← Chapters

အခန်း (၁၃-၁၅)

Vol. 1 Ch. 13-15

အခန်း (၁၃-၁၅)

Vol. 1 Ch. 13-15

Chapter- 13 [ ပျော်ရွှင်မှု နှစ်ဆ ]

နဂိုမူလ၌ လုရီက ကျင့်ကြံခြင်း အဆင့်တက်ရန် လပေါင်း အတော် ကြာဦးမည်ဟု တွေးထင်ထားခဲ့တာ ဖြစ်သည် ။ သို့သော်လည်း ရွှေလက်ချောင်း ပေါ်လာပြီးသည့် နောက်တွင် သူ၏ ကျင့်ကြံခြင်းက အဆင့်တက်ရန် အရိပ်အယောင် ပြလာခဲ့လေပြီ ။ ရွှေလက်ချောင်းအား ရရှိခဲ့သည့် အချိန်မှ ဆိုလျှင်​ လဝက်ပင် မကျော်သေးပေ ။

တကယ်တော့ တိမ်ဖြူ ချီသန့်စင်ခြင်း သိုင်းပညာအဆင့်၆ ကိုရောက်သွားတာက သူ့ရဲ့ကျင့်ကြံရေးနှုန်းကို တိုးတက်စေနိုင်သည့် အရေးကြီး အချက် တစ်ချက် ဖြစ်သည့်အပြင် ပြီးပြည့်စုံခြင်း အဆင့် ချီသိပ်သည်းခြင်း ဆေးလုံး၏ သက်ရောက်မှု​ကလည်း အရေးပါ၏ ။

လုရီက ဝိဉာဉ်စွမ်းအားတွေကို စိတ်တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းချုပ်ဖို့အာရုံစိုက်လိုက်ပြီး ရပ်နေတဲ့ဘူးစို့အဆင့်ကို ဖြတ်သွားဖို့ လုပ်လိုက်သည်။ အရင်က အဆင့်ဖြတ်ကျော်ခဲ့ဖူးတဲ့ အတွေ့အကြုံအရဆိုလျှင် ယခု အဆင့်က ထင်သလောက်မလွယ်ဘဲ အချိန်တစ်ခုအထိ ယူရလေ့ရှိ၏ ။

သို့သော်လည်း ဤအကြိမ်တွင်မူ ဆေးလုံး၏ ကျေးဇူးကြောင့် ထွက်လာသည့် ဝိဉာဉ်စွမ်းအင်တို့က လုရီ၏ ခန္ဓာကိုယ်တစ်လျှောက် ရေအလျင်ပမာလျင်မြန်စွာ စီးဆင်းနေပြီး မမြင်နိုင်တဲ့အတားအဆီးကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ဝင်ဆောင့်သည်။

ဘုန်း !!!

ကြီးမားကျယ်လောင်တဲ့ ပဲ့တင်သံကြီးတစ်ခုပဲ့တင်လာပြီး လုရီ ခန္ဓာကိုယ်ထဲက ဝိဉာဉ်စွမ်းအင် ရေလှိုင်းတွေနဲ့ အတားအဆီးကြားက ထိခိုက်မှုကပိုကပြင်းထန်လာသည်။

တစ်ခဏအကြာ၌ အတားအဆီးကြီးက ကျိုးပဲ့ကြေမွပြီး တစ်စစီဖြစ်သွားတော့သည်။ မမြင်နိုင်သည့် အကန့်အသတ်တို့ကလည်း ပျောက်ကွယ်သွားပြီး လုရီကို တစ်ဖန်ပေါ့ပါးစေသည်။ စွမ်းအင်မိတ်ဆက် ဆုံးဖြတ်ချက်ကို အသက်သွင်းဖို့ဆုံးဖြတ်ပြီးတဲ့နောက်မှာ သူ့ရဲ့ ဝိဉာဉ်စွမ်းအင်တွေကို ပြန်ပြီးစုပ်ယူလိုက်သည်။

အဆုံး၌ သူဖြတ်ကျော်နိုင်ခဲ့ပြီ ဖြစ်၏ ။ ထို့အပြင် တစ်ဆို့နေသည့် အဆင့်က လုရီအဖို့ တစ်မိနစ်မျှပင် မကြာလိုက်ပေ ။

လုရီ မမျှော်လင့်ထားပေမဲ့ အံ့အားသင့်သွားမိသည်။ သူရဲ့ စွမ်းအင်မိတ်ဆက်ဆုံးဖြတ်ချက်က အရမ်းကိုခိုင်မာတဲ့ အဆင့်၆အထိရောက်နေပြီ ဖြစ်တဲ့အပြင် သူ့ခန္ဓာကိုယ်မှာ ပြီးပြည့်စုံတဲ့ချီသက်စောင့်ဆေးရဲ့ စွမ်းအင်တွေပြည့်နှက်နေသည်။ ဒီလို ဝိဉာဉ်စွမ်းအင် ဖြည့်ဆည်းနိုင်မှုမျိုးနဲ့သာဆိုရင် သူတင်မကဘူး သာမန်ချီကျင့်ကြံရေးသမားတောင် ရက်အနည်းငယ်အတွင်း ဖြတ်ကျော်နိုင်သည်။

ဖြတ်ကျော်နိုင်မှုကြောင့် လုရီ ခဏဝမ်းသာလိုက်ပေမဲ့ ချက်ချင်းပဲ ပြန်တည်ငြိမ်သွားသည်။ ဤသည်က ယခုမှ အစတင် ရှိသေး၏ ။ အနာဂတ်၌ အခြေခံအုတ်မြစ် သွန်းလောင်းခြင်း အဆင့် ၊ ရွှေအမြုတေ အဆင့်နှင့် ဝိဉာဉ်အခြေတည် အဆင့်တို့အား ဖြတ်ကျော်ရန် ကျန်သေးသည့်အပြင် မသေမျိုးဖြစ််ရန်လည်း လုပ်ရပေဦးမည် မဟုတ်ပါလား ။

ထို့အတွက် သူ့အနေဖြင့် ယခု ဆက်၍ ကျင့်ကြံရပေဦးမည် ။

စွမ်းအင်မိတ်ဆက်ဆုံးဖြတ်ချက် ကဆက်ပြီးလည်ပတ်နေရင်း ဆယ်ခါမြောက်၌ ကျင့်ကြံရေးတာဝန်ပြီးဆုံးသွားသည်။ လုရီ ရပ်လိုက်ပြီး စိတ်လှုပ်ရှားစွာနဲ့ ဆုကိုလက်ခံဖို့နှိပ်လိုက်သည်။

တစ်မဟုတ်ချင်း ဆိုသလိုပင် နက်နဲသိမ်မွေ့ကာ ဆန်းကြယ်သည့် တိမ်ဖြူ ချီသန့်စင်ခြင်း ကျင့်စဥ် ပညာရပ်။ အချက်အလက်တို့က လုရီ စိတ်ထဲပေါ်လာသည့်အတွက် စုပ်ယူသိမ်းဆည်းလိုက်သည်။

လုရီ ခန့်မှန်းချက်အရ ဆိုလျှင် တိမ်ဖြူ ချီသန့်စင်ခြင်း ကျင့်စဥ် ပညာရပ်၏ အဆင့်၆ နှင့် အဆင့်၇၌ ကွာခြားချက်က သိသိသာသာပင် ရှိ၏ ။ ထို့ကြောင့်ပင်လျှင် လမ်းကြောင်းက ပြောင်းသွားခြင်း ဖြစ်ရပေမည် ။

ပုံမှန်အားဖြင့်ဆိုလျှင် တိမ်ဖြူ ချီသန့်စင်ခြင်း ကျင့်စဥ် ပညာရပ်၏ လုပ်ငန်းစဉ်မှာ သွေးကြော ၁၇ခု ပါဝင်ပြီး ပြောင်းလဲပြီးတဲ့နောက်၌ သွေးကြော၆ခု ထပ်တိုးလာခဲ့သည်။

လုရီ တိမ်ဖြူ ချီသန့်စင်ခြင်း ပညာရပ်၏ အဆင့်၇အား စမ်းသပ်ကြည့်ရန် မစောင့်နိုင်တော့ပေ ။

ထို့အတွက် သူက ချက်ချင်းဆိုသလိုပင် အခြား ကျင့်ကြံရေး တာဝန်တစ်ခုကို ပေးလိုက်ပြီး တိမ်ဖြူချီသန့်စင်ခြင်း ကျင့်စဥ် ပညာရပ်၏ အဆင့်၇အား စတင်လေ့ကျင့်တော့သည်။

စတင်၍ လေ့ကျင့်လိုက်သည်နှင့် တစ်ပြိုင်နက် ကွာခြားချက်အား လုရီ သတိထားလိုက်မိ၏ ။ အဆင့်၇၏ ဝိဉာဉ်စွမ်းအင်စုပ်ယူမှုက အဆင့်၆ ထက်နှစ်ဆမျှ ပို၍ အားကောင်းလေသည် ။

ထို့အပြင် လုရီ၏ ခန္ဓာကိုယ်ထဲရှိ ဝိဉာဉ်စွမ်းအင်က ကျင့်ကြံသည်နှင့်အမျှ ပိုပို၍ သန့်စင်လာ၏ ။ တစ်ခါ လေ့ကျင့်ပြီးလျှင်ပင် ခန္ဓာကိုယ်အတွင်းရှိ ဝိဉာဉ်စွမ်းအင်က ပို၍ သိပ်သည်းလာလေသည်။

