အခန်း (၅၅-၅၇)
Vol. 4 Ch. 55-57
အခန်း ၅၅- ခြိုးခြံတဲ့ အလေ့အကျင့်...
~ကျောက်တုံးလှေကားထစ်များဆီ တက်လိုက်ပြီးနောက် လုရီသည် ရင်းမြစ်ခန်းမဆောင်သို့ ရောက်သွားလေပြီ။
ယနေ့ ခန်းမဆောင်မှာ လူသူ ကင်းမဲ့နေပြီး လှေကားတွင် ဘယ်ဂိုဏ်းသားကိုမှ မမြင်ရပေ။
အဓိကတံခါးပေါက်သို့ ရောက်သည်နှင့် တစ်ယောက်တည်း ခုံတွင်အေးအေးဆေးဆေး ထိုင်ကာ စာအုပ်
တစ်အုပ်အား သက်တောင့်သက်သာ
ထိုင်ဖတ်နေသော အကြီးအကဲဝမ်ကို တွေ့လိုက်ရသည်။
တစ်ယောက်ယောက် မြင်လာသည်ကို သတိပြုမိသည့် အကြီးအကဲဝမ်က တံခါးဘက်သို့ကြည့်လိုက်ရာ လုရီကို တွေ့သည့်အခါ အံ့ဩသွားပြီး ပြုံးပြလိုက်သည်။
“လူငယ်လေးလုပဲ။ မနေ့ကမှ လာထားတာကို ဒီနေ့ ဘာလို့ထပ်လာရတာလဲ ”
ပေးလိုက်သမျှ ကုန်ကြမ်းရင်းမြစ်တွေအား လုရီ ဒီလောက်မြန်မြန်သုံလိမ့်မည်ဟု အကြီးအကဲဝမ် မထင်ထား။ ဒီလိုသာဆိုလျှင် အခြေအနေကိုမေးမြန်းဖို့လိုပေသည်။
လုရီကပြုံးပြလိုက်ကာ ကြွေထည်ပန်းကန်လုံးကို ထုတ်လိုက်သည်။
“အကြီးအကဲဝမ်က ကျွန်တော် စိတ်ဝိဉာဉ်အစားအစာ ချက်ရင် ယူလာပေးဖို့ ပြောခဲ့လို့ အခု ယူလာတာပါ .. ”
အကြီးအကဲဝမ်က အံ့ဩသွားပြီးရှုပ်ထွေးသွားသည့်ပုံနှင့် သူ့အားကြည့်သည်။
ထို့နောက် အသိပြန်ဝင်လာပြီး အမြန်ထရပ်လိုက်ကာ လုရီလက်ရှိ ကြွေပန်းကန်လုံးကို ထူးဆန်းသည့် အမူအရာဖြင့်ကြည့်နေသည်။
“စိတ်ဝိဉာဉ်အစားအစာချက်ပြုတ်တာ အောင်မြင်သွားပြီလို့ ပြောတာလား ၊
ကောင်လေး ”
လုရီပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။
“ ဟုတ်ပါတယ် ”
ထို့နောက် ကြေပန်းကုန်လုံးအုပ်ကို ဖွင့်လိုက်ကာ အထဲရှိ နို့နှစ်ရောက်စွပ်ပြုတ်အား ရှင်းပြတော့သည်။
“ ဒါက ချီသန့်စင်နယ်ပယ် စိတ်ဝိဉာဉ်အစားအစာဖြစ်တဲ့ ကျားရိုးစိတ်ဝိဉာဉ်ဂျင်ဆင်းစွပ်ပြုတ်ပါ။ အရိုးတွေကို သန်မာစေပြီး ခွန်အားကိုမြှင့်တင်ပေးပါတယ်။ မနေ့က တပည့်တစ်နေ့လုံး ကြိုးကြိုးစားစားချက်ပြုတ်ပြီး အောင်မြင်ခဲ့ပါတယ်။ အကြီးအကဲပြောတာကို သတိရသွားတာနဲ့ ယူလာခဲ့တာပါ ”
အကြီးအကဲဝမ်က လုရီဆီလျှောက်လာကာ ကြွေပန်းကန်လုံးကိုယူ၊ စားပွဲပေါ်ချပြီးနောက် အထဲရှိ နို့နှစ်ရောင်ရှိသော စွပ်ပြုတ်ကို သေချာကြည့်ရှုနေသည်။
အကြီးအကဲဝမ်လို လူမျိုးအနေနှင့်ဆို ထိုစွပ်ပြုတ်ထဲရှိ စိတ်ဝိဉာဉ် စွမ်းအင်ကို သေချာပေါက် ခံစားမိပေမည်။ ဤသည်မှာ စိတ်ဝိဉာဉ်စွမ်းအင် အစားအစာ၏ လက္ခဏာ ဖြစ်သည်။
အကြီးအကဲဝမ်မှာ ယုံရခက်ခက်ဖြင့် ရေရွတ်၏။
“ တကယ်ကြီးလား။ ချီသန့်စင်နယ်ပယ် စိတ်ဝိဉာဉ်အစားအစာဆိုရင်တောင် တတ်မြောက်ဖို့ခက်ခဲတာကို မင်း
တစ်ရက်ထဲနဲ့ ချက်နိုင်သွားတာလား ”
လုရီပြုံးကာ ဇွန်းအား ကမ်းပေးလိုက်သည်။
“ အကြီးအကဲဝမ် မယုံကြည်ဘူးဆိုရင် မြည်းကြည့်လို့ရပါတယ် ”
အကြီးအကဲဝမ်က ဇွန်းကို ယူကာ ထပ်
မစဉ်းစားတော့ဘဲ ဇွန်းအပြည့် ခပ်ပြီး သောက်လိုက်သည်။
သောက်ပြီးနောက် နှုတ်ခမ်းများတွန့်ကာ
မျက်နှာအမူအရာမှာ ရှုံ့မဲ့သွားလေသည်။
အကြီးအကဲဝမ်၏ မျက်နှာကို မြင် သောအခါ လုရီမှာ အနည်းငယ်ရှက်သွားကာ ခြောက်ကပ်ကပ်ရယ်လိုက်သည်။
“ ကျွန်တော်အရင်က ဟင်းမချက်ဖူးတော့ ဒါကပထမဆုံး ချက်တာပြောရမယ်။ ဒါကြောင့်အရသာတော့ ကောင်းမှာမဟုတ်လို့ ခွင့်လွှတ်ပေးပါ အကြီးအကဲဝမ် ”
အခြေတည်ဝိဉာဉ်နယ်ပယ် ကျင့်ကြံသူ တစ်ယောက်အနေဖြင့် ထိုကဲ့သို့သော အရသာလေးလောက်မှာ သူ့အတွက်ပြဿနာ ကြီးကြီးမားမားတော့မဟုတ်ချေ။
ချက်ချင်းသက်သာသွားပြီး စိတ်ဝိဉာဉ်စွမ်းအင်များ ခန္ဓာကိုယ်တစ်လျှောက်လှည့်ပတ်နေသည်ကို ခံစားမိလိုက်သည့်အခါ အံ့ဩသွားရတော့သည်။
.. တ တကယ်ကြီး အလုပ်ဖြစ်တယ်ဟ ..
