အခန်း (၆၇-၆၉)
Vol. 5 Ch. 67-69
အခန်း ၆၇ - အင်မော်တယ် သခင်လေးများ...
“ ဒါဖြင့် စီနီယာအစ်ကိုကို အကူအညီတောင်းစရာရှိပါတယ်။ ကျွန်တော်တို့က ချီအဆင့်၁၀ လောက်ရှိတဲ့ တာဝန်တွေကို ရှာနေတာပါ “
လုရီ၏ ခွန်အားမှာ အခြေခံအုတ်မြစ်တည်ထောင်ခြင်းအဆင့်တာဝန်တွေကို ယူလို့ရသည်အထိ သင့်တော်သော်လည်း ယူဖို့ စိတ်ကူးမရှိချေ။ သူဖြည်းဖြည်းမှန်မှန် ကျင့်ကြံနေသရွေ့ ကျင့်ကြံရေးရင်းမြစ်များမှာလည်း မပြတ်သည်မို့ ရင်းမြစ်များပိုရရန်အတွက် ပြိုင်ဆိုင်စရာမလိုပေ။
ပိုင်ယွီလုံနှင့် ကျန့်ဖန်မှာ ချီအဆင့်၁၀ ရှိ စွမ်းရည်များကို ကျေညက်နေပြီဖြစ်သည်။ လုရီ ခန့်မှန်းရသလောက်ဆိုလျှင် ကျန့်ဖန်မှာ မကြာခင် အဆင့်တက်နိုင်တော့မည်ဖြစ်ပြီး ပိုင်ယွီလုံမှာမူ အနည်းငယ်မျှ နောက်ကျနေသေးသည်။
သူတို့သုံးယောက်စလုံးမှာ ငယ်ရွယ်သေးကာ အသက်နှစ်ဆယ်မျှပင် မပြည့်သေး။
ဤ အသက်အရွယ်တွင် အခြေခံအုတ်မြစ်တည်ထောင်ခြင်းနယ်ပယ်သို့ အဆင့်တက်နိုင်ခြင်းမှာ အရည်အချင်းအတော်အတန်ရှိသည်ဟု တိမ်ဖြူဂိုဏ်းတွင် သတ်မှတ်သည်။
ချီသန့်စင်နယ်ပယ် အဆင့်၁၀ အဆင့်တူ ဂိုဏ်းသားအချင်းချင်း တာဝန်တစ်ခုအတူတူယူသည်မှာ ပြဿနာမရှိချေ။
“ တာဝန်အတွက် တခြားလိုအပ်တာတွေများရှိသေးလား “
သက်လတ်ပိုင်းအရွယ်ကျင့်ကြံသူ၏ သူ၏တာဝန်ပေး စာစောင်အား လှန်ကာမေးသည်။
လုရီနှင့် အခြားနှစ်ယောက်မှာ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ဒီအကြောင်းကို ဒီကိုလာသည့်လမ်းတွင် သုံးဦးစလုံးဆွေးနွေးပြီးပြီ ဖြစ်သည်။
လုရီက ရယ်ကာ
“ တိမ်ဖြူဂိုဏ်းနဲ့ သိပ်မဝေးတဲ့နေရာတစ်ခုဖြစ်ရမယ်။ ပြီးတော့ အဖိုးတန်သဘာဝရတနာတွေစုဆောင်းတဲ့ တာဝန်မဖြစ်ရဘူး “
ချီသန့်စင်နယ်ပယ် သမားများမှာ ဓားပျံ
မသုံးနိုင်ကြသေးသည်ဖြစ်ရာ အရှိန်မှာ
မမြန်လှ။ နေရာ ဝေးဝေးသို့ သွားရလျှင် သူတို့အတွက် အချိန် အရမ်းကုန်လိမ့်မည်။
စုဆောင်းရေးတာဝန်များကမူ သိပ်အန္တရာယ်မရှိသော်လည်း ဒုက္ခများလှသည်။ နေရာအမျိုးမျိုးသို့သွားရသည့်အပြင် ကံတရားအပေါ်လည်း မူတည်နေသောကြောင့် အချိန်ကုန်ပေသည်။
ချီသန့်စင်နယ်ပယ် အဆင့်၁၀ ကျင့်ကြံသူများအတွက် အချိန်ဟူသည် ငွေပင်။
သက်လတ်ပိုင်းအရွယ်အမျိုးသားမှာ ခေါင်းကိုညိတ်လိုက်ကာ စာရွက်အချို့ကိုလှန်ပြီးနောက် ပြုံးပြ၏။
“ ညီကိုတို့အတွက် သင့်တော်တဲ့ တာဝန်တစ်ခုရှိတယ်။ မိုဟဲ နိုင်ငံက ဘေးအန္တရာယ်သတင်းပို့ချက်တစ်ခု ရှိတယ်။ သူတို့ရဲ့မြို့တော်က မကောင်းတဲ့ ချီကျင့်ကြံရေးအဆင့် ၁၀ ကျင့်ကြံသူတစ်ယောက်ကြောင့် ဒုက္ခရောက်နေတာမလို့ ကိုင်တွယ်ဖို့ ဂိုဏ်းကလူတွေကို လိုနေတာ။ အငယ်တန်းညီကိုလုရီရော ဒီတာဝန်ကို ယူရင် အဆင်ပြေမလား “
“ မကောင်းတဲ့ ချီအဆင့်၁၀ ကျင့်ကြံသူဟုတ်လား “
လုရီက သူ့ဘေးရှိ ကျန့်ဖန်နှင့် ပိုင်ယွီလုံအား ကြည့်ကာ မျက်ခုံးကိုပင့်လိုက်သည်။
ကျန့်ဖန်က မေး၏။
“ စီနီယာအစ်ကို အဲ့လူဆိုးကောင်မှာ ဘာနောက်ခံတွေရှိသေးလဲ “
လုရီ သိချင်နေသည့်မေးခွန်းပင်။ အင်အားကြီး ကျင့်ကြံသူတို့ မပါဝင်သည့်အခြေအနေမျိုး ဖြစ်ဖို့မျှော်လင့်နေသောကြောင့် ဖြစ်၏။
သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူက စာစဉ်အား လှန်ကာ ပြောလာသည်။
“ ထင်ရှားတဲ့ နောက်ခံတော့မရှိဘူး။ ဒီကို အကူအညီမတောင်းခင် မိုဟဲ နိုင်ငံက ချီအဆင့်၁၀ ရှိတဲ့ တာဝန်ရှိကျင့်ကြံရေးသမားတစ်ယောက်က အဲ့မကောင်းတဲ့ကောင်နဲ့ တိုက်ခိုက်ခဲ့ပေမဲ့ နှစ်ယောက်လုံး ဒဏ်ရာကိုယ်စီပြီး မကောင်းတဲ့ကျင့်ကြံသူက ရှောင်ပြေးသွားတာတဲ့။ အခုမကြာသေးခင်ကမှ ပြန်ပေါ်လာပြီး ဒဏ်ရာရနေတဲ့ တာဝန်ရှိကျင့်ကြံသူရဲ့ ဒဏ်ရာတွေကလည်း မကျက်သေး၊ တခြားကိုင်တွယ်နိုင်တဲ့ ကျင့်ကြံသူကလည်းမရှိဘူးဆိုတော့ ငါတို့ဆီ အကူအညီတောင်းလာတာပဲ။ မကောင်းတဲ့ ကျင့်ကြံသူက နတ်ဆိုးစွမ်းရည်တွေကို ကျင့်ကြံထားတယ်ဆိုတာကလွဲပြီး ဘာထူးခြားတဲ့ အချက်မှမရှိဘူး “
လုရီနှင့် သူငယ်ချင်းများမှာ စိတ်သက်သာရာရသွားလေသည်။ မကောင်းသည့် လမ်းသို့ ရွေးချယ်ကြသည့် အချို့သောကျင့်ကြံရေးသမားများတွင် နတ်ဆိုးစွမ်းရည်ရှိလေ့ရှိကြသည်မှာ အမှန်ပင်။
အချို့သော လူများမှာ သာမန်လူဘဝမှ အစွမ်းရရှိသွားကာ မိမိစိတ်ကိုယ် မထိန်းနိုင်သည့်အတွက် နတ်ဆိုးစွမ်းရည်ကို လေ့ကျင့်ကြရာ ပင်ကိုယ်စရိုက်မှာ သိသာထင်ရှားစွာပြောင်းလဲသွားပြီး အန္တရာယ်ပေးလေ့ရှိကြသည်။
