အခန်း (၇၀-၇၂)
Vol. 5 Ch. 70-72
အခန်း ၇၀ - မူလအစ...
~ပိုင်ယွီလုံနှင့် ကျန့်ဖန်၏ စိတ်ဆင်းရဲနေကြသော မျက်နှာအမူအရာကိုကြည့်ကာ လုရီမှာ ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။
သူ၏ ပိုင်ဆိုင်မှုထဲတွင် တန်ဖိုးမရှိဆုံးအရာမှာ ထိပ်တန်းအဆင့်ချီဆေးလုံးတွေပင်…
ဤ ထိပ်တန်းအဆင့်ချီဆေးလုံးများမှာ တခြားသူများအား အမြင်မှားစေပြီး သူ၏ ကျင့်ကြံရေးရင်းမြစ်များဟု ထင်စေရန်အတွက် ရင်းမြစ်ခန်းမဆောင်မ ယူလာခဲ့သည်များဖြစ်သည်။
လုရီမှာ အခုဆိုလျှင် နှစ်တစ်ရာစိတ်ဝိဉာဉ်နှင်းစက်များကို သာ အသုံးပြုနေခြင်းဖြစ်ပြီး သူ့တွင် ပြီးပြည့်စုံသည့် ချီဆေးလုံးများရှိလျှင်တောင် အသုံးမပြုဖြစ်တော့သည့်အတွက် ထိပ်တန်းအဆင့်ချီဆေးလုံးဆိုသည်က ဖုန်မှုန့်သာသာအမှိုက်ကလေးတွေပင်။
သူကရယ်လိုက်ကာ ပြောသည်။
“ ကျွန်တော့်မှာ ထိပ်တန်းအဆင့် ချီဆေးလုံးတွေအခုထိ ကျန်ပါသေးတယ်။ သိတဲ့အတိုင်း လင်းလော်တောင်ထိပ်သခင်မရဲ့ စာရင်းသွင်းတပည့်ဆိုတော့ ဒီလိုဆေးလုံးမျိုးတွေက မပြတ်ပါဘူး။ အခုက မိုဟဲ နိုင်ငံဘုရင် အကောင်းဆုံးလုပ်အောင်လို့ ပေးလိုက်တာပါ “
“ အငယ်တန်းညီကိုက တကယ့်ကိုကြင်နာတတ်တာပဲ “
ပိုင်ယွီလုံမှာ သက်ပြင်းအထပ်ထပ်သာ ချနိုင်တော့သည်။
“ စကားတွေကလည်း ပြောပြီးဆိုပြီးနေပြီဆိုတော့ ဘာမှမတတ်နိုင်တော့ဘူးပေါ့ “
ကျန့်ဖန်က စိတ်လျှော့လိုက်သည့်ပုံနှင့် ပြောသည်။
ထို့နောက် သုံးယောက်သား သူတို့အား ယာယီ တည်းခိုခွင့်ပေးထားသော နန်းတော်ထဲတွင် အခန်းတစ်ခုစီရှာကာ နားလိုက်ကြတော့သည်။
မိုလင်းမှာ လီချင် အပါအဝင် အခြားလူတန်းကြီးနှင့်အတူ နန်းတော်သို့ အမြန်ပြန်လာခဲ့သည်။
မိုလင်း၏ မျက်လုံးများမှာ စိတ်အားထက်သန်မှု တို့ပြည့်နှက်နေပြီး ဘေးနားရှိ တုံးအအ ကောင်လေးအားကြည့်ကာ ပြော၏။
“ မင်အာ ၊သားရဲ့ အခွင့်အရေးရောက်လာပြီ။ သေချာပေါက် ထိပ်တန်းအဆင့် ချီဆေးလုံးတွေကို မင်းအတွက်ယူပေးမှာမလို့ တိမ်ဖြူဂိုဏ်းထဲ ဝင်စေနိုင်ရမယ် “
လီချင်း နှင့် အခြားသော ချီကျင့်ကြံသူများမှာ အားကျနေကြ၏။
သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ဦးက ပြောလာသည်။
“ ဒီ တိမ်ဖြူဂိုဏ်းသား တကယ်ကိုဘယ်သူလဲ။ ဒါက ကျွန်တော်တစ်ခါမှ မမြင်ဖူးတဲ့ ထိပ်တန်းအဆင့် ချီဆေးလုံးတွေပဲ “
“ ကျွန်တော်လည်း အခုမှပထမဆုံးမြင်ဖူးတာ။ တိမ်ဖြူဂိုဏ်းသားလို့ မပြောရဘူး တကယ့်ကို ရက်ရောတာပဲ “
လီချင်းက ထိုနှစ်ယောက်အား ကြည့်လိုက်ကာ
