အခန်း (၃၁-၃၃)
Vol. 3 Ch. 31-33
အခန်း၃၁ - သိုင်းပညာ ဆုလာဘ်...
~ကြေငြာချက်ကို ကြားသည်နှင့် လီယွင်ကို ချိုးချိုးနှိမ်နှိမ် ပြောနေသည့် လင်းဝမ်အာတစ်ယောက် တခြားနေရာသို့သွားပြီး အသက်ရှူလေ့ကျင့်ခန်းကို စတင်တော့သည်။
ထိပ်တန်းငါးယောက် ရွေးချယ်အပြီးတွင် ကျန်သည့် အဆင့် နေရာများအတွက် ရွေးချယ်ဖို့ ကျန်သေးသည့်အတွက် တခြားသော ပြိုင်ပွဲဝင်များကလည်း အသက်ရှူလေ့ကျင့်ခန်း လုပ်နေကြသည်။
အချိန်တွေ မြန်မြန် ကုန်သွားပြီးနောက်
နှစ်နာရီခန့် ကြာသွားသည်။သုကူးဖန်းက စင်မြင့်ပေါ် တက်လာပြီး တည်ငြိမ်စွာ ပြော၏။
“ထိပ်တန်း အဆင့်သုံးယောက် ပြိုင်ပွဲနေရာကို လာခဲ့ကြပါ”
လုရီီ၊ ကျန့်ဖန် နှင့် လင်းဝမ်အာတို့
သုံးယောက်သား ပြိုင်ပွဲနေရာစီ ပျံ၍ သွားလိုက်ကြသည်။
သုကူးဖန်း ထုတ်လိုက်သည့် ကျောက်စိမ်းလက်မှတ်သုံးခုမှာ လေပေါ်တွင် ဝဲကာနေသည်။
“ မင်းတို့ထဲက တစ်ယောက်ကတော့ မပြိုင်ရဘူး။ နှစ်ယောက်က ပြိုင်ပြီး ဒုတိယအဆင့်ကို ဆုံးဖြတ်မယ်။ အနိုင်ရတဲ့လူက ရှေ့က မပြိုင်ထားတဲ့လူနဲ့ ဆက်ပြိုင်ပြီး ပထမနေရာကို ရွေးချယ်မှာ ဖြစ်တယ် ”
သုံးယောက်စလုံး အချင်းချင်းကြည့်လိုက်ကြပြီးသည့်နောက် လင်းဝမ်အာက ရွှတ်နောက်နောက်ဖြင့်
“ အငယ်တန်းမောင်လေး လုရီီ..အရင်ရွေးပါလား ”
လုရီီက ပြုံးပြီး...
“ ကိစ္စ မရှိပါဘူး ”
ကျောက်စိမ်းလက်မှတ် တစ်ခုကိုယူပြီး လှန်ကြည့်သည့်အခါ ကျလာသည့် နံပါတ်မှာ ၁။
မျက်ခုံးတွေ တွန့်တက်သွားသည်အထိ
လုရီီ နည်းနည်းတော့ စိတ်ကျေနပ်သွားသည်။ တစ်ပွဲပြိုင်ရရင် နောက်ဆုတစ်ခုရတာပေါ့။
မဆိုးပါဘူး။
လက်မှတ်ရွေးပြီးသည့် လုရီီကို မြင်ပြီးနောက် ကျန့်ဖန်နှင့် လင်းဝမ်အာကပါ ရွေးချယ်လိုက်ကြသည်။ လက်မှတ်တွေကိုယူပြီးသည့်နောက် လင်းဝမ်အာ၏ မျက်နှာမှာ ပျက်သွား၍ ကျန့်ဖန့်ကတော့ ပေါ့ပေါ့လေးရယ်လျက် လက်မှတ်ကိုထုတ်ပြလာသည်။
“အဟဲ၊ ငါက မပြိုင်ရဘူး ”
လုရီ ကျန့်ဖန်အား ပဟေဠိဆန်စွာ ကြည့်လိုက်သည်။
ဒီကောင့်ဘက်မှာ ကံတရားက အမြဲရှိနေသည်လားပင်။
နှစ်ခါတောင် မပြိုင်ရသည့် ကံကောင်းမှုမျိုး။
နာမည်တွင် “ဖန်” ပါသည့်လူတွေဟာ
တကယ့်ကိုပြိုင်စံရှားသည်မှာ အမှန်ပင်ဖြစ်သည်။
ထိုစဉ် သုကူးဖန်းက
“ ဒီလိုဆို ကျန့်ဖန် ပြိုင်ပွဲနေရာက ခဏဆင်း၊ လုရီနဲ့ လင်းဝမ်အာ အသင့်ပြင်ထားကြ ”
ကျန့်ဖန်က ခေါင်းညိတ်ကာ အောက်သို့ဆင်းသွားသည်။
သုကူးဖန်းလည်း လေပေါ်ပျံတက်သွားပြီး လုရီီနှင့် ဝမ်လင်းအာနှစ်ယောက်တည်းသာ စင်ပေါ်တွင် ကျန်ရှိသည်။
ဝမ်လင်းအာက လုရီီကို အပြုံးဖြင့် ကြည့်ကာ
“ အငယ်တန်းမောင်လေးလုရီီက စီနီယာအစ်မကို အခွင့်အရေးပေးပေါ့ ဟုတ်ပြီလား ”
လုရီီက ပြုံးလိုက်ပြီး
“ စီနီယာအစ်မရဲ့ ခွန်အားကရှိန်လောက်ပါပေတယ်။ ကျွန်တော် မယှဉ်ပြိုင်နိုင်မှာစိုးမိပါတယ် ”
လင်းဝမ်အာ၏ မျက်လုံးတွေ ပြူးကျယ်သွားပြီး ယုံရခက်ခက် အကြည့်မျိုးဖြင့်
လုရီိီအား ကြည့်ကာ
“ မျက်နှာပြောင်ပြီး မဟုတ်တာတွေပြောရဲလိုက်တာ၊ မောင်လေး။ လိပ်ပြာလုံရဲ့လား ”
သူ့ကိုယ်သူ လိပ်ပြာလုံသည်ဟု ခံစားရ
သည့် လုရီက “ စီနီယာအစ်မက နားလည်မှုတွေလွဲနေတာပဲ။ ကျွန်တော် မဟုတ်တာမပြောပါဘူး ”ဟု အလေးအနက် ပြောလိုက်သည်။
လုရီီ စိတ်ထဲမှ ပြောဆိုလိုက်၏။
... ငါ ...စီနီယာအစ်မ လင်းဝမ်အာကို
အနိုင်ယူမယ် ...
