← Chapters

အကြံကိုယ်စီ

Vol. 79 Ch. 785

အကြံကိုယ်စီ

Vol. 79 Ch. 785

နောက်ဆုံးတွင်တော့ ကျူးချန်းဟွန်တယောက် စုချန်းအား အရှုံးပေးလိုက်ရတော့၏။ စုချန်းကို မည်သို့မှ မနိုင်နိုင်ကြောင်း သူ သဘောပေါက်လိုက်သည် မဟုတ်ပါလား။

အစီအစဥ်ကို အသေးစိတ်ဆွေးနွေးရန် အချိန်ကျပေပြီ။

အစီအစဥ်မှာ စုချန်းတယောက် ရုပ်ဖျက်ပြီး လူပျံတော်နယ်မြေထဲ ဝင်ရောက်ကာ တကိုယ်တော်စွန့်စားခန်းဖွင့်မည့် အစီအစဥ် မဟုတ်တော့။ စုချန်း၏ စီမံကိန်းတွင် မျိုးနွယ်စုကြီးတစု ရင်းနှီးမြုပ်နှံမှုများစွာနှင့် ပူးပေါင်းပါဝင်လာပြီ ဖြစ်သည်။ ကျူးမျိုးးနွယ်များအနေနှင့် မလိုလားအပ်ပဲ အန္တာရာယ်များသည့်အခြေအနေမျိုးကို လက်မခံ။ ထို့ကြောင့် သူတို့အနေနှင့် ပို၍ သင်တင့်လျောက်ပတ်သော အစီအစဥ်မျိုးကို တွေးတောရပေလိမ့်မည်။

ထို့ကြောင့် စုချန်းတယောက်က် အိုရီအိုးလ်အဖြစ် ရုပ်ဖျက်မည့် အစီအစဥ်ကို ကြားသည်နှင့် ကျူးချန်းဟွန်က ချက်ချင်းပင် ပယ်ချလိုက်၏။

"မဟုတ်သေးဘူးကွ မင်းဟာက အန္တရာယ်များလွန်းတယ် မင်းအနေနဲ့ လူပျံတော်မအဖြစ် ရုပ်ဖျက်လို့ရတယ် ဒါပေမဲ့ ယောကျာ်းနဲ့မိန်းမဆိုတာ အကွာကြီးပဲလေ ပြီးတော့ အိုရီအိုးလ်ဟာ တေးသံသာအသိုက်က သံသကရိုက်ပုလွေကွ သံသကရိုက်ပလွေတွေမှာ တခြားဘာထူးခြားချက်တွေရှိမှန်း ကျုပ်တို့ မသိဘူး တကယ်လို့ ဝိညာဥ်တံဆိပ်နည်းစနစ်ကို ထပ်သုံးပြပါအုံးလို့ သူတို့ခိုင်းလာရင် မင်း ဘယ်လိုလုပ်မတုန်း"

အဖိုးအို၏ စဥ်းစားတွေးခေါ်ပုံမှာ ယုတ္တိတန်လှ၏။ စုချန်းသည် အိုရိအိုးလ်နှင့် ဘယ်နေရာမှ တူနေသည်မဟုတ်။ အိိုရီအိုးလ်အဖြစ် ဟန်ဆောင်ပါက အချိန်တိုအတွင်း ဒုက္ခရောက်မည်မှာ သေချာနေ၏။

"ဒါဆို သားဖောက်မိခင်ပိုးကောင်ကို လူပျံတော်နယ်မြေထဲ ကျုပ်တို့ဘယ်လို ပြန်ပို့ကြမတုန်း"

