← Chapters

အခန်း (၂၂-၂၄)

Vol. 2 Ch. 22-24

အခန်း (၂၂-၂၄)

Vol. 2 Ch. 22-24

အခန်း ၂၂ [ ငယ်ရွယ်သွက်လက်သူ ]

လုရီတင်မကဘဲ အောက်တွေကြည့်နေကြသော ဂိုဏ်းသားများပါ ကြောင်ကုန်ကြလေပြီ။ ယောကျာ်းလေးပြိုင်ပွဲဝင်တွေခင်ဗျာ အံ့ကိုကြိတ်ကာ အားကျမနာလိုသော မျက်လုံးများဖြင့် လုရီကိုကြည့်နေကြသည်။

သေစမ်း။ အရမ်းချောနေတာအပြစ်များဖြစ်သွားလား?

ဘာလို့ ပြိုင်ပွဲထဲမှာ စျေးဗန်းခင်းခံနေရတာလဲ။

ကြောင်သွားသည့် ဒိုင်လူကြီးမင်းခင်ဗျာ ပါးစပ်ကိုလိမ်ရင်း အေးစက်စက်ပြောရရှာသည်။

“ ပြိုင်ပွဲအတွင်း မဆိုင်တဲ့စကားတွေမပြောပါနဲ့ “

ဂုမင်းရှီ၏မျက်နှာလှလှလေးမှာ ရဲတွက်သွားကာ ခေါင်းကို တဆတ်ဆတ်ညိတ်လျှက်

“ ဟုတ် ဟုတ်.. “

“ မြန်မြန်လုပ် စတိုက်လို့ရပြီ “

အကြီးအကဲကြည့်ရတာ စိတ်မရှည်တော့သည့်ပုံ။

ဂုမင်းရှီက ခေါင်းကိုဆက်ညိတ်နေလျှက်ပင် လုရီကိုကြည့်ပြီး ပြောပြန်သည်။

“ မောင်လေးလု သင်ပြပေးပါဦး “

“ မသင်ဝံ့ပါဘူး။ စီနီယာအစ်မကသာ ကျွန်တော့်ကို သင်ပြပေးပါ “

လုရီနည်းနည်းတော့ မောလာပြီ။ ချောပေးနေရတာ တစ်ခါတလေကျ တကယ့်ကိုပြဿနာပါလား။ ဒါပေမဲ့ သူ့အပြစ်မှ မဟုတ်တာလေ။

ဂုမင်းရှီသည်လည်း ဓားရှည်သိုင်းသမားတစ်ဦးဖြစ်သည်မို့ ဓားရှည်ကို ဆွဲထုတ်ကာ လုရီနားသို့ လိပ်ပြာတစ်ကောင်နှယ် ကပ်လာသည်။

လုရီကတော့ ဘာမှမခံစားရပေ။ သူ့အသိရဆိုလျှင် ဂုမင်းရှီ၏ ခွန်အားမှာ စီနီယာညီကို လုလျင်နှင့် ဝမ်ဝူလျန်တို့ထက် နည်းပြီး ချီအဆင့်၉ ရှိသည့်လူတွေကြားထဲတွင်ပင် သန်မာသည်ဟု သတ်မှတ်လို့မရပေ။

လုရီသာဆန္ဒရှိလျှင် တစ်ချက်တည်းဖြင့် အနိုင်ယူနိုင်သော်လည်း စီနီယာအစ်မကိုတွေးပေးနေသည်မို့ နည်းနည်းတော့ အင်တင်တင်ဖြစ်နေရသည်။

ဒါ့အပြင်သူ ထိပ်တန်းဆယ်ယောက်အတွက် စိန်ခေါ်မှုတွေကို ပြင်ဆင်ရဦးမည်ဖြစ်သည်။ အကြိုပွဲစဉ်တွေနှင့် မတူသည်က ထိပ်တန်းပြိုင်ပွဲဝင် ဆယ်ယောက်ရွေးချယ်ပြီးသည့်တိုင် မိမိရသည့်အဆင့်ကို သဘောမကျသည့်သူများက ထပ်မံစိန်ခေါ်နိုင်သည်မို့ လူများများကို စိန်ခေါ်ရင်း ဆုတွေပိုရဖို့ လုရီကမျှော်မှန်းထားသည်။

ဖြည်းဖြည်းပဲလုပ်တာကောင်းပါတယ်။

စွမ်းအင်ပြည့်ဝနေသည့် လုရီ၏ဓားရှည်မှာ ဂုမင်းရှီ၏တိုက်ခိုက်မှုကို ခုခံလိုက်သည်။

ကောင်းကင်ပေါ်ရှိ ဒူဂုဖန်နှင့်တကွ အခြားသောအကြီးအကဲတို့မှာ အောက်ရှိပြိုင်ပွဲများကို ကြည့်နေကြရာ အထူးသဖြင့် လုရီရှိရာစင်မြင့်ကို ပိုစိတ်ဝင်စားလျှက်ရှိကြသည်။

ဒူဂုဖန်က ပြုံးရင်း

“ ဒါလုရီသူ့ဓားရှည်ကို ထုတ်တာပထမဆုံးမြင်ရတာမလား “

ချီဖေးယွီက ရယ်ပြီး

“ ဟုတ်ပါတယ် တိမ်ဖြူဓားရှည်ပဲ။ သတင်းတွေထဲကလို လုရီရဲ့ တိမ်ဖြူဓားရှည်သိုင်းပညာက စစ်မှန်လောကပြန်လည်ရောက်ရှိခြင်း အဆင့်ကိုရောက်နေတာ အမှန်ပါလား “

ဘေးနားရှိ မုတ်ဆိတ်မွေးဖြူနှင့် အကြီးအကဲတစ်ဦးက မုတ်ဆိတ်မွေးတွေကို သပ်တင်ပြီး ဂုမင်းရှီကို အနိုင်ယူနေသည့် လုရီရှိရာစင်မြင့်ကိုကြည့်ကာ ခေါင်းညိတ်သည်။

“ ဓားသိုင်းပညာမှာ စစ််မှန်လောကပြန်လည်ရရှိခြင်းအဆင့်ကို ရောက်တယ်ဆိုတာ တကယ့်ကိုချီးကျူးထိုက်ပေတယ်။ ချီအဆင့်၇ နဲ့တောင် ချီအဆင့်၉မှာရှိတဲ့ ဂုမင်းရှီကို အနိုင်ယူနိုင်တဲ့ လူငယ်ရဲ့ခွန်အားက အံ့မခန်းပါလား “

“ အမှန်ပဲ အသက်၁၆နှစ်နဲ့တင် တိမ်ဖြူဓားရှည်သိုင်းကို ဒီအဆင့်အထိရောက်အောင်လုပ်နိုင်တဲ့ ကောင်လေးရဲ့ သဘောပေါက်နိုင်စွမ်းက သူများနဲ့မတူတဲ့အပြင် အနာဂတ်မှာ ဖြစ်နိုင်ချေလည်းရှိတယ်။ ငါတို့ တိမ်ဖြူဂိုဏ်းအတွက် အရေးပါတဲ့လူတစ်ယောက် ဖြစ်လာနိုင်တယ် “

“ ဒါ့အပြင် ဒီကလေးရဲ့ မိဘနှစ်ပါးကလည်း တိမ်ဖြူဂိုဏ်းသားတွေပဲဆိုတော့ အကောင်းဆုံးပဲ “

