အောင်မြင်သွားသည့် နည်းစနစ်
Vol. 79 Ch. 788
တောင်ပံများသည် သက်ရောက်မှုရှိစေရန် ချက်ချင်း ချိတ်ဆက်ရန် လိုအပ်၏။
ထိုအခါ စုချန်းအနေနှင့် အချိန်ဖြုန်းမနေတော့။ သူက ချက်ချင်းက အင်္ကျီကို ချွတ်လိုက်ပြီး ကျောပြင်ပေါ်တွင် အပေါက်နှစ်ပေါက် ဖောက်လိုက်လေသည်။ မိမိကိုယ်ခန္ဓာကို ခွဲစိတ်ဖြတ်တောက်ခြင်းဟူသည် လွယ်ကူသောအရာမဟုတ်။ သို့သော် ချီစွမ်းအားပညာရှင်များအတွက်မူ ၎င်းမှာ ငှက်ပျောသီး အခွံနွှာစားရသည်ထက်ပင် လွယ်နေပေသေးသည်။
ကျီးကန်းဘုရင်၏ တောင်ပံများနှင့် ချိတ်ဆက်မိသည်နှင့် သူ တခါမှမကြုံဖူးသည် သွေးဗီဇစွမ်းအင်တခု ထိုးဖောက်ဝင်ရောက်လာသည့်နှယ် စုချန်း ခံစားလိုက်ရ၏။
၎င်းမှာ ကမ္ဘာဦးမတိုင်မီသားရဲကြီးဖြစ်သည့် လေစွန်၏ အားကောင်းလှသော သွေးဗီဇစွမ်းအင်ပေတည်း။
စုချန်းသည် သူ့ကိုယ်တွင်းရှိ မူလစွမ်းအင်များအား လှည့်ပတ်ပြီး သွေးဗီဇစွမ်းအင်အား စုပ်ယူသန့်စင်ရန် ကြိုးပမ်းလိုက်လေသည်။
ကမ္ဘာဦးမတိုင်မီသားရဲကြီး၏ သွေးဗီဇသည် အင်အားကြီးမားလှသည်မှန်သော်လည်း လူတိုင်းအနေနှင့် အောင်မြင်စွာပေါင်းစပ်ရန်တော့ ခဲယဥ်း၏။ စုချန်းကိုယ်တိုင်ပင် သာမာန်အခြေအနေတွင် အတော်ပင် အခက်တွေ့ဖွယ်ရာရှိလေသည်။ သို့သော် လက်ရှိတွင်တော့ သွေးဗီဇမူလပိုင်ရှင်ဖြစ်သူ ဖန်အန်းယာက သူ့အား အကူအညီပေးလျက် ရှိ၏။
တကိုယ်လုံး တုန်ခါနေသောစုချန်းကိုကြည့်ရင်း လေစွန်၏ သွေးဗီဇကို စုပ်ယူသန့်စင်ရန် စုချန်း ကြိုးပမ်းနေမှန်း ဖန်အန်းယာ ချက်ချင်းသိလိုက်၏။ သွေးဗီဇမပါသည့် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တဦးအနေနှင့် စိတ်ကူးကိုယ်ထင်ပြခြင်းနယ်ပယ်ပညာရှင်တဦး၏ ကမ္ဘာဦးမတိုင်မီသားရဲသွေးဗီဇအား စုပ်ယူရန်မှာ ခဲယဥ်းလှ၏။ ထို့ကြောင့် ဖန်အန်းယာက စုချန်း စုပ်ယူရလွယ်ကူစေရန် သွေးဗီဇစွမ်းအင်အား ဘေးမှကူညီဖိနှိပ်ပေးထားလိုက်လေသည်။
ဖန်အန်းယာ၏ လုပ်ရပ်မှာ စုချန်းအတွက် များစွာ အကူအညီဖြစ်စေ၏။ သိပ်မကြာမီ သွေးဗီဇစွမ်းအင်အား စုချန်း ကိုယ်တိုင်ပင် ထိန်းချုပ်လာနိုင်တော့၏။
သို့သော် ကြည့်နေရင်းနှင့်ပင် ထူးထူးဆန်းဆန်း မြင်ကွင်းတခု ပေါ်ပေါက်လာပြန်သည်။