[တာဝန်]
လင်းဝမ်အာကို အနိုင်ယူပါ။ (လုပ်ဆောင်ချက်: ၀/၁)
ဆုလာဘ် : အခြေခံ အုတ်မြစ်တည်ထောင်ခြင်းနယ်ပယ်၊ အတိတ်မေ့သိုင်းပညာ
လက်ခံမည်လား: လက်ခံမည်/ လက်မခံပါ။
လုရီီ အံ့ဩပြီးကြက်သေ သေသွားရသည်။
သိုင်းပညာ ဟုတ်လား။
ဒီလိုဆုလာဘ်မျိုး သူ မမျှော်လင့်ခဲ့မိပါ။
သိုင်းပညာပြိုင်ပွဲများ၏ ဆုလာဘ်များမှာ ကျင့်ကြံရေးအတွက် လိုအပ်သည့် ရင်းမြစ်များဟုသာ သူအစက ထင်ထားခဲ့သည်။
ယခုမူ သိုင်းပညာကို ဆုလာဘ်အနေဖြင့်
ရနေသည်လား။
“အတိတ်မေ့” သိုင်းပညာ။
ဒါက ဘယ်လိုမျိုးလဲ သိချင်မိတယ်။
ဒါဆို..သူက လင်းဝမ်အာကို တစ်ကြိမ်အနိုင်ယူပြီး နောက်ထပ်အနိုင်ယူနိုင်ခဲ့ရင် ဆုလာဘ်ကဘာများ ထပ်ဖြစ်မလဲ။
အတိတ်မေ့သိုင်းပညာ စာအုပ်လား
ဒါမှမဟုတ် နောက်သိုင်းပညာ တစ်မျိုးလား။
မတူသည့် သိုင်းပညာ လာရင်ပိုကောင်းလိမ့်မည်။
စီနီယာအစ်မ လင်းဝမ်အာနှင့် ခဏခဏ သိုင်းပညာ ဖလှယ်ရင်း သိုင်းပညာအသစ်တွေ စုဆောင်းရပါမည်။
အနည်းငယ် စိတ်လှုပ်ရှားနေသည့် လုရီီက
ဒီတာဝန်ပြီးရင် လုပ်ကြည့်ရမည်ဟု တွေးလိုက်သည်။
ထိုအချိန်မှာပဲ သုကူးဖန်း၏ အသံ
ထွက်ပေါ်လာ၏။
“ စလို့ ရပြီ ”
လုရီီနှင့် ဝမ်အာ အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် ခန္ဓာကိုယ်တွေအား
စိတ်ဝိဉာဉ်စွမ်းအားများ စီးဆင်းစေလိုက်သည်။ ဓားရှည်တွေကိုထုတ်လိုက်ကြပြီး
သူတို့၏ မူလအနေအထားမှ ပြောင်းလဲသွားတော့သည်။ လင်းဝမ်အာ၏ ခွန်အားမှာရှိန်လောက်စရာဖြစ်သော်လည်း ပိုင်ယွီလုံလောက် ကျွမ်းကျင်ခြင်းမရှိသည်မို့ လုရီီအတွက်တော့ ပိုပြီးအေးဆေးနေသည်။
ထုံးစံအတိုင်း လုရီီက တိုက်ပွဲအတွင်းမှာ ခွန်အားနည်းနည်းသာ သုံးပြီးတိုက်သည်။
တိုက်ကွက်ပေါင်း တစ်ရာလောက် တိုက်ခိုက်ပြီးသည့်အချိန်တွင်
လင်းဝမ်အာ၏ ဝိဉာဉ်စွမ်းအင်မှာ ကုန်ဆုံးလုနီးနီးဖြစ်လာပြီး နဖူးတွင် ချွေးစေးများ ရွှဲကာ အသက်ကို လုရှူနေရသည်။
စင်မြင့်အစပ်နားသို့ ဆုတ်ခွာရင်း ပုံမှန်အတိုင်း ဖြစ်နေပုံ ရသည့် လုရီကို စိုက်ကြည့်ပြီး အကူအညီမဲ့စွာ ဆိုသည်။
“ ကျွန်မ အရှုံးပေးတယ် ”
လုရီက ပြုံးလိုက်ကာ
“အရှုံးပေးတဲ့အတွက် ကျေးဇူးပါ ၊ စီနီယာအစ်မ”
လင်းဝမ်အာ၏ အညံ့ခံမှုကို
မည်သည့် အကြီးအကဲမှ မအံ့ဩကြပေ။
လင်းဝမ်အာ အရှုံးပေးပြီးနောက်
သုကူးဖန်း စင်ပေါ်တက်လာကာ ကြေငြာ ဘေသည်။
“ လုရီ အနိုင်ရရှိသွားတာ ဖြစ်တယ် ”
သူက လုရီီဆီ လှည့်ရင်း အနည်းငယ်ပြုံးပြ၏။
“မင်း..ခဏလောက် နားလိုက်ပါ။ ပြီးရင်
အဆင့်တစ်နေရာအတွက် ထပ်ပြိုင်ရမယ် ”
လုရီက ခေါင်းညိတ်ကာ
“ ဟုတ်ကဲ့ပါ အကြီးအကဲမှူး ”
နောက်လာမည့်ပြိုင်ပွဲဟာ အရေးကြီးသည်မို့ ကောင်းစွာပြင်ဆင်ဖို့လိုသည့်အတွက် စင်ပေါ်ကဆင်းလာသည့် လုရီီကို မည်သူမျှအနှောင့်အယှက်မပေးကြချေ။
စင်ထောင့်နားက ကျန့်ဖန်က လက်ကိုခေါင်းနောက်ပစ်ထားရင်း လုရီတရားထိုင်အနားယူနေသည်ကို ကြည့်နေသည့်ပုံက တိုက်ခိုက်လိုစိတ်ဖြင့် ပြည့်နေပေသည်။
ယပ်တောင်ကြီးတကားကားဖြင့် ယပ်ခတ်နေသည့် ပိုင်ယွီလုံမှာ ကျန့်ဖန့်ကို
ကြည့်ရင်း ရယ်ကာ
“ ကျန့်ဖန် မင်းမှာဝှက်ဖဲတစ်ခုခုတော့ ရှိနေမှာပဲ ဟုတ်တယ်မလား ”
အံ့ဩသွားသည့် ကျန့်ဖန်က ခပ်ဟဟရယ်လိုက်ရင်း
“အလို..ဘာလို့ မင်း ဒီလို ပြောရတာလဲ ”
“ လုရီီက ကြောက်စရာကောင်းတဲ့ ခွန်အားတွေပြပြီးတာတောင် မင်းကတော့ ဖြုံတဲ့ပုံမပေါ်ဘူးဆိုတော့ ဒီလို အားကောင်းတဲ့ ရိီကို နိုင်နိုင်တယ်လို့ မင်း ယုံနေလို့မလား ”
ပိုင်ယွီလုံက မျက်လုံးတွေကို မှေးစင်းကာ အသာ ပြုံးလိုက်သည်။
“ ပိုင်ယွီလုံ၊ မင်းက ဉာဏ်တော့ အတော်လေးကောင်းတာပဲ ”
ကျန့်ဖန် ဝန်ခံသည့် စကားကို ကြားပြီးနောက် ပိုင်ယွီလုံမှာ ပိုသိချင်လာရသည်။
“ ငါတို့တွေ ပေါင်းလာတာ နှစ်အတော်ကြာပြီ။ ဒီအားကြီးတဲ့ မကောင်းဆိုးဝါးလေးကို အနိုင်နိုင်တယ်လို့ ထင်ခဲ့အထိ မင်းမှာ ဘာဝှက်ဖဲတွေရှိနေတာလဲ ”
ပိုင်ယွီလုံက ပြောနေရင်း လုရီကို ကြည့်လိုက်သည်။ ကိုယ့်ကိုယ်ကိုယ်အရည်အချင်းရှိသည်ဟု ယူဆထားခဲ့သော်လည်း ချီအဆင့်၇သာ ရှိသေးသည့် လုရီီ၏ အနိုင်ယူခြင်းကို ခံလိုက်ရသည်မှာ စိတ်ပျက်ဖို့ ကောင်းလှသည်။