ဝိဉာဉ်စွမ်းအင် ပမာဏက သန့်စင်ပြီးတာတောင် မပြောင်းလဲတဲ့အပြင် အရည်အသွေးက သိသိသာသာတိုးတက်လာတာကို ခံစားမိတဲ့ လုရီ ကအပျော်လွန်သွားသည်။

မည်သို့ပင်ဖြစ်စေ အဆုံး၌ ကျောက်တုံးတစ်တုံး၏ မာကျောမှု နှင့် ရေမြှုပ် တစ်ခုက အရည်အသွေးခြင်း တူညီနိုင်ပါမည်လော ။ ထိုအရာနှစ်ခုက နှိုင်းယှဥ်စရာ အကြောင်းပင် မရှိချေ ။

တိမ်ဖြူ ချီသန့်စင်ခြင်း ကျင့်စဥ် ပညာရပ်က လုရိီ၏ ဝိဉာဉ်စွမ်းအင်ကို သန့်စင်စေပြီး ရှိပြီးသား အခြေခံကို ပိုပြီးခိုင်မာစေသည်။ထို့အပြင် သူ့ဝိဉာဉ်စွမ်းအင်နဲ့ လည်ပတ်နေရတဲ့ သိုင်းပညာစွမ်းအားကိုလည်း ကြီးကြီးမားမား တိုးမြင့်ပေးသည်။

လုရီက ဤနှုန်းအတိုင်း ဆိုလျှင် သူ၏ ဝိဉာဉ်စွမ်းအင် သိပ်သည်းမှု အရည်အသွေးက အခြေခံအုတ်မြစ် သွန်းလောင်းခြင်း နယ်ပယ်မှ ကျင့်ကြံသူတစ်ဦး၏ အရည်အသွေးနှင့်ပင် နှိုင်းယှဉ်၍ ရလောက်မည်လားဟု မျှော်မှန်းမိသည်။

တိမ်ဖြူ ချီသန့်စင်ခြင်း အဆင့်၇က ယူလာပေးတဲ့ အကျိုးကျေးဇူးကြောင့် လုရီ ပိုကြိုးကြိုးစားစားနှင့် လေ့ကျင့်နိုင်တဲ့အပြင် ပြီးပြည့်စုံတဲ့ချီစွမ်းအားနစ်ဝင် သက်စောင့်ဆေး ကနေ ထုတ်ပေးတဲ့ ဝိဉာဉ်စွမ်းအင်ကြောင့် တိမ်ဖြူ ချီသန့်စင်ခြင်း ကျင်စဥ် ပညာရပ်ကို အဆက်မပြတ်လေ့ကျင့်နေနိုင်သည်။

ဤဆေးလုံး၌ ဝိဉာဉ်စွမ်းအင်က အမြောက်အများ ပါသည့်အတွက် ဖြတ်ကျော်ခြင်းအဆင့်ပြီးတာတောင် တော်တော်များများ ကျန်သေးသည်။ လုရီက စုပ်ယူနေရင်းနှင့် သူ၏ ကျင့်ကြံရေးအဆင့်က တဖြည်းဖြည်း တိုးတက်လာတာကိုခံစားမိသည်။

တိတ်ဆိတ်တဲ့ညကုန်လွန်သွားပြီးတဲ့နောက် ကောင်ကင်ကြီး ဝင်းပလာပြီး နေကထိုးထွက်လာရင်း တိမ်ဖြူတောင်ကြားတွေအပေါ် နီရဲရဲ ဖြာကျနေသည်။

လုရီ မျက်လုံးတွေကို ဖြည်းဖြည်းချင်းဖွင့်လိုက်တော့ အဖြူရောင်အလင်းတန်းလေးက သူ့မျက်လုံးထဲဝင်လာသည်။ လေကိုတစ်ဝကြီးရှုသွင်းပြီး ပျော်ရွှင်မှုကြောင့် ပြုံးလိုက်မိသည်။

တစ်ညလုံးကျင့်ကြံပြီးတဲ့နောက်မှာ ဆေးလုံးတစ်လုံးကို အစာခြေပြီးသွားပြီမလို့ သိသိသာသာ ချီကျင့်ကြံရေးအဆင့်၇ ဆီ ရောက်သွားခဲ့သည်။

ပြီးပြည့်စုံခြင်းအဆင့် ချီသိပ်သည်းခြင်း ဆေး အရေအတွက်ကို တွက်ချက်ပြီးသည့်နောက် ချီအဆင့်၈ ကိုဖြတ်ကျော်ဖို့အတွက် တစ်လလောက်လိုမည်ဟု သူတွက်ချက်လိုက်သည်။

တစ်လ....

ဤနှုန်းက မည်မျှ မဟုတ်သေးပေ ။ အကယ်၍ သူသာ တိမ်ဖြူ ချီသန့်စင်ခြင်း ကျင့်စဥ် နည်းစနစ်ကို အဆင့်၈ သို့မဟုတ် အဆင့်၉အထိ ကျင့်ကြံနိုင်ခဲ့မည်ဆိုလျှင် ယခုထက် ပို၍ မြန်မည် ဖြစ်သည် ။

သို့သော်လည်း ပြဿနာက ယခု လုရီ၌ ပြီးပြည့်စုံခြင်း အဆင့် ချိီသိပ်သည်းခြင်း ဆေးလုံး အရေအတွက်က နှစ်လုံးသာ ကျန်တော့သည် ။

လုရီက ဝမ်ရှင်းချီ နှင့် အခြားသော ဂိုဏ်းတူ ညီအစ်ကိုတို့အား သွားရှာ၍ အချိန်ဖြုန်းရမည်လောဟု တွေးလိုက်မိ၏ ။ တာဝန််တို့အား ပြီးဆုံးအောင် လုပ်ရသည်က အချိန် သိပ်မကုန်သည့်အပြင် သူ့အတွက် ဆေးလုံးတို့ပါ ရနိုင်သည် ဖြစ်သည့်အတွက် သူ့အနေဖြင့် မနှစ်ခြိုက်ဘဲ မည်သို့ နေမည်နည်း ။

သို့သော်လည်း ဆေးလုံးက နှစ်လုံးတောင် ကျန်နေသေးသည့်အတွက် လုရီက သိပ်ပြီး အလျင် မလိုပေ ။ သူ့အနေဖြင့် အခြားသော အရာတို့အား ဦးစွာ ကျင့်ကြံသည်က ပို၍ အဆင်ပြေလိမ့်မည် ။

ယခ တိမ်ဖြူဓားသိုင်း နှင့် တိမ်ဖြူ ချီသန်စြင်ခြင်း ပညာရပ်တို့က အဆင့်၇သို့ ရောက်နေသော်လည်း တိမ်ဖြူခြေလှမ်း ကိုယ်ဖော့ပညာက အဆင့်၆၌ ကျန်နေသေးသည် ။ ထိုအတွက် ၎င်းအား အရင်ဆုံး မြန်မြန် အဆင့် တင်လိုက်တာ ပို၍ ကောင်းသည် ။

လုရီ တွေးရင်း အခန်းထဲက ထွက်လာလိုက်သည်။

နောက်နှစ်ရက် ကြာတဲ့အထိ လုရီ မှန်မှန်လေး ဆက်ပြီး ကျင့်ကြံသည် ။ နံနက်ခင်း၌ တိမ်ဖြူဓားသိုင်း၊ နေ့ခင်း၌ တိမ်ဖြူခြေလှမ်း နှင့် ညနေခင်း၌ တိမ်ဖြူ ချီသန့်စင်ခြင်း ကျင့်စဥ်ကို ကျင့်ကြံရတာက တော်တော်လေးတော့ စိတ်ချမ်းသာစရာကောင်းသည်။

နှစ်ရက်ကြာပြီးသည့်နောက် ပြီးပြည့်စုံခြင်း အဆင့် ချီသန့်စင်ခြင်း ဆေးလုံးက ကုန်သွားပြီဖြစ်တဲ့အတွက် ထပ်ရနိုင်ဖို့ သူစဉ်းစားနေရ၏ ။

လုရီ၌ လျူနင်းရွှမ် ပေးထားသည့် ထိပ်တန်းအဆင့် ချီသန့်စင်ခြင်း ဆေးလုံး ကျန်နေသေးသည် ဆိုသော်လည်း ပြီးပြည့်စုံခြင်း အဆင့် ဆေးလုံးတို့အား သောက်ဖူးပြီးသွားပြီ ဖြစ်သည့်အတွက် အနည်းငယ် အင်တင်တင် ဖြစ်နေ၏ ။

နံနက်စာ စားပြီးသည့်နောက်၌ လုကောင်းယန် နှင့် ဝမ်စီးချီတို့က အလုပ်သွား၍ လုရီက ခြံဝန်းထဲ၌ ကျန်ခဲ့လေသည်။ ဤအကြိမ်က သူကျင့်ကြံပြီးနောက်ပိုင်း၌ ပထမဆုံးအကြိမ် အပြင်ထွက်ခြင်းပင် ။