စုချန်းက မေးခွန်းထုတ်လိုက်ပြန်သည်။

သို့သော် အဖိုးအိုမှာကား စကားမပြတ်သေး။

"နောက်တခုရှိသေးတယ်ကွ အိုရီအိုးလ်အဖြစ် ဟန်ဆောင်နိုင်ခဲ့ရင်တောင် မင်းအစီအစဥ်က အောင်မြင်ဖို့မလွယ်ဘူး ခုလောက်ဆိုရင် အိုရီအိုးလ် အဖမ်းခံရမှန်း သူတို့အကုန်သိသွားလောက်ပြီ"

စုချန်း သက်ပြင်းချလိုက်၏။

"ဒါကြောင့်မို့လို့လဲ ကျုပ် ခေါင်းကိုက်နေတာပေါ့ခင်ဗျာ"

"မင်း ခေါင်းကိုက်မှာပေါ့ မင်းက မင်းဘက်ကနေပဲ စဥ်းစားနေတာကိုး လူပျံတော်တွေကော ဘယ်လိုတွေးနေမလဲ သူတို့ဘက်က မင်း စဥ်းစားဖူးလား"

"ဟင် လူပျံတော်တွေဖက်က"

ကျူးချန်းဟွန်၏ စကားကြောင့် စုချန်း မျက်လုံးပြူးသွားလေသည်။ အဖိုးအိုက စကားဆက်ပြန်၏။

"ဟုတ်တယ်လေ လူပျံတော်တွေဟာ အချိန်ကုန်ခံ အရင်းအမြစ်တွေကုန်ကျခံပြီး နှစ်ရှည်လများ ကြိုးပမ်းလာခဲ့တဲ့ မိုးပျံမြို့တော်ငယ်စီမံကိန်းကို အလွယ်တကူ လက်လျော့လိုက်လိမ့်မယ်လို့ မင်း ထင်နေသလား"

ကျူးချန်းဟွန်၏ စကားကြောင့် စုချန်း တွေခနဲ ဖြစ်သွား၏။ တဆက်တည်းမှာပင် သူ အမှားကြီးလုပ်မိပြီဖြစ်ကြောင်း စုချန်း သဘောပေါက်လာလေသည်။

သူသည် သားဖောက်မိခင်ပိုးကောင်အား လူပျံတော်များလက်ထဲ မည်သို့မည်ပုံ ပြန်ပို့ရမည်ကိုသာ ခေါင်းခြောက်မတတ် စဥ်းစားနေ၏။ လူပျံတော်များသည်လည်း သူ့ကဲ့သို့ပင် သားဖောက်မိခင်ပိုးကောင် သူတို့လက်ထဲ ပြန်ရောက်အောင် အသည်းအသန် ကြိုးပမ်းနေကြမည်ကိုတော့ သူ မတွေးမိချေ။

ထိုသို့တွေးမိသည်နှင့် စုချန်း၏ မျက်လုံးအစုံသည် အရောင်တောက်လာ၏။

"ဒီရက်ပိုင်း လူပျံတော်တွေဘက်က ထူးထူးဆန်းဆန်း လှုပ်ရှားမှုတွေများ ရှိနေသလားဗျ"

ကျူးချန်းဟွန် တဟဲဟဲ ရယ်မောလိုက်၏။

"ပြီးခဲ့တဲ့ ရက်တချို့က လူပျံတော်တွေဖက်က အတိုက်အခိုက်ရပ်စဲရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ကမ်းလှမ်းလာတာရှိတယ် ဒီလောက်မာန်ထောင်တဲ့ကောင်တွေ ကျုပ်တို့နဲ့ ဆွေးနွေးဖို့ပြောလို့ ကျုပ် အံ့သြနေတာ လက်စသတ်တော့ ဒါကြောင့်ကိုးကွ"

စုချန်း ရယ်မောလိုက်လေသည်။

"သူတို့ ဒီကိုရောက်လာကြအုံးမှာ ကျုပ်တော့ မြင်ယောင်နေပြီ"