အငယ်တန်းညီကို လုက ရိုးရိုးလူကို
ဟုတ်မနေဘူး။
ကျန့်ဖန့်က မျက်လုံးတွေကို မှေးစင်းကာ
မတုံ့ပြန်ဘဲ တိတ်တိတ်နေလေ၏။ ဖြေချင်ပုံ မရသော ကျန့်ဖန်ကိုမြင်သည့်အခါ ပိုင်ယွီလုံမှာ နှုတ်ခမ်းကိုစူကာဆက်မမေးတော့ချေ။
ဘာပဲဖြစ်ဖြစ် ကျန့်ဖန်က အချိန်တန်လျှင်သူ့ဝှက်ဖဲကို ထုတ်ပြရမည်ပင်။
သူ နားလည်သလောက်ပြောရလျှင် နှစ်ယောက်သား ပြိုင်ကြရာ၌ ကျန့်ဖန်ကအနည်းငယ်ပို ခွန်အားကြီးသော်ငြား
ထိုခွန်အားမှာ လုရီီကို အနိုင်ပိုင်းဖို့ရာ
မလုံလောက်ပေ။
အဆုံးသတ်ကျ ကျန့်ဖန်တစ်ယောက် ဝှက်ဖဲကိုထုတ်ပြရမည်မှာ သံသယတောင်ဝင်စရာမလို။ နောက်ဆုံးပြိုင်ပွဲ စတင်တော့မည်မို့ ပြိုင်ပွဲနေရာရှိ လူတိုင်းမှာ တိတ်ဆိတ်ပြီး စောင့်ကြည့်နေကြသည်။
အချိန်ကြာသွားသည်နှင့် လုရီ၏ မျက်လုံးများမှာ ဖြည်းညှင်းစွာ ပွင့်လာသည်။
စင်ပေါ်ရှိ သုကူးဖန်းက သူ့အား မေးလိုက်သည်။
“ အားပြန်ပြည့်လာပြီလား လုရီ”
လုရီက ပြုံးရင်း
“ ပြည့်ပါပြီ ”
“ ကောင်းပြီ ဒါဆိုရင် လုရီနဲ့ ကျန့်ဖန် စင်ပေါ်ကိုတက်လာခဲ့ ”
သုကူးဖန်း၏ စကားအဆုံးတွင် လုရီီနှင့်
ကျန့်ဖန် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ပျံတက်ကာ စင်ပေါ် တစ်ဖက် တစ်ချက်တွင် နေရာယူလိုက်ကြသည်။
သုကူးဖန်းက ဖြည်းညှင်းစွာ အမိန့်ပေး၏။
“ ပထမ နေရာအတွက် ပြိုင်ပွဲစပြီ ”
ပြောပြီးနောက် လုရီနှင့် ကျန့်ဖန်ကို စင်ပေါ်တွင်ထားခဲ့ကာ သုကူးဖန်း လေပေါ် ပျံတက်သွားတော့သည်။
မျက်နှာချင်းဆိုင်လျက် ရှိနေကြရာ
ကျန့်ဖန်က အစွယ်ကွေးဓားရှည်ကိုထုတ်ပြီး အပြုံးတစ်ခုနှင့် ပြော၏။
“မင်းက ငါ့ရဲ့ နောက်ဆုံးပြိုင်ဖက်ဖြစ်လာမယ်လို့ မထင်ထားခဲ့ဘူး ”
လုရီီကလည်း ပြုံးပြလိုက်ပြီး
“ ကျွန်တော် ကံကောင်းတာ နေမှာပါ ”
ကျန့်ဖန်က မယုတ်မလွန် ပြန်ပြော၏။
“ ကံကောင်းမှုတစ်ခုတည်းနဲ့ ဒီနေရာအထိရောက်လာမှာမဟုတ်ဘူး။ ကဲ စကားပြောတာလုံလောက်ပြီ စလိုက်ရအောင် ”
လုရီီက အရိုအသေပေးလိုက်ကာ
“ စီနီယာညီကို ကျန့်ဖန် ကျေးဇူးပြုပြီးစပါ ”
ကျန့်ဖန်၏ မျက်နှာမှာ လေးနက်သည့်အသွင်သို့ပြောင်းသွားပြီး မျက်လုံးများမှာလည်း ဖိတ်ဖိတ်တောက်နေသည်။ ရွှေဓားချွန်သိုင်းပညာကို အသက်သွင်းလိုက်ရင်း ခန္ဓာကိုယ်တစ်ခုလုံး ဓားစွမ်းအင်တို့ဖြင့် ဖုံးလွှမ်းသွားသည်။
ဓားခတ်လိုက်တိုင်း ဓားစွမ်းအင်တို့မှာ ဆယ်မီတာလောက်အထိ ပျံ့နှံ့သွားပြီး လုရီဆီသို့ပါရောက်ရှိသွားလေသည်။
-------------
အခန်း ၃၂ -ကျန့်ဖန်ရဲ့ ဝှက်ဖဲ...
~ဝှစ်!
လုရီီ၏ ခန္ဓာကိုယ်မှာ ရုတ်ချည်းပျောက်ကွယ်သွားရာ ဓားမမှာ မြေကြီးကိုသာခုတ်မိပြီး ဓားနက်ရာကြီးကိုသာ ချန်ထားခဲ့သည်။ ကျန့်ဖန်မှာ ထိုအမှတ်အား နည်းနည်းမျှစိုက်မကြည့်ဘဲ နောက်သို့ဆုတ်လိုက်ကာ မြင်ကွင်းကနေပျောက်ကွယ်သွားပြန်သည်။
ဘုန်း...
ထို့နောက် စင်မြင့်တစ်နေရာတွင် လုရီီနှင့်ကျန့်ဖန် တစ်ပြိုက်နက် ပေါ်လာကာ ပဲ့တင်သံများထပ်သွား၏။ စိတ်ဝိဉာဉ်စွမ်းအင်တို့မှာ ခန္ဓာကိုယ်တစ်ဝိုက်ရွေ့လျားနေသည်မှာ အလင်းတန်းစက်ဝန်းလေးအကာလေး ဖြစ်လုမတတ်ပင်။ စွမ်းအားချင်းတိုက်မိရာမှ အားပြင်းသည့်လှိုင်းများမှာ တစ်ဝက်ဖောက်ထွင်းမြင်ရသည့် လှိုင်းများအဖြစ် ပြောင်းလဲသွားပြီး အပြင်ဘက်သို့ ပျံ့နှံ့သွားသည်။
တိုက်မိပြီးချက်ချင်း နှစ်ယောက်လုံးပျောက်ကွယ်သွားပြန်သည်။
ထို့နောက် ခန္ဓာကိုယ်နှစ်ခုမှာ စင်မြင့်တစ်ခုလုံး ပေါ်လိုက်ပျောက်လိုက်ဖြစ်ကာ ဓားအလင်းရောင်နှင့် တိမ်ဓားရှည် အငွေ့အသက်များဖြင့် ပြည့်နှက်နေပြီး ဓားချင်းခတ်သံများကို ခပ်စိတ်စိတ်ကြားနေရတော့သည်။
ပြိုင်ပွဲခဏလေးအတွင်းမှာပဲ ပြိုင်ပွဲနေရာတစ်ခုလုံးမှာ ဖရိုဖရဲဖြစ်သွား၏။
ပြင်းထန်သည့်တိုက်ပွဲဟာ ဘေးနားရှိ
ပွဲကြည့်ဂိုဏ်းသားတို့အား အံ့ဩပင့်သက်ရှိုက်စေသည်။
နှစ်ယောက်စလုံး၏ ကျွမ်းကျင်မှုမှာ ချီသန့်စင်ခြင်း အဆင့် ၁၀ သမားတွေကြားတွင် ထိပ်တန်းဖြစ်နေ၏။
ခဏအကြာတွင် ဓားမချွန်နှင့် ဓားရှည်ကို ကိုင်လျှက်သားအနေအထားဖြင့် ပြန်ပေါ်လာပြီး တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြသည်။
