← Chapters

အဆီအနှစ်

Vol. 80 Ch. 794

အဆီအနှစ်

Vol. 80 Ch. 794

"ဟူး"

သက်ပြင်းတချက်က်ို ရှည်လျားစွာချရင်း စုချန်း ရေရွတ်လိုက်လေသည်။

"သူတို့ဇာတ်လမ်းက ဒီလိုကိုး"

"ဒီလိုဖြစ်လိမ့်မယ်လို့ ကျုပ် လုံးဝထင်မထားဘူးသခင် အံသြစရာကောင်းလိုက်တာနော် အံ့သြစရာကောင်းလိုက်တာ"

ပိတ်လော့ကား အံ့သြခန်းဆိုက်လျက်ရှိ၏။

သတင်းဟူသည် သတင်းမျှသာ ဖြစ်လေသည်။ မူလသားရဲကြီး နိုးထလာသည့်ဖြစ်စဥ်၏ နောက်ကွယ်မှအမှန်တရားသည် ဤသို့ဤနှယ် ဖြစ်လိမ့်မည်ဟု မည်သူမှ ထင်အံ့မည်မဟုတ်။

ပထမဆုံး အသိညဏ်တုမှာ မထင်မှတ်သောအခြေအနေမှ ပေါ်ထွန်းလာပြီး သဲလွနိစပင် မကျန်ပဲ ပျောက်ကွယ်သွားခဲ့ရလေပြီ။ စုချန်းနှင့် ပိတ်လော့တို့မှာ ဘာပြောရမှန်းပင် မသိတော့။

ရုပ်သေးရုပ်တရုပ် နှစ်သောင်းနှင့်ချီ၍ မပျက်မစီီတည်ရှိနေရသည့် အကြောင်းရင်းမှာကား ရှင်းလင်းသွားလေပြီ။ မည်သည့်ဆန်းကြယ်သည့် တီထွင်မှုမှ မဟုတ်ပဲ မူလသားရဲကြီး၏ စွမ်းအားကြောင့်သာ ဤရုပ်သေးရုပ် ဤအချိန်ထိ အကောင်းပကတိ ရှိနေရခြင်းပေတကား။

မူလသားရဲကြီး၏ သေအံ့မူးမူး ရှိုက်သက်တချက်သည်ပင် ရုပ်သေးရုပ်အား နှစ်သောင်းချီ မပျက်စီးစေပဲ ထိန်းသိမ်းထားနိုင်သည်ကိုထောက်လျင် မူလသားရဲများ၏ အစွမ်းကို မြင်နိုင်ပေသည်။

ရုပ်သေးရုပ်သည် သူ၏ အဖြစ်အပျက်များအား နောင်လာနောက်သားတို့ သိရှိစေလိုသည်မှာ ယုံမှားသံသယဖြစ်စရာမရှိ။ မည်သို့ဆိုစေ စုချန်း၏ ရှာဖွေတွေ့ရှိမှုကြောင့် ဆာဘတ်ဇာ၏ ကြိုးပမ်းမှုမှာ အချည်းနှီး မဖြစ်တော့။

ထိုစဥ် အကာအကွယ်သည် တဖြည်းဖြည်း အားနည်းလာ၏။ အလင်းရောင်မှာလည်း ပျောက်ကွယ်သွားပြီး ရုပ်သေးရုပ်သာလျင် ထီးထီးကျန်ရစ်လေသည်။

"ကြည့်ရတာ ခင်ဗျားနဲ့ ကွက်တိကျမဲ့ပုံပဲဗျ"

ရုပ်သေးရုပ်ကိုကြည့်ရင်း စုချန်း ပြောလိုက်သည်။

"ဒါပေါ့သခင်"

ပိတ်လော့က စိတ်လှုပ်ရှားဟန်ဖြင့် ပြန်ပြောလိုက်၏။

သိပ်မကြာမီ ပိတ်လော့နှင့်ရုပ်သေးရုပ် တသားတည်း ဖြစ်သွားတော့သည်။ ရုပ်သေးရုပ်၏ သတ္တုအဆစ်များမှာ တကျွီကျွီ မည်နေ၏။ ဖြစ်စဥ်တခုလုံးမှာ ရိုးရှင်းနေပေသည်။

