← Chapters

ကျီးကန်းဘုရင်၏တောင်ပံ

Vol. 79 Ch. 787

ကျီးကန်းဘုရင်၏တောင်ပံ

Vol. 79 Ch. 787

ဖန်အန်းယာသည် စမ်းသပ်ကုတင်ပေါ်တွင် လဲလျောင်းနေ၏။ စုချန်းက ၎င်း၏ ကိုယ်ခန္ဓာအား ဂရုတစိုက်ပင် လေ့လာနေလေသည်။

ပရမတ်အမြင်အာရုံကြောင့် ဖန်အန်းယာ ကိုယ်ခန္ဓာ၏ လျှို့ဝှက်ချက်များသည် လယ်ပြင်တွင် ဆင်သွားသကဲ့သို့ စင်းစင်းကြီး ပေါ်နေတော့သည်။ အစမ်းသပ်ခံမှ ပူးပေါင်းဆောင်ရွက်သဖြင့် စိတ်ကူးကိုယ်ထင်ပြခြင်းနယ်ပယ်ပညာရှင်တဦး၏ ကိုယ်တွင်းဖြစ်စဥ်များကို စုချန်းအနေနှင့် အလွယ်တကူ လေ့လာခွင့်ရလိုက်လေပြီ။

စုချန်းသည် ယခုအချိန်ထိ အလင်းတုန်ခါခြင်းနယ်ပယ်တွင်သာ ရှိနေသေး၏။ ဤအတောအတွင်း ဝယ် သူသည် အလွန်အလုပ်ရှုပ်နေသဖြင့် ကျင့်ကြံရန် အချိန်မရ။ ထို့ကြောင့် သူ၏ ကြာပန်းအုတ်မြစ်မှာ ကြာပန်းသုံးပွင့်အုတ်မြစ်သာ ရှိသေးလေသည်။ အကယ်၍ သူသာ ပရမတ်အမြင်အာရုံ၏ အကူအညီနှင့် မူလစွမ်းအင်များကို စုပ်ယူလေ့ကျင့်ပါက သူ့အနေနှင့် ဤထက်မြန်မြန် အဆင့်တက်နိုင်ဖွယ်ရာ ရှိနေ၏။ သို့သော် စိတ်ကူးကိုယ်ထင်ပြခြင်းနယ်ပယ်သို့ရောက်ရန်တော့ များစွာ အလှမ်းဝေးနေသေးချေသည်တကား။

ယခုတော့ စိတ်ကူးကိုယ်ထင်ပြခြင်းနယ်ပယ်ပညာရှင်တဦးက သူ့ရှေ့တွင် စိတ်လိုလက်ရ အသုံးတော်ခံလျက် ရှိပေပြီ။ ရတောင့်ရခဲ အခွင့်အရေးပေတည်း။

ထိုအခိုက်ဝယ် စုချန်း၏ ဦးနှောက်ထဲသို့ စိတ်ကူးတချက် လှစ်ခနဲ ဝင်ရောက်လာ၏။ လက်ရှိတွင် သူ့ဂုဏ်သတင်းမှာ များစွာ ထင်ပေါ်ကျော်ကြားလျက် ရှိပေပြီ။ ထို့ကြောင့် ၎င်းတို့၏ ဒုက္ခများကို အဖြေထုတ်ရန် စုချန်းအား လိုက်ရှာမည့်သူ နောင်တွင် ပို၍များလာဖွယ်ရှိနေပေသည်။ ထိုအခြေအနေသို့ရောက်သွားလျင် စုချန်းအနေနှင့် အကျဥ်းသားများကို အစမ်းသပ်ခံအဖြစ် အသုံးပြုရန် မလိုတော့။ မရေမတွက်နိုင်သောလူများက စုချန်းရှေ့တွင် မိမိသဘောအလျောက် လာရောက်အစမ်းသပ်ခံကြပေလိမ့်မည်။

ထိုအတွက် ဖန်အန်းယာမှာ အကောင်းဆုံးသက်သေပင် ဖြစ်သည်။

သူ့ကို တိတ်ဆိတ်ငြိမ်သက်စွာ စိုက်ကြည့်နေသော စုချန်းကိုကြည့်ပြီး ဖန်အန်းယာ စိတ်ရှုပ်သွား၏။

"အခြေအနေ ဘယ်လိုရှိသလဲ"

စုချန်းသည် ဆေးဝါးအမျိုးမျိုးကို ဖော်စပ်နိုင်၏။ သွေးဗီဇမဲ့ကျင့်ကြံခြင်းနည်းစနစ်များကိုပင် ဖန်တီးနိုင်သူ ဖြစ်သည်။ စုချန်းကသာ လက်လျော့လိုက်လျင် ဖန်အန်းယာအဖို့ မျှော်လင့်ချက်မဲ့သွားပြီတည်း။

စုချန်း ခေါင်းခါလိုက်သည်ကိုကြည့်ရင်း ဖန်အန်းယာ တကိုယ်လုံး အေးခဲသွားတော့၏။

ဒီတော့ မဟာပညာရှိတောင် မဖြေရှင်းနိုင်ဘူးပေါ့...