“ မင်းတို့က အရမ်းအတွေးလွန်နေတာပဲ။ ထိပ်တန်းအဆင့် ချီဆေးလုံးတွေဆိုတာ တိမ်ဖြူအပြင်ဂိုဏ်းမှာသာ နည်းနည်ပဲရှိတာ။ ဒီစီနီယာညီကိုက ချီသန့်စင်နယ်ပယ်အဆင့်၁၀ ဖြစ်တဲ့အပြင် အတွင်းဂိုဏ်းကတပည့်ဖြစ်ပြီးသားလေ။ ဒီဆေးလုံးတွေကို ဆုအဖြစ်သုံးနိုင်တယ်ဆိုတော့.. သူက
အခြေတည် ဝိဉာဉ်အကြီးအကဲတစ်ယောက်ရဲ့ တပည့်ရင်း ဖြစ်ရမယ် “
ထိုစကားက မိုလင်းနှင့် အခြားသော
ချီကျင့်ကြံသူနှစ်ယောက်အား အံ့ဩသွားစေသည်။
“ အခြေတည်ဝိဉာဉ်အကြီးအကဲရဲ့ တပည့်တွေဟုတ်လား “
“ အဲ့ အတွင်းဂိုဏ်းသားက ဒီလိုမျိုး ကျောထောက်နောက်ခံရှိနေတာလား “
မိုလင်းမှာ ပိုမို စိတ်ပြင်းပြသွားပြီး အော်ခေါ်လိုက်သည်။
“ ဝင်လာကြစမ်း “
မိန်းမစိုးတစ်ယောက် ဝင်လာပြီးနောက် ဒူးထောက်ကာဆိုသည်။
“ အရှင်မင်းကြီး “
“ တိုင်းပြည် ဘဏ္ဍာတိုက်ကိုဖွင့်ပြီး အခြေအနေဆိုး လျော့ပါးသက်သာအောင် ပြန်လည်ထူထောင်ရေးတွေ လုပ်မယ် “
မိုလင်းက ခဏရပ်သွားကာ ဆက်ပြောသည်။
“ အခုအချိန်ကစပြီး နန်းတော်ရဲ့ ငါကိုယ်တော် အပါအဝင် လူတိုင်းရဲ့ အသုံးစရိတ်ကို ထက်ဝက်လျော့ချရမယ်။ ဒါ့အပြင် အကျင့်ပျက်ခြစားနေတဲ့ အစောင့်တွေကို တိုက်ဖျက်ပြီး ဖမ်းဆီး ထိန်းသိမ်းရမယ် “
မိန်းမစိုးမှာ ကြောင်အသွားကာ မျက်နှာမှာလည်း ရှုပ်ထွေးသွားရသည်။
“ အ ..အရှင်မင်းကြီး “
“ မင်း..ငါကိုယ်တော်ပြောတာ မကြားဘူးလား “
မိုလင်းက မိန်းမစိုးအား အေးစက်စွာ ပြောလိုက်သည်။
မိန်းမစိုး၏ နှာဖူးတွင် ချွေးတို့စို့လာပြီး ထစ်အ ထစ်အဖြင့်
“ အမိန့်အတိုင်းပါ အမိန့်အတိုင်းပါ “
“ သွားတော့ တစ်ခုခုမှားတာနဲ့ မင်းရဲ့ တစ်မျိုးလုံးကို ခေါင်းဖြတ်သတ်ပစ်မယ် “
မိုလင်းက တစ်လုံးချင်း ပြော၏။
ဖြူဆုတ်သွားသော မျက်နှာနှင့် မိန်းမစိုးက ခေါင်းကို အထပ်ထပ်ညိတ်သည်။
“ အရှင်မင်းကြီး စိတ်ချတော်မူပါ။ ဒီက အစေခံက သေချာ ကိုင်တွယ်ပေးပါ့မယ် “
မိန်းမစိုး ထွက်ခွာသွားသည်ကိုကြည့်ကာ
မိုလင်းက တစ်ခုခုစိတ်မသက်မသာဖြစ်သလို ခံစားလိုက်ရသည်။
“ မနက်ဖြန် တရားရေးရာစည်းဝေးပွဲကျရင်… အမတ်တွေကို.. ဒီကိစ္စပြောပြဖို့ ကြောက်မိတယ် “
သူက ပြောနေရင်း လီချင်းဆီလှည့်ပြီး ပြုံးကာဆိုသည်။
“ မကောင်းတဲ့ ကျင့်ကြံသူတွေ အရေးကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတော်ရဲ့ တာဝန်ရှိကာကွယ်သူရဲ့ ကြီးကြပ်ပေးမှုကို လိုတယ်။ ပြီးတော့ ပြန်လည်ထူထောင်ရေးအတွက်လည်း အာရုံစိုက်ပေးဖို့ လိုအပ်တယ်။ ကိစ္စတွေအောင်မြင်သွားတာနဲ့ နိုင်ငံတော်တာဝန်ရှိ ကာကွယ်သူကို အခြေခံထူထောင်ခြင်း အဆင့်ကိုရောက်အောင်ကူညီပေးဖို့အတွက် ထိပ်တန်းချီဆေးလုံးတစ်လုံးပေးဖို့ ဆန္ဒရှိတယ် “
လီချင်း၏ မျက်လုံးများ အရောင်တောက်သွားကာ ပြုံးရင်း
“ အရှင်မင်းကြီး က မိန့်ဆိုလာမှတော့ ကျွန်တော်မျိုး အကောင်းဆုံး ဆောင်ရွက်ပါ့မယ် “
