ကျီးကန်းဘုရင်
Vol. 79 Ch. 786
အကျဥ်းသားများဝယ်ယူသည့်လုပ်ငန်းသည် ချောချောမွေ့မွေ့ပင် ပြီးဆုံးသွား၏။ စုချန်းသည် အတော်လေးများပြားသည့် အကျဥ်းသားအရေအတွက်ကို စျေးချိုချိုနှင့် ဝယ်ယူနိုင်လိုက်လေသည်။ ထိုအထဲတွင် အရည်အသွေးမြင့်အကျဥ်းသားတချို့လည်း ပါဝင်နေ၏။
ဤတကြိမ်ဝယ်ယူမှုတွင် အရေအတွက်အရသော်လည်းကောင်း၊ အရည်အသွေးအရသော်လည်းကောင်း မဆိုးလှဟု ဆိုနိုင်ပေသည်။
၎င်းကိုကြည့်ရင်း ကျူးချန်းဟွန်နှင့် စုချန်းတို့နှစ်ဦးလုံး ဝမ်းသာနေကြ၏။
အကြောင်းမှာ ငွေကြေးချွေတာနိုင်လိုက်ရုံသာမကပဲ လူပျံတော်များ ကျိန်းသေပေါက် လှုပ်ရှားလာမည်ဖြစ်ကြောင်း သူတို့ သဘောပေါက်ထားသောကြောင့်ပင်။
လူပျံတော်များ၏ လှုပ်ရှားမှုကို ကြိုတင်တွက်ဆထားနိုင်သဖြင့် စုချန်းတို့အနေနှင့် ကစားပွဲ၏ အရှိန်အဟုန်ကို မိမိစိုက်ကြိုက် ထိန်းချုပ်ထားနိုင်လေသည်။ ၎င်းမှာ မာကျောက်ကစားပွဲတခုတွင် ကစားသမားတဦး၏ အကွက်ကို ၎င်းနောက်တွင်ထောင်ထားသည့် မှန်မှ ပြိုင်ဘက်ကစားသမားက အတိုင်းသား မြင်တွေ့နေရသည်နှင့်ပင် တူနေသေး၏။
"ဒီတကြိမ်မှာတော့ ထိပ်တန်းလူပျံတော်သုံးကောင်အပါအဝင် စုစုပေါင်းအကျဥ်းသား ၆၀ ကျုပ်တို့ရလိုက်တယ် လူပျံတော်တွေအနေနဲ့ သားဖောက်မိခင်ပိုးကောင်အတွက် ဘာမဆိုလုပ်မယ်ဆိုတာ ထင်ရှားနေပြီ ပြီးတော့ ဒီကောင်တွေအများကြီး ကျုပ်တို့လက်ထဲရောက်လာတဲ့အတွက် အကျိုးကျေးဇူးတခုရှိသေးတယ် အဲဒါကတော့ ဒီကောင်တွေကို စစ်ဆေးမေးမြန်းပြီး လူပျံတော်တွေဆီ ကိုယ့်ကိုယ်ကို ရောင်းစားထားတဲ့ လူသားသစ္စာဖောက်တွေကို ကျုပ်တို့ ဖော်ထုတ်နိုင်တာပဲ"
ကျူးချန်းဟွန်က ပြောလိုက်၏။
စုချန်း ပြုံးလိုက်သည်။
"သိပ်ကောင်းတာပေါ့ခင်ဗျာ ဒါပေမဲ့ ကျုပ်တို့ သတိထားမှရမယ် နို့မို့ဆို ဒီသစ္စာဖောက်တွေကို သတိသွားပေးသလို ဖြစ်နေမယ်"
"မှန်တယ် ဒါပေမဲ့ ဘာပဲပြောပြော ဒီသစ္စာဖောက်တွေကို ကျူမျိုးနွယ်တွေ ထိန်းချုပ်လို့ရပြီ"
