အခန်း (၁၉-၂၁)
Vol. 2 Ch. 19-21
အခန်း၁၉ [ ကံကောင်းမှု ]
“ နံပါတ်၂၅ စင်ပေါ်တက်လို့ရပြီ “
ဖန်ထျန့်၏ အသံက ငိုက်မြည်းနေသည့် လုရီကိုနိုးသွားစေသည်။ နောက်ဆုံးတော့ သူ့အလှည့်ရောက်လာပြီပဲ။
စင်မြင့်အောက်မှာ ရပ်စောင့်ရင်း ပျင်းလွန်းလို့ သူသေပါသေသွားနိုင်သည်။ အနည်းဆုံးတော့ တာဝန်ပေးပြီးဆုတွေယူလို့ရအောင် အားကောင်းသည့် ပြိုင်ဘက်ရပါစေလို့ မျှော်လင့်မိသည်။
လုရီ လေပေါ်မြှောက်ရင်း စင်မြင့်ပေါ်သို့တက်သွားလိုက်သောအခါ အောက်ရှိ ပြိုင်ပွဲဝင်တွေစိတ်လှုပ်ရှားကုန်ကြသည်။ နောက်ဆုံးတော့ လုရီပြိုင်တာကိုကြည့်ရတော့မည် မဟုတ်လား။
လုရီစင်ပေါ်ရောက်ပြီးသည်နှင့် လူရွယ်တစ်ယောက်ပါ တက်လာသည်။
လူရွယ်ကိုမြင်သည့် လုရီခဏတော့ကြောင်သွားပြီး ရယ်လိုက်၏။
“ စီနီယာညီကို လီချီ ပဲ။ တိုက်ဆိုင်လိုက်တာ “
နေဖြူတောင်ထိပ်တွင် ဝမ်ရှင်းချီ၏ အတင်းအကြပ်နေရာလုခြင်းကို ခံလိုက်ရသည့်လူပင်။ လီချီမှာ ထိုအချိန်ကထဲက ကံမကောင်းခဲ့ရာ လုရီသည်လည်း သတိထားမိပုံပေါ်သည်။
လီချီရဲ့မျက်နှာက နာကျင်သွားသလိုတွန့်လိမ်သွားသည်။ ပါးစပ်ကိုရွဲ့စောင်းပြီး လုရီကိုကြည့်ရင်းက အံ့ကိုကြိတ်ထားသည်မို့ ဟန်ဆောင်ပြီးတောင်ပြုံးနိုင်သည့်ပုံမပေါ်။
“ တကယ့်ကိုတိုက်ဆိုင်မှုပဲ အငယ်တန်းညီလေးလု “
လီချီတကယ့်ကို သွေးပျက်သွားမိသည်။ သူဘာကြောင့် ဒီလောက်တောင့် ကံဆိုးရသည်လဲ။ ပထမပွဲစဉ်မှာပင် ဆရာကြီးလုရီနှင့် ထိပ်တိုက်လာတွေ့နေသည်။
သူ့ခွန်အားနှင့်ဆို အလွယ်တကူ ထိပ်တန်းအယောက်တစ်ထောင်ထဲသို့ ပါနိုင်သည်။
လီချီငိုချမိတော့မလိုပင်။
ဖန်ထျန့်က လုရီနှင့် လီချီကို တည်ငြိမ်စွာကြည့်ရင်း
“ ပြိုင်ပွဲစလိုက်ကြရအောင် “
လုရီကပြုံးပြီး
“ စီနီယာညီကို လီချီ ခွင့်ပြုပါဦး “
လီချီအတွက် နည်းနည်းတော့သနားမိသွားသည်။ သူတာဝနပေးလို့ မရတော့သော်လည်း လီချီ့ကိုငဲ့ညှာသောအားဖြင့် နည်းနည်းတော့ တိုက်ခိုက်ပြမည်ဟု ဆုံးဖြတ်လိုက်သည်။
လီချီက မဲ့ရွဲ့ရင်း သွေးပျက်သည့်အသံဖြင့်
“ ငါအရှုံးပေးတယ် “
“ ဟင် “
လုရီ ခဏကြောင်နေတုန်းမှာပဲ လီချီက စင်မြင့်ပေါ်ကဆင်းချသွားကာ လူအုပ်ကြားထဲပျောက်သွားတော့၏။
စီနီယာညီကို လီချီရဲ့ စိတ်အခြေအနေကပျက်စီးနေတာများလား။ လုရီသက်ပြင်းသာချလိုက်သည်။ ကျင့်ကြံရေးလောကတွင် ကံကောင်းဖို့အရေးကြီးသော်ငြား စီနီယာညီကိုလီချီကတော့ ကံဆိုးပုံပင်။
လုရီ၏ အစွမ်းကိုမြင်ချင်သည့် ဖန်းထျန့်က
လုရီစင်မြင့်ပေါ်က ဆင်းသွားသောအခါ စိတ်ပျက်သွားမိသည်။ လီချီက တိုက်တောင်မတိုက်ဘဲ အရှုံးပေးလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဘာမှမတတ်နိုင်ဘဲ ၂၆ကိုသာ အော်ခေါ်လိုက်သည်။
“ နံပါတ်၂၆ စင်ပေါ်ကိုတက်ခဲ့ပါ “
လူရွေးချယ်တိုက်ပွဲတွေက လျင်မြင်စွာပြီးဆုံးသွားသည်။ အကြိုပွဲကစောစောစသည်မို့ ကျန်သည့်တစ်နေ့လုံးက တိုက်ပွဲအတွက်ပဲဖြစ်သည်။ ချီကျင့်ကြံသူတွေကြားက တိုက်ပွဲတွေကသိပ်မကြာသည်မို့ မြန်မြန်ပဲပြီးဆုံးသွား၏။
လုရီဒီလောက်ကံကောင်းလိမ့်မယ်လို့ မသိခဲ့ပါ။ စင်မြင့်၁၀၁ မှာရှိသည့် ခွန်အားအကောင်းဆုံး ပြိုင်ဘက်သည် ချီအဆင့်၈ ရှိသည့်လီချီဖြစ်ပြီး အဆင့်၉ အဆင့် ကျင့်ကြံသူတစ်ယောက်မှမရှိချေ။
လုရီစင်ပေါ်သို့တက်သည့်အချိန်တိုင်း ပြိုင်ဘက်တွေက ချက်ချင်းအရှုံးပေးလိုက်ကြပြီး စိတ်ပျက်လက်ပျက်နှင့် ထွက်ခွါသွားကြသည်။
တစ်နေ့လုံး နောက်ကျောကဓားရှည်ကိုတောင်မထုတ်ရဘဲ စင်ပေါ်တွင်ရပ်နေရင်းသာ အချိန်ကုန်သွား၏။
အဆုံးသတ်တွင် သူထုံပေပေဖြစ်လာသည်။ ဒီမှာပဲ အချိန်ဖြုန်းမနေချင်ဘဲ အိမ်ကိုပြန်ပြီးသာ လေ့ကျင့်ချင်မိပေမဲ့ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်သည်မို့ သူထွက်သွားလို့မရ။