လီချင်းမှာ ချီသန့်စင်နယ်ပယ်
အဆင့်၏အဆုံးနားသို့ရောက်နေပြီ ဖြစ်ရာ အရည်အသွေးမြင့် အခြေခံထူထောင်ရေးအဆင့် ဆေးလုံးများမရှိသည့်အတွက် ထိုအဆင့်နိမ့်သည့်ကောင်များအား ရင်ဆိုင်နိုင်ဖို့ ယုံကြည်ချက်မရှိချေ။
ထိပ်တန်းချီဆေးလုံးများက သူ၏ အခြေခံကို သန့်စင်ကောင်းမွန်စေပြီး အဆင့်နိမ့် အခြေခံထူထောင်ခြင်းဆေးများဆိုလျှင်တောင် အုတ်မြတ်ချဖို့အတွက် အခွင့်အရေးကောင်းဖြစ်သည်။
ထိုညတွင် လုရီအခန်းတွင်း ကျင့်ကြံနေသည့်အချိန်၌ ပိုင်ယွီလုံက တံခါးခေါက်ကာ အော်ခေါ်လာသည်။
“ အငယ်တန်းညီကိုလု အငယ်တန်းညီကိုလု “
လုရီ နက်နဲသည့် စိတ်ဝိဉာဉ်အလင်းတန်းရှိနေသော သူ၏ မျက်လုံးများအား ဖြည်းညင်းစွာ ဖွင့်လိုက်သည်။
တံခါးဆီဖွင့်လိုက်ရာ ပိုင်ယွီလုံနှင့် ကျန့်ဖန် နှစ်ယောက်လုံး ရပ်နေကြသည်ကို မြင်လိုက်ရသည်။
ပိုင်ယွီလုံမှာ ခေါက်ယပ်တောင်ကို ကိုင်ထားပြီး ခမ်းနားသည့် ဝတ်ရုံတစ်ခုအား ဝတ်ဆင်ထားပုံမှာ ဟိတ်ဟန်များလှသည်။
အမည်းရောင် ဝတ်ရုံဝတ်ဆင်ထားသော ဘေးရှိ ကျန့်ဖန်ကမူ သာမန်ပုံပင်။
တံခါးတွင် ထိုနှစ်ယောက်ကို တွေ့လိုက်ရသည့် လုရီမှာ ကြောင်သွားကာ
“ စီနီယာညီကိုတို့က ဘာတွေဖြစ်လာကြတာလဲ “
ပိုင်ယွီလုံက ပြုံးကာ
“ ဟီးဟီးဟီး ငါတို့က အပြင်လောကကို ထွက်ရတာ ခပ်ရှားရှားဆိုတော့ ညစျေးတန်းတွေကို လျှောက်သွားမလို့လေ “
ပိုင်ယွီလုံ၏ ပြင်းပြနေသည့်ပုံကိုမြင်သည့် လုရီ၏ နှုတ်ခမ်းတို့မှာ တွန့်ချိုးသွားရသည်။ ဒီလူဘယ်ကို ခြေလှမ်းပြင်နေသလဲဆိုတာ လုရီကောင်းကောင်းသိ၏။
လုရီက ပြုံးနေသော ကျန့်ဖန်ဘက်သို့လှည့်ကြည့်လိုက်တော့
“ အပြင်ထွက်ရတာလည်း ရှားတယ်ဆိုတော့ သာမန်လူ့လောကမှာ လျှောက်သွားတာလည်း ကျင့်ကြံတာဖြစ်နိုင်တာပဲ။ ဒါ့အပြင် မကောင်းတဲ့ကျင့်ကြံသူတွေက ညဘက်မှာ လှုပ်ရှားဖို့များတာဆိုတော့ အခန့်မသင့်လို့ ကံကောင်းရင် သူတို့နဲ့ ထိပ်တိုက်တွေ့နိုင်တယ် “
ဒါကို ကြားသည့်အခါ လုရီအတွေးတို့မှာ အဆုံးသတ်သွားပြီ ဖြစ်သည်။ သူနေ့တိုင်းကျင့်ကြံနေသည်မို့ တစ်ခါတလေ အပြင်သို့ထွက်လျှင် မဆိုးလောက်ဟု စဉ်းစားမိကာ မငြင်းတော့ချေ၊
လုရီ သူ၏ တိမ်ဖြူဂိုဏ်း ဝတ်ရုံမှ ဝတ်ရုံဖြူတစ်စုံသို့ လဲဝတ်လိုက်ပြီး ပိုင်ယွီလောင်းနှင့် ကျန့်ဖန်တို့နောက်မှ လိုက်လာလိုက်သည်။
မိုဟဲ တိုင်းပြည်တွင် ညမထွက်ရအမိန့် မရှိသည်မို့ လမ်းဘေးရှိ စျေဆိုင်တို့မှာ မီးထိန်ထိန်ထွန်းထားပြီး လမ်းသွားလမ်းလာများလည်း ရှိသည့်အတွက် လှုပ်ရှားအသက်ဝင်နေသည်။
လုရီ တစ်နှစ်တစ်ခါလုပ်သည့် ဂိုဏ်းတာဝန်တိုင်းက သာမန်မြို့တွေဆိီ မလာရသည့်အတွက် ဒီတစ်ခေါက်မှာ လုရီအတွက် ဒုတိယအကြိမ်ဖြစ်သည်မို့ လှည့်ပတ်ရတာ ပျော်ရွှင်နေမိသည်။