ပထမဆုံး ပေါ်ထွက်လာသောအရာမှာ စုချန်း၏ ကမ္ဘာဦးသွေးပုံရိပ်ပေတည်း။ ပေ၃၀ခန့်ရှည်ပြီး ပြင်းထန်ကြမ်းတမ်းသော စွမ်းအင်များ ယှက်သန်းနေသည့်ပုံရိပ်ကြီးသည် ကျူးချန်းဟွန်အပါအဝင် ဘေးမှလူတိုင်းကို မှင်သက်အံ့သြသွားစေ၏။ သူ့အနေနှင့် စုချန်းသည် ညဏ်ပညာမြင့်မားလှသော်လည်း အင်အားအရာတွင်တော့ ထင်သလောက်မဟုတ်ဟု ကနဦး ယူဆထားခဲ့သည် မဟုတ်ပါလော။ ကမ္ဘာဦးသွေးပုံရိပိကို မြင်သည်နှင့် အထင်နှင့်အမြင် တက်တက်စင်အောင် လွဲသွားမှန်း ကျူးချန်းဟွန် သဘောပေါက်လိုက်တော့သည်။
"ဒါ ဘာကြီးပါလိမ့် သွေးဗီဇပုံရိပ်နဲ့ တူနေပေမဲ့ သေချာကြည့်တော့လဲ မဟုတ်ပြန်ဘူး ဒါမျိုး အရင်က ကျုပ် တခါမှ မမြင်ဖူးဘူး"
ကျူးချန်းဟွန် တအံ့တသြနှင့် ရေရွတ်လိုက်လေသည်။
သို့သော် တခနအကြာတွင် ကမ္ဘာဦးသွေးပုံရိပ်၏ ဘေးတွင် ထူးဆန်းသော လေဝဲဂယက်တခု ပေါ်ပေါက်လာပြန်၏။ တဆက်တည်းမှာပင် အဆိုပါ လေဝဲဂယက်၏ လေးဖက်လေးတန်တွင် ထူးဆန်းသော မျက်နှာကြီးလေးခု အစီအရီ ပေါ်ပေါက်လာတော့သည်။ အဆိုပါမျက်နှာကြီးလေးခုအနက် တခုသည် လူသားမျက်နှာပေါက်နှင့် တူနေ၏။ သို့သော် မျက်လုံးမှာ အလွန်မတန်ပင် ပြူးကျယ်ဝိုင်းစက်နေလေသည်။ ကျန်မျက်နှာတခုမှာကား ဆင်နှာမောင်းကဲ့သို့ နှာခေါင်းကြီးနှင့် အပေါ်သို့လှန်တက်နေသော အစွယ်ကြီးလေးချောင်းနှင့် ဖြစ်လေသည်။ နောက်ထပ်မျက်နှာတခုတွင်တော့ သစ်ရွက်ကြီးများကဲ့သို့ နားရွက်နှစ်ဖက်နှင့် ဖြစ်၏။ နောက်ဆုံးမျက်နှာမှာ ကောင်းကင်နှင့်မြေကြီးအား ဝါးမြိုစားသောက်တော့မည့်ဟန် ပါးစပ်ပြဲကြီးနှင့်ပင်တည်း။
အဆိုပါ ထူးဆန်းသည့် မျက်နှာကြီးလေးခုသည် လေစွန်၏ ပကတိပုံသဏ္ဍာန်ပင် ဖြစ်သည်။ ကမ္ဘာဦးမတိုင်မီသားရဲကြီးလေစွန်သည် မျက်နှာကြီးလေးခု ခြံရံထားသည့် လေဝဲဂယက်အနေနှင့် တည်ရှိနေတတ်သည် မဟုတ်ပါလား။ အရပ်လေးမျက်နှာအား မူတည်နေသည့် မျက်နှာများကြောင့် လေစွန်သည် လေးဖက်လေးတန်မှ လာသည့် တိုက်ခိုက်မှုများအား အာရုံခံနိုင်၏။ မျက်နှာကြီးများ အသီးသီးပိုင်ဆိုင်ထားသည့် နှာခေါင်း၊ ပါးစပ်၊ မျက်လုံးနှင့်နားရွက်တို့ကြောင့် လေစွန်သည် အနံ့၊ အရသာ၊အမြင်နှင့် အကြားအာရုံတို့တွင် အနှိုင်းမဲ့အာရုံခံနိုင်သည့်သားရဲကြီးပင် ဖြစ်လေသည်။
