← Chapters

အခန်း (၁၀-၁၂)

Vol. 1 Ch. 10-12

အခန်း (၁၀-၁၂)

Vol. 1 Ch. 10-12

အခန်း၁၀ -ပြောင်းလဲခြင်းနှင့် နူးညံ့သိမ်မွေ့ခြင်းအဆင့် ၇ ...

~ဒုတိယမြောက် ဆုကို ရယူပြီးသည့်နောက်မှာ တိမ်တိုက်ပုံစံများ ခြယ်မှုန်းထားသော အပြာနုရောင် ဖိနပ်တစ်စုံ စားပွဲပေါ်ရောက်လာတာကို လုရီ တွေ့လိုက်ရသည်။

အလယ်လတ်အဆင့် မှော် ပစ္စည်းဖြစ်သော တိမ်စီးဆင်းမှော်ဖိနပ်တွေပဲ။

လုရီ စိတ်ထဲလှုပ်ရှားသွားရသည်။

ယခုတော့ သူသည် အလယ်အလတ် အဆင့် ရှိသော မှော်ပစ္စည်းတစ်ခုကို ရခဲ့ပြီ။

ကပ်စေးနှဲ ဇီဇာကြောင်တဲ့ အဘိုးကြီး လုက အလယ်အလတ် အဆင့် ဓားရှည်ကို ပေးမကိုင်ခဲ့သော်လည်း အခုတော့ သူ့ကိုယ်ပိုင် မှော်လက်နက်ကို ရပြီလေ။

အဘိုးကြီးသာ သိရင် ဘယ်လောက်အားကျလိုက်မလဲ။

လုရီသည် မှော်ပစ္စည်းအား ပိုင်ရှင်အဖြစ် အသိအမှတ်ပြုခံရဖို့ မစောင့်နိုင်တော့ပေ။ မှော်ပစ္စည်းတွေဆိုတာ ပိုင်ရှင်အဖြစ် အသိအမှတ်ပြုဖို့ လိုသည်။ သို့မှသာ စွမ်းအင်အကုန်လုံးကို ထုတ်သုံးနိုင်မည်။

ပိုင်ရှင်အဖြစ် အသိအမှတ်ပြုခံရတာက လွယ်ပါသည်။ လုရီ သူ၏ စိတ်ဝိဉာဉ်ကို မှော်ပစ္စည်းဆီ စီးဆင်းစေလိုက်ပြီး

ဝိဉာဉ်အမှတ်အသားတစ််ခု ပြုလုပ်လိုက်လျှငိ ပစ္စည်းက ပိုင်ရှင်အဖြစ်အသိအမှတ်ပြုလေမည်။

ပိုင်ရှင်အဖြစ် အသိအမှတ်ပြုခံရပြီးနောက်မှာ လုရီ ဖိနပ်အဟောင်းကို ချွတ်လိုက်ပြီး တိမ်စီးဆင်း ဖိနပ်တွေကို စီးကြည့်လိုက်သည်။

စီးပြီးသည့်နောက် မတ်တပ်ရပ်၊ နှစ်ခါလောက်ခုန်ပြီး စိတ်လှုပ်ရှားသွားသည်။အလယ်အလတ်အဆင့်မှော်ပစ္စည်းဖြစ်ကြောင်း သံယရှိစရာ မလိုတော့ပေ။ စီးရတာ အလွန်ပဲ သက်တောင့်သက်သာ ဖြစ်လွန်းသည်။

ထို့အပြင် အံ့ဩစရာ တစ်ခုက တိမ်စီးဆင်းဖိနပ်ကို စီးလိုက်ပြီးသည်နှင့် သူ့ခန္ဓာကိုယ်က ယခင်ကထက် ပို၍ ပေါ့ပါးလာတာပဲ။

သူ့အရှိန်မြန်လာတာများလား။

လုရီ က ဖိနပ်ဆီ ဝိဉာဉ်စွမ်းအင်ကို အပြည့်စီးဆင်းစေလိုက်ပြီး အသက်သွင်းလိုက်သည်။ ထို့နောက် တိမ်ဖြူ ခြေလှမ်းကို ထုတ်ဖော်ကြည့်တော့ သူ့ခန္ဓာကိုယ်က မျက်စိတစ်မှိတ်အတွင်းမှာပဲ အခန်း၏ ဟိုးဘက်အဆုံးဆီ စွေ့ခနဲ ရောက်ရှိသွားပြီး နံရံနှင့် တစ်စင်တီမီတာလောက်ပဲ ဝေးတော့တာကို တွေ့လိုက်ရသည်။

သူ၏ မျက်နှာ ချောချောလေး နံရံနှင့် မိတ်ဆက်မိတော့မည်။ကပ်သီလေးပဲ လိုတော့လေ၏။

လုရီ နည်းနည်းလန့်သွားသလို သဘောကျသွားသည်။ ဒီတိမ်စီးဆင်းမှော်ဖိနပ်က သူ့အရှိန်ကို သုံးဆယ်ရာခိုင်နှုန်းလောက်အထိ မြန်အောင်လုပ်ပေးသည်ပင်။

တိမ်ဖြူ ခြေလှမ်းသိုင်းကို လုရီက

မူလဘူတသို့ ပြန်သွားခြင်း ဟူသော

အဆင့်အထိရောက်နေပြီ။ သူ့အရှိန်က

မြန်လွန်း၍ ချီသန့်စင်ခြင်း

အဆင့်၈နှင့် ၉ လောက်ရှိသည့် လူများနှင့်ယှဉ်နိုင်သည်။ ယခုလို သုံးဆယ်ရာခိုင်နှုန်းသာ တိုးသွားသည်ဆိုရင် အဆင့်၉ ချီသန့်စင်ခြင်း ကျင့်ကြံသူတောင် သူ့အရှိန်ကို မီတော့မည် မဟုတ်ချေ။

အလယ်အလတ်အဆင့် မှော်ပစ္စည်းတွေက စွမ်းအားမြင့်သည်ဟု ကျော်ကြာနေသည်ကို သူ မအံ့ဩတော့ပါ။

အရုပ်သစ်လေး တစ်ရုပ်ရသလို လုရီကတိမ်ဖြူခြေလှမ်း သိုင်းကို သုံးပြီး ကိုယ်ကိုကိုယ်ကို ဟိုယိမ်းလိုက် ၊ ဒီယိမ်းလိုက်လုပ်ရင်း တစ္ဆေ တစ်ကောင်လို ရိပ်ခနဲ ၊ရိပ်ခနဲ.. လူးလွန့်နေသည်။

ခဏကြာတော့ စိတ်ကျေနပ်သွားကာ ထိုင်ခုံပေါ် ထိုင်ချရင်း သူ ရရှိထားသော ဆုများကို စစ်ကြည့်လိုက်သည်။

တတိယမြောက်တာဝန်က အပြင်ဆောင်ဂိုဏ်းသားတစ်ယောက်ကို အနိုင်ယူဖို့

ဆိုပေမယ့် အားပိုကောင်းသော ဝမ်ရှင်းချီ မို့ ပြီးပြည့်စုံခြင်းအဆင့် ချီ သိပ်သည်းခြင်း ဆေးလုံး နှစ်လုံးတောင် ရသည်။ လုရီသည် ဆေးကိုလက်ထဲမှာ ဆုပ်ကိုင်ထားလိုက်သည်။

ယခုသူ့မှာ ဆေးသုံးလုံး ရှိသွားပြီ ဖြစ်ရာ... နောက်ကျင့်ကြံရေးအတွက် သူသည် အဆင်သင့် ဖြစ်နေပါပြီ။

လေးခုမြောက်တာဝန်က စီနီယာအစ်မ လျိုနင်ရွှမ်း နဲ့ တိမ်ဖြူဓားရှည်သိုင်းကို သရုပ်ပြပြီး တိမ်ဖြူဓားရှည်သိုင်းနည်းစနစ်အဆင့် နောက်တစ်ခုတိုးပြီး ရသော ဆုပါပဲ ။

ဆုကို လက်ခံပြီးသည့်နောက်မှာ သူ့ခေါင်းထဲသို့ တိမ်ဖြူဓားရှည်သိုင်းနည်းစနစ် အချက်အလက် တစ်သီတစ်တန်းကြီး စီးဝင်လာခဲ့သည်။