နှစ်တိုင်း တိမ်ဖြူဂိုဏ်းတွင် ဒီလိုတာဝန်များရှိလေ့ရှိပြီး အပြင်ဂိုဏ်းတွင်ရှိနေတုန်းကလည်း လုရီ ကိုင်တွယ်ခဲ့ဖူးသည်။
“ ဒါဖြင့် ဒီတာဝန်ကို ယူလိုက်ကြတာပေါ့ “
လုရီက ရယ်မောကာပြောသည်။
“ ကောင်းပြီ ဒါဆိုဒီတာဝန်က မင်းတို့ယူရမှာဖြစ်သွားပြီ”
သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူက ဆက်ပြောလာသည်။
“ လက်မှတ်အဆောင်တွေထုတ်ပေးပါဦး စာရင်းသွင်းပေးမယ် “
လုရီနှင့် သူငယ်ချင်းများမှာ စာရင်းသွင်းရန် လက်မှတ်အဆောင်များကို ထုတ်လိုက်ကြသည်။
စာရင်းသွင်းပြီး မကြာခင်မှာပဲ တာဝန်ကိုလက်ခံကာ အလုပ်ခန်းမဆောင်မှ ထွက်လာခဲ့ကြသည်။
ထို့နောက် သုံးယောက်သား အတွင်းဂိုဏ်း၏ စိတ်ဝိဉာဉ် သားရဲခန်းမသို့သွားကာ ချီသန့်စင်နယ်ပယ်ရှိ ချိုတစ်ချောင်းပါသော စိတ်ဝိဉာဉ်မြင်း တစ်ကောင်စီ ငှါးလိုက်ကြသည်။
ချီသန့်စင်နယ်ပယ် ကျင့်ကြံသူများအနေ
ဖြင့် ကောင်းကင်မှ ပျံသန်းဖို့ မဖြစ်နိုင်သေး
သည့်အတွက် သွားလာရေးအတွက် ချီသန့်စင်နယ်ပယ် သားရဲများကို လိုအပ်သည်။
ပြင်ဆင်ပြီးနောက် သုံးယောက်သား မြင်းကိုယ်စီစီးကာ အတွင်းဂိုဏ်း၏ တောင်တန်းတွေကြားမှ တစ်ဆင့် အပြင်ဂိုဏ်း၏ တောင်တန်းဒေသသို့ ရောက်လာသည်။
လုရီသည် အစက အဖိုးကြီးလုနှင့် အမေ့ဆီဝင်ဖို့ကြံရွယ်ထားသော်လည်း တာဝန်ပြီးဆုံးပြီး ပြန်လာမှ ဝင်သည်က ပိုကောင်းမည်ဟုတွေးလိုက်သည်။ နှစ်သစ်ကူးရောက်ခါနီးပြီမို့ အိမ်တွင် မိသားစုနှင့်အတူ အချိန်ဖြုန်းနိုင်သည်။
ထို့ကြောင့် သုံးယောက်သား တိမ်ဖြူဂိုဏ်းမှထွက်ခွါကာ ချိုတစ်ချောင်းနှင့် စိတ်ဝိဉာဉ်မြင်းများကို စီးလျက် မိုဟဲ နိုင်ငံသို့ ခရီးနှင်လိုက်ကြတော့သည်။
ချိုတစ်ချောင်းပါ စိတ်ဝိဉာဉ်မြင်းများမှာ
ချီသန့်စင်နယ်ပယ်ရှိ အားကြီးသောမြင်းများဖြစ်ကာ သာမန်မြင်းများဖြင့် ယှဉ်၍မရဘဲ တစ်ရက်တည်းနှင့် မိုင်ပေါင်းသောင်းချီ သွားနိုင်သည်။
ချင်းကျိုးတိုက်ကြီးမှာ အင်မတန်ကြီးမားပြီး တိမ်ဖြူဂိုဏ်းက တိုင်းပြည်ကြီး၊ တိုင်းပြည်ငယ်အချို့ကို ထိန်းချုပ်ထားသည်။
ကြီးမြတ်သည့် မိုဟဲ နိုင်ငံမှာ သိပ်မဝေးလှသော်လည်း ကီလိုမီတာ တစ်သောင်းခန့် အဝေးတွင် တည်ရှိ၏။
လုရီနှင့် အဖော်နှစ်ယောက်မှာ ကြားထဲတွင် ပြတ်တောင်းပြတ်တောင်းနားရင်း မြင်းစီးသွားကြရာ မိုဟဲ နိုင်ငံသို့ရောက်ရန် တစ်ပတ်ခန့်ကြာသွားသည်။
မိုဟဲ နိုင်ငံ၏ အဓိကမြို့တော်အား မြင့်မားသည့် နံရံများဖြင့် ကာရံထားပြီး မြို့တံခါးများအား လုံခြုံရေးအပြည့်ဖြင့် စောင့်ကြပ်လျှက်ရှိသည်။ မြို့သူမြို့သားများမှာ အစောင့်စစ်သားများဆီက စစ်ဆေးမေးမြန်းခြင်းကို ခံပြီးမှသာ ဝင်ထွက်သွားလာနိုင်သည်။
မြို့စောင့်တပ်မှူး၏ အမည်မှာ ချီမင် ဖြစ်ပြီး မုတ်ဆိတ်မွေးအပြည့်ဖြင့် တုတ်ခိုင်သန်မာသော လူကြီးတစ်ယောက်ဖြစ်သည်။
သူက မြို့နံရံပေါ်တွင်ရပ်လျှက် အောက်ရှိ မြို့သူမြို့သားများအား သေချာစွာကြည့်ကာ ရေရွတ်သည်။
“ အခုတလော အမြတ်သိပ်မရဘူးပဲ “
သူ၏ လက်ထောက်က ဟောင်းနွမ်းစုတ်ပြတ်စွာ ဝတ်ဆင်ထားသော မြို့သားများအားကြည့်ကာ ခေါင်းကိုခါလျက်
“ ဒီနေ့ မိုးခေါင်ရေရှားတာ သခင်ချီလည်းသိပါတယ်။ လယ်သမားတွေ ဆင်းရဲကုန်တာမလို့ သူတို့ဒေသကနေ တစ်ခါတည်းထွက်လာရတဲ့ ဒုက္ခသည်အများစုက မြို့ထဲကိုဝင်ရင် တံစိုးလက်ဆောင်နည်းနည်းပဲပေးနိုင်ပါတော့တယ် “
ချီမင်က နှာခေါင်းရှုံ့ကာ မကျေနပ်သည့်ပုံ
နှင့်
“ ဒီဆင်းရဲသားတွေက ပိုက်ဆံမရှိရင်လည်း ဘာလို့ မြို့တော်ကိုလာနေကြသေးလဲ “
ထို့နောက် အဝေးရှိ ဖုန်ထနေသောလမ်းသို့ လမ်းကြည့်လိုက်သည်။ ကိုယ်ခံပညာတတ်ကျွမ်းသူဖြစ်တာနှင့်အညီ သူ၏ မျက်လုံးမှာ စူးရှ၏။
ဖုန်တွေ၏ ရှေ့တွင်တော့ ချိုတစ်ချောင်းပါ ထူးဆန်းသည့် သားရဲများကို စီးနင်းလာသည့် ဝတ်ရုံဖြူဝတ် လူငယ်သုံးယောက် ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည်။
ထိုထူးဆန်းသည့် သားရဲများမှာ ချီမင်၏ နှလုံးသားကို တုန်လှုပ်စေသော်လည်း အမှန်တကယ် ကြောက်ရွံ့စေသည့်အရာမှာ အဖြူရောင်ဝတ်ရုံများ ဝတ်ဆင်ထားသည့် ထိုလူငယ်သုံးယောက်ဖြစ်သည်။
ဒီဝတ်ရုံက တိမ်ဖြူအတွင်းဂိုဏ်းသားတွေရဲ့ ဝတ်ရုံပဲ !