“ ဟုတ်ပ တခြားဂိုဏ်းရဲ့ သူလျှိုဖြစ်နေမှာလည်း စိတ်ပူစရာမလိုတော့ဘူး “

ပြိုင်ပွဲကို ကြည့်နေသည့် ဒူဂုဖန်၏မျက်နှာတွင် ထူးခြားသော အပြုံးတစ်ခုပေါ်လာသည်။

“ လုရီ.. ဒီကောင်လေးက ချုပ်တည်းထားတာပဲ “

သူ့စကားကိုကြားသည့် အကြီးအကဲတွေဟာ တိုက်ပွဲရှိရာ စင်မြင့်ဆီကြည့်ရင်း စိတ်ရှုပ်ထွေးကုန်ကြသည်။

“ အကြီးအကဲချုပ်ပြောချင်တာက… ဒီကလေး လုရီက ချုပ်တည်းထားတယ်ပေါ့ “

ချီဖေးယွီမယုံကြည်နိုင်။

“ ဟုတ်တယ် ချီကျင့်ကြံရေးအဆင့်၉ ရှိတဲ့လူတစ်ယောက်ကို အဆင့်၇ ရှိတဲ့လူတစ်ယောက်က အနိုင်ယူလိုက်ကထဲက ခွန်အားပြင်းတယ်ဆိုရမှာကို အခုသူက ချုပ်တည်းပြီး အကြောပေးထားသေးတယ်ပေါ့ “

“ ဒီကောင်လေး ချုပ်တည်းထားတာကို ကျုပ်ဘာလို့ မသိမမြင်ရတာလဲ “

အကြီးအကဲအချို့ဟာ သံသယဝင်ပြီး ရှုပ်ထွေးကုန်ကြသည်။

ဒူဂုဖန်က လျှို့ဝှက်စွာထပ်ပြုံးပြီး

“ ဂုမင်းရှီက လုရီရဲ့ ခွန်အားကို ပြန်မတိုက်နိုင်ဘူး။ လုရီရဲ့ တိမ်ဖြူကိုယ်ဟန် သိုင်းကွက်တွေကလည်း စစ်မှန်လောကပြန်လည်ရောက်ရှိခြင်း အဆင့်ကို ရောက်နေကောင်း ရောက်နေနိုင်တယ် “

“ ဘာ “

လူတိုင်း လုရီကိုမယုံကြည်နိုင်သလိုကြည့်ရင်း အံ့ဩကုန်ကြသည်။

“ အကြီးအကဲချုပ် အဲ့တာအမှန်ပဲလား “

“ သိုင်းပညာနှစ်ခုလုံးကို စစ်မှန်လောကပြန်လည်ရောက်ရှိခြင်းအဆင့်တဲ့လား။ ဒီပါရမီက… ငါတွေးထားတာထက်တောင် အားပြင်းတာပဲ “

အံ့ဩကုန်ကြသည့် အကြီးအကဲတွေကိုမြင်သည့် အခါ ဒူဂုဖန်က သဘောကျစွာရယ်ရင်း

“ ကျုပ်ငယ်ငယ်ကထဲက တိမ်ဖြူကိုယ်ဟန်သိုင်းကို ကျင့်လာပြီး နက်နက်နဲနဲလေ့လာခဲ့တာ။ ဒီသူငယ်က သူ့အရည်အချင်းကို ဖုံးကွယ်ထားတယ်ဆိုရင်တောင် ကျုပ်စက်ကွင်းက ဘယ်ပြေးလွတ်ပါ့မလဲ “

ဒါကိုကြားလိုက်ရသည့် အကြီးအကဲတွေရဲ့ သံသယတွေဟာရှင်းလင်းသွားပြီး လုရီကိုသာ အံ့ဩတကြီးကြည့်နေကြတော့သည်။

အသက်၁၆နှစ်နဲ့တင် သိုင်းပညာနှစ်ခုကို စစ်မှန်လောကပြန်လည်ရောက်ရှိခြင်းအဆင့်တဲ့လား။ မဖြစ်နိုင်တာ။ ကြည့်ရတာ ဒီကောင်လေးရဲ့ နားလည်နိုင်စွမ်းက အတော်လေးမြင့်တာပဲ။

ဒီလို ပါရမီရှင်မျိုးက တိမ်ဖြူတစ်ဂိုဏ်းလုံးမှာတောင် ရှားရှားပါးပါးပဲ။

ဒီအရည်အချင်းနှင့်ဆို အပြင်ဆောင်ဂိုဏ်းတစ်ခုလုံး၏ အကြီးအကဲအားလုံးကိုသာမက ပင်မရွှေအူတိုင်လောက၏ ကြီးမြတ်သောကျင့်ကြံသူတွေ၏ အာရုံစိုက်ခံရမှု ရရှိဖို့ ထိုက်တန်ပေသည်။

အကြီးအကဲတစ်ယောက်ကရယ်ရင်း

“ လုရီဆိုတဲ့ သူငယ်က အတော်လေးကို ဆွဲဆောင်မှုရှိတာပဲ။ ဂုမင်းရှီက စိတ်ဝင်စားကြောင်းပြတာနဲ့ ဒီကောင်လေးက မိန်းကလေးတွေအပေါ်ဘယ်လို နူးနူးညံ့ညံ့ဆက်ဆံရမယ်မှန်း သိနေတယ် “

တခြားအကြီးအကဲတွေပါ လိုက်ရယ်ကြ၏။ သူတို့လည်း ငယ်ရွယ်ဖူးသူတွေပါပဲ။

သူတို့ထံတွင်လည်း ကိုယ်ပိုင်အတွေးတွေရှိသည်။ ငယ်ရွယ်သူများကတော့ အလှအပကိုခံစားသည်မှာ သဘာဝပင်။ သူတို့ကတော့ နှစ်တစ်ရာကျော်နေပြီးသည့်နောက် ချောမောသည့် တပည့်တပန်းတွေလည်း ရှိသည်မို့ လုရီနှင့်မိတ်ဆက်ပေးလို့ရနိုင်သည်။

စင်မြင့်ထက်က တိုက်ပွဲကတစ်ခဏသာ ကြာသည်။ ဂုမင်းရှီ၏ စိတ်ဝိဉာဉ်စွမ်းအင်လျော့ပါးလာသည်ကို တွေ့လိုက်ရသည်နှင့် လုရီက အချိန်ကောင်းကိုစောင့်ကာ ခြေလှမ်းနည်းစနစ်ကိုသုံးပြီး ဂုမင်းရှီ၏ဓားရှည်ကို သူ၏ဓားရှည်နှင့်ခတ်လိုက်သည်။

ချွမ်!

ဂုမင်းရှီ၏ ဓားရှည် တုန်ရီစွာပြုတ်ကျသွားသည့် အချိန်ကို အခွင့်ကောင်းယူကာ လုရီက လည်ပင်းပေါ်ဓားတင်လိုက်နိုင်သည်။

ဂုမင်းရှီမှာ အသက်ပြင်းပြင်းရှူနေရသည့်အပြင် ချွေးစက်တို့ကလည်း နှာဖူးတွင်တွဲခိုနေပြီး လုရီကိုရှက်ရှက်နှင့် ကြည့်လိုက်သည်။

လုရီ ပြောစရာစကားပျောက်သွား၏။

ဒီအကြည့်ကဘာတုန်းဟ…

တာဝန်ယူပေးဖို့မျှော်လင့်နေတဲ့အကြည့်လား။

လုရီ အလျင်အမြန်ပဲ ဓားကိုရုတ်လိုက်ရင်း

“ စီနီယာအစ်မဂု ကျွန်တော့်ကို နိုင်ခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် “

“ မောင်လေးလုက တကယ်ကိုတော်ပါပေတယ် ကျွန်မရှုံးသွားပြီ “

နောက်ထပ်စကားဆက်ပြောဖို့ လုပ်နေသည့် ဂုမင်းရှီကို သတိထားမိသည့် အကြီးအကဲဟာ တစ်ခုခုဖြစ်တော့မည်ကို ကြိုသိသည့်နှယ် ဖြတ်ပြောလိုက်၏။

