← Chapters

ရုပ်သေးရုပ်အား ရှာဖွေခြင်း

Vol. 79 Ch. 790

ရုပ်သေးရုပ်အား ရှာဖွေခြင်း

Vol. 79 Ch. 790

ဤယနေ့ကား အချုပ်အနှောင်မဲ့အဖွဲ့၏ နေ့ထူးနေ့မြတ်ကြီးဟုပင် သတ်မှတ်၍ ရနိုင်ကောင်း၏။

အကြောင်းမှာ အချုပ်အနှောင်မဲ့အဖွဲ့တွင် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် ၂၉ယောက်တိတ်ိ ပေါ်ထွန်းလာခဲ့သောကြောင့်ပင်။

စုချန်းသည် ဓားတသောင်းတောင်သို့ပြန်ရောက်ကတည်းက ယန်ဖွင့်လှစ်ခြင်းနယ်ပယ်အမြင့်ဆုံးအလွှာသို့ ရောက်ရှိပြီး အဖွဲ့ဝင်များအား အလင်းတုန်ခါခြင်းနယ်ပယ်သို့ မည်သို့မည်ပုံ ဝင်ရောက်ရမည်ကို ကျကျနနပင် လမ်းညွှန်ခဲ့၏။ ထိုအထဲတွင်မှ ရှစ်ယောက်မှာ ကျရှုံးခဲ့ပြီး ဆယ့်ငါးယောက် အောင်မြင်ခဲ့လေရာ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် စုစုပေါင်း ၂၉ယောက်တိတိ ပေါ်ထွန်းလာခြင်းပင် ဖြစ်သည်။ ကျရှုံးသွားသူများမှာလည်း မကြာလှသည့် အနာဂတ်တွင် အခွင့်အရေးကိုယ်စီ ထပ်မံ ရရှိကြလိမ့်အုံးမည်သာ။

နောက်လာသည့်ရက်များတွင်တော့ အလင်းတုန်ခါခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်သူအရေအတွက်မှာ ပိုမိုများပြားလာတော့၏။

လူသားမျိုးနွယ်အပေါ် သက်ရောက်လာမည့့် ကြီးမားလှသည့် ပြောင်းလဲမှုကြီးကို ကျူးချန်းဟွန်အပါအဝင် ကျန်လူများ အတိုင်းသား မြင်တွေ့နေရလေသည်။ စုချန်း၏ လုပ်ရပ်မှာကား ကောင်းကင်ဘုံမှ မြင့်မားလှသည့် ဖြစ်တည်မှုများကို မြေကြီးပေါ်သို့ ဆွဲချလိုက်သည်နှင့်ပင် တူနေသေး၏။ ယခုဆိုလျင် ရွှေခွက်တိုင်းသည် အနူလက်နှင့် ထိုက်တန်နေခဲ့လေပြီ။ ထိုသို့ထိုက်တန်ရန်အတွက် လူတိုင်း ခြေတလှမ်းသာ လှမ်းရန် လိုအပ်တော့၏။

ထိုလုပ်ရပ်အတွက် စုချန်းအား မလိုမုန်းထားသူများ ရှိနေမည်မှာလည်း ဧကန်မုချပင်တည်း။

သို့သော် စုချန်းကား အနည်းငယ်မျှပင် ဂရုမစိုက်။ ထိုသူများအနေနှင့် မည်မျှပင် ငြူစူပြောဆိုကြစေကာမူ စုချန်း၏ လုပ်ရပ်သည် အများကောင်းကျိုးကို ဆောင်နေသည် မဟုတ်ပါလား။ အနည်းငယ်မျှသော သဘောထားကျဥ်းမြောင်းသူလူတစုကြောင့် စုချန်းအနေနှင့် သူ့လုပ်ရပ်က်ို ရပ်တန့်ပစ်ရန် အကြောင်းမရှိချေ။