ချီမင်၏ မျက်နှာမှာ ပြောင်းလဲသွားကာ နှာဖူးတွင် ချွေးစေးများစို့လျှက် ပျာယာခတ်စွာပြော၏။
“ မြန်မြန်။ တိမ်ဖြူဂိုဏ်းက အင်မော်တယ်သခင်လေးတွေကို ကြိုဆိုဖို့ လုပ်ကြဟေ့။ တစ်ခုခုမှားလို့ကတော့ အရှင်လတ်လတ် အရေခွံဆုတ်ပစ်မယ် “
သူ၏ အသံကိုကြားသော မြို့စောင့်တပ်သားတွေ၏ မျက်နှာမှာ ထိတ်လန့်ကာ မတ်မတ်ရပ်ကုန်ကြသည်။
မြို့တွင်းသို့ ဝင်နေကြသော သာမန်လူများမှာလည်း အင်မော်တယ်သခင်လေးတွေ လာသည်ဟု ကြားသည့်အခါ မြို့တံခါးကို ပိတ်မရပ်ရဲသောကြောင့် ရိုသေသမှုဖြင့် လမ်းဖယ်ပေးကြသည်။
ချီမင်မှာ သူ၏လက်ထောက်နှင့် အခြားသော မြို့စောင့်အရာရှိများနှင့်အတူ ဂိတ်တံခါးပေါ်တွင် တည်ကြည်စွာ ရပ်နေ၏။
မြင်းများပေါ်ရှိ လုရီနှင့်အဖော်နှစ်ယောက် မိုဟီမြို့တော် တံခါးဝကိုရောက်သည်နှင့် ဂိတ်စောင့်တပ်အား သတိပြုမိကြသည်။
လုရီအတွက်တော့ မမျှော်မှန်းထားသည့်အရာပင်။
တိမ်ဖြူဂိုဏ်းက ထိန်းချုပ်ထားသော တိုင်းပြည်များအတွင်းတွင် ဂိုဏ်းသားများမှာ အတော်လေးရိုသေလေးစားခံရပြီး အပြင်ဆောင်ဂိုဏ်းမှ လာသူဆိုလျှင်ပင် တရိုတသေနှင့် ဆက်ဆံကြသည်။
ယခုမှာမူ အတွင်းဂိုဏ်းသားများ ဖြစ်ကြသောကြောင့် သေချာပေါက် အံ့ဩဖွယ်ကောင်းလောက်သည်အထိ ဆက်ဆံကြပေသည်။
စပ်စုလိုစိတ်၊ ကြည်ညိုစိတ်၊ ချစ်ခင်စိတ်နှင့် ကြောက်ရွံ့စိတ်တို့ဖြင့် ကြည့်နေကြသော လမ်းဘေးရှိ မြို့သူမြို့သားများ၏ အကြည့်များကို လုရီ သတိထားမိသည်။
သာမန်လူများအတွက်ဆိုလျှင် ကျင့်ကြံသူများမှာ လက်လှမ်းမမှီသည့် လူများပင်။
ဆန်းကြယ်သည်၊ လေးစားဖွယ်ကောင်းသည်၊ အစွမ်းကြီးသည် ပြီးတော့ ကြောက်စရာကောင်းသည်။
လုရီ နွမ်းပါးစွာဝတ်ထားကြသော မြို့သားများအားကြည့်ကာ မျက်ခုံးပင့်လိုက်မိ၏။ ဒီနှစ်အတွင် အပြင်လူတို့ထံတွင် ခက်ခဲနေသည်ဟု သတိပြုမိလိုက်သည်။
ကျင့်ကြံရေးလောကရှိ ပတ်ဝန်းကျင်နှင့်မတူဘဲ တိုင်းပြည်ရှိ လူများမှာ ရှေးခေတ်ကာလများကလို သဘာဝဘေးအန္တရာယ် အသေးစားဖြင့်ကြုံတွေ့လျှင်ပင် အများအပြား သေကျေလေ့ရှိကြသည်။
ဘဝများမှာ နုနယ်လှ၏။
လုရီ ဆင်ခြင်မိနေတုန်းမှာပဲ ချီမင်နှင့်အခြားလူများက ခါးကိုင်းပြီးထားကြပြီး ဖြစ်သည်။ ချီမင်က ကျယ်လောင်စွာ နှုတ်ဆက်လိုက်၏။
“ တိမ်ဖြူဂိုဏ်းမှ ရောက်လာတဲ့ အင်မော်တယ်သခင်လေးတို့ကို နွေးထွေးစွာကြိုဆိုပါတယ် “
လုရီအသိပြန်ဝင်လာပြီး တစ်ချက်ကြည့်ကာ နှုတ်ဆက်လိုက်သည်။
“ ဒါဆို ဝင်ခွင့်ပေးပါဦး “
“ ကောင်းပါပြီ “
ချီမင်က နောက်ထပ်ဘာမှ မပြောရဲတော့သည့်နှယ် လမ်းကို လျင်မြန်စွာဖယ်ပေးလိုက်ရာ တခြားသူများကပါ ဖယ်ပေးကြသည်။
လုရီနှင့် အဖော်နှစ်ယောက်မှာ ချိုတစ်ချောင်းပါသော စိတ်ဝိဉာဉ်မြင်းများကို စီးကာ မြို့တံခါးထဲသို့ ဝင်သွားကြတော့လေသည်။
---------------
အခန်း ၆၈ -သာမန်လူတွေရဲ့ ဆင်းရဲဒုက္ခ...
~မြို့တံခါးကို ဖြတ်ကျော်ပြီးနောက် တံခါးအပြင်ရှိ မြင်ကွင်များနှင့် အထဲရှိမြင်ကွင်းမှာ ခြားနားကြောင်း လုရီ တွေ့မြင်လိုက်ရသည်။
မြို့တော်အပြင်တွင် အတော်လေး ခြောက်ကပ်သော်လည်း အထဲတွင်မူ မမျှော်လင့်ဘဲ လူတို့ အုတ်အုတ်ကျက်ကျက်ရှိနေသည်။
မရပ်မနားခေါ်ရောင်းနေကြသော လမ်းဘေးဆိုင်များ၊ အထည်ရောင်းသည့်လမ်း၊ ပေါင်ဒါ၊ အပေါင်ဆိုင်၊ လက်ဝတ်ရတနာ ရောင်းသည့်လမ်း စသည်ဖြင့် ပြည့်နှက်နေသည်။
လမ်းမပေါ်တွင် လမ်းသွားလမ်းလာတို့မရှိတော့။ ချိုတစ်ချောင်းနှင့် စိတ်ဝိဉာဉ်မြင်းများအားမြင်သည့်အခါ မျက်နှာထားများပြောင်းလဲကာ လမ်းဖယ်ပေးကြကုန်သည်။
ထိုမြင်းများမှာ သာမန်မြင်းများမဟုတ်တာ သေချာသည့်အတွက် စီးနင်းလာသည့်သူများမှာလည်း သာမန်လူများ ဖြစ်နိုင်ပါ့မလား။
မြင်းပေါ်ရှိ ပိုင်ယွီလုံမှာ မြူးကြွရွှင်လန်းစွာပြုံးပြီးပြောလာ၏။
“ တောက် တောက် တောက် ။ သာမန်လူတွေရဲ့ မြို့က ငါတို့ ဂိုဏ်းနဲ့ တကယ့်ကိုကွာတာပဲ။ ပိုပြီး အသက်ဝင်တယ် “
ကျန့်ဖန်သည်ပင် ငြင်းချက်မထုတ်ဘဲ ထောက်ခံသည်။ တိမ်ဖြူဂိုဏ်းမှာ အင်မတန်လှပသည်မှာ မှန်သော်လည်း
ကျင့်ကြံသူများစုဝေးနေသည့်အတွက် အေးအေးဆေးဆေး ဖြစ်လွန်းသည်။
ထိုအချိန်မှာပဲ ပိုင်ယွီလုံ၏ ချောမောသော မျက်နှာတွင် ထူးဆန်းသည့် အပြုံးတစ်ခုပေါ်လာကာ
“ ဒါနဲ့ ငါတို့ခနနေကျရင် ဇိမ်ခံနယ်မြေကိုသွားကြမလား။ ငါပြောပြမယ် အဲ့က မိန်းကလေးတွေ ပိုပြီး ချိုချိုသာသာပြောတတ်တဲ့အပြင် တွေးပေးတတ်သေးတယ် ဂိုဏ်းက ညီမတွေအစ်မတွေနဲ့တော့ တခြားစီပဲ “
ကျန့်ဖန်မှာ အံ့ဩသွားကာ မျက်နှာတွင် သူ၏ သာမန်မျက်နှာတွင် မနှစ်မြို့သည့်အကြည့်ပေါ်လာပြီး ပိုင်ယွီလုံအား စိုက်ကြည့်ကာ
“ မင်းအဲ့လိုနေရာတွေကို သွားတတ်တယ်လား “
လုရီကလည်း ပိုင်ယွီလုံအား ထူးဆန်းသည့် အကြည့်ဖြင့်ကြည့်ကာ
“ စီနီယာညီကို ယွီလုံလို ထူထဲတဲ့ မျက်လုံး မျက်လုံးကျယ်ကျယ် မျိုးနဲ့ဆို ကောင်မလေးတွေကြားမှာရေပန်းစားမယ်လို့ ဘယ်သူကထင်မှာလဲ “
ကျန့်ဖန်နှင့်လုရီဆီမှ ထူးဆန်းသည့်
အကြည့်ဖြင့် အကြည့်ခံနေရသော
ပိုင်ယွီလုံ၏ မျက်နှာမှာ ရဲသွားကာ ပက်ခနဲပြန်ပြောသည်။
“ အဲ့တော့ဘာဖြစ်လဲကွာ။ ငါက သိုင်းပညာကျင့်တာလေ ၊ ဗြဟ္မစရိယကျင့်တာမှမဟုတ်တာ ဘာလို့ မသွားရမှာလဲ “
ထို့နောက် သူကဘ လုရီတို့ နှစ်ယောက်အား အထင်သေးသည့် အကြည့်ဖြင့်ကြည့်ကာ
“ ကြည့်ရတာ မင်းတို့နှစ်ယောက်လုံး လူပျိုလေးတွေထင်တယ် “
ကျန့်ဖန်က ပုံမှန်အတိုင်းရယ်လိုက်ကာ
“ လူပျိုဖြစ်တော့ရော ဘာဖြစ်လဲ။ ကျင့်ကြံသူတစ်ယောက်အနေနဲ့ အဲ့လိုလောကီဆန္ဒတွေကနေ ဝေးဝေးမနေသင့်ဘူးလား “
...မဟုတ်ဘူး ကျွန်တော့်မှာလည်း လောကီဆန္ဒတွေအများကြီးရှိတယ်။...