“ ပြိုင်ပွဲပြီးသွားပြီဆိုတော့ စင်ပေါ်ကဆင်းလို့ရပါပြီ “

လုရီ ဂုမင်းရှီကို ပြုံးပြရင်း မြန်မြန်ပဲ ဆင်းချလိုက်သည်။

ဝမ်ဝူလျန်နှင့်အတူတွဲရပ်နေသော လုရီကိုမြင်​သည့်အခါ ဂုမင်းရှီမှာ အနားမလာရဲတော့ဘဲ ဘေးသို့သာ ဆက်သွားတော့သည်။

ဂုမင်းရှီနှင့်ပွဲအပြီး အခြားပြိုင်ပွဲများစသည်။

စုစုပေါင်း ပြိုင်ပွဲဝင် အယောက်၃၂၀ ရှိတာ စင်မြင့်တစ်ခုစီတွင် ၃၂ယောက်ပြိုင်ရသည်။ တစ်ကျော့ပြီးလျှင် ၁၆ယောက် အဆင့်တက်ပြီး ပထရသည့် သူမပေါ်မချင်း တစ်ကျော့ပြီးတစ်ကျော့ပြိုင်ရသည်။

ဒုတိယအကျော့တွင်မူ ချီအဆင့်၈ရှိသည့် ပြိုင်ဘက်ကို လုရီချက်ချင်းအနိုင်ယူလိုက်သည်။

တတိယအကျော့ရှိ အဆင့်၉ စီနီယာညီကိုမှာ ဂုမင်းရှီ၏ အစွမ်းနှင့်မတိမ်းမယိမ်းမို့ လုရီအတွက် ပြဿနာမရှိ။ တာဝန်ပေးပြီးနောက် ဂုမင်းရှီကဲ့သို့ပင် သိပ်မကြာခင်မှာ အနိုင်ယူလိုက်ပြီး ပြီးပြည့်စုံသည့်သက်စောင့်ဆေးကို ဆုအဖြစ်ရလိုက်သည်။

လေးကျော့မြောက်၏ စီနီယာညီကိုသည်လည်း ချီအဆင့်၉ ရှိရာ ဆုမှာ ထုံးစံအတိုင်းပင်။

ငါးကျော့မြောက်သည် ထိပ်တန်းဆယ်ယောက်နေရာအတွက် နောက်ဆုံးပြိုင်ပွဲပင်။

“ နောက်ဆုံးပြိုင်ပွဲစတင်ပါပြီ။ လုရီနဲ့ မိုလင်းရှီ စင်ပေါ်ကိုတက်လာပေးပါ “

အကြီးအကဲ၏ အသံထွက်ပေါ်လာ၏။

မိုလင်းရှီက ပေါ့ပါးစွာပင် စင်ပေါ်သို့ ချက်ချင်းတက်လာကာ လုရီအား အထင်သေးသည့််မျက်လုံးများဖြင့် ကြည့်နေသည်။

“ အငယ်တန်းညီကိုလု လာပြီး ကျုပ်နဲ့တိုက်ခိုက်ပါ။ မင်းပြောသလို ထိပ်တန်းဆယ်ယောက်အထိ ပါနိုင်မလားဆိုတာ ကြည့်ကြတာပေါ့ “

လုရီစင်ပေါ်သို့တက်ပြီး စိတ်လိုလက်ရရယ်မောလိုက်သည်။

“ စိတ်မပူပါနဲ့ စီနီယာညီကို။ ကျွန်တော် ကျိန်းသေပေါက် ဆယ်ယောက်ထဲပါမှာပါ “

ဒီတစ်ခေါက် ပြီးပြည့်စုံသည့် ချီအားဖြည့်ဆေး နှစ်လုံးရပြီး အရင်အကျော့က ဆေးတွေနှင့်ပေါင်းလိုက်လျှင် စုစုပေါင်းငါးလုံးတော့ရပြီ။ မဆိုးပါဘူး။

လုရီ၏ စကားတွေကြောင့် မိုလင်းရှီ၏မျက်နှာတွင် ဒေါသရိပ်တို့ဖြတ်ပြေးသွားသည်။ သူကရယ်လိုက်ပြီး

“ ကောင်းပြီလေ ဒီလိုဆိုတော့ ညီကို့ရဲ့ခွန်အားကိုကြည့်ရတာပေါ့ “

အောက်ရှိပွဲကြည့် ပရိတ်သတ်ပြိုင်ပွဲဝင်များနှင့် အပေါ်ရှိ အကြီးအကဲများမှာ

ဘယ်သူက ပိုသာမည်လဲဟု သိချင်ဇောဖြင့် ပြုံးရွှင်လျှက် စောင့်ကြည့်နေကြပေတော့သည်။

အခန်း ၂၃ : နူးညံ့ငြင်သာပြီး စဉ်းစားပေးတတ်သည့် ညီလေးလု။

ချီဖေးယွီက စင်မြင့်ဆီကြည့်ရင်းမေးလိုက်သည်။

“ အကြီးအကဲချုပ် လုရီနိုင်မယ်ထင်လား “

ဒူဂုဖန်က ရေးရေးမျှပြုံးရင်း

“ လုရီသာ စစ်မှန်လောကသို့ပြန်လည်ရောက်ရှိခြင်းအဆင့် တိမ်ဖြူကိုယ်ဟန်သိုင်းကိုသာ ထုတ်ပြခဲ့မယ်ဆိုရင် သူနိုင်လိမ့်မယ်။ ဒါပေမဲ့ မိုလင်းရှီကလည်း ခေသူမဟုတ်တော့ လွယ်မှာမဟုတ်ဘူး “

ဒါကို ကြားသည့် အကြီးအကဲတွေဟာ ခေါင်းညိတ်ထောက်ခံကြသည်။

“ မိုလင်းရှီက ဝိဉာဉ်မြွေနဂါးဓားရှည်သိုင်းနဲ့ ဝိဉာဉ်မြွေနဂါးကိုယ်ဟန်သိုင်းကို အားမြှင့်ပြောင်းလဲခြင်း အဆင့်အထိကျင့်ကြံနိုင်ခဲ့တဲ့ သူတစ်ယောက်ပဲ။ သူ့ရဲ့ ကျင့်ကြံရေးအဆင့်၉ ကိုပါထည့်တွက်မယ်ဆိုရင် ခက်ခဲမဲ့ ပြိုင်ဘက်တစ်ယောက်ဖြစ်မှာတော့ သေချာတယ် “

“ လုရီသာ မိုလင်းရှီကိုနိုင်ရင် ထိပ်တန်းဆယ်ယောက်ကို ကျိန်းသေဝင်မှာပဲ။ ချီအဆင့်၇ နဲ့ တိမ်ဖြူအတွင်းဂိုဏ်းကိုဝင်ခွင့်ရတယ်ဆိုတာ ငါတို့တိမ်ဖြူဂိုဏ်း သမိုင်းမှာ ရှားမှရှားပဲ ဟုတ်တယ်မလား “

“ အပြင်ကနေခေါ်လာတဲ့ ပါရမီရှင်တွေကိုသာ ထည့်မတွက်ဘူးဆိုရင် ဒီလိုပါရမီရှင်မျိုးပေါ်မလာတာ နှစ်ရာချီနေပြီ “

“ နောက်ဆုံးတစ်ယောက်က အတွင်းဂိုဏ်း တရားရေးရာဆောင်က သခင်ကြီး ဝူယုံးဟုတ်တယ်မလား။ အခုဆို သူက ဖွံ့ဖြိုးဝိဉာဉ်အဆင့်မှာရောက်နေပြီ “

