ငိုကြွေးသံနဲ့တောင် တူနေသေးတယ်"

စုချန်း၏ ရေရွတ်သံ ဖြစ်သည်။

၎င်းကိုကြားသောအခါ လူတိုင်း အံ့သြသွား၏။

ဝိညာဥ်မျိုးစိတ်တွေ ဒီကို ဘယ်လိုလုပ်ရောက်လာရပြန်တာလဲ...

စုချန်းကား တိတ်တိတ်ဆိတ်ဆိတ်ပင် ရှေ့ဆက်လျှောက်နေ၏။

အတန်ကြာလျှောက်ပြီးနောက် စုချန်း တနေရာတွင် ခြေစုံရပ်ရင်း ကျန်လူများအား သူ့နောက်တွင် နေရန် အချက်ပြလိုက်သည်။

ထို့နောက် သူက သူ့ဘေးနားရှိ နံရံကိုမျက်နှာမူကာသေသေချာချာပင် စစ်ဆေးလိုက်၏။ နံရံတွင် ဘယ်အရာမှမရှိ။ ဟာလာဟင်းလင်းပင်။ တချိန်တည်းမှာပင် စုချန်းသည် နံရံအား လက်သီးနှင့် ထိုးချလိုက်တော့သည်။ ဝုန်းခနဲ အသံတချက် ထွက်ပေါ်လာပြီး စုချန်း၏ လက်သီး နံရံအတွင်းဆီသို့ စွပ်ခနဲ စိုက်ဝင်သွား၏။

ရွှီ!!!!

အသံတချက် ထွက်ပေါ်လာ၏။ ထူးဆန်းသောအသံကြောင့် လူတိုင်း၏ စိတ်အာရုံ သွက်သွက်ခါသွားလေသည်။

ထိုအချိန်တွင် စုချန်းက နံရံတွင်းမှ သူ့လက်ကို ပြန်ရုတ်လိုက်ပြီ ဖြစ်သည်။ ထိုအခါ စုချန်း၏ လက်ထဲတွင် ထူးဆန်းသော ပိုးကောင်တကောင် ပါလာကြောင်း လူတိုင်း မြင်လိုက်ရ၏။

ပိုးကောင်သည် မျက်လုံးမပါ။ သို့သော် ပါးစပ်ပေါက်ကျယ်ကြီးတွင် ချွန်ထက်သော သွားများနှင့် ပြည့်နှက်လျက်ရှိသည်။ အသက်အန္တရာယ်ခြိမ်းခြောက်ခံရသောအခြေအနေကြောင့် ပိုးကောင်သည် ခေါင်းကိုငဲ့ကာ စုချန်းအား ကိုက်ခဲရန် ကြိုးစားလျက်ရှိသည်။ သို့သော် ၎င်း၏ ကြိုးစားမှုကား အချည်းနှီးသာ။

ထူးဆန်းသည်မှာကား ၎င်းပါးစပ်မှ ထွက်ပေါ်နေသော အော်သံသည် လူတိုင်း၏ စိတ်ဝိညာဥ်အား ဆုတ်ဖြဲနေသကဲ့သို့ ထင်မှတ်ရ၏။

"တယ်ထူးဆန်းတဲ့ အကောင်ပါလား"

ပြောပြောဆိုဆို စုချန်းက ပိုးကောင်းအား ပိုမိုအားစိုက်၍ ညှစ်ထားလိုက်သည်။ ပိုးကောင်သည် လှုပ်ရှားနိုင်စွမ်းမရှိတော့။ သို့သော် အော်သံမှာ ပို၍ပို၍ အားကောင်းလာ၏။

စကားဆုံးသည်နှင့် စုချန်းက စိတ်ဝိညာဥ်စွမ်းအင်အား ဖော်ထုတ်ကာ ပိုးကောင်အား ဖိနှိပ်ထားလိုက်တော့သည်။ ပိုးကောင်သည် အားကောင်းသည့် စိတ်ဝိညာဥ်စွမ်းအင်များကို ပိုင်ဆိုင်ထားသော်လည်း စုချန်းကိုတော့ မယှဥ်နိင်။ တချီတည်းနှင့် အသက်ပျောက်သွားတော့သည်။

"ဟာ သွားပြီ ကျုပ် လုပ်လိုက်တာ လက်လွန်သွားပြီ"

စုချန်း စိတ်ပျက်လက်ပျက်နှင့် ရေရွတ်လိုက်၏။

တချိန်တည်းမှာပင် သူက ပိုးကောင်အား သိမ်းဆည်းထားလိုက်၏။

"ဟင် ရှင်က ဒါကြီးကိုလဲ သိမ်းထားအုံးမတဲ့လား"

မိန်းမသားပီပီ ပိုးကောင်ဆိုလျင် မသတီတတ်သော ကျူးရှန်းယောင်က မနှစ်မြို့ဟန်ဖြင့် ရေရွတ်လိုက်၏။

"ဒီလိုပိုးကောင်မျိုးက အင်မတန်ရှားတာကွ တကောင်တည်းနဲ့တင် တော်တော်တန်ဖိုးကြီးနေပြီ"

ထိုအချိန်မှာပင် တရွှီရွှီအသံများ လှိူဏ်ခေါင်းတလျှောက် ထွက်ပေါ်လာ၏။ ဤတကြိမ်တွင်တော့ ထိုအသံများကို လူတိုင်း ကြားလိုက်ရလေသည်။

"ဘာဖြစ်ပြန်ပြီတုန်း"

လူတိုင်း စိတ်ရှုပ်ထွေးကုန်ကြ၏။ သို့သော် စုချန်း၏ အမူအရာမှာ ချက်ချင်းပြောင်းလဲသွားသည်။

ထို့နောက် သူ ကျယ်လောင်စွာ ထအော်လိုက်၏။

"မကောင်းတော့ဘူးဟေ့ ပိုးကောင်အုပ်ကြီး ကျုပ်တို့ဆီ လာနေပြီ"

***

All Chapters