လုရီ စိတ်ထဲက ညည်းတွားလိုက်သည်။
ထို့နောက် ရွှေလက်ချောင်းကနေ သူမတူအောင်လှပသည့် နတ်သမီးလေး ဒါမှမဟုတ် သူတော်စင်မ အလှကလေးတွေကို မတောင်းဆိုသင့်ဘူးလား။ ဥပမာ သူ့ရဲ့ ဒုစီနီယာ ညီမလေးနဲ့ စီနီယာအစ်မလျိုနင်ရွှမ်း လိုပေါ့။
မဟုတ်လျှင် သူ့ထက်အရင် ဝိဉာဉ်ကူးပြောင်းခဲ့သူများအား မလေးစားရာမကျပေဘူးလား။
လုရီက လေးနက်သည့်အကြည့်တစ်ချက်ဖြင့် တုံ့ပြန်လိုက်သည်က
“ စီနီယာညီကို ကျန့်ဖန်ပြောတာမှန်တယ်လို့ ထင်တယ် “
ဟူ၍ပင်။
ကျန့်ဖန်က တဟားဟား ရယ်ကာ
“ တွေ့လား အငယ်တန်းညီကို လုကတောင် သဘောတူတယ် “
ပိုင်ယွီလုံမှာ မဲ့ရွဲ့သွားပြီး ယပ်တောင်ကိုခတ်ကာ
“ ဟင်း မင်းတို့နှစ်ယောက်ကတော့ တကယ့် လောကီစည်းစိမ်တွေကို မခံစားတတ်တာပဲ “
ကျန့်ဖန်က နှုတ်ခမ်းများမကွေးချင် ကွေးချင်ကွေးနေသည့် အချိန်တွင် လုရီကမူ နည်းနည်းတော့ သိချင်နေမိသည်။
ဆိုတော့ တကယ့်လောကီစည်းစိမ်တွေဆိုတာ ဘာများလဲ။
ပိုင်ယွီလုံအား မေးမိတော့မည့်အချိန်တွင် သူ၏ ကြီးကျယ်သော ရည်မှန်းချက်များကို တွေးမိသွားသည့်အတွက် ခေါင်းကိုသာခါလိုက်သည်။
သူ့ရည်မှန်းချက်တွေကို လွှတ်ချပစ်လို့မဖြစ်ပါ။
စကားပြောနေကြရင်း အဓိကလမ်းမကြီးတစ်လျှောက် သွားလိုက်ရာ မကြာခင်မှာပဲ တော်ဝင်နန်းတော်သို့ ရောက်ရှိလာသည်။
နန်းတော်စောင့်တပ်သားတို့မှာ လုရီတို့ကိုမြင်တွေ့သောအခါ မျက်လုံးများပြူးကျယ်သွားကြလေသည်။
အရာရှိနှင့်တူသော သက်လတ်ပိုင်းအရွယ်လူက လေးစားစွာပြောသည်။
“ တိမ်ဖြူဂိုဏ်းက ရောက်လာတဲ့ အင်မော်တယ် သခင်လေး သုံးယောက်ပါလား “
လုရီကခေါင်းကိုညိတ်ကာ ပြုံးပြလိုက်သည်။
“ အင်း ကျွန်တော်တို့က မိုဟဲတိုင်းပြည် ဘုရင်မင််းမြတ်ကိုကူညီပေးဖို့ ဂိုဏ်းကပေးအပ်လိုက်တဲ့ တာဝန်ကို ထမ်းဆောင်ဖို့ လာကြတာ “
ထိုအခါ သက်လတ်ပိုင်းအရွယ်အမျိုးသားမှာ အလျင်အမြန် ရိုကျိုးစွာဖြေလာသည်။
“ အရှင်မင်းမြတ်က တိမ်ဖြူဂိုဏ်းက အင်မော်တယ်သခင်လေး တွေရောက်လာတာနဲ့ သူ့ဆီတစ်ခါတည်း ပို့ဖို့ ညွှန်ကြားထားပါတယ်။ ကျေးဇူးပြုပြီး နောက်ကလိုက်လာခဲ့ပေးပါ သခင်လေးတို့ “
လုရီတို့မှာ စိတ်ဝိဉာဉ်မြင်းတို့အားစီးလျက် သက်လတ်ပိုင်းအမျိုးသားနောက်မှ လိုက်သွားကြရာ ခန်းမဆောင်အကျယ်ကြီးတစ်ခု၏ အပြင်ဘက်သို့ရောက်လာကြသည်။
ဝင်ပေါက်တွင် လူအချို့ရှိပြီး အဝါရောင်ဝတ်ရုံဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ်အမျိုးသား၏ဘေးတွင် ဖြူဖျော့နေသောမျက်နှာနှင့် ဆံပင်ဖြူနေသော အကြီးအကဲက ဦးဆောင်ကာ ဘေးတွင်လူအချို့ရပ်ကာနေသည်။
လုရီကြည့်လိုက်ရာ သက်လတ်ပိုင်းအရွယ် အမျိုးသားမှာ မိုဟဲ တိုင်းပြည်၏ ဘုရင်မင်းမြတ်ဖြစ်မည်ဟု သတိထားမိလိုက်သည်။
ဆံပင်ဖြူနှင့်အကြီးအကဲမှာမူ ချီသန့်စင်နယ်ပယ် အဆင့်၁၀ ရှိသူဖြစ်သော်လည်း ထိခိုက်ထားသည့်နှယ် အသက်ရှုပုံက အားနည်းနေသည်။
ထိုသူမှာ မိုဟဲ တိုင်းပြည်၏ တာဝန်ရှိကာကွယ်ရေးသမား ဖြစ်ရမည်။
ဘေးရှိလူထဲမှ နှစ်ယောက်မှာ ချီသန့်စင်နယ်ပယ် ဖြစ်သော်လည်း အဆင့်သိပ်မမြင့်လှ။ အခြားသော လူငယ်များမှာမူ မင်းသား ဒါမှမဟုတ် တစ်ခုခုဖြစ်နိုင်သည်။
လုရီနှင့် အပေါင်းအဖော်များဆီသို့ မိုဟဲဘုရင်မင်းမြတ်နှင့် အခြွေအရံများက လျှောက်လာပြီး လက်တွေကိုစုကာ အရိုအသေပေးကြသည်။
“ တိမ်ဖြူဂိုဏ်းက အင်မော်တယ်သခင်လေးသုံးယောက်ကို မိုလင်း နှုတ်ဆက်ပါတယ် “
ဆံပင်ဖြူနှင့် အသက်ကြီးကြီးလူကလည်း လက်တွေကိုစုကာ
“ စီနီယာညီကို သုံးယောက်လုံးကို လီချင်း နှုတ်ဆက်ပါတယ် “
ကျန်နေသည့် လူများကလည်း
“ အင်မော်တယ် သခင်လေးတွေကို နှုတ်ဆက်ပါတယ် “
လုရီတို့သုံးယောက်မှာ မြင်းပေါ်ကဆင်းပြီးနောက် လုရီကပြုံးပြကာဆိုသည်။
“ ကြင်နာလွန်းပါတယ် အရှင်မင်းမြတ်။ ကျွန်တော်တို့ကမကောင်းတဲ့ ကျင့်ကြံသူတွေကို ဖယ်ရှားဖို့အတွက် ဂိုဏ်းကစေလွှတ်လို့ လာခဲ့တာပါ “
ပိုင်ယွီလုံက အသက်ကြီးကြီးလူ လီချင်း အံ့အားသင့်စွာကြည့်ကာ
“ ကျွန်တော်တို့ကို စီနီယာညီကိုတွေလို့ ခေါ်လိုက်တာလား “
ထိုအခါ လီချင်း၏ မျက်နှာမှာ အတိတ်ကို လွမ်းဆွေးသောပုံဖြင့် ပြောလာသည်။
