လူပျံတော်များ၏ သမိုင်း
Vol. 78 Ch. 779
ပိုးကောင်ကြီးသည် အထက်ပါအတိုင်း နာကျင်စွာ ဆက်လက်ငိုကြွေးနေ၏။
စုချန်းကား အေးစက်စက်အမူအရာနှင့် စိုက်ကြည့်လျက်ရှိသည်။
"သခင် ဒီအတိုင်းပဲ ကြည့်နေတော့မှာလား"
"ကျုပ် လှုပ်ရှားမှာပါ ဒါပေမဲ့ ခုတော့မဟုတ်သေးဘူး"
ပိတ်လော့၏ မေးခွန်းအား စုချန်းက ပြန်ဖြေလိုက်လေသည်။
"ကျုပ်အနေနဲ့ နားမလည်နိုင်သေးတာတွေ ရှိနေသေးတယ် တခုခုမလှုပ်ရှားခင် ကျုပ် အခြေအနေကို ပိုပြီးသိထားဖို့လိုအပ်တယ် ကဲ သေမင်းအရိပ် အချိန်မဖြုန်းနဲ့တော့ အိုရီအိုးလ်ကို ကျုပ်ဆီ အမြန်ဆုံးခေါ်လာစမ်း"
"ကောင်းပါပြီသခင်"
စုချန်း၏ စိတ်အာရုံထဲတွင် သေမင်းအရိပ်၏ ပြန်ဖြေသံ ပေါ်လာ၏။ သိပ်မကြာမီ အိုရီအိုးလ်အား သူ့စက္ကူလက်တံများထဲတွင် ချုပ်ကိုင်ပြီး သေမင်းအရိပ် စုချန်းရှေ့သို့ ရောက်ရှိလာ၏။
ထိုအခါ စုချန်းသည် အိုရီအိုးလ်အား ချုပ်ကိုင်ပြီး သူမ၏ ခေါင်းအား လေဟာနယ်အပေါက်ထဲသို့ အတင်းထိုးထည့်လိုက်၏။
လေဟာနယ်အတွင်းမှ မြင်ကွင်းကို မြင်သည်နှင့် အိုရီအိုးလ် ငယ်သံပါအောင် အော်ဟစ်လိုက်လေသည်။
"ဒါ ဒါ ကျွန်မမှတ်ညဏ်အစိတ်အပိုင်းပဲ ဒါကို ကျွန်မ မှတ်မိသွားလို့မရဘူး"
"ခင်ဗျားကို ကျုပ် မှတ်မိခိုင်းနေတာမဟုတ်ဘူး ကြည့်ပဲကြည့်ခိုင်းနေတာ"
စုချန်းသည် အိုရီအိုးလ်၏ မျက်နှာအား လေဟာနယ်အဝင်ပေါက်သို့ အတင်းထိုးထည့်ကာ ခပ်ပြတ်ပြတ်ပင် ပြောလိုက်၏။
မေ့ပျောက်ရန် သတ်မှတ်ပေးထားသည့်အရာအား မြင်တွေ့နေရခြင်းကြောင့် အိုရီအိုးလ်ကိုယ်တွင်းတွင် တံဆိပ်ခပ်နှိပ်ထားသောလျှို့ဝှက်နည်းစနစ်သည် သူမအား ပြင်းပြင်းထန်ထန်ပင် ဒဏ်ခတ်တော့၏။
ပြင်းထန်လှသောနာကျင်မှုသည် အိုရီအိုးလ်၏ တကိုယ်လုံးသို့ အလင်းအလျင်နှုန်းနှင့် လှည့်ပတ်နေလေသည်။ မျက်စေ့တမှိတ်အတွင်း သူမ မျက်ဖြူလန်တော့မည့်ပုံ ပေါ်လာ၏။
"မင်းရဲ့စိတ်အာရုံကို ဖွင့်ထုတ်ပြီး ကျုပ်ညွှန်ကြားတဲ့အတိုင်း လိုက်နာစမ်း"
"ခင်ဗျားအနေနဲ့ အနာသက်သာချင်ရင် သူ့ပြောတဲ့အတိုင်း လိုက်လုပ်စမ်း"
စုချန်းကလည်း တချိန်တည်းမှာပင် ပြောလိုက်၏။
ပြင်းထန်လှသောနာကျင်မှုကြောင့် ကိုယ့်ကိုယ်ကို သတ်သေချင်စိတ်ပေါက်နေပြီဖြစ်သော အိုရီအိုးလ်သည် ချက်ချင်းပင် ပိတ်လော့၏ စကားကို လိုက်နာလိုက်လေသည်။ ပိတ်လော့ကလည်း အိုရီအိုးလ်အား ကူညီပြီး နှလုံးသားနံရံများ ပေါ်ပေါက်လာအောင် ကူညီပေးလိုက်၏။