"ဟား ဟား နောက်ဆုံးတော့ ကိုယ်ပိုင်ခန္ဓာရပြီကွ"

ပိတ်လော့ ဝမ်းသာအားရ ကျူးရင့်လိုက်၏။

"ထူးဆန်းတာပဲ ဒီကိုယ်ထည်ထဲမှာ သက်စောင့်အားတချို့ကို ကျုပ် ခံစားမိနေတယ် သခင်"

"ခံစားချက်အမှားနေမှာပေါ့ဗျာ ဒါမှမဟုတ် ဆာဘတ်ဇာရဲ့ နောက်ဆုံးလက်ဆောင် ဖြစ်ရင်လဲ ဖြစ်နေမှာပေါ့ ဘယ်သူသိမလဲ"

စုချန်းက ပုခုံးတွန့်ရင်း ပြောလိုက်၏။

"သခင် ဒါကို မလေ့လာတော့ဘူးပေါ့"

ပိတ်လော့ အံ့သြသွားလေသည်။

"ဒါ ခင်ဗျားရဲ့ ကိုယ်ခန္ဓာ ဖြစ်သွားပြီလေဗျာ ကျုပ်က ဘာလို့လေ့လာနေမှာလဲ ခင်ဗျားကိုယ်တိုင် ဆန္ဒရှိရင်တော့လဲ တမျိုးပေါ့"

"သခင်ပြောတာ ဆိုးတော့မဆိုးဘူး"

ပိတ်လော့ မေးစေ့ကိုပွတ်ရင်း ပြောလိုက်သည်။

"ဒါပေမဲ့ သခင် ကျုပ်ကိုယ်ခန္ဓာကို ဘာမှမထိခိုက်စေဘူးဆိုရင် ကျုပ် အကန့်အသတ်နဲ့ ခွင့်ပြုမယ် သခင် အလျော်ပေးမယ်ဆိုရင်တော့ ကျုပ် ဒီထက်ပိုပြီး ခွင့်ပြုနိုင်မှာပဲ"

စုချန်း ရယ်မောလိုက်သည်။

"နောက်ဆုံးစကားက အသက်ပဲ ဟုတ်တယ်မလား ကဲ ပြောစမ်းပါအုံး ခင်ဗျားက ဘယ်လိုလျော်ကြေးမျိုး လိုချင်တာတုန်း"

"ကွဲပြားခြားနားတဲ့ အရာတွေအများကြီးပေါ့သခင် ကျုပ်ကိုယ်တိုင်လဲ အာကင်နာပညာရှင်ဆိုတော့ ကျုပ်ရဲ့စူးစမ်းလေ့လာလိုစိတ်ဟာ သခင့်ထက်တော့ မလျော့ပါဘူးလေ"

စုချန်းသည် သုတေသနကို စိတ်ဝင်စား၏။ ပိတ်လော့လဲ ထို့အတူသာ။ ထို့ကြောင့် ပိတ်လော့၏ စကားကို စုချန်း လက်ခံ၏။ သုတေသနဟူသည် စုပေါင်းစပ်ပေါင်းလုပ်ဆောင်ရသည့် လုပ်ငန်းပင် မဟုတ်တုံလော။

စုချန်းက ပြောလိုက်ပြန်သည်။

"ကံဆိုးတာက ရုပ်သေးရုပ်ရဲ့ပုံပြင်ထဲမှာ အလင်းမဲ့လက်စွပ်ရဲ့တည်နေရာ မပါတာပဲဗျ"

"ဒါက ပြသနာမရှိပါဘူး လက်စွပ် ဘယ်နေရာမှာရှိမှန်း ကျုပ် သိပါတယ်သခင်ရဲ့"

