အခန်း (၄-၆)
Vol. 1 Ch. 4-6
စာစဥ္ ၁ အပိုင်း ၄
ပြီးပြည့်စုံခြင်း အဆင့် ချီသိပ်သည်းခြင်း ဆေးလုံး
လုရီက သူ၏လမ်းကို ပိတ်ဆို့ထားသည့် အပြင်စည်း ဂိုဏ်းသားအား တစ်ချက် ကြည့်လိုက်၏ ။
ချီကျင့်ကြံခြင်း အဆင့်၈...
ဤအပြင်စည်း ဂိုဏ်းသားက အားနည်းသည့် ပုံတော့ မပေါ်ပေ ။
" ဂိုဏ်းတူအစ်ကို .... ကျွန်တော်က တောင်ထိပ်က စင်မြင့်ကို တစ်ချက် ကြည့်ချင်လို့ပါ ။ ကျေးဇူးပြုပြီး ကူညီပေးပါလား ခင်ဗျ "
" စင်မြင့်ကို .... ဟုတ်လား"
အရပ်မြင့်မြင့် ဂိုဏ်းသားက အံ့ဩသည့်ဟန်ဖြင့် ခေတ္တခဏ မှင်တက် သွားလေသည် ။
အခြားသော အပြင်စည်း ဂိုဏ်းသားတို့ကလည်း ထူးဆန်းသည့် အမူအယာတို့ ဖြစ်ကုန်၏ ။ ထို့နောက်တွင်တော့ ဆူညံ ပွက်လော ရိုက်ကုန်တော့သည် ။
“ ဟေး ဟေး ဟေး တကယ်ကြီးလားဟ ။ သည်ကောင်လေးက ရှေ့ဆုံးနဲ့ နီးနိုင်သလောက် နီးအောင် သွားဖို့ ကြိုးစားနေတယ်လို့ ငါထင်နေတာ ။ တကယ်တော့ သူက စင်မြင့်ပေါ်ကို သွားချင်နေတာပေါ့ "
" အဲသည်ကောင်က ရူးသွားတာလား ။ ချီကျင့်ကြံခြင်း အဆင့်၆လောက်နဲ့ တောင်ထိပ်က စင်မြင့်ပေါ်ကို တက်ချင်တာလား"
“ ညီလေး .... မင်းအစ်ကိုကြီးက ချစ်လို့ အကြံ တစ်ခု ပေးလိုက်မယ် ။ စင်နားက ရေတွေက နက်တယ်ကွ ။ အောက်ဘက်သာ ပြန်ဆင်းခဲ့စမ်းပါကွာ "
စိတ်ကောင်း ရှိပုံရသည့် ဂိုဏ်းသား တစ်ယောက်က လုရီအား ဖျောင်းဖျလေသည် ။
သို့သော် လုရိီက တခြားသူတို့၏ အမြင်ကို အနည်းငယ်မျှပင် ဂရုစို်က်ပုံ မရချေ ။
သူက အရှေ့မှ ပိတ်ရပ်ထားသည့် အရပ်မြင့်မြင့် ဂိုဏ်းသားကိုပင် ပြုံးလျက် လှမ်းမေးလိုက်သေး၏ ။
" သည်က ဂိုဏ်းတူအစ်ကိုကရော ဘယ်လိုထင်လဲ မသိဘူးဗျ"
ပိတ်ရပ်ထားသည့် ဂိုဏ်းသားက နှုတ်ခမ်းကို မဲ့၍ ပြန်ဖြေလေသည် ။
" ဘယ်လိုမှကို မထင်ဘူး"
စကားဆုံးသည့်နောက်တွင်တော့ သူက ဝိညာဥ်စွမ်းအင်တို့ကို ထုတ်ဖော်လိုက်နေပြီးလျှင် နောက်ကျမှ ဓားမကြီးကိုလည်း ဆွဲထုတ်လိုက်၏ ။
" ဘယ်လိုမှ မထင်ဘူး ဆိုတော့လည်း မထင်ဘူးပေါ့ဗျာ "
လုရီကလည်း ရယ်ရယ်မောမောနှင့် သူ၏ ဓားရှည်ကို ဆွဲထုတ်လိုက်လေသည် ။ သူ့ကို ကြည့်ရသည်က စိတ်လှုပ်ရှားနေခြင်း တစ်စိုးတစ်စိမျှ ရှိနေသည့်ပုံ မရချေ ။
ယင်းအခိုက်အတန့်၌ပင် ရဲတင်းသည့် အကြံ တစ်ခုက လုရီ ခေါင်းထဲ ပေါ်လာ၏ ။ထို့အတွက် သူက စမ်းသပ်သည့် အနေနှင့် သူ့ကိုယ်သူ စိတ်ထဲမှ တာဝန်တစ်ခု ပေးလိုက်လေသည်။
“ ငါ့ရှေ့က ပြိုင်ဘက်ကို အနိုင် ယူချင်တယ် "
ထို့နောက်တွင်တော့ သူ၏ ရှေ့မှ မြင်ကွင်းသည် ပြောင်းလဲသွားလေသည် ။
[ တာဝန် ]
ချီကျင့်ကြံခြင်း အဆင့်၈ရှိသည့် အပြင်စည်း ဂိုဏ်းသားတစ်ယောက်ကို အနိုင်ယူပါ။ [ လုပ်ဆောင်ချက် ၀/၁ ]
ဆုလာဘ် : : ထိပ်တန်းအဆင့် ချီသိပ်သည်းခြင်း ဆေးလုံး ၁၀လုံး ။ ပြီးပြည့်စုံခြင်း အဆင့် ချိီသိပ်သည်းခြင်း ဆေးလုံး ၁ လုံး ။
လက်ခံခြင်း : : လက်ခံမည် ၊ လက်မခံပါ။
တာဝန်အား မြင်လိုက်ရသည့် နောက်တွင်တော့ လုရီက ကမ္ဘာသစ် တစ်ခု၏ တံခါးပေါက်ကို ဖွင့်လိုက်မိသကဲ့သို့ ခံစားလိုက်ရသည်။ ရွှေလက်ချောင်းက ယခုကဲ့သို့လည်း အလုပ် ဖြစ်သည်လော ။
ဤအတို်င်းဆိုလျှင် နောက်ပိုင်း၌ သူ့အနေနှင့် အပြင်စည်း ဂိုဏ်သားတို့အား စိမ်ခေါ်ကာ ဆုလာဘ်တု့ိ ထုတ်ယူရန်သာ လိုတော့သည် မဟုတ်လော ။
ထို့အပြင် ဆုလာဘ်တို့ကလည်း အင်မတန် ကောင်းလွန်းနေပေ၏ ။
ထိပ်တန်းအဆင့် ချီသိပ်သည်းခြင်း ဆေးလုံးတို့သာမက ဘေးထွက်ဆိုးကျိုး လုံးလုံး မရှိသည့် ပြီးပြည့်စုံခြင်း အဆင့် ချီသိပ်သည်းခြင်း ဆေးလုံးပင် ပါနေသေးလေသည် ။
ပြီးပြည့်စုံခြင်း အဆင့် ဆေးဆိုသည်က အဆိပ်အတောက် ၊ ဘေးထွက်ဆိုးကျိုး လုံးလုံး မရှိသည့်အပြင် အခြေခံကို သိပ်သည်းစေ၏ ။ ထိုသက်ရောက်မှုက အပင်ပန်း ၊ အနာကျင်ခံ၍ ဝိညာဥ္စွမ်းအင် ကျင့်ကြံခြင်းနှင့် မခြားနားပေ ။
လုရီအနေဖြင့် တိမ်ဖြူဂိုဏ်း တစ်ဂိုဏ်းလုံးတွင်ေတာင်မှ ပြီးပြည့်စုံခြင်း အဆင့် ဆေးလုံး တစ်လုံး ရှိမည်လောဟု မသေချာပေ ။ သူသိသည်က အပြင်စည်း ဂိုဏ်းသား တစ်ဦး ဖြစ်သည့် သူ၏ တစ်လတာ ကျင့်ကြံခြင်း အရင်းအမြစ်သည်ပင် အလယ်အလတ် အဆင့် ချီသိပ်သည်းခြင်း ဆေးလုံး ဆယ်လုံးသာ ရှိသည်ဟူသည့် အချက်တည်း ။ ထိုဆေးလုံးတို့သည်က အဆင့်မြင့် ဆေးလုံး အဆင့်ပင် မဟုတ်ပေ ။
သို့သော် ယခု စနစ်က ထိပ်တန်းအဆင့် ချီသိပ်သည်းခြင်း ဆေးလုံး ၁၀လုံး နှင့် ပြီးပြည့်စုံခြင်း အဆင့် ချိီသိပ်သည်းခြင်း ဆေးလုံး ၁ လုံးကို ဆုလာဘ် အဖြစ် ပေးနေလေသည်လော ။
ချီကျင့်ကြံခြင်း အဆင့်၈ အပြင်စည်း ဂိုဏ်းသား တစ်ယောက်ကို အနိုင်ယူရုံမျှဖြင့် ဤမျှအထိ ဆုလာဘ်တို့ ပေးနေလျှင် သူအနေနှင့် နောက်ပိုင်းတွင် ရွှေလက်ချောင်းအား ခွက်ဆွဲသည့် အဖြစ်သို့ပင် တွန်းပို့နိုင်သည်ဟု လုရီ ခံစားလိုက်ရ၏ ။
ထို့နောက်တွင် ရှေ့မှ အရပ်မြင့်မြင့် ဂိုဏ်းသားအား ကြည့်နေသည့် လုရီ၏ အကြည့်တို့က ပြောင်းလဲ သွားလေသည် ။ သူ့အတွက်တော့ ထိုအရာသည်က အပြင်စည်း ဂိုဏ်းသားမဟုတ် ၊ ပြီးပြည့်စုံခြင်း အဆင့် ချီသိပ်သည်းခြင်း ဆေးလုံး ဖြစ်နေသည် မဟုတ်ပါလော ။