လုရီ မျက်လုံးတွေကိုမှိတ်ပြီး အချက်အလက်တွေကို စုပ်ယူလိုက်သည်။

မျက်လုံးပြန်ဖွင့်သည့်အခါ တိမ်ဖြူဓားရှည်၏ ရောင်ပြန်တစ်ခုကို ဖျတ်ခနဲတွေ့လိုက်ရသည်။ သူအသက်ဝဝ ရှူသွင်းရင်း သူ့လက်ချောင်းတွေကို မြှောက်လိုက်သည်။

လက်ချောင်းတွေပေါ်မှာ လှည့်ပတ်နေသော ဝိဉာဉ်စွမ်းအင်က အလွန် ညင်သာနေပုံ ပေါ်သည်။ တစ်ချက် ဆွဲလိုက်သောအခါ စီးဆင်းနေသော တိမ်ခိုးတွေ လေထဲမှာ ပေါ်လာပြီး မြေပြင်မှာ တိမ်ပုံစံအချို့

ထားရစ်ခဲ့သည်။

မြေပြင်ပေါ်က တိမ်ပုံစံအမှတ်အသားကို

ကြည့်ရင်း လုရီ အရမ်းစိတ်လှုပ်ရှားသွားသည်။ အဆင့်၆ နဲ့ အဆင့်၇ မှာ လုံးဝမတူညီသော သဘောတရားတွေ ရှိနေသည်သာ။

တိမ်ဖြူဓားရှည် နည်းစနစ်ကတော့ သူ

အရင်က သုံးခဲ့သော တိမ်ဖြူဓားရှည်နည်းပဲ ဆိုပေမယ့် လုရီ ကိုယ်မှာ စီးဆင်းနေသည့်

ဝိဉာဉ်စွမ်းအင်ကတော့ ကွာခြားသည်။

ဝိဉာဉ်စွမ်းအင် စီးဆင်းသော လမ်းကြောင်းက အနည်းငယ် ပြောင်းလဲသွားပြီး စွမ်းအင်အသုံးချမှုက ပိုအားကောင်းလာသည်။

ဒါက ပြောင်းလဲခြင်းတစ်ခုပဲ။

အဆင့်၆ မတိုင်ခင် တိမ်ဖြူဓားရှည်နည်းစနစ်က အဆက်မပြတ်လေ့ကျင့်ခြင်းဆိုပေမယ့် အဆင့်၆မှာတော့ မူလပုံသဏ္ဌာန်ကို ကျော်လွန်ပြီး နည်းစနစ်ကလဲ ဆင့်ကဲပြောင်းလဲလာသည်။

သူသည် ယခု အပြင်ထွက်သွားလျှင် လှုပ်ရှားမှုစွမ်းအင်တွေက အရင်ကထက် ၅၀% လောက် ပိုသန်မာပြီး ကျွမ်းကျင်မှုကလည်း ပိုချောမွေ့သွားမည်ပင်။ အရေးကြီးတစ်ခုက ဝိဉာဉ်စွမ်းအင် တိုးမြှင့်သုံးစွဲရခြင်း မရှိနေပေ။

ယုံကြည်စရာတောင် ကောင်းရဲ့လား။

ဝိဉာဉ်စွမ်းအင် သုံးစွဲမှုက တိုးမလာပေမဲ့ စွမ်းအားကတော့ ၅၀%လောက် တိုးသွားသည်လေ။

ပြောင်းလဲမှုက တွေးကြည့်လို့တောင် မရအောင် ဆန်းကြယ်၏။

လုရီ အံ့ဩသွားသည်။

အဆင့်၇ တိမ်ဖြူဓားရှည်အဆင့်ကတောင် ဒီလောက် အားပြင်းရင် အဆင့် ၈ နဲ့ ၉ ဆိုဘယ်လောက်တောင် အစွမ်းထက်လိုက်မလဲ။

ဝိဉာဉ် စွမ်းအား သုံးစွဲမှုက ထက်တိုး

မလာဘဲ စွမ်းအားပဲ ပိုတိုးလာမှာလား။

အဲ့နည်းစနစ်တွေက ဘယ်လို ဖြစ်နေမှာလဲ။

သာမန်အားဖြင့် ချီကျင့်ကြံရေးသမားတွေက သူတို့၏ ချီကျင့်ကြံရေးစွမ်းအားတွေကို သူတို့ကမ္ဘာမှာပဲ အသုံးချ၍ ရသည်။

ချီကျင့်ကြံရေးမှာ အခြေခံထူထောင်ခြင်းအဆင့်ရှိသော ပါရမီရှင်တွေက တတ်မြောက်နိုင်သော်လည်း အခြေခံထူထောင်ခြင်းအဆင့် အတွက်သုံးရသော

ဝိဉာဉ်သုံးစွဲမှု ပမာဏက ကျင့်ကြံသူတွေအတွက် များလွန်းသည်။ ဘက်စုံတော်သည့် ပါရမီရှင်တွေတောင် ပုံမှန်မသုံးကြဘဲ အစွမ်းပြဖို့ ဝှက်ဖဲအနေနှင့်သာ သုံးကြသည်။

အကယ်၍ လုရီ သာ ဝိဉာဉ်စွမ်းအင် သုံးစွဲမှုမပြောင်းလဲဘဲ တိမ်ဖြူဓားရှည်သိုင်းအဆင့် မြင့်သွားလျှင် အခြေခံထူထောင်ခြင်း

အဆင့်မှာ ရှိသောချီကျင့်ကြံရေးသမားတစ်ယောက်၏ ကျွမ်းကျင်မှုနှင့် သွားတူမနေဘူးလား။

လုရီ မျက်နှာထားက နည်းနည်းထူးဆန်းသွားသည်။

တခြားပါရမီရှင်တွေ နောက်ဆုံးအကွက်အနေနှင့် ထုတ်သုံးရသည့်အရာက သူပုံမှန်တိုက်ခိုက်တာလောက်ပဲ ရှိမည်လား။

တခြားလူတွေအတွက် မမျှတတာ မဟုတ်ဘူးလား။

လုရီ စဉ်းစားနေရင်း သူ့ပါးစပ်တစ်ခုလုံးပြုံးဖြီးသွားရသည်။ သူ ရယ်ချင်၍ မဟုတ်ဘဲ ဒီအတိုင်း ထိန်းချုပ်၍ မရတော့ခြင်းသာ။

အဟဲ။ နောက်ဆုံးတော့ သူက ရှိန်စရာကောင်းသည့် လူတစ်ယောက် ဖြစ်လာပြီပဲ။

အသက် ဝဝရှူပြီး စိတ်ကို ငြိမ်အောင်

မလုပ်ခင် လုရီ အကြာကြီးရယ်ပစ်လိုက်သည်။

စိတ်ထိန်းပါကွ ။ စိတ်ထိန်း!

သူများတွေရဲ့ နောက်ဆုံးတိုက်ကွက်က ငါ့ရဲ့သာမန်လောက်ပဲ ဖြစ်နေရင်တောင် ငါက သာမန်ချီအဆင့် ရှိတဲ့ ကျင့်ကြံရေးသမားလေးတစ်ယောက်သာသာပဲ။ ရန်သူတွေက အားသန်နေတုန်းပဲ။ ငါကဘာလို့ ပျော့ညံ့နေရမှာလဲ။

အပြင်ဂိုဏ်းတစ်ခုလုံးမှာ သူ့ကို နိုင်နိုင်တဲ့လူ မရှိတော့တာက ပြောစရာတောင် မလိုတော့ပါပေ။

ချီကျင့်ကြံသူ တစ်ယောက်က

ပင်မရွှေအူတိုင်ကျင့်ကြံသူ တစ်ယောက်ကိုတောင် အနိုင်မယူနိုင်ဘဲ အားကောင်းအောင် လွှတ်ထားပေးတာ။ အရှက်မရှိဘူးပဲ။