"ကဲ မင်းတွေ့ပြီလား ကိစ္စက ရိုးရိုးရှင်းရှင်းလေးပဲ ကျုပ်တို့ ဘာမှလုပ်စရာမလိုဘူး အခွင့်အရေးရောက်လာမှာကို ထိုင်စောင့်နေရုံပဲ ပြီးတော့ ကျုပ်တို့တခုခုထလုပ်လိုက်လို့ သူတို့ကို သတိပေးသလိုဖြစ်သွားမှာကိုလဲ တဖက်က ပူရသေးတယ်"

"ဘေးတော်ကြီး မှန်ပါတယ်ခင်ဗျာ"

စုချန်းက နှစ်ထောင်းအားရဟန်ဖြင့် ပြောလိုက်တော့သည်။

အဖိုးအိုကား တကယ်ပင် အတွေ့အကြုံရင့်ကျက်လှ၏။ ဝါကျအနည်းငယ်နှင့် စုချန်း အခက်ကြုံနေသော ပြသနာ၏ အဖြေကို ဆွဲထုတ်ပြလိုက်လေပြီ။

သူတို့ လုပ်စရာရှိသည့် တခုတည်းသောအရာမှာ အခွင့်အရေး လက်ထဲရောက်လာမည့်အရေးကို ထိုင်၍စောင့်နေရုံသာ။

သို့သော် သူတို့တွင် ဖြေရှင်းစရာ ပြသနာများစွာ ကျန်နေသေး၏။ ပြသနာတခုချင်းစီကို တဆင့်ချင်း တလှမ်းချင်း အဖြေထုတ်သွားရပေလိမ့်မည်တည်း။

_____________×××____________×××______________

ဤယနေ့တွင် ခရမ်းရောင်ရေစီးကြောင်းတယောက်က် အတော်လေး စိတ်မကြည်လင် ဖြစ်နေ၏။

တကယ်တော့ လူပျံတော်များနှင့် လူသားများအကြားဝယ် နာကြည်းချက်ဟူ၍ သိပ်များများစားစား မရှိလှ။ သူတို့အကြား တင်းမာမှုများမှာ ရန်ညိုးကြောင့်မဟုတ်ပဲ နယ်မြေပိုင်ဆိုင်မှုနှင့် အရင်းအမြစ်များမှ လာ၏။

တဖက်တွင်လည်း နယ်မြေချင်း နီးကပ်နေပြန်သဖြင့် တဖက်ဖက်တွင် ပဋိပက္ခများဖြစ်ပွားပါက ကျန်တဖက်သို့လည်း ဂယက်ရိုက်နိုင်သော အန္တရာယ်မျိုး ရှိနေပြန်၏။

ထို့ကြောင့် လူပျံတော်များနှင့် လျောင်ယဲ့နိုင်ငံသည် လိုအပ်လာပါက ပူးပေါင်းဆောင်ရွက်တတ်သော အစဥ်အလာမျိုး ရှိ၏။ အထူးသဖြင့် သားရဲများနှင့် ပတ်သက်လျင် သူတို့ အတူတကွ ပူးပေါင်းတိုက်ခတ်တတ်ကြပေသည်။

မည်သည့်အချိန်တွင် တိုက်ခိုက်မည်နည်း။ မည်သည့်အချိန်တွင် ပူးပေါင်းဆောင်ရွက်မည်နည်း။ ခရမ်းရောင်ရေစီးကြောင်းကား သံတမန်ရေးရာအကြီးအကဲအနေနှင့် အထက်ပါဆုံးဖြတ်ချက် သင့်၏မသင့်၏ ညှိုနှိုင်းရန် တာဝန်ရှိသူတဦး ဖြစ်လေသည်။

သို့သော်ကြား ယခုလက်ရှိ သူရင်ဆိုင်နေရသည့် အခြေအနေမှာ ယခင်ထက် ပို၍ ရှုပ်ထွေးနေ၏။

ထို့ပြင် သူသည် သံတမန်ရေးရာအရ တာဝန်ရှိသူတဦးသာ ဖြစ်သည်။ ဆုံးဖြတ်ချက်အလုံးစုံကို ချမှတ်ခွင့်ရှိသူ မဟုတ်ပြန်။