" ဟင် .... သည် ... သည်ကောင် "
လုရီ၏ အကြည့်ကိုမြင်လျှင် အရပ်မြင့်မြင့် အပြင်စည်း ဂိုဏ်းသားက တင်ပါးတို့ ရှုံ့ကာ ကြက်သီးဖြန်းဖြနး် ထလာလေသည် ။
သည်ဂိုဏ်းတူညီလေးက တမူထူးသည့် ကာမ အတွေ့အကြုံကို နှစ်ခြိုက်သညည့်ကောင်များ ဖြစ်နေသည်လော ။
သူက ထိုထက် ပို၍ ဆက်မတွေးရဲတော့ပေ ။ ထို့အတွက် သူက ဒေါသတကြီးဖြင့် ဟစ်အော်လိုက်လေသည် ။
" မင်းအခု နောက်ဆုတ်လိုက်စမ်း"
စကားဆုံးသည်နှင့် တစ်ပြိုင်နက် သူက ရှေ့သို့ တစ်လှမ်းတက်၍ ဓားဖြင့် ခုတ်လိုက်သေး၏ ။
" ဝေါင်း"
ဓားမကြီး၏ အလင်းရောင်အောက်၌ ကျားတစ်ကောင်၏ မာန်ဖီ ဟိန်းဟောက်သံက ကပ်လျက် ပါလာပြီး လုရီ၏ ဆံပင်တို့ကို မျောလွင့် သွားစေသည် ။
ကျားရဲ ဓားမေ့ာသိုင်း ။
လုရီက ဤဓားသိုင်းကို သတိမပြုမိဘဲ မနေပေ ။ အနှီဓားသိုင်းက တိမ်ဖြူဓားသိုင်းကဲ့သို့ပင် တိမ်ဖြူဂိုဏ်း၏ အခြေခံ ဓားသိုင်းတစ်ခု ဖြစ်၏ ။
ကျားရဲ ဓားသိုင်းက ချွင်းချက်မရှိ ရက်စက်ကြမ်းကြုတ်ပြီးလှျင် ကျားတစ်ကောင်၏ စိတ်ဝိညာဥ္ ကိန်းအောင်းနေသည့် ဓားသိုင်း ဖြစ်သည် ။
လုရီ ကြားဖူးသည်က အကယ်၍ ကျားရဲဓားသိုင်း၏ အမြင့်ဆုံး အဆင့်သို့ ရောက်လျှင် ဓားချက်မှ ထွက်ပေါ်လာသည့် ကျားဟိန်းသံကပင် တစ်ဖက်ရန်သူကို စိတ်နှလုံး တုန်လှုပ် ချောက်ချားစေကာ ဆက်လက် တိုက်ခိုက်လိုစိတ် ကင်းမဲ့ သွားစေနိုင်ံစွမ်း ရှိလေသည် ။
သို့ပေသည့် ယခု ဂိုဏ်းတူ အစ်ကိုကြီး၏ ဓားသိုင်းကတော့ အတော်လေး လိုအပ်နေပုံပင် ။
လဝက်အကြာ ကျင့်ကြံပြီးနောက်တွင်တော့ လုရီ၏ အခြေအနေတို့က ပြောင်းလဲသွားပြီ ဖြစ်သည် ။
[ ဇာတ်ကောင် ] လုရီ
[ ကျင့်ကြံခြင်း အခြေခံ ] ချီကျင့်ကြံခြင်း အဆင့်၆
[ ကျင့်ကြံခြင်း ကျင့်စဥ် ] တိမ်ဖြူ ချီသန့်စင်ခြင်း ပညာရပ် အဆင့်၆
[ သိုင်းပညာရ ] တိမ်ဖြူဓားသိုင်း အဆင့်၆ ၊ တိမ်ဖြူခြေလှမ်း အဆင့်၆
လက်ရှိ သူ့အနေဖြင့် မည်မျှအထိ သန်မာနေပြီ ဖြစ်မှန်းကိုတော့ လုရီက သေသေချာချာ မသိပေ ။ သို့သော် သည် ချီကျင့်ကြံခြင်း အဆင့်၈က ဂိုဏ်းတူ အစ်ကိုကြီးထက် အပုံကြီး သန်မာမှန်းကိုတော့ သူသိလေသည် ။
အကယ်၍ သူ့၌သာ ဆန္ဒရှိလျှင် ဤဂိုဏ်းတူအစ်ကိုအား တစ်ကွက်အတွင်း အနိုင်ယူရန် နည်းလမ်းပေါင်း ဆယ်မျိုး မက ရှိ၏ ။
သို့သော် သူက ထိုသို့ လုပ်မည် မဟုတ်ပေ ။ လုရီက အခြားသော အကြံအစည် တစ်ခုကို ကြံစည်ပြီးသား ဖြစ်လေသည် ။
အကယ်၍ သူ့အနေဖြင့် အစွမ်းတို့ကို ရှိရှိသမျှ ထုတ်ပြလိုက်လျှင် နောက်ပိုင်း၌ သူ့အား မည်သူက စိမ်ခေါ်ရဲတော့မည်နည်း ။
ထိုသို့ဖြစ်လျှင် ချီသိပ်သည်းခြင်း ဆေးလုံးတို့ကို ဆုံးရှုံးရမည့််သူမှာ သူပင် မဟုတ်ပါလော ။
လုရီက ထိုသို့ မဖြစ်ချင်ပေ ။ ထိုသို့ ဖြစ်မည်ကိုလည်း လက်သင့် မခံနိုင်ပေ ။
ထို့အတွက် သူက အနှီ အပြင်စည်းဂိုဏ်းသားအား တစ်ချက်တည်းဖြင့် အမှောက် တွယ်ချင်စိတ်ကို မနည်း ချုပ်တည်းလိုက်ပြီး တိမ်ဖြူ ဓားသို်င်းအား အပေါ်ယံလေးသာ ထုတ်လိုက်လေသည် ။
ထန် ... ထန်... ထန် ...
ချွင်... ချမ် ....
ဓားနှစ်လက်က လေဟာနယ်ကို ဖြတ်သန်း၍ အကြိမ်ရေ အနည်းငယ် ထိပ်တို်က် ရင်ဆိုင်မိ လိုက်ကြ၏ ။
အနီးအနား၌ ရှိနေသည့် အပြင်စည်းဂိုဏ်းသားတို့ကတော့ မျက်လုံးအပြူးသား ဖြစ်သွားကြကုန်လေသည် ။
" အဆန်းပဲဟေ့ ...... သည်ဂိုဏ်းတူညီလေးက ခေတော့ မခေဘူးကွ "
" ချီကျင့်ကြံခြင်း အဆင့်၆က ချီကျင့်ကြံခြင်း အဆင့်၈ကို ယှဥ္တိုက်နိုင်တာလားကွာ ။ သည်ဂိုဏ်းတူညီလေးရဲ့ နောက်ခံက ဘယ်ကများလဲ"
" နေစမ်းပါဦး ။ သူသုံးနေတဲ့ ဓားသိုင်းက တိမ်ဖြူဓားသိုင်း မဟုတ်ဘူးလား ။ တိမ်ဖြူဓားသိုင်းက ဘယ်တုန်းကနေပြီး သည်လို အစွမ်း ထက်သွားတာလဲ "
" ဟုတ်တယ် .... အဲဒါ တိမ်ဖြူဓားသိုင်းပဲ ။ ကျွန်တော်လည်း အဲသည် ဓားသိုင်းကို လေ့ကျင့်နေလို့ သည်ဓားကွက်တွေကို ကောင်းကောင်းကြီး ရင်းနှီးတယ် ။ ဒါပေမဲ့ သည်ဂိုဏ်းတူညီလေးရဲ့ တိမ်ဖြူဓားသိုင်းက ပြောင်းလဲခြင်း အဆင့်ကို ရောက်နေတဲ့ပုံပဲ ။ သူ့ဓားသိုင်းမှာ တိမ်ဖြူဂိုဏ်းရဲ့ အယူအဆတွေတောင် ပါနေသလို ခံစားရတယ် ။ တကယ် ရူးချင်စရာပါဗျာ "
“ ဘယ်လို .... သူ့ဓားသိုင်းက ပြောင်းလဲခြင်း အဆင့်မှာ ဟုတ်လား။ ဒါကြောင့်လည်း သူက သည်လောက် ရဲတင်းနေတာကိုး "
ဂိုဏ်းသားများကြား၌ကား အုတ်အော်သောင်းတင်း ဖြစ်နေလေပြီ ။
သိုင်းပညာရပ်ဆိုသည်က နားလည် သဘောပေါက်နိုင်စွမ်း သို့မဟုတ် ထိုးထွင်းသိမြင်မှု၌ အင်မတန် အခြေခံ၏ ။
အခြေခံ သိုင်းပညာတို့ဟူသည် လေ့ကျင့်ရသည်မှာ လွယ်ကူသော်လည်း တစ်ဖက်ကမ်းခတ် တတ်မြောက်ရန်မူ ခက်ခဲလွန်းလှလေသည် မဟုတ်ပါလော ။
တိမ်ဖြူ အပြင်စည်းဂိုဏ်းမှာက ဂိုဏ်းသားပေါင်း သောင်းနှင့်ချီ ရှိ၏ ။ ထိုအထဲတွင်မှ အခြေခံ သိုင်းပညာရပ်တို့ကို မဟာ အောင်မြင်မှု အဆင့်အထိ ကျင့်ကြံနိုင်သူက တစ်ထောင်အောက်၌သာ ရှိသည် ။
ပြောင်းလဲခြင်း အဆင့် .......
