ဝိညာဥ်တံဆိပ်နည်းစနစ်
Vol. 79 Ch. 782
ဝိညာဥ်တံဆိပ်နည်းစနစ်နှင့် ပတ်သက်၍ စုချန်း၏ ရှင်းလင်းချက်ကို ကြားရသောအခါ လူပျံတော်များ၏ ရည်ရွယ်ချက်ကို ပိတ်လော့ သဘောပေါက်သွား၏။ လူပျံတော်များကား ပိုးကောင်ဘုရင်မကို ဝိညာဥ်တံဆိပ်နည်းစနစ်နှင့် ထိန်းချုပ်ပြီး ၎င်းအရွယ်ရောက်လာချိန်တွင် မိုးပျံမြို့တော်ငယ်အမှတ်ခြောက်အဖြစ် အသုံးချရန် ကြံစည်ထားခြင်းပင်။
"ဒီတော့ ဒီကောင်ကြီးကို ဝိညာဥ်တံဆိပ်ခတ်ပြီးပြီလား သခင်"
ပိတ်လော့က မေးခွန်းထုတ်လိုက်ပြန်၏။
"ကျုပ်တို့ကံကောင်းတယ်ဆိုရမှာပဲ"
စုချန်းက ပြန်ဖြေလိုက်သည်။
"ဝိညာဥ်တံဆိပ်နည်းစနစ်ကို ပစ်စလတ်ခတ်သုံးလို့မရဘူးဗျ သံသကရိုက်ပလွေတွေတောင် ဒီနည်းစနစ်ကိုသုံးချင်ရင် ပစ်မှတ် အရွယ်တခုရတဲ့အထိ စောင့်ဆိုင်းရတယ် ကျုပ် မှန်းရသလောက် ပိုးကောင်ဘုရင်မဟာ အရွယ်တခုရောက်တဲ့အထိ ဝိညာဥ်တံဆိပ်ခတ်ခံထားရခြင်း မရှိသေးဘူး ဒါ့အပြင် အိုရီအိုးလ်ဟာ ယုန်မျိုးနွယ်ကို ကူညီပြီး ကျူးရှန်းလင်ရဲ့ ရုပ်သေးရုပ်အပေါ် ဒီနည်းစနစ်သုံးခဲ့ရတဲ့အတွက် သူ ဒါကိုပြန်သုံးဖို့ အချိန်တခုတော့ စောင့်ရအုံးမှာပဲ ပြီးတော့ အိုရီအိုးလ် ကျုပ်လက်ထဲရောက်သွားတော့ သူ ဒီကောင်ကြီးကို ဝိညာဥ်တံဆိပ် မခတ်နှိပ်ရသေးတာ သေချာတယ် ခုဆိုရင် ဒီပိုးကောင်ဘုရင်မဟာ အမွေးအတောင်စုံတဲ့အရွယ်ကို ရောက်နေပြီ ဒါကြောင့် သူ့က်ို ဝိညာဥ်တံဆိပ် ခတ်နှိပ်လို့ရနေပြီ"
"ဒါပေမဲ့ သခင်က သံသကရိုက်ပလွေမှ မဟုတ်ပဲ ဒီနည်းစနစ်ကို ဘယ်လိုသုံးမလဲ"
ပိတ်လော့ သက်ပြင်းချရင်း ပြောလိုက်လေသည်။
"ဒီနည်းစနစ်ဟာ ကျုပ် အပိုင်မဟုတ်ဘူး ဒါနဲ့ပဲ ဒီနည်းစနစ်ရဲ့အစွမ်းကို ကျုပ် မဖော်ထုတ်နိုင်ဘူးလို့တော့ မဆိုလိုဘူးလေ"
ပြောပြောဆိုဆို စုချန်းက သူ့လက်တွင် ထင်းခနဲပေါ်နေသည့် အင်ကင်နာနည်းစနစ်ပုံစံအား မူလစွမ်းအင်ဖြင့် ဖြည့်သွင်းလိုက်၏။
အာကင်နာနည်းစနစ်ပုံစံသည် အရောင်များဝင်းလက်ပြိုးပြက်လာပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။ အာကင်နာနည်းစနစ်ပုံစံ ပျောက်ကွယ်သွားသည့်တိုင် စိတ်ဝိညာဥ်ဥမင်ကား ပွင့်သွားခဲ့ပြီ ဖြစ်သည်။
ထိုခနဝယ် ပိုးကောင်ဘုရင်မ၏ စိတ်ဝိညာဥ်လှိုင်းများကို စုချန်း ထင်းခနဲ အာရုံခံမိလိုက်၏။
အနှီပိုးကောင်ဘုရင်မပေါက်စ ကား ငိုကြွေးနေခြင်းပင်။