ထို့နောက် လုရီအား ထူးဆန်းသည့် အမူအရာဖြင့် ကြည့်ကာ
“ ကောင်လေး တကယ်ပဲ တစ်ရက်ထဲနဲ့ လုပ်နိုင်ခဲ့တာလား။ အရင်က တစ်ခါမှတောင်
မလေ့ကျင့်ဖူးဘဲနဲ့လေ ”
အမှန်တော့ တစ်ရက်တည်း မဟုတ်ဘဲ တစ်ခါတည်းနှင့် အောင်မြင်ခဲ့သည်ပင်။
လုရီ စိတ်ထဲမှ ရေရွတ်လိုက်ပြီးနောက် အလေးအနက် ပြောလိုက်သည်။
“ တပည့်က အကြီးအကဲကို ဘယ်လိုလုပ်လိမ်ဝံ့ပါ့မလဲ။ အရင်ကကုန်ကြမ်းရင်းမြစ်တွေမရှိတဲ့အတွက် တစ်ခါမှ မလေ့ကျင့်ဖူးပါဘူး ”
အကြီးအကဲ၏မျက်နှာမှာ တွန့်သွားကာ
“.. ယွီလန်းတောင်ထိပ်ကို ဝင်ရင်လည်း ကောင်းမှာပဲ ”
လုရီ၏ စိတ်ဝိဉာဉ်အစားအစာချက်ပြုတ်ရေး အရည်အချင်းကိုသာသိလျှင် ယွီလန်းတောင်ထိပ်သခင်မ ဘာလုပ်မည်လဲဆိုသည်ကို တွေးကြည့်ရခက်သည်။ ယွီလန်းတောင်ထိပ်သခင်မမှာ လျိုနင်ရွှမ်းနှင့်
သုန်းကုန်းမင်ယွဲ့လို တပည့်များအားပိုင်ဆိုင်ထားသည့် သူတို့တောင်ထိပ်၏ သခင်မကို အမြဲအားကျနေသည်ကို သူ
သိသည်။
ဒီလိုသာဆို ယွီလန်းသခင်မနှင့် သူတို့သခင်မ တိမ်ဖြူဂိုဏ်းကြီးကို ပြောင်းပြန်လှန်ပစ်လောက်မည်လား။
တွေးကြည့်ရုံနှင့် အကြီးအကဲဝမ်ခေါင်းကျိန်းလာရသည်။
အကြီးအကဲဝမ်၏စကားကို ကြားလိုက်ရသည့်အခါ လုရီမှာ ယွီလန်းနားနေဆောင်တွင် တွေ့ခဲ့ရသော ကျက်သရေရှိပြီး
တင့်တယ်လှပသည့် အမျိုးသမီး၏ ပုံရိပ်ကို ပြန်မြင်ယောင်လာသည်။
သူက ရယ်ကျဲကျဲ လုပ်ကာ ပြောသည်။
“ အကြီးအကဲဝမ် နောက်နေတာပဲ ဖြစ်ရမယ်။ ကျွန်တော့် ရည်မှန်းချက်က မသေမျိုးအဖြစ် ကျင့်ကြံနိုင်ဖို့ပါ။ စိတ်ဝိဉာဉ်အစားအစာဆိုတာ ကျွန်တော့်
ကိုယ် ကျွန်တော်တိုးတက်အောင်
လေ့ကျင့်တာပါ ”
အကြီးအကဲဝမ်က ထပ်မတွေးတော့ဘဲ
လုရီအားပြုံးပြကာ
“ ရည်မှန်းချက် တယ်ကြီးတာပဲ။ မင်းရဲ့ အရည်အချင်းနဲ့ဆို အနာဂတ်မှာ မဖြစ်လာနိုင်စရာမရှိပါဘူး ”
ရိုးရိုးသားသား ဝန်ခံရလျှင် လုရီကဲ့သို့သော ပါရမီရှင်မျိုးကို သူ တစ်ခါမှ မမြင်ဖူးသေးပါ။ ကျင့်ကြံရေးတွင် ချီသန့်စင်နယ်ပယ်ဖြင့် ဓားစိတ်ဆန္ဒကို ကျင့်ကြံနိုင်
သည့်အပြင် စိတ်ဝိဉာဉ် အစားအစာချက်ပြုတ်ရေး စွမ်းရည်ကိုလည်း ပထမဆုံးနေ့မှာပင် တတ်မြောက်ခဲ့သည်။
တကယ့်ကို လက်မခံနိုင်လောက်အောင်ပဲ။
ငယ်ရွယ်စဉ်က အကြီးအကဲဝမ်မှာ ပါရမီရှင်အဖြစ် သတ်မှတ်ခံခဲ့ရသူ ဖြစ်ပြီး မဟုတ်လျှင် အခြေတည် ဝိဉာဉ်အဆင့်အထိ တက်လှမ်းနိုင်ခဲ့မည် မဟုတ်ချေ။ သို့သော် သူ့ကိုယ်သူ အားနည်းသည်ဟု
အမြဲ ခံစားခဲ့ရသည်။
“ ဟီး၊ အကြီးအကဲဝမ်ရဲ့ စကားကောင်းတွေကို တပည့်နှလုံးသားထဲမှာ မှတ်သားထားပါ့မယ် ”
လုရီက စပ်ဖြီးဖြီးဖြင့် ပြောသည်။
အကြီးအကဲဝမ်က လုရီးအားနွေးထွေးစွာကြည့်ကာ
“ ဒီအဖိုးကြီးကို စွပ်ပြုတ် ကျွေးဖို့ တစ်ခုတည်းနဲ့တော့ လာခဲ့တာ မဟုတ်ဘူးမလား ”
လုရီ အနေရခက်စွာ ရယ်လိုက်ပြီး
“ အကြီးအကဲဝမ်က ထက်မြက်လှပါတယ်။ ကျွန်တော် ကုန်ကြမ်းတွေကို ဒီစွပ်ပြုတ်အတွက် အကုန် သုံးလိုက်ပြီမို့ ထပ်လိုချင်လို့ပါ ”
ဒါကိုကြားသည့် အကြီးအကဲဝမ်က ချက်ချင်းပြန်ပြောလာသည်။
“ စိတ်ဝိဉာဉ်စားဖိုမှူးအနေနဲ့ မင်းရဲ့အရည်အချင်းကိုမှ သေချာအသုံးမချရင် အချည်းအနှီးဖြစ်တော့မှာပဲ။ ဒီတစ်ခါတော့ အယောက်တစ်ရာစာ ပေးလိုက်မယ် ”
လုရီမျက်လုံးတို့ ပြူးကျယ်သွားရသည်။ အကြီးအကဲဝမ်အနေဖြင့် ဤရက်ရောလိမ့်မည်ဟု သူမထင်ထားခဲ့ချေ။ စွပ်ပြုတ်ယူလာပေးခဲ့သည်မှာ မှန်သွားသည်။
“ ကျေးဇူးတင်ပါတယ် အကြီးအကဲဝမ် ”
“ ဒီမှာစောင့်နေ ”ဟု ပြောကာ အကြီးအကဲဝမ်က ခန်းမထဲသို့ ဝင်သွားတော့သည်။
သိပ်မကြာခင်မှာပဲ ပြန်ထွက်လာပြီး သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းအပုံလိုက်ကို ထုတ်ယူကာ လုရီရှေ့တွင် ချပေးကာ တောင်သဖွယ် အထပ်လိုက် များပြားလှ၏။
“ ယူသွားချေ။ စိတ်ဝိဉာဉ်အစားအစာချက်ပြုတ်တဲ့ စွမ်းရည်ကို လေ့ကျင့်တာကကောင်းပါတယ်။ ဒါပေမဲ့ ကျင့်ကြံရေးကို အာရုံစိုက်ပြီး လေ့ကျင့်ဖို့တော့ မမေ့နဲ့ ”
လုရီက ပြုံးလိုက်ကာ
“ တပည့် မှတ်သားထားပါ့မယ် ”
ထို့နောက် ပစ္စည်းတွေကို စုစည်းပြီး သိုလှောင်လက်စွပ်ထဲသို့ထည့်လိုက်ရာ နောက်ထပ် မထည့်နိုင်လောက်သည်အထိ ပြည့်လျှံသွားသည်ကို ခံစားလိုက်ရသည်။
အတွင်းဂိုဏ်းက ပေးသော ထိုလက်စွပ်မှာ အလျားအရှည်အားဖြင့် သုံးမီတာစီ ရှိသည်မို့ မသေးသော်လည်း သူ့ဆီတွင် ပစ္စည်းများပုံထပ်နေသဖြင့် ပြည့်ကျပ်နေသည်။
အနာဂတ်တွင် ပိုကြီးသည့် သိုလှောင်လက်စွပ်တစ်ကွင်းတော့ လိုအပ်မည်ဟု
လုရီတွေးလိုက်မိသည်။ ထို့နောက်အကြီးအကဲဝမ်အား ကြည့်ကာ
“ ဒါဖြင့် ကျွန်တော် သွားလိုက်ပါဦးမယ် ”
“ သွားပါ ..သွားပါ.. ”
အကြီးအကဲဝမ်က လက်ပြကာ ဆိုသည်။