သူများရဲ့ နောက်ဆုံးတိုက်ကွက်က ငါ့ရဲ့ သာမန်တိုက်ကွက်ဆိုရင်တောင် ကန့်သက်ချက်တွေရှိတာမလို့ တားမြစ်ထားတဲ့ မန္တန်တွေကို ငါ့စိတ်ကြိုက်သုံးလို့ရတာမျိုးတော့ မဟုတ်ဘူးလေ။ ဘာလို့ ဘဝင်မြင့်နေရမှာလဲ။

အချိန်တစ်ခုမရောက်သေးသရွေ့ ငါက

ငချွတ်ကလေးပါပဲ။

ဖြည်းဖြည်းမှန်မှန်နဲ့ ပြိုင်ပွဲကိုအနိုင်ယူကြရအောင်။

ဘဝင်မကိုင်နဲ့၊ မပျင်းနဲ့ ၊ နိုင်နိုင်တယ်။

လုရီ တအား မြောက်မသွားဖို့ သူ့ကိုယ်သူ ငချွတ်ကလေးဖြစ်ကြောင်း တဖွဖွပြောရင်း ထိန်းလိုက်သည်။ လူတွေက ကိုယ့်ကိုယ်ကိုယ်အထင်ကြီးလိုက်သည်နှင့် မောက်မာပြီး ဦးနှောက်မရှိသော လုပ်ရပ်တွေကို လုပ်တတ်သည် ဖြစ်ရာ ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်လိမ့်မည်။

သူက သူရဲဘောကြောင်သည့် လူတစ်ယောက်တော့ မဟုတ်သော်လည်း မိမိ၏ ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်စေမည့် အရာတွေကို မလုပ်သင့်ဟု တွေးမိသည်။

လုရီရေ ၊ ကိုယ့်ကိုယ့်ကိုယ် ပျက်စီးကြောင်း တရားတွေ ရပ်လိုက်တော့ !

ကိုယ့်စိတ်ကိုယ် ဆုံးမပြီးသည့် အချိန်မှာ

ပုံမှန် ပြန်ဖြစ်သွားသည်။ အခြေခံထူထောင်ခြင်း အဆင့်ရှိသော စွမ်းရည်ကို သာမန်တိုက်ခိုက်သလိုသုံးတဲ့ ချီကျင့်ကြံသူ တစ်ယောက်ဖြစ်တော့ရော ဘာမှားလို့လဲ။ ချီကျင့်ကြံသူက ချီကျင့်ကြံသူပဲလေ။

ငါ လုရီ က ချီကျင့်ကြံရေးအဆင့်၆ မှာပဲရှိသေးတဲ့ သာမန် ကျင့်ကြံသူလေးတစ်ယောက်။ ကျင့်ကြံဖို့အများကြီး လိုအပ်နေတဲ့လူမို့ မသေမျိုး(အင်မော်တယ်)လမ်းစဥ်ကို အန္တရာယ်ကင်းကင်းနဲ့ လျှောက်သွားရမယ်။

လုရီ သူ့အတွေးတွေကို အခိုင်အမာထောက်ခံသည့် အနေနှင့် ခေါင်းငြိမ့်လိုက်သည်။

သူ ရလာသော ဆုတွေကို ရေတွက်ပြီးသည့်နောက်မှာ ပြတင်းပေါက်ကို စိုက်

ကြည့်မိသည်။ ကောင်းကင်ကြီးက လိမ္မော်ရောင် သမ်းနေပြီး နေမကြာခင်ဝင်တော့မည်။

ဒီနေ့ စီနီယာအစ်မ လျိုနင်ရွှမ်း က တစ်နေ့လုံး စာပို့ချခဲ့တာမလို့ သူပြန်ရောက်သောအချိန်မှာ နောက်ကျနေပါပြီ။ နောက်တစ်ကြိမ် သူ့ဆုတွေကို ပြန်ရေလိုက်ရင်း တိမ်ဖြူဓားရှည် အဆင့်၇ နည်းစနစ်ကို

ကျင့်နေသည်နှင့် ဒီလောက်အထိ ကြာသွားမှန်း သူသဘောပေါက်လိုက်သည်။

အဖိုးကြီး လု နှင့် သူ့အမေ အလုပ်ပြီးပြီလားလို့ စဉ်းစားရင်း လုရီ သူ့ဗိုက်က တဂွီဂွီ အော်မြည်နေတာကို ခံစားလိုက်ရသည်။

.....

အဲ့အချိန်မှာပဲ အပြင်ဆောင် ဂိုဏ်းတစ်နေရာမှာ ရှိသည့် လုကောင်းယန်နှင့် ဝမ်စီးချီ ကလည်း ပစ္စည်းများ သိမ်းဆည်းရင်း အိမ်ပြန်ဖို့ ပြင်ဆင်နေသည်။

ကြီးကြပ်ရေးမှူးအဖြစ် အလုပ်ချိန်များက အလှည့်အပြောင်း ရှိသည်မို့ သူတို့အလုပ်ဆင်း၍ ရလေပြီ။

အဲ့အချိန်မှာပဲ နှာခေါင်းနီနီနှင့် သက်လတ်ပိုင်းအရွယ် ယောက်ျားတစ်ဦးက ခြေလှမ်းကျဲကျဲ လျှောက်လာရင်း လုကောင်းယန်ကိုအော်ပြောလာသည်။

“ ဟေ့ ..အဘိုးကြီးလု ..မင်းရဲ့ သားက ဒီလောက်အထိ အရည်အချင်းရှိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ မင်း..ငါတို့ကိုတောင်..

မပြောပြဘူးနော်!”

လုကောင်းယန် က နှာခေါင်းနီ လူကိုကြည့်ရင်း ကြောင်အမ်းအမ်း ဖြစ်သွားသည်။

“ ဟမ် ၊ မင်း ဘာတွေ ပြောနေတာလဲ”

အခန်း၁၁- ကိစ္စက အရမ်းကြီးတယ်၊ အိမ်ကို အမြန်ပြန်ပါ ...

~နှာခေါင်းနီနီ ယောက်ျားက လုကောင်းယန် နှင့် ဝမ်စီးချီ၏ ကြောင်အမ်းအမ်း မျက်နှာတွေကို ကြည့်ပြီး အံ့ဩသွားသည်။

“… ခင်ဗျားတို့ နှစ်ယောက် မသိကြသေးဘူးလား”

လုကောင်းယန်နှင့် ဝမ်စီးချီ တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြရင်း မေးခွန်းပေါင်းများစွာဖြင့် ရှုပ် ထွေးသွားကြသည်။

လုကောင်းယန် ကတစ်ခုခုကိုတွေးမိပြီး စိတ်ပူသည့်ဟန်ဖြင့် မေးလိုက်သည်။

“ ကျွန်တော်တို့က ဘာကိုသိရမှာလဲ။ သားက ဘာဖြစ်လို့လဲ။ တစ်ခုခုပြဿနာဖြစ်လို့လား”

လုရီ ကလိမ္မာတဲ့ကလေးမို့ ပြဿနာမရှာလောက်ဘူးဆိုတာ လုကောင်းယန် ယုံသည်။ လူတိုင်းသိတဲ့ကိစ္စတစ်ခုကို သူ့သားကလုပ်သည်ဆိုတော့ ဘာများလဲ။ ဒီကလေးက ခြေထောက် ရိုက်ချိုးခံရမှာကို မကြောက်တာလား။

အိမ်ပြန်ရောက်ခမှ မိသားစုအကုန်လုံးကိုခေါ်ပြီး လုရီ ရဲ့ခြေထောက်ကို ကောင်းကောင်း ရိုက်ချိုးရမလဲဆိုတာ ဆွေးနွေးရမည်။

ထိုစဉ် နှာခေါင်းနီလူအား ဝမ်စီးချီက စိုးရိမ်တကြီး မေးသည်။

“ အစ်ကိုကြီး လီ၊ ကျွန်မသားလေး ဘာများဖြစ်လို့လဲ”

နှစ်ယောက်လုံး သိပုံမရသည်ကို အကဲခတ်ရသော် သူတို့၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သော လီမန််က နည်းနည်း ကြောင်သွားပြီး