တဖက်မှ ပိုးကောင်ဘုရင်မပေါက်စကလည်း စုချန်း၏ စိတ်ဝိညာဥ်လှိုင်းကို အာရုံခံမိဟန်ပေါ်၏။
ထိုအခါ စုချန်းက မပွင့်တပွင့်ပြုံးရင်း ပြောလိုက်လေသည်။
"ကျုပ်ဟာ မင်းရဲ့ဖခင် မင်းရဲ့ အရင်းနှီးဆုံး မိသားစုဝင်ပဲ ဒါကို တသက်က်လုံး မှတ်ထားပေတော့"
ပိုးကောင်ဘုရင်မသည် သာမာန်အားဖြင့် စုချန်း၏ စကားကို နားလည်နိုင်စွမ်းမရှိ။ သို့သော် စိတ်ဝိညာဥ်ဆက်သွယ်မှုကြောင့် စုချန်း ဘာကိုဆိုလိုမှန်း သူမ သဘောပေါက်လိုက်၏။
"မဟုတ်ဘူး"
စိတ်ဝိညာဥ်တံဆိပ်ခတ်နှိပ်ခြင်းကို အသုံးပြုရာတွင် မဆိုစလောက် နောက်ကျသွားခြင်းကြောင့် ပိုးကောင်ဘုရင်မက ခုခံရန် ကြိုးစားနေခြင်းပင်။
ထိုအခါ စုချန်းက ထပ်ပြောလိုက်ပြန်သည်။
"မင်း ခံစားနေတဲ့ဝေဒနာကို ကျုပ် ဖယ်ရှားပေးနိုင်တယ်"
"ဖခင်"
ပိုးကောင်ဘုရင်မက ချက်ချင်းပင် တုံ့ပြန်လာ၏။
အရွယ်ပင်မရောက်သေးသော သက်ရှိသတ္တဝါတွင် ဘယ်ဂုဏ်သိက္ခာမှ မရှိသေး။ ထို့ကြောင့် ၎င်းအား ဝါကျတကြောင်းတည်းနှင့် လှည့်စား၍ ရပေသည်။
"ဒါဆိုလဲ ကျုပ်အမိန့်ကို နာခံ ကျုပ်ပြောတာကို နားထောင် ကြားသလား"
ပြောနေရင်းနှင့်ပင် စုချန်းသည် ဝိညာဥ်တံဆိပ်နည်းစစနစ်အတိုင်း ပိုးကောင်ကြီး၏ စိတ်ဝိညာဥ်ထဲတွင် အမှတ်အသား ပြုလုပ်လိုက်၏။
"ဖခင်ရဲ့သဘောအတိုင်းဖြစ်စေရပါမယ်"
ထိုခနဝယ် သူ့ကြိုးပမ်းမှု အောင်မြင်သွားပြီဖြစ်ကြောင်း စုချန်း သဘောပေါက်လိုက်၏။
ထိုစဥ် စုချန်း၏ ခေါင်းထဲသို့ အတွေးတခု ဝင်ရောက်လာ၏။ ထိုအခါ သူက အောက်ပါအတိုင်း ပြောလိုက်ပြန်သည်။
"ဒီအမှတ်အသားကို မင်းစိတ်ဝိညာဥ်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာ မြှုပ်နှံထားရမယ် ကျုပ် မနှိုးဆွမချင်းပေါ့ ဘယ်လိုနည်းလမ်းနဲ့ နှိုးဆွမလဲဆိုတော့....."
ပိုးကောင်ဘုရင်မက ဆက်ပြောလိုက်လေသည်။
"ဖခင်ဆီက သီးသန့်အမိန့်ရောက်လာမှ အမှတ်အသားက နိုးထလာရမယ်"
"သခင် ဘာတွေလုပ်နေတာလဲ"
ပိတ်လော့က တအံ့တသြနှင့် မေးခွန်းထုတ်လိုက်၏။
ပိတ်လော့၏ မေးခွန်းအား စုချန်း ဂရုမစိုက်။ သူက ဆက်ပြောလိုက်ပြန်သည်။
"ခုချိန်ကစပြီး မင်းဟာ မိုးပျံမြို့တော်ငယ်အမှတ်ခြောက် ဖြစ်သွားပြီ ဒီအမှတ်အသား မနိုးထလာခင်ထိ မင်းဟာ လူပျံတော်တွေရဲ့ အမိန့်က်ို နာခံရလိမ့်မယ်"
"ကောင်းပါပြီ ဖခင်"
စုချန်း ပြုံးလိုက်၏။ သူ့အလုပ်ကတော့ ချောချောမောမော ပြီးစီးသွားလေပြီ။
ပိတ်လော့က မေးလိုက်ပြန်သည်။
"သခင် လုပ်ချင်တာ..."