စုချန်း ခေါင်းညိတ်လိုက်၏။
"ကောင်းပါပြီခင်ဗျာ ဒါဆိုလဲ အကျဥ်းသားတွေရောက်လာရင် ကျုပ်ကို အကြောင်းကြားပေးပါ"
"ရရမှာပေါ့ကွာ အော် ဒါနဲ့ စုချန်း ဒီအကျဥ်းသားတွေဆီမှာ သတင်းအစအနချန်ခဲ့ဖို့လဲ မမေ့နဲ့အုံးနော်"
စုချန်း ပြုံးလိုက်၏။
"စိတ်ချပါခင်ဗျာ"
တကယ်တော့ လူပျံတော်သံတမန်အဖွဲ့ တောင်ပြားမြို့သို့ ရောက်လာခဲ့လျင်ပင် သားဖောက်မိခင်ပိုးကောင် ဘယ်နေရာတွင် ရှိမှန်း အိုရီအိုးလ်မှလွဲ၍ ဘယ်သူမှ အတိအကျ မသိ။ ယခု အိုရီအိုးလ် သေဆုံးသွားပြီဖြစ်၍ ထိုကိစ္စမှာ နိဌိတံသွားပြီ ဖြစ်သည်။ သံတမန်အဖွဲ့အနေနှင့် လကျောက်မိုင်းတွင်းအနီး တောင်ပြားမြို့တနေရာရာတွင် သားဖောက်မိခင်ပိုးကောင် ရှိနေမည်မှန်းတော့ သိထား၏။ သို့သော် ဘယ်နေရာတွင် ရှိနေသည်ကိုတော့ သူတို့အားလုံး အတိအကျ မသိ။
ထို့ကြောင့် လူပျံတော်သံတမန်အဖွဲ့အနေနှင့် သားဖောက်မိခင်ပိုးကောင် ဘယ်နေရာတွင် ရှိနေမှန်း ညွှန်ပြပေးမည့်သူ လိုလာ၏။
လူပျံတော်အကျဥ်းသားများ ရှိနေရခြင်းမှာ ထိုအတွက်ပင်။
သို့သော် မည်သည့်အကျဥ်းသားက သားဖောက်မိခင်ပိုးကောင်၏ တည်နေရာကို ညွှန်ပြမည်နည်း။ ၎င်းမှာ စုချန်းအပေါ် မူတည်နေ၏။
ယခုဆိုလျင် လူပျံတော်အများစုသည် စုချန်း မည်သူမည်ဝါမှန်း သိကုန်ကြလေပြီ။ သို့သော် လူပျံတော်အကျဥ်းသားများကတော့ ထိုအခွင့်အရေးမရှိ။ အကယ်၍ အခွင့်အရေးရှိခဲ့လျင်ပင် ၎င်းတို့အနေနှင့် စုချန်း၏ နှိပ်စက်မှုကြောင့် ကြောင်တောင်တောင်ဖြစ်ကုန်ကြလိမ့်မည်သာ။
ကျူးချန်းဟွန်၏ အစီအစဥ်မှာ စုချန်းရင်ဆိုင်ရမည့် အန္တရာယ်များကို အတတ်နိုင်ဆုံး လျှော့ချရန်ပင် ဖြစ်သည်။ အစီအစဥ်သာ အောင်မြင်သွားပါက စုချန်းအနေနှင့် မိုးပျံမြို့တော်သို့ သွားရောက်ရန်မလိုတော့။
ကျူးချန်းဟွန်၏အစီအစဥ်သည် လူပျံတော်များအပေါ် လက်ဦးမှုရယူနိုင်ခြင်းအပေါ် မူတည်နေ၏။ သို့သော် စုချန်းကတော့ ထိုသို့မဟုတ်။