လူတိုင်းက လုရီကိုကြည့်ရင်း စိတ်ကျေနပ်နေကြသည်။

သိပ်မနီးမဝေးမှာပဲ လုကောင်းယန်နှင့် ဝမ်စီးချီးကလည်း အခြားသောအကြီးအကဲများနှင့်အတူ လုရီ၏ စင်မြင့်ကို သေချာကြည့်ရှုနေပေသည်။

လုကောင်းယန်နှင့် ဝမ်စီးချီမှာ စိတ်လှုပ်ရှားနေ၏။ အကယ်ဦ လုရီသာနိုင်ခဲ့လျှင် အပြင်ဆောင်ဂိုဏ်း၏ထိပ်တန်း ဆယ်ယောက်သို့ဝင်ပြီး အတွင်းဂိုဏ်းသို့ဝင်နိုင်မည်ဖြစ်ပြီး အနာဂတ်အတွက်အကျိုးသက်ရောက်မှုကလည်း မသေးသည်မို့ မိဘများအနေနှင့် စိတ်မလှုပ်ရှားဘဲ မနေနိုင်ပေ။

သူတို့ဘေးရှိ လီမန်မှာမူ သိချင်စိတ်နှင့် မျှော်လင့်နေပုံရသည်။

“ ညီကို လု ဒါကတကယ့်ကို အရေးကြီးတဲ့ပွဲပဲ။ နိုင်မယ်ထင်လား “

လုကောင်းယန်က ခေါင်းခါလိုက်ပြီး

“ ကျုပ်မသိဘူး။ ဒါပေမဲ့ သားနိုင်ဖို့တော့ မျှော်လင့်တာပါပဲ “

“ မိုလင်းရှီရဲ့ ခွန်အားမသေးဘူး ဒါ့အပြင် လုရီရဲ့ ကျင့်ကြံရေးအဆင့်က နည်းနေသေးတယ်။ သူသာ ချီအဆင့်၈ ကိုရောက်နေခဲ့ရင် သေချာပေါက်နိုင်မှာ “

“ သူမနိုင်ခဲ့ဘူးဆိုရင်တောင် ကိစ္စတော့မရှိပါဘူး။ နောက်တစ်နှစ်ကို ထပ်စောင့်ပြီး ချီအဆင့်၈ကိုရောက်တဲ့အခါ ထိပ်တန်းဆယ်ယောက်ထဲ ကျိန်းသေပါမှာပဲ။ နောက်တစ်နှစ်လောက်ပဲ ထပ်စောင့်ရုံ”

လူတွေစကားပြောနေသည့်အချိန်တွင် စင်မြင့်ထက်ရှိပြိုင်ပွဲမှာ စတင်လေပြီ။

မိုလင်းရှီ၏ မျက်နှာမှာ အေးစက်နေပြီး ချီကျင့်ကြံရေးအဆင့်၉ရှိ စိတ်ဝိဉာဉ်စွမ်းအင်များအား ပွဲအစမှာပင် ထုတ်သုံး၏။

ဝိဉာဉ်မြွေနဂါးကိုယ်ဟန်သိုင်းနှင့် ဝိဉာဉ်မြေနဂါးဓားရှည်သိုင်းမှာ ရှောင်တိမ်းရခက်ပြီး လျှို့ဝှက်သော ဝိဉာဉ်မြွေနဂါး၍ လှုပ်ရှားမှုအပေါ်အခြေခံသည်။ မိုလင်းရှီ၏ သိုင်းကွက်တို့မှာ ခန့်မှန်းရခက်ပြီး အံ့ဩဖွယ်ကောင်းလှသည်။ ချက်ချင်းဆိုသလိုပင် လုရီ၏ ဘေးနားသို့ရောက်လာပြီး ရင်ဘတ်အား မြွေနဂါးတစ်ကောင်၍ လျှာနှယ် ဓားဖြင့် ချိန်ရွယ်ထားသည်။

စိတ်ဝိဉာဉ်စွမ်းအင်တို့မှာ ဓားရှည်တစ်ဝိုက် ရစ်သိုင်းနေကာ ချွန်မြသော အသံဖြင့် လေကိုထိုးဖောက်လာသည်။

လုရီ၏ မျက်နှာထားကမူမပြောင်းလဲ။ ခြေလှမ်းကို အနည်းငယ်မျှရွေ့လျားပြီး တိမ်ဖြူတစ်ဆုပ်နှယ် မျောလွင့်လိုက်သည်။ ဓားရှည်မှထုတ်လွှတ်သည့် လေနှင့်အတူ နောက်တစ်လှမ်းဆုတ်ကာ မျောလွင့်နေပေသည်။

လုရီနောက်ဆုတ်သည်ကိုမြင်တော့ မိုလင်းရှီက ရှေ့သို့ဖိလိုက်သည်။ သူ၏ဓားရှည်မှာ ချောက်ချားဖွယ်အရှိန်ဖြင့် လုရီအား အဆက်မပြတ်တိုက်ခိုက်နေသည်။ ဓားသွားခုတ်လိုက်တိုင်း အောက်ရှိပွဲကြည့် ဂိုဏ်းသားတို့မှာ ပြင်းထန်သည့်အရှိန်ကိုခံစားရကာ တုန်လှုပ်နေကြသည်။ သူတို့သာဆိုလျှင် ဒီမရပ်မနားတိုက်ခိုက်မှုကို ခုခံနိုင်မည်မဟုတ်ပေ။

လုရီကမူ ဒေါသတကြီးတိုက်ချက်များကို အေးအေးဆေးဆေးသာ ကိုင်တွယ်ထိန်းသိမ်းရင်း ကြည့်ကောင်းစွာ ရှောင်ရှားလျှက်ရှိပေသည်။

ရှောင်တိမ်းနေရင်း လုရီမှာ လက်ဖျားခါနေမိသည်။ စီနီယာညီကို မိုလင်းရှီက ထိပ်တန်းအဆင့်ဂိတ်စောင့် အမှန်ပဲ။ သူ့ရဲ့ခွန်အားက စီနီယာညီကို ဝမ်ဝူလျန်နဲ့ ဂုမင်းရှီတို့ရဲ့ အထက်မှာရှိတယ်။

သာမန်ချီအဆင့်၉ ကျင့်ကြံသူတစ်ယောက်အတွက် ဒီခွန်အားပမာဏက တော်တော် အားပြင်းတယ်ဆိုပေမဲ့ လုရီအတွက်ကတော့ ပုံမှန်ပင်။

ဝမ်ဝူလျန်နှင့် တခြားလူများကိုတိုက်ခိုက်ခဲ့တုန်းက လုရီမှာ စစ်မှန်လောကသို့ပြန်လည်ရောက်ရှိခြင်းအဆင့် တိမ်ဖြူဓားရှည်သိုင်းကို အပြည့်အဝထုတ်မပြခဲ့ချေ။

အခုတော့ လုရီနည်းနည်းအားစိုက်ဖို့လိုပြီဖြစ်သည်။

တိမ်ချီစွမ်းအားများကို အရင်ကထက် သိပ်သည်းလေးလံစွာ စီးဆင်းစေရင်း တစ်မီတာကျော်လောက်အထိ တိမ်တွေကို ဆန့်ထုတ်လိုက်သည်။

ရှောင်တိမ်းခြင်းကိုရပ်လိုက်ကာ ဓားရှည်ကိုထုတ်ပြီး မယုံနိုင်စရာကောင်းသည့်အရှိန်ဖြင့် မိုလင်းရှီထံ ဓားရှည်ကို ချိန်ရွယ်လိုက်ပေသည်။

