← Chapters

မိုးပျံမြို့တော်ငယ်အမှတ်ခြောက်

Vol. 78 Ch. 780

မိုးပျံမြို့တော်ငယ်အမှတ်ခြောက်

Vol. 78 Ch. 780

မိုးပျံမြို့တော် ကျောက်ချသွားကတည်းက လူပျံတော်များအနေနှင့် တခြားမျိုးစိတ်များအပေါ် လွှမ်းမိုးနိုင်စွမ်းမရှိတော့။

မိုးပျံမြို့တော်အတွင်းဝယ် လူပျံတော်များသည် ပြိုင်ဘက်ကင်းဟု ဆိုနိုင်သော်လည်း မြို့တော်အပြင်ဘက်ရောက်သွားသည်နှင့် ၎င်းတို့အားလုံး အလွယ်တကူပင် အမှုန့်ကြိတ်ခံရတော့သည်။

လူပျံတော်များသည် တိုက်စစ်စွမ်းဆောင်ရည်သည် ခံစစ်စွမ်းဆောင်ရည်ထက် များစွာ နိမ့်ကျနေလေရာ ထိုအချက်သည် ၎င်းတို့အား သီးခြားဖြစ်လာစေ၏။ အထီးကျန်ဆန်လာစေ၏။ ထိုအခါ လူပျံတော်များ၏ အခြေအနေသည် တဖြည်းဖြည်း ပိုမိုဆိုးဝါးလာတော့သည်။

ပထမဆုံးအနေနှင့်ပြောရလျင် လူပျံတော်များ၏ ပိုင်နက်နယ်မြေသည် ကျန်မျိုးစိတ်များနှင့်ယှဥ်လျင် အသေးငယ်ဆုံးဖြစ်လာ၏။ မိုးပျံမြို့တော်သည် အင်အားကြီးမားသည်မှန်သော်လည်း ၎င်းသည် မြို့တမြို့မျှသာ ဖြစ်သည်။ မျိုးစိတ်တခုလုံးကို လွှမ်းခြုံနိုင်စွမ်းမရှိ။

ကျန်မျိုးစိတ်အသီးသီးသည် ကျယ်ဝန်းသည့်နယ်မြေ၊ ထောင်သောင်းချီသောမြို့များကို ပိုင်ဆိုင်ထားသည့့်အချိန်တွင် မိုးပျံမြို့တော်၏ အမြောက်များသည် ကီလိုမီတာအနည်းငယ်ခန့်သာ လက်လှမ်းမှီ၏။ ထိုအကွာအဝေးထက် ကျော်သွားလျင် လူပျံတော်များအား မည်သူမျှ မကြောက်တော့။

လူပျံတော်များအနေနှင့် အရေအတွက်အားဖြင့် မည်မျှပင် နည်းပါးစေကာမူ ၎င်းတို့သည် သီးခြားမျိုးစိတ် ဖြစ်သည်။ ထို့ကြောင့် ကိုယ်ပိုင်နယ်မြေ၊ ကိုယ်ပိုင်အစားအသောက်တော့ လိုအပ်နေသေး၏။ ထိုအခါ အထက်ဖော်ပြပါ အခြေအနေများကြောင့် လူပျံတော်များ၏ အခြေအနေသည် ပို၍ပို၍ ခက်ခဲလာတော့သည်။

ကြယ်စုနှစ်သစ် ၅၈၀၀ခုနှစ်တွင်တော့ လူပျံတော်များသည် နယ်မြေသစ်သိမ်းပိုက်ရန် ၎င်းတို့တပ်များကို စတင်လှုပ်ရှားလာတော့၏။

ဤတကြိမ်တွင် သူတို့တိုက်ခိုက်ရန် ရွေးချယ်လိုက်သူများမှာ လူသားများပင်။

သို့သော် လူသားများသည် တချိန်က လူပျံတော်များ၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသည့် လူသားများနှင့် မတူတော့။ အလင်းနတ်ဘုရားအင်ပါယာ၏ ဧကရာဇ်ဖြစ်သော ကုချန်ကျီး၏ ဦးဆောင်မှုအောက်ဝယ် လူသားများသည် ရွှေရောင်လွှမ်းသောခေတ်သိူ့ ရောက်ရှိနေခဲ့လေပြီ။