တိမ်ဖြူဂိုဏ်း၌ ဂိုဏ်းသားတို့ လေ့ကျင့်ရန် ဖန်တီးထားသည့် လေ့ကျင့်ရေး သိုင်းင်မြင့်တို့ ရှိသည်။အကယ်၍ ဂိုဏ်းသားတို့ကြား၌ ပြဿနာတက်ခဲ့မည်ဆိုလျှင် ထိုလေ့ကျင့်ရေး စင်မြင့်တို့တွင် တိုးတိုးတိတ်တိတ် တိုက်ခိုက်ရင်း ဖြေရှင်းလေ့ရှိသည်။ ပြဿနာက ဘဝနဲ့ချီပြီး တက်တဲ့ပြဿနာမျိုးဆိုလျှင် သေမလား တိုက်မလားဆိုတဲ့ တိုက်ပွဲမျိုးတွေကို လေ့ကျင့်ရေးနေရာမှာပဲ ကျင်းပကြပြီး အကြီးအကဲတွေက မျက်မြင်သက်သေလုပ်ပေးလေ့ရှိသည်။

သို့သော်လည်း ဂိုဏ်း၌ နေလာသည့် သူ့သက်တမ်းတစ်လျှောက်လုံးတွင် ထိုကဲ့သို့ တိုက်ပွဲမျိုးက မရှိသလောက်ပင် ။

တိမ်ဖြူဂိုဏ်း အတွင်းရှိ လေထုက သဟဇာတဖြစ်ပြီးလျှင် ဂိုဏ်းသားအများစုကလည်း ဖော်ဖော်ရွေရွေနှင့် စည်းလုံးကြ၏ ။

ထို့အပြင် ဆွေးနွေးဖလှယ်ပွဲတို့ကလည်း မကြာခဏ ရှိတတ်သေးသည်။ မည်သို့ပင်ဆိုစေကာမူ လူတိုင်းက လုရီကဲ့သို့ မိမိကိုယ်တိုင် တာဝန် သတ်မှတ်၍ အဆင့်တက်နိုင်သူများ မဟုတ်ကြပေ ။ ထို့အတွက် ပါရမီ ပါလှပါသည် ဆိုသည့် ဂိုဏ်းသားတို့ပင်လျှင် တံခါးပိတ် ကျင့်ကြံခြင်းကို ဖိ၍ မလုပ်ကြဘဲ တိုက်ခိုက်ခြင်းဖြင့် သူတို့၏ အတွေ့အကြုံတို့အား ရှာဖွေကြရ၏ ။

လေ့ကျင့်ရေး သိုင်းစင်မြင့်တို့က အလင်းဖြူတောင်ထိပ် နှင့် နှင်းဖြူတောင်ထိပ်တို့ ကြားရှိ ချိုင့်ဝှမ်းတစ်ခု၌ တည်ရှိ၏ ။၎င်းနေရာက ဝိဉာဉ်ဖြူတောင်ထိပ်နှင့် ဝေးကွာခြင်း မရှိလှသည့်အတွက် လုရီက လမ်းလျှောက် ထွက်လာခဲ့လေသည် ။

လမ်းတစ်လျှောက်၌ အပြင်စည်း ဂိုဏ်းသားတို့က လုရီကို မြင်လျှင် ပြုံး၍ နှုတ်ဆက်ကြသည်။

“ ဂိုဏ်းတူအစ်ကို လုရီ”

“ အစ်ကိုကြီး လုရီ! အိမ်ကထွက်လာတာလား”

“ ဂိုဏ်းတူအစ်ကိုလုရဲ့ တိမ်ဖြူဓားသိုင်းက မူလဘူတသို့ ပြန်ခြင်း အဆင့်ကို ရောက်နေပြီလို့ ညီမ ကြားတယ် ။သည်တော့ အစ်ကို့အနေနဲ့ ဂိုဏ်းတူ ညိီမလေးကို တိုးတိုးတိတ်တိတ် လမ်းညွှန်ပြသ ပေးနိုင်မလားရှင့် ”

“…”

လုရီက မျက်နှာပေါ်၌ အပြုံးပန်း တစ်ခုကို ဆင်ရင်း လူတိုင်းအား ပြန်လည် နှုတ်ဆက်လိုက်၏ ။

နေဝန်းဖြူ တောင်ထိပ်မှ အဖြစ်အပျက်က နေရာအနှံ့ ပျံနှံ့ သွားလိမ့်မည်ဟု သူ့အနေနှင့် လုံးလုံး မထင်ထားခဲ့ပေ ။

သူ၏ နာမည် ကျော်ကြားမှုက ကြွားဝါ၍ရသည့် အဆင့်တစ်ခုသို့ပင် ရောက်သွားပြီလော ။

လှပချောမောပြီး ချစ်စရာကောင်းသည့် ဂိုဏ်းတူအစ်မ နှင့့် ဂိုဏ်းတူညီမ တစ်သိုက်က သူ့အား အထူး သင်ခန်းစာ ပေးရန် တောင်းဆိုနေကြ၏ ။

ထိုအရာက အမှန်တကယ် စိတ်ရှုပ်စရာပင် ။အကယ်၍ ယနေ့ သူ့၌သာ အရေးကြီးကိစ္စ မရှိလျှင် သူသည် ထိုဂိုဏ်းတူ အစ်မ နှင့် ညီမ တစ်သိုက်အား ကိုယ်ဖိရင်ဖိ သင်ကြားပေးမည် ဖြစ်သည် ။

ထို့နောက်တွင်တော့ လုရီက သူ၏လမ်းအတိုင်း ဆက်သွားရန် မနည်းအားတင်း ​လိုက်ရပြီး တောင်းဆိုမှုတို့အား စိတ်မပါ၊လက်မပါဖြင့် ငြင်းပယ်လိုက်တော့သည် ။

စာစဥ် ၁ အပိုင်း ၁၄

အခြားသော တာဝန်တစ်ခု ရယူခြင်း

လေ့ကျင့်ရေး သိုင်းစင်မြင့် နယ်နိမိတ်ထံ ရောက်ရန် လုရီအနေဖြင့် အချိန် သိပ်ပြီး မယူလိုက်ရပေ ။

လေ့ကျင့်ရေးကွင်းပြင် နယ်နိမိတ် နေရာတစ်ခုလုံးက အင်မတန် ကြီးမားပြီးလျှင် ကီလိုမီတာ အတော်များများ နေရာယူထား၏ ။ လျှောက်လမ်းတို့အား နက်ပြာရောင်ကျောက်တုံးတို့နှင့် စီရီ ခင်းကျင်းထားပြီးလျှင် လေ့ကျင့်ရေးကွင်းပြင် အနှံ့အပြား၌ အပြင်စည်း ဂိုဏ်းသားတို့ လက်ရည်စမ်းနေကြသည့် သိုင်းစင်မြင့်တို့လည်း ရှိနေသေးသည်။

လေ့ကျင့်ရေးကွင်းပြင်၏ အလယ်ဗဟိုတည့်တည့်တွင်မူ ပင်မစင်မြင့်ဟု သိကြသည့် စင်မြင့်တစ်ခုက ခမ်းနားထည်ဝါစွာ နေရာယူထားသည်။ ​

ယေဘုယျအားဖြင့် ဆိုလျှင် သေခြင်း၊ရှင်ခြင်း တိုက်ပွဲတို့နှင့် အခြား အရေးကြီးသည့်

ပြိုင်ပွဲတို့အား ထိုစင်မြင့်ထက်၌ ပြုလုပ်လေ့ရှိ၏ ။

လုရီ ရောက်လာသည့် အချိန်၌ ဂိုဏ်းသား အများအပြားသည် လေ့ကျင့်ရေးကွင်းပြင် အနှ့ံ သိုင်းပညာ လေ့ကျင့်နေကြသည်။ အပြင်စည်း ဂိုဏ်းသားတို့က အများအပြား ရှိသည့်အတွက် အချို့က တစ်ဦးတည်း ကျင့်ကြံရသည်ကို ကြိုက်နှစ်သက်ပြီး အချို့ကမူ လူအများကြား၌ ကျင့်ကြံရသည်ကို ကြိုက်နှစ်သက်၏ ။ထို့အတွက် လေ့ကျင့်ရေး ကွင်းပြင်၌ ဂိုဏ်းသား အများအပြား ရှိနေသည်မှာ မထူးဆန်းလှပေ ။

ယုတ်စွအဆုံး တစ်ယောက်ယောက်က ကျင့်ကြံနေစဥ်အတွင်း အခက်အခဲတွေ့လျှင်ပင် အချင်းချင်း ရိုင်းပင်း ကူညီနိုင်သည် မဟုတ်ပါလော ။ ဤနေရာ၌ ရောက်ရှိနေသည့် ဂိုဏ်းသားတို့ကလည်း ထိုကဲ့သို့ ရည်ရွယ်ချက်မျိုးဖြင့် ရောက်လာကြခြင်း ဖြစ်လေသည် ။

ထို့ထက်ပို၍ ပြောရမည် ဆိုပါက တစ်ကို်ယ်တော် ကျင့်ကြံသူများပင်လျှင် တစ်ဆို့သည့် အခြေအနေသို့ရောက်ပါက ထိုအခြေအနေအား ​ကျော်လွှားနိုင်ရန် ရည်ရွယ်ချက်ဖြင့် သိုင်းလေ့ကျင့်ရေး ကွင်းပြင်သို့ လာရောက်လေ့ ရှိသည် ။

သိုင်းလေ့ကျင့်ရေး ကွင်းပြင်ထဲသို့ လုရီ ဝင်ရောက်လိုက်သည်နှင့် တစ်ပြိုင်နက် ဓားသိုင်းလေ့ကျင့်နေသည့် ချီကျင့်ကြံခြင်း အဆင့့်၃မှ ဂိုဏ်းသား တစ်ဦးက သူ့အား မြင်တွေ့သွား၏ ။