စုချန်း ခေါင်းညိတ်လိုက်၏။
"ခင်ဗျား ထင်ထားတဲ့အတိုင်းပဲ ကျုပ် သူ့ကို လူပျံတော်တွေဆီ ပြန်ပို့မလို့ပဲ"
လူပျံတော်တွေဆီ ပြန်ပို့မလို့!!!
စုချန်း၏ စကားသည် ပိတ်လော့၏ နားထဲတွင် မိုးခြိမ်းသံပမာ ပဲ့တင်ထပ်သွား၏။
"တော်တော်ကောက်ကျစ်ပြီး အရှက်နည်းတဲ့အစီအမံပဲ သခင်"
ပိတ်လော့ ခေါင်းတဆတ်ဆတ်ညိတ်ရင်း ရေရွတ်လိုက်သည်။
"ဒါပေမဲ့ ဒီအစီအမံကို ကျုပ် တော်တော်သဘောကျတယ်သခင်"
ပိုးကောင်ဘုရင်မပေါက်စနှင့် သူမ၏ ပိုးကောင်များသည် မိုးပျံမြို့တော်ငယ်အမှတ်ခြောက်အဖြစ် လာမည့်ကာလတွင် အသုံးတော်ခံပေးပေလိမ့်မည်။ ၎င်းတို့၏ မိုးပျံမြို့တော်ငယ်စီမံကိန်းအောင်မြင်ရင် လူပျံတော်များ မည်မျှ ကြိုးပမ်းမည်မှာ ယုံမှားသံသယဖြစ်နေစရာမလိုချေ။ လူပျံတော်များသည် ၎င်းတို့၏ သွေးချွေးများကိုရင်း၍ ဤစီမံကိန်းအောင်မြင်ရန် သေချာပေါက်ကြိုးစားကြမည်သာ။
ထို့နောက်တွင်တော့ ၎င်းတို့၏ ကြိုးပမ်းမှုအသီးအပွင့်ကို စုချန်းအနေနှင့် အလွယ်တကူ ရိတ်သိမ်းလိုက်ရုံသာ။ ၎င်းသည် လူပျံတော်များအား အကြီးအကျယ် အထိနာသွားစေပေလိမ့်မည်။ အဆိုပါအထိနာမှုသည် သတ်ဖြတ်သူများ မူလအရိုးတောင်ဝှေး၊ အသက်ဓာတ်ဆေးမင်တို့ကို ဆုံးရှုံးပြီး မျိုးစိတ်အတွင်း ပဋိပက္ခများ ဖြစ်ကျန်ရစ်သည်ထက် မနိိမ့်လှ။
"ဒါပေမဲ့ လောလောဆယ်တော့ ကျုပ် သူ့ကို ပိုပြီးနားလည်အောင်လုပ်ဖို့ လိုနေသေးတယ်"
ပြောပြောဆိုဆို စုချန်းသည် လေဟာနယ်အတွင်းသို့ လှမ်းဝင်လိုက်လေသည်။ ဤတကြိမ်တွင်တော့ ပိုးကောင်ဘုရင်မက စုချန်းအား တိုက်ခိုက်ခြင်းမပြုတော့။
လေဟာနယ်အတွင်းရောက်သည်နှင့် စုချန်းသည် သူ စေလွှတ်ထားသည့် ပိုးကောင်အား ဦးစွာ ပြန်လည်သိမ်းဆည်းလိုက်၏။ ပြီးမှ သူက ပိုးကောင်ဘုရင်မအား အကဲခတ်လိုက်လေသည်။
ပိုးကောင်ဘုရင်မကား ပေတရာခန့်ပင် မြင့်မား၏။ အရွယ်မရောက်ခင်ကပင် ဤမျှအကောင်ကြီးမားနေလျင် အရွယ်ရောက်မူ တောင်ပူစာတလုံးစာမျှ ကြီးမားလာမည့်သဘောပင်။ ပြုပြင်ဖန်တီးထားခြင်းမရှိသေးသည့်တိုင် မိုးပျံမြို့တော်ငယ်နှင့် အရွယ်အစားတူညီနေသည့် ပိုးကောင်ဘုရင်မကြီးပင်။
လူပျံတော်များ ၎င်းကို မိုးပျံမြို့တော်ငယ်၏ ကယ်ရီယာအဖြစ် အသုံးပြုရန် စဥ်းစားနေသည်မှာ အံ့သြစရာမဟုတ်တော့။