နှလုံးသားနံရံများသည် နာကျင်မှုကို အပြီးတိုင် ပျောက်ကင်းစေခြင်းမရှိသော်လည်း အိုရီအိုးလ်တယောက်က် တောင့်ခံနိုင်သည့်အခြေအနေမျိုးထိတော့ ကူညီပေးလိုက်နိုင်၏။
တချိန်တည်းမှာပင် စုချန်းက ပြောလိုက်သည်။
"ကဲ အခု ကျုပ်က ခင်ဗျားအပေါ် ကျိန်စာတိုက်ထားတဲ့ လျှို့ဝှက်နည်းစနစ်ရဲ့ ကန့်သတ်ချက်တွေကို ဖျက်ဆီးလိုက်ပြီ နာကျင်မှုကို ခင်ဗျား တောင့်ခံဖို့ပဲလိုတော့တယ် ဒီဖြစ်စဥ်ပြီးသွားတာနဲ့ ခင်ဗျားရဲ့ကျိန်စာ ပျက်ပြယ်သွားလိမ့်မယ်"
"ဒီအတိုင်းသာဆို ကျွန်မရဲ့စိတ်ဝိညာဥ်လဲ အကြီးအကျယ် ပျက်စီးသွားတော့မှာပေါ့"
အိုရီအိုးလ် ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
"ကျုပ် ဂရုမစိုက်ဘူး"
စုချန်းက အေးစက်စက်လေသံနှင့် ပြောလိုက်၏။
"ခင်ဗျားအနေနဲ့ အသက်ရှင်ချင်ရင် ဒီအန္တရာယ်ကိုတော့ ရင်ဆိုင်ရမှာပဲ ကျုပ်ပြောတာ နားလည်သလား"
"အား"
အိုရီအိုးလ် ခါးသီးနာကျင်စွာ ငိုကြွေးလိုက်တော့၏။
အချိန်ကြာလာသည်နှင့်အမျှ နာကျင်မှုသည် တဖြည်းဖြည်း လျော့ကျလာတော့၏။ အိုရီအိုးလ်သည် မြေကြီးပေါ်တွင် ဒူးထောက်ထိုင်ရင်း ဟောဟဲဆိုက်လျက်ရှိလေသည်။ သူမ၏ နဖူးပေါ်တွင်တော့ ချွေးများသီးနေ၏။
"ခင်ဗျားကိုကြည့်ရတာ အနာကိုတောင့်ခံနိုင်သွားတဲ့ပုံပဲ အခု ခင်ဗျား ဘယ်လိုခံစားရသလဲ"
စုချန်းက အိုရီအိုးလ်အား မတ်တပ်ရပ်နိုင်ရန် ကူညီရင်း မေးခွန်းထုတ်လိုက်သည်။
"ဓားပေါင်းတသောင်းလောက်နဲ့ တပြိုင်တည်းထိုးစိုက်နေသလိုပဲ"
အိုရီအိုးလ် မောကြီးပန်းကြီးနှင့် ပြောလိုက်သည်။ တဆက်တည်းမှာပင် သူမက စုချန်းအား ဒေါသတကြီးနှင့် စိုက်ကြည့်ရင်း ပြောလိုက်ပြန်၏။
"ရှင် ကျွန်မကို ဘာလုပ်ခဲ့မှန်း ကျွန်မ သတိရလာပြီ"
"ကောင်းတာပေါ့ ခင်ဗျားတာဝန် ဘာမှန်းမှတ်မိရင် ပိုတောင်ကောင်းသေးတယ် ခင်ဗျား တာဝန်ဘာလဲအခု ပြောနိုင်ပြီလား"
အိုရီအိုးလ်၏ မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးဟန် ပေါ်လာ၏။
"ဒီပိုးကောင်ကြီးဟာ မိုးပျံမြို့တော်ငယ်အမှတ်ခြောက်ပဲရှင့် အနာဂတ်စီမံကိန်းပဲ ဆိုပါတော့"
"ဘာ"
စုချန်း အံ့သြသွား၏။