စုချန်းက ဆက်ပြောလိုက်သည်။

"သိပ်ကိုဆန်းကြယ်တာပဲ စည်းတံဆိပ်က တချက်တည်းဆိုပေမဲ့ အချက်ပေါင်းတထောင်လောက် ခပ်နှိတ်ထားတာထက်တောင် သာနေသေးတယ် ပြောမပြတတ်အောင် ဆန်းကြယ်တဲ့အမှန်တရားတွေ ဒီအထဲမှာ ရှိနေတယ်ဗျ ဒါကိုကြည့်ပြီး ကျုပ်ဖြင့် အမြင်တောင်ကျယ်သွားတယ်"

ဖန်အန်းယာ ပက်လက်လန်သွားလေသည်။

"ဒါကြောင့်မို့ မင်း ခေါင်းခါတာပေါ့"

"မှန်တယ် သိပ်လှတာပဲဗျာ"

ဖန်အန်းယာ ပါးစပ်မှ သွေးများပွက်ခနဲ အန်ထုတ်လိုက်လေသည်။

"ဒီတော့ မင်း ဒါကို ကုနိုင်သလား ဒါမှမဟုတ် မကုုနိုင်ဘူးလား"

စုချန်း ပြုံးလိုက်သည်။

"ကုနိုင်မှာပါ အချိန်တော့နည်းနည်းယူရမှာပေါ့ဗျာ"

ဖန်အန်းယာ ဝမ်းသာသွားလေသည်။

"ဒီနေ့ကိုရောက်ဖို့ ကျုပ် ၆နှစ်တောင်စောင့်ခဲ့ရတယ် နည်းနည်းထပ်စောင့်ရတော့ ဘာဖြစ်သလဲ"

စုချန်း၏ မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာ ပေါ်လာ၏။

"၆နှစ် ဟုတ်လား ကျုပ်က သုံးရက်လောက်ပဲ စောင့်ပေးဖို့ ပြောတာပါလေ"

ဖန်အန်းယာ ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။

သူနှစ်တချို့ကြာအောင် လိုက်ရှာနေသည့် အဖြေကို စုချန်းက သုံးရက်တည်းနှင့် ဖြေရှင်းနိုင်သည်ဆိုပါကလား...

စုချန်းက ခံစားချက်မရှိသည့် လေသံနှင့် ထပ်ပြောလိုက်ပြန်၏။

ဖန်ကျုံးရင်၏ စည်းတံဆိပ်သည် အတော်လေး ထူးခြားသည်မှာ အမှန်ပင်။ သို့သော် စုချန်း၏ ပရမတ်အမြင်တွင်တော့ ၎င်းမှာ ထင်သလောက် ရှုပ်ထွေးခြင်းမရှိ။ စုချန်း၏ အကြီးမားဆုံးအားသာချက်မှာ ၎င်းစည်းတံဆိပ်၏ တည်ဆောက်ပုံကို ရှင်းလင်းစွာ မြင်နေရခြင်းပင်။ သာမာန်လူများသာ ဤပြသနာကို အဖြေရှာပါက မျက်မမြင်များ ဝင်္ကပါအတွင်း ဝင်လာသည်နှင့် အလားတူနေပေလိမ့်မည်။

စုချန်းကတော့ ထိုသို့်မဟုတ်။ သူသည် ဝင်္ကပါတခုလုံးကို အပေါ်စီးမှ မြင်နိုင်စွမ်းရှိနေ၏။ ရှုပ်ထွေးလှသော လှည့်ကွက်များသည်ပင် သူ့ကို လှည့်စားရန် မစွမ်းွမ်းသာချေ။ ထို့ပြင် မြန်ဆန်လှသော တွက်ချက်နိုင်စွမ်းနှင့် ပေါင်းစပ်လိုက်သောအခါ ဤပြသနာသည် စုချန်းအတွက် ဘာမှမဟုတ်တော့။