တချိန်တည်းမှာပင် သတင်းကောင်းတချို့ကို စုချန်း ထပ်မံရရှိလိုက်ပြန်၏။

ထိုသတင်းမှာကား တခြားမဟုတ်။ သားဖောက်မိခင်ပိုးကောင်ကြီးထံမှ သတင်းပင် ဖြစ်လေသည်။

စုချန်းသည် သူ၏ ကိုယ်ပွားရုပ်တကောင်အား သားဖောက်မိခင်ပိုးကောင်ထံပါးတွင် ထားရစ်ခဲ့၏။ သတင်းမှာ အဆိုပါ ကိုယ်ပွားရုပ်ထံမှ လာသည့်သတင်းပင် ဖြစ်လေသည်။ သတင်းအရ သားဖောက်မိခင်ပိုးကောင်သည် ရုပ်သေးရုပ်ဖြစ်ဟန်တူသော အရာအား တွေ့ရှိမိသည် ဟူ၏။

ရုပ်သေးရုပ်ကား ကျူးမျိုးနွယ်ပိုင် ကြယ်ရွှေသတ္တုတွင်း တနေရာတွင် ရှိနေလေသည်။

တဖက်တွင်လည်း လူပျံတော်သံတမန်အဖွဲ့သည် သားဖောက်မိခင်ပိုးကောင်အား မည်သည့်နေရာမှ စတင်၍ ရှာဖွေရမည်ကို မစဥ်းစားနိုင်ပဲ ရှိကြကုန်၏။ မည်သည့်သဲလွန်စမှလည်း မရှိကြလေရာ ၎င်းတို့မှာ ခေါင်းပြတ်နေသော ယင်ကောင်များပမာ ဖြတ်ဖြတ်လူးလျက် ရှိကြလေသည်။

တကယ်တော့ လူပျံတော်များသည် တောင်ပြားမြို့သို့ သူတို့လာရောက်ရသည့် ရည်ရွယ်ချက်ကို ဖုံးဖိရန် အတတ်နိုင်ဆုံး ကြိုးစားနေကြသည်မှာ အမှန်ပင်။ သို့သော် မြေပြင်တွင်တော့ ၎င်းတို့အဖို့သည် မမျှတသော စစ်ပွဲတရပ်ကို ဆင်နွဲနေရသည်နှင့် အတူတူသာ။ ကျူးမျိုးနွယ်သည် လူပျံတော်များ၏ ရည်ရွယ်ချက်ကို ရှေးမွန်မဆွကတည်းက ကြိုတင်သိထားနှင့်၏။ ထို့ကြောင့် လူပျံတော်များ မည်မျှပင် ဟန်ဆောင်နေစေကာမူ ထိုလုပ်ရပ်မှာ ကျူးမျိုးနွယ်အတွက် ဟာသသဖွယ်သာတည်း။

ဖြစ်နိုင်မည်ဆိုလျင် ကျူးချန်းဟွန်သည် လူပျံတော်များ လိုချင်နေသည့်အရာကို တခါတည်းပင် ပေးလိုက်ချင်သေး၏။ ထိုလုပ်ရပ်မှာ သူတို့အကြံအစည်ကို ပျက်ပြားသွားနိုင်၍သာ မနည်းစိတ်ထိန်းထားရလေသည်။

လနှင်းမြူသည် သားဖောက်မိခင်ပိုးကောင်အား ရှာဖွေနိုင်စွမ်းမရှိ၍ စိုးရိမ်ပူပန်စပြုလာ၏။ တဖက်မှ ကျူးချန်းဟွန်သည်လည်း ထိုကိစ္စကိုပင် ထပ်တူစိတ်ပူနေလေသည်။ ထိုအခါ နှစ်ဖက်စလုံးက အချိန်ဆွဲထားကြသည်ဖြစ်၍ ကိစ္စရပ်များမှာ အလိုလို နှောင့်နှေးနေတော့၏။

နောက်ဆုံးတွင် ကျူးချန်းဟွန်သည် ခရမ်းရောင်ရေစီးကြောင်းနှင့် ယုတ္တိယုတ္တာကင်းမဲ့သော စေ့စပ်ညှိုနှိုင်းမှုတခု စတင်ရန် စိတ်ကူးလိုက်၏။ ထိုအတောအတွင်းဝယ် သတင်းကောင်းစောင့်နေသော စုချန်းနှင့် ပိတ်လော့တို့သည် ကြယ်ရွှေမိုင်းတွင်းသို့ ထပ်မံသွားရောက်ရန် ဆုံးဖြတ်လိုက်ကြတော့သည်။

လုပ်သားပိုးကောင်ငယ်သည် လှိုဏ်ခေါင်းတလျှောက် စုချန်းနှင့်ပိတ်လော့တို့အား ဦးဆောင်ခေါ်ငင်သွား၏။