ထို့ကြောင့် လေစွန်သွေးဗီဇသည် ဆက်ခံသူအား အာရုံခံစွမ်းရည်များ ပေးစွမ်းနိုင်သည်ဟုပင် ဆိုရပေတော့မည်။
သို့သော်ငြားလည်း လူအများစုသည် လေစွန်၏ စစ်မှန်သောပုံစံအား ဖော်ထုတ်နိုင်စွမ်းမရှိကြချေ။ စုချန်းကတော့ တချီတည်းနှင့် လေစွန်၏ စစ်မှန်သောပုံစံကို ဖော်ထုတ်နိုင်ခဲ့လေပြီ။ ၎င်းသည် ကျူးချန်းဟွန်နှင့် ဖန်အန်းယာတို့နှစ်ဦးအား အကြီးအကျယ် အံ့သြသင့့်သွားစေတော့၏။
နောက်ဆုံးတွင်တော့ လေစွန်ပုံရိပ်ကြီးသည် ကမ္ဘာဦးသွေးပုံရိပ်၏ ဘေးတွင် တည်ငြိမ်စွာနှင့် ရှိနေခဲ့လေပြီ။ ထို့နောက် စုချန်းသည် လေစွန်ပုံရိပ်ကြီးအား စိတ်နှင့်ထိန်းချုပ်ပြီး ကမ္ဘာဦးသွေးပုံရိပ်ရှိရာသို့ ငြင်သာစွာ တွန်းထုတ်လိုက်၏။
တကယ်တော့ ကမ္ဘာဦးမတိုင်မီသားရဲဖြစ်သော လေစွန်သည် စုချန်း၏ ကမ္ဘာဦးသွေးပုံရိပ်ထက် များစွာ အင်အားပြင်းထန်၏။ သို့သော် စွမ်းရည်နှစ်မျိုး ပေါင်းစပ်ရာတွင် စုချန်းအနေနှင့် ပြင်ပသွေးဗီဇပုံရိပ်ယောင်အား ပင်မကိုယ်ထည်အဖြစ် အသုံးမပြုလို။ ထို့ကြောင့် သူက ကမ္ဘာဦးသွေးပုံရိပ်ကိုသာ ပင်မကိုယ်ထည်အဖြစ် အသုံးပြု၍ စွမ်းရည်နှစ်မျိုးအား ပေါင်းစပ်လိုက်၏။
နောက်ဆုံးတွင်တော့ လေစွန်၏ ပုံရိပ်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ကမ္ဘာဦးသွေးပုံရိပ်၏ ပတ်ပတ်လည်တွင် ပြင်းထန်လှသော လေစီးကြောင်းတခုက လှည့်ပတ်တိုက်ခတ်နေတော့သည်။
ထို့နောက် စုချန်းက ကမ္ဘာဦးသွေးပုံရိပ်အား စွမ်းအင်အမြင့်ဆုံးထိ နှိုးဆွလိုက်ပြန်၏။ ထိုအခါ ကမ္ဘာဦးသွေပုံရိပ်၏ ဦးခေါင်း ပတ်ပတ်လည်တွင် မျက်နှာကြီးလေးခု ပေါ်ပေါက်လာပြန်သည်။ အဆိုပါ မျက်နှာအသီးသီးမှ ပြင်းထန်သော အားလှိုင်းများ ထွက်ပေါ်နေ၏။
ထူးခြားသည်မှာကား အဆိုပါ မျက်နှာတိုင်းသည် မူလနှင့်မတူတော့ပဲ လူသားများနှင့် ခပ်ဆင်ဆင်တူနေကြခြင်းပင်။