ထိုအဆင့်သို့ ရောက်အောင် ကျင့်ကြံနိုင်သူ အရေအတွက်ကတော့ တစ်ရာမျှ ရှိလျှင်ပင် အံဩဖွယ်ရာပေတည်း ။
စင်မြင့်ပေါ်၌ ရှိကြသည့် ဂိုဏ်းသားတို့သည် တစ်ယောက်ချင်းစီပင်လျှင် အကြီးအကဲတို့၏ အာရုံကို ဆွဲဆောင်နိုင်ကြသည့် ထူးချွန်ပြောင်မြောက်သူများ ဖြစ်၏ ။
မမျှော်လင့်စွာနှင့်ပင် ယခုတော့ ဤနေရာ၌ ထိုကဲ့သို့ ဂိုဏ်းသား တစ်ယောက် ပေါ်လာပြန်လေပြီ ။
ကံကောင်းသည့် အရာ တစ်ခုက ဤဂိုဏ်းတူညီငယ်၏ ကျင့်ကြံခြင်းက မြင့်မားခြင်း မရှိသေးပေ ။ ထိုကဲ့သို့ မဟုတ်လျှင် သူက တစ်ဖက် ပြိုင်ဘက်အား အနိုင်ပင် ယူပြီးလောက်၏ ။
ဂိုဏ်းသား အားလုံးက လုရီအား မတူညီ၊ ကွဲပြားသည့် အကြည့်တို့နှင့် ကြည့်လိုက်ကြသည် ။
လုရီနှင့် တို်က်ခိုက်နေသည့် အရက်မြင့်မြင့် ဂိုဏ်းသားကတော့ အတော်လေး စိတ်ဓာတ် ကျနေပြီဟု ဆိုရပေမည် ။ သူက လက်တွေ့ ရင်ဆိုင်နေရသူ ဖြစ်သည့်အလျောက် အခြားသော သူတို့ထက် လုရီ၏ တိမ်ဖြူဓားသိုင်းကို ပို၍ သိလေသည် ။
ပြောင်းလဲခြင်း အဆင့် ရှိသည့် တိမ်ဖြူဓားသိုင်းနှင့် ရင်ဆိုင်နေရသည်က သူ့အတွက် မည်သို့မျှ လွယ်ကူနေခြင်း မရှိပေ ။
သို့သော် ချီကျင့်ကြံခြင်း အဆင့်၆၌သာ ရှိနေသေးသည့် ဂိုဏ်းတူညီလေး တစ်ယောက်အား ရှုံးနိမ့်သည် ဟူသည်မှာ အင်မတန် သိက္ခာကျသည့် အရာပင် မဟုတ်ပါလော ။ ထို့အတွက် သူက ဤတိုက်ပွဲ၌ သူ၏ ရှိသမျှ အစွမ်းတို့ကို မချွင်းမချန် ထုတ်ကာ တိုက်ခိုက်နေတော့သည် ။
အချိန် အတော်ကြာမျှ အချိန် ဆွဲပြီးသည့် နောက်တွင်တော့ လုရီ၏ ဓားက တစ်ဖက် ဂိုဏ်းသား၏ လည်ပင်းထက်သို့ ရောက်သွားလေ၏ ။
" ငါရှုံးသွားပြီ"
အရပ်မြင့်မြင့် ဂိုဏ်းသားက ခါးသည်းစွာဖြင့် အရှုံးစကား ဆိုလာသည် ။
လုရီက ဓားကို ပြန်သိမ်းကာ အသက်ကို မောပန်းကြီးစွာ ရှုလိုက်၏ ။ သူ၏ အမူအယာတို့က အပိုအလိုမရှိ ပီပြင်လွန်းလှလေသည် ။ မသိလျှင် သူက တစ်ဖက်လူထက် သိသိသာသာ အစွမ်း ထက်နေခြင်း မရှိဘဲ ဆံခြည် တစ်မျှင်စာမျှ ကပ်၍ နိုင်သွားသည့်ပုံပင် ။
" ဂိုဏ်းတူအစ်ကိုရဲ့ အစွမ်းက တကယ် အထင်ကြီးလောက်စရာပါပဲ ။ ကျွန်တော်ကတော့ အစ်ကိုတော်ကို လက်ဖျားခါမိပါတယ် ။တကယ်လို့ ကျွန်တော်သာ ဓားသိုင်းဘက်မှာ အခုလောက်အထိ မပေါက်မြောက်ရင် အစ်ကိုတော်ကို ဘယ်လိုမှ နိုင်မယ် မထင်ပါဘူး "
လုရီက သူ့အနေဖြင့် ကန့်သတ်ချက်သို့ ရောက်လုနီးပါး ရောက်နေပြီ ဖြစ်ကြောင်း ပြသဖို့ လို၏ ။ ထိုမှသာ နောက်ပိုင်း၌ အခြားသော ဂိုဏ်းသားတို့က သူ့အား တားကြလိမ့်မည် ဖြစ်သည် ။
သို့မဟုတ်လျှင်တော့ သူသည် အခြားသော ဂိုဏ်းသားတို့အား တစ်ယောက်ပြီးတစ်ယောက် စိမ်ခေါ်နေရ ပေဦးမည် ။ထိုသို့ ဆိုလျှင်တော့ သူ၏ နာမည် ဂုဏ်သတင်းသည် ကောင်းလှတော့မည် မဟုတ်ပေ ။
ိထို့အပြင် လုရီက နာမည် ကျော်ကြားရမည်ကိုလည်း မနှစ်ခြိုက်ချေ ။ သူက သိုသိုသိပ်သိပ်သာ နေထိုင်လိုသည် ။ အဓိက အကြောင်းအရင်းကတော့ သူသည် အခြားသူ တစ်ယောက်၏ ရိုက်နှက်ခြင်း ခံရမည်ကို ကြောက်၏ ။
မကွယ်မဝှက်တမ်း ပြောရမည် ဆိုလျှင် နာမည်ကျော်ကြားခြင်း နှင့် အရိုက်ခံရခြင်းက တိုက်ရိုက် အချိုးကျသည်ဟု ဆိုရမလောက်ပင် ။
အကယ်၍ သူသာ နာမည် ကျော်ကြားလာလျှင် အစွမ်းထက်သူများက သူ့ဆီသို့ တစ်ယောက်ပြီး တစ်ယောက် ရောက်လာမည်မှာ ဧကန်မုချ ဖြစ်၏ ။ လုရီက တိုက်တိုင်းအောင် နတ်ဘုရားလည်း မဟုတ်ပေ ။ ထို့အတွက် သူသည် တစ်ချိန်မဟုတ်လျှင် တစ်ချိန်တော့ အဆော်ခံရမည် ဖြစ်လေသည် ။
ရှုံးနိမ့်၍ အရှက်ရနေသည့် အရပ်မြင့်မြင့် ဂိုဏ်းသားက လုရီ၏ စကားကို ကြားရလျှင် စိတ်သက်သာရာ ရသွားဟန် တူ၏ ။
သူက မချိပြုံး ပြုံးကာ ပြန်ပြောလာလေသည် ။
"ဂိုဏ်းတူညီလေးရဲ့ တိမ်ဖြူဓားသိုင်းကလည်း ကြောက်စရာ ကောင်းလွန်းပါတယ်ကွာ ။ တိမ်ဖြူ ဓားသိုင်းကို ပြောင်းလဲခြင်း အဆင့် အထိ ကျင့်နိုင်တဲ့ ညီလေးရဲ့ ထိုးထွင်းသိမြင်မှုကလည်း အံ့မခန်းပါပဲ ။ အစ်ကိုကတော့ ညီလေးကို ကျေကျေနပ်နပ်ကြီးကို အရှုံးပေးတယ်ဟေ့ "
" ဂိုဏ်းတူအစ်ကိုက ရိုးသား ဖြောင့်မတ်လွန်းပါတယ် "
" ညီလေးကလည်း နှိမ့်ချလွန်းပါတယ်ကွာ ။ ကဲ... ကဲ.... ရှေ့ကို ဆက်သွားနိုင်ပါပြီ ညီလေး "
" ကျေးဇူးပါ ... ဂိုဏ်းတူအစ်ကို"
နှစ်ယောက်သား အပြန်အလှန် ယဥ်ကျေးသမှု ပြုပြီးသည့် နောက်တွင်တော့ လုရီက ရှေ့ဆက် ထွက်ခဲ့၏ ။ တစ်ချိန်တည်းတွင်ပင် သူက ဂိမ်းမျက်နှာပြင်ကို လှမ်း၍ စစ်ဆေးလိုက်သေးလေသည် ။
တာဝန် ပြီးမြောက်သွားသည်က အသေအချာပင် ။
ထိုသို့ိဆိုလျှင် ဆုလာဘ် ...
ဆုလာဘ်ကိုတော့ မေးနေစရာပင် မလိုပေ ။ သူက ပြီးပြည့်စုံခြင်း အဆင့် ချီသိပ်သည်းခြင်း ဆေးလုံးအား ရွေးမည် ဖြစ်သည် ။
ထိပ်တန်း အဆင့် ဆေးလုံးတို့က ကောင်းမွန်သည် မှန်သော်လည်း အဆိပ်အတောက် နှင့် ဘေးထွက် ဆိုးကျိုးတို့က ရှိနေသေး၏ ။ ထို့အတွက် သူက စံနှုန်းကို မြင့်မြင့် ထားရပေမည် ။
လုရီက ဆုလာဘ်ကိုတော့ ချက်ချင်းလက်ငင်း မရယူလိုက်ပေ ။ မည်သည့်နေရာကမှန်း မသိသည့် ဆေးလုံး တစ်လုံးက သူ၏ လက်ထဲ၌ ရုတ်တရက် ပေါ်လာလျှင် သူက ထိုကိစ္စအား အခြားသူတို့အပေါ် မည်သို့ ရှင်းပြရမည်နည်း ။ အကယ်၍ ရှင်းပြမည် ဆိုလျှင်လည်း မည်သို့မျှ အဓိပ္ပါယ် ရှိမည် မဟုတ်ပေ ။
လုရီက တောင်ထိပ်သို့ တက်နေရင်းနှင့် သူ၏လမ်းကို ပိတ်မည့် နောက်ထပ် ဂိုဏ်းသားအား စိတ်လှုပ်ရှားစွာဖြင့် စောင့်မျှော်နေလေသည် ။
" အာ.... ဟုတ်သားပဲ "
ယင်းအခိုက်အတန့်၌ပင် သူက အခြားသော အကြံအစည် တစ်ခုအား ရလာပြန်၏ ။ ထို့အတွက် သူက စိတ်ထဲမှ ရေရွတ် လိုက်လေသည် ။
" နေဝန်းဖြူ တောင်ထိပ် စင်ပေါ်ကို တက်မယ် "
ထို့နောက်တွင်တော့ ဂိမ်းမျက်နှာပြင်ပေါ်၌ တာဝန် အသစ် တစ်ခု ပေါ်လာလေသည် ။ လုရီက စိုက်ကြည့်လိုက်ရင်း ဆုကိုမြင်တော့ မျက်လုံးအရောင် လက်ခနဲ ဖြစ်သွား၏ ။
ရလာမည့် ဆုလာဘ်က ထိုမျှအထိ ကောင်းလွန်းနေမည်ဟု သူ့အနေနှင့် လုံးလုံး မထင်ထားပေ ။
Chapter-5 [ အလယ်အလတ်အဆင့် မှော်လက်နက် ]
[ တာဝန် ]
နေဝန်းဖြူတောင်ထိပ် စင်မြင့်ထက်သို့ တက်ပါ။
ဆုလာဘ် : အလယ်အလတ်အဆင့် မှော်ဝင်ပစ္စည်း ၊ တိမ်လွှာဖိနပ် ။
လက်ခံခြင်း : လက်ခံမည် / လက်မခံပါ။
ရွှေလက်ချောင်းက ဤမျှအထိ ရက်ရောလိမ့်မည်ဟု လုရီ ထင်မှတ် မထားခဲ့ပေ ။
အလယ်အလတ်အဆင့် မှော်ဝင်ပစ္စည်း......