လှိုဏ်ခေါင်းများတလျှောက်ကား ခွေးတကောင်ကြောင်တမြီးမျှပင်မရှိပဲ လူသူကင်းမဲ့ကာ တစပြင်ကြီးနှင့် တူနေ၏။ တခါတရံတွင် နံရံများအတွင်းမှ ရွှေရောင်အလင်းတန်းတချို့ ထွက်ပေါ်လာသည်ကို စုချန်းတို့ မြင်တွေ့နေရလေသည်။ သားဖောက်မိခင်ပိုးကောင်ကြီးအတွက် ကြယ်ရွှေသတ္တုရိုင်းများအား လုပ်သားပိုးကောင်များက တူးဖော်နေကြခြင်းပင်။

နောက်ဆုံးတွင် သူတို့သည် မ်ိုင်းတွင်း၏ အနက်ရှိုင်းဆုံးအပိုင်းသို့ ရောက်ရှိလာ၏။

ထိုနေရာတွင် နက်ရှိုင်းသော ချိုင့်ကြီး ဖြစ်ပေါ်နေ၏။ ချိုင့်ကြီး၏ အောက်ခြေတွင် အပေါက်ငယ်တပေါက်ကို ဝိုးတဝါး မြင်တွေ့နေရလေသည်။

စုချန်းသည် ထိုအပေါက်ငယ်အတွင်းသို့ ဝုန်းခနဲ ခုန်ချလိုက်၏။ သူ့ပတ်ပတ်လည်တွင်ကား နက်ရှိုင်းသော အမှောင်ထုက ဝန်းရံလျက်ရှိလေသည်။

စုချန်းက ချက်ချင်းပင် လက်တဖက်က်ို လှုပ်ရှားလိုက်ရာ မီးတောက်မီးလျံများ ပေါ်ထွက်လာတော့၏။ ထိုအခါကျမှ ရှေးကျလှသော စာသားများ၊ အရုပ်ကားချပ်များ ရေးထိုးထားသည့့် အခန်းတခန်းသို့ သူရောက်နေကြောင်း စုချန်း သဘောပေါက်လိုက်သည်။

အခန်း၏ ထိပ်တွင် ပျက်စီးယိုယွင်းနေသော သလွန်တခု ရှိနေ၏။ သလွန်ပေါ်တွင် လူနှင့်ခပ်ဆင်ဆင်တူသော အရာတခု ငုပ်တုပ်ထ်ိုင်လျက်ရှိလေသည်။

ပလ္လင်ပေါ်ရှိ ရုပ်သေးရုပ်ထံမှ အဖြူရောင်အလင်းတန်းတခု တိုးထွက်လျက်ရှိ၏။ ရုပ်သေးရုပ်နောက်တွင်တော့ ပိန်းပိတ်အောင် မှောင်မဲလျက်ရှိသည်။ ရုပ်သေးရုပ်၏ ဦးခေါင်းမှာ ကြီးမားပြီး လုံးဝန်းနေ၏။ နားရွက်အစုံမှာလည်း ရှည်လျားပြီး ချွန်မြနေပေသည်။ ခြေလက်များမှာကား အာကင်နာများကဲ့သို့ သေးသေးသွယ်သွယ်နှင့် ဖြစ်လေသည်။ ထူးခြားသည်မှာ ရုပ်သေးရုပ်တွင် လက်လေးချောင်းပါရှိပြီး ရင်ဘတ်တွင်လည်း စက်လုံးကဲ့သို့ အရာတခု ရှိနေ၏။

အလင်းရောင်မှာ အဆိုပါစက်လုံးမှ ထွက်ပေါ်နေခြင်းပင်။ ထိုအလင်းရောင်သည် ရုပ်သေးရုပ်နှင့် ပတ်ပတ်လည်ရှိ အရာတိုင်းအား ကာကွယ်ပေးထားသည်နှင့် တူနေလေသည်။

အလင်းရောင်သည် ဆန်းကြယ်လှပြီး ရုပ်သေးရုပ်အား မပျက်စီးသွားစေရန် ကာကွယ်ထားဟန်တူကြောင်း စုချန်း မှန်းဆမိ၏။ အချိန်ကာလကို ကျော်လွန်သော စွမ်းအင်မျိုးသည် မည်သည့်စွမ်းအင်မျိုးပင် ဖြစ်ချေမည်နည်း။