“ ဒီနေ့ မင်းတို့သား နေဝန်းဖြူတောင်ထိပ်စင်မြင့်အထိ တက်ပြီး တိမ်ဖြူဓားရှည်သိုင်းကို မူလဘူတသို့ ပြန်သွားခြင်း အဆင့်အထိ ရောက်နေတယ်လို့ ဓားရေးပြခဲ့တယ်၊ မင်တို့က မိဘတွေဖြစ်ပြီး နှစ်ယောက်လုံး

မသိကြဘူးလားကွ ”

“ ဟင် “

လီမန့်စကားကို ကြားလိုက်ရသောအခါ

လုကောင်းယန်နှင့် ဝမ်စီးချီ နှစ်ယောက်လုံး ကြောင်သွားကြသည်။

“ နေ...နေပါဦး ၊ကျွန်တော့်သားက တိမ်ဖြူဓားရှည်သိုင်းကို မူလဘူတသို့ ပြန်သွားခြင်းအဆင့်အထိ ရောက်နေတယ်လို့ ..ပြောလိုက်တာလား”

နားလည်မှုလလွဲနေတာများလား။

အိပ်မက်မက်နေတာပဲ ဖြစ်ရမည်။

“ ဟုတ်တယ်ကွ၊ ငါ့ကိုအဲ့လိုကြည့်မနေကြနဲ့။ ဒီနေ့ အပြင်ဆောင်ဂိုဏ်းတစ်ခုလုံး

ပွက်လောရိုက်နေတာ။ ဒီနေ့ စာပို့ချတာက စီနီယာမိန်းကလေး လျိုနင်ရွှမ်း ။ သူက ခင်ဗျားတို့ကောင်လေးကို တော်တော်သဘောတွေ့သွားတဲ့အပြင် အဆင့်မြင့်ချီသိပ်သည်းခြင်းဆေးလုံးကိုပါ လက်ဆောင်ပေးလိုက်တယ်၊ ဒါတင်ဘမကသေးဘူး၊ လင်းလော် တောင်ထိပ်ရဲ့ အရည်အချင်းစစ်စာမေးပွဲကို လာဖြေဖို့ပါ ခေါ်လိုက်သေးသည်ဆိုပဲ။ အဘိုးကြီးလု ..ခင်ဗျားတော့ အောင်မြင်တော့မှာ။ ခင်ဗျားသားကြည့်ရတာ တော်တော်လေး ပါရမီရှိပုံပဲ”

လီမန် က ပြောနေရင်း အားကျသည့် မျက်ဝန်းတို့ဖြင့် လုကောင်းယန်ကို

ကြည့်နေသည်။

သေစမ်း။ လီမန် မင်းမှာ ဘာလို့ အဲ့လိုသားမျိုးပိုင်ဆိုင်ရမဲ့ ကံ ပါမလာရတာလဲ။

သူ့သားအကြောင်းတွေးလိုက်လျှင် တော်တော် ဒေါသထွက်ရသည်။

အသက်ကဖြင့် ၂၀ပြည့်တော့မယ် အခြေခံထူထောင်ခြင်းအဆင့်ကိုမပြောနဲ့ ၊

ချီအဆင့် ၇ ကနေမတက်ဘူး။ ဘယ်လိုတောင် ယှဉ်လို့ရမှာလဲ။

တွေးလေ၊ တွေးလေ။ လီမန် ဒေါသထွက်ရလေ။ သူ့သားခြေထောက်ကို ချက်ချင်း

ရိုက်ချိုးပစ်လိုက်ချင်သည်။

လုကောင်းယန်နှင့် ဝမ်စီးချီက လီမန်ကိုအာရုံမစိုက်အားတော့ဘဲ အချင်းချင်း

အကြည့်ဖလှယ်ရင်း ထူးဆန်းနေကြသည်။

ဒါက တကယ်ပဲ သူတို့သားမှ ဟုတ်ရဲ့လား။

ဝမ်စီးချီက သတိ ပြန်ဝင်လာပြီး ပုံပျက်နေသည့် အပြုံးတစ်စဖြင့် လီမန်အား တုံ့ပြန်လာသည်။

“ အစ်ကို လီ ၊ ကျွန်မတို့ လုပ်စရာလေးရှိလို့ အရင် ပြန်နှင့်လိုက်ပါဦးမယ်…”

ဝမ်စီးချီ ပြော၍ မဆုံးခင်မှာပဲ နူးညံ့သောအသံတစ်ခုက ကြားဖြတ် ပြောလာသည်။

“ စီးချီ နဲ့ ကောင်းယန် ..မင်းတို့... ဒီမှာကိုး...”

လုကောင်းယန်၊ ဝမ်စီးချီ နှင့် လီမန် သုံးယောက်လုံး လှည့်ကြည့်လိုက်တော့ နှုတ်ခမ်းမွေးဖြူဖြူနှင့် အကြီးအကဲ

တစ်ယောက် လျှောက်လာတာကို တွေ့လိုက်ရသည်။ သုံးယောက်လုံး အရိုအသေ ပြုရင်း ခေါင်းငုံ့လိုက်ကြသည်။

“ မဂ်လာပါ.. အကြီးအကဲ ချီ “

အကြီးအကဲ ချီက အပြင်ဆောင်ဂိုဏ်းတစ်ခုလုံးရဲ့ တာဝန်ရှိသူပါ။ နာမည်အရင်းက ချီဖေးယွီဟု ခေါ်သည်။

သူက ရာထူးကြီး ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး စွမ်းအားကြီးသလို အလွန်အားကောင်းသည့် ပင်မရွှေအူတိုင် ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်သည်။

ပုံမှန်၌ ချီဖေးယွီက တသီးတသန့် နေသည်ဖြစ်ရာ မြင်ရခဲသည်။

ယနေ့ သူက လုကောင်းယန်နှင့် ဝမ်စီးချီ ဆီ သီးသန့် ရောက်လာတော့ တခြားလူများသာမက လုကောင်းယန်ပါ အံ့ဩသွားရသည်။

“ နှုတ်ဆက်တာတွေ မလိုပါဘူး”

ချီဖေးယွိီက ခပ်ပြုံးပြုံး မျက်နှာဖြင့်

မှင်သက်နေသည့် လုကောင်းယန်နှင့်

ဝမ်စီးချီကို ကြည့်နေသည်။

“အခုတလော အလုပ်လုပ်ရတာ အဆင်

မပြေတာမျိုး ရှိသလား။ တာဝန်ဌာနမှာ ရှိတဲ့ တာဝန်တွေဆိုတာ နည်းနည်းတော့များတာပေါ့ကွာ”

“ ဂရုတစိုက် ရှိတဲ့အတွက် ကျေးဇူးပါ အကြီးအကဲ ချီ၊ ငါတို့အလုပ်တွေ ကောင်းမွန်စွာ လည်ပတ်နေတယ်လေ”

လုကောင်းယန်က ပြောလိုက်သည်။

“ ကြည့်ရတာ အလုပ် ကောင်းကောင်းလုပ်နေပုံပါပဲ။ စကားမစပ် အပြင်ဂိုဏ်းသားတွေဆီ အရင်းအမြစ်တွေ ဖြန့်ဖြူးပေးရတဲ့ အကြီးအကဲနှစ်နေရာစာ လက်ရှိလွတ်နေတယ်၊ အဲ့ဒီရာထူး နှစ်ခုကို ယူလို့ ရတယ်။ မင်းတို့ လုပ်ပုံကိုင်ပုံနဲ့ဆိုရင် ပြဿနာတော့ မရှိလောက်ပါဘူး”

ချီဖေးယွီ ပြုံးလိုက်သည်။

လုကောင်းယန် “????”

ဝမ်စီးချီ “ ????”

လီမန် “ ????”