သောင်းနှင့်ချိီသည့် တိမ်ဖြူ အပြင်စည်း ဂိုဏ်းသားတို့အနက် ဂိုဏ်းသား အချို့ကသာ မှော်ဝင် ပစ္စည်းတို့ကို လက်ဝယ် ပိုင်ဆိုင်ကြသည် ။ ၎င်းတို့ကို လက်ဝယ် ပိုင်ဆိုင်ထားသည့် ဂိုဏ်းသား အများစုကလည်း အခြေခံ အုတ်မြစ် သွန်းလောင်းခြင်း အဆင့်၌ ရှိကြ၏ ။
လုရီကတော့ အပြင်စည်း ကြီးကြပ်ရေးမှူး ဖြစ်သည့်အပြင် အခြေခံအုတ်မြစ် သွန်းလောင်းခြင်း အဆင့် ရှိသည့် မိဘ နှစ်ပါးကြောင့် အဆင့်နိမ့် မှော်ဝင်ဓား တစ်လက်ကို ပိုင်ဆိုင်ထားလေသည် ။ထိုသို့တိုင်အောင်ပင် သူ၏ မိဘ နှစ်ပါးသည် ၎င်းလက်နက်အား ရရန်အတွက် အတော်လေး သုံးလိုက်ရ၏ ။
ဤနေရာ၌ မေးစရာ ရှိသည်က အဆင့်နိမ့် မှော်ဝင် ပစ္စည်းတို့သည်ပင် ဤမျှအထိ အဖိုးထိုက်နေလျှင် အလယ်အလတ် အဆင့် မှော်ဝင် ပစ္စည်းတို့ဆိုလျှင် မည်မျှအထိ ရှိမည်နည်း ။
လုရီ သိထားသလောက် ဆိုလျှင် သူ၏ ဖခင်ဖြစ်သည့် လုကောင်းယန်၌ပင် အလယ်အလတ် အဆင့် မှော်ဝင်ပစ္စည်းဟူ၍ ဓား တစ်လက်သာ ရှိ၏ ။
လုကောင်းယန်က ၎င်းအား အင်မတန် အမြတ်တနိုး ထားပြီးလျှင် လက်ဖြင့်ပင် မထိပေ ။ သူက ထိုရတနာဓားအား မျက်လုံးဖြင့် ကြည့်ရုံသာ ကြည့်လေ၏ ။ လုရီ၏ မိခင်ဖြစ်သူထံတွင်တော့ အလယ်အလတ် အဆင့် မှော်ဝင် ရတနာ ပစ္စည်းဟူ၍ မရှိချေ ။
ယခု ရွှေလက်ချောင်းသည် မည်မျှအထိ ရက်ရောနေပါသနည်း ။ ၎င်းက လုရီအား အလယ်အလတ် အဆင့် မှော်ဝင် ရတနာ ပစ္စည်း တစ်ခု ရမည့် တာဝန်ကိုပင် ပေးနေလေသည် ။
ထို့အတွက် သူသည် တွားသွားပြီး တက်ရမည် ဆိုလျှင်ပင် တောင်ထိပ် စင်မြင့်ဆီသို့ မရောက် ရောက်အောင် သွားမည် ဖြစ်သည် ။ သို့မဟုတ်ပါက သူသည် အပြစ်ရှိသည်ဟု ခံစားရပေလိမ့်မည် ။
လုရီက တာဝန်ကို တိတ်တဆိတ် လက်ခံလိုက်ပြီးလျှင် ရှေ့ဆက်ရန် ခြေလှမ်း ပြင်လိုက်၏ ။
ရန်ပွဲကို ကြည့်ရှုနေကြသည့် အနီးအနားမှ အပြင်စည်း ဂိုဏ်းသားတို့ကလည်း သူ့အား လမ်းဖယ် ပေးနေကြသည် ။
နဂိုမူလကတော့ လုရီသည် မည်သည်ကိုမျှ မယ်မယ်ရရ မခံစားရပေ ။ သို့သော် တောင်ထိပ်နှင့် နီးလာသည်နှင့်အမျှ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလာရလေသည် ။
နေစမ်းပါဦး ။ သူ့အား အဘယ်ကြောင့် မည်သူ တစ်ဦးကမှ မတားဆီးတော့သနည်း ။
ဤအရာက လုံးလုံး မဟုတ်သေး ။ ယေဘုယျအားဖြင့်ဆိုလျှင် အပြင်စည်း ဂိုဏ်းသား အချို့ ထွက်လာ၍ သူ့အား တားဆီးရမည် မဟုတ်ပါလော ။
ချီကျင့်ကြံခြင်း အဆင့်၈မှ ဂိုဏ်းသားအများအပြားပင် တောင်ထိပ် အောက်နားမှ နေရ၍ သင်ခန်းစာကို နားထောင်ရန် ပြင်နေရာတွင် ချီကျင့်ကြံခြင်း အဆင့်၆မှ ဂိုဏ်းသားက တောင်ထိပ် စင်မြင့်သု့ိ တက်ရန် ပြင်နေလေသည် ။
ဤကိစ္စအား သူတို့က မသိကျိုးကျွံ ပြုနေကြသည်လော ။ သို့မဟုတ် ကြည့်ကောင်း၍ ကြည့်နေကြသည်လော ။
လျှောက်ရင်း လျှောက်ရင်းဖြင့် စင်မြင့်က သူ့ရှေ့ မလှမ်းမကမ်း၌ ပေါ်လာသည်ကို လုရီတစ်ယောက် သတိပြုမိလိုက်၏ ။ ယင်းအချိန်ထိပင် သူ့အား မည်သူ တစ်ဦး၊တစ်ယောက်ကမျှ တားဆီးမည့် အရိပ်အယောင် မပြသေးပေ ။
' ဟုတ်တော့ မဟုတ်တော့ဘူးနော် '
လုရီက အနည်းငယ် စိုးရိမ်စိတ် ဝင်လာ၏ ။
ချီကျင့်ကြံခြင်း အဆင့်၈မှ ဂိုဏ်းတူ အစ်ကိုကြီး၊ အစ်မကြီးတို့သည် မည်သည့် အရပ်သို့ ရောက်သွားကြသနည်း ။ သူတို့က သူတို့၏ ဂုဏ်သိက္ခာတို့ကိုပင် ဂရု မစိုက်တော့သည်လော ။ ယခုလို ဖြစ်နေမည် ဆိုလျှင် သူ့အနေဖြင့် ချီသိပ်သည်းခြင်း ဆေးလုံးတို့အား မည်သို့ ရယူရမည်နည်း ။
' လာ .... လာကြစမ်းပါဟ ။ ဒါက ချီကျင့်ကြံခြင်း အဆင့်၆က ကလေးတစ်ယောက်ပဲလေ ။ ကျေးဇူးပြုပြီး ငါ့ကို တစ်ယောက်ယောက် တားပေးကြပါဦးဟ '
ဤသို့ဖြင့် လုရီသည် စင်မြင့်အစပ် လှေကား အနားသို့ပင် ရောက်လာ၏ ။ ထိုအချိန်အထိတိုင်အောင်ပင် သူ့အား မည်သူ တစ်ဦး၊ တစ်ယောက်ကမှ တားဆီးမည့်ပုံ မပြသေးပေ ။
' တောက် ... ငါတို့ဂိုဏ်းက ဂိုဏ်းသားတွေက အတော် ပျက်စီးနေပြီပဲ ။ သူတို့က ချီကျင့်ကြံခြင်း အဆင့်၆ကိုတောင် မတားရဲကြဘူး '
လုရီက စိတ်ဓာတ်ကျစွာဖြင့် စိတ်ထဲမှ ရေရွတ်လိုက်ပြီး အနောက်သို့ တစ်ချက် လှည့်လိုက်၏ ။ သူက နောက်ဆုံးအနေဖြင့် တစ်ကြိမ်တော့ ကြိုးစား၊ ရုနးကန် ကြည့်ချင်သေးလေသည် ။
“ အစ်ကိုကြီး ၊ အစ်မကြီးတို့ ကျွန်တော်တကယ် တက်သွားတော့မယ်နော်”
လုပ်.... လုပ်ကြစမ်းပါ ။ကျေးဇူးပြုပြီး ငါ့ကို တားကြပါတော့ကွာ ။ ငါရှိကြီးခိုး တောင်းပန်ပါတယ်ဟ ။
လုရီက စိတ်အား ထက်သန်စွာဖြင့် အဖြေအား စောင့်နေ၏ ။
ယင်းအခိုက်အတန့်၌ပင် ချီကျင့်ကြံခြင်း အဆင့်၈မှ ဂိုဏ်းတူ အစ်မ တစ်ဦးက သူ့အား ပြုံး၍ ပြောလာလေသည် ။
" ရတယ် မောင်လေး ။ စိတ်ချလက်ချ တက်သာသွားလိုက် ။ လင်းကန်က အစ်မတို့ထဲမှာ ထိပ်တန်း အဆင့် ရှိတယ် ။ သူတောင် မောင်လေးကို မတားနိုင်မှတော့ အစ်မတို့လည်း ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး ။ ဒါကြောင့် မောင်လေး ဘာမှ စိတ်မပူဘဲ အေးဆေးသာ တက်သွားတော့ "
“ ဟုတ်တယ် ညီလေး ။ တိမ်ဖြူဓားသိုင်းကို ပြောင်းလဲခြင်း အဆင့် ရောက်အောင် ကျင့်နိုင်တဲ့ ညီလေးကို အစ်ကိုတို့ အားလုံးက လေးစားပါတယ် ။ သည်လို လုပ်ပါလား ..... ခဏနေ တောင်ပေါ်က ဆင်းရင် တစ်နေရာရာမှာ ဓားတာအိုအကြောင်း သွားဆွေးနွေးရအောင်လေ ။
“ ဟေး...ဟေး.... ဓားတာအိုအကြောင်း ဆွေးနွေးမယ်ဆိုရင် ငါကော ပါမယ်ကွ ။ အဆင်ပြေတယ်မလား
တစ်သံပြီးတစ်သံ ထွက်ပေါ်လာသည့် ဂိုဏ်းတူ အစ်ကို ၊ အစ်မတို့ စကားသံကို ကြားရလျှင် လုရီက ပါးစပ် အဟောင်းသား ဖြစ်သွား၏ ။ သူက မည်သည်ကို ဆက်လုပ်ရမှန်းပင် မသိတော့ချေ ။
' အဲသည် ဂိုဏ်းတူ အစ်ကိုက တကယ်ကြီး အစွမ်းထက်တာလား ။ တောက် .... အစွမ်းမထက်တဲ့ကောင်က ငါ့ကို အရင် ဘာလို့ မတားရတာလဲကွ '
လုရီက မခံမရပ်နိုင်စွာဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည် ။ လင်းကန် ဟူသည့် ဂိုဏ်းတူအစ်ကိုကို လှည့်ပြန် ကြည့်မိလိုက်သည့် အခါတွင်တော့ ယင်းဂိုဏ်းတူ အစ်ကိုက သူ့အား ရိုးသားဟန် အပြည့်နှင့် ပြုံးပြနေ၏ ။