“ ကျွန်တော်ငယ်ရွယ်စဉ်က တိမ်ဖြူအပြင်ဂိုဏ်းသားတစ်ယောက်ဖြစ်ခဲ့ပေမဲ့ အတွင်းဂိုဏ်းကို မဝင်နိုင်ခဲ့တဲ့အတွက် ဂိုဏ်းကထွက်လာခဲ့ပြီး ဆယ်စုနှစ်တွေအကြာမှာပဲ မိုဟဲ တိုင်းပြည်ရဲ့ တာဝန်ရှိကာကွယ်သူ ဖြစ်လာတာပါ။ စီနီယာညီကိုသုံးယောက်က အတွင်းဂိုဏ်းကလူတွေမို့ လီချင်က အငယ်တန်းလူတစ်ယောက်ပါပဲ “
ဒါကို ကြားမှ လုရီတို့ အခြေအနေကိုသဘောပေါက်သွားရသည်။
အပြင်ဂိုဏ်းတွင် သတ်မှတ်ထားသည့်အချိန်အတွင်း အခြေခံထူထောင်ခြင်းအဆင့်သို့ မဖောက်ထွက်နိုင်ခဲ့ပါက ဂိုဏ်းတွင်ဆက်နေလို့မရပေ။
ထိုသို့သော ဂိုဏ်းသားများမှာ တိမ်ဖြူဂိုဏ်းအား ကိုယ်စားပြုကာ လောကီရေးရာကိစ္စများမှာ ကိုယ်တွယ်ခြင်း ဒါမှမဟုတ် အတွင်းဂိုဏ်းတွင် အစေခံဂိုဏ်းသားများလုပ်ကာ ဆက်လက်ကျင့်ကြံခြင်းတို့ ပြုလုပ်ကြလေသည်။
တချို့မှာမူ တိမ်ဖြူဂိုဏ်းကနေ အဝေးတစ်နေရာသို့ ခရီးသွားကြသည်။
လီချင်းကဲ့သို့သော ဂိုဏ်းသားများမှာ တိမ်ဖြူဂိုဏ်းတွင် မနည်းလှပေ။
လီချင်း၏ နှုတ်ဆက်ခြင်းကို ခံရသည့် သုံးဦးလုံး ပြုံးပြကာ
“ ဆိုတော့ ဒါက အငယ်တန်းအစ်ကို လီချင်းပေါ့ “
ဂိုဏ်းသားအချင်းချင်းမို့ ပိုရင်းနှီးသလိုခံစားလိုက်ရပေသည်။
လုရီတို့၏ ဖော်ရွေသော မျက်နှာထားကိုမြင်မှသာ မိုဟဲ ဘုရင်မင်းမြတ်နှင့် အခြားလူတို့ သက်ပြင်းချနိုင်ကြသည်။
“ သခင်လေး သုံးယောက်လုံး ခရီးဝေးကလာရတာဆိုတော့ ပင်ပန်းနေမှာပဲ။ ရက်အနည်းငယ်လောက်နားလိုက်ပါလား။ တစ်ခုခုလိုတယ်ဆိုရင် တောင်းလို့ရပါတယ် “
ထိုစကားကိုကြားသည့် ပိုင်ယွီလုံ၏ မျက်လုံးတို့မှာ ဝင်းလက်သွားကာ
“ အင်း ဒါဆိုလည်း နားရမှာ ကိစ္စမရှိတော့ဘူးပေါ့ “
ဘေးတွင်ရပ်နေသော ကျန့်ဖန်က သူ့အားကြည့်ကာ ကန့်ကွက်လာ၏။
“ သူ့စကားကိုနားမထောင်ပါနဲ့။ ဒီကို တာဝန်ထမ်းဆောင်ဖို့ ရောက်နေတာဆိုတော့ အခြေအနေကို အရင်ပြောကြရအောင် “
ပိုင်ယွီလုံမှာ ကျန့်ဖန်အား မကျေမနပ်ကြည့်ကာ မိုဟဲဘုရင်၏ အကြံကို ဝိုင်းထောက်ခံမလားဟူသော မျှော်လင့်ချက်ကလေးဖြင့် လုရီအား လှည့်ကြည့်လာသည်။
လုရီကရယ်လိုက်ကာ
“ စီနီယာအစ်ကို ကျန့်ဖန်ပြောတာမှန်ပါတယ်။ လုပ်စရာရှိတာကိုပဲ အရင်ဆွေးနွေးကြတာပေါ့ “
လုရီကပါ ထိုသို့ပြောလာသောအခါ ပိုင်ယွီလုံမှာ စိတ်ပျက်သွားသည့်ပုံနှင့်
“ ကောင်းပြီလေ ဒါဆိုလည်း “
မိုဟဲ တိုင်းပြည်၏ ဘုရင်မှာ ထိုစကားများကြောင့် အနားယူဖို့မပြောတော့ဘဲ
“ ဒီလိုဆိုမှဖြင့် ခန်းမဆောင်ထဲဝင်ပြီး ဆွေးနွေးကြတာပေါ့။ တိုင်းပြည်ရဲ့တာဝန်ရှိကာကွယ်သူက သခင်လေးသုံးယောက်ကို အသေးစိတ်ရှင်းပြပါလိမ့်မယ် “
လုရီခေါင်းညိတ်လိုက်ကာ သုံးယောက်သား မိုဟဲ အရှင်ဘုရင်၏ တော်ဝင်နန်းတော်ထဲသို့ ဝင်လိုက်ကြသည်။
နေရာယူပြီးသည်နှင့် လီချင်းက လုရီအားကြည့်ကာ
“ အခြေအနေကဒီလိုပါ။ လွန်ခဲ့တဲ့လေးလလောက်တုန်းက ပျောက်သွားတာကနေ မြို့ထဲမှာ ပြန်ပေါ်လာခဲ့ပါတယ်။ အစကတော့ အမှုနည်းနည်းပဲရှိခဲ့ပေမဲ့ သိပ်မကြာခင်မှာပဲ ပြောင်ပြောင်တင်းတင်းကျူးလွန်လာတဲ့အပြင် ပျောက်ဆုံးနေတဲ့ လူအရေအတွက်ပါ တိုးလာပါတယ်။ လွန်ခဲ့တဲ့တစ်လက သဲလွန်စတွေကို ခြေရာကောက်ရင်း မကောင်းတဲ့ကျင့်ကြံသူရှိတဲ့နေရာကို ခြေရာခံမိတဲ့အတွက် တိုက်ခိုက်ကြရင်း နှစ်ယောက်လုံးဒဏ်ရာရသွားတာပဲ။ ဝန်ခံရမှာ ရှက်စရာကောင်းတယ်ဆိုပေမဲ့ ကျွန်တော့်ရဲ့ ကြီးရင့်တဲ့ အသက်အရွယ်ကြောင့် ပြန်ကောင်းဖို့က ကြာပါဦးမယ်။ အဲ့အချိန်မှာပဲ အဲ့လူဆိုးကောင်က ပြစ်မှုတွေကို ထပ်ကျူးလွန်နေတုန်းပါ။ ချီအဆင့်၁၀ ရှိတဲ့ကျင့်ကြံသူကလည်း ကျွန်တော်တစ်ယောက်တည်းရှိတာမလို့ ဘယ်လိုမှမတတ်နိုင်တော့တဲ့အတွက် တိမ်ဖြူဂိုဏ်းကို အကူအညီတောင်းခဲ့တာပါ “
အပြန်အလှန်ကြည့်ကာ နားထောင်နေသည့် လုရီတို့၏ မျက်နှာများမှာ ဒေါသရိပ်တို့ဖြတ်ပြေးနေသည်။
ပိုင်ယွီလုံက ခေါက်ယပ်တောင်ကို ဝုန်းခနဲ ရိုက်ချလိုက်ရင်း
“ ကျင့်ကြံရေးအတွက် လူတွေကို ပြန်ပေးဆွဲတယ်ဆိုတာ နတ်ဆိုးစွမ်းရည်အတွက် လတ်ဆတ်တဲ့သွေးကို လိုလို့ပဲ။ နတ်ဆိုးကျင့်ကြံသူတွေက တကယ့်ကို သေဖို့ပဲ ထိုက်တန်တယ် “