ချီဖေးယွီ၏ စကားတွေက သုံးယောက်လုံးကို ကြောင်အသွားစေသည်။

အပြင်ဆောင် ဂိုဏ်းသားတွေဆီ ရင်းမြစ်တွေ ဖြန့်ဖြူးပေးရသော ရာထူးဆိုတာ အရမ်းအကျိုးအမြတ်များသည့် ရာထူးတစ်ခုပဲ။

ပုံမှန်ဆိုရင် ဂိုဏ်းက ကျင့်ကြံရေးရင်းမြစ်များကို လိုတာထက် ပိုခွဲဝေပေးလေ့ရှိသည် ဖြစ်သည့်အလျောက် ပိုလျှံသည့် အကျိုးအမြတ်တွေက တာဝန်ရှိအကြီးအကဲတွေ၏ အိပ်ကပ်ထဲကို အလိုအလျောက် ဝင်သွားလေ့ ရှိသည်။ ဒါက ရုံးခန်းက မည်သူမှ ထုတ်ပြောစရာ

မလိုဘဲ သိသော စည်းမျဉ်း ဖြစ်ပါသည်။

အရင်းအမြစ်ဌာန၏ရာထူးကို ဘယ်အကြီးအကဲက မလိုချင်ပဲနေမှာလဲ။

သို့သော် ပုံမှန်ဆို ဒီရာထူးက ကျောထောက် နောက်ခံကောင်းသော လူတွေပဲ ရလေ့ရှိတာမို့ အကြီးအကဲ တော်တော်များများက ငေးကြည့်ပြီး တမ်းတနေရုံမျှသာ။

မမျှော်လင့်ပဲ အကြီးအကဲချုပ် ချီဖေးယွီ က လုကောင်းယန်နှင့် ဝမ်စီးချီကို ကိုယ်တိုင် ဒီရာထူးပေးသည်ဆိုတော့ သူတို့ မျှော်မှန်းထားတာထက်ကို အများကြီး ပိုနေလေပြီ။

လုကောင်းယန်နှင့် ဝမ်စီးချီတို့၏ အံ့ဩသွားသော အမူအရာများကို မြင်တော့ ချီဖေးယွီက ပြုံးရင်း မေးလိုက်သည်။

“ ဘယ်လိုလဲ၊ မင်းတို့ ဆန္ဒရှိရဲ့လား”

လုကောင်းယန်နှင့် ဝမ်စီးချီက

ဝမ်းသာအားရ ရယ်လိုက်သည်။

"ဟုတ်ကဲ့၊ ကျွန်တော်တို့ လုပ်ဖို့ ဆန္ဒ ရှိပါတယ်၊ ကျေးဇူးပါ အကြီးအကဲ ချီ"

လုကောင်းယန်က သိချင်ဇောဖြင့် မေးလိုက်သည်။

“ အကြီးအကဲ ချီ…. ကျွန်တော့်သားကြောင့် ပေးတာများလား”

ချီဖေးယွီက အနည်းငယ် ပြုံးလိုက်ရင်း

“ လုရီက အင်မတန် ပါရမီပါတယ်၊ အနာဂတ်မှာ သူ အတွင်းဂိုဏ်းကို ဝင်နိုင်

လိမ့်မယ် ၊ကောင်းကင်ဘုံက သတ်မှတ်ပြီးသား။ ကောင်းယန် ...မင်း ကံကောင်းတယ်၊ ကြိုးစားကွ”

ချီဖေးယွီ လည်း လုရီ၏ အောင်မြင်မှုတွေကို ကြားခဲ့ပြီးပြီ။ လျိုနင်ရွှမ်း၏ နာမည်က တိမ်ဖြူဂိုဏ်း တစ်ခုလုံးမှာ အင်မတန်အရေးပါသည်။

လုရီက လျိုနင်ရွှမ်း၏ သဘောကျမှုကို ရရှိသွားလေရာ ချီဖေးယွီက အရေးပေးလာခြင်းပါ။

တုံ့ဆိုင်းမနေဘဲ ချီဖေးယွီသည်နေရာကနေထွက်ခွာသွားသည်။

အခြေခံ ထူထောင်ခြင်းအဆင့်ရှိသည့် လူသုံးယောက်လုံး သူဘယ်လို ထွက်သွားသလဲ အသေအချာပင် မမြင်လိုက်ကြပါပေ။

ချီဖေးယွီ ထွက်သွားပြီးနောက်မှာ လီမန်က လုကောင်းယန်နှင့် ဝမ်စီးချီကို အားကျသည့် မျက်လုံးစိမ်းများနှင့် ကြည့်ရင်း

“ဝိုး၊ အကြီးအကဲ ချီက..မင်းတို့နှစ်ယောက်လုံးကို ရင်းမြစ်ဌာနမှာ ကိုယ်တိုင်နေရာချထားပေးသွားသလား၊ အားကျတယ်ဗျာ..အဘိုးကြီး လု ၊ မင်းကတော့ တကယ်ကံဇာတာ တက်ပြီပဲ”

လီမန့်စိတ်ထဲ ကြိတ်၍ ငိုချင်သွားသည်။

ဘာလို့ သူ့မှာကျ ဒီလိုမျိုး အရည်အချင်း

ရှိတဲ့သားမျိုး မရှိရတာလဲ။

နောက်ကလေး ယူလိုက်ရင် ကောင်းမလား။

လုကောင်းယန်နှင့် ဝမ်စီးချီက အိပ်မက်မက်နေသလိုမျိုး မှင်သက်နေကြတုန်းပဲ။ တစ်ယောက်နှင့် တစ်ယောက်

ကြည့်လိုက်ကြရင်း လုကောင်းယန်က ဟက်ခနဲ ရယ်လိုက်သည်။

“ အဘိုးကြီး လီ ၊ နောက်မှ ဂုဏ်ပြုတဲ့အနေနဲ့ ခင်ဗျားကို ပြုစုမယ်ဗျာ။ အခုတော့ သွားစရာလေးရှိလို့ အရင်သွားလိုက်ဦးမယ်”

လီမန်က နားလည်သည့် ပုံနှင့် ခေါင်းငြိမ့်ပြသည်။

“ သွားပါ.. သွားပါ”

လုကောင်းယန် နှင့် ဝမ်စီးချီ လင်မယား ခန်းမထဲကထွက်လာသည့် တစ်လျှောက်လုံး နေရာမှာ ရှိနေကြသည့် လူတွေက သူတို့အား အထူးအဆန်း ပုံစံဖြင့်

ကြည့်ရှု

လာကြသည်။

သာမန်ရင်းနှီးတဲ့ အကြီးအကဲတွေက သူတို့ကို ပြုံးပြကြပြီး ရာထူးမြင့်သည့် အကြီးအကဲတွေက ဖော်ဖော်ရွေရွေ နှုတ်ဆက်ကြသည်။ ထိုအရေးပေးမှု အားလုံးက လုရီ ကြောင့်ဆိုတာ သူတို့နားလည်လိုက်သည်။

တံခါးဝဆီ အလျင်စလို သွားလိုက်ကြရင်း

မအောင့်နိုင်တော့သည့် ပုံနှင့် ဓားကိုဆွဲထုတ်စီးရင်း ဝိဉာဉ်ဖြူတောင်ထိပ်ဆီ ဦးတည်လိုက်ကြသည်။

ဝိဉာဉ်ဖြူ တောင်ထိပ်...

လုရီကတော့ သူ့အဖေနှင့် သူ့အမေ အလုပ်မပြီးသေးဘူးပဲလို့ တွေးရင်း တိမ်ဖြူစွမ်းအင်မိတ်ဆက်ကို ကျင့်ရမလား မကျင့်ရဘူးလားဆိုတာ ချီတုံချတုံ ဖြစ်နေသည်။

ဒီနေ့ စီနီယာအစ်မ လျိုနင်ရွှမ်းက

ဤ နည်းစနစ်နှင့် ပတ်သက်ပြီး အတွေးအမြင်အသစ်တချို့ကို ပို့ချသွားသည်။

သူက တဂွီဂွီ ဆာလောင်နေပြီဖြစ်ရာ ကျင့်ကြံရေးအတွက် အာရုံသိပ်မလာသလို ဖြစ်နေရ၏။

အဲ့အချိန်မှာပဲ လေကိုဖောက်ခွင်းလာသော

ချွမ်ခနဲအသံနှစ်ခုက ထွက်ပေါ်လာသည်။

လုရီ မျက်လုံးအစုံ ပြူးကျယ်သွားပြီး

“ဒါ ဘာလဲ၊ ရန်သူလာတိုက်တာတော့ မဖြစ်နိုင်ဘူး၊ နေမင်းဖြူတောင်မှာ ဘယ်သူ ပြဿနာလာရှာရဲမှာလဲ”