တကယ်တော့ ဤပြသနာမျိုးအတွက် စုချန်း တကယ်တန်းယူရမည့်အချိန်မှာ နာရီပိုင်းမျှသာ။ သူ သုံးရက်ဟု ပြောလိုက်ရခြင်းမှာကား အဖိုးကြီး၏ ကိုယ်ခန္ဓာကို သူ စိတ်အေးလက်အေး လေ့လာလိုသေး၍သာ ဖြစ်သည်။

အားရအောင်လေ့လာပြီး သုံးရက်မြောက်နေ့တွင် စုချန်းက ဖန်အန်းယာ၏ စည်းတံဆိပ်ကို ချေဖျက်ပေးလိုက်၏။ ဖန်အန်းယာကား ဝမ်းသာလွန်း၍ ခေါင်းမော့ကာ အားရပါးရ အော်ဟစ်ရယ်မောလိုက်လေသည်။ သူ့ကိုယ်ခန္ဓာဆီမှလည်း ပြင်းထန်အားကောင်းသော အရှိန်အဝါတရပ် ထွက်ပေါ်လာ၏။

စုချန်း ကြည့်နေရင်းနှင့်ပင် ကြီးမားလှသော အနက်ရောင်ကျီးကန်းကြီးတကောင်သည် ကောင်းကင်ဆီသို့ တရှိန်ထိုး ပျံတက်သွားတော့သည်။ ထို့နောက် ကျီးကန်းပုံရိပ်သည် ပီဘိကျီးကန်းကြီးတကောင်အဖြစ် ပြောင်းလဲသွား၏။ ထိုအချိန်တွင် ဖန်အန်းယာ၏ ကိုယ်ခန္ဓာမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

ထို့နောက် ကြီးမားသော အနက်ရောင်ကျီးကန်းကြီးက လေထဲတွင် အတောင်ဖြန့်ပျံသန်းရင်း အောက်ပါအတိုင်း ကြွေးကျော်လိုက်၏။

"ကျုပ် ဖန်အန်းယာ ပြန်လာပြီကွ ဟား ဟား ဟား"

ကျီးကန်းဘုရင်၏ အော်သံမှာ ကျယ်လောင်လှလေရာ တမြို့လုံး အတိုင်းသား ကြားလိုက်ရလေသည်။

ထိုစဥ် ဟိန်းဟောက်သံတသံံ ထွက်ပေါ်လာ၏။

"တိတ်စမ်း လူမိုက် မင်းလုပ်တာ တမြို့လုံး ကြောက်နေပြီ မြန်မြန်ပြန်ဆင်းခဲ့စမ်း"

သူ အမှားကျူးလွန်မိမှန်း ဖန်အန်းယာ ချက်ချင်းသိလိုက်၏။ ထို့နောက် သူ ပုံစံပြောင်းပြီး ချက်ချင်းပင် စုချန်းအခန်းသို့ ပြန်ရောက်လာလေသည်။ ထို့နောက် သူက စုချန်းအား အရိုုအသေပြုရင်း ပြောလိုက်၏။

"သိပ်ကိုကျေးဇူးတင်ပါတယ် မင်းသားလေးစု"

ထိုအချိန်တွင် ကျူးချန်းဟွန်ကား ဒေါသူပုန်ထနေပြီ ဖြစ်သည်။

"တော်တော်မိုက်မဲတဲ့ အဖိုးကြီးပဲ ကျုပ်တို့မှာ လျှို့ဝှက်တာဝန်တရပ်ရှိကြောင်း အတန်တန် ပြောထားတယ် ခုတော့ မင်းကြောင့် အကုန်လုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ပြီ ကျုပ်တို့ ဘယ်လိုရှေ့ဆက်စခန်းသွားတော့မလဲ"

စိတ်ကူးကိုယ်ထင်ပြခြင်းနယ်ပယ်ပညာရှင်တဦး တောင်ပြားမြို့သို့ရောက်ရှိနေကြောင်း လူပျံတော်များ သတိပြုမိသွားပြီ ဖြစ်သည်။ ဤအခြေအနေကို ၎င်းတို့ သေချာပေါက် သံသယဖြစ်လိမ့်မည်သာ။

စုချန်းကိုယ်တိုင်ပင် အတော်လေး စိတ်ပူသွား၏။

"ဆရာကြီးဖန်ရဲ့ နည်းလမ်းတွေကို အတော်များများ ကြားဖူးနားဝ ရှိကြသလား"

"အင်း ကမ္ဘာဦးမတိုင်မီသားရဲကြီးလေစွန်ရဲ့ သွေးဗီဇမှာ ပုံစံအသေမရှိဘူး ကြိုက်နှစ်သက်ရာပုံကို ပြောင်းလဲနိုင်တယ် ဒီတော့ ကျုပ်ရဲ့ ပုံပြောင်းနိုင်တဲ့စွမ်းရည်ကို လူတွေမသိဘူးဆိုတာကလဲ သိပ်တော့ဖြစ်နိုင်ချေမရှိ......"