" ဂိုဏ်းတူညီလေး .... တကယ်လို့ နောက်ပိုင်း အချိန်ရှိရင် အစ်ကိုတို့နှစ်ယောက် လက်ရည် ပြန်စမ်းကြတာပေါ့"
လုရီက မချိပြုံး ပြုံးဖို့ပင် အားမရှိတော့ချေ ။
“ အခုလိုကြင်နာပေးကြတဲ့အတွက် ဂိုဏ်းတူ အစ်ကိုကြီး ၊ အစ်မကြီးများကို ကျေးဇူးအထူး တင်ရှိပါတယ်ဗျာ ။ သည်လိုဆိုရင် ကျွန်တော် တက်သွားပါတော့မယ် "
စကားဆုံးလျှင် လုရီက လေးပင်နေသည့် သူ၏ ခြေထောက်တို့ကို ဆွဲကာ လှေကားထစ်တို့ပေါ်သို့ တစ်လှမ်းချင်း တက်လှမ်းသွားလေ၏ ။
လှေကားထစ်တို့က အရေအတွက် မများလှပေ ။ ထို့အတွက် တစ်ခဏ အတွင်း၌ပင် လုရီက စင်မြင့်ထက်သို့ ရောက်သွားတော့သည် ။
စင်မြင့်သည်ကတော့ လေးထောင့် စတုရန်းကွက် ပုံစံ ရှိပြီး ရှေ့ဆုံး၌ ပိုမြင့်သည့် စင်မြင့်ငယ် တစ်ခု ရှိနေ၏ ။ ကြည့်ရသည်ကတော့ ထိုနေရာသည် သင်ခန်းစာ ပို့ချမည့် အကြီးအကဲ၏ နေရာ ဖြစ်ပုံပင် ။ ထိုနေရာက ယခုထက်တိုင် လွတ်နေသေးသည့်အတွက် အကြီးအကဲသည် ရောက်သေးပုံ မရချေ။
သို့သော် ဂိုဏ်းသား အများစုသည်ကတော့ စင်မြင့်ထက်၌ နေရာယူပြီး ဖြစ်၏ ။
စင်မြင့်ထက်ရှိ ဂိုဏ်းသားတို့အား တစ်ချက် လေ့လာပြီးသည့်နောက်တွင် လုရီက အချက် တစ်ချက်ကို သဘော ပေါက်သွားလေသည် ။
ိထိုအချက်သည်ကတော့ အကြီးအကဲ သင်ခန်းစာ ပို့ချမည့် စင်မြင့်ငယ်နှင့် နီးကပ်နေသည့် ထိုင်ခုံများ သို့မဟုတ် ရှေ့ဆုံးတန်းတို့၌ နေရာယူထားသည့် ဂိုဏ်းသားတို့သည် အနောက်ဘက်တန်း၌ နေရာယူထားသည့် ဂိုဏ်းသားတို့ထက် အားကောင်းသည် ဟူသည့် အချက်ပင် ။၎င်းတို့ထဲမှ အများစုသည် ကြောက်စရာ ကောင်းသည့် အငွေ့အသက်တို့ကို ထုတ်လွှတ်နေပြီးလျှင် အခြားသော ဂိုဏ်းသားတို့အား ဖိနှိပ် နေလေ၏ ။
စင်မြင့်ထက်ရှိ ဂိုဏ်းသားတို့၏ အခြေအနေကတော့ အမျိုးမျိုးပင် ။
အချို့က သုံး၊လေးယောက် စု၍ ကျင့်ကြံခြင်းတို့အကြောင်း ဆွေးနွေးနေကြပြီးလျှင် အချို့ကတော့ တစ်ကိုယ်တည်း တရား ထိုင်နေ၏ ။
စင်မြင့်ထက်သို့ လုရီ ရောက်လာသည့် အချိန်တွင်မူ ဂိုဏ်းသားအချို့က သူ့အား လှမ်းကြည့်လာကြလေသည် ။
သူတို့က လုရီ၏ ကျင်ကြံခြင်းကို မြင်လျှင် ကြောင်အမ်းအမ်း ဖြစ်သွားကြ၏ ။ အချို့ကတော့ သဘောမတွေ့သည့် ဟန်ဖြင့် မျက်မှောင် ကြုတ်နေကြလေသည် ။
" ခီျကျင့်ကြံခြင်း အဆင့်၆လား"
“ ဘာတွေဖြစ်နေတာလဲ ။ ချီကျင့်ကြံခြင်း အဆင့် ၆ ကကောင်လေးက သည်အပေါ်ကို ဘာလာတက်လုပ်တာလဲ ။ အောက်ဘက် လူတွေထဲက တစ်ယောက်မှ သူ့ကို မတားကြဘူးလား "
" အဓိပ္ပါယ် မရှိတာ ။ လူသစ်လေး တစ်ယောက် တက်လာတာကို အောက်က လူတွေက အလှ ကြည့်နေကြတာလား ။ ဒါမှမဟုတ် မတားနိုင်ကြတာလား"
တအ့ံတဩ ရေရွတ်လိုက်သံတို့နှင့် အတူ ဂိုဏ်းသားများစွာ၏ အကြည့်ပေါင်းစုံတို့က လုရီထံ ကျရောက်လာ၏ ။
အရှေ့ဘက်ခြမ်း၌ ထိုင်နေကြသည့် ဂိုဏ်းသားတို့၏ အကြည့်တို့ကတော့ စိတ်ဝင်စားဟန်နှင့် ပြည့်နေပြီး အနောက်ဘက်ခြမ်းရှိ ဂိုဏ်းသားတို့၏ အကြည့်၌မူ စိုးရိမ် စိတ်လှုပ်ရှားမှုတို့ ပါဝင်နေလေသည် ။
စင်မြင့်ထက်၌ နေရာပေါင်း များစွာ ရှိသည်က မှန်၏ ။ သို့သော် ထိုနေရာတို့သည် အမြဲတစေ ပိုင်ရှင်တို့ဖြင့် ပြည့်နှက်နေလေ့ ရှိသည် မဟုတ်ပါလော ။ထိ့အတွက် ယခု လူသစ်လေး တစ်ယောက် တက်လာသည် ဆိုသည်က သူတို့ထဲမှ တစ်ယောက်ယောက်သည် နေရာ ဖယ်ပေးရတော့မည် ဟူသည့် အဓိပ္ပါယ်ပင် ဖြစ်သည် ။
ဤချိီကျင့်ကြံခြင်း အဆင့်၆မှ ဂိုဏ်းတူညီလေးသည် အောက်ဘက်ရှိ ဂိုဏ်းသားတို့အား ဖြတ်ကျော်လာနိုင်စွမ်း ရှိနေမှတော့ မည်သို့မျှ ရိုးရှင်းစရာ အကြောင်း မရှိပေ ။
ရှေ့ဘက်ပိုင်းမှ ဂိုဏ်းသားတို့က သူတို့၏ နေရာအတွက် ပူပန်ကြောင့်ကြမှု မရှိသော်လည်း နောက်ဘက်ပိုင်းမှ ဂိုဏ်းသားတို့မှာမူ အတော်လေး ပူပန်နေရပြီ ဖြစ်၏ ။အကယ်၍ သူတို့သာ ဤဂိုဏ်းတူညီလေး၏ လက်ချက်ဖြင့် စင်မြင့်ပေါ်မှ ကန်ချ ခံရလျှင် အရှက်တကွဲ အကျိုးနည်းပေလိမ့်မည် မဟုတ်ပါလော ။
အခြားတစ်ဖက်တွင်တော့ လုရီသည် စင်မြင့် တစ်ခုလုံးအား ကောင်းကောင်းကြီး အကဲ ခတ်နေလေ၏ ။
သူက လူတကာ မျက်စိ စပါးမွှေး စူးမည့် အဖြစ်မျိုးကို မလိုချင်ပေ ။ ထို့အတွက် သူက အနောက်ဘက်ပိုင်း၌သာ ထိုင်ရန် ဆုံးဖြတ်လိုက်၏ ။ ထို့အပြင် လုရီက သူ့အနေဖြင့် အရှေ့ဘက်ပိုင်းမှ ဂိုဏ်းသားတို့အား အနိုင် ယူနိုင်မည်ဟု ယုံကြည်ချက် မရှိချေ ။
ပန်းတိုင်သု့ိ တစ်ကြိမ်လျှင် ခြေတစ်လှမ်းသာ လှမ်းခြင်းက အန္တရာယ် ကင်းပေ၏ ။ မကွယ်မဝှက်တမ်း ပြောရမည်ဆိုလှျင် လုရီအဖို့က စင်မြင့်ထက်သို့ တက်နိုင်ခြင်းကပင် အတော်လေး ကျေနပ်စရာ ကောင်းလှပြီ ဖြစ်သည် ။ ယခင်တုန်းကဆိုလျှင် သူက တောင်ခါးပန်း၌ပင် သင်ခန်းစာ ပို့ချသည်ကို နားထောင်ရသည် မဟုတ်ပါလော ။
ထို့နောက်တွင်တော့ လုရီက အနောက်ဘက် ချောင်အကျဆုံး နေရာ တစ်နေရာအား ရွေး၍ ထိုင်ချလိုက်လေသည် ။ တစ်ဆက်တည်းတွင်ပင် သူက ဂိမ်းမျက်နှာပြင်အား စစ်ဆေး ကြည့်လိုက်သေး၏ ။
[ လက်ရှိတာဝန် ]
နေဝန်းဖြူတောင်ထိပ် စင်မြင့်သို့ တက်ပါ။
ဆုလာဘ် :: အလယ်အလတ်အဆင့် မှော်ဝင် ပစ္စည်း ( တိမ်လွှာ ဖိနပ်) ။
တာဝန်ပြီးဆုံး။
ဆုလက်ဆောင်အား ရယူပါမည်လော : ယူပါမည် / မယူပါ ။
တာဝန်ကတော့ ပြီးဆုံးသွားလေပြီ ။ ထို့အတွက် သူ့အနေဖြင့် အလယ်အလတ် အဆင့် မှော်ဝင်ရတနာ ဖြစ်သည့် တိမ်လွှာဖိနပ်အား ရယူရန်သာ ကျန်တော့၏ ။
' ဟီး... ဟီး... ပွဝာာပဲ ။ နောက်မှ အေးဆး ယူရမယ် '
လူကြားထဲသို့ ရောက်နေသည့်အတွက် လုရီက စိတ်လှုပ်ရှားမှုကို အောင့်အည်း သည်းခံရင်း ဆုအား နောင်မှ ရယူဖို့ တေးမှတ် ထားလိုက်သည် ။
လုရီ တစ်ယောက် နောက်ဘက်ပို်င်း၌ တိတ်ဆိတ်စွာ နေရာ ယူလိုက်သည်ကို မြင်ပြီးနောက်တွင် သူ့အား စောင့်ကြည့်နေသော အကြည့်တု့ိက ပြန်လည် ပျောက်ကွယ်သွားလေ၏ ။