အန္တရာယ်ကင်းဖို့အတွက် လုရီ သတိကြီးစွာ မတ်တပ်ရပ်လိုက်သည်။ ရန်သူတွေသာဆိုရင် သူက ပြေးဖို့ အသင့်ပဲ။

အဲ့အချိန်မှာပဲ လုကောင်းယန်၏ အသံက ဗုံးတစ်လုံးလို ပစ်ခွင်းလာသည်။

“ လုရီ၊ ဒီကို ထွက်ခဲ့စမ်း”

လုရီသည် အူကြောင်ကြောင်ဖြစ်နေသည်။

လက်ထဲက ဓားရှည်ကိုချပြီး အခန်းထဲကနေထွက်လာလိုက် တော့ ခြံထဲမှာ မားမားမတ်မတ် ရပ်နေကြသည့် လုကောင်းယန်နှင့် ဝမ်စီးချီကို တွေ့လိုက်ရသည်။

ခြံထဲက မြေကြီးမှာ ဓားချက်တွေ နစ်မွန်းနေပြီး ပတ်လည်က အပင်တွေကလည်း ပြတ်ထွက်နေသည်။

ဘာများဖြစ်တာလဲဟ။

လုရီ စိတ်ထဲက တွေးလိုက်သည်။

“ အဖေနဲ့အမေ.. ဘာများဖြစ်လို့ အိမ်ပြန်လာတာကို ဆူဆူညံညံ ဖြစ်နေရတာလဲ”

“ ဘာဖြစ်လို့လဲ ဟုတ်လား ၊အကုန်လုံးက မင်းကြောင့်ပဲကွ”

လုကောင်းယန်က လုရီကို စူးစူးစိုက်စိုက် ကြည့်လာသည်။

-----------------

Chapter 12 [ ချီကျင့်ကြံခြင်းအဆင့် ၆ ၌ ရပ်နေမှု ]

လုရီ နည်းနည်းတော့ စိတ်ရှုပ်သွားသည်။

“ ကျွန်တော်? ကျွန်တော် ဘာလုပ်မိလို့လဲ”

လုရီ၏ စိတ်ရှုပ်ထွေးနေသည့် မျက်နှာကိုမြင်လျှင် လုကောင်းယန် နှင့် ဝမ်စီးချီ အံ့ဩသွားသည်။ ဒီကလေးက မည်သည့် အရေးကြီးကိစ္စမှ မဖြစ်ခဲ့သည့်နှယ် ဟန်ဆောင်နေသည်လော ။

ဝမ်စီးချီက အသက်ပြင်းပြင်းရှူလိုက်ရင်း မေးသည်။

“ သားလေး မင်းဒီနေ့ နေဝန်းဖြူတောင်ထိပ်က စင်ပေါ်ကိုတက်ခဲ့သေးလား”

ထိုစကားကို ကြားလျှင် လုရီက တန်း၍ခ သဘောပေါက်သွား၏ ။ သူ၏ မိဘနှစ်ပါး ယခုကဲ့သို့ ရေးကြီးခွင်ကျယ် လုပ်နေသည်က စင်ပေါ်တက်ခဲ့သည့် ကိစ္စကြောင့်သာ ဖြစ်ရပေမည် ။

မဟုတ်မှလွဲပါလိမ့် ။ သူ၏ မိဘ နှစ်ပါးသည် နေဝန်းဖြူတောင်ထိပ်မှ ကိစ္စတို့အား သိသွားပုံ ရ၏ ။

' သင်ခန်းစာ ပို့ချတာက ညနေပိုင်းကမှ ပြီးသွားတာလေ ။ ဘယ်လောက်မှတောင် မကြာသေးဘူးမလား ။ အပြင်စည်းဂိုဏ်းက သည်လောက် ကြီးတာကို ဘယ်လိုလုပ် အဖိုးကြီးနဲ့ အမေ့ဆီ မြန်မြန်ရောက်သွားရတာလဲ '

ဤကိစ္စ ဖြစ်မှ အပြင်စည်း ဂိုဏ်းသားတို့၏ အတင်းအဖျင်း ပြောနိုင်စွမ်းကို သူ့အနေဖြင့် အတော်လေး အထင် သေးထားမိမှန်း လုရီ နားလည်သွားသည်။

လုရီက ညည်းတွားရင်း ရွှင်ရွှင်ပြပြပြောသည်။

“ ဟုတ်ကဲ့ပါ အမေ ။ ကျွန်တော် သည်နေ့ နေဝန်းဖြူ တောင်ထိပ်ကို တက်သွားမိပါတယ် ။ အမေတို့ရဲ့သားက ပါရမီရှင်ဆိုတော့ တက်ရတာ သိပ်လည်း မခက်လိုက်ပါဘူး "

ငါဆိုတဲ့ လုရီက တကယ်လည်း ပါရမီရှင်တစ်ယောက်ပဲကို ။

လုကောင်းယန် နှင့် ဝမ်စီးချီက မှင်သက်သွားသည့်ပုံနှင့် အကြည့်ချင်းဖလှယ် လိုက်ကြပြန်သည်။ တကယ်ပဲ လုရီ ဖြစ်နေသည်ကိုး ။

အစကတော့ နှစ်ယောက်သား သံသယရှိခဲ့ပေမဲ့ သူတို့သားရဲ့ လုပ်နိုင်စွမ်းကို သူတို့ကောင်းကောင်းသိသည်။

လုကောင်းယန် ရဲ့မျက်နှာထားကပြောင်းသွားပြီး နည်းနည်း မသေချာတဲ့ပုံဖြင့်မေးသည်။

“ သည်တော့ မင်းက တကယ်ကြီး တိမ်ဖြူဓားသိုင်းကို မူလဘူတသို့ပြန်ခြင်း အဆင့်အထိ ကျင့်ကြံနိုင်ခဲ့တာပေါ့”

“ ဟုတ်ပါတယ် အဖေ” လုရီ ခေါင်းငြိမ့်လိုက်သည်။

“ လျူနင်းရွှမ်က မင်းကို တကယ်ပဲ လင်းလော် တောင်ထိပ် အရည်အချင်းစစ်စာမေးပွဲကို ဝင်ဖြေဖို့ ပြောခဲ့တာလား။ နောက်ပြီး ထိပ်တန်းအဆင့် ချီသိပ်သည်းခြင်း ဆေးလုံးလည်း ပေးသွားသေးတယ်ဆို ”

“ ဟုတ်ပါတယ် အဖေ ။ ဂိုဏ်းတူအစ်မ လျူနင်းရွှမ်က တကယ် သဘောကောင်းလွန်းပါတယ် ”

လုရီက မငြင်းပေ ။

“ ဟူးး… “

လုကောင်းယန် နဲ့ ဝမ်စီးချီ ပင့်သက်ရှိုက်လိုက်ကြ၏ ။

နှစ်ယောက်လုံးအံ့ဩစွာဖြင့်

“ ဘယ်လိုလုပ် ငါတို့သားက ဒီလိုမျိုး ပါရမီရှင်ဖြစ်သွားရတာလဲ။ မယုံနိုင်ဘူး”

လုရီ ပြောစရာစကား ပျောက်သွားပြီး မျက်နှာမည်းမှောင်သွားသည်။

“ အဖေက တကယ်ပဲ ကျွန်တော် ဒီလောက်ပါရမီပါတာကို မယုံကြည်နိုင်ဖြစ်နေတာလား။ အမေ တစ်ခုခုပြောပါဦး”

လုရီ ခံပြင်းသွားသည်။ ဘာလို့သူက ဒီလောက်တောင် ပါရမီမပါနိုင်ရမှာလဲ။

ဝမ်စီးချီက ခဏလောက် တိတ်ဆိတ်သွားပြီး ပြောသည်။

“ အမှန်အတိုင်းပြောရရင် သားရဲ့အရည်အချင်းကို အမေက အသိဆုံးပဲ ဒါကြောင့် အမေကိုယ်တိုင် ယုံရခက်နေတာ”

လုရီ “?????”