သူက မျက်လုံး ပြူးလျက်

" အစ်ကိုလုရီ.... ဂိုဏ်းတူ အစ်ကိုလုရီပါလား... ။ အစ်ကိုက ဘယ်လိုဖြစ်ပြီး သိုင်းလေ့ကျင့်ရေး ကွင်းပြင်ကို ရောက်လာတာလဲ "

လုရီက အသာအယာ ပြုံးလိုက်သည် ။

" အစ်ကိုက သင်ခန်းစာ ပို့ချတာကို နားထောင်ပြီးတဲ့နောက်မှာ ဥာဏ်အလင်း နည်းနည်း ပွင့်လာတယ်လေ ။ အဲဒါကြောင့် တစ်ယောက်ယောက်နဲ့ တိုက်ရင် ကောင်းမလားဆိုပြီး ရောက်လာတာ "

​ပြောနေရင်းပင် လုရီက ကွင်းပြင်ထဲသို့ ခြေလှမ်း လှမ်းလိုက်လေသည် ။ ချီကျင့်ကြံခြင်း အဆင့်၃ ဂိုဏ်းသား၏ မျက်လုံးတို့က အရောင်လက်သွား၏ ။

သူသည်လည်း ဓားသိုင်း ကျင့်ကြံသူ တစ်ဦး မဟုတ်ပါလော ။ ထို့အတွက် ကံကောင်းလျှင် ယနေ့ ဂိုဏ်းတူ အစ်ကို လုရီထံမှ တစ်ခုခု သင်ယူနိုင်လောက်ပေသည် ။

မူလဘူတသို့ ပြန်ခြင်း အဆင့် ဓားပညာ.....

နေဝန်းဖြူ တောင်ထိပ်၌ ထိုဓားသိုင်းအား သရုပ်ပြစဥ်က စင်မြင့်ထက်က ဂိုဏ်းသားတို့သာ မြင်ခွင့် ရခဲ့သည် ။စင်မြင့်အောက်၌ ရှိနေသည့် ထောင်ပေါင်းများစွာသော အပြင်စည်း ဂိုဏ်းသားတို့ကမူ ထိုဓားပညာအား မြင်တွေ့ခွင့် မရခဲ့ပေ ။ သူတို့က အစွမ်းထက်လွန်းသည့် ဓားသိုင်းပညာမျိုးအား မြင်ဖူးချင်သော်လည်း သူတို့၏ လုံလောက်ခြင်း မရှိသည် ခွန်အားက သူတို့အား ကန့်သတ် ထားလေသည် ။

သို့သော်လည်း ယခုတော့ အစ်ကိုလုရီက လေ့ကျင့်ရေးကွင်းသို့ သိုင်းပညာ ဖလှယ်ရန် ကိုယ်တိုင်ကိုယ်ကျ ရောက်လာခဲ့လေပြီ ။​ဤသည်က ဘုရားပေးသည့် အခွင့်အရေးပင် မဟုတ်ပါလော ။

အတွေးဆုံးလျှင် ဂိုဏ်းသားက လျင်မြန်စွာပင် လုရီနောက်မှ ကပ်၍ လိုက်သွားလေသည်။

လုရီ နှင့် ဂိုဏ်းသား​တို့၏ စကားကို ကြားသွားသည့် အခြား အပြင်စည်း ဂိုဏ်းသားတို့ကလည်း စတင်၍ တီးတိုး ဆွေးနွေး လာကြသည် ။

“ညီအစ်ကို လုရီဆိုတာ တိမ်ဖြူဓားသိုင်းကို မူလဘူတသို့ပြန်ခြင်း အဆင့်အထိ ကျင့်ထားပြီး ဂိုဏ်းတူအစ်မ လျူနင်းရွှမ်ရဲ့အသိအမှတ်ပြုမှုကို ခံခဲ့ရတဲ့ တစ်ယောက် မဟုတ်လား”

“ ဟုတ်တယ် သူပဲ ။ ငါက သူလေ့ကျင့်ရေးကွင်းကို အခုလို လာမယ်လို့တောင် မထင်ထားခဲ့ဘူး။ ပညာလေးဘာလေး ရလိုရငြား ငါသွားကြည့်လိုက်ဦးမယ် "

“ ညီအစ်ကိုလုရီ ကတော်တော်ရက်ရောတာပဲ… အခြေခံ သရုပ်ပြတဲ့နေ့တုန်းက ငါတို့ဘာမှမမြင်လိုက်ရပေမယ့် အခုတော့ ငါတို့လည်း မြင်ဖို့အခွင့်အရေးရပြီ”

“….”

ထိုသတင်းက ပျံ့နှံ့သွားပြီး ဂိုဏ်းသားအများအပြားက လေ့ကျင့်ရေးကွင်းထဲသို့ ဝင်ကာ လုရီနောက် လိုက်လာကြသည်။

နေဝန်းဖြူတောင်ထိပ်တုန်းကသို့ပင် လေ့ကျင့်ရေးကွင်း၏ အလယ်ပိုင်း ပင်မနေရာ၌ အဓိကအားဖြင့် ပိုအားကြီးသည့် ဂိုဏ်းသားတွေက လေ့ကျင့်ကြတာကြောင့် အတွင်းပိုင်းသို့ လုရီ ဆက်ပြီးလျှောက်လာသည်။

သိပ်မကြာခင်တွင် ရင်းနှီးသည့် မျက်နှာတစ်ခုအား လုရီ မြင်လိုက်ရသည်။ ထိုမျက်နှာပိုင်ရှင်သည်ကတော့ နေဝန်းဖြူတောင်ထိပ် ၊ စင်မြင့်၌ သူနှင့် တိုက်ခိုက်ခဲ့သည့် ဝမ်ရှင်းချီပင် ။ လုရီက သူ့အား ဤနေရာ၌ တွေ့ရမည်ဟု မမျှော်လင့်ထားပေ ။

“ ဂိုဏ်းတူညီလေး လုရီ အပြင်မှာရုတ်ရုတ်သဲသဲ ဖြစ်နေတာကြားကတည်းက ညီလေး ရောက်လာပြီ ဆိုတာ အစ်ကို သိလိုက်တာ။ ညီလေး အခုလို လေ့ကျင့်ရေးကွင်းကို ရောက်လာလိမ့်မယ်လို့ အစ်ကို လုံးဝ မထင်ထားခဲ့ဘူး”

ဝမ်ရှင်းချီက အပြုံးတစ်ခုနှင့် ပြောသည်။

“ မင်္ဂလာပါ .... ဂိုဏ်းတူအစ်ကို ဝမ်ရှင်းချီ ။ ကျွန်တော်က သည်ရက်ပိုင်းမှာ ဥာဏ်အလင်းတချို့ ပွင့်သွားလို့ သိုင်းပညာ ဖလှယ်မယ်ဆိုပြီး သည်ကို ရောက်လာတာပါဗျ "

လုရီက ဝမ်ရှင်းချီအား အားရပါးရ ပြန်ပြုံးပြလိုက်၏ ။

သူက ပြိုင်ဘက်အား ရှာတွေ့သွားပြီ မဟုတ်ပါလား ။ ဤကိစ္စက စိတ်ကျေနပ်စရာပင် ။

ထို့နောက် သူက ရွှင်မြူးစွာဖြင့် စိတ်ထဲမှ ပြောလိုက်သည်။

“ ငါ ဝမ်ရှင်းချီကို အနိုင်ယူချင်တယ် “

ဂိမ်းမျက်နှာပြင်က ထူးထူးခြားခြား တုံ့ပြန်မှု တစ်စုံတစ်ရာ မရှိပေ ။

ဟမ် ဘာလို့တာဝန်မပေးတာလဲဟ ။

လုရီက အနည်းငယ် ဝေခွဲမရ ဖြစ်သွား၏ ။

သူအရင်က ပြီးပြည့်စုံခြင်း အဆင့် ချီသိပ်သည်းခြင်း ဆေးလုံးအား ဤနည်းဖြင့် ရခဲ့သည်မှာ သေချာပေသည် ။ယခု အဘယ်ကြောင့် တာဝန််က ပေါ်လာခြင်း မရှိသည်နည်း ။

သိပ်မကြာခင်တွင်ပင် လုရီက တစ်စုံတစ်ခုကို တွေးမိသွားကာ မျက်နှာကလည်း ထူးဆန်းသွားသည်။

ဖြစ်နိုင်သည်က သူ၏ အစွမ်းတို့ ခပ်မြန်မြန် တိုးတက်လာခြင်းကြောင့်ပေလော ။

ယခု လုရီ၏ တိမ်ဖြူဓားသိုင်း နှင့် တိမ်ဖြူ ချီသန့်စင်ခြင်း ပညာရပ် နှစ်ခုလုံးက အဆင့်၇သို့ ရောက်နေပြီ ဖြစ်၏ ။ ထို့အတွက် သူ၏ ခွန်အားက လွန်ခဲ့တဲ့နှစ်ရက်ကနှင့် တစ်ကမ္ဘာလောက်ပင် ခြားသွားပြီ ဖြစ်သည် ။

ရွှေလက်ချောင်းက သူ နှင့် ဝမ်ရှင်းချီတို့ကြားရှိ ကွာဟချက်​က ကြီးမားလွန်းသည့်အတွက် တာဝန်အဖြစ် သတ်မှတ်ပေးခြင်း မရှိတော့တာ ဖြစ်ပေမည် ။ တွေးကြည့်လျှင် ဤ​အချက်သည်သာ ကျိုးကြောင်း ဆီလျော်မှုရှိသည့် တစ်ခုတည်းသော အချက် ဖြစ်၏ ။