လုရီသည် ရင်းမြစ်ခန်းမဆောင်မှ လှည့်ထွက်ခဲ့၏။ ထွက်ခွာသွားသော လုရိီ၏
ပုံရိပ်ကို ကြည့်ပြီး စားပွဲပေါ်ရှိ စွပ်ပြုတ်ပန်းကန်အား ပြန်ကြည့်ကာ အကြီးအကဲဝမ်ခေါင်းခါလိုက်ပေသည်။
အရသာ မကောင်းလှသည်မို့ သူ ထပ်မစားချင်တော့။ သို့သော် အာနိသင်တော့ ရှိသည်မို့ သူ့တပည့်ကို ပေးလိုက်တာက ပိုကောင်းလိမ့်မည်။
ရင်းမြစ်ခန်းမဆောင်မှ ထွက်ခွာလာပြီးနောက် လုရီ လင်းလောင် တောင်ထိပ်အောက်ဆင်းကာ စီနီယာ အစ်ကို အစ်မတွေဖြစ်သည့် ထျဲ့မန်၊ ကျန့်ဖန်၊ ပိုင်ယွီလုံ၊
လီယွင်နှင့် လင်းဝမ်အာတို့အား ကျားရိုး
စိတ်ဝိဉာဉ် ဂျင်ဆင်း စွပ်ပြုတ်တွေ သွားပေးသည်။
လုရီ စိတ်ဝိဉာဉ် အစားအသောက်ချက်ပြုတ် စွမ်းရည်ကို သင်ယူခဲ့သည့်အကြောင်း သိရသည့်အခါ စီနီယာအစ်ကို၊အစ်မများမှာ အလွန်အမင်း အံ့အားသင့်သွားပြီး လက်ဆောင် လာပေးသည့်အတွက်လည်း စိတ်ထဲ ခံစားသွားကြရသည်။
အထူးသဖြင့် ခန္ဓာသန့်စင် သိုင်းပညာကို လေ့ကျင့်နေသည့် ထျဲ့မန်အတွက် ထိုသို့သော စိတ်ဝိဉာဉ် အစားအစာမျိုးမှာ များစွာလိုအပ်လှသည်။ လုရီက သုံးယောက်စာ ပေးသည်မို့ ချက်ချင်းပဲ ညီအစ်ကို တော်ချင်စိတ် ပေါက်သွားပေသည်။
တရားချပြီးသည့်နောက် လုရီက ထျဲ့မန်၏ သွေးသောက်ညီကို တော်ချင်စိတ်အား ရပ်လိုက်နိုင်ပြီး မနက်ပိုင်းတွင် သိုင်းပညာဖလှယ်ကြရာ လုရီမှာ ပြီးပြည့်စုံခြင်း အဆင့် ဆေးဝါလုံး အများအပြား ရရှိပြီးနောက် ကျေကျေနပ်နပ်ကြီး ထွက်ခွာသွားသည်။
နောက်နေ့များတွင် လုရီမှာ ပုံမှန်ကျင့်ကြံရေးနည်းလမ်းများကို ကျင့်ကြံသည်။
အာရုံစိုက်ဖို့ လိုသည့် ကျင့်ကြံရေး စနစ်တွေပိုတိုးလာသည့်အတွက် အချိန်ကိုလည်း ပိုခွဲဝေပေးရသည်။
မနက်ပိုင်းတွင် ကျားရိုး စိတ်ဝိဉာဉ်
ဂျင်ဆင်းစွပ်ပြုတ် ချက်ပြုတ်နည်း
လေ့ကျင့်ပြီး နေ့လယ်တွင် တိမ်ဖြူဓားရှည်နှင့် တိမ်ဖြူခြေလှမ်း သိုင်းစနစ်များကို လေ့ကျင့်သည်။
ထို့နောက် ညနေတစ်ဝက်ကို ကျောက်စိမ်းခန္ဓာ သိုင်းစနစ်နှင့် နောက်တစ်ဝက်ကို တိမ်ဖြူ ချီသန့်စင်သိုင်းပညာအတွက် လေ့ကျင့်သည်။
အားလပ်ချိိန်တွင် အတိတ်မေ့ စွမ်းရည်နှင့် ဖုံးကွယ် အသက်ရှူ စွမ်းရည်ကို လေ့ကျင့်ရသည်။
လုရီ၏ အချိန်ဇယားမှာ အပြည့်ဖြစ်ပြီး နေ့တိုင်း လုပ်စရာ တာဝန်များက နေရာယူထားသည်။
မကြာမီမှာပဲ လတစ်လ၏ နောက်ဆုံးနေ့သို့ရောက်လာတော့သည်။
မနက်ခင်းတွင် ဖြည်းညှင်းစွာ ပွင့်လာသော လုရိီ၏ မျက်လုံးထဲတွင် စိတ်ဝိဉာဉ်အလင်းတန်းကလေး ဖြတ်ပြေးနေသည်။ လေ့ကျင့်နေသည့် ကာလတစ်လျှောက်
လုရီ၏ အရှိန်အဝါမှာ လေးနက် သန်မာလာသည်။
သို့သော် ထိုသန်မာ ကြောက်စရာကောင်း
သည့် အရှိန်အဝါမှာ အလျင်အမြန်ပင် တည်ငြိမ်သွားကာ သာမန် ကျင့်ကြံသူ
တစ်ယောက်အသွင် ပြန်ဖြစ်သွား၏။
ဒီကာလအတွင်း လုရီ၏ ဖုံးကွယ်အသက်ရှူခြင်းစွမ်းရည်မှာ အဆင့် ၃သို့ ရောက်ရှိခဲ့ရာ အကြိုသက်ရောက်မှုတို့ ပြနေပြီ ဖြစ်သည်။
ထိုအချိန်မှာပဲ အပြင်ဘက်မှ
သုန်းကုန်းမင်ယွဲ့၏ အော်ခေါ်သံကို ကြားလိုက်ရသည်။
“ အငယ်တန်း အစ်ကို ...မြန်မြန်ထွက်လာပါတော့။ ကျွန်မတို့ စစ်ဆေးရေး မျှော်စင်ကို သွားရမယ်လေ ”
လုရီက ပြုံးကာ ဖြေလိုက်၏။
“ လာပါပြီ ”
---------------
အခန်း ၅၆ -တံခါးပိတ် ကျင့်ကြံနေတဲ့
လျိုနင်ရွှမ်း ထွက်ပေါ်လာပြီ...
~လုရီသည် တံခါးပေါက်မှ ထွက်လိုက်ရာ ခရမ်းရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထား
သည့် သုန်းကုန်းမင်ယွဲ့ကို တွေ့လိုက်ရသည်။
ချစ်စရာကောင်းစွာ ခြေဖျားထောက်ထားသည့် သုန်းကုန်းမင်ယွဲ့မှာ လည်တဆန့်ဆန့်ဖြင့် ပျင်းရိနေဟန် ရှိသည်။
ဂူထဲမှ ထွက်လာသည့် လုရီကို မြင်သည့်အခါ သူမက တက်ကြွစွာ ပြုံးပြလာ၏။
“ အငယ်တန်းအစ်ကို ထွက်လာပြီပဲ။
စီနီယာအစ်မ လျိုနင်ရွှမ်းလည်း တံခါးနေရာက ထွက်လာပြီ ဆိုတော့ အစ်မရဲ့
ဂူစံအိမ်ဆီ အရင်သွားပြီးမှ မျှော်စင်ဆီ အတူတူသွားကြမယ်လေ ”
“ စီနီယာအစ်မ လျိုနင်ရွှမ်း ပြန်ပေါ်လာပြီဟုတ်လား ”
လုရီ အံ့အားသင့်စွာ ပြောလိုက်သည်။
“ ဟုတ်တယ် ၊ တောင်ထိပ်သခင်မက အခုပဲ ကျွန်မကို ပြောလိုက်တာ။ ပြီးတော့ ရှင် အစ်မနင်ရွှမ်းနဲ့ တွေ့သင့်တယ်လို့လည်း ပြောလိုက်သေးတယ် ”
လုရီ “ ??? ”
တောင်ထိပ်သခင်မက သူ့အား ဘာကြောင့် တိုက်ရိုက် မပြောသနည်း။ အခုတလော
ကျင့်ကြံရေးတွေ လုပ်နေလို့များလား။
လျိုနင်ရွှမ်းနှင့် တွေ့ရမည် ဟူသော အတွေးသည် လုရီအား စိတ်လှုပ်ရှားစေသည်။
သူသာ စီနီယာအစ်မ လျိုနင်ရွှမ်း သဘောကျအောင် လုပ်နိုင်ပြီး ချစ်မိအောင်လုပ်နိုင်မယ်ဆိုလျှင် ကောင်းလိမ့်မည်။
ရမည့်ဆုတွေမှာ လိုချင်စရာတွေပင်။
ထို့နောက် လုရီမှာ အသိပြန်ဝင်လာကာ
“ ကောင်းပြီလေ ဒါဆိုသွားရအောင် ”