မိဘတွေက မည်ကဲ့သို့သော စိတ်မျိုးနှင့် သူတို့၏ သားအရင်း ဖြစ်သူအား ယခုကဲ့သို့ ပြောထွက်နိုင်ကြသနည်း ။ မွေးကတည်းက ဝိညာဥ်ကူးပြောင်းခဲ့တာသာမဟုတ်လျှင် အမှိုက်ပုံထဲမှ ကောက်လာသည့် သားဟုပင် သူ့ကိုယ်သူ ထင်နလောက်ပြီ ဖြစ်၏ ။

လုရီ၌ ပြောစရာစကားတို့ ကင်းမဲ့သွားရသည်။

“ ရုတ်တရက်အလင်းပွင့်ပြီး တစ်ညထဲနဲ့တိုးတက်သွားတဲ့ အကြီးအကဲတွေရဲ့ ဒဏ္ဍာရီတွေတောင်ရှိတာ။ ကျွန်တော်ကရော အဲ့လို အလင်းမပွင့်နိုင်ဘူးတဲ့လား”

ထိုစကားကို ကြားလျှင် လုကောင်းယန် က လုရီကို မျက်စိမှေးကြည့်ရင်း

“ မင်းက မင်းကိုယ်မင်း မသေမျိုးတွေနဲ့ယှဉ်နေတာလား”

လုကောင်းယန်၏ အထင်အမြင်သေးသည့်အကြည့်အား မြင်လျှင် လုရီ တစ်ယောက် သွေးပွက်ပွက် အန်တော့မတတ် ဒေါသထွက်သွားမိ၏ ။ သူက နှာခေါင်းကို ရှုံ့ရင်း

“ အဖိုးကြီးလု မြစ်တစ်စင်းက အရှေ့ဘက်ကို နှစ်သုံးဆယ် စီးပြီးရင် အနောက်ဘက်ကို နှစ်သုံးဆယ် စီးတယ်တဲ့ ။ ဒါကြောင့် လူငယ်တွေကို အထင်မသေးပါနဲ့ ။ နောက်ထပ် နှစ်နည်းနည်းကြာလို့ ကျွန်တော် မသေမျိုးဖြစ်သွားရင် အဖေ့ကိုမကယ်ဘူးနော်”

လုရီ၏ စကားက လုကောင်းယန်အား အနည်းငယ် ခေါင်းကိုက်သလို ခံစားသွားရစေသည် ။

“ မင်းက အခြေအမြစ်မရှိတာတွေ ပြောနေတာပဲ ကောင်စုတ်လေး။မင်းက မသေမျိုးဖြစ်လာတဲ့အထိ တွေးနေတာလား…အား”

လုကောင်းယန်က စကားကို ဆုံးအောင်ပင် မပြောဘဲ နာနာကျင်ကျင် အော်လိုက်၏ ။ ဝမ်စီးချီက သူမ၏ ခြေထောက်အား လုကောင်းယန်၏ ခြေခမိုးပေါ်မှ မသိမသာ ဆုတ်လိုက်ပြီး အပြုံးတစ်ခုနှင့်

“ ရီအာ သားလေးရဲ့ အိပ်မက်ကို အမေ အားပေးပါတယ် ။ ဒါပေမဲ့ အမေ သိချင်တာက သားတကယ်ပဲ အလင်းပွင့်သွားတာလား”

အကယ်၍ ဂိုဏ်းအတွင်း၌ စီရင်ထားသည့် အကာအကွယ် အစီအရင်သာ မရှိပါက လုကောင်းယန် နှင့် ဝမ်စီးချီတို့သည် လုရီအား မိစ္ဆာကျင့်ကြံသူ တစ်ဦးက ပူးကပ် သွားသည်ဟုပင် သံသယ ဝင်မိမည် ဖြစ်သည် ။

သို့သော် ယခုတော့ လုရီ၏ အမူအကျင့် နှင့် စကား ပြောဆိုပုံတို့က ယခင်အတိုင်း ဖြစ်နေဆဲပင် ။

ခန္ဓာကိုယ် ပူးကပ် အပိုင်စီးခြင်း ခံရလျှင် အတော်များများအား ဖုံးကွယ်ထားနိုင်သော်လည်း အချို့ နေရာတို့ကိုမူ အသေးစိတ် ဖုံးကွယ်နိုင်ခြင်း မရှိပေ ။ ထို့အတွက် လုကောင်းယန် နှင့် ဝမ်စီးချီက လုရီအနေနှင့် ခန္ဓာကို်ယ် အပိုင်စီးခြင်း မခံထားရကြောင်း သက်သေ ထူနိုင်လေသည် ။ ထို့​အတွက် လုရီ ယခုကဲ့သို့ အစွမ်းထက်လာခြင်းမှာ အခြားသော အကြောင်းအရင်း တချို့ကြောင့်သာ ဖြစ်ရပေမည် ။

လုရီက ခေါင်းငြိမ့်လိုက်၏ ။

“ ဟုတ်ပါတယ် အမေ ။ သိပ်မကြာသေးခင်ကပဲ ကျွန်တော် စိတ်ပိုင်းဆိုင်ရာအရ အရမ်းကြည်လင်လာတာ။ ဒါကြောင့် နည်းစနစ်နဲ့ သိုင်းပညာတွေကို လေ့ကျင့်နေတုန်းမှာ အသိအမြင်တွေ မြန်မြန်တိုးလာတာ ။ အဲ့လိုမှမဟုတ်ရင် တိမ်ဖြူဓားသိုင်းကို ဒီလောက်အချိန်တိုလေးအတွင်းမှာ မူလဘူတသို့ပြန်ခြင်း အဆင့်အထိ ရောက်အောင် ဘယ်လို ကျင့်ကြံနိုင်မှာလဲ "

လုကောင်းယန် နှင့် ဝမ်စီးချီ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိလိုက်ကြ၏ ။

ဤသည်က မည်ကဲ့သို့သော နိယာမမျိုးနည်း ။

“ ရီအာ ... သားလေး.... သား အခုတလော အမျိုးအမည် မသိတဲ့ ကောင်းကင်ဘုံပစ္စည်းတွေနဲ့ မြေကြီးရတနာတွေကို စားမိလိုက်သေးလား”

ဝမ်စီးချီ ခန့်မှန်းလိုက်သည်။

“ မပြောတတ်ဘူး အမေ ။ စားရင်လည်း စားမိမယ် ထင်တာပဲ ”

မှန်၏ ။ လုရီ အနေဖြင့် သူ၏ ကာလ ကြာရှည်စွာ ပျောက်ဆုံးသွားသည့် ရွှေလက်ချောင်း ပြန်ပေါ်လာသည့်အကြောင်းကိုတော့ မည်သို့မျှ ဖွင့်ပြောစရာ အကြောင်း မရှိပေ ။ သူက ထိုလျို့ဝှက်ချက်အား အသက်ထက်ဆုံး သိမ်းဆည်း ထားရပေမည် ။

မည်သို့ပင် ဆိုစေကာမူ အဆုံး၌ တိမ်ဖြူဂိုဏ်း ဆိုသည်က ဖြောင့်မတ် မှန်ကန်သည့် အထက်လမ်း ဂိုဏ်းတစ်ဂိုဏ်း မဟုတ်ပါလော ။ သူတို့က ပါရမီရှင်တို့အား တန်ဖိုးထားပြီး ဂိုဏ်းတော်အား သစ္စာမဖောက်သရွေ့ မည်သည့် ကိစ္စမဆို ညှိယူ၍ ရလေသည် ။

အထူးသဖြင့် လုရီကဲ့သို့ ဂိုဏ်းတော်၌ မွေး၍ ဂိုဏ်းတော်၌ ကြီးပျင်းလာသည့် လူမျိုးအား ပါရမီရှင်အဖြစ် မွေးထုတ်ပေးနိုင်သည် ဆိုလျှင် တိမ်ဖြူဂို္ဏ်း အနေဖြင့် မည်မှျ ဂုဏ်တက်လိုက်မည်နည်း ။

လုကောင်းယန်က လုရီ၏ ကိစ္စအား မခန့်မှန်းနိုင်တော့သည့်အတွက် ဆက်လက်၍ ဖိအား မပေးတော့ပေ ။

“ အင်း .... ဒါကကောင်းမွန်တဲ့အရာတစ်ခုဆိုပေမယ့် ဘယ်အချိန်မဆို ပျောက်ပျက်သွားနိုင်တဲ့ အခြေအနေပဲ။ ရီအာ ... သားလေး ... သည်အတောအတွင်းမှာ မင်းရဲ့ကျင့်ကြံခြင်းကို ပိုပြီးကြိုးစားရမယ် ကြားလား "

“ဟုတ် ... သားပိုပြီး ကြိုးစားပါ့မယ် ” လုရီက ခေါင်းညိတ်၍ အာမခံလိုက်၏ ။

ဝမ်စီးချီက ပြုံးလျက်

“ ဒီနေ့တော့ ကျွန်မစိတ်ပျော်သွားပြီ။ ဒါကြောင့် ရှင်တို့ သားအဖ နှစ်ယောက်ကို စားကောင်းတာ တစ်ခုခု ချက်ကျွေးမယ် ”

...........