တဖြည်းဖြည်းနှင့် နေက တောင်တွေနောက်သို့ကျရောက်လာပြီး ကောင်းကင်က လိမ္မော်ရောင် အဖြစ်ပြောင်းသွားသည့်အချိန်တွင် ပမာဏပွဲစဉ်တွေ ပြီးဆုံးသွားလေပြီ။
ထုံးစံအတိုင်း လုရီက စင်မြင့်၁၀၁၏ အဆင့်တစ် ချိတ်ပြီးသည့်နောက် အခြားသောစင်မြင့်ထက်တွင် ထိပ်တန်း၁၀ ယောက်နေရာအတွက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အဆင့်သတ်မှတ်သည့်ပြိုင်ပွဲပင်။
ပမာဏပြိုင်ပွဲတွေပြီးသွားသည်နှင့် ဒူဂုဖန်က က ပင်မစင်မြင့်ပေါ်တက်ကာ ကြေငြာသည်။
“ ဒီနေ့အတွက် ပြိုင်ပွဲတွေပြီးဆုံးသွားပါပြီ။ မနက်ဖြန် အဆင့်သတ်မှတ်ပြိုင်ပွဲတွေ စတင်မှာမလို့ မိမိရဲ့ အခြေအနေကို ထိန်းသိမ်းပြီး မနက်ဖြန်အကောင်းဆုံးယှဉ်ပြိုင်ကြပါ”
ပြောရင်း ဒူဂုဖန်က နှမြောသည့်ပုံနှင့် လုရီရှိရာနေရာကိုကြည့်လိုက်သည်။ လုရီ၏ အစွမ်းကိုကြည့်ချင်သော်ငြား လူတိုင်းကအရှုံးပေးလိမ့်မည်ဟု မမျှော်လင့်ခဲ့။
ဒူဂုဖန်ရဲ့ ကြေငြာချက်အဆုံးမှာ ပြိုင်ပွဲဝင်အများစု ထွက်ခွါကုန်ကြသည်။ တစ်နေ့လုံးပြိုင်ပွဲဝင်ပြိုင်ရသည်က သူတို့အအကုန်လုံးအတွက် ပင်ပန်းစေသည်ပင်။
ဒိုင်လူကြီးအဖြစ် အဆုံးအဖြတ်ပေးသည့် အကြီးအကဲတွေတောင် ပြိုင်ပွဲအတွင်း ဒဏ်ရာရတတ်ကြသည်မို့ အိမ်ပြန်ပြီး ဒဏ်ရာတွေမကျန်ရအောင် ကုစားဖို့လိုသည်။
လုရီ ကောင်းကင်ပေါ်မော့ကြည့်လိုက်တော့ လုကောင်းယန်နှင့် ဝမ်ရှင်းချီရောက်မလာသေးမှန်း သိလိုက်ရသည်။ လုကောင်းယန်၏ ဓားရှည်ကြီးနောက်ကနေ လိုက်စီးခိုင်းသည်ကို မခံချင်တာကြောင့် သူ့ရဲ့ ကိုယ်ပိုင်အကွက်တွေကို သုံးပြီး အလျင်အမြန်ပဲ လူအုပ်ကြားထဲကနေ ထွက်လာလိုက်သည်။ ကိုယ်တိုင်ပဲပြန်ပြေးချင်စိတ်ပေါက်သည်ကြောင့်။
ကောင်းကင်ပေါ်တွင် လုကောင်းယန်နှင့် ဝမ်ရှင်းချီက အခြားသောအကြီးအကဲများနှင့် အတူပြုံးပြုံးရွှင်ရွှင်ရှိနေကြသည်။
လူတိုင်းကလည်း နှစ်ယောက်စလုံးကို ဂုဏ်ပြုနေကြ၏။
“ ဂုဏ်ယူပါတယ် ညီကိုလု။ လုရီက ဓားတစ်ချက်တောင်မထုတ်လိုက်ရဘဲ နောက်တစ်ဆင့်ကိုချက်ချင်းတက်သွားတာ တကယ့်ကို အထင်ကြီးစရာကောင်းတယ်”
“ အမှန်ပဲ ညီကိုလု။ လုရီက ခွန်အားတယ်ကြီးတာပဲ “
“ သူထိပ်တန်းအယောက် ၁၀၀ အထိဝင်မှာကျိန်းသေတယ် “
“ အယောက် ၁၀၀ ဟုတ်လား။ မင်းက လုရီကို အထင်သေးနေတာပဲ။ ထိပ်တန်း ဆယ်ယောက်အထိ
ဝင်နိုင်မှာ “
“ ဘာပဲဖြစ်ဖြစ် ညီကိုလုမှာ တကယ်တော်တဲ့သားရှိတာပဲ။ ကောင်းစားသွားရင် ညီကိုတွေကို သတိရဦး “
“ သေချာတာပေါ့ သေချာတာပေါ့ “
လုကောင်းယန်ရဲ့ မျက်လုံးတွေက ပျော်ရွှင်မှုကြောင့် ကွေးနေသည်မှာ မမြင်ရလောက်သည်အထိ။
ဘေးနားရှိ ဝမ်စီးချီကမူ အခြားအမျိုးသမီးအကြီးအကဲတွေနဲ့ အတူ ပြုံးပြုံးရွှင်ရွှင်စကားပြောနေ၏။
“ အားလုံးပဲ ကျွန်တော်သားကို အိမ်ပြန်ပို့ရဦးမှာမလို့ ခွင့်ပြုပါဦး။ ဟင် လုရီကဘယ်ရောက်သွားတာတုန်း “
လုကောင်းယန်က အောက်ကိုငုံ့ကြည့်လိုက်ပေမဲ့ လုရီရှိမနေတော့။
ဝမ်စီးချီလည်း အနည်းငယ်ကြောင်သွားသည်။
သူ့သားကဘယ်ရောက်သွားသည်လဲ။ ဘယ်လိုလုပ် ဒီလောက်မြန်မြန် ပျောက်သွားရတာလဲ။
ဝိဉာဉ်ဖြူတောင်ထိပ်သို့ရောက်သည့်အချိန်တွင် လုရီအခန်းကိုပြန်ပြီး အနားယူလိုက်သည်။
တစ်နေ့လုံးမတ်တပ်ရပ်နေရသဖြင့် ကိုယ်ခန္ဓာမပင်ပန်းတော့လည်း စိတ်ကတော့ အတော်ပင်ပန်းသည်။
ပြိုင်ပွဲမဟုတ်ဘဲ အပြစ်ပေးခံသည်နှင့်တောင်တူသည်။
လုရီကြိတ်သက်ပြင်းချပြီး ပြိုင်ပွဲမြန်မြန်ပြီးဖို့သာဆုတောင်းလိုက်သည်။ သို့မှသာ ဆုတွေရနိုင်မည်မဟုတ်ပါလား။
ပြိုင်ပွဲအတွက်တာဝန်က သူ၏ တာဝန်စာရင်းတွင်ရှိနေတာကြောင့် စိတ်ထဲအမြဲထည့်ထားခဲ့ရသည်။
မကြာခင်မှာပဲ အပြင်က ဝမ်စီးချီရဲ့အသံကို ကြားလိုက်ရသည်။