လုရီက ခေါင်းကုတ်လိုက်မိ၏ ။ ဤအတိုင်းဆိုလျှင် ဆုရရှိရန်အတွက် သူ့အနေဖြင့် အနည်းဆုံး ချီကျင့်ကြံခြင်း အဆင့်၉မှ လူတို့အား စိမ်ခေါ်ရမည့်ပုံပင် ။

ကံကောင်းသည်က ချီကျင့်ကြံခြင်း အဆင့်၉မှ ကျင့်ကြံသူတို့သည် သူ့အတွက် ပြသနာ မဟုတ်ပေ ။

ဝမ်ရှင်းချီက လုရီတစ်ယောက် မည်သည်ကို စဉ်းစားနေမှန်း မသိပေ ။သို့သော်လည်း လုရီစကားကို ကြားလျှင် သူ၏မျက်လုံးတို့က အရောင် တဖျတ်ဖျတ် လက်သွား၏ ။

“ ပညာဖလှယ်ဖို့ ဟုတ်လား။ ဒါဖြင့် အစ်ကိုတို့ တိုက်ခိုက်ပြီး သိုင်းပညာဖလှယ်ကြမလား ။ အစ်ကိုလည်း အခုတလော ဥာဏ်အလင်းနည်းနည်း ပွင့်ထားတာ”

ဝမ်ရှင်းချီ၏ စကားကြောင့် လုရီက ကြံရာမရ ဖြစ်သွား၏ ။

ဆုလာဘ်တို့ မရလျှင် သူ့အနေဖြင့် အဘယ်ကြောင့် တိုက်ခိုက်ရမည်နည်း ။

ထို့အပြင် ဂိုဏ်းအစ်ကို ဝမ်ရှင်းချီက သူ့အတွက် အတော်လေး အားနည်းလွန်းလှသည် ။

အကယ်၍ တိုက်ခိုက်ဖြစ်လျှင်ပင် သူက ဂိုဏ်းတူအစ်ကို၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးသည့် အနေဖြင့် အချိန်ဆွဲ တိုက်ခိုက်ပေးရ ပေဦးမည် ။ ထိုကိစ္စသည်က အချိန် ပုပ်လွန်း၏ ။

လုရီက အသာအယာ ပြုံး၍ သူ၏ ချီကျင့်ကြံခြင်း အဆင့်၇ အရှိန်အဝါအား ထုတ်ဖော်လိုက်လေသည် ။

“ ချီကျင့်ကြံခြင်း အဆင့်၇ပါလား”

ဝမ်ရှင်းချီ၏ မျက်လုံးတို့က ပြူးကျယ်သွား၏ ။

ထို့နောက်တွင်တော့ အားကျသည့် အကြည့်နှင့် ကြည့်ရင်း

“ဂိုဏ်းတူညီလေး အခုလို အဆင့် ဖြတ်ကျော်သွားနိုင်လိမ့်မယ်လို့ အစ်ကို မထင်ထားဘူး။ ဟုတ်သား .... ဂိုဏ်းတူအစ်မလျူက ညီလေးကို ထိပ်တန်း အဆင့် ချီသိပ်ခြင်းဆေးလုံး တစ်လုံး ပေးခဲ့တာပဲ ”

စကားပြောနေရင်းနှင့် ဝမ်ရှင်းချီကသက်ပြင်းချကာ ခေါင်းခါလိုက်သည်။

“ ညီလေး.... မင်းအဆင့်၆ မှာရှိခဲ့တုန်းကတောင် ငါမနိုင်နိုင်ခဲ့တာ အခုဆိုရင်တော့…”

သူက လုရီနှင့် သိုင်းပညာ ဖလှယ်ရန် လက်လျော့သွားမှန်း အသိသာကြီးပင် ။

တိုက်ခိုက်ဖို့ ဝမ်ရှင်းချီ လက်လျော့လိုက်တာက လုရီ စိတ်ကိုသက်သာရာ ရသွားစေသည်။

ဝမ်ရှင်းချီက ဆက်ပြောပြန်၏ ။

“ ညီလေးရဲ့ အခုလက်ရှိစွမ်းအားနဲ့ဆို ချီကျင့်ကြံခြင်း အဆင့်၉က ဂိုဏ်းတူအစ်ကိုကြီးတွေနဲ့မှ အဆင်ပြေလိမ့်မယ်။ တိုက်ဆိုင်တာက ချီကျင့်ကြံကြံခြင်း အဆင့်၉ ရောက်နေတဲ့ အစ်ကို့ရဲ့ သူငယ်ချင်းနှစ်ယောက် အခုအထဲမှာရှိနေတယ် ။ညီလေး အစ်ကိုနဲ့ လိုက်ခဲ့ချင်လား”

လုရီ၏ မျက်လုံးတို့က အရောင် တောက်သွား၏ ။ ပြိုင်ဘက်အား သူကိုယ်တိုင်ပင် ရှာရန် မလိုအပ်တော့သည်လော ။

သူခေါင်းငြိမ့်လိုက်ရင်း

“ ဒါဖြင့်ရင်လည်း ဂိုဏ်းတူအစ်ကိုကိုပဲ ဒုက္ခပေးပါတော့မယ် ”

“ ဟားဟားဟား.... မင်းကယဉ်ကျေးလွန်းနေတာပဲ ညီလေးရ ။ အစ်ကို့ သူငယ်ချင်းနှစ်ယောက်ကလည်း မင်းကို အတော်လေး အထင်ကြီးပြီး တွေ့ခွင့်ရဖို့စောင့်နေကြတာကွ "

ဝမ်ရှင်းချီ ကပြောလိုက်သည်။

လုရီ ခေါင်းငြိမ့်ရင်း အတွင်းပိုင်းဆီ အတူတူလမ်းလျှောက်ရင်း ဝင်သွားလိုက်သည်။

မကြာခင်၌ပင် ခြေချိတ်ထိုင်ကာ ဆွေးနွေးနေသည့် လူငယ်နှစ်ယောက် ရှိနေသည့် စင်တစ်ခုစီသို့ ဝမ်ရှင်းချီက ဦးဆောင် ခေါ်လာခဲ့သည်။ နှစ်ယောက်လုံး၏ နောက်တွင်က ဓားရှည်တို့ ရှိနေတာ ဖြစ်သည့်အတွက် ထိုသူနှစ်ယောက်သည် ဓားသိုင်းကျင့်ကြံရေးသမားတွေမှန်း သိသာလွန်းလှ၏ ။

လုရီ သူတို့နှစ်ယောက်၏ မျက်နှာအား ကြည့်လိုက်သော်လည်း ရင်းနှီး ကျွမ်းဝင်နေခြင်း မရှိချေ။

ထိုစဥ်က စင်မြင့်ထက်တွင် လူပေါင်းတစ်ထောင်မျှ ရှိနေတာ ဖြစ်သည့်အတွက် လုရီအနေနှင့် ၎င်းတို့ကို မမှတ်မိသည်ကလည်း အဆန်း မဟုတ်ပေ ။

လုရီကိုခေါ်လာသည့် ဝမ်ရှင်းချီအား သတိပြုမိသွားပုံရသည့်နောက် ထိုလူငယ်နှစ်ယောက်က အနောက်သို့ လှည့်ကြည့်လာကြသည်။

လုရီကိုမြင်တော့ သူတို့၏ မျက်နှာအမူအရာတို့ ပြောင်းသွားကြပြီး မတ်တပ်ထရပ်ကြ၏ ။

ဘယ်ဘက်၌ရှိသည့် ခပ်ချောချော လူငယ်ဆိုလျှင် လုရီအား စ၍ပင် နှုတ်ဆက်လာ၏

“ ဂိုဏ်းတူညီလေးလုလည်း လာတာလား”

ဟက်ဟက်ပက်ပက် ပိုရှိသည့် ညာဘက်မှ လူငယ်ကတော့ အားရပါးရ ပြုံးရင်းဖြင့်

“ ဒီနေ့ကောင်းတာ တစ်ခုခုဖြစ်တော့မယ်လို့ ခံစားနေရတာ ။ လက်စသတ်တော့ ညီလေးလုနဲ့ တွေ့ခွင့်ရတာ ဖြစ်နေတာကိုး ”

“ မင်္ဂလာပါ ဂိုဏ်းတူအစ်ကိုတို့ "

လုရီကလည်း ပြုံး၍ ပြန်နုတ်ဆက်လိုက်၏ ။

“ ဒီအစ်ကိုက လုလင်း ။ ဒီဘက်ကအစ်ကိုကတော့ ဝမ်ဝူလျန်တဲ့ ။ အစ်ကိုနှစ်ယောက်လုံးက ချီကျင့်ကြံခြင်း အဆင့်၉ ရှိပြီး အပြင်စည်းဂိုဏ်းရဲ့ ထိပ်တန်းအယောက်၁၀၀ ထဲမှာပါတယ် ညီလေးရ "

ထို့နောက်တွင် ဝမ်ရှင်းချီက ခပ်ချောချော လူငယ်အား ကြည့်၍ ပြောလိုက်၏။

“အစ်ကိုလု..... သည်ဂိုဏ်းတူညီလေးလုက အခုပဲ ချီကျင့်ကြံခြင်း အဆင့်၇ကို ဖြတ်ကျော်ပြီးတာမလို့ ပညာဖလှယ်ဖို့အတွက် လူရှာနေတာ။ အဲဒါ အစ်ကိုတို့ စိတ်ဝင်စားကြလား မသိဘူး "

“ ချီကျင့်ကြံခြင်း အဆင့်၇လား?!”