မိုးပျံမြို့တော်ငယ်အမှတ်ခြောက်ဟူသည် တခြားမဟုတ်။ လူပျံတော်များ၏ စီမံကိန်းများအနက်မှ တခုပင် ဖြစ်သည်။
ကက်ပီးယပ်စ်၏ ရောင်ခြည်ဖြာခြင်းစီမံကိန်း၊ ကုယွဲ့ဟုန်၏ တောက်ပခြင်းနဂါးစီမံကိန်း၊ အာကင်နာများ၏ ရှင်ပြထမြောက်ခြင်းစီမံကိန်း အစရှိသည်များသည် မျိုးစိတ်ကြီးတချို့၏ လူသိများသော စီမံကိန်းကြီးများပင် မဟုတ်ပါလော။
လူပျံတော်များ၏ မိုးပျံမြို့တော်ငယ်အမှတ်ခြောက်စီမံကိန်းနှင့် ပတ်သက်၍ သိလိုပါက သင့်အနေနှင့် လူပျံတော်များ၏ သမိုင်းကြောင်းကို သိဖို့လိုအပ်ပေလိမ့်မည်။
လူပျံတော်သမိုင်းကြောင်းဟူက အာကင်နာနိုင်ငံတော်မှစ၍ အစချီရပေအံ့။
အာကင်နာနိုင်ငံတော်ကြီး ပြိုလဲပျက်စီးသွားပြီးနောက် အာကင်နာများ၏ ရတနာများအနက် လူသားများသည် သွေးဗီဇညှို့ငင်ထုတ်ယူကိရိယာကိုသော်လည်းကောင်း၊ ဝိညာဥ်မျိုးစိတ်များသည် စိတ်ဝိညာဥ်ပြောင်းလဲခြင်းကိရိယာကိုသော်လည်းကောင်း၊ သတ်ဖြတ်သူများသည် မူလစွမ်းအင်ကျောင်းတော်ကိုသော်လည်းကောင်း၊ ပင်လယ်လူသားမျိုးစိတ်များသည် လွတ်မြောက်ခြင်းလေကိရိယာကိုသော်လည်းကောင်း အသီးသီး ပိုင်ဆိုင်ကုန်ကြ၏။ ရတနာအသီးသီးသည် မျိုးစိတ်အသီးသီးအတွက် မည်မျှတန်ဖိုးကြီးမားမှန်း ပြောစရာလိုအံ့မထင်။ ထိုအထဲတွင်မှ လူပျံတော်များသည် ရတနာများအနက် မြို့တော်တခု တည်ဆောက်နိုင်လောက်သည်အထိ တန်ဖိုးကြီးမားသော ဆပ်ခ်စွမ်းအင်နူကလိယကို ရရှိသွားတော့သည်။
လူပျံတော်များ ထိုရတနာအား ရွေးချယ်ခဲ့ရသည်မှာည်မှာ သူတို့၏ ပတ်ဝန်းကျင်ကြောင့်၊ တနည်းအားဖြင့် သူတို့၏ လိုအပ်ချက်ကြောင့်ပင်။
ညဏ်ရည်မြင့်မျိုးစိတ်များအနက် လူပျံတော်များသည် မူလစွမ်းအင်အား အာရုံခံနိုင်ခြင်းအရာတွင် အာကင်နာများထက် မနိမ့်ချေ။ သူတို့တွင် မရှိသည့်တခုတည်းသောအရာမှာ ဖန်တီးနိုင်စွမ်းမရှိခြင်းပင်။ သို့သော် လူပျံတော်များတွင် ထိုထက်ပို၍ဆိုးသော အားနည်းချက်ကြီးတခု ရှိနေ၏။ ၎င်းမှာ စိတ်ကြီးဝင်နေခြင်းပင်။
လူသားများ ၊သတ်ဖြတ်သူများအပါအဝင် ကျန်မျိုးစိတ်များသည် ၎င်းတို့မျိုးစိတ်ရှင်သန်နိုင်ရေးအတွက် ကိုယ့်ကိုယ်ကို ပြောင်းလဲပစ်ရန် အနည်းငယ်မျှ ဝန်လေးခြင်းမရှိ။