“ ရိအာ ရိအာ သားအိမ်ပြန်ရောက်ပြီလား “
လုရီက အံ့ဩသွားပြီး အပြင်တွင်ရောက်နေသည့် အဖေနှင့်အမေကို ကြောင်ကြည့်နေသည်။
“ ကျွန်တော်အိမ်ပြန်ရောက်ပါပြီ “
လုကောင်းယန်နှင့် ဝမ်းစီးချီက စိတ်သက်သာရာရသွားသလို သက်ပြင်းချလိုက်ပြီး
“ ခွေးကောင်လေး ငါတို့ကမင်းကို အိမ်ပြန်ပို့ဖို့ စောင့်နေတာကို တစ်ယောက်တည်းထွက်သွားရလား “
လုရီမျက်နှာကား မဲ့ရွဲ့သွား၏။ အနောက်ကနေလိုက်စီးရဦးမှာလား။ သူ့ရဲ့ကိုယ်ပိုင် သိက္ခာလေးကိုရော ထည့်မစဉ်းစားပေးတော့ဘူးလား။
လည်ချောင်းကိုရှင်းလိုက်ရင်း
“ အဖေနဲ့အမေ နှစ်ယောက်သား လေပေါ်မှာ စကားများနေတာမြင်လို့ ကိုယ့်ဟာကိုယ်ထွက်လာလိုက်တာလေ “
ဒါကိုကြားသည့် လုကောင်းယန်နှင့် ဝမ်စီးချီက စိတ်ဆိုးပုံမပြ။
“ ဒါမှအမေ့သားလေး။ ပြိုင်စရာတောင်မလိုဘဲ နိုင်နေတာ တကယ့်ကို အထင်ကြီးစရာပဲ။ ဒီနေ့အကြီးအကဲတွေက သားကိုချီးကျူးနေကြတာ “
တစ်နေ့လုံးရပ်ပဲရပ်နေရတာတောင် သူတို့ကချီးကျူးတယ်ပေါ့။ ရူးများရူးနေကြသလား။
လုကောင်းယန်က ရယ်ရင်း
“ အဲ့တာပြောတာပေါ့။ အဖေ့သူငယ်ချင်းတွေကတောင် ပြောကြတယ် အဖေတူသားလေး တဲ့ “
လုရီက လုကောင်းယန်ကို စိတ်ကုန်သည့်အကြည့်ဖြစ်သာကြည့်လိုက်သည်။
စိတ်ချမ်းသာနေရင်လည်း ကောင်းပါတယ်။
လုရီအခန်းကို ပြန်ပြီး မလေ့ကျင့်ခင်အထိ သားအမိသားအဖသုံးယောက် ရယ်ရယ်မောမော ထမင်းလက်ဆုံစားကြသည်။ နှစ်ယောက်လုံးက ဒီအခြေအနေကို ဆက်ထိန်းထားနိုင်ဖို့ မျှော်လင့်နေကြသည်။
အခန်းထဲကိုပြန်ရောက်သည်နှင့် လုရီ သူ၏နေ့စဉ် ကျင့်ကြံရေးတာဝန်တွေကို စလိုက်၏။ ဝိဉာဉ်စွမ်းအင်ကို စီးဆင်းစေရင်း ချီစွမ်းအင်ကလည်း ပိုမိုအားကောင်းလာသည်။ ချီကျင့်ကြံရေးအဆင့် ၈ သို့ရောက်ရန် သိပ်မလိုတော့မှန်း လုရီခံစားမိလိုက်သည်။
တိမ်ဖြူချီစင်သိုင်းပညာအဆင့် ၈သည် အဆင့်၇ ထက်နှစ်ဆ ပိုပြီးအရှိန်မြန်သည့်အတွက် ပြီးပြည့်စုံသည့် ချီးစွမ်းအားနစ်ဝင်ဆေးလုံးနှင့် ပေါင်းစပ်လိုက်သည့်အခါ လုရီ၏ ကျင့်ကြံမှုနှုန်းမှာ အံ့မခန်းမြန်လာတော့သည်။
အခန်း၂၀ :: ရဲတင်းခြင်း
တစ်ညတာဟာ ဘာမျှပြောစရာမရှိဘဲနှင့် ကုန်ဆုံးသွား၏။
နောက်တစ်နေ့မနက်တွင် လုရီ၊ လုကောင်းယန်နှင့် ဝမ်စီးချီမနက်စာစားပြီးသည့်နောက် လုရီကမတ်တပ်ထရပ်ပြီး
“ ပြိုင်ပွဲနေရာကိုသွားကြရအောင် “
လုကောင်းယန်ရဲ့ လက်ကိုတွေ့လိုက်ရသည်နှင့်တစ်ပြိုင်နက် လုရီ၏မျက်နှာထားမှာ ပြောင်းလဲသွားတော့သည်။
“ အဖိုးကြီးလု နေပါဦး၊ ဒီနေ့ကျွန်တော့်ဘာသာ ကျွန်တော်သွားဖို့ လုပ်ထားတယ် “
လုကောင်းယန်၏လက်တွေရပ်တန့်သွားပြီး ရှုပ်ထွေးသွားသည့်အကြည့်ဖြင့် လုရီကိုကြည့်နေ၏။
“ ဘာလို့လဲ။ အဖေမင်းကို ခေါ်သွားတာကပိုမကောင်းဘူးလား “
လုရီက လည်ချောင်းကိုရှင်းလိုက်ပြီး
“ အခုဆို ကျွန်တော်က တော်တော်လေးကိုနာမည်ကြီးနေပြီဆိုတာအဖေသိပါတယ်။ အခုကအစောကြီးပဲရှိသေးတယ်လေ၊ အစောကြီးသွားလို့ လူတွေဝိုင်းကြည့်တာခံရရင် ရှက်စရာကောင်းတာပေါ့။ ဒါကြောင့် အေးဆေးမှသွားမလို့ “
လုရီ၏ စကားတွေကို ကြားသည့် လုကောင်းယန်မှာ တစ်ခဏလောက်တွေးကြည့်ပြီး မှန်သလိုလိုရှိသည်ဟု ခံစားလိုက်ရသည်။ ဝမ်စီးချီကတော့ ရယ်ရယ်မောမောနှင့်
“ ဒီလိုဆို ရိအာ သူ့ဟာသူ သွားပါစေ။ သူလည်းအရွယ်ရောက်
ပြီဆိုတော့ သူ့အတွေးနဲ့သူပေါ့ “
ဟုပြောပြီး ဓားပျံစီးကာ နှစ်ယောက်သားထွက်ခွါသွားကြသည့် အချိန်မှ လုရီစိတ်သက်သာရာရတော့သည်။ ဒီနေ့တော့ သူဆွဲခေါ်မခံရတော့။ အနည်းဆုံးတော့ သူ့ဂုဏ်သိက္ခာကိုယ် သူအဖက်ဆယ်နိုင်ပြီ။
ဝမ်းသာသွားသည့် လုရီဟာ တံခါးဆီပြေးထွက်သွားသည်။