မိုလင်းကို ကြည့်နေသော ကျန့်ဖန်၏ မျက်ခုံးများမှာလည်း တွန့်ကွေးကာ
“ လွန်ခဲ့တဲ့ လေးလကထဲကဆိုတော့.. သေသွားတဲ့ လူအရေအတွက်လည်း နည်းမှာမဟုတ်ဘူးမလား “
မိုလင်းက ခါးသက်စွာ ပြောလာသည်။
“ မိုးခေါင်ရေရှားမှုကြောင့် ဒီနှစ် တော်ဝင်မြို့တော်ကိုပြောင်းလာတဲ့ လူတွေများတဲ့အတွက် ဒီသူဆင်းရဲတွေကို ရေတွက်ဖို့ ခက်ခဲလှပါတယ်။ သူတို့ပျောက်သွားရင်တောင် သတိထားမိဖို့ ခဲယဉ်းတာမလို့ သာမန်ပြည်သူတွေကို ပြောင်ပြောင်တင်းတင်း မထိခင်အထိ သတိမထားမိခဲ့ပါဘူး။ အဲ့တော့မှသာ သဲလွန်စတွေတွေ့ပြီး စတင်ခြေရာခံကြတာပါ “
လုရီ၏ ဒုက္ခသည်တွေအပေါ်ထားသော စိတ်မှာ ဝမ်းနည်းပူဆွေးသွားရသည်။ ထို ဒုက္ခသည်များမှာမြို့တွင်းတွင် လုံခြုံသည်ဟုထင်ကာ ရောက်လာကြသော်လည်း လူဆာနေသော မကောင်းသည့်ကျင့်ကြံသူတွေရှိနေသည်ဟု တွေးမိခဲ့ကြပါ့မလား။
သာမန်လူဖြစ်ရသည့် ဘဝမှာ ခက်ခဲကြမ်းတမ်းလှသည်။
ထိုအချိန်တွင် ထိုဖြစ်ရပ်ဆိုးအား လျော့ပါးစေရန် တာဝန်ကို ဘယ်လိုထမ်းဆောင်ရမလဲဟု လုရီတွေးမိသွားသည်။
-----------------
အခန်း ၆၉ - လုရီရဲ့ ရဲတင်းသော လှုပ်ရှားမှု။း...
~လုရီတစ်ယောက် စိတ်ထဲတွင် ရေရွတ်လိုက်သည်။
...ငါဒီ ဖြစ်ရပ်ဆိုးကြီး လျော့ပါးအောင် ကူညီရမယ် ...
[တာဝန်]
မိုဟဲ တိုင်းပြည်၏ ဖြစ်ရပ်ဆိုးကြီးအား လျော့ပါးစေရန် ကူညီပါ။
ဆုလာဘ်မှာ လျော့ပါးအောင် လုပ်ဆောင်သည့်အချိန်အပေါ်မူတည်ကာ ချီးမြှင့်ပါမည်။
လက်ခံမည်လား : လက်ခံမည်/ လက်မခံပါ
အံမယ်..တာဝန်ပေးလို့ ရတယ်ပေါ့လေ။
တစ်ခဏမျှ ကြောင်အသွားသည့် လုရီမှာ ပျော်ရွှင်သွားရသည်။
ဖြစ်ရပ်ဆိုး၏ သားကောင်ဖြစ်ရသူတို့၏ အခြေအနေကိုကြည့်ပြီး စိတ်ထိခိုက်သွားရသော လုရီမှာ အခုဆိုလျှင် ကူညီပေးနိုင်သလို ဆုလည်းရတော့မည်ဖြစ်သည်။
သူနိုင်ကိုယ်နိုင် အခြေအနေပင်။
လုရီ အာရုံပျံ့လွင့်နေသည်ကို ကျန့်ဖန်က သတိထားမိတော့ မေးလာသည်။
“ အငယ်တန်းညီကိုလု ဘာများဖြစ်လို့လဲ “
အသိပြန်ဝင်လာသည့် လုရီမှာပြုံးလိုက်ကာ
“ ဘာမှ မဟုတ်ပါဘူး “
သူက လီချင်းကိုကြည့်ကာ မေးလိုက်သည်။
“ အခုအဲ့ မကောင်းတဲ့ကျင့်ကြံသူက အခုဘယ်မှာလဲဆိုတာသိလား။ သိတယ်ဆိုရင် အခုချက်ချင်း ကျွန်တော်တို့ သွားလို့ရပါတယ် “
လုရီအတွက်မူ ချီအဆင့်၁၀ ရှိ နတ်ဆိုးကျင့်ကြံသူမှာ ကြီးကြီးမားမားမဟုတ်။
လုရီ၏စကားကိုကြားသည့် လီချင်းမှာ အလျင်စလို ပြန်ဖြေသည်။
“ အခုတလော မြို့တော်ထဲမှာ လူအပျောက်အဆုံးပိုများလာတယ်ဆိုပေမဲ့ နောက်ဆုံးတိုက်ခဲ့တဲ့တိုက်ပွဲကြောင့် မကောင်းတဲ့ကျင့်ကြံသူက ပိုပြီး သတိထားလာပါတယ်။ ပျောက်တဲ့လူတွေအကုန်လုံးက ရွှေ့ပြောင်း ဒုက္ခသည်တွေချည်းပဲ။ ဒါပေမဲ့ နောက်ဆုံးဖြစ်ရပ်ကြောင့် ဒုက္ခသည်တွေကိုလည်း ကျွန်တော်တို့ သေချာ စောင့်ကြည့်နေပြီး ချက်ချင်းရှာဖွေဖို့ လုပ်နေပါတယ် “
“ ဒါပေမဲ့… “
လီချင်းကခဏ ရပ်သွားကာ ဆက်ပြောလာသည်။
“ နေရာအတိအကျကိုတော့ ကျွန်တော်တို့မသိရသေးတဲ့အတွက် အချိန်ထပ်လိုပါသေးတယ် “
ဒါကိုကြားသည့် ပိုင်ယွီလုံ၏ မျက်လုံးများမှာ တောက်ပသွားကာ အပြုံးဖြင့်
“ ဒါဆို ကျေးဇူးပြုပြီး သူရှိနေတဲ့နေရာကို အမြန်ဆုံးရှာပေးပါ။ ဒီအချိန်အတွင်းမှာ ကျွန်တော်တို့ မြို့ထဲမှာပဲ ရှိနေပါ့မယ် “
ပျော်နေသည့် ပိုင်ယွီလုံကိုမြင်သည့် လုရီ၏ စိတ်ထဲ အံ့ဩသွားရသည်။
ဒီလူ ဇိမ်ခံဆောင်ကြာမြိုင်အိမ်တွေကို သွားဖို့အချိန်ယူနေတာတော့ မဟုတ်လောက်ပါဘူးနော်။
အရှက်လည်း မရှိတဲ့ပုံပဲ။
လုရီက ခေါင်းညိတ်လိုက်ကာ
“ ဒီလိုဆိုရင် အရင်ဆုံးတည်နေရာကို အတည်ပြုပေးပါ။ ဒါနဲ့ ကျွန်တော်လုပ်စရာ ကျန်သေးတယ် “
လုရီ၏စကားကို ကြားသည့်
ပိုင်ယွီလုံနှင့် ကျန့်ဖန်မှာ အံ့ဩသွား၏။
“ အငယ်တန်းညီကို လု ထပ်ရှိသေးတာလား “
ကျန့်ဖန်က စိတ်ရှုပ်ထွေးစွာမေးလိုက်သည်။
သူတို့၏အလုပ်မှာ တစ်ခုတည်းရှိသည်ပင်။
လုရီ၏စကားကိုကြားသည့် မိုဟဲ ဘုရင်မှာ စိတ်အားထက်သန်စွာ မေးလာသည်။
“ အင်မော်တယ် သခင်လေး ဘာတွေလိုအပ်ပါသလဲ။ အမိန့်ပေးလိုက်တာနဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပါ့မယ် “