ကျူးချန်းဟွန်၏ အစီအစဥ်ကြောင့် အန္တရာယ်ဖြစ်နိုင်ချေမှာ များစွာ လျော့ကျသွား၏။ သို့သော် ၎င်းအစီအစဥ်ကြောင့် စုချန်း၏ စွမ်းဆောင်ရည်မှာ သိပ်မထင်ပေါ်တော့ပဲ ဖြစ်သွားတော့သည်။
စုချန်းကတော့ ကျူးချန်းဟွန်၏ အစီအစဥ်ကို သိပ်သဘောမကျလှ။ သူ့စိတ်ထဲတွင် မိုးပျံခံတပ်တည်ဆောက်ရာတွင် ကိုယ်တိုင်ပါဝင်သင့်သည်ဟု ယူဆထားလေသည်။
အကြောင်းမှာ မျိုးစိတ်တစ်စိတ်နှင့် တစိတ် လိုအပ်ချက်များမှာ အလုံးစုံ မတူညီသောကြောင့်ပင်။
ဥပမာအားဖြင့် လူပျံတော်များတွင် အတောင်ပံများ ပိုင်ဆိုင်ထား၏။ ထို့ကြောင့် လူပျံတော်တိုင်းလိုလို ပျံသန်းနိုင်ကြ၏။ ထိုမျှသာမကသေး ၎င်းတို့တွင် မိုးပျံမြို့တော်ငယ်များကိုပါ ပိုင်ဆိုင်ထားသေး၏။ အထက်ပါအကြောင်းပြချက်များကြောင့် လူပျံတော်များအနေနှင့် တိမ်တိုက်ထိုးခွဲလွန်းပျံယာဥ်များ မလိုအပ်ချေ။ သို့သော် မိုးပျံခံတပ်ကို လူသားများအတွက် အသုံးပြုရန် ရည်ရွယ်ပါက အဆိုပါခံတပ်တွင် လွန်းပျံယာဥ်များ ဆိုက်ကပ်ရန် ဆိပ်ကမ်းများ လိုအပ်လာတော့မည် ဖြစ်သည်။ ထပ်ပြောရလျင် လူပျံတော်များသည် အာကင်နာဆက်ခံသူများဖြစ်ကြ၍ မိုးပျံမြို့တော်တွင် တပ်ဆင်ထားသည့့်လက်နက်များအား အာကင်နာနည်းစနစ်များမှတဆင့် အလွယ်တကူ အသုံးပြုနိုင်၏။ သို့သော် ထိုလက်နက်များအား လူသားများအသုံးပြုရန်ဆိုလျင် အထူးတလည်နည်းလမ်းများ လိုအပ်လာတော့မည် ဖြစ်သည်။
အထက်ပါအကြောင်းပြချက်များကြောင့် မိုးပျံခံတပ်တည်ဆောက်ရာတွင် စုချန်းအနေနှင့် တနည်းတဖုံ ပါဝင်လိုနေခြင်းပင်။
လူပျံတော်အကျဥ်းသားများထဲမှ တဦးအား သားဖောက်မိခင်ပိုးကောင်နှင့်ပတ်သက်၍ သတင်းပေးရန် ကျူးချန်းဟွန် သတိပေးလိုက်သော်လည်း စုချန်းကတော့ ကိုယ့်ဆုံးဖြတ်ချက်နှင့်ကိုယ် လုပ်ဆောင်ရန်သာ ဆုံးဖြတ်ထားလေသည်။
ထိုအခါ ကျူးချန်းဟွန်အနေနှင့် အောက်ပါအတိုင်း ပြောရုံသာ တတ်နိုင်တော့၏။