တိုက်ပွဲတွင် လူပျံတော်များ အကြီးအကျယ်အထိနာသွား၏။ လူပျံတော်များ၏ ဦးဆောင်သူ ရော်ရွက်ဖျားကိုယ်တိုင် အပြင်းအထန် ဒဏ်ရာရရှိသွားပြီး အနီရောင်အိပ်မက်မှာ မိုးပျံမြို့တော်သို့ ပြန်ရောက်ချိန်တွင် ကိုယ့်ကိုယ်ကို သတ်သေသွားလေသည်။

ကြယ်စုနှစ်သစ် ၆၂၀၀တွင် ရော်ရွက်ဖျားကွယ်လွန်သွားပြီး သိမ်းငှက်ပျံ နန်းတက်လာ၏။ သိမ်းငှက်ပျံနန်းတက်လာချိန်တွင် လူပျံတော်များက သီးခြားနေထိုင်ရန် အဆိုပြုကြလေသည်။ သို့သော် သိမ်းငှက်ပျံကတော့ လူပျံတော်များ အင်အားကြီးမားလာစေရန် ပိုင်နက်နယ်မြေများ ပိုမိုလိုအပ်နေသေးသည်ဟုသာ ယုံကြည်ထားခဲ့၏။

ထိုယုံကြည်ချက်မှအစပြု၍ မိုးပျံမြို့တော်ငယ်စီမံကိန်းပေါ်ပေါက်လာခြင်းပင်။

မိုးပျံမြို့တော်စီမံကိန်းဟူသည် အလွန်အင်အားကြီးမားသည့် တိုက်ခိုက်ရေးလက်နက်များ တပ်ဆင်ထားသော မိုးပျံမြို့တော်ငယ်များ တည်ဆောက်ရန်ပင်။ အဆိုပါမိုးပျံမြို့တော်ငယ်များသည် မိုးပျံမြို့တော်ကြီးနှင့် လူပျံတော်မျိုးစိတ်ကိုပါ ကာကွယ်ပေးကြပေလိမ့်မည်။

ကြယ်စုနှစ်သစ် ၇၄၀၀တွင်တော့ လူပျံတော်များသည် ဒုတိယအာကင်င်နာနိုင်ငံတော်ကြီး၏ ဧကရာဇ်ကို သတ်ပစ်နိုင်ခဲ့ပြီ ဆာ့ပ်ခ်နူကလိယဖန်တီးစဥ်က ဘေးထွက်ရလဒ်ဖြစ်သည့် ကိရိယာတခုကို ရယူနိုင်ခဲကြ၏။ အဆိုပါကိရိယာသည် မူလစွမ်းအင်ကို သိုလှောင်နိုင်စွမ်းရှိလေရာ ၎င်းကိုသုံးပြီး လူပျံတော်များ ပထဆုံး မိုးပျံမြို့တော်ငယ် မူလအလင်းရဲတိုက်ကို တည်ဆောက်နိုင်ခဲ့လေသည်။

ကြယ်စုနှစ်သစ် ၈၇၀၀တွင်တော့ လူပျံတော်များသည် မူလစွမ်းအင်ရေကန်ကိုသုံးပြီး လူပျံတော်ကြယ်အမည်ရှိ မိုးပျံမြို့တော်ငယ်ကို တည်ဆောက်နိုင်ခဲ့ပြန်၏။

ထို့နောက် လူပျံတော်များသည် ကြယ်စုနှစ်သစ်၉၆၀၀တွင် ပျံသန်းခြင်းဝိညာဥ်မြို့တော်၊ ကြယ်စုနှစ်သစ် ၁၃၀၀၀တွင် မူလစွမ်းအင်နတ်ဆိုးမြို့တော်၊ ကြယ်စုနှစ်သစ် ၁၄၈၀၀ခုနှစ်တွင် ကစဥ့်ကလျားးမျှော်စင် စသည်ဖြင့် တည်ဆောက်နိုင်ခဲ့ကြ၏။

မိုးပျံမြို့တော်ငယ်များ တည်ဆောက်နိုင်ခဲ့ခြင်းကြောင့် လူပျံတော်များ၏ အင်အားသည် ပြန်လည်ကြီးထွားခဲ့ပြန်သည်။ ကံဆိုးသည်မှာ လူပျံတော်များသည် မိုးပျံမြို့တော်ငယ်များတည်ဆောက်နိုင်သည့်အရင်းအမြစ်များကို ကုန်စင်အောင်သုံးခဲ့ပြီးလေပြီ။ သူတို့အနေနှင့် နောက်ထပ် မိုးပျံမြို့တော်ငယ်များ တည်ဆောက်နိုင်စွမ်းမရှိတော့။