သုန်းကုန်းမင်ယွဲ့က ခေါင်းညိတ်လိုက်ပြီးနောက် နှစ်ဦးသား လျိုနင်ရွှမ်း၏ ဂူစံအိမ်ဆီ ဦးတည်လိုက်ကြသည်။
လျိုနင်ရွှမ်း၏ ဂူစံအိမ်မှာ လုရီနှင့်
သုန်းကုန်းမင်ယွဲ့တို့ နေရာနှင့်
မဝေးလှသဖြင့် သိပ်မကြာခင်မှာပဲ ရောက်ရှိသွားသည်။
သုန်းကုန်းမင်ယွဲ့က အပြင်ကနေ အော်ခေါ်၏။
“ စီနီယာအစ်မ လျိုနင်ရွှမ်း! တောင်ထိပ်သခင်မက အစ်မနဲ့ အတူတူ စစ်ဆေးရေးမျှော်စင်ကို သွားဖို့ ကျွန်မကို ပြောလိုက်ပါတယယ် ”
မကြာခင်မှာပဲ ဂူတံခါး ပွင့်လာပြီး ရင်းနှီးနေသည့် ပုံရိပ်ကလေးက အပေါက်ဝတွင် ထွက်ပေါ်လာသည်။
အဖြူရောင် ဂါဝန်ကို ဝတ်ဆင်ထားသည့် လျိုနင်ရွှမ်းမှာ ထုံးစံအတိုင်း ခပ်တန်းတန်းပုံစံဖြစ်ပြီး “ အဝေးက နေ ” ဆိုသော ခံစားချက်မျိုးကို ပေးနေဆဲပင်။
သုန်းကုန်းမင်ယွဲ့က တခစ်ခစ် ရယ်ကာ
ပြေးသွားလိုက်သည်။
“ စီနီယာအစ်မ တံခါးပိတ် ကျင့်ကြံတာကနေ ထွက်လာပြီလား ”
လျိုနင်ရွှမ်းက ခေါင်းကိုအသာညိတ်ပြသည်။ သုန်းကုန်းမင်ယွဲ့အားမျက်နှာချင်းဆိုင်မိသည့်အခါ
လျိုနင်ရွှမ်း၏ မျက်နှာမှာ အနည်းငယ်
ပျော့ပျောင်းသွားလေသည်။
“ ဟုတ်တယ် ”
ထို့နောက် လုရီအား တွေ့လိုက်ရာ ရှုပ်ထွေးသွားသည့် ပုံပေါ်သည်။
“ အငယ်တန်းမောင်လေး လုက ဘာလို့
ဒီမှာ ရှိနေရတာလဲ ”
သုန်းကုန်းမင်ယွဲ့က ပြုံးကာ ဖြေသည်။
“ အငယ်တန်းအစ်ကို လုက အပြင်ဆောင်ဂိုဏ်းပြိုင်ပွဲပြိုင်ပြီး လင်းလောင် တောင်ထိပ်ကိုဝင်လာတာ။ ပြီးတော့ တောင်ထိပ်သခင်မရဲ့ စာရင်းသွင်းတပည့်အဖြစ် ခေါ်ယူခံထားရတယ် ”
လုရီသည်လည်း ခေါင်းညိတ်ကာ ပြုံးပြလိုက်သည်။
“ စီနီယာအစ်မလျို မတွေ့တာ ကြာပြီနော် ”
ဒါကိုကြားသည့် လျိုနင်ရွှမ်း၏
အေးစက်စက်မျက်နှာပေါ်တွင် အံ့ဩရိပ်သန်းလာပြီး လုရီအား ရေးရေးမျှ ပြုံးပြကာ
“ အငယ်တန်း မောင်လေးလုက တကယ်ကို အံ့ဩစေတာပဲ။ လင်းလောင် တောင်ထိပ်ကို ဝင်နိုင်မယ်ဆိုတာ အရင်ကထဲက သိခဲ့ပေမဲ့ တောင်ထိပ်သခင်မရဲ့ စာရင်းသွင်း
တပည့်ဖြစ်လာလိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး ”
လုရီက ပြုံးလိုက်ပြီး
“ ဒါတွေက စီနီယာအစ်မရဲ့ ညွှန်ကြားမှုနဲ့ ပေးခဲ့တဲ့ ထိပ်တန်း ချီသန့်စင်ဆေးလုံးတွေကြောင့်ပါ။ မဟုတ်ရင် ကျွန်တော်ရဲ့ ခွန်အားလည်း ဒီလောက်မြန်မြန် တိုးလာမယ် မထင်ဘူး ”
လျိုနင်ရွှမ်းက ခေါင်းကို ခါ၏။
“ ဒါတွေက အငယ်တန်းမောင်လေးလုရဲ့ သူမတူတဲ့ အရည်အချင်းကြောင့်ပါ။ ငါက နည်းနည်းပဲ ဖြည့်စွက်ပေးခဲ့တာ ”
လုရီက ရယ်လိုက်ပြီး
“ ဘာပဲဖြစ်ဖြစ် စီနီယာအစ်မရဲ့ကြင်နာမှုကိုတော့ အမြဲအမှတ်ရနေမှာပါ “
ဘေးနားရှိ သုန်းကုန်းမင်ယွဲ့မှာမူ ခေါင်းကိုကုတ်ကာ
“ စီနီယာအစ်မ နင်ရွှမ်းနဲ့ အငယ်တန်းအစ်ကို လုရီ ဘာလို့ တစ်ယောက်ကိုတစ်ယောက်မြှောက်နေကြတာလဲ။ သွားရအောင်။ စစ်ဆေးရေးမျှော်စင်ပေါ်တက်နိုင်ဖို့က လတစ်လရဲ့အလုပ်ရှုပ်ဆုံး အချိန်ပဲ။ မြန်မြန်သာ မလုပ်ရင် စောင့်နေရလိမ့်မယ် ”
လျိုနင်ရွှမ်းနှင့် လုရိီမှာ အပြုံးချင်းဖလှယ်လိုက်ကြပြီးနောက် လျိုနင်ရွှမ်းက နှိုးဆော်လာသည်။
“ ဒါဖြင့် သွားရအောင် ”
ပြောနေရင်း လက်ကိုဝှေ့ယမ်းလိုက်ရာ သူတို့ သုံးယောက်၏ရှေ့တွင် ပျံသန်းရေးရတနာ ဖြစ်သည့် ကျောက်စိမ်းလှေ တစ်စီး ထွက်ပေါ်လာသည်။
လျိုနင်ရွှမ်းအနေဖြင့် ပျံသန်းရေး ရတနာတစ်ခု ပိုင်ဆိုင်ထားသည်ကို လုရီ မအံ့ဩမိပါ။ လျိုနင်ရွှမ်းမှာ အရှေ့ပိုင်း နယ်မြေ
တစ်ခုလုံးရှိ အရည်အချင်း ရှိသော ထိပ်တန်း လူငယ်များမှ တစ်ယောက် ဖြစ်ပြီး ချင်းကျိုးရှိ အရှိန်အဝါ ကြီးသော လူငယ် ပါရမီရှင် တစ်ယောက် ဖြစ်ပေသည်။
ထို့အပြင် လင်းလောင် တောင်ထိပ်သခင်မလို လူမျိုးအတွက်လည်း ပျံသန်းရေးရတနာ ဆိုသည်မှာ သိပ်ပြီး ခက်ခဲသည့် အရာတစ်ခု မဟုတ်ပေ။
သိပ်မသေးလှသော မီတာ နှစ်ဆယ်ကျော်ရှည်သည့် ကျောက်စိမ်းလှေမှာ လူသုံးယောက် မတ်တပ်ရပ်ရန် လုံလောက်သည်ထက် ပိုသည်။
သုံးယောက်သား လှေပေါ်သို့တက်လိုက်ကြပြီး တိမ်ဖြူ မြို့ငယ်အလယ်ရှိ စစ်ဆေးရေးမျှော်စင် ရှိရာဆီ ကောင်းကင်မှ ပျံသန်းကာ သွားလိုက်ကြသည်။
မကြာခင်မှာပဲ ကျောက်စိမ်းလှေဟာ စစ်ဆေးရေး မျှော်စင်သို့ ဆင်းသက်သွားသည်။
စစ်ဆေးရေး မျှော်စင်မှာ အလွန် ကြီးမားလှသော မြေကွက်ပေါ်တွင် တည်ရှိပြီး
တိမ််တိုက်များအား ထိစပ်လုနီးပါးပင်။
ဘေးတစ်ဖက်တစ်ချက်စီတွင် ရွှေစာလုံးတို့ ထွင်းထုထားသော ကျောက်တိုင်ကြီး လေးတိုင် ရှိသည်။
ထိုစာများမှာ ချီသန့်စင်နယ်ပယ် စစ်ဆေးရေး စာရင်း၊ အခြေခံအုတ်မြစ် တည်ထောင်ခြင်း စစ်ဆေးရေးစာရင်း၊ ရွှေအူတိုင်နှင့် အခြေတည် ဝိဉာဉ် စစ်ဆေးရေးစာရင်းတို့ ဖြစ်ကြသည်။