သုံးယောက်သား လျှောက်သွားပြီးမကြာခင်မှာပဲ အလွန်လက်ရာမြောက်စွာ တန်ဆာဆင်ထားသော အဆောက်အဦးအမြင့်ကြီးတစ်ခု၏ ရှေ့သို့ရောက်လာကြသည်။ အလင်းရောင်များမှာလည်း ထည်ဝါလျက်ရှိနေပေသည်။
အပေါက်ဝရှိ အစေခံမလေးများက ဧည့်သည်များကို အပြုံးလှလှလေးတွေဖြင့် နှုတ်ဆက်လျှက်ရှိရာ ပိုင်ယွီလုံ၏ မျက်လုံးတို့မှာ အရောင်တောက်သွားပြီး
“ ငါတို့ဝင်ပြီး နည်းနည်းလောက်ပျော်ပါးကြမလား “
ကျန့်ဖန်က ခေါင်းခါလိုက်ကာ
“ မင်းပဲ သွားပါ “
လုရီက အဝေးရှိ အစေခံမလေးတွေအားကြည့်ကာ ခေါင်းလိုက်ခါလိုက်သည်။
“ ကျွန်တော်တို့ တော်ပြီ “
သူ၏ ဒုစီနီယာညီမလေးနှင့် စီနီယာအစ်မ လျိုနင်ရွှမ်းတို့နှင့် ယှဉ်လျှင် ထိုမိန်းကလေးများမှာ မိုးနှင့်မြေလို ကွာခြားသည်။
အခုအချိန်တွင် လုရီ၏ အလှအပခံစားမှုကို ဒုစီနီယာညီမလေးက ပျိုးထောင်ပေးခဲ့ရာ ထို အသားစိုင်များပေါ်အောင်ဖော်ကာ ဆွဲဆောင်နေကြသော အစေခံများသည်ပင်
လုရီ၏ စိတ်က မမှုတော့။
ပိုင်ယွီလုံ၏ ပါးစပ်မှာရွဲ့သွားကာ ချောင်းဟန့်လိုက်ပြီး အကြံပေးလာသည်။
“ ဒါဖြင့် ငါတို့ခွဲသွားရင်ရော။ လူစုခွဲပြီးသွားရင် မကောင်းတဲ့ ကျင့်ကြံသူတွေကို တွေ့ဖို့ အခွင့်အရေး ပိုများတာပေါ့ “
လုရီနှင့် ကျန့်ဖန်မှာ ပိုင်ယွီလုံအား စိတ်ကုန်စွာကြည့်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သဘောတူရမည်ပင်။
ဆောင်ကြာမြိုင်ထဲသို့ ပျော်ပျော်ကြီးဝင်သွားသည့် ပိုင်ယွီလုံအား ကြည့်ကာ
လုရီနှင့် ကျန့်ဖန်မှာ အကြည့်ချင်းဖလှယ်ပြီး ပြုံးလိုက်ကြကာ စျေးတန်းများဆီ ဆက်လျှောက်လာကြသည်။
ထို့နောက် လူများဖြင့် ရှုပ်ယှက်ခတ် နေသော နေရာကိုကျော်ကာ မှိန်ပျပျမီးတို့ဖြင့် လမ်းမတစ်နေရာသို့ရောက်လာကြရာ လမ်းဘေးတွင် အိပ်နေကြသော ဒုက္ခသည် သူဆင်းရဲတို့ကို မြင်လိုက်ကြရသည်။
သူတို့၏ မျက်နှာများမှာ ထုံထိုင်းအသက်မဲ့နေလေ၏။
ထိုအချိန်မှာပဲ အမြန်ထရပ်ကုန်ကြသော ဒုက္ခသည်တို့၏ အသံကို လုရီ ကြားလိုက်ရသည်။
“ မြန်မြန်လုပ်ကြဟေ့ တော်ဝင်နန်းတော်က ဆန်ပြုတ်တွေ ဝေမယ်လို့ပြောတယ် “
“ တော်ဝင်နန်းတော်က ငါတို့ကို ဆန်ပြုတ်တွေ ဝေမယ်ဟုတ်လား။ မဖြစ်နိုင်တာ ဆန်သိုးတွေကို ဝေတာမှ ဖြစ်နိုင်ဦးမယ် “
“ မဖြစ်နိုင်ဘူးလို့ မပြောနဲ့။ ဝေတဲ့နေရာက ဒီကနေသိပ်မဝေးဘူးကွ မင်းသားကိုယ်တိုင်ကြီးကြပ်နေတာ။ မြို့ကိုလာတဲ့ အင်မော်တယ် သခင်လေးတစ်ယောက်က ငါတို့ကို သနားလို့ဆိုပြီး မင်းကြီးကို ဆန်ပြုတ်တွေဝေဖို့ အမိန့်ပေးတယ် ပြောတယ် “
“.. တကယ်ကြီး ဆန်ပြုတ်တွေဝေနေတာလားကွ “