သို့သော်ငြား လှိုဏ်ဂူပေါက် ပွင့်သွားပြီးနောက် အဆိုပါအလင်းတန်းသည် တဖြည်းဖြည်း မှေးမှိန်လာကာ ပျောက်ကွယ်သွားတော့မည့့်ဟန် ပေါ်နေ၏။

"ဒါပဲပေါ့လေ ဟုတ်လား"

စုချန်း၏ မေးခွန်းကို ကြားသည်နှင့် ပိတ်လော့က ခေါင်းညိတ်လိုက်လေသည်။

"မှန်တယ်သခင် အဲတာ သတင်းပို့ဆောင်ရေးရုပ်သေးရုပ်ပဲ အာကင်င်နာခေတ်က သိပ်နာမည်ကြီးခဲ့တဲ့ တီထွင်မှုတခုပဲ ဆိုပါတော့ သူ့ကိုတည်ဆောက်ထားတဲ့သတ္တုကြောင့် ဘယ်လိုပတ်ဝန်းကျင်မျိုးမှာမဆို ကောင်းကောင်းကြီး ရှင်သန်နိုင်တယ် လက်ရှိခေတ်သုံးနည်းလမ်းတွေထက် ဆယ်ဆလောက် သတင်းကို ပို့ဆောင်နိုင်တယ် လက်ခံနိုင်တယ် ဒါတင်မကသေးဘူး ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်းလဲ ရှိသေးတယ်"

"သူ့ရဲ့ကာကွယ်ရေးစနစ်တွေက နှစ်ပေါင်းသောင်းချီတဲ့အထ်ိမပျက်စီးဘူးပေါ့လေ အာကင်နာတွေဟာ ဒီလောက်ထိတောင် ဖန်တီးနိုင်စွမ်းရှိခဲ့တာလား ဒီအတိုင်းသာဆိုရင် ဒီလိုအကာအကွယ်မျိုးအတွက် တိုက်ခိုက်မှုတွေကို စွမ်းအင်အဖြစ်တောင် ပြောင်းလဲနိုင်စွမ်းရှိခဲ့ပြီဆိုတဲ့ သဘောပေါ့"

နှစ်ပေါင်းသောင်းချီတိုင် မပျက်စီးမဆွေးမြေ့ပဲ တည်ရှိနေသည်ဆိုကတည်းက အင်မတန်ဆန်းကြယ်လှသည့် ဖြစ်တည်မှုမျိုး ဖြစ်နေခဲ့လေပြီတည်း။ သတင်းပို့ဆောင်ရေးရုပ်သေးရုပ်များကို ဤအဆင့်ထိတည်ဆောက်နိုင်ခဲ့လျင် အာကင်နာများသည် မူလသားရဲကြီးများကို ပြန်လည်တိုက်ခိုက်နိုင်ကောင်းလောက်သည်ဟု စုချန်းက တွေးမိနေသေး၏။

စုချန်း၏ အတွေးကိုကြားလျင် ပိတ်လော့ မျက်လုံးပြူးသွား၏။

"မဖြစ်နိုင်ဘူးသခင် ဒီလိုအစွမ်းအစမျိုး ဘယ်သူ့မှာမှ မရှိဘူး ဒါဆို ဒီရုပ်သေးရုပ် နှစ်တွေအကြာကြီး အကောင်းပကတိ ဘာလို့များ ရှိနေတာပါလိမ့် ဘာကြောင့်ဖြစ်မလဲ ဘာကြောင့်လဲ"

စုချန်း ပြုံးလိုက်သည်။

"ခင်ဗျားဆီက ဒီစကားကြားရတော့ ဒီစွမ်းအင်အကြောင်းကို မသိလိုက်ရလေခြင်းလို့ နောင်တဖြစ်စရာမလိုတော့ဘူးပေါ့လေ ကျုပ် အတော်ကြီး စိတ်သက်သာရသွားပြီ ဘာကြောင့်လဲဆိုတော့ နေ့တဝက်လောက်ကြာရင် ဒီအလင်းတန်း လုံးဝပျောက်သွားတော့မှာဗျ"