ထိုအခါ လူပျံတော်များသည် မူလသားရဲကြီးများ ကြွင်းကျန်ရစ်သည့့်ရုပ်ကြွင်းများအား လိုက်လံရှာဖွေရန် အာရုံစိုက်လာကြလေသည်။ စတ္တုတ္တမြို့တော်ဖြစ်သည့် မူလစွမ်းအင်နတ်ဆိုးမြို့တော်ကို မူလသားရဲကြီး၏ အရိုးနှင့် သူတို့တည်ဆောက်ထားသည် မဟုတ်ပါလား။

မူလသားရဲကြီးများသည် အနှိုင်းမဲ့စွမ်းအင်များကို ပိုင်ဆိုင်ထားကြ၏။ မူလသားရဲရုပ်ကြွင်းများ၌ပင် ထူးခြားသောအစွမ်းကိုယ်စီ ရှိနေကြလေသည်။ မူလအရိုးကိုကြည့်လျင် ၎င်းကို မြင်သာပေသည်။

လူပျံတော်တိုင်း မျှော်လင့်သည်မှာ မူလသားရဲကြီးတကောင်ကောင်၏ ရုပ်ကြွင်းတခုခုကို ရှာဖွေတွေ့ရှိပြီး နောက်ထပ် မိုးပျံမြို့တော်ငယ်တခု တည်ဆောက်နိုင်ရန်ပင်။

ကြယ်စုနှစ်သစ် ၁၇၂၀၀ခုနှစ်တွင်တော့ လူပျံတော်များသည် ဆောင်းခိုရာမှ ပြန်နိုးမလာတော့သော နောက်ထပ် မူလသားရဲကြီးတကောင်၏ ရုပ်ကြွင်းကို ထပ်မံတွေ့ရှိလိုက်ကြပြန်၏။

ကံဆိုးသည်မှာ အဆိုပါအလောင်းသည် လူသားနယ်မြေထဲတွင် ရှိနေခြင်းပင်။

ဤနည်းနှင့် လူပျံတော်များသည် လူသားများနှင့် စစ်ခင်းရန် အကြောင်းဖန်လာတော့၏။

သို့သော် အလင်းနတ်ဘုရားနိုင်ငံတော်၏ သြဇာအာဏာကျဆင်းလာသည့်တိုင် လူပျံတော်များသည် လူသားများအား ယှဥ်နိုင်ခြင်းမရှိ။ တိုက်ပွဲတွင် မိုးပျံမြို့တော်ငယ်နှစ်မြို့ ပျက်စီးသွားပြီး လူပျံတော်စစ်သည် ငါးသိန်းခန့် သေကြေပျက်စီးကုန်၏။

ရလဒ်မှာကား လူပျံတော်များ၏ အုပ်ချုပ်သူ ကိုယ့်ကိုယ်ကို သတ်သေသွားခြင်းပင်တည်း။

အဆိုပါကြားကာလတွင် အုပ်ချုပ်သူအဆက်ဆက်ပြောင်းသွားပြီး နောက်ဆုံးတွင် ထာဝရညအမည်ရှိ လူပျံတော် နန်းတက်လာ၏။ ထာဝရညကား ငယ်ရွယ်၏။ ထို့ကြောင့် မာန်ကြီး၏။

ငယ်ရွယ်သူတို့၏ ထုံးစံအတိုင်း ထာဝရညသည်လည်း သိမ်းငှက်ပျံလမ်းစဥ်ကို လိုက်ရန် ဆုံးဖြတ်လိုက်တော့သည်။

သို့သော် ထာဝရညတွင် ဆင်ခြင်တုံတရားအနည်းငယ်တော့ ရှိသေးသည်ဟု ဆိုရမည်။ အကြောင်းမှာ အခြေအနေတည်ငြိမ်သွားသည်အထိ စောင့်ဆိုင်းရန် ထာဝရညက လမ်းစဥ်ချလိုက်သောကြောင့်ပင်။

မိုးပျံမြို့တော်အမှတ်ခြောက်နှင့် သူတို့ခြေဖဝါးအောက်တွင်တည်ရှိနေသည့် မူလသားရဲအလောင်းကောင်ကို ဆက်စပ်တွေးမိသောသကာလ အရာအားလုံးကို စုချန်းနှင့်ပိတ်လော့ နားလည်သွားတော့သည်။

"ကျုပ် အတော်တုံးတာပဲ မူလသားရဲအလောင်းကောင်ကြီး ဒီအောက်မှာရှိနေတယ်ဆိုကတည်းက ဘာတွေဖြစ်နေမှန်း ကျုပ် သိသင့့်တယ်"