ထိုစာရင်းများတွင် ဂိုဏ်းသားအသီးသီး၏ စစ်ဆေးရေးမျှော်စင်တွင် ရောက်ရှိနေသော ကျင့်ကြံခြင်း အဆင့်ကို ရေးထိုးထားပေသည်။
ထိုအကြောင်းကို အတွင်းဂိုဏ်းသို့စတင်ဝင်ရောက်စဉ်က အကြီးအကဲချုပ် သုကူးဖန်းက ပြောပြခဲ့ဖူးသည်။
စစ်ဆေးရေးမျှော်စင်၏ စစ်ဆေးရေးစာရင်းသို့ ဝင်အောင်လုပ်နိုင်သူသည် ကောင်းမွန်သော ကျင့်ကြံရေး ရင်းမြစ်များကို လက်ခံရမည်။
ဂိုဏ်းရှိ ကုန်ကြမ်းရင်းမြစ်များမှာ အကန့်အသတ်မဲ့သည် ဖြစ်ရာ အလားအလာကောင်းသော ပါရမီရှင်များအား ပိုချီးမြှင့်လေ့ရှိ၏။
ထိုအချိန်အတွင် အကြီးအကဲချုပ်
သုကူးဖန်းက လုရီနှင့် အခြား ကိုးယောက်အားပြောခဲ့သည်မှာ ရင်းမြစ်များ ပိုရရန်အတွက် စစ်ဆေးရေးမျှော်စင် စာမေးပွဲကို အကုန်လုံး ဖြေဆိုရန်ပင်။
လုရီအတွက်တော့ ထိုအကြံမှာ သိပ်တော့အသုံးမဝင်လှတော့။
အခုဆိုလျှင် တောင်ထိပ်သခင်မ၏ စာရင်းသွင်း တပည့် တစ်ယောက်ဖြစ်နေပြီမို့ ရင်းမြစ် မရှိမှာ မပူရတော့ပေ။
ထိုအချိန်မှာပဲ မြေကွက်လပ်ကြီးတွင် လူပေါင်း နှစ်ထောင်၊ သုံးထောင်ခန့် ရောက်နေပြီးသား ဖြစ်ရာ နေရာအနှံ့မှ ပျံသန်းရေးရတနာများ စီးနင်းကာ လာနေကြသူများလည်း အဆက်မပြတ် ရှိနေသည်။
အတွင်းဂိုဏ်း တစ်ခုလုံးတွင် ဂိုဏ်းသားပေါင်း သောင်းနှင့်ချီ ရှိရာ လူအများစုမှာ လကုန်မှ စာမေးပွဲ ဖြေဖို့ ရွေးချယ်လေ့
ရှိကြသည်။
စစ်ဆေးရေး မျှော်စင် စာမေးပွဲမှာမူ အချိန်အတိအကျ မသတ်မှတ်ထားသော်ငြား ရင်းမြစ်များအတွက် စဉ်းစားသည့် ဂိုဏ်းသားများ ရှိနေသည်။ ကျင့်ကြံရေး
နည်းနည်းပိုလုပ်လျှင် မျှော်စင်၏ အလွှာတစ်ခုဆီ ထပ်တက်နိုင်မည် ဖြစ်ရာ စစ်ဆေးရေးအတွက် လကုန်သည်အထိ ရွှေ့ဆိုင်းထားကြခြင်းပင်။
လျိုနင်ရွှမ်း၏ ပျံသန်းရေး ကျောက်စိမ်းလှေပေါ်လာသည်နှင့် ဂိုဏ်းသားတိုင်းလိုလိုက လှည့်ကြည့်ကြသည်။
“ စီနီယာအစ်မ လျိုနင်ရွှမ်းရဲ့ ကျောက်စိမ်းဖြူလှေပဲ။ စီနီယာအစ်မ လျိုနင်ရွှမ်းရောက်လာပြီဟေ့ ”
“ ငါတော့ တခြားတောင်ထိပ်က တပည့်ရင်းတွေအတွက် စိတ်မကောင်းဘူး။ စီနီယာအစ်မ လျိုနင်ရွှမ်းသာ ရှိရင် သူတို့တွေဘယ်တော့မှ ပထမ ရမှာ မဟုတ်ဘူး.. ”
“ ဟုတ်တယ် စီနီယာအစ်မက အရှေ့ပိုင်းနယ်မြေ တစ်ခုလုံးမှာ ရှိတဲ့ ထိပ်တန်း
တပည့်တွေထဲက တစ်ယောက်မို့ ကွာခြားချက်က ကြီးလွန်းတယ်။ ငါက အကြီးအကဲတွေရဲ့ တပည့်ရင်း မဟုတ်တာ ဝမ်းသာရမယ် ၊ မဟုတ်ရင် အခုလောက်ဆို စိတ်ပျက်နေလောက်ပြီ ”
“.. မင်းဘာတွေ ပြောနေတာလဲဆိုတာ ပြန်စဉ်းစားဦး၊ မင်းက တပည့်ရင်း ဖြစ်ချင်တယ်ဆိုရင်တောင် ဘယ်အကြီးအကဲ ဘယ်တောင်ထိပ်သခင်က မင်းကို ဝင်ခွင့်ပေးမှာလဲ ”
“ ဘေးနားက အငယ်တန်း ညီမလေး သုန်းကုန်းမင်ယွဲ့မလား။ လင်းလောင်တောင်ထိပ်သခင်မက ဘယ်တော့မှ ဒီညီမလေးကို
တပည့်ရင်းအဖြစ် ကြေငြာမှာလဲဆိုတာ သိချင်လိုက်တာ ”
“ သိပ်မကြာသင့်တော့ပါဘူး ဟုတ်တယ်မလား။ အငယ်တန်းညီမလေး သုန်းကုန်းက စီနီယာအစ်မ လျိုနင်ရွှမ်းလို မွေးရာပါစိတ်ဝိဉာဉ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာဆိုတော့ အရည်အချင်းလည်း တော်တော်
ရှိမှာပဲ ”
“ ဟမ်...ဟိုကောင်လေးက ဘယ်သူလဲ ”
“ ဘာတွေ ဖြစ်ကုန်တာလဲကွ။ မဖြစ်နိုင်တာ။ စီနီယာ အစ်မ လျိုနင်ရွှမ်းရဲ့ ကျောက်စိမ်းဖြူလှေပေါ်မှာ ယောကျာ်း
တစ်ယောက် ရပ်နေပါလား။ ငါ့ရဲ့ငယ်ရွယ်မှုတွေက ပြီးဆုံးသွားပြီလား ”
ညင်သာစွာ ဆင်းသက်လာသည့် ကျောက်စိမ်းဖြူလှေပေါ်က ဆင်းလာသော လုရီကိုမြင်သည်နှင့် များစွာသော စီနီယာအစ်ကိုအစ်မတွေဟာ မယုံကြည်နိုင်ခြင်းတွေနှင့် အံ့ဩသွားကြပြီး ဆူဆူညံညံ ဖြစ်ကုန်ကြတော့သည်။
နန်းကုန်းမိုယွီ ဘေးတွင်ရပ်နေသည့် စာမေးပွဲဖြေရန်လာသော အဖြူရောင်ဝတ်ရုံနှင့် အားပြင်းသည့် အရှိန်အဝါကိုပိုင်ဆိုင်ထားသည့် ချောမောသည့် လူတစ်ယောက်က လုရီအား စိုက်ကြည့်ကာ ကြက်သေသေသွားသည်။ ထို့နောက် မေးလိုက်၏။
“ ညီအစ်ကို နန်းကုန်း ၊အဲ့ကောင်လေးကဘယ်သူလဲ ”
နန်းကုန်းက ထိုလူအား ကြည့်ပြီး ရယ်လိုက်ကာ
“ ညီကိုဝမ်က အခုထိ မသိသေးဘူးလား။ သူက ကျွန်တော်တို့ လင်းလောင် တောင်ထိပ်ကို အခုလမှ ရောက်လာတဲ့ အငယ်တန်းညီလေးလေ။ နာမည်က လုရီတဲ့။ အရည်အချင်းကတော့ ပြိုင်စံရှားပဲ။ အထူးသဖြင့် သူ့ရဲ့ နားလည် တတ်မြောက်နိုင်စွမ်းက ထူးခြားတယ်။ အခုဆို
လင်းလောင် တောင်ထိပ်သခင်မရဲ့ စာရင်းသွင်းတပည့် ဖြစ်နေပြီ ”
ထိုစကားကိုကြားသည့် ဝမ်ထျန်းကျွင်းမှာ တိတ်ဆိတ်သွားသည်။
နန်းကုန်းမိုယွီက ဝမ်ထျန်းကျွင်း၏ ထူးဆန်းသော မျက်နှာ အမူအရာအား
ကြည့်ကာ
“.. ညီကိုဝမ်။ မင်းက စီနီယာအစ်မ
လျိုနင်ရွှမ်းအပေါ် ခံစားချက်တွေ ရှိနေတာမလား။ ဒီညီကိုက အကြံပေးလိုက်မယ် လက်လျှော့လိုက်တော့။ စီနီယာလျိုရဲ့ အရည်အချင်းမျိုးက ကောင်းကင်ပေါ်က နေမင်းကြီးလိုပဲ။ ငါတို့လို သာမန်လူတွေက ဒီလိုအတွေးတွေ မတွေးသင့်ဘူး ဟုတ်တယ်မလား ”