လုရီီ ကြိတ်ပြီး သက်ပြင်းချလိုက်၏။
ကျန့်ဖန်၏ ခွန်အားမှာ ပိုင်ယွီလုံထက် ပိုသာနေသည်။ တိမ်ဖြူဓားရှည်သိုင်းနှင့် တိမ်ဖြူခြေလှမ်းသိုင်းကို စစ်မှန်လောကပြန်လည် ရောက်ရှိခြင်းအဆင့်အထိ ထုတ်သုံးပြီး တိမ်ဖြူချီသန့်စင်သိုင်းကို သုံးကား အရည်အသွေးမြင့် စိတ်ဝိဉာဉ်စွမ်းအင်တို့ကို သုံးခဲ့တာတောင် ကျန့်ဖန်အား မနိုင်နိုင်သေးပေ။
ထိုအချိန်မှာပဲ ကျန့်ဖန်က အသက်ကို
တဝရှူလိုက်ကာ ပြောလာသည်။
“ အငယ်တန်းညီကိုလု.. ဒါ.. မင်းရဲ့ ခွန်အားအကုန်လား ”
လုရီ အံ့ဩမိသွား၏။ မသုံးရသေးသည့် အဆင့်၇နှင့်၇ တိမ်ဖြူဓားရှည်သိုင်းနှင့် တိမ်ဖြူဓားစွမ်းရည်အပြင် မြူလိုစိတ်ဝိဉာဉ်စွမ်းအင်နှင့် ဓား စိတ်ဆန္ဒတို့ကိုသတိရမိသွား၏။
လုရီီ ချောင်းဟန့်လိုက်ကာ ဖြေသည်။
“ခွန်အား အကုန်နီးပါးပါပဲ”
ဒါကိုကြားသည့် ကျန့်ဖန်၏ အမူအရာမှာပြောင်းသွား၏။
“ ဒါဖြင့် ဒါအကုန်တော့ မဟုတ်သေး
ဘူးပေါ့ ”
လုရီီကို တစ်နည်းနည်းဖြင့် နားလည်နေသည့် ကျန့်ဖန်အနေဖြင့် “ အကုန်နီးပါး”
ဆိုသည့်စကားလုံးဟာ ယုံကြည်ရပြီး ချန်ထားတာရှိသေးကြောင်း သိလိုက်သည်။
တွေးရင်း ကျန့်ဖန် တုံ့ဆိုင်းသွားကာ အသက်ပြင်းပြင်းရှုရင်း ပြောပြန်သည်။
“ ဒါဆိုရင် တစ်ခါတည်းနဲ့အပြီးဖြတ်ဖို့ အားအကြီးဆုံး သိုင်းကွက်ကိုသုံးရတော့မှာပေါ့ ”
လုရီ တစ်ခဏ ကြက်သေသေသွားပြီး သိချင်စိတ်ဖြစ်မိသွားသည်။
ကျန့်ဖန်၏ အခုသိုင်းကွက်တွေသည် လုရီအတွက် ကြီးကြီးမားမားခြိမ်းခြောင်မှုမဟုတ်သေးပေ။
ဒါဆို ကြောက်စရာကောင်းတယ်လို့ သူခံစားခဲ့ရတဲ့ အရာက ဒီအားအကြီးဆုံးသိုင်းကွက်များ ဖြစ်နေမလား။
လုရီီက ပြုံးကာ
“သုံးပါ ၊ စီနီယာညီကို ကျန့်ဖန် ”
ကျန့်ဖန်၏ မျက်နှာမှာ လေးနက်သွားပြီး ဖြည်းဖြည်းချင်း ပြောလာသည်။
“ ဒီအကွက်က ငါ အပြည့်အဝ
မကျွမ်းကျင်သေးတဲ့အတွက်ကောင်းကောင်း မထိန်းချုပ်နိုင်သေးဘူး။ ညီငယ်လု သတိထားပါ ”
ပြောနေတုန်းမှာပဲ ကျန့်ဖန်၏ စိတ်ဝိဉာဉ်စွမ်းအင်မှာ တစ်ဟုန်ထိုးတိုးလာ၍ အရှိန်အဝါမှာလည်း မြင့်လာသည်။
အနီးအနားရှီ ပွဲကြည့်ပရိတ်သတ်များက ကျန့်ဖန်နှင့် လုရီပြောစကားများကို ကြားပြီး နားလည်ရခက်ကုန်ကြသည်။
“ စီနီယာကျန့်ဖန်က ဒီလို အားကြီးတဲ့ခွန်အားကို အခုထိ ချုပ်တည်းထားခဲ့တာလား ”
“ စီနီယာညီကို ကျန့်ဖန် ချန်လှပ်ထားတာကဘာကြီးလဲ။ သူသုံးတာ တစ်ခါမှ မမြင်ဖူးဘူး ”
စင်အောက်ရှိ ပိုင်ယွီလုံမှာ ပိုပြီးသိချင်လာရသည်။
“ ဒီကောင်ဖုံးကွယ်ထားတာ ဘာတုန်းဟ ”
ထိုအချိန်မှာပဲ ကျန့်ဖန်၏ ဝိဉာဉ် အသံလှိုင်းသံတွေ ပျံ့နှံ့လာပြီး နေရာအနှံ့အပြားသို့ အားပြင်းသည့် လှိုင်းတွေ ရောက်ရှိနေစဉ် သူ့ဆံပင်နက်တို့မှာလည်း လူးလွန့်နေ၏။
ကျန့်ဖန့်ကို ကြည့်နေသည့် လုရီီမှာ တွန့်သွားရသည်။
ဝါး ၊ သူ့အရှိန်အဝါက အတော်လေးကို ကြောက်စရာကောင်းတာပဲ။
ကောင်းကင်ပေါ်ရှိ သုကူးဖန်းနှင့်အကြီးအကဲတို့မှာ မျက်နှာအမူအရာတွေပြောင်းပြီး အံ့ဩတကြီးဖြစ်ကုန်ကြသည်။
“ဒါ လှိုင်းလုံးလက်ဝါးပါ လား ”
“ ဒီလူငယ်လေးလည်း အတော်ပါရမီ ရှိတာပဲ။ ချီကျင့်ကြံရေးအဆင့်၁၀ နဲ့တင် အခြေခံအုတ်မြစ် တည်ထောင်ခြင်း
စွမ်းရည်တစ်ခုကို နားလည်နေပြီပေါ့”
“ စိတ်ဝင်စားစရာပဲ။ အစက လုရီီလို့ ထင်ထားခဲ့ပေမဲ့ အခု ကြည့်ရတာ လှည့်ကွက်လေးတော့ ရှိပုံပဲ ”
ကျန့်ဖန်ကို ကြည့်ရင်း အကြီးအကဲတို့မှာ မျက်နှာထား ပြောင်းလဲသွားကြသည်။
ချီသန့်စင်ခြင်း နယ်ပယ် အဆင့်၁၀ ပဲရှိသေးတာတောင် အခြေခိုင်ပြီး သေချာနားလည်နိုင်စွမ်းရှိမှ ရတဲ့ အခြေခံအုတ်မြစ် တည်ထောင်ခြင်းနယ်ပယ် စွမ်းရည်တစ်ခုကို တတ်မြောက်နိုင်နေသည်လား။
ကျန့်ဖန်၏ လုပ်ဆောင်ချက်မှာ အကုန်လုံးကို အံ့အားသင့်သွားစေ၏။
ချီဖေးယွီက ပြုံးရင်း
“ လုရီ ဒီအခြေခံအုတ်မြစ်တည်ထောင်ခြင်းသိုင်းပညာစွမ်းရည်ကို အနိုင်ယူနိုင်မလားဆိုတာ သိချင်မိတယ် ”
“ ခက်ခဲလိမ့်မယ်။ သူ့ရဲ့ တိမ်ဖြူဓားရှည်နဲ့ တိမ်ဖြူ ခြေလှမ်းသိုင်းက အကန့်အသတ်ကိုရောက်နေပြီ။ သူ့ရဲ့ တိမ်ဖြူချီသန့်စင်သိုင်းကရတဲ့ ဝိဉာဉ်စွမ်းအင်တွေက ကူညီပေးမယ်ဆိုရင်တောင် အကန့်အသတ်ကရှိနေသေးတယ်။ အခြေခံအုတ်မြစ် တည်ထောင်ခြင်း သိုင်းပညာစွမ်းရည်ကို ခုခံနိုင်ဖို့ဆိုတာ တော်တော်လေးတော့ မလွယ်ကူလောက်ဘူး”