စုချန်း ရေရွတ်လိုက်၏။

"ဒီတော့ လူပျံတော်တွေရဲ့အစီအစဥ်က ဒီလိုကိုး"

သေမင်းအရိပ် အတော်ပင် အံ့သြသွားဟန်ပေါ်လေသည်။

ထိုစဥ် ပိတ်လော့ သက်ပြင်းချလိုက်၏။

"ဒီတော့ အိုင်ဆက်ဒေါလ်ဟာ အနှိုင်းမဲ့စွမ်းအင်ပေးနိုင်မဲ့ အရင်းအမြစ်ကို ရှာတွေ့နိင်ခဲ့တယ်ပေါ့ သူ့ရည်မှန်းချက် အောင်မြင်သွားခဲ့တယ်ပေါ့"

"ဒီတော့ ခင်ဗျားက ဆပ်ခ်နူကလိယ ဖန်တီးခဲ့တဲ့သူကို ကိုယ်တိုင် သိနေတယ်ပေါ့ ဟုတ်လား"

စုချန်း အံ့သြဟန်ဖြင့် မေးလိုက်လေသည်။

ပိတ်လော့က ရှင်းပြလိုက်ပြန်၏။

"ဆိုပါတော့သခင် ဒီကောင်ဟာ ကျုပ်ရဲ့ မြေးတပည့်လို့ ဆိုရမှာပေါ့ ဒီကောင် အနှိုင်းမဲ့စွမ်းအင်နဲ့ ပတ်သက်တဲ့ဘာသာရပ်တွေမှာ သိပ်ပြီးတော်တယ် ကျုပ်ဖြင့် သူ့ကို သိပ်မျှော်လင့်ချက်ထားပြီး အထင်ကြီးခဲ့ဖူးတယ် ကံဆိုးတာက ကျုပ်သေသွားတော့ သူ နောက်ပိုင်းမှာ ဘာတွေဖြစ်လာသလဲ မမြင်ရတော့ဘူး နောက်ဆုံးတော့ သူ အောင်မြင်သွားခဲ့ပြီပေါ့လေ"

ထိုစဥ် အိုရီအိုးလ်သည် ပါးစပ်ပိတ်၍ နေနိုင်တော့ဟန်မတူ။

"မှန်တယ် အိုင်ဆယ်ဒေါလ်ဟာ လူပျံတော်တွေရဲ့ လမ်းညွှန်မှုနဲ့ ဆပ်ခ်နူကလိယကို ဖန်တီးခဲ့တာပဲ"

အကျဥ်းသားဖြစ်နေသည့်တိုင် မနေနိုင်မထိုင်နိုင် ဝင်ကြွားလိုက်သည့့် အိုရီအိုးလ်၏ စကားကို ထောက်လျင် လူပျံတော်များ မည်မျှ စိတ်ကြီးဝင်နေမှန်း မြင်သာနေ၏။

"အိုး သမိုင်းကို မင်းတို့ နားလည်ထားတာ ဒီလိုပေါ့ ဟား ဟား ဟား"

ပိတ်လော့ တဟားဟား ရယ်မောရင်း ပြောလိုက်၏။

"မင်းတို့လက်ထက်မှာ အောင်မြင်သွားတော့ မင်းတို့က အဟုတ်ကြီးမှတ်နေတာပေါ့လေ ဒါပေမဲ့ ကျုပ် သိထားတဲ့ အိုင်ဆယ်ဒေါလ်ကတော့ ဒီစီမံကိန်းကို အသက်သွင်းနေခဲ့တာ ကြာလှပြီကွ မင်းတို့ဟာ အမြဲတမ်း ကျုပ်တို့ရဲ့ အစေခံဖြစ်ခဲ့တာပဲ ဒီတော့ မင်း မာန်ထောင်နေတာ ကျုပ်အတွက် ရယ်စရာတောင်ကောင်းနေသေးသကွ မင်းတို့အဆင့်နဲ့ ပါရမီရှင်အာကင်နာပညာရှင်ကို ထိန်းချုပ်ရမယ်များ ထင်နေသလား ကျုပ် မြင်တာကတော့ သူကသာ မင်းတို့ကို အသုံးချနေခဲ့တာပဲကွ ဟား ဟား ဟား"