ဝမ်ထျန်းကျွင်းမှာ နှာခေါင်းကို ရှုံ့ကာ မိုယွီအား ကြည့်သည်။
“ ဒီလို မပြောနဲ့...ညီအစ်ကို
နန်းကုန်း။ စိတ်ရင်းအမှန်သာ ဖြစ်ခဲ့ရင် ကျောက်တုံးကိုတောင် ထွင်းထု ပုံဖော်နိုင်တယ်ဆိုတာ မကြားဖူးဘူးလား ”
နန်းကုန်းမိုယွီက ခေါင်းကိုခါကာ ဘာမှဆက်မပြောတော့။
ထိုအချိန််မှာပဲ ရှဲ့ထျန်းမင်နှင့် အခြေအနေကို သိပြီးကြသော လင်းလောင် တောင်ထိပ်
တပည့်အချို့မှာ အနီးရှိ မသိသေးသော လူများအား ရှင်းပြနေကြသည်။
အရင်က လုရီအား မသိခဲ့သော လူအုပ်ထဲရှိတပည့်များမှာ ယခုတွင် လုရီအား
မယုံကြည်နိုင်သော အမူအရာများဖြင့်
ကြည့်နေကြသည်။
“ ဆိုတော့ သူက လင်းလောင်တောင်ထိပ်သခင်ရဲ့ စာရင်းသွင်း တပည့်ပေါ့လေ ”
“ ဟ.. ဒါဆို အရည်အချင်းကလည်း ကြောက်စရာကောင်းမှာပဲ ”
အမျိုးသမီးဂိုဏ်းသူအများစုမှာ
လုရီ၏ဂုဏ်ပုဒ်ကို ကြားရသည့် အခါ မျက်လုံးများ အရောင်လက်သွားပြီး သဘောကျနေကြသည်။
“ အငယ်တန်းမောင်လေးက တော်တော်ချောပြီး အရည်အချင်းကလည်း အံ့မခန်းပါလား ”
“ ဟီးဟီး အဲ့အငယ်တန်းမောင်လေးမှာ
တာအို လက်တွဲဖော်များ ရှိနေပြီလားလို့ သိချင်မိတယ် ”
“ အဲ့ အငယ်တန်းမောင်လေး စစ်ဆေးရေးမျှော်စင် ဘယ်လောက်မြင့်မြင့်အထိ တက်နိုင်မလဲဆိုတာ ကြည့်ရအောင်။ သူ့စွမ်းဆောင်နိုင်စွမ်းနဲ့ဆို စစ်ဆေးရေးစာရင်းထဲမှာ ရှိတဲ့ ထိပ်တန်းချီအဆင့် ၁၀ က လူတွေကို စိန်ခေါ်နိုင်မှာပဲနော်”
---------------
အခန်း ၅၇ -စစ်ဆေးရေး မျှော်စင်ရဲ့ အတွင်းဘက်...
~လူတို့၏ ထင်ကြေးပေးနေကြသော
စကားများ အလယ်တွင် ကျောက်စိမ်းဖြူလှေမှာ ဆင်းသက်လိုက်ပြီး လုရီနှင့်
အဖော် နှစ်ယောက်ပါ ပျံသန်းရေး လှေပေါ်မှ ဆင်းလာကြသည်။
သုံးယောက်သား စစ်ဆေးရေး မျှော်စင်ရှိရာသို့ ဦးတည်လိုက်ကြရာ ဖြတ်သွားသည့်တစ်လျှောက်ရှိ ဂိုဏ်းသားများက စီနီယာအစ်မ လျိုနင်ရွှမ်းအား ရိုသေသမှုဖြင့် နှုတ်ဆက်ကြသည်။
“ စီနီယာ အစ်မလျို ”
“ ကောင်းသောနေ့လေးပါ ၊
စီနီယာအစ်မ လျို ”
“ … ”
လျိုနင်ရွှမ်းက အေးစက်စက်မျက်နှာဖြင့် ဘာမှ မတုံ့ပြန်ပေ။
သို့သော် ဂိုဏ်းသား အများအပြားမှာ
စိတ်အားထက်သန်စွာ နှုတ်ဆက်ကြသည်။
လျိုနင်ရွှမ်းနှင့် မျက်နှာချင်းလေး ဆိုင်မိရုံ
နှင့်ပင် စိတ်လှုပ်ရှားကြလေသည်။
လုရီမှာ ပြောစရာ စကားတောင် ပျောက်ရှသွားရ၏။
ထိုလူများမှာ မော်ဒန်ခေတ်မှ
မိမိတို့၏ အိုင်ဒေါလ်အား အရူးအမူး ဖြစ်နေသော ဖန်များနှင့်ပင် တူနေသည်ဟု သူ
မှတ်ချက်ချလိုက်မိသည်။
ဘေးနားရှိ လူများကို အာရုံမစိုက်တော့ဘဲ သူ့အကြည့်များအား စစ်ဆေးရေး စာရင်းလေးခုဆီသို့သာ ပြောင်းရွှေ့လိုက်သည်။
စာရင်းပေါ်တွင် ရင်းနှီးပြီးသား နာမည်အချို့ကို မြင်တွေ့လိုက်ရသည်။
သူ၏ ဒုစီနီယာ ညီမလေး သုန်းကုန်းမင်ယွဲ့မှာ ချီသန့်စင် နယ်ပယ် စစ်ဆေးရေးစာရင်းတွင် အဆင့်တစ် ဖြစ်သည်။
ရွှေအူတိုင် စစ်ဆေးရေး စာရင်းရှိ ၂၀ယောက်မြောက် နေရာကို အရင်ကတွေ့ခဲ့ဖူးသော ရှဲ့ထျန်းမင်က နေရာယူထားသည်။
လျုနင်ရွှမ်းကမူ အခြေတည် ဝိဉာဉ်အဆင့် စစ်ဆေးရေး စာရင်း၏ ထိပ်ဆုံးတွင်ရှိနေသည်။
တပည့်ရင်းများထဲမှ အနည်းငယ်သာ အခြေတည် ဝိဉာဉ်ကျင့်ကြံရေးအဆင့်သို့ရောက်နိုင်ကြပြီး အလွန် အရည်အချင်းရှိသော လူနည်းစုဖြစ်သော်ငြား ကံမကောင်းသဖြင့် လျိုနင်ရွှမ်း၏ လောင်းရိပ် မိနေရသည်။
စစ်ဆေးရေး မျှော်စင်တွင် လျိုနင်ရွှမ်း
တက်ရောက်နိုင်ခဲ့သော အထပ်အရေအတွက်မှာ အံ့ဩစရာ
ကောင်းလောက်အောင် သုံးဆယ့်လေးထပ်တွင် ဖြစ်သည်။
သုကူးဖန်း၏ ရှင်းပြချက်အရ ဆယ်ထပ်တိုင်းတွင် ပိုမို ကြီးမားသော နယ်ပယ် တစ်ခုစီ ဆက်သွားမည် ဖြစ်ပြီး တစ်ထပ်နိမ့်လျှင် တစ်ဆင့် နိမ့်သွားမည် ဖြစ်သည်။
ပထမထပ်မှာ ချီသန့်စင်နယ်ပယ် ပထမ
အဆင့်နှင့် တူညီပြီး သုံးဆယ့်လေးထပ်မှာ အခြေတည် ဝိဉာဉ်အဆင့်လေးနှင့် တူညီသည်။
ဆိုလိုသည်မှာ လျိုနင်ရွှမ်း၏ တိုက်ပွဲစွမ်းရည်မှာ အခြေတည် ဝိဉာဉ်အဆင့်လေး နှင့် ညီမျှသည်ပင်။
စစ်ဆေးရေး မျှော်စင်မှာ သေလျှင်သေ၊
မသေလျှင် တိုက်ရသည့် တိုက်ပွဲအစစ်မဟုတ်ဘဲ စာမေးပွဲတစ်ခုသာ ဖြစ်သဖြင့် လျိုနင်ရွှမ်း၏ ကန့်သတ်ချက်သို့ပင်
မရောက်သေးပေ။
အထူးသဖြင့် ပါရမီရှိသူများအနေဖြင့် အထပ်တိုင်းတွင် အရည်အချင်းအကုန်ထုတ်ပြလေ့ မရှိကြသည်မှာ ပုံမှန်ဖြစ်သည်။
ထို့ကြောင့် စစ်ဆေးရေးမျှော်စင်၏
သုံးဆယ့်လေးထပ်မြောက်တွင် ရှိနေသော လျိုနင်ရွှမ်း၏ အစွမ်းမှာ အသေအကြေတိုက်သည့် တိုက်ပွဲတွင် အခြေတည်ဝိဉာဉ်အဆင့်လေးထက်ပင် ကျော်လွန်နေမည်ဖြစ်သည်။