လုလင်းဟု အမည်ရသည့် ခပ်ချောချော လူငယ်က မျက်လုံးအပြူးသားဖြင့် လုရီအား ကြည့်ကာ တအ့ံတဩ ပြောလိုက်၏ ။

တစ်ခုခုကို စဉ်းစားမိပုံရသည့် ဝမ်ဝူလျန် ကတော့ အားကျသည့် အကြည့်တို့ဖြင့် ကြည့်ရင်း

“ဂိုဏ်းတူအစ်မလျူ ညီလေးကို ပေးခဲ့တဲ့ ဆေးလုံးက တော်တော်အသုံးဝင်တဲ့ပုံပဲ”

လုရီ ပြုံးစိစိလုပ်လိုက်ရင်း

“ ဂိုဏ်းတူအစ်မလျူက ကြင်နာတတ်လွန်းပါတယ်”

တစ်ဆက်တည်းတွင်ပင် သူက စိတ်ထဲမှ တိတ်တိတ်လေး ပြောလိုက်သည်။

“ ငါ လုလင်းကို နိုင်အောင်တိုက်ခိုက်မယ် "

[ တာဝန် ]

လုလင်းအား အနိုင်ယူပါ။ (လုပ်ဆောင်ချက် ၀/၁၀)

ဆုလာဘ် :: ထိပ်တန်းအဆင့် ချီသိပ်သည်းခြင်း ဆေးလုံး ၁၀လုံး/ ပြီးပြည့်စုံခြင်းအဆင့် ချီသိပ်သည်းခြင်း ဆေး လုံး ၁လုံး။

လက်ခံခြင်း :: လက်ခံမည်/ လက်မခံပါ။

လုရီ “…”

သူ၏ ခံစားချက်တို့က ရှုပ်ထွေးသွားသည်။ တစ်ဖက်၌ တာဝန်ရ၍ ပျော်နေသော်လည်း အခြား တစ်ဖက်တွင်တော့ လုလင်းကဲ့သို့ ချီကျင့်ကြံခြင်း အဆင့်၉ ရှိသည့် ကျင့်ကြံရေးသမားတစ်ယောက်နှင့် တိုက်ခိုက်ရသည်ကပင် ပြီးပြည့်စုံခြင်း အဆင့် ဆေးလုံး တစ်လုံးသာ ရသည်လော ။

တကယ်ပင် အားရစရာ မကောင်းလှပေ ။

စာစဥ်၁ အပိုင်း ၁၅

ဂိုဏ်းတူညီလေးက တကယ့် လူကောင်း

" စိတ်မရှိရင် အစ်ကိုတို့ နှစ်ယောက် အနေနဲ့ ကျွန်တော်နဲ့ သိုင်းပညာဖလှယ်ဖို့ အဆင်ပြေမလားဗျ "

လုရီက သူ၏ စိတ်ခံစားမှုတို့ကို ထိန်းချုပ်၍ မေးလိုက်သည် ။

လုလင်း နှင့် ဝမ်ဝူလျန်တို့က အချင်းချင်း ကြည့်မိလိုက်ကြ၏ ။ သူတို့နှစ်ယောက်လုံး၏ မျက်လုံးထဲတွင်တော့ စိတ်အားထက်သန်မှုက အထင်းသားပင် ။

လုလင်းက ရယ်လိုက်၏ ။

" အဆင်ပြေတာပေါ့ ။ နေဝန်းဖြူ တောင်ထိပ်မှာတုန်းက ညီလေးရဲ့ တိမ်ဖြူဓားသိုင်းကို မြင်ပြီး အတော်လေး စိတ်ဝင်စားနေခဲ့တာ ။ အစ်ကိုက ညီလေးဆီကနေ တစ်ခု၊နှစ်ခု သင်ယူနိုင်ဖို့ မျှော်လင့်နေတာ ကြာပါပြီ "

ဝမ်ဝူလျန်ကလည်း မငြင်းပေ ။

" အစ်ကိုကောပဲကွ ... သည်နေ့တော့ အစ်ကို့ဆန္ဒတွေ ပြည့်ဝပြီပေါ့"

လုရီက မေးလိုက်၏ ။

" သည်လိုဆိုရင် ဂိုဏ်းတူအစ်ကိုတို့နှစ်ယောက်က အလှည့်ကို ဘယ်လို သတ်မှတ်မှာလဲဗျ "

" အစ်ကိုအရင် စမ်းကြည့်မယ်"

ဝမ်ဝူလျန်က မဆိုင်းမတွ ဖြေလာလေသည်။

လုလင်းက အသာအယာ ခေါင်းတစ်ချက် ညိတ်လိုက်၏ ။ သူက ဝမ်ဝူလျန်၏ အကြံအား ကန့်ကွက်မည့်ပုံ မပြပေ ။

လုရီက စိတ်ထဲမှနေ၍ ဝမ်ဝူလျန်အား အနိုင်ယူရမည့် တာဝန်အား သတ်မှတ်လိုက်လျှင် ဆုလာဘ်က လုလင်းနှင့် ထပ်တူညီစွာ ထွက်ပေါ်လာ၏ ။

ထို့နောက်တွင်တော့ သူတို့နှစ်ယောက်သည် သိုင်းစင်မြင့်ပေါ်သို့ ပြိုင်တူ တက်လိုက်ကြ၏ ။အနီးအနားရှိ ဂိုဏ်းသားထောင်ချီကလည်း သူတို့နှစ်ယောက်အား ကြည့်၍ တီးတိုး ဝေဖန် သုံးသပ် နေကြလေသည် ။

" ဂိုဏ်းတူအစ်ကို လုရီက ချီကျင့်ကြံခြင်း အဆင့်၇ကိုတောင် ရောက်သွားပြီ"

“ ဂိုဏ်းတူအစ်မ လျူနင်းရွှမ်က သူ့ကို ထိပ်တန်းအဆင့် ချီသန့်စင်ခြင်း ဆေးလုံးတောင် ပေးခဲ့တာလေ ။ သူ့ရဲ့ ပါရမီနဲ့ဆို အဆင့်တက်သွားတာက ပုံမှန်ပဲ "

" ကျွန်တော်ကတော့ ဂိုဏ်းတူအစ်ကို လုရီရဲ့ ပါရမီကို မနာလိုစိတ် မရှိဘူး ။ ဒါပေမဲ့ ဂိုဏ်းတူအစ်မလျူရဲ့ အာရုံကို ဖမ်းစားနိုင်တာကိုတော့ အတော်လေး မနာလို ဖြစ်မိတယ် ။ တကယ်လို့ ဂိုဏ်းတူအစ်မလျူသာ ကျွန်တော့်ကို တစ်ချက် ကည့်လိုက်ရင်တော့ဗျာ "

" အိပ်နေလိုက် .... ဆက်ပြီးအိပ်နေလိုက် ညီလေး ။ အိပ်မက်ထဲမှာဆို အရာအားလုံးက ဖြစ်နိုင်တယ်"

“စကားမစပ် သည်နှစ်ယောက်မှာ ဘယ်သူ ပိုအစွမ်းထက်တယ်လို့ မြင်လဲ ။ ဂိုဏ်းတူအစ်ကိုလုရီလား ဒါမှမဟုတ် ဂိုဏ်းတူအစ်ကို ဝမ်ဝူလျန်လား "

" မေးနေစရာ လိုသေးလို့လား ။ သေချာပေါက် ဂိုဏ်းတူအစ်ကို လုရီပေါ့ ။ မူလဘူတသို့ပြန်ခြင်း အဆင့် တိမ်ဖြူဓားသိုင်းက ပြိုင်ဘက်ကင်းတယ်ကွ "

“ ဒါပေမဲ့ ငါ့အထင် ဂိုဏ်းတူအစ်ကိုဝမ်ကလည်း အားမနည်းဘူး ။ သူက ချီကျင့်ကြံခြင်း အဆင့်၉ကိုတောင် ရောက်နေပြီ ။ ​သူက အဆင့်၁၀ကို ရောက်ဖို့တောင် ခြေတစ်လှမ်းပဲ လိုတော့တာလို့လည်း ငါကြားတယ် ။ ဒါကြောင့် သေချာတာက သူ့ရဲ့ အစွမ်းကလည်း မခေဘူး"

" ကြည့်ကြတာပေါ့ကွာ"

“…”

သူတို့ ဝေဖန် သုံးသပ်နေစဥ်၌ ဝမ်ရှင်းချီ နှင့် လုလင်းတို့ကလည်း သူတို့အမြင်ကို ဖလှယ်နေကြ၏ ။

ဝမ်ရှင်းချီက သိချင်စိတ် ပြင်းပြစွာဖြင့် မေးသည်။

" အစ်ကိုလု .... ဘယ်သူနိုင်မယ်လို့ အစ်ကို မြင်လဲ"

လုလင်းက ခေါင်းခါလိုက်ပြီး

" မသိသေးဘူး ။ယုတ္ထိကျကျ ပြောရင် ငါက ညီအစ်ကိုဝမ် နိုင်မယ်လို့ ထင်တာပဲ ။ ဒါပေမဲ့ မူလဘူတသို့ပြန်ခြင်း အဆင့် တိမ်ဖြူဓားသိုင်းကလည်း လျော့တွက်လို့ မရဘူး ။ ညီလေးလုမှာလည်း အခွင့်အရေးတော့ ရှိပါတယ် "

ဝမ်ရှင်းချီက လေးစားအားကျသည့်ဟန်ဖြင့် သိုင်းစင်မြင့်ထက်ရှိ လုရီအား ကြည့်လိုက်လေသည် ။

" သည်တော့ ဂိုဏ်းတူညီလေးလုမှာက အပြင်စည်းဂိုဏ်းရဲ့ ထိပ်ဆုံး၁၀၀ထဲ ဝင်နိုင်တဲ့ အစွမ်းမျိုး ရှိနေတာပေါ့ ။ ဒါတောင်မှ သူ့ရဲ့ ချီကျင့်ကြံခြင်းက အဆင့်၇ပဲ ရှိသေးတာ တကယ်လို့များ....."