အကြီးအကဲတစ်ယောက်က ခေါင်းကို
ခါကာ ပြောသည်။
တခြားအကြီးအကဲတွေလည်း ထောက်ခံ
သည့်ပုံဖြင့် ခေါင်းညိတ်ကြ၏။
သုကူးဖန်းကတောင် ခေါင်းညိတ်ကာ
“လုရီီမှာ ဘာမှ ထုတ်ပြစရာ မကျန်တော့ဘူးဆိုရင် သူရှုံးဖို့ များတယ်”
အကြီးအကဲ တစ်ယောက်က ရယ်ရင်း
“လုရီ ပထမ နေရာ ရသွားမယ်လို့ ကျုပ်ထင်ထားခဲ့တာ။ ကျန့်ဖန်က အများကြီး ဖုံးကွယ်ထားတာပဲ ”
အဝေးရှိ လုကောင်းယန်နှင့် ဝမ်စီးချီတို့မှာ ကျန့်ဖန်၏ အထင်ကြီးစရာ အရှိန်အဝါကို မြင်ပြီး အမူအရာ ပြောင်းကုန်ကြသည်။
လုကောင်းယန်က မျက်မှောင်ကြုတ်လျက်
“ လှိုင်းလုံးလက်ဝါးလား။ ကျန့်ဖန်က အခြေခံ အုတ်မြစ်တည်ထောင်ခြင်း စွမ်းရည်ကိုပါ တတ်မြောက်နေပြီပေါ့ ”
ဝမ်စီးချီက စိတ်ပူစွာဆို၏။
“ လှိုင်းလုံးလက်ဝါးက ကြောက်စရာကောင်းတယ်။ ရိီအာ ဒဏ်ရာတော့မရလောက်ပါဘူးနော် ”
အမှန်တိုင်းပြောရလျှင် လုရီဒုတိယနေရာရခြင်းသည်ပင် လုကောင်းယန်နှင့် ဝမ်စီးချီမှန်ထားတာထက် ကျော်လွန်နေပြီဖြစ်သည်။
ထို့ကြောင့် လှိုင်းလုံးလက်ဝါး၏ အစွမ်းက လုရီီအား ထိခိုက်မိမည်ကို သူတို့စိုးရိမ်နေကြသည်။
သူတို့ဘေးနားမှာရပ်နေသည့် လိမန်ကရယ်လျက်
“ စိတ်မပူပါနဲ့ မရီး။ ဒီလောက်အကြီးအကဲတွေအများကြီးကြည့်နေတာ တူလေး
လုရီ ဒဏ်ရာရလောက်မယ့် တိုက်ခိုက်မှု မျိုးကို သူတို့ ဒီအတိုင်း ငြိမ်နေပါ့မလား”
တခြားလူများကပါ ဝိုင်းဝန်းနှစ်သိမ့်ပေးကြမှ လုကောင်းယန်နှင့် ဝမ်စီးချီ စိတ်သက်သာရာ ရသွားကြသည်။
စင်အောက်ရှိ ပိုင်ယွီိလုံ၊ လင်းဝမ်အာနှင့် အခြားသူများကလည်း ကျန့်ဖန်၍ ရင်သပ်ရှုမောဖွယ်ရာ အရှိန်အဝါကို ကြည့်နေကြသည်။
ပိုင်ယွီလုံက တွန့်သွားပြီး
“ကျန့်ဖန်က ဒီလောက်ကောင်းကောင်းဖုံးကွယ်ထားနိုင်မယ်လို့ မထင်ထားဘူး။ ဒီလိုဝှက်ဖဲကို လက်ထဲထည့်ထားတာပဲ”
လီယွင်က လက်နှစ်ဖက်ကို ချိတ်ထားလျက်ပြော၏။
“ အငယ်တန်းညီကိုလုတော့ ဒုက္ခရောက်ပြီ ”
ထျဲ့မန်ကပါ ခေါင်းကိုညိတ်ကာ
“ အခြေခံထူထောင်ခြင်းအဆင့် စွမ်းရည်ကိုတော့ အငယ်တန်းညီကိုလု အနိုင်မယူနိုင်လောက်ဘူးမလား ”
လင်းဝမ်အာက ပိုင်ယွီလုံနှင့် တခြားနှစ်ယောက်ကိုကြည့်ကာ နှာခေါင်းရှုံ့ပြီး
“ အို ၊ မောင်လေးလု နိုင်မယ်ဆိုတာ ကျွန်မလုံးဝယုံတယ် ”
ပြောနေကြသည့် သုံးယောက်သားမှာ ပြောစရာစကားပျောက်သွားရရှာသည်။
မိန်းမတွေက လုရီရဲ့ ချောမောလှတဲ့ မျက်နှာလေးကိုပဲ ကြည့်ကြတာလား။ ရုပ်ချောတာနဲ့ ခွန်အားကြီးတာနဲ့ တူမှမတူတာ။
ထို့နောက် သုံးယောက်သား စကားဆက်မပြောတော့။
ထိုအချိန်မှာပဲ ကျန့်ဖန်က ရှေ့သို့တိုးလာပြီး အော်လိုက်၏။
“ ညီကိုလု သတိထား ”
သူ၏ညာဖက်လက်ဖဝါးကို ဖြန့်ရင်း လုရီဆီကပ်သွား၏။ ကြီးမားသည့်အပြာရောင် လှိုင်းတွန့်ပေါ်လာပြီး နှစ်မီတာလောက်အထိရှည်လျားကာ လုရီအားတိုက်ခိုက်တော့သည်။
လက်ဖဝါးရာထင်သည့် ပြိုက်ပွဲနေရာတို့မှာ တစ်လမချင်းစီအက်ကွဲကုန်ပြီး ဘေးပတ်လည်ရှိလေတို့မှာ ရေစိတ်ဝိဉာဉ်စွမ်းအင်တို့ ပြည့်နှက်သွားကာ လုရီအားရှောင်ဖို့အခွင့်မသာအောင် လုပ်ထားပေသည်။
အားပြင်းသည့် လက်ဖဝါးကိုရင်ဆိုင်နေရသည့် လုရီီ၏ မျက်လုံးမှာ ဓားရှည်၍အလင်းရောင်လက်ကာ တည်ငြိမ်နေ၏။
နောက်တစ်ကွက်တွင်မူ မယုံနိုင်လောက်အောင် ချွန်ထက်သည့်ဓားစွမ်းအင်ဟာ ကောင်းကင်ပေါ်သို့ ပျံတက်လျက်
လုရီီ၏ ဓားရှည်ဆီကနေ တိမ်အဆုပ်လိုက် ထွက်ပေါ်လာတော့သည်။
-----------------
အခန်း ၃၃ - နောက်ဆုံးပြိုင်ပွဲရဲ့ ပထမ...,
~“ ဒါ..ဒါက ဓားရှည် စ်ိတ်ဆန္ဒစွမ်းအင်ပဲ ”
ထက်ရှသည့် ဓားရှည်စွမ်းအင် ပေါ်လာသည်နှင့် သုကူးဖန်းနှင့် အခြားသောအကြီးအကဲတို့မှာ မျက်လုံးများပြူးကျယ်သွားပြီး လုရီအား စိုက်ကြည့်ကုန်ကြသည်။
တိမ်ဓားရှည်မှာ လက်ဖဝါးဆီ ပြေးဝင်သွားသည်။ ကြီးမားလှသော ဓား စ်ိတ်ဆန္ဒမှာ တိမ်ဖြူချီသန့်စင်သိုင်းပညာနှင့် ပေါင်းစပ်သွားပြီး စွမ်းအင်ကို တိုးမြှင့်လိုက်၏။
တိမ်ဓားရှည်နှင့် လှိုင်းလက်ဖဝါးမှာ တိုက်မိသွားလေပြီ။
ဝုန်း...