စွမ်းရည်နှစ်မျိုး ပိုင်နိုင်စွာပေါင်းစပ်ပြီးသည်နှင့် တောင်ပံများသည် စုချန်းကိုယ်နှင့် တသားးတည်း ဖြစ်သွားခဲ့လေပြီ။ အဆိုပါတောင်ပံများသည် စုချန်း၏ ကျောပေါ်တွင် ပေါ် လိုက်ပျောက်လိုက် ဖြစ်နေလေသည်။ တချိန်တည်းမှာပင် ကမ္ဘာဦးသွေးပုံရိပ်ပေါ်ရှိ တောင်ပံများသည်လည်း တဖြတ်ဖြတ်လှုပ်ခတ်လျက် ရှိ၏။
၎င်းကိုကြည့်ရင်း ဖန်အန်းယာ နောင်တရဟန်ဖြင့် ပြောလိုက်သည်။
"ကောင်လေး မင်း ဘယ်လိုနည်းလမ်းတွေ သုံးနေမှန်းတော့ ကျုပ် မသ်ိဘူး ဒါပေမဲ့ ပုံရိပ်နှစ်မျိုး ပေါင်းစပ်ချိန်မှာ အင်အားကတော့ သိသိသာသာ လျော့သွားတယ် လေစွန်ကိုသာ ပင်မကိုယ်ထည်အဖြစ် သုံးခဲ့ရင် အင်အားက ဒီထက်အများကြီးပိုပြီး ပြင်းထန်နေမှာ သေချာတယ်"
စုချန်းက အေးဆေးတည်ငြိမ်သောလေသံနှင့် ပြန်ပြောလိုက်သည်။
"ကျီးကန်းဘုရင်ကြီးပြောတာ မှန်ပါတယ် ဒါ အသက်ပေါင်းစပ်ခြင်းလို့ ခေါ်တယ် ကျုပ် အသစ်ဖန်တီးလိုက်တဲ့ နည်းစနစ်ပဲ ဒီနည်းစနစ်ဟာ သွေးဗီဇရဲ့စွမ်းအင်က်ို ဆွဲထုတ်ပြီး တခြား စွမ်းအင်အမျိုးမျိုးနဲ့ ပေါင်းစပ်ပေးနိုင်တယ် လေစွန်ဟာ ကမ္ဘာဦးသွေးပုံရိပ်ထက် ပိုအားကောင်းတယ်ဆ်ိုတာ မှန်ပါတယ် ဒါပေမဲ့ ကျုပ်ကတော့ ကျုပ်ဖန်တီးလိုက်တဲ့ လူသားသွေးဗီဇဟာ ဒီထက်မက အများကြီး တိုးတက်လာအုံးမယ်လို့ ယုံကြည်ထားတယ် ဒါကြောင့် လေစွန်သွေးဗီဇဟာ လူသားသွေးဗီဇကို ပိုပြီးအားကောင်းလာအောင် ကူညီဖို့သက်သက်ပဲ သူ့နေရာကို အစားထ်ိုးပစ်ဖို့ မဟုတ်ဘူး ယုတ်စွအဆုံး တောက်ပခြင်းနဂါးရဲ့ သွေးဗီဇနဲ့တောင် ကျုပ်က လူသားသွေးဗီဇကို အစားမထိုးနိုင်ဘူး"
မည်သို့ဆိုစေ စုချန်း၏ ခိုင်မာသောဆုံးဖြတ်ချက်နှင့် မျှော်လင့်ချက်ကို ဖန်အန်းယာ မလေးစားပဲ မနေနိုင်တော့။
"အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ မဟာပညာရှိရယ်လို့ မင်း နာမည်ကြီးလာတာ ဒီအတိုင်းဆိုရင် ဘာမှမဆန်းဘူးပဲ မင်းဟာ ညဏ်အလွန်ကောင်းတယ် ရည်မှန်းချက်ကြီးမားတယ် ဒီပုံအတိုင်းဆိုရင် တနေ့မှာ လူသားမျိုးနွယ်ကို မင်း ဦးဆောင်ကောင်းဦးဆောင်နိုင်မှာပါပဲကွာ"
ထိုစဥ် ကျူးချန်းဟွန်က ဝင်ပြောလိုက်၏။
"ဦးဆောင်ကောင်းဦးဆောင်နိုင်မယ်ဆိုတာ ဘာသဘောတုန်း သူ လုပ်ခဲ့ပြီးသွားပြီကွ"