ပိုးကောင်ဘုရင်မ၏ အောက်တွင် လကျောက်များမှာ ပင်လယ်ပြင်ကြီးသဖွယ် တမျှော်တခေါ်ကြီး ပြန့်ကျဲနေ၏။ ပိုးကောင်အုပ်စုကား အဆိုပါလကျောက်များကို စားသုံးနေကြခြင်းပင်။ ဤတချက်နှင့်ပင် လကျောက်မိုင်းတွင်း ဘာကြောင့် မြန်မြန်ဆန်ဆန်ခန်းသွားမှန်း သိသာနေလေသည်။
စုချန်းသည် ပိုးကောင်သိုက်၏ ရှေ့တွင်မတ်တပ်ရပ်ပြီး ပိုးကောင်ဘုရင်မ၏ ပုံစံအား ကျကျနနပင် အကဲခတ်လိုက်၏။
ဝိညာဥ်တံဆိပ်နည်းစနစ်ကြောင့် စုချန်းနှင့် ပိုးကောင်ဘုရင်မကြားတွင် လျှို့ဝှက်ဆန်းကြယ်သော ဆက်နွယ်မှုတခု ဖြစ်ပေါ်နေ၏။ အဆိုပါဆက်နွယ်မှုကြောင့် ပိုးကောင်ဘုရင်မ မည်သို့မည်ပုံ ဖြစ်တည်လာသည်ကို စုချန်း သိလိုက်ရလေသည်။
ပိုးကောင်ငယ်များအား တသမတ်တည်းမွေးထုတ်ပေးနေခြင်းကြောင့် ၎င်းအား ပိုးကောင်ဘုရင်မဟု ခေါ်မည့်အစား သားဖောက်မိခင်ကြီးဟုသာ ခေါ်သင့်ပေသည်။ ၎င်းသည် အရွယ်မရောက်သေးသည့်တိုင် စုချန်း ကနဦးသတ်ပစ်လိုက်သည့် ပိုးကောင်ငယ်များကို အမြောက်အများ မွေးထုတ်ပေးနိုင်၏။ အဆိုပါ ပိုးကောင်ငယ်များကား တိုက်ခိုက်ရေးပိုးကောင်များ မဟုတ်။ အရင်းအမြစ်များ ရှာဖွေပေးရသည့် လုပ်သားပိုးကောင်များသာ ဖြစ်ကြလေသည်။ လုပ်သားပိုးကောင်များ သေဆုံးသွားသည့့်အခါ ၎င်းတို့၏ စိတ်ဝိညာဥ်စွမ်းအင်များသည် သားဖောက်မိခင်ကြီးဆီသို့ ပြန်လည်စီးဆင်းသွားကြ၏။ အဆိုပါ စိတ်ဝိညာဥ်စွမ်းအင်များကို ထိမ်းသိမ်းထားရန် နည်းလမ်းမရှိသောကြောင့် သားဖောက်မိခင်သည် ၎င်းစွမ်းအင်များအား သူ့ပတ်ပတ်လည်တွင် လှည့်ပတ်ထားစေလိုက်တော့သည်။ စုချန်းအား ကနဦး ဒဏ်ရာရစေခဲ့သည့် လေလှိုင်းများမှာတခြားမဟုတ်။ အဆိုပါ စိတ်ဝိညာဥ်စွမ်းအင်များပင် ဖြစ်လေသည်။
သားဖောက်မိခင်ကြီး၏ စိတ်ဝိညာဥ်စွမ်းအားသည် ပိုးကောင်ငယ်များအား ထိန်းချုပ်ရာတွင်သာ အသုံးဝင်သည်မဟုတ်ပဲ ပိုးကောင်ငယ်များဘက်မှ မိခင်ကြီးကို ပြန်လည်ဆက်သွယ်ရာတွင်လည်း အသုံးဝင်၏။ ထိုနှစ်ချက်မှအပ သားဖွားမိခင်တွင် တခြားအသုံးချနိုင်သည့် မည်သည့်စိတ်ဝိညာဥ်စွမ်းရည်မျိုးမှ ရှိမနေချေ။ ပထမဆုံး ရင်ဆိုင်ရချိန် သူမ၏ စိတ်ဝိညာဥ်စွမ်းအား အလွန်မြင့်မားနေရခြင်းမှာလည်း စုချန်းက များပြားလှသော လုပ်သားပိုးကောင်ငယ်များအား သတ်ပစ်လိုက်ခြင်းကြောင့်သာ ဖြစ်လေသည်။
နောက်ဆုံးတော့ ပိုးကောင်သည် ပိုးကောင်မျှသာ ဖြစ်သည်။ ၎င်း အားကိုးသည်မှာ ခွန်အားကိုသာ ဖြစ်၏။ စိတ်ဝိညာဥ်စွမ်းအားကို မဟုတ်။