ကြီးမားလှသော ပေါက်ကွဲသံကြီးတစ်ခုမြည်ဟည်းသည်။
အပြာရောင်နှင့် အဖြူရောင် အလင်းတန်း ရောယှက်လျက် စွမ်းအင်လှိုင်းနှင့် ဓားရှည်အလင်းရောင်တို့မှာ ကျဲပြန့်ကာ စင်မြင့်ထက်သို့ လွှမ်းခြုံသွားလေသည်။
နောက်ဆက်တွဲအနေဖြင့် ပြင်းထန်သောလေက အရပ်လေးမျက်နှာသို့ ပြန့်ကျဲသွားရာ ကြောက်စရာကောင်းသည့် စွမ်းအင်လှိုင်းကို ခံစားမိကြသော ပိုင်ယွီလုံနှင့် အောက်ရှိ လူများမှာ အံ့ဩမှင်သက်ကြကုန်၏။
“ နောက်ကို ဆုတ် ”
အနီးသို့ တိုးမကြည့်နိုင်ဘဲ ချက်ချင်းနောက်ဆုတ်ကုန်ကြသည်။
နောက်ပိုင်းမှ ကြည့်ရှုလျက်ရှိသည့် အပြင်ဆောင်ဂိုဏ်းသားတို့မှာလည်း အားပြင်း
သည့် အရှိန်အဝါကြောင့် ရင်ဘတ်တွင်လေးလံလာပြီး မျက်နှာတို့မှာ ဖြူဖျော့ကြကုန်သည်။
လူတိုင်း မှင်သက်သွားကြပြီး မျက်လုံးများပြူးလျက် စင်မြင့်ထက်ဆီ ကြည့်နေကြသည်။
“ တော်တော် ကြောက်စရာကောင်းတဲ့ စွမ်းအားပဲ ”
“ချီကျင့်ကြံရေးအဆင့်၁၀ ကအဲ့လောက်တောင် စွမ်းအားကြီးတာလား”
“ နေပါဦး စီနီယာညီကို လုရီီကရော ဘယ်လိုဖြစ်သွားတာလဲ။ ပိုပြီး အားကြီးလာတာလား။ သူ့ကန့်သတ်ချက်နားကို ရောက်နေပြီလို့ ပြောခဲ့တာမဟုတ်ဘူးလား ”
“ ဟ.. တုံးလိုက်တဲ့ကောင်။ အငယ်တန်းညီကို လု ပြောတာကို မင်းမို့ယုံတယ်။ ဒီလူက မဟုတ်တာတွေပဲပြောတာ။ ဘယ်ကကန့်သတ်ချက်ကိုရောက်ရမှာလဲ အပိုတွေ ”
လှိုင်းလက်ဖဝါးလေ နှင့် တိမ်ဓားရှည်တို့ကို ကြည့်နေကြသည့် လုကောင်းယန်နှင့် ဝမ်စီးချီအပါအဝင် အခြားလူများမှာ စိတ်ရှုပ်ထွေးကုန်ကြသည်။
“ ဒါ ဒါက ဓား စ်ိတ်ဆန္ဒလား ”
“ ဘုရားရေ။ ညီကိုလုရီ က ဓားစ်ိတ်ဆန္ဒကိုတောင် တတ်မြောက်ပြီးပြီလား ”
“ ချီအဆင့်ခုနစ်ပဲ ရှိသေးတာတောင် ဓားရည်ရွယ်ချက်စွမ်းအင်သဘောတရားကို သိပြီးပြီပေါ့ ”
“ ညီကိုလု... တူလေး လုရီီက ဒီလောက်အံ့ဩစရာကောင်းတယ်ဆိုတာ ခင်ဗျားသိရဲ့လား ”
လုကောင်းယန် ဦးနှောက်ခြောက်သွားပြီး ခေါင်းကို ခါယမ်းလိုက်သည်။
သူဘာမှမသိခဲ့။ အမှန်တိုင်းပြောရလျှင် လုရီီအနေနဲ့ ထိပ်တန်းအဆင့် ၁၀ အထိရောက်မည်ဟုတောင် သူမထင်ခဲ့ပေ။
ဓား စ်ိတ်ဆန္ဒတဲ့လား။ သူ အိပ်မက်တောင်
မမက်ရဲသည့်အရာပင်။
ဘေးနားရှိ ဝမ်းစီးချီမှာလည်း ထပ်တူဦးနှောက်ခြောက်ကာ လုကောင်းယန်ကဲ့သို့ဖြစ်နေ၏။ သုကူးဖန်းနှင့်အခြားသော အကြီးအကဲများမှာမူ အေးဆေး မနေနိုင်တော့လောက်အောင် တုန်လှုပ်ကုန်ကြပြီ။
“ တကယ့်ကို မယုံကြည်နိုင်လောက်စရာပဲ။ ဒီကလေးရဲ့ ပါရမီက သူများထက်ကိုထူးခြားတယ် ”
“ အမှန်ပဲ။ ချီသန့်စင်ခြင်းနယ်ပယ်မှာပဲ ရှိသေးတာတောင် ဒီအခြေခံသဘောတရားတွေကို နားလည်နေတယ်ဆိုတာက အနာဂတ်မှာ သူ့ရဲ့ အလားအလာက အကန့်အသတ်ပါပဲ...”