အန္တရာယ်ကို ခံစားရသည့် မိုလင်းရှီ၏နောက်လိုက်တို့မှာ ကြောက်ရွံသွားကြ၏။

“ ဘာလဲဟ “

မိုလင်းရှီကား ချက်ချင်း သူသုံးနေသည့် ဝိဉာဉ်မြွေနဂါးသိုင်းကွက်၏ ကြမ်းတမ်းသောတိုက်ကွက်များကို ရပ်လိုက်ရကာ တိမ်ဓားရှည်ကိုရှောင်ရင်း နောက်ကိုဖြည်းဖြည်းချင်း ဆုတ်နေရလေပြီ။

တိမ်ဓားရှည်၏ ဓားကွက်တို့မှာ မိုလင်းရှီကိုပင်ကျော်ကာ ကွင်းပြင်ကိုကျဆင်းပြီး ကျောက်တုံးကြမ်းပြင်များပေါ်၌ သေသပ်သော တိမ်သဏ္ဌာန်များအား ချန်ထားခဲ့သည်။

ဒိုင်လူကြီးဘေးရှိ တပည့်တို့မှာ အံ့ဩမှုကိုဖုံးမကွယ်နိုင်ဘဲ နောက်ဆုတ်ကုန်ကြသည်။ တိမ်ဖြူဓားရှည်သိုင်းပညာက အဲ့လောက်တောင်အားပြင်းသည်လား။

ပြိုင်ပွဲကွင်းပြင်ကြမ်းပြင်ရှိ ကျောက်သားတို့မှာ တိုက်ခိုက်မှုဒဏ်ကို ခံနိုင်ရန်အတွက်အထူးစီမံ ပြုလုပ်ထားသည်ဖြစ်ရာ ထိုကျောက်သားများပေါ်တွင် လုရီ၏ဓားရှည်က ပုံသဏ္ဌာန်များဖြစ်ပေါ်စေနိုင်နေသည်။

ဒီကောင်လေးကတော့ တစ်ခုခုပင်။

ကွင်းပြင်အောက်ရှိ ဂိုဏ်းသားတို့မှာ စတင်ပြောဆိုကြလေပြီ။

“ ဒီဓားရှည်ရဲ့အစွမ်းက… ငါဆိုမကာနိုင်လောက်ဘူး “

“ ဒီဓားကို ချီကျင့်ကြံရေးအဆင့်၁၀ လောက်ရှိတဲ့ စီနီယာတွေပဲ တားနိုင်မှာမလား “

“ အငယ်တန်းညီကို လုရီရဲ့ တိမ်ဖြူဓားရှည်သိုင်းက အဲ့လောက်တောင် အားပြင်းတာလား။ စီနီယာတွေ ပညာချင်းဖလှယ်ဖို့တောင် အပြင်ထွက်မလာတဲ့လူက “

ပြိုင်ပွဲဝင်မပြိုင်နေတဲ့ ဝမ်ဝူလျန်မှာ စင်မြင့်ရှိ လုရီအားစိုက်ကြည့်ရင်း ကြက်သေသေနေမိသည်။

“ ဒါက ဓားအစစ်ပြန်လည်ရရှိခြင်းအဆင့်ရဲ့ အစစ်အမှန်စွမ်းအားများလား “

ဂုမင်းရှီကဲ့သို့ လုရီနှင့် ယခင်ကယှဉ်ပြိုင်ခဲ့သော ချီအဆင့်၉ရှိ စီနီယာပြိုင်ပွဲဝင်တို့မှာ မယုံကြည်နိုင်လောက်အောင် ဖြစ်ကုန်ကြသည်။

စီနီယာညီကိုတစ်ယောက်က ခေါင်းကိုခါရင်း ခါးသက်သက်ဖြင့်

“ အငယ်တန်းညီကို လုရီနဲ့ ကျွန်တော့်ရဲ့ ကွာခြားချက်က တော်တော်ကွာခြားတယ်လို့ထင်ခဲ့တာ အခုတော့ တစ်ကမ္ဘာစာလောက်ကို ခြားနေတာပဲ “

ထိုသူ့ဘေးရှိ တခြား ညီကိုသည်လည်း ခါးသက်နေပုံပင်။ ဂုမင်းရှီ၏ မျက်လုံးများမှာမူ လုရီကိုကြည့်ရင်း အရောင်တောက်လာရသည်။

လုရီအား ထိပ်တိုက်ရင်ဆိုင်နေရသည့် မိုလင်းရှီမှာ လုရီဓားရှည်၏ ဖိအားကိုခံစားနေရသည်။ နှာဖူးမှ ချွေးများထွက်လာရင်း အံ့ဩသည့် အမူအရာဖြင့် လုရီအားမေးလိုက်၏။

“ မင်းအရင်က ချုပ်တည်းထားတာလား “

လုရီမလုံမလဲပြုံးလိုက်ကာ

“ စီနီယာအစ်ကိုတို့အစ်မတို့ရဲ့ ကျင့်ကြံရေးလိမ်းစဉ်ကလည်း လွယ်ကူနေတာတော့မဟုတ်ဘူးလေ။ ကျွန်တော်သာ ရက်စက်လိုက်မိရင် သူတို့ရဲ့ နှလုံးသားလေးတွေ နာကျင်သွားမှာစိုးလို့ပါ။ စီနီယာညီကို မို ရဲ့ အားသာ ဒီလောက်မပြင်းဘူးဆိုရင် ကျွန်တော်လည်း ဒီလိုထုတ်သုံးမှာ မဟုတ်ပါဘူး “

အနာဂတ်ကျ သူနှင့်ပညာချင်းပြိုင်ချင်သည့် သူတွေရှိအောင် ချုပ်တည်းထားသည်ဟုတ်တော့ ပြောလို့မဖြစ်ပါ။ လူတိုင်းကို ချက်ချင်းနိုင်နေလျှင် ဘယ်သူကများ သူနှင့်ပြိုင်ချင်တော့မည်လဲ။ ပြိုင်ချင်သည့်လူမရှိလျှင် တာဝန်ပေးလို့မရသလို ပြီးပြည့်စုံသည့် ဆေးလုံးတွေလည်း ရနိုင်တော့မည်မဟုတ်။

ဒါကိုကြားသွားသည့် ဝမ်ဝူလျန်နှင့် အခြားသူတို့မှာ တုန်လှုပ်လျှက် လုရီကိုသာ မယုံကြည်နိုင်စွာ ကြည့်နေကြပေသည်။

ဝမ်ဝူလျန် ခံစားသွားရသည်။

“ အငယ်တန်းညီကိုလုက ငါ့ကို စဉ်းစားပေးခဲ့တာပဲ။ တကယ့်ကို လူကောင်းလေးပါလား “

ဂုမင်းရှီ၏ မျက်လုံးများမှာလည်း အရောင်တောက်လျှက်

“ မောင်လေး လုရီက ငြင်သာပြီး တွေးပေးတတ်လိုက််တာနော် “

“ အငယ်တန်းညီကိုလုရီ… ငါတို့ကိုဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ် “

အခြားသော ဂိုဏ်းသားတွေကပါ လုရီအား လေးစားအားကျစွာ ကြည့်နေကြလေပြီ။

“ ညီကို လုရီက တအားမြင့်မြတ်တာပဲ “

“ ညီကို လုက ငါတို့အတွက် စံပြပုဂ္ဂိုလ်ပဲ။ ဂိုဏ်းသားအချင်းချင်း ဂရုစိုက်ပေးသင့်တယ် “

ကျန့်ဖန် ကိုယ်၌ကပင် လုရီအား အသိအမှတ်ပြုသည့်သဘောဖြင့် ခေါင်းညိတ်သည်။

“ အငယ်တန်းညီကိုလုရီမှာ အမှန်တကယ် ကြင်နာတတ်တဲ့ နှလုံးသားရှိတာပဲ။ မိတ်ဆွေဖွဲ့ဖို့ ထိုက်တန်ပါပေတယ်”