"ကျုပ်မိတ်ဆွေက ကျုပ် တောင်းဆိုချက်ကို လက်ခံလိုက်ပြီ ခုဆိုရင် သူ လမ်းတဝက်ရောက်နေပြီ ဒီတောင်းဆိုချက်ကို လက်ခံလို့ အပေးးအယူအနေနဲ့ ပြန်ပေးမယ်လို့ ကျုပ် သူ့ကို ဘာကတိမှ ပေးမထားဘူး ဒါပေမဲ့ စုချန်း လူတွေရဲ့အကြောင်းက်ို မင်း နားလည်ထားရမှာတော့ ရှိတယ် လူသားတွေဟာ စွမ်းရည်ကြီးမားလေလေ သူတို့ ဘယ်လိုတော်ကြောင်း ဘယ်လိုထူးချွန်ကြောင်း ပြချင်စိတ်များလေလေပဲ ကျုပ်မိတ်ဆွေဟာ မင်းရဲ့ ပုံပြောင်းတဲ့စွမ်းရည်ကို လူပျံတော်ထိပ်သီးတွေအောင် မဖော်ထုတ်နိုင်အောင် ကူညီပေးနိုင်မှာ သေချာတယ် ဒါပေမဲ့ လောကကြီးမှာ မဖော်ထုတ်လို့ရတဲ့ လျှို့ဝှက်ချက်ဆိုတာမရှိဘူး မင်းပုံပြောင်းရုပ်ဖျက်ထားတာကို လူပျံတော်တွေ မသိဘူးလို့ ထင်လေလေ မင်း ပိုပြီးအရဲကိုးလေလေ ဖြစ်မှာကိုတော့ ကျုပ် စိတ်ပူတယ် ဒီလိုသာဆိုရင် မင်းကိုယ်မင်း အန္တရာယ်တောထဲ ဆွဲသွင်းသလို ဖြစ်နေတော့မှာပဲ"
အဖိုးကြီး၏ အတွေးအခေါ်သည် စုချန်းထက် များစွာရင့်ကျက်သည်မှာ မေးခွန်းထုတ်နေစရာမလို။
စုချန်းကလည်း ၎င်းကို ကောင်းစွာ သဘောပေါက်၏။
"စိတ်ချပါခင်ဗျာ ကျုပ် အတတ်နိုင်ဆုံး ဂရုစိုက်မှာပါ"
ကျူးချန်းဟွန် သက်ပြင်းချလိုက်၏။
"ကျုပ်လဲ ဒီလိုပဲ မျှော်လင့့်ပါတယ်ကွာ"
နောက်ထပ်ခုနှစ်ရက်အကြာတွင် လူပျံတော်များဖက်မှ သံတမန်အဖွဲ့ တောင်ပြားမြို့သို့ရောက်လာ၏။ ရောက်ရှိပြီး ပထမနေ့မှာပင် ၎င်းတို့ထံမှ ကျူးမျိုးနွယ်စုအား ဂါရဝပြုလာ၏။ ကျူးမျိုးနွယ်စုဘက်မှ လူပျံတော်များအား လက်ခံတွေ့ဆုံသူမှာ စုချန်း မဟုတ်သလို ကျူးချန်းဟွန်လည်း မဟုတ်။ ကျူးယုယန်ကပင် တွေ့ဆုံပွဲအား ဦးဆောင်သွားလေသည်။
ဧည့်သည်များ ပြန်သွားသည်နှင့် ကျူးယုယန်က ကျူးချန်းဟွန်အား လာရောက်တွေ့ဆုံ၏။ အခန်းထဲတွင်ကား စုချန်းနှင့် ကျူးချန်းဟွန်မှာ စကားလက်ဆုံကျနေကြလေသည်။
၎င်းကိုမြင်သော ကျူးယုယန် ရယ်မောရင်း ပြောလိုက်သည်။
"နှစ်ယောက်သား အတော်ပဲ စိတ်အေးလက်အေးရှိနေကြပါလား ကျွန်မမှာတော့ အလုပ်တွေကိုရှုပ်လို့"
"အခြေအနေ ဘယ်လိုရှိသလဲ"
ကျူးချန်းဟွန်က မေးခွန်းထုတ်လိုက်၏။