ဝမ်ရှင်းချီက စကားကို ဆုံးအောင်ပင် မပြောနိုင်တော့ပေ ။

လုလင်းက ဝမ်ရှင်းချီအား တစ်ချက် ကြည့်လိုက်၏ ။

" မူလဘူသု့ိ့ပြန်ခြင်း အဆင့်ရောက်အောင် ကျင့်ထားတဲ့ ဓားသိုင်း ပါရမီရှင်ကို သာမန် ချီကျင့်ကြံခြင်း အဆင့်၇က လူနဲ့ ယှဥ်လို့ရမလားကွ ။ ဒါတောင် ဂိုဏ်းတူညီလေးလုရဲ့ ကျင့်ကြံခြင်းက အတော်လေး နိမ့်နေလို့ ။ တကယ်လို့ သူ့ရဲ့ ချီကျင့်ကြံခြင်းသာ အဆင့်၈ ရောက်သွားရင် အပြင်စည်းဂိုဏ်းက ထိပ်တန်းဂိုဏ်းသားတွေနဲ့တောင် ယှဥ်လို့ ရလောက်တယ် "

" ဟူး...."

ဝမ်ရှင်းချီက သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်၏ ။သူက ရုတ်တရက် အသက်ပင် ရှူမဝတော့သလိုပင် ။

သိုင်းစင်မြင့်ထက်တွင်တော့ လုရီ နှင့် ဝမ်ဝူလျန်တို့က မျက်နှာချင်းဆိုင် ရပ်နေကြပြီ ဖြစ်သည် ။

ဝမ်ဝူလျန်က သူ၏ ဓားရှည်အား ဆွဲထုတ်လျက် ပြုံးလိုက်၏ ။

" ညီလေးလု......အစ်ကိုလေ့ကျင့်ထားတဲ့ ဓားသိုင်းက လေပြင်းဓားသိုင်းလို့ ခေါ်တယ် ။ ပြီးတော့ အစ်ကိုက သည်ဓားသိုင်းကို မဟာ အောင်မြင်မှု အဆင့်အထိ ကျင့်ထားပြီးပြီ ။ သည်တော့ ညီလေးအနေနဲ့ ပညာ မလျှိုထားဖို့ အစ်ကိုမျှော်လင့်တယ် ။ ဒါမှလည်း အစ်ကိုက ပြောင်းလဲခြင်း အဆင့်ကို ရောက်ဖို့ အခွင့်အလမ်းကို ရှာနိုင်မှာ "

လုရီကလည်း သူ၏ ဓားကို ညင်သာစွာ ဆွဲထုတ်လျက် ပြန်ဖြေသည် ။

" စိတ်မပူပါနဲ့ အစ်ကိုဝမ် ။ ကျွန်တော်က အဲလိုလူမျိုး မဟုတ်ပါဘူး ။ ကျွန်တော် ပညာကုန် ထုတ်သုံးပါ့မယ်"

ဟမ့်..... ငါက တိမ်ဖြူဓားသိုင်း အဆင့်၇ကို ထုတ်သုံးလို့တော့ မဖြစ်ဘူး ။ မဟုတ်ရင် တစ်ကွက်တည်းနဲ့ ပွဲပြီးသွားလိမ့်မယ် ။

အိုး... ငါ့ရဲ့ တိမ်ဖြူခြေလှမ်းလည်း မနေ့က အဆင့်၇ကို ရောက်သွားပြီးပြီ။ သည်တော့ တိမ်ဖြူခြေလှမ်းကိုလည်း အဆင့်၆ပဲ သုံးရမယ် ။

လုရီက စိတ်ထဲမှ တွေးနေမိသည် ။

ဝမ်ဝူလျန်က လုရီ၏ အဖြေစကားကြောင့် အင်မတန် ကျေနပ်သွား၏ ။

ထို့နောက်တွင် သူက ဝိဉာဉ်စွမ်းအင်တို့အား လည်ပတ်လျက် လုရီထံသို့ တိုးဝင် သွားလေသည် ။ သူ၏ အမြန်နှုန်းက အင်မတန်မှ မြန်ဆန်သည့်အပြင် အစိမ်းရောင် ဝတ်ရုံစကလည်း တဖျတ်ဖျတ် လှုပ်ခါနေသည့်အတွက် မသိလျှင် အစိမ်းရောင် အရိပ်တစ်ခု ရွေ့လျားနေသည်ဟုပင် ထင်ရ၏ ။

ဝမ်ဝူလျန်က သူ၏ ​ကိုယ်ဖော့ပညာ ခြေလှမ်းသိုင်းအား သေချာစွာ ကျင့်ကြံထားသည်မှာ အသိသာကြီးပင် ။

အချက်အလက်ကျကျ ပြောရမည်ဆိုလျှင် အပြင်စည်းဂိုဏ်း၏ အဆင့်သတ်မှတ်ချက် အမြင့်ပိုင်းမှ ဂိုဏ်းသားတို့သည် အားနည်းသည့် အပိုင်းဟူ၍ မရှိလှပေ ။ ကျင့်ကြံခြင်းတွင် ဖြစ်စေ ၊ သိုင်းပညာပိုင်း၌ ဖြစ်စေ သူတို့က အတော်လေး ကျွမ်းကျင် ပိုင်နိုင်ကြ၏ ။ ထိုသို့မှ မဟုတ်လျှင် သူတို့က အပြင်စည်းဂိုဏ်း၏ အမြင့်ပိုင်းသို့ မည်သို့ ရောက်လာမည်နည်း ။

ဂိုဏ်းသားပေါင်း သောင်းနှင့်ချီသည့် အပြင်စည်းဂိုဏ်း၌ အဆင့် သတ်မှတ်ချက် ထိပ်ဆုံး၁၀၀ အတွင်းသို့ ဝင်ရောက်နိုင်သူများမှာ သာမန်လူများအဖို့မူ ပါရမီရှင်တို့ ဖြစ်လေသည် ။

ဟုတ်၏ ။ ဝမ်ဝူလျန်၏ အမြန်နှုန်းက အတော်လေး အထင်ကြီးစရာ ဖြစ်သော်လည်း လုရီအတွက်မူ သိပ်ပြီး အထင်ကြီးစရာ မရှိလှပေ ။

" လာစမ်း"

လုရီက တည်ငြိမ်စွာဖြင့် သူ၏ ဓားရှည်အား လှုပ်ခါစေလိုက်၏ ။ ထို့နောက်တွင် ဓားချီတို့က တိမ်တိုက်ကဲ့သို့ အဖြူရောင် အခိုးအငွေ့တို့အဖြစ် ပြောင်းလဲ သွားကာ ဝမ်ဝူလျန်အား ကြိုဆိုလိုက်လေသည် ။

ထန် ... ထန်.... ထန် ....

သူတို့နှစ်ဦး ထိပ်တိုက် တွေ့ဆုံမိကြလျှင် သတ္တုအချင်းချင်း ပွတ်တိုက်မိသံက အဆက်မပြတ် ထွက်ပေါ်လာ၏ ။ ဝိညာဥ်စွမ်းအင်တို့ကလည်း ဖောက်ထွင်းမြင်နိုင်သည့် စွမ်းအင်လှိုင်းတို့အဖြစ် ပြောင်းလဲသွားကာ ပတ်ဝန်းကျင် တစ်ခုလုံးအား လွှွှမ်းခြုံ သွားလေသည် ။

ဂိုဏ်းတပည့် အများစုက ထိုအဖြစ်အပျက်အား ဂရု မထားကြချေ ။ သူတို့က မျက်လုံးကိုသာ အစွမ်းကုန် ပြူးလျက် တိုက်ပွဲအား ကြည့်နေလေ၏ ။

သူတို့က မူလဘူတသို့ပြန်ခြင်း အဆင့် ဓားသိုင်းမှ ဥာဏ်အလင်း တချို့ ရရှိရန် မျှော်လင့်ထားကြသည် မဟုတ်ပါလော ။

စင်မြင့်ထက်တွင်တော့ လုရီ နှင့် ဝမ်ဝူလျန်တို့၏ ခန္ဓာကိုယ်တို့က လျင်မြန်စွာဖြင့် တစ်နေရာမှ တစ်နေရာသို့ ကူးပြောင်းနေလေ၏ ။ သူတို့၏ ရွေ့လျားမှုတို့က သာန်လူတို့၏ အမြင်တွင် လျင်မြန်လွန်းလှသဖြင့် မသိလျင် တစ္ဆေနှစ်ကောင် သွားလာနေသကဲ့သို့ပင် ။ ထို့အတွက် ချီကျင့်ကြံခြင်း အနိမ့်ပိုင်းမှ ဂိုဏ်းတပည့်တို့သည် သူတို့၏ တိုက်ပွဲအား လိုက်မီရန် မနည်း ကြည့်ရှုနေရလေသည် ။