လုရီကရယ်လိုက်ပြီး
“ မိုဟဲ တိုင်းပြည်ကို ဖြတ်လာရင်း နေရာမပျောက်နေကြတဲ့ ဒုက္ခသည်တွေကို အများကြီးတွေ့ခဲ့တော့ စိတ်ထဲသနားမလို့ အဲ့အခြေအနေတွေလျော့ပါးအောင် ကူညီပေးဖို့ ဘုရင်မင်းမြတ်ကို တောင်းဆိုချင်လို့ပါ “
လူတိုင်း တစ်ခဏမျှ ကြောင်အသွားကြသည်။
ပိုင်ယွီလုံက လုရီအား အံ့ဩတကြီးကြည့်ကာ
“ လျော့ပါးသက်သာအောင် ကူညီပေးမယ်ဟုတ်လား။ အငယ်တန်းညီကိုလု.. သာမန်လူတွေရဲ့အသက်က အရှည်ကြီးမဟုတ်ဘူးနော် ဘာလို့ အာရုံစိုက်နေတာလဲ “
ကျန့်ဖန်ကမူ အံ့ဩတကြီး တိတ်ဆိတ်စွာကြည့်နေသည်။
လီချင်း၊ မိုလင်းနှင့် အနီးအနားရှိလူများမှာလည်း လုရိီကို ကြည့်ကာ အံ့ဩကုန်ကြသည်။
လုရီပြောသည့် ဖြစ်ရပ်ဆိုးအားလျော့ပါးသက်သာအောင် ကူညီမည်ဆိုတာမျိုး သူတို့ထံတွင် တစ်ခါမှ မဖြစ်ဖူးပါ။
လုရီက ပြုံးကာ
“ သာမန်လူတွေရဲ့အသက်က ထာဝရမဟုတ်ဘူးဆိုတာသိပေမဲ့ အချိနိအတိုင်းအတာအားဖြင့်တော့ ကျွန်တော် ကယ်ပေးလို့ရပါတယ်။ အချိန်တိုင်းတော့ မကယ်နိုင်ပေမဲ့… ဒုက္ခခံစားနေရတာတွေကို မြင်ခဲ့ရတာဆိုတော့ ကျွန်တော်သာ လျစ်လျူရှုလိုက်ရင် စိတ်မသက်မသာ ခံစားရမှာမို့ စိတ်အပြောင်းအလဲလို့သာ သဘောထားပေးပါ “
လေထုမှာ လေးနက်သွားပြီး ကျန့်ဖန်က ဖွဖွရယ်လိုက်ကာ
“ အပြင်ဂိုဏ်းမှာတုန်းကလည်း ပညာချင်းဖလှယ်ကြရင် ညီကိုလုက သူများတွေရဲ့ စိတ်ခံစားချက်ကိုထည့်စဉ်းစားပေးပြီး ကိုယ့်ရဲ့ ညီကိုတွေလို့ပဲဆက်ဆံတာ။ အခုလို သာမန်လူတွေအပေါ်ကိုလည်း ကရုဏာရှိလိမ့်မယ်လို့မထင်ထားခဲ့ဘူး… အငယ်တန်းညီကိုရဲ့ တကယ့်ကို နူးညံ့ကြင်နာတတ်တဲ့ အကျင့်လေးက လေးစားစရာပဲ “
အပြင်ဂိုဏ်းပြိုင်ပွဲတွင် လုရီနှင့်ယှဉ်ပြိုင်ခဲ့ရသည်များကို သတိပြန်ရလာသော ပိုင်ယွီလောင်းမှာ ရှုပ်ထွေးသည့်အမူအရာဖြင့်ကြည့်ကာ ခါးသက်စွာဆို၏။
“ အငယ်တန်းညီကိုက တကယ်ကိုမြင့်မြတ်လှတဲ့အတွက် လေးစားမိပါတယ် “
လီချင်း၊ မိုလင်းနှင့် အခြားလူများကလည်း အံ့ဩကုန်ကြသည်။
သုံးယောက်ထဲမှ ဦးဆောင်နေပုံရသော ထို လူငယ် ကျင့်ကြံသူမှာ တခြားသောကျင့်ကြံသူများနှင့် မတူကြောင်း သူတို့နားလည်လိုက်သည်။
မင်းသားငယ်က လုရီကိုကြည့်ကာ တစ်ခုခုပြောဖို့ တုံ့ဆိုင်းနေသည်။
သူတို့၏အမြင်တွင် သာမန်အဆင့်နိမ့် လူတွေ၏ ဘဝနှင့် သေဆုံးခြင်းတို့သည် အင်မော်တယ်ကျင့်ကြံသူတစ်ယောက်အတွက် အရေးပါလို့လား ဆိုတာပင်။
သို့သော် မင်းသားတစ်ယောက်ဖြစ်သည့်အတွက် ထိုသို့သောအတွေးများမှာ စကားအဖြစ်ထွက်မလာနိုင်ရာ စိတ်ထဲတွင်သာ သိမ်းထားရလေသည်။
လုရီက ပြုံးလိုက်ပြီး
“ ချီးကျူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာညီကိုတို့။ ကျွန်တော်က ကိုယ့်ရဲ့ ကိုယ်ပိုင်ခံယူချက်နောက် လိုက်ရုံပါ “
ထို့နောက် မိုလင်းဘက်သို့လှည့်ကာ
“ ဘုရင်မင်းမြတ်အနေနဲ့ ကျွန်တော်ပြောတာကို သဘောတူနိုင်မလား “
“ ဒါက… “
မိုလင်းက ရှုံ့မဲ့နေသော မျက်နှာဖြင့် ဆက်ပြောသည်။
“ အခြေအနေဆိုးကို လျော့ပါးအောင်လုပ်တယ်ဆိုတာက မင်းသားငယ် တစ်လျှောက်လုံး ကြိုးစားနေတဲ့အရာပါ.. ဒါပေမဲ့ မိုဟဲ တိုင်းပြည်က တိုင်းပြည်ငယ်လေးဖြစ်တဲ့အပြင် ဘဏ္ဍာရေးကလည်း မပေါများတဲ့အတွက် ဒုက္ခသည်တွေကို ကယ်တင်ချင်တဲ့ ဆန္ဒရှိရင်တောင် ရည်ရွယ်ချက်က လုပ်နိုင်စွမ်းထက်ပိုနေပါတယ်… “
မိုလင်း၏ စကားများကို လုရီက ထောက်လည်းမထောက်ခံသလို ငြင်းလည်းမငြင်းဆိုပေ။ မိုဟဲ တိုင်းပြည်၏ အကျယ်အဝန်းမှာ သေးငယ်ကြောင်း ချီသန့်စင်နယ်ပယ်
အဆင့်၁၀ ကျင့်ကြံသူတစ်ဦးတည်းသာ ရှိသည့်အချက်နှင့်ပင်သိနိုင်သည်။
သို့သော် မြို့တော်၏ ချမ်းသာကြွယ်ဝခြင်းမှာ အပြင်ဂိုဏ်းနှင့်ယှဉ်လျှင်ပင် များစွာ ကွာခြားနေရာ ဒုက္ခသည်တို့အား ကူညီဖို့ရာ မတတ်နိုင်ပေ။
လုရီက ညင်သာစွာရယ်လိုက်ပြီး ကြွေဘူးလေးအား ထုတ်ပေးလာသည်။
“ အထဲမှာ ထိပ်တန်းချီဆေးလုံးသုံးလုံး ရှိတယ် “
လုရီပြောပြီးမကြာခင်မှာပဲ တစ်ခန်းလုံး သုဿာန်ပြင်အလား တိတ်ဆိတ်သွား၏။
ကျန့်ဖန်နှင့် ပိုင်ယွီလုံမှာ လုရီလက်ထဲမှ ထိုကြွေဘူးကလေးအားကြည့်ကာ အံ့ဩသွားရသည်။
ထိပ်တန်းအဆင့် ချီဆေးလုံးတွေလား !