လုရီမှာ အံ့အားသင့်သွားရ၏။
စီနီယာအစ်မ လျိုနင်ရွှမ်း အနေဖြင့် အသက်၁၉ နှစ်အရွယ်တွင် ရွှေအူတိုင်နယ်ပယ်သို့ တက်လှမ်းခဲ့သည်မှာ
ဘယ်နှနှစ်မှ မကြာသေးပေ။
အခုလို ကြောက်စရာ ကောင်းသည့် အရည်အချင်းဖြင့် ဒီအဆင့်သို့ပင်ရောက်လာသည်က သူတို့ ပြောပြောနေကြသော သဘာဝ၏ လူထူးဆန်းပေလား။
ချီသန့်စင်နယ်ပယ် အဆင့်၁၀ တွင် ရှိနေသော သုန်းကုန်းမင်ယွဲ့သည်ပင် ၁၃ထပ်မြောက်ကို ရောက်နေပြီး သူ၏ အစစ်အမှန်စွမ်းအားမှာ အခြေခံ အုတ်မြစ်တည်ထောင်ခြင်း အဆင့်၃ ရှိ ကျင့်ကြံသူတစ်ယောက်ကဲ့သို့ ရှိသည်ဟု ဆိုလိုသည်။
မွေးရာပါ စိတ်ဝိဉာဉ် ခန္ဓာရှိကြသူတို့၏ အစွမ်းပင်။
သုံးယောက်သား စစ်ဆေးရေးမျှော်စင်အတွင်းသို့ ဝင်လိုက်ကြသည်။
တံခါးအပြင်ဘက်တွင် ဆံပင်ဖြူနှင့် အဖိုးအိုတစ်ယောက် တရားထိုင်သည့်ပုံဖြင့်ထိုင်နေသည်ကို တွေ့လိုက်ရသည်။ ထိုအဖိုးမှာ လျုနင်ရွှမ်းကိုတွေ့သည့်အခါ မျက်လုံးဖြည်းဖြည်းချင်းဖွင့်လာပြီး ကျက်သရေရှိသော အပြုံးတစ်ခုက ဇရာရှိနေသော မျက်နှာထက်တွင်ပေါ်လာသည်။
“ မိန်းကလေး နင်ရွှမ်း ရောက်လာပြီပဲ ”
လျုနင်ရွှမ်း၏ မျက်နှာလှလှကလေးမှာ ရိုသေသမှု၏ အငွေ့အသက်များ ဖြတ်ပြေးသွားကာ
“ အကြီးအကဲရွှမ် ”
သုန်းကုန်းမင်ယွဲ့မှာလည်း ရိုသေလေးစားစွာ နှုတ်ဆက်လိုက်သည်။
“ အကြီးအကဲရွှမ်ကို နှုတ်ဆက်ပါတယ် ”
ထို့နောက် လုရီက ထိုအဖိုးအိုအားကြည့်လိုက်ပြီး စီနီယာအစ်မနှင့် ညီမနည်းတူ နှုတ်ဆက်လိုက်သည်။
“ နှုတ်ဆက်ပါတယ် အကြီးအကဲရွှမ် ”
အကြီးအကဲရွှမ်က မျက်လုံးတွေမှေးကျဉ်းသွားသည်အထိ ပြုံးကာ
“ လူငယ်လေး မင်းက လုရီပဲဖြစ်ရမယ်။ အကြီးအကဲမင်က မင်းအကြောင်းပြောထားတယ်။ ချီသန့်စင်နယ်ပယ်မှာတင် ဓားစိတ်ဆန္ဒကို ကျင့်ကြံနိုင်ခဲ့တာ
အတော်လေးကို အထင်ကြီးလောက်စရာပဲ။ ဆက်ကြိုးစားကွ”
အကြီးအကဲရွှမ်နှင့် အကြီးအကဲမင်မှာ မိတ်ဆွေများဖြစ်သည်ကို မသိခဲ့သော လုရီမှာ ကြောင်အသွားသည်။
ထို့နောက် ချက်ချင်းပြန်ဖြေလိုက်၏။
“ တပည့် ကြိုးစားပြီးကျင့်ကြံပါ့မယ် ”
ဘေးနားရှိ လျိုနင်ရွှမ်းမှာလည်း လုရီအား အံ့ဩစွာကြည့်လာသည်။ လုရီ ဓားစိတ်ဆန္ဒအား တတ်မြောက်ထားသည်ကို သူမသိထားသေးပေ။
ဒီလို အသက်ငယ်ငယ်လေးဖြင့် ဓားစိတ်ဆန္ဒ တတ်မြောက်ထားသော အငယ်တန်းမောင်လေးလုမှာ အတော်လေး အထင်ကြီးစရာကောင်းလှသည်ဟု နင်ရွှမ်းတွေးလိုက်မိသည်။
ထို့နောက် အကြီးအကဲရွှမ်က ပြုံးလိုက်ကာ
“ ကွက်တိ ဖြစ်သွားတာပဲ။ မင်းတို့ရောက်လာတဲ့အချိန်မှာ စစ်ဆေးရေးနေရာအလွတ်ရှိနေပြီဆိုတော့ အရင်ဝင်သွားတော့ကွ
တန်းစီနေကြသော ဂိုဏ်းသားများမှာ
မကျေနပ်သည့် အရိပ်အယောင်မပြသည့်အပြင် သူတို့သုံးယောက်အား မျှော်လင့်တကြီးစောင့်ကြည့်နေကြသည်။
“ ဒီတစ်ခါ စီနီယာအစ်မ လျိူနင်ရွှမ်း ၃၅ ထပ်မြောက်ကို တက်နိုင်မလား သိချင်မိတယ် ”
“ ငါကြားတာတော့ စီနီယာအစ်မလျိုက ဒီတစ်ခါ တစ်ယောက်တည်း သီးခြား ကျင့်ကြံနေခဲ့တာတဲ့။ ဆိုတော့ သူ့ရဲ့ခွန်အားကလည်း ပိုတိုးတက်လာမှာပဲ။ ၃၅ထပ်ကို
မတက်နိုင်စရာ မရှိဘူး ”
“ အငယ်တန်းညီမလေး သုန်းကုန်းကရော ဒီတစ်ခေါက် ထပ်တက်သွားမှာလား ”
“ အငယ်တန်းညီမလေး သုန်းကုန်းရဲ့ စွမ်းအားက ချီသန့်စင် နယ်ပယ်ရဲ့
ကန့်သတ်ချက် ရောက်နေပြီကို ဘာလို့
အဆင့်မတက်သေးလဲ ငါ စဉ်းစားလို့
မရဘူး ”
“ ဟုတ်တယ်၊ နားလည်ရခက်လိုက်တာ။ သုန်းကုန်းရဲ့ အရည်အချင်းနဲ့ဆို အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်ကို လွယ်လွယ်လေး အဆင့့်တက်နိုင်မယ့့်ဟာ ဘာလို့ အခုထိ မကျင့်ကြံနိုင်သေးလဲဆိုတာ နားမလည်နိုင်ဘူး ”
“ ပါရမီရှင်တွေက ဒီလိုပဲလား ”
တစ်ချို့မှာ လုရီကို အာရုံစိုက်နေကြသည်။
“ အငယ်တန်းညီကို လု ဘယ်နှထပ်အထိ ရောက်နိုင်မလဲဆိုတာ သိချင်မိတယ်”
“ လင်းလောင် တောင်ထိပ်သခင်မ မျက်စိကျတဲ့လူ ဆိုတော့ သူ့ရဲ့လက်ရှိ
အဆင့်ထက် ကျော်ဖို့ဆို ဘာအခက်အခဲမှမရှိလောက်ဘူး။ ဒါပေမဲ့ သူ့လက်ရှိခွန်အားက ချီသန့်စင်နယ်ပယ် အဆင့် ၇ ဒါမှမဟုတ် ၈ လောက်ပဲ ရှိဦးမှာမလား။ အခြေခံ အုတ်မြစ် တည်ထောင်ခြင်းအဆင့် ကျင့်ကြံသူတွေကို အနိုင် မတိုက်နိုင်လောက်ဘူးဆိုတော့ ၁၁ ထပ်လောက်တော့ တက်နိုင်မယ် ထင်တယ် ”
“ သိပ်တော့ မမှန်ဘူးကွ။ အပြင်ဆောင်ဂိုဏ်းတိုက်ပွဲရဲ့ နောက်ဆုံးပွဲမှာဆို အငယ်တန်းညီကို လုရီက အခြေခံ အုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်မှာ ရှိတဲ့ လူကိုအနိုင်ယူခဲ့တာ။ နောက်ထပ်တိုက်ဖို့သာ အင်အားကျန်သေးမယ်ဆိုရင် အခြေခံ အုတ်မြစ် တည်ထောင်ခြင်း အဆင့်တစ် လောက်ကလူကိုတော့ တိုက်နိုင်မှာပဲကွ ”
“ ဟူး.. အဲ့လောက်တောင် သန်မာတာလား ”
“…..”