လုရီပြိုင်ပွဲနေရာသို့ရောက်သည့်အချိန်တွင် လူအတော်များများ စုဝေးနေကြပြီးဖြစ်သည်။ အကြိုပွဲနှင့် ပမာဏပြိုင်ပွဲများက မနေ့ကပြီးသွားပြီမို့ မနေ့ကထက် ပြိုင်ပွဲဝင်အနည်းငယ်သာရှိတော့သည် ဆိုသော်ငြား လာကြည့်သည့်လူများကတော့ ပိုများလာပေသည်။
လုရီလာနေသည်ကို မြင်သည့် အပြင်ဆောင်ဂိုဏ်းသားများဟာ ဝမ်းသာအားရဖြစ်သွားကြသည်။
“ အငယ်တန်းညီကို လုပဲ “
“ ဟုတ်တယ်ကွ ဒီနေ့က ထိပ်တန်းဆယ်ယောက်ကိုရွေးမဲ့နေ့ဆိုတော့ ညီကိုလုရဲ့ သိုင်းပညာကိုငါတို့ကြည့်ခွင့်ရတော့မှာပဲ “
ဂိုဏ်းသားအများစုဟာ မျှော်လင့်တကြီးဖြစ်နေကြပုံပင်။
လုရီ လေ့ကျင့်ကွင်းပြိုင်ပွဲနေရာ၍ ပင်မစင်မြင့်ဆီ ဦးတည်သွားလိုက်သည်။
ပင်မစင်မြင့်တစ်ဝိုက်တွင် အဆင့်ရွေးချယ်ပွဲအတွက်အသုံးပြုမည့် သာမန်ထက်အနည်းငယ် ပိုကြီးမားသော စင်မြင့်များရှိနေသည်။
အရင်အချိန်က အဆင့်ရွေးချယ်ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင် အယောက် ၃၂၀ က စင်မြင့်ဆယ်ခုထက်တွင် ယှဉ်ပြိုင်ရပြီး ထိပ်တန်းဆယ်ယောက်ကို ရွေးချယ်လေ့ရှိသည်။
ယခုတွင်မူ ထိပ်တန်းအယောက် ၃၂၀ အဆင့် ပြိုင်ပွဲဝင်တို့မှာ ပြိုင်ပွဲနေရာတွေ အတော်အတန်ရောက်ရှိနေကြပြီ။
လုရီလာသည်ကိုမြင်သော ဂိုဏ်းသားတို့မှာ စပ်စုသောမျက်လုံးများနှင့်သာမက သတိပေးသောမျက်လုံးများနှင့် တစ်မျိုး ရန်လိုသောအကြည့်များနှင့်တစ်ဖုံ ကြည့်နေကြပြန်သည်။
ရန်လိုသောအကြည့်ဖြင့် ကြည့်နေကြသည့် ဂိုဏ်းသားတို့မှာ ချီကျင့်ကြံရေးအဆင့်၉ အဆင့် ပြိုင်ပွဲဝင်တွေမှန်း လုရီသိလိုက်သည်။
လုရီ တစ်ခဏစဉ်းစားလိုက်ပြီး ထိုသူတို့အား ရန်စဖို့လောက်အထိ မခံစားရကြောင်းသိလိုက်ရသည်။ ဘာလို့ ထိုသူတွေဟာ သူ့ကိုတွေ့လျှင် ပျော်နေပုံမပေါက်ကြသည်လဲ။
လုရီနားမလည်နိုင်ပေမဲ့ ဆက်တွေးမနေတော့။
ထိုအချိန်မှာပဲ ဝမ်ဝူလျန်ကို ကြားလိုက်ရသည်။
“ အငယ်တန်းညီလေးလု ငါတို့ဒီမှာဟေ့ “
လုရီလှည့်ကြည့်လိုက်တော့ ပြုံးပြရင်း လက်ပြနေသည့် ဝမ်ဝူလျန်ကိုတွေ့လိုက်ရသည်။
“ အစ်ကိုကြီး ဝမ် “
နှုတ်ဆက်ရင်း ဘေးနားကိုဝေ့ဝဲကြည့်လိုက်ပြီး
“ ညီကို လုရော “
လုလျင်၏ ခွန်အားမှာ အားမနည်းလှသည်မို့ မတွေ့ရသည်ကို အံ့ဩသွားရသည်။
ဝမ်ဝူလျန်က ခါးသက်သက်ပြုံးရင်းပြော၏။
“ ညီကို လုက ကံမကောင်းရှာဘူး။ စီနီယာညီကို ကျန့်ဖန်နဲ့ စင်မြင့်တစ်ခုတည်းအတူတူကျပြီး ရှုံးသွားတယ် “
“ စီနီယာညီကို ကျန့်ဖန်ဟုတ်လား “
လုရီ ခဏတွေးလိုက်ပြီးနောက် သဘောပေါက်သွားသည်။
“ ချီကျင့်ကြံရေးအဆင့်၁၀ ရှိတဲ့ စီနီယာညီကိုလား “
“ ဒါပေါ့ ဘယ်သူရှိသေးလို့လဲ “
စီနီယာညီကို လီချီတင်မကဘဲ ညီကိုလုပါ အတော်လေး ကံခေမှန်း သိလိုက်ရ၏။
သူ၏စွမ်းအားမှာ အဆင့်တစ်ရာအတွင်းဝင်နိုင်သော်လည်း ပမာဏပွဲစဉ်ကိုတောင်အောင်မြင်နိုင်ခဲ့ခြင်း မရှိချေ၊
အပြင်ဆောင်ဂိုဏ်းတွင်မူ ဒီလိုဖြစ်သည်ကို တရားမမျှတဟု မယူဆ။ ကျင့်ကြံရေးသမားများအတွက် “ကံကောင်းမှု” ဟူသည် အမှန်ပင်အရေးကြီးသည်ဟု ပြောစမှတ်ပြုကြသည်။ ကံကောင်းမှုကို စွမ်းအား၏တစ်စိတ်တစ်ပိုင်းဟုပင် သတ်မှတ်ကြသေး၏။
လုရီအတွက်တော့ ပြဿနာမရှိပါ။ အတိိတ်ဘဝက သူဖတ်ခဲ့ဖူးသမျှ ဝတ္ထုတွေထဲက ကံကောင်းကြသူများတွင် ချွင်းချက်ကင်းသည့် အရည်အချင်းမျိုးမရှိကြသော်လည်း ကောင်းမွန်သည့်ရလဒ်ထွက်အောင် မည်သို့လုပ်ရမည်ဟူသည့် အကြမ်းခံသောစိတ်ဓာတ်မျိုး ရှိသည်ကို မည်သူမျှငြင်းမရ။
“ စကားမစပ် ညီကိုဝမ် အစိမ်းရောင်ဝတ်ရုံနဲ့ စီနီယာညီကိုက ဘယ်သူလဲ။ ဘာလို့ ကျွန်တော့်ကို သူ့ဆီကအဖိုးတန်တဲ့အရာကို ယူသွားတဲ့လူလိုမျိုးစိုက်ကြည့်နေရတာလဲ “
လုရီမေးခွန်းထုတ်လိုက်သည်။
ထိုလူ၏မျက်လုံးများမှာ စိမ်းသက်နေပုံမှာ သူ့မိန်းမကိုများ လုရီခိုးမိသလားဟု တွေးမိရလောက်အောင်ပင်။