သို့သော်လည်း လုရီကတော့ သူတို့သည် တစ်ယောက်ယောက်က လုရီအား စိမ်ခေါ်မည်လောဟု စူးစမ်းချင်စိတ်ဖြင့် စောင့်ကြည့်နေသေးသည်ဟု ခံစားရနေသေး၏ ။
လုရီကိုယ်၌ကလည်း တစ်ယောက်ယောက်သည် သူ့အား လာရောက်၍ စိမ်ခေါ်ပါစေဟု တိတ်တခိုး မျှော်လင့်နေမိ၏ ။ ထိုမှသာ သု့အနေဖြင့် ဆုလာဘ်တို့ ပိုမို ရရှိနိုင်မည် မဟုတ်ပါလော ။
လုရီ အနေဖြင့်မူ တစ်ဖက်လူတို့အား စတင်၍ စိမ်ခေါ်ရန် စိတ်ဝင်စားခြင်း မရှိပေ ။သူက သိုသိုသိပ်သိပ်သာ နေလိုလေသည် ။
လုရီက အချိန် အတော်ကြာအောင်ပင် စောင့်ဆိုင်းနေသော်လည်း မည်သူ တစ်ဦး၊တစ်ယောက်ကမျှ ၎င်းအား လာရောက် စိမ်ခေါ်ခြင်း မပြုကြပေ ။
သို့သော်လည်း စင်မြင့်ထက်သို့ တက်လာသည့် ဂိုဏ်းသား အရေအတွက် များလာသည်နှင့်အမျှ လုရီအား မျက်နှာသစ် အနေဖြင့် သတိပြုမိလာသည့် ဂိုဏ်းသား အရေအတွက်က ပိုပို၍ များလာလေသည် ။
ဤသို့ဖြင့် အချိန်က ကုန်ဆုံးသွားပြီးလျှင် စင်မြင့်ထက်၌ နေရာလွတ်တို့က မရှိသလောက် ဖြစ်လာလေ၏ ။
ရှေ့ဘက်ပိုင်းမှ ဂိုဏ်းသားတို့ အတွက်မူ ထိုအချင်းအရာက အဆင်ပြေသော်လည်း နောက်ဘက်ပိုင်းမှ ဂိုဏ်းသားတို့မှာမူ လုရီ၏ နေရာအား စတင်၍ မျက်စောင်း ထိုးလာကြလေပြီ ။
ယင်းအခိုက်အတန့်၌ပင် အေးစက်စက် စကားသံ တစ်ခုက လုရီ၏ အနောက်မှ ထွက်ပေါ်လာ၏ ။
" ဂိုဏ်းတူညီလေး....... မင်းထိုင်ထားတာ ငါ့ရဲ့ နေရာ "
လုရီက လှည့်ကြည့်လိုက်လျှင် အေးစက်စွာ စို်က်ကြည့်နေသည့် ခပ်ချောချော လူငယ် တစ်ယောက်အား မြင်လိုက်ရလေသည် ။
ချီကျင့်ကြံခြင်း အဆင့် ၈ ။
' ဟား.... ဟား.... နောက်ဆုံးတော့ ရောက်လာပြီပေါ့ ။ ငါမင်းကို ဘယ်လောက်အထိ စောင့်လိုက်ရလဲ သိရဲ့လားကွ'
အတွေးဆုံးလျှင် လုရိီက ထရပ်လိုက်ပြီး တစ်ဖက်လူအား ဝမ်းသာအားရ နှုတ်ဆက်လိုက်လေ၏ ။
" မင်္ဂလာပါ .... ဂိုဏ်းတူအစ်ကို ။ ဒါပေမဲ့ အခုတော့ သည်နေရာက ကျွန်တော့်နေရာ ဖြစ်သွားပြီဗျ "
Chapter-6 [ စာပြအကြီးအကဲက အချောလေးပဲ ]
" ဟ.... သည်လူသစ်လေးက မောက်မာလှချည်လား"
" ဟမ့် ....ချီကျင့်ကြံခြင်း အဆင့်၆လေးနဲ့ ဆရာကြီးပုံစံ ဖမ်းနေတာလား ။ စိတ်ဝင်စားစရာပဲ "
“ ငါကတော့ ဟန်ပဲရှိပြီး အဆံ မရှိမှာ စိုးတာဟေး ။ ကိုယ်ပိုင် အစွမ်း မရှိဘဲ ထင်ပေါ် ကျော်ကြားချင်တာက ကောင်းတဲ့ အချက်တော့ မဟုတ်ဘူး "
လုရီ၏ စကားကို ကြားလျှင် ပွဲကြည့်ရန် တာစူနေကြသည့် အနီးအနားမှ ဂိုဏ်းသားတို့က မကြားတကြား ပုတ်ခတ် ပြောဆို လာကြလေသည် ။
' ဟ .... ငါဘယ်တုန်းက ထင်ပေါ် ကျော်ကြားအောင် လုပ်နေလို့လဲ'
ထိုစကားတို့ကို ကြားလျှင် လုရီက အတော်လေး ဒေါသ ထွက်သွား၏ ။ သူက အမြဲတစေပင် သိုသိုသိပ်သိပ် နေထိုင်ရန် ကြိုးစားခဲ့သူ မဟုတ်ပါလော ။
အကယ်၍ သူသာ ထင်ပေါ် ကျော်ကြားချင်သည် ဆိုလျှင် အစောကတည်းက အခြားလူတို့အား စိမ်ခေါ်၍ ဆုလာဘ်တို့ ရယူ ပြီးလောက်လေပြီ ။ ထိုသည်ကို ယခုတော့ သူ၏ ဂိုဏ်းတူ အစ်ကို ၊ အစ်မတို့က သူ့အား ထင်ပေါ်ကျော်ကြားချင်သူ အဖြစ် ယိုးမယ် ဖွဲ့နေကြသည်လော ။
လုရီ၏ စကားကို ကြားလျှင် ချီကျင့်ကြံခြင်း အဆင့်၈မှ ဂိုဏ်းသား၏ မျက်နှာတို့က လမိုက်ညကဲ့သို့ မည်းမှောင် သွားလေ၏ ။ ထို့နောက်တွင် သူက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး
" ဟုတ်ပါပြီ .... ဟုတ်ပါပြီ ။ ကြည့်ရတာ ဂိုဏ်းတူညီလေးက ဓားနဲ့ပဲ စကားပြောချင်ပုံရတယ် "
ချွင်....
စကားဆုံးလျှင် သူက ဓားရှည်ကို ဆွဲထုတ်၍ လုရီအား ချိန်ရွယ်လိုက်လေသည် ။
လုရီကလည်း ပြုံးစစဖြင့် ရယ်လျက် ခပ်တိုးတိုး ရေရွတ်လိုက်၏ ။
“ ငါ့ရှေ့က ပြိုင်ဘက်ကို ရအောင် အနိုင်ယူမယ် “
[ တာဝန် ]
ချီကျင့်ကြံခြင်း အဆင့်၈ အပြင်စည်းဂိုဏ်းသားကိုအနိုင်ယူပါ။ [ လုပ်ဆောင်ချက် ၀/၁၀]
ဆုလာဘ် : : ထိပ်တန်းအဆင့် ချီသိပ်သည်းခြင်း ဆေးလုံး ၂၀ / ပြီးပြည့်စုံခြင်းအဆင့် ချီသိပ်သည်းခြင်း ဆေးလုံး ၂ ။
လက်ခံခြင်း : : လက်ခံမည် / လက်မခံပါ ။
" အမယ် ... သည်ဆုက ဂိုဏ်းတူအစ်ကို လင်းကန်တုန်းကထက် ပိုကောင်းနေပါလား"
အစကတော့ လုရီသည် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွား၏ ။ သို့သော်လည်း လုရီက ဤဂိုဏ်းတူ အစ်ကိုသည် လင်းကန်ထက် ပို၍ အစွမ်းထက်နေသောကြောင့် ဖြစ်မည်ဟု တွေးလိုက်မိသည် ။
ဤသို့ဆိုလျှင် စနစ်က ပို၍ ခက်ခဲသည့် တာဝန်ဆိုလျှင် ပို၍ကောင်းသည့် ဆုလာဘ်တို့ကို ပေးအပ်သည်လော ။
အတွေးတို့ဖြင့် လုရီက ပျော်ရွှင် သွားလေ၏ ။
ထို့နောက်တွင် သူက အပြုံးဖြင့် ဓားရှည်ကို ဆွဲထုတ်လိုက်လေသည် ။
“ ကျေးဇူးပြုပြီး ဂိုဏ်းတူအစ်ကိုက ကျွန်တော့်ကို သွန်သင်ပေးပါဦး”
“ ဟမ့် "
ခပ်ချောချော လူငယ်က နှာခေါင်း ရှုံ့ကာ ခြေလှမ်းတို့ကို လျင်မြန်စွာ လှမ်းလိုက်၏ ။ ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်က မြွေလိမ်မြွေကောက် သဏ္ဍာန် ရွေ့လျားသွားပြီးလျှင် ဓားရိပ်ပေါင်းများစွာ ဖြစ်ပေါ်လာလေသည် ။
လူငယ်၏ လှုပ်ရှားမှုကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် လုရီက ဤဂိုဏ်းတူ အစ်ကိုသည် လင်းကန်ထက် အတော်ပင် အားကောင်းကြောင်း သိလိုက်ရ၏ ။
ဤဂိုဏ်းတူအစ်ကို ထုတ်သုံးလိုက်သည့် ပညာရပ် နှစ်ခုက တိမ်ဖြူဂိုဏ်း၏ အခြေခံ သိုင်းပညာရပ်တို့ထဲမှ ရွက်ကြွေဓားသိုင်း နှင့် မြွေနဂါး ခြေလှမ်းတို့ ဖြစ်ပြီးလျှင် သူက ၎င်းပညာရပ် နှစ်ခုလုံးအား ကျွမ်းကျင်စွာ တတ်မြောက်ထားသည်မှာ အသေအချာပင် ။
အကယ်၍ လုရီသည်သာ လင်းကန်နှင့် တိုက်ခိုက်ခဲ့စဥ္တုန်းက နည်းစနစ်အား ပြန်၍ အသုံးပြုမည် ဆိုလျှင် သူသည် ဤဂိုဏ်းတူအစ်ကိုအား မည်သို့မျှ နိုင်စရာ အကြောင်း မရှိပေ ။
လုရီက တည်ငြိမ်စွာဖြင့် ဝိညာဥ်စွမ်းအင်တို့အား လည်ပတ်လိုက်၏။ ထို့နောက်တွင် သူက တိမ်ဖြူ ခြေလှမ်းကို ထုတ်ဖော်လိုက်လေသည် ။
ဖတ်... ဖတ်.... ဖတ်....