သူဆင်းရဲများမှာ တစ်ယောက်နှင့်တစ်ယောက် မယုံနိုင်ခြင်းများဖြင့် ကြည့်လိုက်ကြသည်။
“ သတင်းမှားကြီး မဟုတ်ဘူးလားကွ “
“ အင်မော်တယ် သခင်လေးက တော်တော် စေတနာကောင်းတာပဲကွ “
“ မြန်မြန်လုပ် သွားကြည့်ရအောင်။ ငါ့သား အစားမစားရတာ နှစ်ရက်လောက်ရှိနေပြီကွ တစ်ပန်းကန်လောက်သွား ယူရမယ် “
တစ်ယောက်ပြီး တစ်ယောက် ထွက်ခွါသွားသည့် သူဆင်းရဲများအားကြည့်ကာ ကျန့်ဖန်က လုရီကို ပြုံးပြီး ပြောသည်။
“ အငယ်တန်းညီကိုမှာ ကြင်နာတဲ့နှလုံးသားရှိတဲ့အတွက် ဒီလူတွေက ကျေးဇူးအရမ်းတင်မှာပဲ “
လုရီကပြုံးလိုက်ကာ
“ ကျွန်တော်က ကျေးဇူးတင်ခံချင်လို့ လုပ်တာမဟုတ်ပါဘူး။ ကိုယ့်လိပ်ပြာ ကိုယ်သန့်အောင် လုပ်တာပါ “
သူ၏ အတိတ်ဘဝတွင် အေးချမ်းစွာနေထိုင်ခဲ့ရသည့် လုရီမှာ ဘေးအန္တရာယ်ကြုံလာတိုင်း သူတတ်နိုင်သလောက် လှူဒါန်းလေ့ရှိသည်။
ဒီဘဝတွင်လည်း ဒုက္ခသည်တွေကို
မြင်သည့်အခါ သူတတ်နိုင်သလောက် လုပ်ပေးခြင်းဖြစ်သည်။
အဟဲ။ တာဝန်က ရမည့် ဆုတွေက ဆွဲဆောင်မှုရှိတာကြောင့်လည်း ပါ၏။
ကြည့်ရတာ ထိပ်တန်းချီဆေးလုံးဖြင့် မက်လုံးပေးလိုက်သည်မှာ
ကောင်းသွားသည့်ပုံပင်။ မိုလင်းမှာ အစက တွေဝေနေသော်လည်း ဆေးလုံးပြလိုက်သည်နှင့် ချက်ချင်းဆောင်ရွက်တော့သည်။
လုရီ ထိုဆောင်ရွက်မှုအား စိတ်ကျေနပ်စွာဖြင့်ပင် တာဝန်ပြီးဆုံးသည်အထိသာ စောင့်လိုက်တော့သည်။
--------------
အခန်း ၇၁ - နတ်ဆိုးကျင့်ကြံသူများ...
~နောက်နေ့များတွင် လုရီနှင့် ကျန့်ဖန်တို့မှာ မနက်ပိုင်းတွင် နန်းတော်ထဲ၌ ကျင့်ကြံကာ ညပိုင်းတွင် ထိုမကောင်းသည့် ကျင့်ကြံသူနှင့် တွေ့နိုင်မလားဆိုသော ရည်ရွယ်ချက်ဖြင့် အပြင်ထွက်လေ့ရှိသည်။
ကံမကောင်းသည်က တစ်ခါမှ ထိပ်တိုက်မတွေ့ခဲ့ပါ။
ပိုင်ယွီလုံကမူ မြို့တွင်းရှိ ဆောင်ကြာမြိုင်များအား လှည့်ပတ်ကာ အိမ်ပြန်လာဖို့ကိုပင် မေ့လျော့နေသည်အထိ ပျော်ရွှင်နေ၏။
လုရီ နှလုံးသားထဲတွင် အားကျသည့်စိတ်ကလေးရှိသော်လည်း မျက်နှာတွင်မူ လက်လန်သည့်အမူအရာနှင့်ပင်။
အလားတူစွာပဲ အခြေအဆိုးအား လျော့ပါးသက်သာအောင် ကူညီမှုမှာလည်း အပြည်ြအဝလုပ်ဆောင်နေသည်။
နောက်တစ်နေ့တွင် မိုဟီမြို့တော်အတွင်း အကျင့်ပျက်ခြစားသည့် အရာရှိများကို ဖမ်းဆီးချုပ်နှောင်လိုက်ပြီး ပိုင်ဆိုင်မှုများကို ရန်ပုံငွေအတွက် သုံး၏။ မြို့တော်အတွင်းရှိ အရာရှိများမှာ သူတို့အိမ်များဘယ်တော့ပါမလဲဆိုပြီး စိတ်ပူနေကြရသည်။
တော်ဝင်နန်းတော်ကနေ ပြန်လည်ထူထောင်ရေးနှင့် သက်ဆိုင်သည့် အမိန့်အမျိုးမျိုးကို ထုတ်ပြန်သည်။