လုရီ၏ စကားများကိုကြားသည့် မိုလင်းရှီတစ်ယောက် တိတ်ဆိတ်သွား၏။

သူက အသက်ပြင်းပြင်းရှုလိုက်ရင်း လုရီကို လေးလေးနက်နက်ကြည့်လိုက်သည်။

“ ညီကိုလုရဲ့ စဉ်းစားပေးတတ်မှုက လေးစားစရာကောင်းလှပါတယ်။ နောက်နေ့ကျရင် သေရည်အတူတူသောက်ချင်မိပါသေးတယ်။ ဒါပေမဲ့ ပြိုင်ပွဲက အတွင်းဂိုဏ်းကို ဝင်ဖို့အတွက်ဆိုတော့ တောင်းပန်ရုံပဲပေါ့ “

လုရီကပြုံးရင်း

“ စီနီယာညီကို မို ဖိအားမများပါနဲ့။ မသေမျိုး ခရီးလမ်းဆိုတာ ရှည်လျားပြီး ကျွန်တော့်တို့တွေက ရှေ့ကိုဆက်နေရတဲ့လူတွေချည်းပါပဲ။ နောင်တမရဘဲ ရှိသမျှအကုန်လုံးသာပုံအောလိုက်ပါ “

ချီစွမ်းအင်တိမ်တွေ ဝိုင်းနေသည့် ဓား အသံမြည်သွားသည့် အချိန်တွင် လုရီငြင်သာစွာပြုံးလိုက်ပေတော့သည်။

အခန်း ၂၄ : နမူနာအဖြစ် ဦးဆောင်သူ။

မိုလင်းရှီ အသက်ပြင်းပြင်းရှူသွင်းကာ လုရီဆီ ဓားရွယ်လိုက်သည်။

အချင်းချင်းထိပ်တိုက်တွေ့သည့်အခါ လုရီ၏တိမ်ဖြူဓားရှည်သိုင်းမှာ ပေါက်ကွဲသွားသလိုပင်။ စင်မြင့်ပေါ်၌ ဓားခတ်သံများ ထွက်ပေါ်လာ၏။

မိုလင်းရှီ၏ သိုင်းကွက်များမှာ ဆန်းကြယ်၍ လုရီ၏သိုင်းကွက်များမှာ နူးညံ့သိမ်မွေ့လှသည်။ နှစ်ယောက်သား စင်မြင့်ပေါ်တွင် အပြန်အပြန်အလှန်လှန် တိုက်ခိုက်နေကြရင်း ဓားချင်းထိခတ်သံနှင့်အတူ ဝိဉာဉ်စွမ်းအင်မှ ပြောင်းလဲသွားသော ဖောက်ထွင်းမြင့်ရသည့် လှိုင်းတိုဝိုင်းများက နေရာအနှံ့အပြားသို့ပျံ့နှံ့သွားသည်။

ခြုံကြည့်ရလျှင် လုရီသာ တိမ်ဖြူဓားရှည်သိုင််း၏ စစ်မှန်လောကပြန်လည်ရရှိခြင်းအဆင့်ရှိ ကန့်သတ်ချက်နားအထိရောက်အောင် သုံးမည်ဆိုလျှင် မိုလင်းရှီအား အေးဆေးပင် အနိုင်ယူနိုင်ပေသည်။

အချိန်ကြာလာသည်နှင့်အမျှ သိပ်မကြာခင်မှာပင် လုရီက မိုလင်းရှီ၏ ဓားကွက်များအား ချုပ်ကိုင်လိုက်နိုင်ပြီး တိမ်စွမ်းအင်ရစ်သိုင်းနေသည့် ဓားရှည်အားထိုးသွင်းလျှက် မိုလင်းရှီကို စင်မြင့်ထက်မှ ပြုတ်ကျစေသည်။

အောက်သို့ပြုတ်ကျသွားသော မိုလင်းရှီမှာ တုန်ရီလျှက် တစ်ခဏကြောင်အသွား၏။ ထို့နောက် သူ၏ဓားရှည်အား ပြန်သိမ်းရင်း ခါးသက်စွာဖြင့် စင်မြင့်ထက်က လုရီထံ လက်နှစ်ဖက်ကိုဆုပ်ကာ အရိုအသေပေးသည်။

“ အငယ်တန်းညီလေးလုရဲ့ ခွန်အားက အံ့မခန်းမို့ စီနီယာအစ်ကို ရှက်မိပါတယ် “

အမှန်တော့ လုရီ သူ၏အားပြင်းသော ဓားသိုင်းကို ချပြသည့်အချိန်ကထဲကပင် သူရှုံးမည်ဆိုသည်ကို မိုလင်းရှီခံစားမိပြီးသားပင်။

လုရီကခေါင်းညိတ်ကာ ပြုံးပြရင်း

“ စီနီယာညီကို မိုရဲဲ့ ခွန်အားကလည်း လက်ဖျားခါလောက်ပါပေတယ်။ ကျွန်တော်က နှာတစ်ဖျားသာသွားလို့ပါ “

ဒါကိုကြားသည့် ဝမ်ဝူလျန်မှာ ကြားဖူးသလိုလိုပင်ခံစားလိုက်ရသည်။ လုရီအမူအရာကိုကြည်ရင်း သူတို့နည်းနည်းတော့ ကြောင်တောင်တောင်ဖြစ်မိသည်။ နောက်ဆုံးတော့ သူတို့ကိုအနိုင်ယူပြီး ပြောခဲ့တုန်းကစကားတွေနဲ့ အတူတူပါပဲလေ။

အခု လုရီထပ်ပြောလည်း မယုံတော့။

စင်မြင့်ပေါ်ရှိ ဒိုင်လူကြီးမင်းက အသိပြန်ဝင်လာပြီး လုရီကို သေချာစွာကြည့်ရှု၏။ နဂိုက အရေးမထားသည့်အမူအရာကနေ နွေးနွေးထွေးထွေးဖြစ်လာသည်။ လုရီ စောနက ပြောခဲ့သည့်စကားတွေဟာ သူ့ရဲ့ရင်ထဲကို ရောက်သွားသည် မဟုတ်လား။ ခေါင်းကိုညိတ်ပြရင်း ဒိုင်လူကြီးကပြောလိုက်၏။

“ လုရီကအနိုင်ရရှိပြီး ထိပ်တန်းဆယ်ယောက်ဆီ တက်သွားပါတယ် “

ကောင်းကင်ထက်ရှိ ဒူဂုဖန်မှာ အားရသောအပြုံးဖြင့် လုရီအားကြည့်နေသည်။

“ ဒီသူငယ်လေးက တယ် တော်တဲ့အပြင် ပါရမီရှိပြီး သစ္စာလည်းရှိပေတာကိုး။ ဒီလိုတပည့်မျိုးက ငါတို့တိမ်ဖြူဂိုဏ်းအတွက် တကယ့်ကိုဆုလာဘ်ပဲ “

သူ့ဘေးနားရှိ ချီဖေးယွီကပါ ခေါင်းညိတ်ထောက်ခံသည်။

“ အမှန်ပဲ။ နှလုံးသားမဲ့ပြီးအကြင်နာတရားခေါင်းပါးတဲ့ ပါရမီရှင်တွေနဲ့ယှဉ်ရင် ဒီသူငယ်လုရီကို ကျွန်တော်ပိုပြီး သဘောတွေ့တယ် “