“ ဟင်းလင်းဥမင်နယ်ပယ်ဆိုတာ ပြောစရာတောင်မလိုဘူး။ နတ်ဘုရားအသွင်ပြောင်းနယ်ပယ်အထိ ကျင့်ကြံနိုင်လောက်တယ်၊ ဒီကလေးက တိမ်ဖြူဂိုဏ်းရဲ့ အရေးပါတဲ့ ထောက်တိုင်တစ်ခု ဖြစ်လာနိုင်တယ် ”
အကြီးအကဲတစ်ယောက်ပြီး တစ်ယောက် အံ့ဩတကြီး ချီးမွမ်းစကားပြောဆိုနေကြသည်။
ထိုသဘောတရားမှာ ဟင်းလင်းဥမင်နယ်ပယ်မှာ ကျွမ်းကျင်တဲ့လူတွေပဲ သိနိုင်တဲ့ သဘောတရားပင်။ ဒီသဘောတရားကို ဟင်းလင်းဥမင်နယ်ပယ်ကိုပင် မရောက်သေးဘဲ သိနိုင်သည် ဆိုသည်မှာ ချွင်းချက်မဲ့ပါရမီ ရှိသည် ဆိုသော သဘောပင်။
ထို့အပြင် လုရီီမှာ ချီကျင့်ကြံရေးအဆင့်၇ သာရှိသေးသော်လည်း ပြိုင်စံရှား ပါရမီရှင်ဟု ခေါ်ဆိုရမည်ပင်။
“ ဒီနေ့ ပြီးတာနဲ့ အတွင်းဂိုဏ်းက လူတွေတော့ ငြိမ်ငြိမ် နေကြတော့မယ် မထင်ဘူး ”
သုကူးဖန်းက ရယ်ရင်း ပြောလာ၏။
တခြားသော အကြီးအကဲများကပါ ခေါင်းညိတ်ထောက်ခံကြသည်။
ဒီလိုအရည်အချင်းမျိုးနှင့်ဆို ဖွံ့ဖြိုးဝိဉာဉ်အဆင့်သို့ ရောက်နေသောအကြီးအကဲများပင် လုရီီအား ခေါ်ဖို့ အရူးအမူးဖြစ်နေလောက်မည်။
တောင်ထိပ်သခင်များနှင့်
နတ်ဘုရားအသွင်ပြောင်းလဲခြင်း နယ်ပယ်ခွန်အားရှိသော အကြီးအကဲများပါ တပည့် အဖြစ် လိုချင်ကြမည်ပင်။
သူတို့ပြောနေကြစဉ်မှာပဲ စင်ပေါ်က တိုက်မိမှုတွေဟာ လျော့ကျသွားပြီး ပင်မပြိုင်ပွဲစင်မြင့်ပေါ်၌ မြင်ကွင်းတစ်ခုပေါ်လာသည်။
ထိုအချိန်တွင် စင်မြင့်ရှိ အကာအရံတို့မှာ အကောင်းအတိုင်း တစ်ခုမှမကျန်တော့။
စင်၏ တစ်ဖက်တစ်ချက်တွင် မျက်နှာချင်းဆိုင်၍ တိတ်ဆိတ်စွာ ရပ်နေကြသော လုရီီနှင့် ကျန့်ဖန် ကြားရှိ လေထုမှာ ပြင်းထန်နေသည်။
လုရီီမှာ တည်ငြိမ်ကာ အရှိန်အဝါကပုံမှန်အတိုင်း ကောင်းမွန်သည့်အခြေအနေတွင်ရှိတုန်းပင်။ တစ်ဖက်ရှိ ကျန့်ဖန်၏မျက်နှာမှာမူ ဖြူဖျော့လျှက် အရှိန်အဝါမှာ အားနည်းကာ နဖူးတွင် ချွေးများ စို့ကာနေ၏။
ကျန့်ဖန်က မယုံကြည်နိုင်သော
အမူအရာဖြင့် လုရီီအား အံ့ဩတကြီး
ကြည့်နေသည်။
တစ်ခဏမျှ တိတ်ဆိတ်ပြီးနောက် ကျန့်ဖန်က ခြောက်ကပ်စွာ ရယ်သည်။
“မင်းက ဓား စ်ိတ်ဆန္ဒကိုတောင် တတ်မြောက်ပြီးပြီပဲ။ ဒါက… ”
ကျန့်ဖန်ခေါင်းကို ခါလျက်
“ငါ အရှုံးပေးပါပြီ ”
လှိုင်းလုံးလက်ဝါးမှာ အခြေခံ အုတ်မြစ်တည်ထောင်ခြင်းအဆင့် စွမ်းရည်တစ်ခုပင်။
အသုံးပြုသည်နှင့် စွမ်းအင်သုံးစွဲမှုမှာ အင်မတန်မြင့်မားသည် ဖြစ်ရာ တစ်ချက်တည်းနှင့် ကျန့်ဖန်၏ ဝိဉာဉ်စွမ်းအင်မှာ ကုန်သလောက်နီးပါး ဖြစ်သွား၏။ ဒုတိယအကြိမ် ထပ်သုံးလျှင်
ရူးရလိမ့်မည်။
လုရီီတွင် လုံလောက်သည့်စွမ်းအင်ကိုမြင်သည့် ကျန့်ဖန်မှာ သူဒုတိယအကြိမ် တိုက်ခိုက်လျှင်လည်း မနိုင်ကြောင်း သဘောပေါက်လိုက်သည်။
အရှုံးပေးသွားသည့် ကျန့်ဖန့်ကိုကြည့်ပြီး လုရီီ ပြုံးကာ..
“ ကျွန်တော့်ကို အနိုင်ယူခွင့်ပေးတဲ့အတွက် စီနီယာညီကို ကျန့်ဖန်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်က ဒီအတိုင်း ကံကောင်းသွားတာပါ။ စီနီယာညီကို ပိုင်ယွီလုံနဲ့ တိုက်ခိုက်တုန်းက သဘောတရားအချို့ကို သိမြင်လိုက်ရတာမလို့ အခုလို ဓား စ်ိတ်ဆန္ဒစွမ်းအင်ကို နားလည်နိုင်သွားတာပါ ”
ဒါကိုကြားသည့် ကျန့်ဖန်ကာ လုရီီအား ဟုတ်မှဟုတ်ရဲ့လားဟူသည့် အကြည့်ဖြင့်ကြည့်ကာ စင်မြင့်အဝေးတစ်နေရာရှိ ပိုင်ယွီလောင်းကိုလည်း အထင်သေးသည့်
အကြည့်ဖြင့် ကြည့်လိုက်သည်။
အငယ်တန်းညီကိုလုက ဓား စ်ိတ်ဆန္ဒစွမ်းအင်ကို ရသွားပေမဲ့ ပိုင်ယွီလုံကရော ဘာတွေနားလည်သွားလဲ။
ဒီစကားတွေကိုကြားသည့် ပိုင်ယွီလုံမှာလည်း သေချာပေါက် စိတ်ရှုပ်ထွေးသွားရသည်။
မဖြစ်နိုင်တာ… ငါတို့ ပြိုင်ပွဲတစ်ခုခုကိုပဲ အတူတူတိုက်ခဲ့တာကို ဘယ်လိုလုပ်
လုရီီက ဓား စ်ိတ်ဆန္ဒကို နားလည်နိုင်ရတာလဲ။
တစ်နေရာရာကလွဲနေတာလား။ ဒါကအရမ်းထူးဆန်းတယ်။
ပိုင်ယွီလုံမှာ လုရီီနှင့်ပြိုင်ပွဲကို ပြန်တွေးကာ လုရီ ဒီစွမ်းအင်ကို ဘယ်လိုရသွားလဲဆိုသည်ကို နားလည်ဖို့ ကြိုးစားနေရသည်။
သို့သော် အချိန်ကြာသည်အထိ နားမလည်နိုင်ဘဲ ကြက်သေသေနေမိသည်။