သို့သော် လူပျံတော်များကား သူတို့ယဥ်ကျေးမှုကို သေသည်အထိ ဖက်တွယ်သွားကြမည့်သူများပင်။ လူပျံတော်များ ခေါင်းမာမာနှင့်ယုံကြည်ထားကြသည်မှာ ယဥ်ကျေးမှုအား ပြောင်းလဲပစ်ခြင်းသည် ကိုယ့်မျိုးစိတ်ကိုယ်ကို အဆုံးသတ်လိုက်သည်နှင့် အတူတူသာ ဟူ၏။
ဤကား ယဥ်ကျေးမှုနှင့် ဓလေ့စရိုက်အပေါ် လူပျံတော်များ သဘောထားသည့် ပုံစံပင်။ ထိုတွေးခေါ်ပုံကြောင့်ပင် လူပျံတော်များသည် ၎င်းတို့ရုပ်ပိုင်းဆိုင်ရာကို ဖွံ့ဖြိုးတိုးတက်လာအောင် မစွမ်းဆောင်နိုင်ကြတော့။ ထိုအခါ ပြင်ပအကူအညီများ လိုအပ်လာတော့သည်။
ကစဥ့်ကလျားးခေတ် နှစ်ပေါင်း ၄၆၀၀၀ခုနှစ်တွင် လူပျံတော်များသည် အာကင်နာနိုင်ငံ၏ ပညာရှင်ကြီးတပါးဖြစ်သည့် အိုင်ဆယ်ဒေါဆပ်ခ်အား မိုးပျံမြို့တော်များ တည်ဆောက်ရေးစီမံကိန်းကို စိတ်ဝင်စားလာအောင် စည်းရုံးသိမ်းသွင်းခဲ့ကြ၏။ မိုးပျံမြို့တော်တည်ဆောက်ရေးစီမံကိန်း၏ အဓိကအကျဆုံးအရာမှာ မြို့တော်များအလယ်တွင်ရှိနေမည့် စွမ်းအင်အူတိုင်ဖြစ်သည်။ အဆိုပါအူတိုင်သည် ပတ်ပတ်လည်မှ စွမ်းအင်များအား တသမတ်တည်း စုပ်ယူနေပေလိမ့်မည်။
ကစဥ့်ကလျားခေတ်ကုန်တွင် အာကင်နာနိုင်ငံတော်ကြီး ပြိုလဲပျက်စီးသွားခဲ့၏။ သို့သော် လူပျံတော်များကား လက်မှုပညာရှင်များ၊ တောင်ရိုးကမ်းပါးမျိုးစိတ်များအား ဖိတ်ခေါ်ကာ မိုးပျံမြို့တော်တည်ဆောက်ရေးစီမံကိန်းကို ဆက်လက်အသက်သွင်းခဲ့ကြလေသည်။
ကြယ်စုနှစ်သစ် ၉၄၆ခုနှစ်တွင် လူပျံတော်များသည် မိုးပျံမြို့တော်တည်ဆောက်ရေးစီမံကိန်းကို အဆုံးသတ်နိုင်ခဲ့ပြီး ကောင်းကင်နိုင်ငံအား တည်ထောင်နိုင်ခဲ့ကြ၏။
မိုးပျံမြို့တော်တွင် တပ်ဆင်ဖန်တီးထားသည့်အစွမ်းထက်တိုက်စစ်၊ ခံစစ်စွမ်းရည်များကြောင့် ၎င်းတို့သည် မူလကမ္ဘာကြီးတွင် အင်အားအကြီးမားဆုံးသူများ ဖြစ်လာကြတော့သည်။ ဥပမာတခုပြရလျင် အနှိုင်းမဲ့ဧကရာဇ်ကျင့်ကြံခြင်းနယ်ပယ်ပညာရှင် ရာပေါင်းများစွာ၏ ပြိုင်တူတိုက်ခိုက်မှုကိုပင် မိုးပျံမြို့တော်၏ ခံစစ်တံတိုင်းက ကြံကြံခံနိုင်သည်ကိုကြည့်လျင် မိုးပျံမြို့တော် မည်မျှ အစွမ်းကြီးမားကြောင်း မြင်သာနေပေသည်။
ဤနည်းအားဖြင့် လူပျံတော်များသည် မူလကမ္ဘာကြီး၏ အရှင်သခင်အသစ်ဖြစ်လာတော့၏။ မိုးပျံမြို့တော်ရောက်ရှိသည့်နေရာတိုင်းတွင် ရန်သူများက လူပျံတော်များအား လက်မြှောက်အရှုံးပေးကြရတော့သည်။