မြေကွက်လပ်ထောင့် တစ်နေရာရှိ အတူတူရပ်နေကြသော ပိုင်ယွီလုံ၊ ကျန့်ဖန်၊ ထျဲ့မန်နှင့် အခြားသော အပြင်ဂိုဏ်းရှိ ညီအစ်ကိုများမှာ လူအုပ်ကြီး ကြည့်သည်ကို ခံနေရသော လုရီကို စပ်စု၍ ကြည့်နေကြသည်။
ခေါက်ယပ်တောင် ကိုင်ထားသည့် ပိုင်ယွီလုံက တစ်ချက် ရယ်လိုက်ကာ
“ အငယ်တန်းညီကို လုရီရဲ့ ခွန်အားနဲ့ဆို ၁၁ထပ်လောက်က ဘာပြဿနာမှ မရှိနိုင်ဘူး ”
နောက်သို့ အေးအေးလူလူ လက်ပစ်ထားသည့် ကျန့့်ဖန်မှာ လေးတွဲ့စွာ ပြုံးလိုက်ပြီး
“ ငါ အငယ်တန်းညီကို လုကို တိုက်ခိုက်ခဲ့တဲ့အချိန်တုန်းကတောင် သူ ခွန်အားကို အကုန်ထုတ်မသုံးခဲ့ဘူး။ ဒီလိုခွန်အားမျိုးနဲ့ဆို ၁၂ထပ်လောက်ကိုရောက်နိုင်တယ် ”
ထိုအခါ လင်းဝမ်အာကမူ
“ အငယ်တန်းမောင်လေး လုရီ ၁၂ထပ်လောက်အထိကတော့ ကျိန်းသေပေါက်တက်နိုင်မှာပဲ ”
ဟု ခိုင်ခိုင်မာမာပြောလာ၏။
ပိုင်ယွီလုံက လုရီအား ကြည့်ကာ ထပ်ပြောသည်။
“ အငယ်တန်းညီကိုလုက လင်းလောင်တောင်ထိပ် သခင်မရဲ့ စာရင်းသွင်းတပည့်တစ်ယောက်အနေနဲ့ ဒီ စစ်ဆေးရေးမျှော်စင်မှာ ကောင်းကောင်းလုပ်ပြဖို့လိုတယ်။ မျှော်မှန်းထားတာနဲ့ လွဲနေရင် အပြောအဆိုခံရမှာမလို့ သေချာလုပ်နိုင်ဖို့ မျှော်လင့်တယ် ”
ကျန့်ဖန်မှာလည်း ခေါင်းညိတ်လိုက်ကာ အလေးအနက်ဆိုသည်။
“ အငယ်တန်းညီကိုလုရဲ့ အရည်အချင်းနဲ့ ခွန်အားနဲ့ဆိုရင် သူ့ရဲ့ပင်ကိုယ်သဘာဝအရ လူတွေဆီက အသိအမှတ်ပြုခံရအောင် လုပ်နိုင်မှာပဲ ”
လူတွေစကားပြောနေကြတုန်းမှာပဲ လုရီနှင့် အခြားနှစ်ယောက်မှာ လက်မှတ်ကို
အကြီးအကဲရွှမ်ဆီ ပေးလိုက်ကြသည်။ အကြီးအကဲရွှမ်က ထိုလက်မှတ်ပေါ်တွင် မျှော်စင်က တားမြစ်ထားသည့် အရာများကို အလင်းတန်းသဖွယ် ဖြတ်သွားစေလိုက်သည်။
ထို့နောက် လုရီတို့အား လက်မှတ်ကိုပြန်ပေးကာ ပြုံးလိုက်ပြီး
“ ဝင်လို့ရပြီ။ အသက်တွေဘာတွေကို စိတ်မပူပါနဲ့ ရှုံးခဲ့ရင် အပြင်ကိုပြန်ပို့ခံရမယ်။ ဒါပေမဲ့ ကိုယ့်ခွန်အားကိုယ် ချင့်ချိန်ပြီး
ကျင့်ကြံရေးကို ထိခိုက်စေမဲ့ ထိခိုက်အနာတရမျိုးတွေ မဖြစ်အောင် ရှောင်ပါ ”
“ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲ ”
လုရီ ခေါင်းညိတ်လိုက်သည်။
လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့မှာ စစ်ဆေးရေးမျှော်စင်ဆီ မရေမတွက်နိုင်လောက်အောင် ဝင်ပြီးကြသူများမို့ ထို့စကားများမှာ ပထမဆုံးဝင်မည့် သူ့ကိုဆိုလိုသည်မှန်း လုရီသိ၏။
“ ကဲ၊ သွားတော့ ”
အကြီးအကဲရွှမ်က ခေါင်းညိတ်ကာ မျှော်စင်တံခါးကို ဖွင့်ပေးလိုက်သည်။
လုရီတို့ သုံးယောက်သား အကြည့်ချင်းဖလှယ်ပြီးနောက် စစ်ဆေးရေးမျှော်စင်ရှိရာဆီ ဝင်သွားလိုက်သည်။
ဝင်သွားသည်နှင့် တစ်ပြိုင်နက်
လုရီ၏ မြင်ကွင်းမှာ ပြောင်းလဲသွား၏။ မီတာတစ်ရာလောက် ကျယ်ပြီး ခဲရောင်နှင့် အဖြူရောင် ကျောက်တုံးများ
ခင်းထားသည့် အခန်းကြီး တစ်ခုထဲသို့ လုရီ ရောက်သွားသည်။ တံခါးပေါက်လည်း မရှိ၊ ထွက်ပေါက်လည်း မရှိပေ။
အတူတူ ဝင်သွားကြသည့် လျိုနင်ရွှမ်းနှင့်
သုန်းကုန်းမင်ယွဲ့ကို ရှာမတွေ့တော့။
လုရီ အထူးအဆန်း မှင်သက်သွားရသည်။
“ ဒါက စစ်ဆေးရေး မျှော်စင်ကြီးရဲ့ အတွင်းဘက်ပေါ့ ”
တခြား မတူညီသော နေရာ တစ်ခုသို့ ရောက်သွားသလိုပင်။
ဒီစစ်ဆေးရေးမျှော်စင်ကြီးက တကယ်အားကြီးတာပဲ။
သုကူးဖန်းဆီက ကြားခဲ့သည်မှာတော့ ထိုမျှော်စင်ကြီးမှာ အပျက်အစီးများမှ ရရှိသော အားကြီးသည့် ကျင့်ကြံရေးရတနာများဖြင့် တည်ဆောက်ထားသည်ဟုဆိုသည်။
ကြည့်ရတာ ရတနာမှာ သာမန်ရတနာ မဟုတ်ဘဲ နေရာလွတ်တွေ
ရှိနေသည့် ရတနာ ဖြစ်ရမည်။
စိတ်ဝိဉာဉ် အသုံးအဆောင် အဆင့်ရှိသော ရတနာပေါ့။
မသေမျိုးအသုံးအဆောင် ပစ္စည်းနှင့်
အဆင့်ချင်းတူမလားဟု သိချင်မိသည်။
မသေမျိုးရှေးဟောင်း အသုံးအဆောင်တော့ မဖြစ်နိုင်ပေ။ ဖြစ်ခဲ့လျှင် တိမ်ဖြူဂိုဏ်းက ခုခံနိုင်လောက်မည်မထင်။
လုရီ ခေါင်းကိုခါကာ အတွေးတို့ကိုမောင်းထုတ်လိုက်ပြီး တာဝန်ပေးလို့ရမည့် အလိုက်အတန့်လေးကို စောင့်နေလိုက်သည်။
စစ်ဆေးရေးမျှော်စင်တွင် သူ့ကိုယ်သူ တာဝန်များ အဆက်မပြတ် ပေးလျှင်
ကျင့်ကြံရေးရင်းမြစ် များစွာရနိုင်သည်။ နောက်ဆုံး သူ အချိန်ခဏအထိတော့ ရင်းမြစ်များ ပြတ်လပ်တော့မည်မဟုတ်။
လုရီ စိတ်ထဲမှရေရွတ်လိုက်သည်။
...ငါ စစ်ဆေးရေးမျှော်စင်ရဲ့ ဒုတိယအထပ်ကိုရောက်ချင်တယ်...
---------------