ဝမ်ဝူလျန်က လုရီပြောသည့်နေရာကို ဖြတ်ခနဲကြည့်ပြီး အကြည့်လွှဲလိုက်ကာ အံကြိတ်ရင်းပြော၏။
“ အငယ်တန်းညီကိုလုရဲ့ ချီကျင့်ကြံရေးအဆင့်က ၇အထိရောက်သွားလို့ မဟုတ်ဘူးလား “
“ ကျွန်တော် ချီအဆင့်၇ ကိုရောက်သွားတာက ဘာဖြစ်လို့လဲ “
လုရီနည်းနည်းတော့ စိတ်ရှုပ်သွားသည်။
“ အင်း.. ညီကိုလုက ချီအဆင့်၆တုန်းကတောင် ချီအဆင့်၉ လောက်ရှိတဲ့ ကျင့်ကြံသူတွေနဲ့တောင် ယှဉ်ပြိုင်နိုင်တဲ့ အရည်အချင်းမျိုးရှိတာလေ။ အခု ညီကိုက ချီအဆင့် ၇ အထိရောက်သွားပြီဆိုတော့ တစ်ချို့လူတွေစိတ်ပူနေကြမှာပေါ့ ဟုတ်တယ်မလား “
ဝမ်ဝူလျန်က အပြုံးတစ်ခုနှင့်
“ နှစ်တိုင်း အဆင့်ရွေးချယ်ပြိုင်ပွဲမှာ ထိပ်တန်းအဆင့်၁၀ ယောက်အထိတက်နိုင်တဲ့လူက အတွင်းဆောင်ဂိုဏ်းရဲ့ စစ်ဆေးပွဲကိုကျော်ပြီး တိုက်ရိုက်ဝင်ခွင့်ရှိတယ်ဆိုတာ ညီကိုလုသိတယ်မလား “
လုရီခေါင်းညိတ်ပြလိုက်၏။
“ သိပါတယ် “
အမှန်အတိုင်းပြောရလျှင် ထိပ်တန်းအဆင့်၁၀ ယောက်သည် လုရီ၏ပန်းတိုင်ပင်။
“ အပြင်ဆောင်ဂိုဏ်းသားတွေထဲမှာ ချီကျင့်ကြံရေးအဆင့်၁၀ ကိုရောက်တဲ့လူတွေက ခြောက်ယောက်လောက်ပဲရှိတယ်။ ကျန်တဲ့နေရာတွေက ချီအဆင့်၉ ကလူတွေအတွက်ပေါ့။ ခုနက ညီကိုတွေ့လိုက်တဲ့လူက မိုလင်းရှီပဲ။ ထိပ်တန်းအဆင့်၁၀ ရောက်ဖို့ခွန်အားရှိတယ်လို့ပဲပြောရမလား နောက်ဆုံးအဆင့်၁၀မှာ ချိတ်နိုင်တဲ့လူလို့ပဲပြောရမလား။ ဒီလောက်ဆို ညီကို လုသဘောပေါက်ပါတယ် “
ဝူလျန်က ရှင်းပြတော့ ချီအဆင့်၉ ရှိသည့် ကျင့်ကြံသူများ၏ ရန်လိုသည့်အကြည့်ကို လုရီသဘောပေါက်သွားပေသည်။
ဒီလူတွေဟာ ထိပ်တန်း၁၀ယောက်ထဲဝင်ဖို့ ဖြစ်နိုင်သည့်လူတွေမို့ အခု လုရီပေါ်လာသည့်အခါ သူတို့အတွက်ပြိုင်ဘက်တစ်ယောက် တိုးသွားသည်ပင်။ ထို့အပြင် လုရီပြသခဲ့သည့် ခွန်အားကိုထည့်တွက်ပါက ထိုသူတို့အနိုင်ရဖို့အတွက် ယုံကြည်ချက်ပျောက်သလို ခံစားနေရလောက်မည်။
စောနက အကြည့်စိမ်းစိမ်းဖြင့်ကြည့်သည့်လူကိုလည်း လုရီနားလည်၍။ အဆင့်၁၀တွင် ရှိနေသည့်လူမို့ လုရီသာ နေရာယူသွားလျှင် အလိုလိုထုတ်ခံရမည်ဖြစ်ပြီး အပြင်ဆောင်ဂိုဏ်းသို့ဝင်နိုင်တော့မည်မဟုတ်။ တော်တော်လေးတော့ စိတ်မောစရာကောင်းလှသည်။
ထိုသူ၏ မဖော်ရွှေမှုဟာ အံ့ဩစရာမရှိသည်မို့ လုရီနည်းနည်းတော့ သနားစိတ်ဖြစ်သွားမိသည်။
သက်ပြင်းချလိုက်ရင်း
“ စီနီယာညီကို မို နောက်နှစ်ကျရင် ဒီထက်ကံကောင်းပါစေလို့ပဲ မျှော်လင့်ပါတယ် “
ဝမ်ဝူလျန် “ ??? “
လုရီကိုကြည့်ရင်း သက်ပြင်းချလိုက်ပြီးပြောသည်။
“ အငယ်တန်းညီကိုလုက ကျိန်းသေပေါက် အဆင့်၁၀ ထဲဝင်မယ်လို့ ထင်နေတာလား “
လုရီကပြုံးလိုက်ရင်း
“ သိသာနေတာပဲမဟုတ်ဘူးလား “
အမှန်တော့ လုရီ၏ပန်းတိုင်က အဆင့်တစ်ရဖို့ပင်။ တိမ်ဖြူဂိုဏ်းက ဆုကိုအဆင့်အလိုက်ပေးသည်ကို သူမှတ်မိသည်။ အဆင့်မြင့်ရလေလေ ဆုကလည်းပိုကောင်းလေလေ။
ဝမ်ဝူလျန်က လက်မထောင်ပြကာ
“ ညီကိုလုက ယုံကြည်ချက်တွေရှိနေတာပဲ။ ဒါပေမဲ့ ပြိုင်မဲ့လူတွေကို အထင်မသေးနဲ့ဦး။ သူတို့က ငါ့လိုမဟုတ်ဘူး ထူးခြားတဲ့စွမ်းအင်တွေရှိတယ်။ အနည်းဆုံးတော့ အကုန်လုံးက အားမြှင့်ပြောင်းလဲခြင်းအဆင့်အထိ ရောက်အောင်ကျင့်ကြံပြီးကြတဲ့အပြင် တစ်ချို့ဆို မှော်အသုံးအဆောင်လက်နက်တွေပါ ရှိနေတာ “
မှောအသုံးအဆောင်လက်နက်ဟုတ်လား။ လုရီနည်းနည်းတော့ ထူးဆန်းသွားသည်။ သူ့တွင် အဆင့်နိမ့်မှော်လက်နက်တစ်ခုနှင့် အလယ်အလတ်အဆင့်မှော်ဘွတ်ဖိနပ်တစ်ရံ ရှိနေပြီ။
အားမြှင့်ပြောင်းလဲခြင်းအဆင့်သိုင်းပညာတွေနှင့် လုရီကိုယှဉ်လျှင် သူတို့ တစ်ခုခုတော့ လွတ်နေမှာအသေအချာ။
သူတို့စကားပြောနေကြသည့်အချိန်တွင်းမှာပင် ဒူဂုဖန်ဟာ ပင်မစင်မြင့်ထက်ဆီတက်လာပြန်ပေသည်။
လုရီနှင့် အခြားသူများကို ကြည့်နေသည့် ဒူဂုဖန်၍မျက်နှာမှာ မနေ့ကထက်နူးညံ့နေ၏။