အသက် တစ်ကြိမ် ရှူလိုက်တိုင်း၌ ​ ဓားချင်း ထိခတ်သံ မြောက်များစွာအား ကြားနေရပြီးလျှင် ဓားရောင် တစ်ချက် လက်တိုင်း၌ ထွက်ပေါ်လာသည့် စွမ်းအင်လှိုင်းတို့ကြောင့် တိုက်ပွဲက တစ်စထက်တစ်စ ပိုပို၍ ပြင်းထန်လာ၏ ။

ဝမ်ဝူလျန်၏ အမူအယာတို့က လေးနက် တည်ကြည်လာသည် ။ သူက ဤတိုက်ပွဲ၌ အစွမ်းကုန် အားထုတ်ထားမှန်း အသိသာကြီးပင် ။

အခြားတစ်ဖက်၌တော့ လုရီသည် မည်သည့် အမူအယာကိုမျှ မပြပေ ။ အပြင်စည်းဂိုဏ်း၏ လက်ရွေးစင် တစ်ဦးဖြစ်သော ဝမ်ဝူလျန်၏ ခွန်အားသည် ဝမ်ရှင်းချီ၏ ခွန်အားထက် အဆပေါင်းများစွာ အားကောင်းသည်ဟူသည့် အချက်ကိုတော့ သူ့အနေဖြင့် မလွဲမသွေ ဝန်ခံရပေမည် ။ သူ၏ ကျင့်ကြံခြင်း နှင့် သိုင်းပညာရပ်တို့သာလျှင် သာလွန်သည် မဟုတ် ။ ဝမ်ဝူလျန်၏ တိုက်ခိုက်ရေး အတွေ့အကြုံကလည်း ဝမ်ရှင်းချီထက် အပုံကြီး သာ၏ ။

တိုက်ခိုက်ရေး အတွေ့အကြုံပိုင်းတွင်တော့ လုရီကိုယ်၌ကလည်း ဝမ်ဝူလျန်အား မယှဥ်နိုင်ပေ ။ သို့သော်လည်း ဘက်ပေါင်းစုံမှ ခြုံငုံလိုက်လျှင်မှု ဝမ်ဝူလျန်၏ ခွန်အားထက် သာနေသေး၏ ။ထို့အတွက် သူက အစွမ်းကုန် မတိုက်ခိုက်လျှင်ပင် တိုက်ပွဲ၏ အရှိန်အား ထိန်းချုပ်ထားနိုင်လေသည် ။

စစ်မှန်သည့် အကြွင်းမဲ့ ခွန်အား အောက်၌ အလှပြ သိုင်းကွက်တို့သည် စက္ကူကျားသာသာပင် ။

အကယ်၍ လုရီသာ အလိုရှိသည်ဆိုလျှင် တိမ်ဖြူဓားသိုင်း အဆင့်၆ နှင့်ပင် တိုက်ပွဲအား သိုင်းကွက် အနည်းငယ်အတွင်း အဆုံးသတ်နိုင်၏ ။ သို့သော်လည်း လုရီ၏ အန္တိမ ရည်ရွယ်ချက်က ဆုလာဘ်တို့အား ဆက်တိုက် ရယူရန် ဖြစ်သည့်အတွက် သူက ထိုသို့ မလုပ်နိုင်ပေ ။

စဥ်းစားကြည့်မည်ဆိုလျှင် ဂိုဏ်းတူအစ်ကိုဝမ်က ဆုလာဘ်တို့ ပေးနိုင်သည့် အဖော်မွန်ကောင်း တစ်ယောက် မဟုတ်ပါလော ။ထို့အတွက် သူက မူလဘူတသို့ပြန်ခြင်း တိမ်ဖြူဓားသိုင်းအား ပျော်ပျော်ကြီး ဓားရေးပြ၍ ဂိုဏ်းတူအစ်ကိုဝမိတစ်ယောက် ဂုဏ်သိက္ခာ မထိခိုက်စေရန် လုပ်ပေးဖို့ လိုအပ်လေသည် ။သို့မှသာ ဂိုဏ်းတူအစ်ကိုဝမ်ကလည်း နောင်၌ သူနှင့် ပညာဖလှယ်ရန် စိတ်ဝင်စားမည် ဖြစ်၏ ။

' ငါက တော်တော် သူများအတွက် တွေးပေးတတ်ပါလား "

လုရီက စိတ်ထဲမှ တွေးလိုက်မိ၏ ။

ဤသို့ဖြင့် သိုင်းကွက်ပေါင်း ရာချီ ရှိလာပြီ ဖြစ်၏ ။ တစ်ကြိ်မ်တွင်တော့ လုရီ၏ဓားက တိမ်ဖြူဓားချီအတိုင်း အလို်က်သင့် စီးမျော၍ ဝမ်ဝူလျန်၏ ဟာကွက်ထဲသို့ တိုးဝင် သွားလေသည် ။

ထို့နောက်တွင်တော့ လုရီ၏ဓားက ဝမ်ဝူလျန်၏ လည်ပင်းထက် ရပ်နားသွား၏ ။

ဝမ်ဝူလျန်က သူ၏ လည်ပင်းထက်မှ ဓားအား ကြည့်လျက် ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ဖြစ်သွားလေ၏ ။ အတန်ကြာမှ သက်ပြင်းချပြီးလျှင် အရှုံးပေးလိုက်လေသည် ။

" အစ်ကို ရှုံးသွားပြီ ။ ညီလေးလုကတော့ ညီလေးလုပါပဲ"

လုရီကလည်း အားနာသည့်ဟန်ဖြင့် ပြုံးလိုက်လေသည် ။

" ဂိုဏ်းတူအစ်ကိုရဲ့ ဓားသိုင်းကလည်း မခေပါဘူးဗျ ။ကျွန်တော်က ကံလေး နည်းနည်း ကောင်းသွားလို့သာ နိုင်သွားတာပါ"

" ဘယ်လိုပဲဖြစ်ဖြစ် နိုင်တာက နိုင်တာပါပဲကွာ ။ ဒါပေမဲ့ အစ်ကို သည်တိုက်ပွဲကနေပြီး အတွေးတချို့ ရသွားတယ် ။ဒါကြောင့် ပြန်ပြီး ဆင်ခြင် သုံးသပ်လိုက်ဦးမယ်"

ဝမ်ဝူလျန်က အလောတကြီးဖြင့် ဆို၏ ။အချို့သော ဥာဏ်အလင်းတို့က အချိန်ကိုက် ဆင်ခြင်ရန် လိုအပ်ပေသည် ။ ထိုသို့မှ မဟုတ်လျှင် ကြယ်ကြွေသကဲ့သို့ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ် သွားပေလိမ့်မည် ။

လုရီကလည်း ဝမ်ဝူလျန်အား မတားပေ ။

" ဂိုဏ်းတူ အစ်ကို... ဒါမျိုး ဆိုတာက အမြန်လုပ်မှ တော်ကာကျတာနော် ။ အစ်ကို အခု အမြန်ပြန်ပြီး ဆင်ခြင်သုံးသပ်လိုက် ပါလား ။ ပြီးမှ ကျွန်တော်တို့ နောက်တစ်ကြိမ် လက်ရည်စမ်းကြတာပေါ့ "

ပြောနေရင်းနှင့် လုရီက ဆုလာဘ်ဖြစ်သော ပြီးပြည့်စုံခြင်း အဆင့် ချီသိပ်သည်းခြင်း ဆေးလုံးအား ရယူလိုက်၏ ။

" တကယ်လား ညီလေး "

ဝမ်ဝူလျန်၏ မျက်နှာ၌ ဝမ်းသာမှုတို့က အထင်းသားပင် ။

လုရီက ခေါင်းညိတ်လိုက်၏ ။

" ဒါပေါ့ အစ်ကိုဝမ်ရ ။ အစ်ကို ဥာဏ်အလင်းပွင့်တာ ပြီးရင် ကျွန်တော်တို့ လက်ရည်ပြန်စမ်းလို့ ရသေးတာပဲလေ "

ဝမ်ဝူလျန်က ခံစားရလွန်းသဖြင့် မျက်ရည်ပင် ကျလုမတတ် ဖြစ်သွား၏ ။

" ညီလေးလု .... ညီလေးက တကယ့် လူကောင်း တစ်ယောက်ပဲ ။ တကယ်လို့ နောက်ပိုင်းမှာ အကူအညီ တစ်ခုခုလိုရင် အစ်ကို့ဆီ တန်းလာခဲ့ကွာ ။ အစ်ကိုက လုံးဝ မတွန့်ဆုတ်ဘဲ ညီလေးကို ကူညီမယ် "

လုရီက နွေးထွေးစွာဖြင့် ပြုံးလိုက်၏ ။

" အစ်ကိုက ကြင်နာလွန်းနေပါပြီဗျာ ။ ဂိုဏ်းတူအစ်ကိုဝမ် မြန်မြန် သွားပြီး ဆင်ခြင် သုံးသပ်လိုက်ပါဗျ "

လုရီက လုလင်းအား အနိုင်ယူ၍ ဆုလာဘ် ထုတ်ယူရန် မစောင့်နိုင်တော့ပေ ။

All Chapters