သို့သော် ထိုအခြေအနေမှာ ကြာကြာမခံခဲ့ဟုပင် ဆိုရတော့မည်။
စစ်ဘုရင်များ ဖြစ်လာကြခြင်းသည် လူပျံတော်များသည် စိတ်ကြီးဝင်လာစေ၏။ ၎င်းတို့သည် တခြားမျိုးစိတ်များအား ကျွန်ပြုရန် ကြိုးစားလာကြ၏။ လူပျံတော်များ၏ ဖိနှိပ်မှုကို ခံစားကြရသူများတွင် တချိန်က မိုးပျံမြို့တော် တည်ဆောက်ရာတွင် ကူညီပေးခဲ့သည့် လက်မှုပညာရှင်များ၊ တောင်ရိုးကမ်းပါးမျိုးစိတ်များပါ ပါဝင်လာသောအခါ လူပျံတော်များ၏ ကြမ္မာဆိုး စတင်လာတော့သည်။
တဖက်တွင်လည်း ကျန်မျိုးစိတ်လေးစိတ်သည် အချင်းချင်း မဟာမိတ်ပြုကာ လူပျံတော်များအား ပြန်လည်တိုက်ခိုက်ရန်ကြိုးစားလာကြ၏။ သို့သော် မိုးပျံမြို့တော်များ၏ အစွမ်းကို ယှဥ်နိုင်ခြင်းမရှိလေရာ ရင်ဆိုင်မိတိုင်း မဟာမိတ်များသာ အလဲလဲအကွဲကွဲနှင့် ရှုံးနိမ့်ကြရလေသည်။
ထိုအချိန်တွင် လက်မှုပညာရှင်များသည် ပြသနာ၏ အဖြေတခု ဖြစ်လာဖွယ်ရှိကြောင်း မဟာမိတ်များဖက်မှ စတင်တွေးတောမိလာ၏။
ထို့နောက်တွင်တော့ မူလကမ္ဘာကြီး၏ သမိုင်းကြောင်းတွင် ထာဝရတည်တံ့နေတော့မည့်ဖြစ်ရပ်များ ဖြစ်ပေါ်လာတော့သည်။
အင်အားကြီးမားသော ဝိညာဥ်မျိုးစိတ်ဝင်တဦးသည် ကိုယ့်ကိုယ်ကိုစတေးပြီး သူ၏ ဝိညာဥ်ကိုယ်ခန္ဓာအား အာကင်နာပညာရှင်တဦးကို ထိန်းချုပ်ခွင့်ပေးလိုက်၏။ ထိုအာကင်နာပညာရှင်အား ကျန်မျိုးစိတ်များက အားသွန်ခွန်စိုက်ဝိုင်းဝန်းထောက်ပံ့ကြလေရာ ၎င်းသည် အချိန်တိုအတွင်းမှာပင် ပါရမီရှင်ဗိုလ်ချုပ်ဟု နာမည်ရလာတော့သည်။
ပါရမီရှင်ဗိုလ်ချုပ်သည် စစ်ဘက်ဆိုင်ရာအစည်းအဝေးတရပ်ခေါ်လိုက်၏။ ထိုအစည်းအဝေး၏ နာမည်မှာကား ပင်လယ်ကျောက်ဆူးဟု အမည်ရလေသည်။ ပါရမီရှင်ဗိုလ်ချုပ်စီမံကိန်းကား လူပျံတော်များကို ဆုံးမရန် ရည်ရွယ်၏။ စီမံကိန်းသည် မိုးပျံမြို့တော်၏ အားနည်းချက်များတွင် အခြေခံထားလေသည်။
မိုးပျံမြို့တော်သည် မည်သူမှမယှဥ်သာလောက်အောင် ပြိုင်ဘက်ကင်း၏။ ထိုသို့ဖြစ်ရခြင်းမှာ ဆပ်ခ်နူကလိယက မြို့တော်အား အနှိုင်းမဲ့စွမ်းအင်ထောက်ပံ့မှုကို ပေးနေသောကြောင့်ပင်။ သို့သော် ပြိုင်ဘက်ကင်းသောအရာတို့၌ပင် အားနည်းချက်တို့ ရှိနေတတ်၏။