အိမ်ခြေရာမဲ့သူဆင်းရဲတို့၏ ပါးစပ်ဖျားတွင်လည်း အင်မော်တယ်သခင်လေး၏ ကြင်နာမှုသတင်းမှာပြန့်နှံနေသည်။ လုရီ ညဘက်အပြင်ထွက်သည့်အချိန်တွင်ပင် ကြားနေရသည်။
လုရီ နည်းနည်းတော့ ဘဝင်မြင့်သွားရသည်။
အချိန်တွေကုန်ကာ ရှစ်ရက်မြောက်နေ့လည်း ကျော်လွန်သွားသည်။
တစ်ည လုရီ အခန်းတွင်းတွင် ကျင့်ကြံနေတုန်း နန်းတော်တွင် လူတစ်ဦးပေါ်လာကာ အမျိုးသမီး အသံတစ်ခုထွက်ပေါ်လာသည်။
“ တာအိုကျင့်ကြံသူ လုနဲ့ ကျန့် ကျွန်မတို့ မကောင်းတဲ့ ကျင့်ကြံသူကို ခြေရာခံမိပါပြီ “
လုရီမှာ မျက်လုံးကို ရုတ်ခြည်းဖွင့်လိုက်ရာ အလင်းတန်းလေး ဖြတ်ခနဲပေါ်လာ၏။
ထို့နောက် နေရာကနေပျောက်ကွယ်သွားပြီး ဘယ်သူမှမသိလိုက်ခင်မှာပဲ တံခါးဖွင့်ပြီးသားဖြစ်နေသည်။
နန်းတော်ဝန်းထဲတွင် သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ဦးက ပူပန်နေသည့် မျက်နှာထားဖြင့် ရပ်နေသည်။ သူ၏နာမည်မှာ ချင်းဖန်ဖြစ်ပြီး လီချင်းဘေးတွင်တွေ့ခဲ့သည့် ချီကျင့်ကြံသူ နှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ ကျင့်ကြံရေးအဆင့်မှာ ၆ ဖြစ်၏။
ထိုအမျိုးသမီးမှာ အသက်မငယ်တော့သည့်အပြင် သာမန်အရည်အချင်းသာရှိသည်။ အခြားသော အသက်လတ်ပိုင်းအရွယ်ကျင့်ကြံသူများကဲ့သို့ မကျင့်ကြံနိုင်ခဲ့သည့်အတွက် ထွက်ခွါခဲ့ရသည့် ကျင့်ကြံသူပင်။
ချင်းဖန်မှာ အလွန်စိတ်ပူနေရာ လုရီမှာ ရုတ်ချည်း ပေါ်လာပြီး မေးလိုက်၏။
“ သူဘယ်မှာလဲ “
ချင်းဖန်မှာ နှလုံးရပ်မတတ် လန့်သွားရသည်။
ဒီအင်မော်တယ် သခင်လေးကဘယ်တုန်းက ဒီကိုရောက်လာတာလဲ။ ရောက်နေမှန်းတောင် မသိလိုက်ပါဘူး၊
ဒီလို တစ်ယောက်ယောက်ကို ခြောက်ရင် သေစေနိုင်တယ်ဆိုတာ သူမသိဘူးလား။
ချင်းဖန်က အလောတကြီး တင်ပြသည်။
“ သူက မြို့မြောက်ပိုင်းမှာ ရှိနေပါတယ်။ တာဝန်ရှိကာကွယ်သူ လီက ထွက်သွားနှင့်ပါပြီ “
လုရီမျက်ခုံးကို ပင့်လိုက်၏။ လွန်ခဲ့သည့်ရက်တွေတွင် သူနှင့် ကျန့်ဖန်မှာ မြို့၏ နေရာတိုင်းကို လှည့်လည်ခဲ့သည်။ အလယ်နေရာမှာ တော်ဝင်နန်းတော်ရှိပြီး အရှေ့ပိုင်းတွင် ကုန်သည်များရှိသည်။ အရာရှိများနှင့် ကြွယ်ဝသော ကုန်သည်များက အနောက်ပိုင်းတွင်နေပြီး သာမန်လူများက တောင်ပိုင်းတွင် နေထိုင်ကြသည်။ မြောက်ပိုင်းတွင် အခြေခံလူတန်းစားများရှိပြီး လူဆိုးဂိုဏ်းများလည်း ထကြွသောင်းကျန်းနေကြသည်။
လုရီနှင့် ကျန့်ဖန် ထိုနေရာသို့ ရောက်သွား
သည့် အချိန်တွင် သူတို့၏ ဝတ်ရုံအကောင်းစားများကိုမြင်သည့်အခါ လုပြေးကြဖို့ပင် ကြံနေကြ၏။
ချင်းဖန်ပြောနေတုန်းမှာပဲ ကျန့်ဖန်ထွက်လာကာ သူ၏ သာမန်မျက်မှာမှာ လေးနက်နေသည်။
“ ညီကိုလု ငါတို့သွားလိုက်ကြမလား “
လုရီက ခေါင်းညိတ်ကာ ဆိုသည်။
“ ညီကို ပိုင်ယွီလုံက ဘယ်ရောက်နေတာလဲ “