“ အဆင့်ရွေးချယ်ပွဲကို ဝင်ရောက်နိုင်တဲ့ ဂိုဏ်းသားတွေဟာ တိမ်ဖြူအပြင်ဆောင်ဂိုဏ်းရဲ့ ထိပ်တန်းလူတော်တွေပဲ။ အနာဂတ်ကျရင် ဂိုဏ်းသားဆွေအကုန်လုံးလည်း အတွင်းဆောင်ဂိုဏ်းကို တစ်နေ့ဝင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါဖြင့် အခုပဲ အဆင့်ရွေးချယ်ပြိုင်ပွဲတွေကို စလိုက်ကြရအောင် “
ဒူဂုဖန်ပြောနေရင်း လက်ကိုဝှေ့ရမ်းလိုက်သည့်အခါ ကျောက်ပြား၃၂၀ ဟာ လုရီနှင့်အခြားသောပြိုင်ပွဲဝင်တွေဆီ ရောက်ရှိလာကြတော့သည်။
အခန်း ၂၁ : နှစ်၁၀၀ စိတ်ဝိဉာဉ်နှင်းစက်။
လုရီကျောက်ပြားကို ကြည့်လိုက်မိတော့ ၉-၅ ဖြစ်သည်။
ဝမ်ဝူလျန်က စိတ်ပူနေသည့်ဟန်နှင့် လုရီဘက်လှည့်ပြီး
“ ညီကိုလု ဘယ်စင်မြင့်လဲ “
“ ၉ ပါ “
ဝမ်ဝူလျန် ပြုံးဖြီးသွားပြီး ချက်ချင်းထရယ်တော့သည်။
“ ငါက ၁၀ မှာ။ ကံကောင်းရင် ထိပ်တန်းအဆင့် ၁၀အထိ ဝင်နိုင်မှာပဲ “
လုရီ “ …. “
အစ်ကိုကြီး ဝမ်က အကောင်းမြင်စိတ်ထားနေတာပဲ။
လုရီ သူ့ကို အားငယ်အောင်မပြောချင်တော့သည်မို့ ခေါင်းညိတ်ပြီး ပြုံးသာပြလိုက်သည်။
“ အစ်ကိုကြီး ဝမ်ရဲ့ ခွန်အားနဲ့ဆို အဆင့်၁၀ ဆိုတာ ပြဿနာမရှိလောက်ပါဘူး “
ဝမ်ဝူလျန်ကမူ တခစ်ခစ်ရယ်နေသည်။
စင်မြင့်၉ နှင့် ၁၀ မှာဘေးချင်းကပ်လျှက်ရှိသည်မို့ နှစ်ယောက်သား အစွန်တစ်ဖက်ဆီတွင် နေရာယူလိုက်ကြသည်။
တစ်ချိနိတည်းမှာပဲ လုရီပြင်းထန်သည့် အကြည့်ကို ခံစားမိသည်မို့ နောက်ကိုလှည့်ကြည့်လိုက်ရာ သူ့အား အေးစက်စက်စိုက်ကြည့်နေသော မိုလင်းချီ၏ မျက်လုံးများကို မြင်လိုက်ရသည်။
လုရီ အံ့ဩသွား၏။ မိုလင်းရှီသူနှင့် အတူတူကျလိမ့်မည်ဟု မမျှော်မှန်းထားခဲ့။ မိုလင်းရှီ၏မျက်လုံးတွေဟာ ချက်ချင်း သူ့ကိုဓားဖြင့်ခုတ်ပိုင်းချင်နေသည့် ပုံပင်။
မိုလင်းရှီ၏ အပြုအမူကိုတွေ့လိုက်ရသည့် အပြင်ဆောင်ဂိုဏ်းသားများက ပွဲကြည့်ရတော့မလို မြူးတူးကုန်ကြသည်။
ဒီအဆင့်အထိ ရောက်အောင်လုပ်နိုင်ခဲ့ကြသော အပြင်ဆောင်ဂိုဏ်းသားများမှာ ခွန်းအားအတော်အတန်ရှိပြီးသားဖြစ်သည့်အပြင် ထိပ်တန်း၁၀ ရဲ့ ဂိတ်စောင့်ဖြစ်သူ မိုလင်းရှီအကြောင်းကိုလည်း သိနှင့်နေပြီးသား ဖြစ်၏။
အခု တက်သစ်စ ကြယ်ပွင့်လေး လုရီနှင့် ထိပ်တိုက်တွေ့မည်ဖြစ်တာမို့ နှစ်ယောက်စလုံး ဦးနှောက်ပေါက်ထွက်သွားသည်အထိ တိုက်ခိုက်ကြမည်မဟုတ်လား။
ထိုသူတို့မှာ ပျော်ရွှင်စွာပင် ပွဲကြည့်ရန်အသင့်ဖြစ်နေပြီ။
ထိုအချိန်မှာပဲ နူးညံ့သည့် အသံတစ်ခုကထွက်ပေါ်လာပေသည်။
“ အငယ်တန်းညီကို လုရီကို တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး “
လုရီလှည့်ကြည့်လိုက်ရာ သာမန်ရုပ်ရည်နှင့် စိတ်ပိုင်းဖြတ်ထားသည့် မျက်လုံးတွေနှင့်အတူ ပြုံးရင်း သူ့ထံ လျှောက်လာနေသော လူငယ်တစ်ယောက်ကို မြင်လိုက်ရသည်။
ချီကျင့်ကြံရေးအဆင့် ၁၀။
“ ဒါ အစ်ကိုကြီး ကျန့်ဖန်မလား “
“ အစ်ကိုကြီး ကျန့်ဖန် ကိုပါ ဒီစင်ပေါ်မှာ တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ငါတော့သွားပြီပဲ။ အဆင့်၁၀ ဝင်အောင် မလုပ်နိုင်လောက်တော့ဘူး “
“ ညီကို သောက်ပဲသောက်မနေနဲ့ နည်းနည်းလည်း ပွဲကြည့်ဦး “
“ ပဲစေ့လေးတစ်စေ့ဆိုရင်တောင် အဲ့လောက်မူးမယ််ထင်ဘူး “
“ ဘယ်သူက ကိုသန်မာမယ်လို့ထင်လဲ။ ညီကို လုလား အစ်ကိုကြီး ကျန့်ဖန်လား “
“ ငါ့အထင်တော့ အစ်ကိုကြီး ကျန့်ဖန်က ပိုပြီးအလားအလာရှိတယ်ကွ။ ပထမနေရာအထိရောက်အောင် ပြိုင်နိုင်မယ်လို့ထင်တယ် “
“ ငါလည်း အစ်ကိုကြီး ကျန့်ဖန်က ပိုအခွင့်အရေးရှိတယ်လို့ထင်တယ်။ အငယ်တန်းညီကိုလုရီိ က အစ်ကိုကြီး ကျန့်ဖန်နဲ့ ကျင့်ကြံရေးအဆင့် တူတယ်ဆိုရင်တောင် ပိုပြီး သန်မာလိမ့်မယ်လို့တော့မထင်ဘူး။ ကျင့်ကြံရေးအဆင့်အရကြည့်ရင် ညီကိုလုက ပိုအားနည်းနေတယ် “