ဖန်အန်းရယ်၏ စကားပင် မဆုံးလိုက်။ စုချန်းနှင့် ကျူးချန်းဟွန်တို့၏ မျက်နှာမှာ မဲခနဲ ဖြစ်သွားလေသည်။

သေစမ်း...ဤအတိုင်းဆိုလျင် စုချန်းတို့၏ ကနဦးအကြံအစည်မှာ သုံးစား၍ရနိုင်ချေ မရှိတော့။

ဖန်အန်းရယ်ကိုယ်တိုင်လည်း ကြက်သေသေသွား၏။ ဤအခြေအနေမှာ ဤမျှ လေးနက်နေလိမ့်မည်ဟု သူ မထင်ထားချေ။

အတန်ကြာစဥ်းစားပြီး သူက မေးလိုက်၏။

"နေစမ်းပါအုံး မင်းတို့က ဘယ်သူ့ကို လှည့်စားဖို့ ကြံစည်နေတာတုန်း"

ကျူးချူးဟွန်က ပြန်ပြောလိုက်သည်။

"မေးနေလဲ မထူးတော့ပါဘူးကွာ"

"မဟုတ်သေးဘူးကွ မင်းတို့ရဲ့ ပစ်မှတ် ဘယ်သူလဲဆိုတာ သိရရင် ကျုပ်အနေနဲ့ အဖြေရှာပေးကောင်း ရှာပေးနိုင်လိမ့်မယ်"

နောက်ဆုံးတွင် စုချန်းက ထုတ်ပြောလိုက်၏။

"လူပျံတော်တွေ"

"လူပျံတော် မင်းတို့ လူပျံတော်ပုံဖမ်းချင်တာပေါ့ ဟုတ်လား"

"ဟုတ်တယ် ကျုပ်အနေနဲ့ လူပျံတော်နယ်မြေထဲသွားပြီး အလုပ်တခု လုပ်စရာရှိနေတယ်"

ဖန်အန်းယာ မယုံနိုင်ဟန်ဖြင့် စုချန်းအား စိုက်ကြည့်နေ၏။

"ဒါနဲ့ လူပျံတော်တွေ ဒီမြို့ကို ရောက်နေတယ်မလား"

"ဟုတ်တယ် ပြီးတော့ ခင်ဗျား ဒီရောက်နေကြောင်းလဲ သူတို့ သိကုန်ပြီ"

ဖန်အန်းယာ သက်ပြင်းတချက်ကို ရှည်လျားစွာ ချလိုက်၏။

ထို့နောက် သူက အံတင်းတင်းကြိတ်ရင်း ပြောလိုက်လေသည်။

"ကျုပ် ကံဆိုးတာပဲ ထားတော့ ကျုပ်ကိုယ်တိုင်ကလဲ ကိုယ့်ကိုယ်ကိုမှ မထိန်းနိုင်တာပဲကိုး ကဲ ယူတော့ဟေ့"

စကားဆုံးသည်နှင့် သူ့နောက်ကျောတွင် ကျီးကန်းတကောင်၏ ပုံရိပ် ပေါ်ပေါက်လာပြန်သည်။ သို့သော် ဤတကြိမ်ပုံရိပ်မှာ လူတဦး၏ အရွယ်အစားခန့်သာ ရှိ၏။

ထို့နောက် ကျီးကန်းသည် တကယ့်ကျီးကန်းတကောင်အဖြစ် ပြောင်းလဲသွားပြန်၏။ ဤတကြိမ်တွင်လည်း ဖန်အန်းယာသည် ပျောက်ကွယ်သွားခြင်းမရှိ။ ထို့နောက် သူသည် လက်နှစ်ဖက်က်ို နောက်သို့ပစ်ပြီး ကျီးကန်း၏ တောင်ပံနှစ်ဖက်က်ို ဆွဲနှုတ်လိုက်၏။ ပြင်းထန်သော နာကျင်မှုကြောင့် ဖန်အန်းယာ မြေကြီးပေါ်သို့ ဖင်ထိုင်ကျသွားတော့သည်။ ကျီးကန်းသည် သူ၏ သွေးဗီဇမှဖြစ်တည်လာခြင်း ဖြစ်သည်။ ထို့ကြောင့် ကျီးကန်းဒဏ်ရာရသောအခါ သူလည်း ဒဏ်ရာရ၏။ ထို့ပြင် အဆိုပါ နာကျင်မှုသည် သူ့ကိုယ်ခန္ဓာကိုသာမက၊ စိတ်ဝိညာဥ်နှင့် မူလစွမ်းအင်ကိုပါ ထိခိုက်စေလေသည်။