သူတို့နှစ်ယောက်တွင် ကျောထောက်နောက်ခံကောင်းများရှိသော်လည်း ထိုသို့သော ဆေးလုံးမျိုးမှာ အလွန်အဖိုးတန်လှသည်ပင်။
သူတို့နှစ်ယောက်အတွက်ပင် ဤမျှအဖိုးတန်လျှင် လီချင်းကဲ့သို့ ကျင့်ကြံသူဆိုလျှင် ပြောစရာမလိုတော့။
တိမ်ဖြူဂိုဏ်းထဲက ထွက်လာပြီးကထဲက သူတို့မှာ အရှုံးသမားများဖြစ်သွားသည့်အတွက် ထိုသို့ ထိပ်တန်းချီဆေးလုံးဆိုသည်မှာ အိပ်မက်မက်ပြီးတောင် မမှန်းရဲသည့်အရာဖြစ်၏။
လုရီ လက်ထဲရှိ ကြွေပုလင်းလေးအား ပြင်းပြင်းပြပြစိုက်ကြည့်နေကြသော လီချင်းနှင့်အခြားလူများ၏ မျက်လုံးများပင် ပေါက်ထွက်တော့မတတ်ဖြစ်နေသည်။
မိုဟဲရှင်ဘုရင်မှာလည်း ကျင့်ကြံရေးပါရမီပါသူ မဟုတ်သော်ငြား ထိုဆေးလုံးတို့၏ တန်ဖိုးကို ကောင်းစွာနားလည်သည်။
မိုဟဲရှင်ဘုရင်မှာ အသက်ရှူသံတွေမြန်ဆန်သွားပြီး လုရီလက်ထဲရှိ ဆေးလုံးတို့အားစိုက်ကြည့်နေ၏။
ဘုရင်၏ အမူအရာကိုမြင်သည့် လုရီမှာ ဘေးရှိ အသက် ၁၁ နှစ် ၊ ၁၂ နှစ်အရွယ်ရှိကောင်လေးအား လက်ညှိုးထိုးကာ
“ ဒါက အရှင့်ရဲ့သားဟုတ်တယ်မလား။ သူ့မှာ ကျင့်ကြံရေးအတွက် အရည်အချင်းတစ်ချို့ရှိတယ်။ ဒီ ထိပ်တန်း ချီဆေးလုံးတွေနဲ့သာဆိုရင် တိမ်ဖြူဂိုဏ်းဝင်ခွင့်စာမေးပွဲကိုဖြေပြီး ဂိုဏ်းထဲ ဝင်ခွင့်ရနိုင်တယ် “
“ အင်မော်တယ် သခင်လေး သခင်လေး ကျွန်တော် ကျိန်းသေပေါက် နိုင်ငံတော် ဘဏ္ဍာကိုထုတ်သုံးပြီး အခြေအနေလျော့ပါးသက်သာအောင် ကူညီကယ်ဆယ်ရေးတွေ လုပ်ပေးပါ့မယ်။”
ဘုရင်က ပြတ်သားသောအကြည့်ဖြင့် စိတ်အားထက်သန်စွာ ပြောလာသည်။
သူ၏ သားကလေးသာ တိမ်ဖြူဂိုဏ်းကို ဝင်ခွင့်ရလျှင် မိုဟဲ တိုင်းပြည်အား နှစ်တစ်ရောလောက် ကာကွယ်နိုင်မည်ဖြစ်သည်။
နှစ်တစ်ရာအတွင်း မိုဟဲ တိုင်းပြည်မှာလည်း အေးချမ်းသာယာလိမ့်မည်။
ထိုဆေးသုံးလုံးမှာ အဖိုးတန်လွန်း၏။
လုရီက ဆေးလုံးများကို သိမ်းလိုက်ကာ
“ ရလဒ်ကိုအရင်ဆုံးကြည့်ချင်တယ်။ လက်ရှိတာဝန်မပြီးဆုံးသေးတဲ့ အချိန်အထိ ကျွန်တော်ပေးမဲ့ ဆုလာဘ်က အကျုံးဝင်ပါတယ် “
လုရီ ထိုဒုက္ခသည်များအားကူညီချင်သော်လည်း မိုဟဲ တိုင်းပြည်တွင် နေလို့ရနိုင်မရနိုင်ဆိုသည်မှာ မသေချာလှပါ။
သူ၏ ကိုယ်ပိုင်ကျင့်ကြံရေးကို မထိခိုက်စေဘဲ သူလုပ်နိုင်သလောက် လုပ်ပေးခဲ့ခြင်းဖြစ်သည်။
မိုဟဲ ရှင်ဘုရင်က စိတ်အားထက်သန်စွာ ခေါင်းညိတ်လာသည်။
“ အင်မော်တယ် သခင်လေး စိတ်ချပါ။ ရက်အနည်းငယ်အတွင်းမှာ ရလဒ်ကိုမြင်ရပါလိမ့်မယ် “
လုရီက ပြုံးကာဆို၏။
“ ဒါအကုန်ပါပဲ။ ကျွန်တော်တို့ နားခိုနိုင်ဖို့နေရာ စီစဉ်ပေးပြီးတော့ မကောင်းတဲ့ကျင့်ကြံသူရဲ့ နေရာကို သိရတာနဲ့ သတင်းပို့ပါ “
မိုဟဲ ရှင်ဘုရင်က အလျင်အမြန်ပဲ တုံ့ပြန်သည်။
“ အင်မော်တယ် သခင်လေးတွေနေထိုင်ဖို့ရာအတွက် ကျွန်တော် စီစဉ်ပြီးပါပြီ ကျေးဇူးပြုပြီး နောက်ကလိုက်ခဲ့ပါ “
ဘုရင်မင်းမြတ်၏ ဦးဆောင်မှုဖြင့် လှပတင့်တယ်သော နန်းတော်တစ်ခုဆီရောက်သွားသည့်အခါ ဘုရင်မင်းမြတ်က
“ ဒါက သခင်လေးတို့ တည်းခိုရမဲ့နေရာပါ။ စိတ်တိုင်းကျပါရဲ့လား “
လုရီမှာ သုံးယောက်ထဲတွင် ဆုံးဖြတ်ချက်ချသည့်လူဖြစ်ကြောင်း သိသည့်အတွက်
လုရီကို ကြည့်လိုက်သည့်အခါ လုရီမှာ သက်တောင့်သက်သာဖြစ်နေသည့်ပုံပေါ်ပြီး အခြားနှစ်ယောက်မှာလည်း ငြင်းဆိုခြင်း မရှိချေ။
လုရီက ပြုံးကာ
“ ဒီနေရာလေးက ကောင်းပါတယ် ဒီမှာပဲနေကြရအောင် “
ထိုအခါမှ မိုဟဲ တိုင်းပြည်ဘုရင်က စိတ်သက်သာရာရသွားကာ ထပ်မံဖြည့်စွက်ပြောလိုက်သည်။
“ အင်မော်တယ် သခင်လေးတွေလာ်း အနားယူသင့်ပြီ။ ကျွန်တောလည်း အခြေအနေဆိုးတွေ လျော့ပါးသက်သာအောင် ပြန်လည်ထူထောင်ရေးအတွက် လုပ်ရမယ်ဆိုတော့ သွားလိုက်ပါဦးမယ် “
လုရီ ခေါင်းညိတ်ပြလိုက်ရာ မိုဟဲတိုင်းပြည်၏ ဘုရင်၊ လီချင်းနှင့် အခြားသူတို့မှာ ထွက်ခွာသွားတော့သည်။
အကုန်လုံး ထွက်ခွာသွားသည်နှင့် ပိုင်ယွီလုံက ကြေကွဲစွာပြောလာသည်။
“ အငယ်တန်းညီကိုလု အသိစိတ်မှရှိသေးရဲ့လား။ ဒါက ထိပ်တန်းချီဆေးလုံးတွေနော်။ ဒီလိုတိုင်းပြည်သေးသေးလေးရဲ့ ဘုရင်လက်ထဲ ဘာလို့ ထည့်ပေးလိုက်ရတာလဲကွ။ သူ့ကိုယ်သူ ဘာထင်နေတာလဲ “
ကျန့်ဖန်၏ အမူအရာသည်ပင် ခါးသက်နေကာ
“ အငယ်တန်းညီကိုလုရဲ့ စိတ်ထားမှန်တယ်ဆိုရင်တောင် ရက်ရောလွန်းရာကျသွားပြီ။ ဒါက ထိပ်တန်း ချီဆေးလုံးတွေကွ “
-----------