သားဖောက်မိခင်ကြီးသည် အရွယ်ရောက်လာစေရန် ၎င်း၏ ပတ်ဝန်းကျင်ရှိ မူလစွမ်းအင်ကို စုပ်ယူနေသည့်အပြင် တချိန်တည်းတွင် လုပ်သားပိုးကောင်များ ရှာဖွေပေးနေသည့် အရင်းအမြစ်များကို စားသုံးပြီး ၎င်းတို့ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်မာလာစေရန် တည်ဆောက်နေတတ်၏။
သို့သော် သားဖောက်မိခင်ကြီး ယခင်က တကယ်စားသုံးသည်မှာ သတ္တုမဟုတ်ချေ။ တခြားသက်ရှိများ၏ အသားကိုသာ စားသုံးခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာမှာ မိုးပျံမြို့တော်ငယ်၏ ကယ်ရီယာအဖြစ် အသုံးတော်ခံနိုင်သောအခြေအနေတွင် မရှိ။
ထို့ကြောင့် လူပျံတော်များက ရွှေစားမျောက်ဝံ၏ အလောင်းတည်ရှိနေသော ဤနေရာသို့ သားဖောက်မိခင်အား ပို့လိုက်ခြင်းပင်။ သို့မှသာ ရွှေစားမျောက်ဝံ၏ ကြွင်းကျန်ရစ်သောအရိုးများကို စားသုံးပြီး သားဖောက်မိခင်၏ ရုပ်ပိုင်းဆိုင်ရာသည် တမုဟုတ်ချင်း တိုးတက်လာမည် မဟုတ်ပါလား။
"ဒီအတိုင်းဆိုရင်တော့ ကြယ်ရွှေမိုင်းတွင်းကို စွန့်လွှတ်နိုင်မလားလို့ ကျူးမျိုးနွယ်ကို ကျုပ် မေးရတော့မယ်"
အခြေအနေကို သဘောပေါက်လိုက်ပြီးနောက် စုချန်း သက်ပြင်းချရင်း ရေရွတ်လိုက်လေသည်။
သားဖောက်မိခင်၏ စားပုံသောက်ပုံမျိူးနှင့် လကျောက်မိုင်းတွင်း ကုန်ခန်းပြီး သိပ်မကြာမီ ရွှေကြယ်မိုင်းတွင်၏ အလှည့်ရောက်လာတော့မည်မှန်း စုချန်း သဘောပေါက်ထားသည် မဟုတ်ပါလား။
ထိုစဥ် ပိတ်လော့က ပြောလိုက်ပြန်သည်။
"ကံဆိုးတာက ကျုပ်တို့ တကယ်တမ်းရှာနေတဲ့ ရုပ်သေးရုပ်နဲ့ အလင်းမဲ့လက်စွပ်ကို ရှာမတွေ့သေးတာပဲ သခင်"
စုချန်း ပြုံးလိုက်၏။
"ဒီနေရာတခုလုံးအကြောင်းကို ဒီကောင်ကြီးက ကျုပ်တို့ထက် ပိုပြီးသိနေတယ်ဆိုတာ ခင်ဗျား မမေ့နဲ့အုံးလေ"
"ဒီတော့ သခင်ဆိုလိုတာ"
"လုပ်သားပိုးကောင်တွေကိုသုံးပြီး ကျုပ်တို့ လိုက်ရှာရမှာပေါ့ဗျ ဒီပစ္စည်းတွေ ဒီမှာတကယ်သာရှိနေသေးရင် ကျုပ်တို့ သေချာပေါက်တွေ့မှာပဲ တခုပဲ ဒါက အချိန်တော့အတော်ယူရလိမ့်မယ် ကျုပ်သတ်လိုက်တာ လုပ်သားပိုးကောင်တွေ အများကြီးသေကုန်တယ်မလား"
ထိုအခါ ပိတ်လော့က ပြောလိုက်ပြန်သည်။
"ဒါနဲ့ ကျုပ်မှာ မေးစရာတခုရှိသေးတယ်သခင်"
"ဘာများလဲဗျ"
"ဒါကြီးကို လူပျံတော်တွေဆီ သခင် ဘယ်လိုများ ပြန်ပို့ဖို့ စီစဥ်ထားသလဲ"
***