စကားဆုံးသည်နှင့့် ပိတ်လော့က လက်တဖက်ကို ဝေ့ယမ်းလိုက်ရာ သလွန်နောက်ကျောရှိ ကျောက်တုံးမှာ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားပြီး လက်စွပ်တကွင်း ထွက်ပေါ်လာလေသည်။

"ဒါ အလင်းမဲ့လက်စွပ်ပေါ့ ဟုတ်လား"

စုချန်း အံ့သြသွား၏။

လက်စွပ်မှာ ပြောင်ချောချောနှင့် ဘာအထင်ကြီးစရာမှ မရှိလှ။

သလွန်နောက်ကျောတွင် တခြားပစ္စည်းအတော်များများ ရှိနေ၏။ ထိုပစ္စည်းတိုင်းကို ပိတ်လော့က တချက်မျှကြည့်ရုံနှင့် ပြောနိုင်လေသည်။

"ကာမာဒါရဲ့ သတ္တုကိုယ်ထည် လူဗိုလန်းရဲ့ မူလအဆီအနှစ် ဖီယာနာရဲ့ စိတ်ဝိညာဥ်အူတိုင် ဘီဟာရဲ့ ရေသလင်းနဲ့စွမ်းအင်တုံး အိုး ဒီနောက်မှာ တန်ဖိုးရှိပစ္စည်းတွေ အတော်များများ ရှိနေတာပဲ ဒါပေမဲ့ ဒီပစ္စည်းတိုင်းက ရုပ်သေးရုပ်တည်ဆောက်ဖို့ မရှိမဖြစ် လိုတဲ့ပစ္စည်းတွေချည်းပဲ အလင်းမဲ့လက်စွပ်ကတော့ မရှိမဖြစ်ပဲပေါ့လေ ကြည့်ရတာ ဆာဘတ်ဇာက ရုပ်သေးရုပ်အသစ်တည်ဆောက်ဖို့ ကြံစည်ခဲ့ပုံပဲ"

ရုပ်သေးရုပ်အသစ်တည်ဆောက်ရန် ကြိုးစားပြီးမှာပင် မူလသားရဲကြီး၏ ကိုယ်ထဲသို့ ဝင်လိုက်ရသောကြောင့် ဆာဘတ်ဇာ၏ အကြံမှာ ပျက်ပြားသွားပုံပင်။

စုချန်းအတွက်တော့ ကံကောင်းခြင်းပင်။ အကာအကွယ်ကြောင့် ပစ္စည်းတိုင်းသည် အသစ်အတိုင်း အသုံးပြု၍ ရနေဆဲပင် မဟုတ်ပါလား။

ထိုအချိန်မှာပင် ပိတ်လော့ အလန့်တကြားနှင့် ထအော်လိုက်၏။

"မြတ်စွာဘုရား ဒါကြီးက မူလသားရဲကြီးရဲ့ အဆီအနှစ်ပါကလား"

ပိတ်လော့၏ လက်ထဲတွင် လက်သီးဆုပ်ခန့့်ရွှေရောင်သလင်းတခု ရှိနေ၏။ ၎င်းသည် ရေမှုန်မွှားများနှင့် ဆင်ဆင်တူပြီး အရောင်တောက်ပနေလေသည်။

မူလသားရဲကြီး၏ အဆီအနှစ်ဟူသည်မှာ တကယ်ကား မူလသလင်း၏ အစိတ်အပိုင်းငယ်တခုပင် ဖြစ်သည်။ မူလသားရဲကြီး၏ မူလသလင်းသည် အလွန်စွမ်းအားကြီးသော်လည်း တာရှည်မတည်ရှိနိုင်ချေ။ ၎င်းသလင်းသည် အချိန်တခုကြာသည်နှင့် သဘာဝနှင့် တသားတည်း ပေါင်းစပ်သွားတတ်ပြီး သေးငယ်သော အစိတ်အပိုင်းသာလျင် ကျနိရစ်ခဲ့တတ်လေသည်။ ၎င်းအစိတ်အပိုင်းကိုပင် မူလသားရဲ၏ အဆီအနှစ်ဟု ခေါ်ကြ၏။