လုရီ၏ ခန္ဓာကိုယ်က အလေးချိန် မရှိသကဲ့သို့ ပေါ့ပါးသွားပြီးလျှင် ဓားရိပ်များကြား၌ တိမ်တိုက် တစ်ခုကဲ့သို့ မျောလွင့် နေ၏ ။
ထိုအချင်းအရာကို မြင်လျှင် အနီးအနားမှ ဂိုဏ်းတပည့်တို့သည် မျက်လုံး အပြူးသား ဖြစ်ကြကုန်လေသည် ။ အချို့ဆိုလျှင် မတ်တပ်ပင် ထရပ် ကုန်လေ၏ ။
" ဘယ်လိုတောင်တုန်းဟ"
" ဒါက တိမ်ဖြူ ခြေလှမ်းလား ။ ကောင်းလိုက်တဲ့ ပညာကွာ ။ ကောင်လေးက သည်အဆင့် အထိတောင် ကျင့်ထားနိုင်ပြီပေါ့ "
" တိမ်ဖြူခြေလှမ်းရဲ့ ပြောင်းလဲခြင်း အဆင့် ။ သည်ဂိုဏ်းတူညီလေးက အံ့ဩစရာပဲ"
သူတို့၏ အ့ံဩမှုက ထိုမျှနှင့်တင် မပြီးသေးပေ ။
အဘယ်ကြောင့်ဆိုသော် လုရီက သူ၏ ညင်သာချောမွေ့သည့် ခြေလှမ်းတို့ဖြင့် တစ်ဖက် ဂိုဏ်းတူအစ်ကိုထံသို့ တိုးဝင်သွားခြင်းကြောင့် ဖြစ်၏ ။
ထို့အပြင် သူ၏ ဓားရှည်၌ကလည်း တိမ်တိုက်ကဲ့သို့ အဖြူရောင် အခိုးအငွေ့များ ရစ်သိုင်း နေသေးလေသည် ။
ရုတ်တရက် ကြည့်မည်ဆိုလျှင်တော့ နူးညံ့သိမ်မွေ့သည့် လုရီ၏ ဓားချက်က ကြောက်စရာ သိပ်မကောင်းလှပေ ။သို့သော်လည်း တစ်မုဟုတ်ချင်းတွင်ပင် ထိုဓားချက်က ခပ်ချောချော လူငယ်အား လွှမ်းခြုံ သွား၏ ။
ထို့အတွက် ခပ်ချောချော လူငယ်က အားကုန်ထုတ်ကာ လုရီ၏ ဓားချက်အား အသည်းအသန် ကာကွယ်နေရလေသည် ။
ထန် .... ထန်... ထန်...
ချွမ် ....
ဓားနှစ်လက် ထိပ်တိုက် တွေ့ဆုံသံက အဆက်မပြတ် ပေါ်ထွက်လာ၏ ။ ထိုအသံနှင့်အတူ ခပ်ချောချော လူငယ်က အနောက်သို့ တရစပ် ဆုတ်နေရလေသည် ။ သူက အောက်စည်းသို့ ရောက်နေသည်မှာ အသိသာကြီးပင် ။
အဝေးမှ ဂိုဏ်းတပည့်တို့သည်လည်း ပါးစပ် အဟောင်းသား ဖြစ်ကုန်ပြီ ဖြစ်သည် ။
" တိမ်ဖြူ ဓားချီလား ။ သည်ကောင်လေးရဲ့ တိမ်ဖြူဓားသိုင်းက မူလဘူတသို့ ပြန်ခြင်း အဆင့်တောင် ရောက်နေပြီလား"
" အခြေခံ ဓားသိုင်းကိုတောင် အဲအဆင့်ရောက်အောင် ဘယ်လို ကျင့်လိုက်တာလဲဟ ။ သည်ကောင်လေးရဲ့ ထိုးထွင်းသိမြင်မှုကတော့ လက်ဖျားခါစရာပဲဟေ့ "
" သည်ကောင်က ဒါကြောင့်လည်း မောက်မာရဲနေတာကိုး ။ မထူးဆန်းတော့ပါဘူး ။ သူ့မှာက တကယ်လည်း အဲလို လုပ်နိုင်တဲ့ အစွမ်း ရှိနေတာပဲ "
" ဝမ်ရှင်းချီကတော့ ရှုံးတော့မယ်ဟေ့ "
အရှေ့ဘက်ခြမ်းရှိ အစွမ်းထက် ဂိုဏ်းသားတို့သည်ပင် မယုံကြည်နိုင်သည့် အရိပ်အယောင်တု့ိ ပြလာ၏ ။
" ပြောင်းလဲခြင်း အဆင့် တိမ်ဖြူဓားသိုင်း နဲ့ မူလဘူတသို့ ပြန်ခြင်း အဆင့် ခြေလှမ်း ။အပြင်စည်းဂိုဏ်းမှာ ဘယ်တုန်းကတည်းက သည်လိုလူ ပေါ်လာတာလဲ "
အစွမ်းထက်ဟန်တူသည့် အရှေ့ဘက်ခြမ်းမှ ဂိုဏ်းသား တစ်ဦးက လက်နှစ်ဖက်ကို နောက်ပစ်ရင်းနှင့် မျက်မှောင် ကြုတ်လိုက်လေသည် ။
" ဝမ်ရှင်းချီရဲ့ ဓားသိုင်းနဲ့ ခြေသိုင်းကလည်း မနိမ့်ဘူး ။ သူက နှစ်ခုလုံးကို မဟာ အောင်မြင်ခြင်း အဆင့်အထိ ရောက်အောင် ကျင့်ထားပြီးပြီ ။ ကံမကောင်းတာက သူ့ရဲ့ ပြိုင်ဘက်က အစွမ်း ထက်လွန်းနေတာပဲ"
သာမန် ရုပ်ရည်သာ ရှိသည့် ဂိုဏ်းသား တစ်ဦးကလည်း ခေါင်းတခါခါဖြင့် မှတ်ချက် ပေးနေ၏ ။
သူတို့၏ နံဘေးတွင်တော့ မိန်းမချောလေး တစ်ဦးက တောက်ပသည့် မျက်ဝန်းအစုံဖြင့် လုရီအား မမှိတ်မသုန် ကြည့်နေလေသည် ။
" သည်ဂိုဏ်းတူမောင်လေးက ချောလိုက်တာနော်"
ထိုမိန်းကလေး၏ ဘေးချင်းကပ်ရပ်မှ ဂိုဏ်းသားကတော့ မိန်းကလေးအား ကြည့်၍ သက်ပြင်း ချလိုက်၏ ။
" အင်း .... မိန်းမတွေက အပေါ်ယံ အရေပြား တစ်ထောက်စာကို တကယ် ကြည့်လွန်းတာပဲ"
အခြားသော ဂိုဏ်းသားတို့ကလည်း မည်သည်ကို ပြောရမည်မှန်း မသိတော့ပေ ။
ဤနေရာရှိ ဂိုဏ်းသားတိုင်းက လူသစ်ကလေး၏ အစွမ်းအား အကဲဖြတ်ချေချိန်တွင် သူမကတော့ ရုပ်ရည်ကို အကဲဖြတ်နေသည် မဟုတ်ပါလော ။
သို့သော်လည်း သူတို့က သူမ၏ မှတ်ချက်အား မငြင်းနိုင်ပေ ။ ဤဂိုဏ်းတူ ညီလေးက အမှန်စင်စစ်၌လည်း ချောမော ခန့်ညားလွန်းသည့် ရုပ်ရည်ကို ပိုင်ဆိုင်ထားမှန်း သူတို့အားလုံး သတိပြုမိသား ဖြစ်၏ ။
အမြွှာဓားနှစ်လက်အား လွယ်ထားသည့် လူငယ် တစ်ဦးကလည်း အေးစက်စက် လေသံဖြင့် မှတ်ချက် ပေး၏ ။
" သည်ကောင့်ရဲ့ကျင့်ကြံခြင်း အခြေခံက အတော်လေး နိမ့်နေသေးတယ် ။ မဟုတ်လို့ကတော့ သည်တစ်ခေါက် ပြိုင်ပွဲမှာ နောက်ထပ် အစွမ်းထက် ပြိုင်ဘက်တစ်ယောက် ပေါ်လာနိုင်တယ် "
အခြားသူတို့ကလည်း သူ၏စကားကို ထောက်ခံသည့် အနေဖြင့် ခေါင်းညိတ်လိုက်ကြ၏ ။
လုရီ ပြသထားသည့် သိုင်းပညာရပ်တို့က အလွန်အမင်း အားကောင်းနေသည့်အတွက် သူတို့ပင် ဖိအား တစ်ချို့အား ခံစားနေရပြီ မဟုတ်ပါလော ။
အထူးသဖြင့် မူလဘူတသို့ ပြန်ရောက်ခြင်း အဆင့် ဟူသည်မှာ အစွမ်းအထက်ဆုံး အပြင်စည်း ဂိုဏ်းသားတို့အတွက်ပင် ရောက်ရန် ခဲယဥ်းလှလေသည် ။
" ကံကောင်းလို့ သိုင်းပြိုင်ပွဲ ကျင်းပဖို့ အချိန်က လဝက်ပဲ လိုတော့တာ ။တကယ်လို့ သူသာ ချီကျင့်ကြံခြင်း အဆင့်၈ကို ရောက်နေရင် ငါတို့ကတော့ သူ့ကိုတွေ့တာနဲ့ တန်းပြီး အရှုံးပေးရမှာ "
သူတို့က မှတ်ချက်ပေးနေစဥ်တွင် အခြားတစ်ဖက်၌ တိုက်ပွဲက အဆုံးသတ်လု အခြေအနေသို့ ရောက်နေပြီ ဖြစ်၏ ။
လုရီက သူ၏ အစွမ်းတို့အား အကုန်အစင် အသုံးမပြုသေးပေ ။ သို့သော်လည်း ထိုသည်ကပင် ဝမ်ရှင်းချီ၏ တတ်နိုင်စွမ်း အကန့်အသတ်အား ကျော်လွန်နေပြီ ဖြစ်၏ ။
သူသည်ကား ယခုပင်လျှင် ချွေးစေးတို့ဖြင့် ရွှဲရွှဲ စိုနေကာ နောက်သို့ တစ်ဆုတ်တည်း ဆုတ်နေရလေပြီ ။
ထန်.....