ပို၍ အရေးကြီးသည်မှာ ဤတကြိမ် သူ့တာဝန်က ဘာမှန်းပင် သူ ဂဃနဏ မသိ။ ဘယ်သူကို ဘာတိုက်တွန်းရမည်၊ ဘာအတွက် တိုက်တွန်းရမည်၊ ဘယ်အကြောင်းအရာကို ဇောင်းပေး၍ ပြောဆိုရမည် စသဖြင့် ဘယ်သတင်းအချက်ကိုမှ သူ သိရှိထားခြင်းမရှိ။

အမိန့်နှင့် ညွှန်ကြားချက်များကို ပါးစပ်ပိတ်၍ လိုက်နာပါဟုသာ သူ့ကို အမိန့်ပေးထားကြ၏။

"သံတမန်အဖွဲ့အနေနဲ့ တောင်ပြားမြို့မှာ စိတ်တိုင်းကျဆောင်ရွက်နိုင်ဖို့ မင်းအနေနဲ့ အာမခံရလိမ့်မယ် အကောင်းဆုံးကတော့ တောင်ပြားမြို့အတွင်းမှာ သူတို့တွေ စိတ်တိုင်းကျလုပ်ပိုင်ခွင့်ရလာအောင် မင်းက ကူညီပေးဖို့ပဲ"

ကြည့်...ဤအမိန့်ကို ပေးလိုက်သည့် လူပျံတော်သည် မည်မျှ ရူးမိုက်လိုက်လေသနည်း။

တောင်ပြားမြို့သည် နယ်စပ်မြို့မဟုတ်။ လျောင်ယဲ့နိုင်ငံအလယ်မှ မြို့ဖြစ်သည်။ စစ်ရေးအရမဟုတ်ပဲ နိုင်ငံရေးသက်သက်နှင့် သူတပါးနိုင်ငံမှ မြို့တမြို့တွင် လူပျံတော်သံတမန်အဖွဲ့အနေနှင့် မည်သို့ စိတ်တိုင်းကျဆုံးဖြတ်လုပ်ကိုင်ခွင့် မည်သို့ရှိအံ့နည်း။

မည်သို့ဆိုစေ ယခုအချိန်ထိ အကြီးအကဲများသည် တောင်ပြားမြို့တွင် ရှိနေသည့့် လျှို့ဝှက်ချက်ကို ယခုတိုင် ထုတ်မပြောသေး။ ထိုအခါ ကိစ္စတခုလုံးကို ပုံဖော်ရန်ကြိုးစားနေရသော ခရမ်းရောင်ရေစီးကြောင်းအဖို့ ခေါင်းပင်ကိုက်လာတော့သည်။

"ဘာပဲဖြစ်ဖြစ် သံတမန်အဖွဲ့ကို တောင်ပြားမြို့ဆီ စေလွှတ်မှကို ရမယ်"

လနှင်းမြူက ပြောလိုက်၏။

"ဒီဖြစ်ရပ်နဲ့နောက်ကွယ်မှာ ဘာလျှို့ဝှက်ချက်တွေရှိနေသလဲတော့ ကျုပ် မသိဘူး ဒါပေမဲ့ ယုန်မျိုးနွယ်သစ္စာဖောက်မှုကိုတော့ လူတိုင်းသိကုန်ပြီ ခုချိန်မှာ ကျုပ်တို့ တောင်ပြားမြို့ကိုသွားရင် နာမည်ကြီးကုန်လိမ့်မယ်"