"ထင်ထားတဲ့အတိုင်းပါပဲ သူတို့ မီးလျံအိုရီအိုးလ်ရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး တောင်းပန်တယ် ပြီးတော့ လူပျံတော်အကျဥ်းသားတချို့ကို ညှာတာပေးဖို့ တောင်းဆိုတယ်..ဒါပေမဲ့ တကယ်တမ်းမှာတော့ သူတို့ သားဖောက်မိခင်ပိုးကောင်ကို လာရှာတာ အသိသာကြီး"
လူပျံတော်များ၏ အကြံကား မစမီကပင် ဘူးပေါ်သလို ပေါ်နေခဲ့လေပြီ။
သိပ်မကြာမီ စုချန်း မျှော်လင့်နေသောအချိန် ဆိုက်ရောက်လာတော့၏။
ထို့နေ့တွင် သူ့ထံသို့ လာရောက်တွေ့ဆုံရန် စုချန်းကို ကျူးချန်းဟွန်က ကျူးရှန်းယောင်နှင့် အမှာစကားပါးလိုက်လေသည်။ အခန်းထဲသို့ရောက်သည်နှင့် ကတုံးအဖိုးကြီးတဦး အခန့်သား ထိုင်နေကြောင်း စုချန်း တွေ့လိုက်ရ၏။ အဖိုးကြီးသည် အရပ်ပု၏။ မုတ်ဆိတ်မွှေးမှာကား ရှည်လျားလှပေသည်။ ထူးခြားသည်မှာ ၎င်း၏ ဘယ်ဖက်လက်သည် ပုံမှန်မဟုတ်ပဲ အလွန် သေးသွယ်နေခြင်းပင်။
၎င်း၏ လက်ကိုကြည့်ရင်း စုချန်း အံ့သြသွား၏။
အလင်းတုန်ခါခြင်းနယ်ပယ်သို့ရောက်ပြီးသူတယောက်အဖို့ အဆိုပါ ကိုယ်လက်အင်္ဂါမူမမှန်ှန်မှုမျိုးမှာ အလိုအလျောက် ပျောက်ကင်းပြီး ဖြစ်သင့်သည် မဟုတ်ပါလား။ ထိုသို့မဟုတ်ပါက အဆိုပါ ကိုယ်လက်အင်္ဂါ်မူမမှန်မှု၏ နောက်ကွယ်တွင် အင်အားတရပ် တည်ရှိနေသည် ဟူသောသဘောပင်။
စုချန်းကိုမြင်သည်နှင့် ကျူးချန်းဟွန်က ပြောလိုက်၏။
"ဒါ ကျုပ် ဖိတ်ခေါ်ထားတဲ့ ဆရာကြီးဖန်ပဲ မင်း ခုထိ နှုတ်မဆက်သေးဘူးလား"
စုချန်းကလည်း ချက်ချင်းပင် ဦးညွတ်အရိုုအသေပြုလိုက်၏။
"စုချန်း ဆရာကြီးဖန်ကို နှုတ်ခွမ်းဆက်သပါတယ်ခင်ဗျာ"
တဆက်တည်းမှာပင် သူက မေးလိုက်ပြန်၏။
"ဆရာကြီးရဲ့မျိုးနွယ်စုနာမည်က ဖန် ဆိုတော့ ချောက်နက်မြို့တော်နဲ့များ တခုခု အဆက်အစပ်ရှိနေသလားခင်ဗျာ"
ဆရာကြီးဖန်က အေးဆေးတည်ငြိမ်စွာ ပြန်ဖြေလိုက်၏။
"ကျုပ်နာမည် ဖန်အန်းယာ လို့ခေါ်တယ် ဖန်ကျုးရင်က သာ ကျုပ်ကို သူ့ရဲ့ ဒုတိယဦးရီးတော်လို့ သတ်မှတ်ရင် သူက ကျုပ်ရဲ့ တူတော်မှာပေါ့လေ"