ညစာ စားပြီးသည့်နောက်တွင် လုရီက စိတ်ကျေနပ်စွာဖြင့် သူ့အခန်းသို့ ပြန်သွား၏ ။

သူ့အမေ၏ ဟင်းချက်လက်ရာက အင်မတန် ကောင်းမွန်သည်ဟူသည့် အချက်ကိုတော့ သူ့အနေဖြင့် ဝန်ခံရပေမည် ။

သူက ဝိဉာဉ်စွမ်းအင် ကိုအသက်သွင်းရင်း အစာ မြန်မြန်ကျေအောင်လုပ်လိုက်သည်။ အိပ်ရာပေါ်မှာ ခြေနှစ်ချောင်းကိုချိတ်ပြီးတဲ့နောက် ကျင့်ကြံဖို့ အဆင်သင့်ဖြစ်နေပြီ။

မကျင့်ကြံခင်၌ လုရီက တိမ်ဖြူ ချီသန့်စင်ခြင်း ပညာရပ်အား ဆယ်ကြိမ်တိတိ ကျင့်ကြံရန် သူ့ကိုယ်သူတာဝန်ပေးလိုက်သေး၏ ။

ထို့နောက် ရမည့် ဆုလာဘ်ကို မြင်လျှင် သူက မျက်လုံး အပြူးသား ဖြစ်သွားလေသည် ။

[တာဝန်]

တိမ်ဖြူ ချီသန့်စင်ခြင်း ပညာရပ်အား ဆယ်ကြိမ် လေ့ကျင့်ရန် ။ ( လုပ်ဆောင်ချက် ၀/၁၀)

ဆုလာဘ် : တိမ်ဖြူ ချီသန့်စင်ခြင်း ပညာရပ် အဆင့် +၁

လက်ခံခြင်း :: လက်ခံပါမည်/ လက်မခံပါ။

တိမ်ဖြူ ချီသန့်စင်ခြင်း ပညာရပ်က အဆင့် တက်​ေတာ့မည်လော ။

လုရီက မယုံကြည်နိုင် ဖြစ်သွားရသည်။ သူ၏ တိမ်ဖြူ ချီသန့်စင်ခြင်း ပညာရပ်က လွန်ခဲ့သည့် လေးရက်ကတင်ပင် အဆင့်၆သို့ တက်ရောက်ထားခဲ့တာ ဖြစ်၏ ။ထို့အတွက် သူက နောက်ထပ် အဆင့်တက်ရန် ကြာဦးမည်ဟု တွေးထင်ထားခဲ့လေသည် ။

သို့သော်လည်း သိပ်မကြာခင်၌ပင် ယနေ့ ဂိုဏ်းတူအစ်မ လျူနင်းရွှမ် ပို့ချခဲ့သည့် သင်ခန်းစာတို့ကြောင့် သူ၏ အတွေးအမြင်တို့ ဆန်းသစ်လာကာ အဆင့်တက်ခြင်း ဖြစ်မည်ဟု လုရီ တွေးလိုက်မိသည် ။

ဂိမ်းစကားအရ ပြောရမည်ဆိုလျှင် ဤဖြစ်ရပ်က တိမ်ဖြူ ချီသန့်စင်ခြင်း ပညာရပ်၏ အတွေ့အကြုံ ရမှတ်အား မြှင့်တင်ပေးသည့် အထူးပွဲတစ်ခု၌ ဝင်ရောက် ဆင်နွှဲလိုက်ရခြင်းပင် ။

လုရီက ဂုဏ်ယူစွာဖြင့် ရင်ကို ကော့လို်က်၏ ။ ဤအတို်င်းဆိုလျှင် သူ၏ အလားအလာက မဆိုးလှပေ ။

ထို့နောက်တွင်တော့ လုရီက ကျင့်ကြံရန် အလျင်လိုခြင်း မရှိဘဲ သူ၏ ကျင့်ကြံရေးအဆင့်ကို မြှင့်တင်ဖို့ အလို့ငှာ ပြီးပြည့်စုံခြင်းအဆင့် ချီသိပ်သည်းခြင်း ဆေးလုံးအား ထုတ်ယူလိုက်လေသည် ။

လုရီ ဆေးလုံးကို ပါးစပ်ထဲထည့်ရင်း ဗိုက်ထဲကိုရောက်သွားတဲ့ ခံစားချက်နှင့်အတူ နွေးထွေးတဲ့စီးဆင်းမှုတစ်ခုက သူ့ကိုယ်တွင်းမှာပျံ့နှံ့လာခဲ့သည်။ ပြင်းထန်သည့် ဝိဉာဉ်စွမ်းအင်က သူ့အား ပြည့်အင့်သကဲ့သို့ ဖြစ်သွားစေ၏ ။ ထို့အတွက် လျင်မြန်စွာပင် သူ၏ ကျင့်စဥ္ကို စတင်လိုက်လေသည် ။

နည်းစနစ်ကိုကျင့်နေရင်း သိပ်သည်းဆပြင်းတဲ့ ဝိဉာဉ်စွမ်းအင်တစ်ခုက သူ့အသက်ရှူလမ်းကြောင်းထဲကို ဖြည်းဖြည်းချင်း စီးဝင်ရင်း ကျင့်ကြံခြင်းကိုထောက်ပံ့ပေးနေတာကို ခံစားလိုက်ရသည်။

ဒီနည်းစနစ်ကို ထပ်ခါထပ်ခါလုပ်နေရင်း ကျင့်ကြံခြင်းက တစ်ဟုန်ထိုးတိုးတက်လာပြီး ဝိဉာဉ်စွမ်းအင်ကလည်း တိုးလာတဲ့အချိန်မှာ အတားအဆီးတစ်ခုကို ရုတ်တရက် လုရီ ခံစားမိလိုက်သည်။

ပြီးပြည့်စုံခြင်း အဆင့် ချီသိပ်သည်းခြင်းဆေးလုံးက စွမ်းအင်တွေကို ဆက်တိုက်ထုတ်ပေးနေသော်လည်း ထူးဆန်းသည့် ခံစားချက်နဲ့ မမြင်ရရှိနေသည်လို့ ခံစားရတဲ့ အတားအဆီးတစ်ခုက ဝိဉာဉ်စွမ်းအင်တွေမစုစည်းနိုင်အောင် တားဆီးထားသည်။

ထိုအရာက အပြည့်ဖြည့်ထားသည့် ရေဘူးတစ်ဘူးထဲသို့ ရေထပ်ဖြည့်နေရသည့် အလားပင် ။

ဤအတွေ့အကြုံက လုရီနှင့် မစိမ်းလှပေ ။

အဆင့် တစ်ဆို့နေသည့် အခြေအနေ ။ သူက ချီကျင့်ကြံခြင်း အဆင့်၆၌ ဘူးစို့ ပိတ်ထားသကဲ့သို့ ရပ်တန့်နေသည့် အခြေအနေအား ရောက်နေပြီ မဟုတ်ပါလော ။

လုရီ အံ့ဩပြီး အပျော်လွန်သွားသည်။ဤအဆင့် တစ်ဆို့နေသည့် အခြေအနေက သူ့ထံသို့ လျင်မြန်စွာ ရောက်ရှိလာမည်ဟု သူ့အနေဖြင့် လုံးလုံး မမျှော်လင့်ထားခဲ့ပေ ။

All Chapters