ကျန့်ဖန်မှာ မဲ့သွားပြီး
“ ငါအခုပဲ သူ့ကိုရှာလာတာ။ အခုထိ ဆောင်ကြာမြိုင်မှာရှိသေးတယ်။ ဒီကနေ မြို့မြောက်ပိုင်းကို သွားတဲ့လမ်းနဲ့ သိပ်မဝေးဘူး “
လုရီနှာဖူးအားပွတ်ကာ ပြောစရာစကားမဲ့သွားရသည်။
“ ဒါဆို သူ့ကိုပါတစ်ခါတည်းခေါ်သွားကြတာပေါ့ “
ကျန့်ဖန်က သဘောတူသည့်ပုံဖြင့် ခေါင်းညိတ်သည်။
လုရီက ချင်းဖန်ဘက်လှည့်ကာ
“ ကျင့်ကြံသူချင်းက အရင်သွားလိုက်ပါ။ ကျွန်တော်တို့ မကြာခင်ရောက်ပါလိမ့်မယ် “
ချင်းဖန်က ခေါင်းညိတ်ပြီး ထွက်ခွါသွားသည်။
လုရီနှင့် ကျန့်ဖန်မှာ အလင်းတန်းအသွင်ပြောင်းကာ နန်းတော်ထဲမှ ပျောက်ကွယ်သွားသည်။
လုရီ၏ အမြန်နှုန်းမှာ ပြောစရာပင်
မလိုသည့်အပြင် ကျန့်ဖန်၏ အရည်အချင်းမှာလည်း အတော်လေး အထင်ကြီးစရာကောင်းသည်။ မဟုတ်လျှင် ချီသန့်စင် နယ်ပယ်၌ပင် အခြေခံ အုတ်မြစ်တည်ထောင်ခြင်း နယ်ပယ်၏ စွမ်းရည်တစ်ခုကို တတ်မြောက်နိုင်မှာမဟုတ်ပေ။
ကျန့်ဖန်၏ ဦးဆောင်မှုဖြင့် 'နွေဦးလေပြေနားခိုဆောင်' ဟူသော ဆောင်ကြာမြိုင်တစ်ခုတွင် ပိုင်ယွီလုံကို တွေ့လိုက်ရသည်။
မကောင်းသည့်ကျင့်ကြံသူအား ရှာတွေ့ပြီဟု ကြားသောအခါ အမြန်ပဲ အခန်းထဲမှထွက်လာ၏။ သူနှင့်အတူပါလာသော မိန်းမပျိုနှစ်ယောက်မှာလည်း လုရီအား ဝမ်းနည်းနေသည့်အကြည့်ဖြင့် ကြည့်နေကြသည်မို့ နေရခက်သွားရသည်။
ကျန့်ဖန်ကမူ အေးဆေးစွာရှိသည်။
“ ငါတို့သွားကြမယ် “
“ နေပါဦး ငါအဝတ်လေးပြီးအောင် ဝတ်ပါရစေဦး “
ပိုင်ယွီလုံက ခါးပတ်ကိုချည်ကာ အော်ပြောသည်။
ထို့နောက် သုံးယောက်သား ထွက်ခွါလာရာ ပိုင်ယွီလုံမှာ လုရီနှင့် ကျန့်ဖန်၏ နောက်နားတွင် ကျန်နေသည်။
လုရီက ပိုင်ယွီလုံအား ကြည့်ကာ စလိုက်သည်။
“ ညီကို ပိုင်ယွီလုံ အရှိန်ထပ်တင်ပါလား။ အဲ့ ပန်းပွင့်ကလေးတွေက ညီကို့ရဲ့ ခြေထောက်ကို အားနည်းအောင် လုပ်လိုက်တယ်လို့တော့ မပြောနဲ့နော် “
ပိုင်ယွီလုံမှာ တောင့်တင်းသွားကာ ပြောင်ပြောင်တင်းတင်း ရန်လိုစွာပြောလာသည်။
“ မင်းတို့ နှစ်ကောင်ကိုက ငါ့ထက်ပိုမြန်နေတာ ဟုတ်ပြီလား။ ရက်လေးနည်းနည်းလောက်နဲ့ ငါကဘာမှမဖြစ်သွားဘူး “
ကျန့်ဖန်ကလည်း ရယ်လိုက်ကာ
“ ညီကိုပိုင်ရဲ့ ခြေထောက်တွေက အားနည်းနေမှတော့ ငါတို့ သူ့ကိုမစောင့်သင့်တော့ဘူး “
“ မင်းတို့ လူစကားနားမလည်ဘူးလားကွ “
ပိုင်ယွီလုံ၏ မျက်နှာမှာ မည်းမှောင်သွားသည်။
ထိုအချိန်မှာပဲ ကျယ်လောင်သည့် ပေါက်ကွဲသံတစ်ခုကို ကြားလိုက်ရ၏။
လုရီတို့၏ မျက်နှာများမှာ ပြောင်းလဲသွားကာ အသံလာရာဆီကြည့်လိုက်ကြသည်။
သူတို့မှာ မြို့အနောက်ပိုင်းတွင် ရောက်နေကြခြင်းဖြစ်ပြီး အဝေးတွင် တဲစုတ်ကလေးများ ထိုးထွက်နေသည်။ ထိုထဲစုတ်ကလေးတွေထဲမှ တစ်ခုမှ ပြိုကျပြီး စိတ်ဝိဉာဉ်စွမ်းအင်လှိုင်းတို့မှာ လေထဲတွင် ပြန့်ကျဲနေသည်။