ပိုင်ယွီလုံ အနောက်ကို လှည့်ကြည့်လိုက်ရာ ရှုပ်ထွေးနေသည့် အမူအရာများဖြင့် သူ့ကိုကြည့်နေကြသော လင်းဝမ်နှင့် အခြားလူများကိုမြင်လိုက်ရသည်။
သူ၏ နှုတ်ခမ်းမှာ တွန့်ချိုးသွားပြီး ရှက်ရှက်ဖြင့် ကြိတ်မှိတ်ပြုံးကာ
“ ဘာတွေလာကြည့်နေကြတာလဲ။ ငါ့ကိုအပြစ်တင်ကြမလို့လား။ ငါလည်း လုရီ အခုလို ဓား စ်ိတ်ဆန္ဒ စွမ်းအင်ကို သဘောပေါက်သွားမယ်လို့ ဘယ်သိပါ့မလဲကွ ”
လင်းဝမ်အာက
“ ဒါဆို ရှင်ကရော ဘာနားလည်လိုက်လဲ ”
ထျဲ့မန်က ခေါင်းကိုကုတ်လျက်
“ လူလူချင်းကို အဲ့လောက်ကွာခြားတယ်တဲ့လား ”
လီယွင်ကမူ နှာခေါင်းကိုရှုံ့ပြီး ဘာမှမပြောဘဲ ပိုင်ယွီလုံကိုသာ ကြည့်နေသည်။
ပိုင်ယွီလုံမှာ စိတ်ဓာတ်ကျဆင်းသွားရရှာသည်။
ထိုအချိန်မှာပဲ သုကူးဖန်း တစ်ယောက် စင်ပေါ်တက်လာပြီး စိတ်ကျေနပ်သည့် ပုံနှင့် လုရီကို ကြည့်ကာ
“ မဆိုးဘူး မဆိုးဘူး။ ဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ ဓား စ်ိတ်ဆန္ဒကို ကျင့်ကြံနိုင်တယ်ဆိုတာ။ မင်းရဲ့အနာဂတ်ကတော့ အကန့်အသတ်မဲ့တော့မှာပဲ ”
လုရီကာ ပြုံးကာ ငြင်းဆန်သည်။
“ အကြီးအကဲမှူးက ကျွန်တော့်ကို
မြှောက်ပင့်လွန်းနေပါပြီ ”
သုကူးဖန်းက အားရပါးရ ရယ်လိုက်ပြီး
“ ဒီနှစ်အပြင်ဆောင်ဂိုဏ်းပြိုင်ပွဲမှာ ပါရမီရှင်နှစ်ယောက် ပေါ်ထွက်လာခဲ့ပြီပဲ။ သိပ်ကျေနပ်စရာပဲ… အခု ထိပ်တန်းအဆင့်တစ်နဲ့ နှစ်ကို ဆုံးဖြတ်ပြီးပြီဆိုတော့ အောက်ကိုဆင်းနိုင်ပြီ.. ”
လုရီီနှင့် ကျန့်ဖန် ခေါင်းကို ညိတ်ကာ
စင်မြင့်အောက်သို့ ခုန်ဆင်းလိုက်ကြသည်။
နောက်ဆုံး ပြိုင်ပွဲတွင် ထိပ်တန်းသုံးယောက်ကို ဆုံးဖြတ်ပြီးပြီ ဖြစ်သည့်အတွက် ကျန်ရှိသော အဆင့်များကို နောက်ပြိုင်ပွဲများဖြင့် ဆုံးဖြတ်မည် ဖြစ်သည်။
အဆင့်လေးနှင့် ငါးနေရာတို့မှာ
ပိုင်ယွီလုံနှင့် လီယွင် ဖြစ်သည်။
လုရီီနှင့်တိုက်ပွဲတုန်းက မကျေနပ်ချက်တွေကို သယ်ဆောင်လာပုံပေါက်သည့် ပိုင်ယွီလုံမှာ အစွမ်းကုန်ထုတ်သုံးပြီး လီယွင်ကို အနိုင်တိုက်ကာ လေးယောက်မြောက်နေရာကို ယူလိုက်သည်။
ကျန်ရှိနေသည့် ငါးနေရာကိုလည်း ပြိုင်ပွဲတွေဖြင့်ဆုံးဖြတ်ပြီး ထျဲ့မန်မှာ အဆင့်ခြောက်၊ ချီအဆင့်၁၀ စီနီယာ အစ်မ
လျိုထန့်မှာ အဆင့်ခုနစ် ဖြစ်ပြီး ကျန်သည့်သုံးနေရာတွင် ချီအဆင့်၉ စီနီယာအစ်ကိုအစ်မများရရှိသွားသည်။
ထိပ်တန်းအဆင့်ဆယ်ယောက်ပြိုင်ပွဲများမှာ နေဝင်သည်အထိ ဆက်လက်ကျင်းပရာ လုရီမှာ စောစောပြီးသည့်အတွက် အေးအေးဆေးဆေး ကြည့်နိုင်သည်။
ထိပ်တန်းအဆင့်သို့ဝင်လာသော စီနီယာအစ်ကိုအစ်မများမှာ အတော်လေးအားကောင်းကြသည်မို့ ကြည့်ရသည်မှာ အပျင်းပြေသည်။
အနည်းဆုံးတော့ အကြိုပွဲပြိုင်ပွဲတွေထက် သာသည်ပင်။
ပြိုင်ပွဲအားလုံး ပြီးသည်နှင့် သုကူးဖန်းက
စင်ပေါ်သို့ တက်လာပြီး ကြေငြာသည်။
“ အပြင်စည်း ဂိုဏ်းရဲ့ သိုင်းပညာပြိုင်ပွဲကြီး ပြီးဆုံးသွားပြီ။ ထိပ်တန်းအဆင့် ၁၀ ကိုရရှိတဲ့ တပည့်တွေက တစ်ပတ်အတွင်း အပြင်ဆောင်ခန်းမကိုလာပြီး ကျုပ်ကို
လာရှာ.. အတွင်းဂိုဏ်းကို ခေါ်သွားမှာဖြစ်တဲ့ ပြိုင်ပွဲ ဆုလာဘ်တွေကို အခမ်းအနားဆောင်မှာ ပေးအပ်မှာ ဖြစ်တယ်။ ပထမဆုအနေနဲ့ အဆင့်နိမ့် မှော်လက်နက် တစ်ခုနဲ့
အဆင့်မြင့် အခြေခံ အုတ်မြစ် တည်ထောင်ခြင်း ဆေးလုံးတွေကို ပေးအပ်မှာဖြစ်တယ်။ ဒုတိယဆုနဲ့ တတိယဆုကတော့
အဆင့်မြင့် အဆင့် အခြေခံ အုတ်မြစ် တည်ထောင်ခြင်း အဆင့် ဆေးလုံးတွေကို ရရှိမှာဖြစ်ပြီးတော့ စတုတ္ထနဲ့ ပဥ္စမဆုကိုတော့ အလယ်အလတ်အဆင့် အခြေခံ အုတ်မြစ် တည်ထောင်ခြင်း အဆင့်ဆေးလုံး၊ ဆဌမကနေ နောက်ဆုံး အဆင့်အထိ ရတဲ့လူတွေကိုတော့ အဆင့်နိမ့်အဆင့် အခြေခံ အုတ်မြစ် တည်ထောင်ခြင်း အဆင့် ဆေးလုံးတွေချီးမြှင့်ပေးမှာ ဖြစ်တယ်”
“ပမာဏပွဲစဉ်တွေကို အောင်မြင်ခဲ့ကြတဲ့ ပြိုင်ပွဲဝင်တွေကိုတော့ အလယ်အလတ်အဆင့် ချီသိပ်သည်း ဆေးဘူး တစ်ဘူး ချီးမြှင့်မှာ ဖြစ်ပြီး အကြိုပွဲစဉ်ကို အောင်မြင်ခဲ့ကြတဲ့ လူတွေကိုတော့ အဆင့်နိမ့် ချီသိပ်သည်း ဆေးဘူး တစ်ဘူးစီ ချီးမြှင့်မယ်”
---------------