တခြားသော အကြီးအကဲများကပါ ခေါင်းညိတ်ပြီး ထောက်ခံကြလေသည်။

အပင်ပန်းခံပြီး ပျိုးထောင်ထားရတဲ့ ပါရမီရှင်တစ်ယောက်က အောင်မြင်သွားတဲ့တစ်နေ့မှာ ဂိုဏ်းကိုပြန်ဖီဆန်ပြီး ဒုက္ခရောက်အောင်လုပ်မှာကို ဘယ်သူမှ မလိုလားပေ။

အနည်းဆုံးတော့ သစ္စာမဖောက်မည့်

သစ္စာစောင့်သိသော ဂိုဏ်းသားတစ်ယောက်။

ပြောစရာတောင်မလိုသည်က ထိုဂိုဏ်းသားမှာ လက်ဖျားခါလောက်သည့် ပါရမီမျိုးပါရှိနေသေးသည်။

ဒူဂုဖန်သက်ပြင်းချကာ ပြောလိုက်သည်။

“ ဒီသူငယ်က သူမတူအောင်အရည်အချင်းရှိတာမလို့ ကျုပ်ရဲ့နောက်ဆုံး တပည့်အနေနဲ့သင်ကြားပေးရမယ်ဆိုရင်တောင် စဉ်းစားရဦးမှာပဲ “

ဒါကိုကြားသည့် အခြားသောအကြီးအကဲများဟာ အံ့ဩတကြီးဖြင့် ဒူဂုဖန်ကိုကြည့်နေကြ၏။

“ အကြီးအကဲမှူး နောက်နေတာပဲဖြစ်ရမယ်။ ဖွံဖြိုးဝိဉာဉ်အဆင့်နားကို ရောက်နေတဲ့အကြီးအကဲက လုရီကို မသင်ကြားပေးနိုင်သေးဘူးတဲ့လား “

“ မှန်ပါတယ် အကြီးအကဲမှူးသာ တပည့်အဖြစ်ခေါ်ယူခဲ့ရင်တောင် လုရီရဲ့ ကံကအတော်ကောင်းတယ် ပြောရမှာကို “

တခြားသောအကြီးအကဲများကပါ ဝိုင်းဝန်းထောက်ခံကြသည်။

ဒူဂုဖန်က ခေါင်းကိုခါရင်း

“ ဒီသူငယ်ရဲ့ ခွန်အားက ကျုပ်မှန်းထားတာထက်တောင် သာလွန်နေတယ်။ သူ့ရဲ့တိမ်ဖြူဓားရှည်သိုင်းက ထိပ်ဆုံးကိုတောင် ရောက်လုပြီး ထပ်ပြီးတိုးတက်စရာတောင် ကျန်ပါ့မလားမသိဘူး။ ဒီလိုအရည်အချင်းမျိုးနဲ့သာဆို အတွင်းဂိုဏ်းကိုဝင်သွားတာနဲ့ သေချာပေါက်ကို လှုပ်လှုပ်ခတ်ခတ်ဖြစ်စေမှာပဲ “

“ ဝါး…”

ဒူဂုဖနိ၏ လုရီအပေါ်ထားသည့် အမြင်ကိုသိလိုက်ရသော အကြီးအကဲများဟာ မျက်လုံးပြူးကုန်ကြပြန်သည်။

သိုင်းပညာတစ်ခုကို ထပ်ပြီး တိုးတက်စရာမရှိလောက်တဲ့အဆင့်အထိ ရောက်နေတဲ့ လူတစ်ယောက်ရဲ့ ပါရမီနဲ့ နားလည်နိုင်စွမ်းက ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားလိုက်မလဲ။

အကြီးအကဲတွေဟာ တစ်ခဏတော့ မှင်သက်သွားကြသည်။

ထိုအချိန်မှာပဲ မနီးမဝေးမှာရှိနေကြသည့် လုကောင်းယန်နှင့် ဝမ်စီးချီဟာ မိုလင်းရှီကိုအနိုင်ရသွားသည့် လုရီကိုမြင်ရမှသာ သက်ပြင်းချနိုင်တော့သည်။

“ တော်လိုက်တာ။ ဒါမှငါ့သားကွ “

လုကောင်းယန်က အားပါးတရရယ်ကာပြော၏။

သူ့ဘေးနားရှိ ဝမ်စီးချီကလည်းပြုံးနေသည်။

လီမန်နှင့် အခြားသူများကမူ စိတ်ထဲတွင်တော့ သိပ်ခံစားရမကောင်းပေမဲ့ လုကောင်းယန်နှင့် ဝမ်စီးချီအား အားကျသည့်အကြည့်များဖြင့် ထပ်ခါတလဲလဲ ဂုဏ်ပြုနေကြပေသည်။

“ ဂုဏ်ယူပါတယ် ညီကိုလု။ ချီကျင့်ကြံရေးအဆင့်၇ နဲ့တင် အတွင်းဂိုဏ်းကိုဝင်နိုင်တယ်ဆိုတာ ကျုပ်တို့ တိမ်ဖြူဂိုဏ်းမှာ မတွေ့ရတာနှစ်ပေါင်းရာချီနေပြီမလား “

“ အမှန်ပဲ တူလေး လုရီရဲ့ ပါရမီကပြိုင်ဘက်ကင်းလှပါတယ်။ ညီကိုလု ကျုပ်တို့ကို တစ်ဝိုင်းကျွေးရမယ် “

“ စိတ်ထဲအရောက်ဆုံးကတော့ တူလေး လုရီပြောတဲ့စကားတွေပဲ။ ဒီကလေးက တကယ့်ကို သစ္စာရှိပြီး မြင့်မြတ်လိုက်တာ “

ဒီစကားတွေကို အကြီးအကဲတွေက ခေါင်းညိတ်ရင်း ထောက်ခံကြပြန်သည်။

“ ညီကိုလု နဲ့ မရီးက တကယ်ကိုကောင်းကောင်းမွန်မွန် သင်ကြားထားတာပဲ “

“ ကျုပ်တို့ တိမ်ဖြူဂိုဏ်းက လုရီလို ပါရမီရှင်မျိုးလိုအပ်နေတာ “

လုကောင်းယန် ရွှင်ရွှင်မြူးမြူးဖြင့်

“ အမှန်ပဲ ကျုပ်နဲ့ ကျုပ်မိန်းမက နေ့တိုင်းသင်ကြားပေးတာကိုး “

အူမြူးနေသည့် လုကောင်းယန်ကိုကြည့်ရင်း ဝမ်စီးချီ အမြင်ကတ်လာရသည်။ ဒီလူကြီးက သူ့ကိုယ်သူတော်တော်မြှောက်ပြောနေတာပဲ။ အိမ်ပြန်ရောက်မှ ဒင်းကို ရှင်းဦးမယ်။

“ ကျွန်မတို့သားလေးက ငယ်ငယ်လေးကထဲက ပြဿနာ သိပ်မရှာဘဲ စဉ်းစားပေးတတ်တဲ့ကလေးပါ “

ဝမ်စီးချီက အပြုံးလေးနှင့်ပြောသည်။

လူတိုင်း စကားပြောနေကြတုန်းတွင် လုရီမှာ စင်မြင့်ပေါ်က ဆင်းလာ၏။

လုရီဆင်းလာလာခြင်းပင် ဝမ်ဝူလျန်က လျှောက်လာပြီး

“ ညီကိုလုရဲ့ ရည်ရွယ်ချက်ကို ငါသဘောပေါက်ပါတယ်။ အနာဂတ်ကျ တစ်ခုခုအကူအညီလိုခဲ့ရင် စီနီယာအစ်ကိုကြီးကို အကူအညီတောင်းဖို့ မတွေဝေပါနဲ့ “