အမှန်တကယ်လည်း အလင်းရောင်သည် ပိုမိုဖျော့တော့လာပြီ ဖြစ်သည်။ ရတနာရွှေပုံကြီးဆိုက်နေသည့်တိုင် လက်နှင့်ထိမရသောအခါ စုချန်းတို့နှစ်ယောက် တောက်တခတ်ခတ်နှင့် ရှိကြလေသည်။ သို့သော်ငြားလည်း တိုက်ခိုက်လိုက်တိုင်း ပို၍အားကောင်းလာသော ထိုအလင်းတန်းကို သူတို့ မည််သို့မှ ထိုးဖောက်၍မရ။

ထိုအခိုက်မှာပင် သလွန်၏ အခြေ၊ ရုပ်သေးရုပ်၏ တွဲလောင်းချထားသောလက်အောက်တွင် သံမဏိပြားတချပ်ကို စုချန်း တွေ့လိုက်ရသည်ည်။ သံမဏိပြားပေါ်တွင် ထူးဆန်းသော စာလုံးတချို့ကို ရေးထွင်းထား၏။

"ပိတ်လော့ အဲဒါ ဘာစာတွေလဲ ခင်ဗျား သိသလား"

"အလွန်ရှေးကျတဲ့ အာကင်နာဘာသာနဲ့ ရေးထားတာပဲသခင် ကျုပ်တောင် စကားလုံးတချို့လောက်ပဲ သိတယ်"

"ရပြီ ဒီလောက်ဆို လုံလောက်ပြီ ခင်ဗျား သိတဲ့စာလုံးတွေလောက်ကိုပဲ ကျုပ်ကို ပြောပြ"

ထို့နောက် စုချန်းသည် ပိတ်လော့ ပြောပြသည့့် စာလုံးတချို့ကို အခြေခံပြီး အဆိုပါအာကင်နာဘာသာရပ်၏ အခြေခံစည်းမျဥ်းကို ဖော်ထုတ်ရန် ကြိုးစားလိုက်၏။ ဘာသာရပ်တိုင်းတွင် အခြေခံစည်းမျဥ်း ရှိလေရာ ထိုစည်းမျဥ်းများကို မှန်းဆနိုင်လျင် သံမဏိပြားပေါ်တွင် ရေးထားသည့့် စကားလုံးများကို ဖော်ထုတ်နိုင်ဖွယ်ရာ ရှိနေသည် မဟုတ်ပါလား။ အဆိုပါလုပ်ရပ်မှာ သာမာန်လူများအတွက် အလွန်ပင် ခက်ခဲနိုင်သောလည်း ပင်ကိုညဏ်ကောင်းလှပြီး စိတ်ဝိညာဥ်သလင်းကို ပိုင်ဆိုင်ထားသော စုချန်းအတွက် အချိန်တခု ပေးလိုက်ရုံမျှသာ။

သိပ်မကြာမီ စုချန်း၏ လက်ထဲသို့ စာလုံးရေသုံးဆယိခန့် ရောက်ရှိလာတော့၏။

"ကျုပ်နာမည် ဆာဘတ်ဇာ ဒီစာကို ဖတ်ပြီးရင် ကျုပ်ရဲ့အထုပတ္တိကို ခင်ဗျား သိလာလိမ့်မယ်"

သံမဏိပြားပေါ်ရှိစာကို ဖတ်ရင်း စုချန်း ရေရွတ်လိုက်သည်။

"ဆာဘတ်ဇာ ဒီတော့ ရုပ်သေးရုပ်မှာ နာမည်ရှိတာပေါ့"

"အထုပတ္တိ ဟုတ်လား သခင် ရုပ်သေးရုပ်မှာ ဘာပြောစရာတွေများ ရှိနေမှာမို့လို့လဲ"

"ဒါကမှ စိတ်ဝင်စားစရာပေါ့ဗျ သတင်းပို့ဆောင်ရေးရုပ်သေးရုပ်နဲ့ပတ်သက်ပြီး ခင်ဗျား ကျုပ်ကို ဘာပြောခဲ့သလဲ မှတ်မိလား"

"ဒါပေါ့သခင်"

"ကြည့်ရတာ ခင်ဗျား ပြောသလောက် ရိုးရှင်းပုံမပေါ်ဘူး မြေပြင်မှာ အတော်လေး ရှုပ်ထွေးခဲ့ဟန်ပေါ်တယ်"

***

All Chapters