ထိုအမြင်ကို လူတော်တော်များများက ခေါင်းညိတ်ပြီး ထောက်ခံကြသည်။
လုရီလည်း ပြုံးပြလိုက်ကာ
“ အစ်ကိုကြီး ကျန့်ဖန် “
ကျန့်ဖန်က မေး၏။
“ ညီကိုက စင်မြင့်၉ လား ၁၀ လား “
“ ၉ ပါ “
လုရီက ရယ်ရင်း
“ နှမြောလိုက်တာ။ ကျွန်တော်က ၁၀မှာ။ ရှေ့ပွဲတွေကြရင် တွေ့ဖို့မျှော်လင့်ပါတယ်။ ညီကို ချီအဆင့်၇ ကိုရောက်သွားပြီလို့ ကြားမိတယ် “
လုရီ တစ်ခနတော့ အေးခဲသွားပြီးမှ ထပ်ပြုံးလိုက်ကာ
“ အဆင့်ရွေးချယ်ပြိုင်ပွဲတွေမှာဆို အငယ်တန်းကလူတွေကသာ စီနီယာတွေဆီက လမ်းညွှန်မှုကို ခံယူရတာပါ “
ကျန့်ဖန်က တစ်ခဏရပ်သွားပြီး လုရီကို နက်နက်နဲနဲစိုက်ကြည့်လိုက်သည်။
“ အငယ်တန်းညီလေးလုက သိပ်ကို ယုံကြည်ချက်ရှိတာပဲ။ မကြာခင်တွေ့ဖို့ မျှော်နေပါ့မယ် “
ကျန့်ဖန့်က ပြောပြီးသည်နှင့် ပြုံးပြထွက်ခွါသွားသည်။
ထွက်ခွါသွားသည့် ကျန့်ဖန်ကို ကြည့်ကာ လုရီ စိမ်းသက်သက် ခံစားချက်တစ်ခုကို ခံစားလိုက်ရပေသည်။ လုရီသည် အကင်းပါးသူ တစ်ဦးဖြစ်ရာ ကျန့်ဖန့်၏အင်အားမှာ မနည်းလှမှန်းသိသည့်အတွက် အန္တရာယ်အငွေ့အသက် ရေးရေးမျှတော့ခံစားရသည်။
ယခုအခါ လုရီသည် ချီအဆင့်၈ သို့ရောက်ရှိပြီး အဆင့် ၁၀ လူများထက်ပိုမိုသန်မာ၏။ ကြည့်ရသလောက်ဆို အစ်ကိုကြီး ကျန့်ဖန်သည်လည်း အခြားသော ချီကျင့်ကြံရေးအဆင့်၁၀ လူများထက် သန်မာသည့်ပုံပင်။
နာမည်တွင် “ဖန်” ပါသည့်လူများမှာ အမှန်ပင်မရိုးရှင်းလှ။
လုရီ ဟာသလုပ်ရင်း တာဝန်ပေးလိုက်သည်။
“ ငါ အစ်ကိုကျန့်ဖန်ကို အနိုင်ယူဖို့လိုတယ် “
[ တာဝန် ]
ကျန့်ဖန်အားအနိုင်ယူပါ။ [ လုပ်ဆောင်ချက် ၀/၁ ]
ဆုလာဘ် : နှစ်တစ်ရာ စိတ်ဝိဉာဉ်နှင်းစက် တစ်စက်
လက်ခံမည်လား : လက်ခံပါမည်/ လက်မခံပါ ။
“ ????? “
ဆုကိုမြင်လိုက်ရသည့် လုရီမှာ အေးခဲသွားရသည်။
ဘုရားရေ နှစ်တစ်ရာစိတ်ဝိဉာဉ်နှင်းစက်တဲ့လား။ တကယ့်ကို ရှားပါးပစ္စည်းပဲ။
ဒီဆေးက သာမန်သက်စောင့်ဆေး ဒါမှမဟုတ် စိတ်ဝိဉာဉ် ကျောက်တုံးတွေထက်ပိုအဖိုးတန်ပြီး တကယ့်ကို လွယ်ကူစွာစုပ်ယူနိုင်ကာ ဘေးထွက်ဆိုးကျိုးမရှိသည့်အပြင် ခန္ဓာကိုယ်ကိုပါ အားဖြည့်ပေးနိုင်၏။ ထို့အပြင် စိတ်ဝိဉာဉ်စွမ်းအင်ကိုပါ တိုးမြှင့်ပေးကာ ကျင့်ကြံရေးပါရမီကို တိုက်ရိုက်အထောက်အကူပေးနိုင်သေးသည်။
လုရီ၏ ကျင့်ကြံရေးအရှိန်မြန်နေသည်မှာ အဆင့်မြင့်သိုင်းပညာနည်းစနစ်နှင့် နေ့စဉ်မပြတ်မှီဝဲနေသည့် ပြီးပြည့်စုံချီစွမ်းအား နစ်ဝင်သက်စောင့်ဆေးတွေ ကြောင့်သာဖြစ်သည်။ အမှန်ဆိုလျှင် သူ၏ကျင့်ကြံရေးပါရမီမှာ အလယ်အလတ်အထက်မျှသာရှိပေရာ နှစ်တစ်ရာစိတ်ဝိဉာဉ်နှင်းစက်သာရလျှင် ကျင့်ကြံရေးအရှိန် ပိုမိုလျင်မြန်ပြီး ပါရမီမှာလည်း သိသိသာသာပိုတိုးတက်လာပေဦးမည်။
နှစ်တစ်ရာ စိတ်ဝိဉာဉ်နှင်းစက်မှာ နှစ်တစ်ထောင် နှစ်တစ်သောင်း အမျိုးအစားတွေလောက် ထိရောက်မှုနည်းသော်လည်း အတော့်ကိုအဖိုးတန်နေဆဲပင်။
အရေးကြီးသည့်အချက်အနေနဲ့ ဤဆုမှာ တိုက်ခိုက်ရင်း ရမည့်ဆုလာဘ်ဖြစ်သည့်အတွက် ထပ်ခါထပ်ခါ ရယူလို့ရ၏။
ကြည့်ရတာ အစ်ကိုကြီးကျန့်ဖန် သူနှင့်မကြာမကြာ ပညာချင်းဖလှယ်အောင်လုပ်ဖို့ အတွက် နည်းနည်းတော့ ကောင်းပေးထားရမည်။ တစ်နေ့ သုံးကြိမ် ငါးကြိမ်လောက် ရလျှင် လုံလောက်ပြီ။ နေ့စဉ် နှစ်တစ်ရာ စိတ်ဝိဉာဉ်နှင်းစက် သုံးလေးငါးစက်လောက်ရလျှင် လုရီ သူ၏ ကျင့်ကြံရေးအရှိန်ကို သိသိသာသာ မြှင့်တင်နိုင်ပေလိမ့်မည်။
ရုတ်တရက် အစ်ကိုကြီး ကျန့်ဖန်၏ သာမန်မျက်နှာမှာ လုရီအတွက် အလွန်ချောမောသွားသလိုပင် ခံစားလိုက်ရသည်။
လုရီ ကိုယ့်အတွေးနှင့်ကိုယ်ကျေနပ်နေတုန်းမှာပဲ မိုလင်းရှီ၏ အေးစက်စက်အကြည့်ကို ခံစားလိုက်ရပြန်သည်။ အတွေးနယ်ချဲ့နေခြင်းကိုရပ်ပြီး တိတ်တဆိတ် ဆိုလိုက်၏။