ပိတိလော့၏ စကားကြောင့် အိုရီအိုးလ်၏ မျက်နှာ ရဲရဲနီသွားလေသည်။

ထိုစဥ် စုချန်းက စကားဖြတ်ပြောလိုက်၏။

"ကဲ ကဲ အဓိကကျတဲ့ခေါင်းစဥ်ကို သွားရအောင် မင်းတို့အစီအစဥ်က ဘာလဲ ပိုးကောင်ကြီးက ဘာအတွက်လဲ"

"ဒီပိုးကောင်ကြီးဟာ မိုးပျံမြို့တော်အမှတ်ခြောက်ကို လေပေါ်ထမ်းတင်ပေးမဲ့ ကယ်ရီယာပဲ ကျွန်မတို့ဟာ နှစ်ပေါင်းထောင်သောင်းချီကြာသွားပေမဲ့ မိုးပျံမြို့တော်အမှတ်ခြောက် တည်ဆောက်မဲ့စီမံကိန်းကို ဘယ်တော့မှ လက်မလျော့ခဲ့ဘူး ဒီကောင်ကြီးဟာ အင်မတန်အားကောင်းတဲ့ စိတ်ဝိညာဥ်စွမ်းအင်ကို ပိုင်ဆိုင်ထားတယ် ဒါတင်မကသေးဘူး သူဟာ စစ်သားတွေအဖြစ် အသုံးတော်ခံန်ိုင်တဲ့ ပိုးကောင်တွေကို အကန့်အသတ်မရှိ မွေးထုတ်ပေးနိုင်တယ် မိုးပျံမြို့တော်တွေရဲ့ ရွေ့လျားနိုင်စွမ်းဟာ အမြဲတမ်းပြသနာတခုအဖြစ်ရှိနေခဲ့ပေမဲ့ ဒီပိုးကောင်ကြီးကို တွေ့ပြီးတဲ့နောက်မှာတော့ ဒီပြသနာကို ဖြေရှင်းပြီးသားဖြစ်သွားတယ် ဘာကြောင့်လဲဆိုတော့ ဒီပိုးကောင်ကြီးဟာ အသက်ရှိနေတယ် သူ့ဟာသူ ပျံသန်းနိုင်စွမ်းရှိတယ် တခါတုန်းကဆိုရင် မိခင်ပိုးကောင်မကြီးက အလွန်များပြားတဲ့ပိုးကောင်လေးတွေကို ကိုယ်ပေါ်တင်ပြီး ပျံသန်းနေတာကို ကျွန်မတို့ မြင်ခဲ့ဖူးတယ် ဒါကြောင့် ဒီတခါတည်ဆောက်မဲ့ မိုးပျံမြို့တော်ငယ်ဟာ အရင်မြို့တော်တွေကို ယှဥ်နိုင်ရုံမကပဲ ပင်မမိုးပျံမြို့တော်ရဲ့အစွမ်းလောက်နီးနီးရှိလိမ့်မယ်လို့ ကျွန်မတို့ ယုံကြည်ထားတယ်"

"ဒါဆို မင်းတို့ သူ့ကို ဘာလို့ဒီမှာလာထားတာလဲ"

"ဘာလို့လဲဆိုတော့ သူ့ရဲ့ အားနည်းချက်ကြောင့်ပဲပေါ့ရှင် ဒီပိုးကောင်မကြီးဟာ စိတ်ဝိညာဥ်စွမ်းအင်မြင့်မားသလောက် ရုပ်ပိုင်းဆိုင်ရာက အားနည်းလွန်းနေတယ်"

"ဒါကြောင့်မို့လို့ မင်းတို့က ဒီကောင်ကြီးကို ဒီမှာလာထားတာပေါ့လေ ရွှေစားမျောက်ဝံရဲ့ သတ္တုတွေကို ဆွဲထုတ်စားသုံးနိုင်အောင်ပေါ့ ဟုတ်လား"

ပိတ်လော့ အံ့သြဟန်ဖြင့် ရေရွတ်လိုက်သည်။

စုချန်းက မေးလိုက်ပြန်၏။

"ဒီနေရာကို မင်းတို့ ဘယ်လိုအတိအကျ သိတာလဲ ပြီးတော့ ယုန်မျိုးနွယ်စုတွေနဲ့ ဘယ်လိုအဆက်အသွယ်ရသွားတာလဲ"

"အရာအားလုံးကို ကျွန်မတို့ရဲ့ မိခင်နတ်ဘုရားမကြီး ဟောကိန်းထုတ်ခဲ့တာပါပဲရှင်"

အိုရီအိုးလ်က ပြန်ဖြေလိုက်လေသည်။

***

All Chapters