"ကျီးကန်းဘုရင်ကြီး ခင်ဗျား ဘာတွေလုပ်နေတာတုန်း"

စုချန်း အံ့သြတကြီးနှင့် ထအော်လိုက်၏။

ဖန်အန်းယာ တုန်တုန်ယင်ယင်နဲ့ အတောင်ပံများကို စုချန်းဆီကမ်းပေးရင် ထအော်လိုက်သည်။

"ဒါကိုယူလိုက် ဒါနဲ့ဆိုရင် မင်း လူပျံတော်အဖြစ် ကောင်းကောင်းကြီး သရုပ်ဆောင်နိုင်ပြီ"

ကျူးချူးဟွန် အံ့သြသွား၏။

"အဖိုးကြီးဖန် ခင်ဗျား ဘာကိုဆိုလိုတာလဲ ဒါ ဘာနည်းစနစ်တုန်း"

"ဒါ ဘာနည်းစနစ်မှမဟုတ်ဘူးကွ"

ဖန်အန်းယာ ဝမ်းခေါင်းသံကြီးနှင့် ပြန်အော်လိုက်လေသည်။

"ကျီးကန်းတောင်ပံဟာ ကျုပ်ရဲ့သွေးဗီဇအဆီအနှစ်ကနေ ဖြစ်တည်လာတာ တရက်မှာ ကျုပ်ဟာ ပုံရိပ်ယောင်ကနေ တကယ့်ရုပ်ပိုင်းဆိုင်ရာပုံစံ ပြောင်းလဲတဲ့အထိ လေ့ကျင့်နိုင်ခဲ့တယ် ဒါကြောင့် ဒီတောင်ပံတွေဟာ အစစ်တွေပဲ လူပျံတော်တွေနဲ့ကျုပ်တို့အကြား အကြီးမားဆုံး ကွဲပြားခြားနားချက်ဟာ တောင်ပံတွေပဲ အတောင်ပံတွေရှိရင် ဒီကောင်တွေ ကျုပ်တို့ကို အတုလို့ ဘယ်လိုမှမပြောနိုင်ဘူး"

"ဆရာကြီးဖန်"

သို့တိုင်အောင် စုချန်း တွန့်ဆုတ်ဆုတ်ဖြစ်နေ၏။

"မြန်မြန်ယူစမ်းပါဟ ဘာကြောင့် ဒီလောက်စိတ်နုနေတာလဲ ဒီတောင်ပံတွေက ကျုပ်ရဲ့သွေးဗီဇကနေ ဖြစ်တည်လာတာ အချိန်တန်ရင် အသစ်ပြန်ပေါက်လာလိမ့်မယ် ဘာမှခံစားနေစရာမလိုဘူး"

ဖန်အန်းယာ ထိုသို့ပြောလိုက်သည့်တိုင် အတောင်များကို စွန့်လွှတ်ရသည်မှာ လွယ်သည့်ကိစ္စမဟုတ်မှန်း စုချန်း နားလည်လိုက်၏။

ဖန်အန်းယာက ပြောလိုက်ပြန်သည်။

"ကျုပ် တခုတော့ သတိပေးလိုက်အုံးမယ် ကျုပ်အနေနဲ့ အတောင်ပံအစစ်တွေကိုပဲ ပေးနိုင်မယ် ပုံပန်းသွင်ပြင်ကိုတော့ မပြောင်းလဲပေးနိုင်ဘူး ဒါကြောင့် မင်း သူတို့ မမြင်အောင်နေ ဒါဆိုရင် သူတို့မင်းကို တခြားအသိုက်က လူပျံတော်တွေလို့ပဲ ထင်လိမ့်မယ်"

"ရပါတယ်ဗျာ လိုအပ်တာထက်တောင် ပိုနေပါပြီ"

စုချန်းက အထက်ပါအတိုင်း ပြန်ပြောလိုက်၏။

ပြင်ဆင်စရာရှိသည်တို့ကိုတော့ ပြင်ဆင်ပြီးလေပြီ။ နောက်တဆင့်မှာ လူပျံတော်အုပ်စုအတွင်း ထိုးဖောက်ဝင်ရောက်ရန်ပေတည်း။

***

All Chapters