ကုယွဲ့ဟုန် ဆွဲထုတ်ခဲ့သော တောက်ပခြင်းနဂါး၏ သွေးဗီဇဟူသည် အဆိုပါသလင်းနှင့် ရောစပ်နေသော သွေးဗီဇပင် ဖြစ်လေသည်။ သို့မဟုတ်ပါက အဆိုပါသွေးဗီဇသည် ဤမျှလောက်ထိ အစွမ်းမထက်နိုင်ချေ။

"ဒီတကြိမ်တော့ ကျုပ်တို့ ပွပေါက်တိုးတာပဲသခင်"

ပိတ်လော့ ဝမ်းသာအားရနှင့် ထအော်လိုက်လေသည်။

"ခင်ဗျားပြောတာမှန်တယ် ဒါပေမဲ့ ဒီပစ္စည်းတွေကို ကျုပ်တို့ အခုတော့ သုံးလို့ရအုံးမဲ့ပုံမပေါ်ဘူး"

စုချန်း စိတ်ပျက်ဟန်ဖြင့် ရေရွတ်လိုက်သည်။ ပိတ်လော့၏ စကားကြောင့် စုချန်း ရယ်မောလိုက်၏။

"သခင်က ဒီပစ္စည်းတွေကို အသုံးမပြုနိုင်မှာ စိတ်ပူနေတယ်ပေါ့လေ သခင့်နှယ် ဘာတခုမှတောင် မစမ်းသပ်မစစ်ဆေးရသေးပဲနဲ့"

ထိုစကားမှာ အမှန်ပင်။ စုချန်းသည် သွေးဗီဇမလိုသော ကျင့်ကြံခြင်းနည်းစနစ် ဖန်တီးရာတွင် အာရုံစိုက်ထား၏။ တဖက်တွင်လည်း သူသည် သွေးဗီဇမလိုသည့် တိုက်ခိုက်ရေးနည်းစနစ်များ တီထွင်နေခဲ့လေသည်။ အဆိုပါ နှစ်မျိုးလုံးသည် တခြားလူများအား လက်ဆင့်ကမ်း၍ရသလို ထိုအတွက်ကြောင့်ပင် စုချန်းအနေနှင့် ငွေကြေးအမြောက်အများ ပြန်လည်ရရှိခဲ့၏။

သို့သော် စုချန်း လက်ရှိရင်ဆိုင်နေရသည့် အခြေအနေကတော့ တခြားစီပင်။

ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်သို့ ဝင်ရောက်မည့် စုချန်း၏ သုတေသနမှာ မထင်မှတ်လောက်အောင် ချောမွေ့နေ၏။ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်သို့ ဝင်ရောက်ရန်မှာ စိတ်ဝိညာဥ်အပေါ်တွင် အဓိက အခြေခံထား၏။ စုချန်း၏ စိတ်ဝိညာဥ်စွမ်းအင်မှာကား ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်သို့ ဝင်ရောက်ရန် လိုအပ်သည့့်ပမာဏထက်ပင် ပိုနေသေးပေသည်။ စုချန်းမှအပသော တခြားသူများအတွက်ဆိုလျင်လည်း ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်သို့ ဝင်ရောက်လိုပါက စိတ်ဝိညာဥ်စွမ်းအင်အား တိုးပွားစေမည် နည်းစနစ်များအား ကျင့်ကြံအားထုတ်ရန်သာ လိုပေတော့သည်။ စုချန်း၏ အကူအညီပင် မလိုအပ်တော့။ ဆိုလိုသည်မှာ စုချန်းတွင် များစွာသော အချိန်တို့ ပိုနေခဲ့ပေပြီ။