ထို့နောက် အချိန် အနည်းငယ်ကြာလျှင် လုရီ၏ ဓားသည် သူ့၏ လည်ပင်းထက်၌ ရပ်တန့်သွား၏ ။
" မင်း ... မင်း....."
ဝမ်ရှင်းချီက မည်သည့်စကားကို ဆက်ပြောရမည်မှန်း မသိတော့သည်ပုံပင် ။ ထို့အတူ သူ၏ မျက်နှာ အမူအယာသည်လည်း ယိုယွင်း နေလေ၏ ။
လုရီကတော့ အပြုံးလေးနှင့် ဓားကို သိမ်းလိုက်လေသည် ။
" ကျွန်တော့်ကို အနိုင်ပေးလို့ ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်ကို"
ပြီးပြည့်စုံခြင်း အဆင့် ချီသိပ်သည်းခြင်း ဆေးလုံး နှစ်လုံးကတော့ အိတ်ကပ်ထဲ ရောက်လာပေပြီ ။
' ဒါမျိုးကတော့ အကြိမ် တစ်ရာလည်း လုပ်နိုင်တယ်ကွ '
လုရီက ယခုကဲ့သို့ စိမ်ခေါ်မှုမျိုး ထပ်၍ ပေါ်လာပါစေဟု စိတ်ထဲမှ ဆုတောင်းလိုက်သေး၏ ။
ကြက်သေသေနေသည့် ဝမ်ရှင်းချီက အဆံုံးတွင်တော့ ခါးသည်းစွာဖြင့် လက်နှစ်ဖက်ဆုပ်ကာ အရိုအသေ ပြန်ပေးလာလေသည် ။
" အစ်ကို့ရဲ့ သိုင်းပညာက ညီလေးထက် နိမ့်ကျတာကို ဝန်ခံပါတယ် "
ဝမ်ရှင်းချီ၏ ဝန်ခံမှုကို ကြားရလျှင် လုရီသည် အနည်းငယ် အားတုံ့အားနာ ဖြစ်သွားမိသည် ။ လုရိီက သူ့ကိုယ်သူ စိတ်ထား ကောင်းမွန်သည့် လူငယ် တစ်ယောက် ခံယူထားသူ မဟုတ်ပါလော ။
ထို့အပြင် ယခု ဤဂိုဏ်းတူအစ်ကိုသည် သူနှင့် ရန်ငြိုး၊ရန်စလည်း မရှိသည့်အတွက် ၎င်းအား အဘယ်ကြောင့် စိတ်ဒဏ်ရာ ပေးနေဦးမည်နည်း ။
လုရီက အနည်းငယ် တွေးတောလိုက်ပြီးလျှင် လေးနက်တည်ကြည်စွာဖြင့် ပြောလိုက်၏ ။
" ဂိုဏ်းတူအစ်ကို ...... အစ်ကိုကလည်း အစွမ်း ထက်တာပါပဲဗျာ ။အမှန်အတိုင်း ပြောရမယ်ဆိုရင် သည်ဘက်နှစ်တွေမှာ ကြုံခဲ့ဖူးသမျှ ပြိုင်ဘက်တွေထဲမှာ အစ်ကိုက အစွမ်း အထက်ဆုံးပါပဲ ။ သည်တော့ နောင်ကျရင်လည်း ကျွန်တော်တို့နှစ်ယောက် အခုလို လက်ရည် စမ်းနိုင်ဖို့အတွက် မျှော်လင့်ပါတယ် "
လုရီက သူ့ဘဝ၌ ချီကျင့်ကြံခြင်း အဆင့်၈ ကျင့်ကြံသူ နှစ်ယောက်နှင့်သာ တို်က်ခိုက်ဖူးပြီး ထိုနှစ်ဦးသည် လင်းကန် နှင့် ယခု ဂိုဏ်းတူအစ်ကိုတို့သာ ဖြစ်၏ ။ ထို့အတွက် သူ၏ စကားသည် မှားယွင်းခြင်း မရှိချေ ။
နောင်တွင် လက်ရည်စမ်းမည်ဆိုသည့် စကားကမူ ဂိုဏ်းတူအစ်ကို ဝမ်ရှင်းချီထံမှ ဆုလာဘ်တို့ ထပ်မံ ရယူလိုသောကြောင့် ဖြစ်လေသည် ။
" သိပ်ပြီး ကြင်နာ သဘောကောင်းတဲ့ ငါပါလား "
လုရီက သူ၏ ကြင်နာမှုကြောင့် မျက်ရည် လည်မိမတတ် ခံစားလိုက်ရ၏ ။
လုရီ၏ စကားကို ကြားလျှင် ဝမ်ရှင်းချီက အနည်းငယ် စိတ်သက်သာရာ ရသွားပုံပင် ။
"ဂို္ဏ်းတူညီလေး လုရီရဲ့ ပါရမီကလည်း အစ်ကို မြင်ဖူးသမျှထဲမှာ အကောင်းဆုံးပါပဲ ။ညီလေးရဲ့ မူလဘူတသို့ ပြန်ခြင်း ပညာရပ်ကလည်း ပြိုင်စံရှားပါတယ် ။ ညီလေးက အခုလို ပြောလာမှတော့ နောင်တစ်ချိန်မှာ အစ်ကိုကပဲ မျက်နှာပြောင်တိုက်ပြီး ညီလေးစီက သင်ယူရမှာပေါ့လေ "
" ဝမ်းမြောက်ဝမ်းသာစွာပါပဲ ခင်ဗျာ "
လုရီက ပြုံးလျက် ပြန်ပြောလိုက်လေသည် ။
ဝမ်ရှင်းချီက ခေါင်းညိတ်လိုက်ပြီး
" သည်နေရာက ညီလေး နေရာပါပဲ"
ထို့နောက်တွင် သူက အနီးအနားရှိ ပွဲကြည့်နေသော လူငယ် တစ်ဦးအား လှည့်၍ ပြောလိုက်၏ ။
" လိီချိ ..... မင်းနေရာက အခု ငါ့နေရာပဲ"
ကွာစေ့ စား၍ ပွဲကြည့်နေသော လီချိ ဆိုသူ ဂိုဏ်းသားက ကြောင်အမ်းအမ်း ဖြစ်သွား၏ ။
သူက ဤပြဇာတ်အား နံဘေးမှာ ကြည့်ရုံသာ ကြည့်နေသူ မဟုတ်ပါလော ။ ထိုသည်ကို အဘယ်ကြောင့် ပြဇာတ်ထဲသို့ ဆွဲသွင်း ခံနေရသနည်း ။
' နင့်မေကလွှားတဲ့မှကွာ '
လိီချိက ဝမ်ရှင်းချီအား မနိုင်ပေ ။ ထို့အတွက် သူ့အနေဖြင့် စိတ်ထဲမှ ဆဲရေးတိုင်းထွာရုံသာ တတ်နိုင်ပေသည်။
လီချိက ဝမ်ရှင်းချီအား မကျေမနပ် ကြည့်၍
" ဝမ်ရှင်းချီ ....မင်းသိပ်ပြီး သတ္တိ ကောင်းနေတယ်ဆိုရင် ဂိုဏ်းတူညီလေး လုရီကို ဆက်ပြီး စိမ်ခေါ်လေ ။ ဘာလို့ ငါ့ကိုလာပြီး ဆွဲထည့်နေတာလဲ ။ ပြီးတော့ ငါ့ကို စိမ်ခေါ်လို့ ဘာဂုဏ်ယူစရာ ရှိလို့လဲ "
" ရှိတာ မရှိတာ ငါမသိဘူး ။ ငါသိတာက ငါက ဂိုဏ်းတူညီလေးကို မနိုင်ပေမယ့် မင်းကိုတော့ အသာလေး နိုင်တယ် ဆိုတာပဲ "
ဝမ်ရှင်းချီကလည်း မျက်နှာ အပြောင်သားပင် ။
" မင်း... မင်း... "
လီချိ၏ မျက်နှာက ဖြူလျသွားသည် ။ သူက ဤကိစ္စ၏ လက်သည်တရားခံ လုရီအား ကြည့်လိုက်သေး၏ ။ ပြီးမှ သူ့အနဖြင့် ဤဂိုဏ်းတူညီလေးအား မနိုင်နိုင်သည်ကို သတိရလိုက်သဖြင့် အဝေးသို့ အကြည့် ပြန်လွှဲလိုက်သည် ။
သူ့အနေဖြင့် ဝမ်ရှင်းချီအား ဥပမာထား၍ အခြားသော ပစ်မှတ် တစ်ခု ရှာရပေမည် ။ ထို့အပြင် သူက ဤနေရာ၌ အားအနည်းဆုံး လူတစ်ယောက် မဟုတ်ပေ ။
ယင်းအခိုက်အတန့်၌ပင် ဓားတစ်လက်၏ အလင်းတန်းက ကောင်းကင်ယံကို ထိုးခွင်း၍ စင်မြင့်ထက် ကျလာလေ၏ ။
ထိုအလင်းတန်း၏ လက်သည် တရားခံသည်ကတော့ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် ကျင့်ကြံသူ မိန်းမပျို တစ်ဦးပင် ။ သူမက ရေတံခွန်ကဲ့သို့ ဖြောင့်စင်းနေသည့် ဆံကေသာ နှင့် အေးစက်စက် မျက်နှာထားတို့အား ပိုင်ဆိုင်ထားသော မိန်းမချောလေး တစ်ဦးလည်း ဖြစ်သည်။
ထိုမိန်းမပျိုကို မြင်လျှင် လုရီက မရေမရာ ဖြစ်သွား၏ ။ သူမှတ်မိသလောက်ဆိုလျှင် သင်ခန်းစာ ပို့ချသည့် အကြီးအကဲက အဘိုးအို တစ်ဦးဖြစ်၏ ။ ထိုအဘိုးအိုက ယခုတွင် အဘယ်ကြောင့် မိန်းမပျိုလေး တစ်ဦး အဖြစ်သို့ ပြောင်းလဲသွားသည်နည်း ။