ထိုစကားကို ကြားသည်နှင့် စုချန်း နားလည်သွားတော့၏။
ဖန်ကျူးရင်သည် ကြီးမြတ်သောလေလှိုင်းနိုင်ငံ၏ ဧကရာဇ် ဖြစ်လေသည်။
တခါဆီက အဆိုပါနိုင်ငံတွင် နန်းလုပွဲဖြစ်ပွားခဲ့သည်ဟု စုချန်း ကြားဖူးထား၏။ နိုင်ငံ၏ ဒုတိယအကြီးအကဲသည် သရဖူအား သိမ်းပိုက်ရန်ကြိုးစားခဲ့သော်လည်း ရှုံးနိမ့်သွားခဲ့လေသည်။ သို့သော် ၎င်းသည် ကွပ်မျက်မခံရပဲ ထွက်ပြေးလွတ်မြောက်သွားခဲ့သည် ဟူ၏။ ထိုသူမှာ စုချန်း ရှေ့တွင်ရှိနေသည့့် ဖန်အန်းယာပင် ဖြစ်ပေလိမ့်မည်။
ထိုအခါ စုချန်းက ချက်ချင်းပင် ပြောလိုက်၏။
"ကျီးကန်းဘုရင်ကို နှုတ်ခွမ်းဆက်သပါတယ်ခင်ဗျာ"
သို့သော် ဖန်အန်းယာ၏ တုံ့ပြန်မှုက အံ့သြစရာကောင်းနေ၏။
"ကျုပ်ကို ကျီးကန်းဘုရင်လို့ ခေါ်ဖို့မလိုတော့ပါဘူးလေ တချိန်တုန်းက ကျုပ်ဟာ ကျီးကန်းဘုရင်ပုံပြောင်းနိုင်တဲ့အထိ ကျင့်ကြံနိုင်ခဲ့တယ် ဒါပေမဲ့ မထင်မှတ်ပဲ ဖန်ကျုံးရင်က ကျုပ်ရဲ့ ကျီးကန်းဘုရင်ကို ဖျက်ဆီးပစ်လိုက်တယ် ကျုပ်ကိုလဲ နိုင်ငံက နှင်ထုတ်ခဲ့တယ် ဒါကြောင့် ကျုပ်ကို ကျီးကန်းဘုရင်လို့ ခေါ်ဖို့မထိုက်တော့ပါဘူးလေ"
စုချန်း အံ့သြသွား၏။
ဖန်အန်းယာက စကားဆက်လိုက်ပြန်သည်။
"ဟုတ်တယ် ဖန်ကျုံးရင်က ကျုပ်ခန္ဓာကိုယ်မှာ သွေးဗီဇတံဆိပ် ခပ်နှိပ်လိုက်တဲ့အတွက် ခုဆိုရင် ကျုပ် ဘယ်တော့မှ ကျီးကန်းဘုရင်ပုံ မပြောင်းနိုင်တော့ဘူး ဒါကြောင့်မို့လို့ ကျုပ် ဒီကိုလာခဲ့တာပဲ ဒီတော့ စုချန်း မင်းဟာ မဟာပညာရှိပဲ မင်းဟာ သွေးဗီဇမဲ့နည်းစနစ်တွေကို ဖန်တီးခဲ့တယ် ဆေးပညာနဲ့ကျိန်စာတွေမှာ တဖက်ကမ်းခတ်တယ် ဒါကြောင့်ကျုပ်ကိုယ်မှာရှိနေတဲ့ စည်းတံဆိပ်ကို ချေဖျက်ပေးနိုင်ရင် မင်းကိုကျုပ် အစွမ်းကုန်ပြန်ကူညီပေးမယ်"
ထိုစကားကြောင့် စုချန်း အတော်လေး အံ့သြသွား၏။
စုချန်းသာမက ကျူးချန်းဟွန်လည်း အံ့သြသွားဟန်ပေါ်လေသည်။
လက်စသတ်တော့ ဒီကောင် ငါ့ဆီက ဘာတန်ရာတန်ကြေးမှ မတောင်းဆိုတာ ဒင်းးမှာ စုချန်းဆီက လိုချင်တာ ရှိနေလို့ကိုး....
***