ခရမ်းရောင်ရေစီးကြောင်းက စိတ်ပျက်ဟန်ဖြင့် ရေရွတ်လိုက်လေသည်။

လနှင်းမြူက ပြောလိုက်ပြန်၏။

"နာမည်ကြီးလဲ မတတ်နိုင်ဘူး ကျွန်မတို့ရဲ့ ရင်းနှီးမြုပ်နှံမှုကိုတော့ ပြန်ရမှဖြစ်မယ် ဒီတိုင်းတော့ အဆုံးရှုံးမခံနိုင်ဘူး"

"ဘယ်လိုရင်းနှီးမြုပ်နှံမှုမျိုးလဲ အတိအကျပြောစမ်းပါ"

ခရမ်းရောင်ရေစီးကြောင်းက လနှင်းမြူအား စိုက်ကြည့်ရင်း မေးလိုက်လေသည်။

သို့သော် လနှင်းမြူက ငြင်းဆန်လိုက်၏။

"ကျွန်မ ရှင့်ကို မပြောနိုင်ဘူး"

ခရမ်းရောင်ရေစီးကြောင်း စိတ်ပျက်သွားလေသည်။

"ဒါဆိုလဲ ဒီရင်းနှီးမြုပ်နှံမှုဟာ ယုန်မျိုးနွယ်သစ္စာဖောက်မှုနဲ့ ပတ်သက်၏ မပတ်သက်၏လောက်တော့ ပြောဗျာ"

လနှင်းမြူတွေသွား၏။ အတန်ကြာမှ ခေါင်းညိတ်ပြလိုက်လေသည်။

မည်သို့ဆိုစေ အဖြေတခုရလိုက်ခြင်းကြောင့် ဤအခြေအနေကို ပို၍ ကိုင်တွယ်နိုင်စွမ်းရှိလာသည်ဟု ခရမ်းရောင်ရေစီးကြောင်း ခံစားလိုက်ရ၏။

ထို့နောက် သူက ပြောလိုက်သည်။

"ဒါဆိုရင်တော့ ရှေ့ဆက်လို့ရနိုင်မဲ့ လမ်းကြောင်းတခုတော့ ကျုပ် တွေးမိတာရှိတယ်"

"ဘာများလဲရှင့်"

"တလောက ကျူးမျိုးနွယ်စုဟာ လူပျံတော်အကျဥ်းသားတွေ အများကြီးဝယ်ခဲ့တယ်လို့ ကျုပ် သတင်းရထားတာ ရှိတယ်"

"သူတို့ဘာကြောင့် ဒီလိုလုပ်ရတာတဲ့လဲ"

ခရမ်းရောင်ရေစီးကြောင်းက ပြန်ဖြေလိုက်သည်။

"ဘာကြောင့်လဲဆိုတော့ ယုန်မျိုးနွယ်စုသစ္စာဖောက်မှုကို ဖော်ထုတ်ခဲ့တဲ့ စုချန်းဆိုတဲ့ လူငယ်ကြောင့်ပဲ အကျဥ်းသားတွေကို သူ တောင်းဆိုခဲ့တာ ပြီးတော့ ဒီကောင်ဟာ အကျဥ်းသားတွေကို အစမ်းသပ်ခံတွေအဖြစ် ပြောင်းလဲပစ်သတဲ့"

"ဘာ ဒီလူယုတ်မာ"

"ဟုတ်တယ် ဒီကောင်ဟာ လူယုတ်မာပဲ ပြီးတော့ သိပ်ပြီးလဲ ကြောက်စရာကောင်းတယ်"

ခရမ်းရောင်ရေစီးကြောင်း သက်ပြင်းချရင်း ပြောလိုက်၏။

သံတမန်ရေးရာအကြီးအကဲတဦးအနေနှင့် လူသားနယ်မြေမှ သတင်းများကို အမြဲတစေစုဆောင်းနေရသူပီပီ စုချန်း သတ်ဖြတ်သူနယ်မြေတွင် ဘာလုပ်ခဲ့သည်ကို ခရမ်းရောင်ရေစီးကြောင်း ကောင်းကောင်းသိထားသည် မဟုတ်ပါလား။