“ အစ်ကိုကြီး မိုလင်းရှီကိုလည်း အနိုင်ယူမယ် “
[တာဝန်]
မိုလင်းရှီကိုအနိုင်ယူပါ ( လုပ်ဆောင်ချက် ၀/၁ )
ဆုလာဘ် : အဆင့်မြင့်ချီအားဖြည့်ဆေး အလုံး၂၀/ ပြီးပြည့်စုံသည့် ချီအားဖြည့်ဆေး ၂လုံး
“ တောက်… “
စိတ်ပျက်မိသည်။ အစ်ကိုကြီးမိုဟာ သနားစရာပဲ။
“ ဘာဖြစ်လို့လဲ ညီကိုလု “
စင်ပေါ်တက်လာသည့် ကျန့်ဖန်ကိုမြင်ပြီး ကြက်သေသေသွားသည့် ဝမ်ဝူလျန်မှာ လုရီ၏တောက်ခေါက်သံကြောင့် အသိပြန်ဝင်လာပြီးနောက် လုရီကိုမေး၏။
“ ဘာမှမဖြစ်ပါဘူး ညီကို ဝမ်။ ကြည့်ရတာ ညီကိုလည်း အစ်ကိုကျန့်ဖန် ဖြုတ်တာခံရတော့မယ်ထင်တယ် “
ဝမ်ဝူလျန်၏ အမူအရာမှာ တောင့်ခဲသွားလေပြီ။
“ ညီကို လုရီ မင်းတိတ်တိတ်လေးနေပေးလို့ရမလား။ ငါအေးဆေးနေဖို့လိုတယ် “
“ ဟားဟား “
နှစ်ယောက်သားပြောနေကြတုန်းမှာပဲ ဒူဂုဖန်၍ ကြေညာသံ ထပ်မံထွက်ပေါ်လာသည်။
“ ပြိုင်ပွဲတွေစတင်ပါပြီ “
ဒူဂုဖန်၍ ကြေငြာချက်အဆုံးတွင် အကြီးအကဲများ စင်ပေါ်သို့တက်လာပြီး နံပါတ်တွေအား စတင်ခေါ်ဆိုသည်။
“ အမှတ်စဉ်၁ စင်ပေါ်ကိုတက်လာပေးပါ “
အဆင့်ရွေးချယ်သတ်မှတ်ခြင်း ပြိုင်ပွဲသို့ရောက်ရှိလာကြသူများမှာ မနေ့က ပြိုင်ပွဲဝင်တွေထက်များစွာ အားကောင်းကြသည်။ အနိမ့်ဆုံး ချီကျင့်ကြံရေးအဆင့် ၈ ရှိကြသူတို့မှာ မိမိထက်အားကောင်းသည့် ပြိုင်ပွဲဝင်တွေနှင့် မယှဉ်ပြိုင်ခဲ့ရသော ကံကောင်းသည့်လူများပင်။
ချီအဆင့်၈အောက်ရှိ ကျင့်ကြံသူတို့မှာ ကံမလျှင်တောင် အဆင့်တက်ဖို့်ဖြစ်နိုင်ပေ။
ထို့ကြောင့် ခွန်အားအဆင့်မျှတဖို့အတွက် ကံကလည်းလိုပေသေးသည်။
ယနေ့ပြိုင်ဝင်များမှာ အနည်းဆုံး ကြီးမြတ်သောအောင်မြင်ခြင်းအဆင့်သို့ ရောက်ရှိပြီးကြသူများ ဖြစ်ရာ တိုက်ပွဲများမှာလည်း စိတ်ဝင်စားစရာကောင်းလှသည်။
လုရီမှာလည်း မနေ့ကလို ပျင်းရိအိပ်ငိုက်ခြင်းမရှိရအောင် စူးစိုက်ကြည့်လို့ကောင်းသည့် ပွဲများဖြစ်သည်။
ပြိုင်ပွဲများမှာအလှည့်ကျသွားရာ မကြာခင်အမှတ်စဉ် ငါး သို့ရောက်ရှိလာသည်။
လုရီမှာ နံပါတ်၅ဖြစ်သည့်အတွက် လေပေါ်ဆန်ရင်း စင်မြင့်ထက်သို့ ပေါ့ပါးစွာခုန်တက်လိုက်သည်။
သူ၏ပြိုင်ဘက်မှာ သိမ်မွေ့နူ့ညံ့ပြီး ပိတုန်းရောင်ကေသာရှိသော မိန်းကလေးတစ်ဦးပင်။
ချီကျင့်ကြံရေးအဆင့်မှာ၉ဖြစ်သည်။
လုရီကိုမြင်သည့်အခါ ထိုမိန်းကလေးမှာ ရှက်ပြုံးလေးပြုံးကာ ပါးများနီလျှက် ရှက်သွေးဖြာသွားရသည်။
“ တွေ့ရတာ ဝမ်းသာပါတယ် အငယ်တန်းမောင်လေး လုရီ။ ကျွန်မက စီနီယာအစ်မ ဂုမင်းရှီ ပါ “
လုရီ အနည်းငယ်ပြုံးလိုက်ကာ
“ တွေ့ရတာဝမ်းသာပါတယ် စီနီယာအစ်မဂု “
“ မောင်လေးလုရဲ့ ဓားသိုင်းစွမ်းရည်က တကယ့်ကိုအထင်ကြီးလောက်စရာပါပဲ။ လေးစားရပါတယ် “
ပြိုင်ပွဲစရမည့်အစား ဂုမင်းရှီက ပြုံးရင်းစကားစပြော၏။
လုရီနည်းနည်းတော့ အံ့ဩသွားရသည်။
သူတို့ဒီမှာ တိုက်ခိုက််ဖို့ ရောက်နေတာလေ။ တီတီတာတာပြောဖို့မှ မဟုတ်တာ။
“ စီနီယာအစ်မ မြှောက်လွန်းနေပါပြီ “
လုရီ တိတ်ဆိတ်စွာပဲ တာဝန်တစ်ခုပေးလိုက်ပြန်သည်။
“ စီနီယာအစ်မ ဂုမင်းရှီကို အနိုင်ယူမယ် “
[တာဝန်]
ဂုမင်းရှီကိုအနိုင်ယူပါ။ ( လုပ်ဆောင်ချက် ၀/၁ )
ဆုလာဘ် : အဆင့်မြင့်ချီအားဖြည့်ဆေး ၁၀လုံး / ပြီးပြည့်စုံသည့် ချီအားဖြည့်ဆေး ၁လုံး
ကြည့်ရတာ စီနီယာအစ်မက အားနည်းပုံပဲ။
သို့သော် လုရီစိတ်ထဲမထား။ ဆုသေးသေးလေးဆိုရင်တောင် ဆုကဆုပဲဖြစ်သည်။
ရှက်ပြုံးလေးပြုံးနေသည့် ဂုမင်းရှီက စတင်မတိုက်ခိုက်ဘဲ ပြော၏။
“ အငယ်တန်းမောင်လေးလုရီ.. တကယ်လို့အချိန်ရှိမယ်ဆိုရင် ကျွန်မနဲ့ မကြာမကြာ ပညာချင်းဖလှယ်လို့ရမလားဟင် “
လုရီ “ ???? “
စီနီယာအစ်မ ဂုနဲ့တော့ ခက်ပါပြီ။