ချောမောသည့် လူငယ်တစ်ယောက်ကလည်း ချဉ်းကပ်လာသည်။ ထိုသူမှာ လုရီအနိုင်ယူခဲ့သည့် ချီအဆင့်၉ရှိ စီနီယာညီကို လင်းချီဖန် ပင်။

“ အငယ်တန်းညီကိုလု အချိန်ရှိမယ်ဆိုရင် နှင်းဖြူတောင်ထိပ်ကို အချိန်မရွေးလာလည်နိုင်ပါတယ် “

“ ထိပ်တန်းဆယ်ယောက်ထဲကို ဝင်ပြီး အပြင်ဆောင်ဂိုဏ်းကိုပါ ဝင်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ် အငယ်တန်းညီကိုလု “

“ အတွင်းဂိုဏ်းကို အငယ်တန်းညီကိုလုဝင်လိုက်တာနဲ့ ကောင်းကင်ကြီးတော့ အဆုံးမရှိကျယ်ပြန့်တော့မှာပဲ။ ဂုဏ်ယူပါတယ် ဂုဏ်ယူပါတယ် “

စီနီယာ အစ်ကိုအစ်မတွေ တစ်ယောက်ပြီး တစ်ယောက် လုရီကို နွေးနွေထွေးထွေး ဂုဏ်ပြုစကားပြောကြသည်။

လုရီကတော့ အပြုံးဖြင့်သာတုံ့ပြန်၏။ ထိုအချိန်မှာပဲ ကျန့်ဖန်က အပြုံးဖြင့်လျှောက်လာရင်း ပြောသည်။

“ အငယ်တန်းညီလေးလုရဲ့ စဉ်းစားပေးတတ်မှုက ချီးကျူးလောက်ပါပေတယ်။ မကြာခဏတွေ့ကြရအောင် “

ဒါကိုကြားသည့် လုရီ၏မျက်လုံးတို့မှာ အရောင်လက်သွားရသည်။

စီနီယာအစ်ကို ကျန့်ဖန်နဲ့ လေ့ကျင့်ရင် ရမဲ့ဆုက နှစ်တစ်ရာဝိဉာဉ်နှင်းစက်လေ။ ဘယ်သူကမကြာခဏမတွေ့ချင်ဘဲ နေမှာလဲ။

“ ဒါဖြင့် စီနီယာအစ်ကို ကျန့်ဖန်ကို ကျွန်တော် မကြာမကြာနှောင့်ယှက်ရတော့မှာပဲ “

သူတို့ပြောဆိုရယ်မောနေကြချိန်မှာပဲ စင်မြင့်တစ်ခုစီက ပြိုင်ပွဲတွေဟာ အဆုံးသတ်သွားပြီး မကြာခင်မှာပဲ ထိပ်တန်းဆယ်ယောက် စာရင်းကိုကြေငြာတော့သည်။

အဆင့်ရွေးချယ်သတ်မှတ်ပွဲတွေပြီးဆုံးသွားတာနဲ့ တစ်ပြိုင်နက် ဒူဂုဖန်ဟာ ပင်မစင်မြင့်ဆီဆင်းလာပြီး တည်ငြိမ်စွာ ကြေငြာချက်ထုတ်သည်။

“ အဆင့်ရွေးချယ်ပြိုင်ပွဲတွေ ပြီးဆုံးသွားပါပြီ။ ဆယ်ယောက်ထဲ ပါဝင်ကြသူများက ပင်မစင်မြင့်ဆီ တက်ရောက်ပေးပါ “

ဒါကိုကြားသည့် လုရီနှင့် ကျန့်ဖန်ဟာ အကြည့်ချင်းဖလှယ်ပြီးနောက် ရွေ့လျားမှိုသိုင်းကွက်တွေကို သုံးကာ လေပေါ်ပျံပြီး စင်မြင့်ဆီသွားလိုက်ကြသည်။

သူတို့နှစ်ဦးဘေးတွင်မူ အခြားသောလူရှစ်ယောက်ရပ်နေကြသည်။

သန်မာရှည်လျားပြီး သားရဲကဲ့သို့ကြောက်မက်ဖွယ် အရှိန်အဝါသည့် လူငယ်တစ်ယောက်၊ ရိုးရှင်းပေမဲ့ ချောမောပြီး သားနားထည်ဝါသောလူငယ်တစ်ယောက်၊ မှိုင်းတိုင်းတိုင်း အမည်းရောင်ဝတ်ရုံနှင့် ဓားရှည်နှစ်လက်ရှိသည့် လူငယ်တစ်ယောက်၊ သိမ်မွေ့နူးညံ့ပြီး အဖြူရောင်ဝတ်ရုံနှင့် ဓားရှည်ကိုင်ထားသော မိန်းမပျိုတစ်ယောက်၊ လှပပြီးမာန်ပါသော အစိမ်းရောင်ဝတ်ရုံနှင့် မိန်းကလေးတစ်ယောက်နှင်ြ ကျင့်ဖန်အပါအဝင် လူခြောက်ယောက်တို့မှာ ချီကျင့်ကြံရေးအဆင့် ၁၀ ရှိလူများဖြစ်သည်။

ကျန်သည့် စီနီယာအစ်ကိုနှစ်ယောက်နှင့် အစ်မမှာမူ ချီအဆင့်၉ ရှိသူများဖြစ်ပြီး လုရီမှာမူ ချီအဆင့်၇။

အားလုံးပေါင်း ဆယ်ယောက်ရှိသည်။

လုရီ မျက်စိ စကားကြည့်လိုက်ရင်း လှပသည့်မိန်းကလေးကိုမြင်တော့ လန့်သွားရသည်။ ဒါ နေဖြူတောင်ထိပ်တွင် သူရုပ်ချောကြောင်းကိုချီးကျူးခဲ့သည့် စီနီယာအစ်မ မူဝမ်အာ မဟုတ်လား။

လုရီကို သတိထားမိတဲ့ မူဝမ်အာ၏မျက်လုံးများမှာ တောက်ပသွားပြီး ပြန်ပြုံးပြလာသည်။ သို့သော် အကြီးအကဲမှူး ဒူဂုဖန်ရှိနေသည့်အတွက် စကားတော့မပြောရဲပေ။

ဘေးနားတွင် ရပ်နေသည့် ဒူဂုဖန်က သူတို့အား တစ်ချက်ကြည့်ကာ စင်မြင့်အောက်ကလူများဆီ ပြုံးပြရင်း

“ ထိပ်တန်းဂိုဏ်းသား ဆယ်ယောက်တော့ ရောက်ရှိနေပါပြီ။ ထုံးစံအတိုင်း ကန့်ကွက်ချင်သည့်လူက စိန်ခေါ်နိုင်တယ်။ အနိုင်ရတာနဲ့ နေရာယူလို့ရတယ် “

ဒါကိုကြားသည့် အောက်ကအသံတွေဟာ တိတ်ဆိတ်ကုန်ပြီး စိန်ခေါ်ရဲသူမှာ အနည်းငယ်သာရှိသည်။ အကုန်လုံးက ချီအဆင့်၉ ကျင့်ကြံသူများပင်။

ချီအဆင့်၁၀ ရှိ စီနီယာအစ်ကိုနဲ့အစ်မတွေကို မစိန်ခေါ်ရဲသော်ငြား လုရီလို အဆင့်၇အပါအဝင် အခြားသုံးယောက်ကိုမူ နောက်ဆုံးအခွင့်အရေးအဖြစ် စိန်ခေါ်ချင်မိသည်။

လုရီကလည်း စိတ်အားထက်သန်စွာ စောင့်နေ၏။

ရွေးလိုက်စမ်းပါ။ ငါ့ကိုရွေးလိုက်စမ်းပါ။

All Chapters