ထို့နောက် သူက စကားဆက်လိုက်ပြန်သည်။

"ဘာပဲဖြစ်ဖြစ် ဒီလူယုတ်မာကြောင့် ကျုပ်တို့ ဟိုမှာအကြောင်းပြချက်ပေးဖို့ အခွင့်အရေးတခု ရလာပြီ အကြောင်းပြချက်ကတော့ အတုပေမဲ့ အတော်အသင့် ယုတ္တိရှိပါတယ်"

လနှင်းမြူ သဘောပေါက်သွား၏။

"ဒီတော့ အကျဥ်းသားတွေထဲက တစုံတဦးရဲ့ ကံကြမ္မာအတွက် ကျွန်မတို့ လာညှိုနှိုင်းတယ်လို့ ရှင်က အကြောင်းပြမယ်ပေါ့ ဟုတ်လား"

ခရမ်းရောင်ရေစီးကြောင်း ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ် ဥပမာ မီးလျံအိုရီအိုးလ်ဆိုရင် အကြောင်းပြလို့ဘယ်လောက်ကောင်းသလဲ သူဟာ သံသကရိုက်ပလွေဖြစ်တယ် သူ့အဆင့်အတန်းအရ သူ့အတွက် ကျုပ်တို့ လာတယ်ဆိုရင် အကြောင်းအကျိူးခိုင်လုံတယ်လေဗျာ"

သို့သော် လနှင်းမြူ သက်ပြင်းချလိုက်၏။

"ရှင့်အကြံကောင်းပါတယ် ဒါပေမဲ့ မဖြစ်နိုင်တော့ဘူး"

"ဟင် ဘာလို့တုန်း"

"ဘာလို့လဲဆိုတော့ သူက သေသွားပြီကိုး"

လနှင်းမြူဆက်လက်ရှင်းပြလိုက်၏။

"မနေ့ကပဲ အိုရီအိုးလ်ရဲ့ နတ်ဘုရားစည်းတံဆိပ် ပေါ်မလာတော့ဘူး သူ မိခင်နတ်ဘုရားမဆီ ပြန်ရောက်သွားပြီ"

ခရမ်းရောင်ရေစီးကြောင်း စိတ်ပျက်သွား၏။

"မီးလျံအိုရီအိုးလ်ကို အကြောင်းပြချက်အနေနဲ့ သုံးမရတော့ဘူးဆိုတော့ ကျုပ်တို့ နောက်တယောက်ရှာရတော့မယ် အသက်ရှင်ကျန်ရစ်တဲ့ အကျဥ်းသားတွေထဲ တန်ဖိုးကြီးတဲ့သူ ဘယ်သူများကျန်နေအုံးမလဲမသိဘူး"

ထိုစဥ် အခန်းပြင်မှ သတင်းပို့သံ ထွက်ပေါ်လာ၏။

"အကြီးအကဲခင်ဗျာ တောင်ပြားမြို့က သတင်းတချို့ရောက်လာပါတယ်"

"ဘာသတင်းလဲကွ"

"သူတို့ အစမ်းသပ်ခံအဖြစ်သုံးဖို့ လူပျံတော်အကျဥ်းသားတွေ ဝယ်ချင်နေပါတယ်တဲ့ ဒါမျိုးမလုပ်ဖို့ သူတို့ကို တောင်းဆိုလိုက်ရမလား ခင်ဗျ"

"ဟာ မလုပ်နဲ့ မလုပ်နဲ့"

ခရမ်းရောင်ရေစီးကြောင်းနှင့် လနှင်းမြူထံမှ အော်သံပြိုင်တူထွက်ပေါ်လာ၏။

သံတမန်ရေးရာတွင် သာမာန်လူများသည်ပင် တခါတရံ များစွာ အသုံးတည့်နေတတ်လေသည်။

***

All Chapters