အမှန်တကယ်လည်း စုချန်း၏ ကြိုးပမ်းမှုကြောင့် နေရာအနှံ့တွင် အမျိုးမျိုးသော ချီစွမ်းအားပညာရှင် အများအပြား ပေါ်ပေါက်နေခဲ့ပြီ မဟုတ်ပါလား။ အကြောင်းမှာ စုချန်း တီထွင်ဖန်တီးခဲ့သော သွေးဗီဇမလိုအပ်သော ကျင့်ကြံခြင်းနည်းစနစ်များသည် လူသားတိုင်းအား အခွင့်အရေး ပေးခဲ့သောကြောင့်ပင်တည်း။
ယခုဆိုလျင် သာမာန်အရပ်သူအရပ်သားများသည်ပင် ကျင့်ကြံခြင်းလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ခဲ့ကြပြီ ဖြစ်သည်။ ၎င်းတို့အနေနှင့် တော်ဝင်မျိုးနွယ်စုများလောက် အားကောင်းချင်မှ အားကောင်းပေလိမ့်မည်။ သို့သော် ၎င်းတို့အား သာမာန်အရပ်သားများဟုတော့ သုံးနှုံး၍မရတော့။ ဤသည်မှာ ကြီးမားလှသော အပြောင်းအလဲတရပ်ပင် မဟုတ်တုံလော။
ကျူးချန်းဟွန်၏ စကားကို ကြားသောအခါ စုချန်း ပြုံးလိုက်၏။
"ခုဆိုရင် ကျုပ်ဆရာဟာ သွေးဗီဇမလိုပဲ အလင်းတုန်ခါခြင်းနယ်ပယ်ထဲ ဝင်ရောက်ရာမှာ အသုံးပြုရမဲ့ မူလပုံစံကွက်က်ို ဖန်တီးနိုင်ခဲ့ပြီ ကျုပ်တို့ သွေးဗီဇမလိုပဲ အလင်းတုန်ခါခြင်းနယ်ပယ်ကို ဝင်ရောက်နိုင်တော့မယ်"
စုချန်း၏ စကားကြောင့် ဖန်အန်းယာနှင့် ကျူးချန်းဟွန် မျက်လုံးပြူးသွား၏။
ထို့နောက် ကျူးချန်းဟွန်က တုန်ယင်သောလေသံနှင့် မေးလိုက်သည်။
"ဒီတခါလဲ ဒီနည်းလမ်းကို အလကားပေးပစ်ဖို့ မင်း စိီစဥ်နေတာတော့ မဟုတ်ပါဘူးနော်"
စုချန်း ရယ်မောလိုက်၏။
"ဒီတခါတော့ မဟုတ်ပါဘူးဗျာ"
သွေးဗီဇမလိုပဲ အလင်းတုန်ခါခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်သည့် နည်းလမ်းသာ ပျံ့နှံ့သွားပါက မူလကမ္ဘာကြီးတခုလုံး ဝရုန်းသုန်းကား ဖြစ်သွားနိုင်၏။
စုချန်းက ထိုသို့ မဆုံးဖြတ်ထား၍သာ တော်သေးသည်ဟု ဆိုရပေတော့မည်။
စုချန်း၏ စိတ်ကူးမှာကား ဤနည်းစနစ်ကိုသုံး၍ အချုပ်အနှောင်မဲ့အဖွဲ့ အင်အားကြီးမားလာအောင် ဆောင်ရွက်ရန်ပင်။
ထို့ကြောင့် အချုပ်အနှောင်မဲ့အဖွဲ့၏ တပည့်လက်သားများသာ ဤနည်းစနစ်ကို သင်ယူခွင့်ရပေလိမ့်မည်။
တိမ်တိုက်ကျားသစ်၊ သံမဏ်ိိနှင့် ဓားအစေခံဆယ့့်နှစ်ဦးတို့သည် ယန်ဖွင့်လှစ်ခြင်းနယ်ပယ် ထိပ်ဆုံးအလွှာသို့ ရောက်ရှိနေပြီဖြစ်၍ အလင်းတုန်ခါခြင်းနယ်ပယ်သို့ ဝင်ရောက်ရန် အဆင်သင့်ဖြစ်နေပြီ မဟုတ်ပါလား။
***