နှစ်ပေါင်းများစွာ တိုက်ခိုက်လာခဲ့ပြီးနောက် လူတိုင်းသိလာသည်မှာ မိုးပျံမြို့တော်၏ စွမ်းအင်သုံးစွဲမှုသည် ယခင်နှစ်များထက် တစတစ ပိုမိုမြင့်တက်လာခြင်းပင်။
၎င်းမှာ သဘာဝတရားကြီး၏ ဖြစ်တတ်သောသဘောတရားဟုပင် ဆိုရတော့မည်။ သေဆုံးခြင်းသည် မွေးဖွားခြင်းထက် များစွာ လွယ်ကူနေတတ်သည် မဟုတ်ပါလား။
ထိုအခြေအနေကို ပါရမီရှင်ဗိုလ်ချုပ်က ပင်လယ်ကျောက်ဆူးစီမံကိန်းကို အကောင်အထည်ဖော်ရန် စီစဥ်လာခြင်းပင်။
ထိုစီမံကိန်းမှာ ဆပ်ခ်နူကလိယ၏ ပြင်ပကမ္ဘာနှင့်ဆက်သွယ်ထားသော အလွန်နူးညံသိမ်မွေ့သည် ဆက်နွယ်မှုအား ပြောင်းလဲပစ်ရန်ပင်။ ထိုသို့ ပြောင်းလဲလိုက်ခြင်းအားဖြင့် မိုးပျံမြို့တော်၏ စွမ်းအင်သုံးစွဲမှုသည် မူလထက် ဆယ်ဆခန့် ပိုလာမည်ဖြစ်သည်။ ၎င်းကို မူလစွမ်းအင်ကျောက်ဆူးဟု ခေါ်၏။
ဗိုလ်ချုပ်သည် မူလစွမ်းအင်ကျောက်ဆူးဖန်တီးရန် လက်မှုပညာရှင်နှင့်တောင်ရိုးကမ်းပါမျိုးစိတ်ဝင်တဦးစီအား စေတနာ့ဝန်ထမ်းအဖြစ် ရွေးချယ်စေလွှတ်လိုက်၏။ ၎င်းတို့၏ တာဝန်မှာ မိုးပျံမြို့တော်၏ မူလစွမ်းအင်သုံးစွဲမှု လျော့ကျစေရန် ကူညီမည့်ဟန်ဖြင့် မိုးပျံမြို့တော်သို့ တဖက်လှည့်နှင့် ဝင်ရောက်ပြီး မူလစွမ်းအင်ကျောက်ဆူး ဖန်တီးလိုက်ရန်ပင်။
သူလျှိုများသည် ၎င်းတို့၏ တာဝန်ကို ပြီးမြောက်အောင် အကောင်အထည်ဖော်နိုင်ခဲ့၏။
နောက်ဆုံး လူပျံတော်များ သိသွားသည့်အချိန်တွင် ၎င်းတို့၏ မိုးပျံမြို့တော်မှာ ရွေ့လျားသွားလာနိုင်စွမ်းမရှိတော့။ မိုးပျံမြို့တော်သည် မူလကမ္ဘာကြီး၏ တောင်ဘက်ခြမ်းတွင် မြဲမြံစွာ ကျောက်ချလျက်ရှိလေပြီ။ မည်သည့်နေရာသို့မှ ရွေ့လျားနိုင်စွမ်းမရှိတော့။
ကျောက်ဆူးကွင်းဆက်ကို ဖြတ်တောက်ရန် လူပျံတော်များ အဖြေမရှာနိုင်ခဲ့ကြဟုသာ ဆိုရပေတော့မည်။ အကြောင်းမှာ ကွင်းဆက်၏ တနေရာရာကို ဖြတ်တောက်လိုက်ပါက ဆပ်ခ်နူကလိယသည် အလိုအလျောက်ပျက်စီးသွားပြီး မိုးပျံမြို့တော်မှာလည်း ကောင်းကင်ပေါ်မှ ပြုတ်ကျလာပေလိမ့်မည်။
နောက်ဆုံးတွင် လူပျံတော်များသည် ကမ္ဘာကြီး၏ တဝက်စာမျှသော ပိုင်နက်နယ်မြေကြီးကို လက်လွှတ်လိုက်ရပြီး တောင်ဘက်နယ်မြေတွင်သာ အခြေပြုနေထိုင်ကြရတော့၏။ ထိုအခါ တချိန်က အာဏာရှင်များဖြစ်သည့် လူပျံတော်များသည်လည်း ၎င်းတို့သြဇာအာဏာကို အလုံးစုံ လက်လွှတ်လိုက်ကြရတော့သည်။
***