တဖက်တွင်လည်း စုချန်းး ရင်ဆိုင်ရမည့် အခက်အခဲများမှာ အတိတ်နှင့် မတူပဲ ကွဲပြားသွားခဲ့ပေပြီ။ အတိတ်ကာလတွင်တော့ စုချန်းသည် တိမ်တိုက်လင်းနို့ဟူသော မျက်နှာဖုံး၏ နောက်တွင် လုံခြုံစွာ နေနိုင်ခဲ့၏။ ယခုတော့ စုချန်း ဘယ်သူဘယ်ဝါမှန်း တလောကလုံး သိသွားခဲ့ပေပြီ။ ထို့ကြောင့် အချိန်မရွေး နေရာမရွေး အင်အားကြီးသော ရန်သူတို့ ပေါ်လာနိုင်၏။ ထိုအခါ စုချန်းအနေနှင့် ယခင်ထက် များစွာ အင်အားကြီးမားရန် လိုလာခဲ့ပေပြီ။

ပိတ်လော့၏ စကားကိုကြားသည်နှင့် စုချန်း ခေါင်းညိတ်လိုက်သည်။

"ခင်ဗျားပြောတာမှန်တယ် ကျုပ်တို့မှာ အခုလုပ်စရာဆိုလို့ လူပျံတော်တွေကို စောင့်ရုံပဲရှိတော့တာကလား ဒီပစ္စည်းတွေကို သုံးလို့ရအောင် ဘာလို့ မစမ်းသပ်ကြည့်ရမှာလဲ ကိုယ့်လက်ထဲက ရတနာတွေကို သူများ ယူသွားတာ ခံလိုက်ရတဲ့ အနီရောင်နှလုံးသားရဲ့အမှားမျိုး ကျုပ် မလုပ်တော့ဘူး"

"ဒီလိုမှပေါ့သခင်ရာ"

ပိတ်လော့ ဝမ်းသာအားရ ဖြစ်သွား၏။

"တချို့အရာတွေဟာ ကျုပ်တို့ လိုချင်၏ မလိုချင်၏ ဆိုတဲ့အပေါ်မှာ မူတည်တယ် ရတနာတွေ ရှာတွေ့ဖို့ဆိုတာ သူတို့ကို အသုံးချနိုင်မဲ့နည်းလမ်း ရှာဖွေတာထက် ပိုခက်တယ်မလား"

"ခင်ဗျားပြောတာမှန်တယ် ဒီအရင်းအမြစ်တွေကိုသုံးပြီး ကျုပ်ရဲ့ဓားကို ချွန်ထက်အောင် သွေးရလိမ့်မယ်"

စုချန်းက အဓိပ္ပါယ်ပါပါ ပြောလိုက်၏။

"ဒီအရင်းအမြစ်တွေကိုသာ အကုန်အသုံးချနိုင်ရင် စိတ်ကူးကိုယ်ထင်ပြခြင်းနယ်ပယ်ပညာရှင်ကိုတောင် ယှဥ်နိုင်လိမ့်မယ်လို့ ကျုပ် ထင်တယ်သခင်"

အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်အနေနှင့် စိတ်ကူးကိုယ်ထင်ပြခြင်းနယ်ပယ်ပညာရှင်အား လက်ရည်ည်တူယှဥ်နိုင်ခြင်းဟူသည် အံ့သြဘနန်းဖြစ်ရပ်ပင်။

သို့သော် စုချန်းကား ၎င်းကို စိတ်ထဲတွင်ပင် ရှိဟန်မတူ။

စုချန်း၏ မျက်လုံးထဲတွင် စိတ်ထူးကိုယ်ထင်ပြခြင်းနယ်ပယ်ပညာရှင်ကို အသာထား၍ အနှိုင်းမဲ့ကိုယ်ထင်ပြခြင်းနယ်ပယ်ပညာရှင်ကိုပင် ရှိသည်ဟု မှတ်ထားသည် မဟုတ်ချေ။

လူသားတို့၏ သက်တမ်းဟူသည် အကန့်အသတ်နှင့် ဖြစ်သည်။

သို့သော် အသိပညာဟူသည်ကား အကန့်အသတ်မရှိချေတည်း။

***

All Chapters