သွေးနီရောင် အလင်းတန်းတစ်ခု ချက်ချင်းထွက်လာပြီး အဝေးသို့ ပြေးထွက်သွားသည်။
ဒါကိုမြင်သည့် ကျန့်ဖန်၏ မျက်နှာမှာ မည်းမှောင်သွားလေသည်။
“ အဲ့တာ ဟိုမကောင်းတဲ့ ကျင့်ကြံသူမလား။ သေစမ်း ၊ သူ ထွက်ပြေးဖို့ လုပ်နေတာကွ “
ပိုင်ယွီလုံမှာ မျက်လုံးတွေကို တွန့်ချိုးကာ
“ သူကအရမ်းဝေးလွန်းနေတယ် ငါတို့ မှီပါ့မလား။ လီချင်းက သူ့ကို မတားနိုင်ဘူးလားကွ “
သူတို့မှာ ထိုမကောင်းသည့်ကျင့်ကြံသူနှင့် ဝေးဝေးတွင်ရောက်နေကြသည်။
ပြောနေရင်းနှင့် အဖြူရောင်အလင်းတန်းတစ်ခုဖြတ်သွားပြီး လေနှင့်အတူ ပါသွားသော တိမ်ဖြူတွေကို တွေ့လိုက်ရပေသည်။
လုရီက မျက်စိတစ်မှိတ်အတွင်းမှာပဲ သူတို့နှစ်ဦးအားကျော်တက်သွားပြီး အနီရောင်အလင်းတန်းဆီ လိုက်တော့သည်။
လုရီ၏ အရှိန်ကိုမြင်လိုက်ရသည့်
ကျန့်ဖန်နှင့် ပိုင်ယွီလုံတို့မှာ အံ့ဩသွားရ၏။
“ ဒါက အငယ်တန်းညီကိုလုလား! ဒီအရှိန်က.. အရမ်းမြန်လွန်းမနေဘူးလား “
ပိုင်ယွီလုံက မှတ်ချက်ချသည်။
အံ့ဩနေသည့် ကျန့်ဖန်မှာလည်း
“ ဒီလိုအရှိန်မျိုးက သာမန် အခြေခံထူထောင်ရေးအဆင့် နှစ် ဒါမှမဟုတ် သုံးမှာမှ ရှိလေ့ရှိတာကို… ညီကိုလု ချီကျင့်ကြံရေးအဆင့် စစ်ဆေးရေးစာရင်းမှာ အမြဲအဆင့်တစ်ရနေတာ မထူးဆန်းတော့ပါဘူး “
----------------
အခန်း ၇၂ -နတ်ဆိုးကျင့်ကြံသူ...
~အဝေးရှိ လီချင်းမှာ ပါးစပ်တွင် သွေးများထွက်နေရင်းနှင့် ထို သွေးရောင်အလင်းတန်ပျောက်ကွယ်သွားသည်ကို ကြည့်နေ၏။
နောက်ဆုံးထိပ်တိုက်တွေ့ပြီးကထဲက မကောင်းသည့်ကျင့်ကြံသူမှာ သတိပိုထားလာသည်ဖြစ်ရာ လီချင်းမရောက်ခင်မှာပဲ သူက သိရှိသွားလေသည်။ လီချင်း၍ ဒဏ်ရာများမှာလည်း မကောင်းမွန်
သေးသည့်အတွက် ထိုလူဆိုးကောင်အား မတားလိုက်နိုင်။
“ သေစမ်း ထွက်ပြေးသွားပြီ “
မြေပြင်ပေါ်တွင် ပါးစပ်ကသွေးများထွက်လျှက် လဲကျနေသော သက်လတ်ပိုင်းအရွယ်အမျိုးသားက မတ်မတ်ရပ်ဖို့ ကြိုးစားနေရင်းပြောသည်။
ထိုအချိန်မှာပဲ တိမ်ဖြူ ခြေလှမ်းသိုင်း ရစ်ပတ်နေသော လုရီ၏ အလင်းတန်းမှာ ထို သွေးနီရောင်အလင်းတန်းထက် ပိုပြီး လျင်မြန်စွာ ရွေ့သွားကြောင်းတွေ့လိုက်ရသည်။
လီချင်း “ ??? “
သက်လတ်ပိုင်းအရွယ်အမျိုးသား “ ???? “
နှစ်ယောက်သား ပျောက်ကွယ်သွားသည့် လုရီကိုကြည့်ကာ ဆွံ့အနေကြသည်။
ထို့နောက် မယုံကြည်နိုင်သောအကြည့်များဖြင့် အချင်းချင်းကြည့်လိုက်ကြ၏။
သက်လတ်ပိုင်းအရွယ်အမျိုးသားက မသေမချာပြောလာသည်။
“ …ကျွန်တော် အင်မော်တယ် သခင်လေး လုကို တွေ့လိုက်ရတာလား၊ သူဟုတ်တယ်မလား “
မယုံကြည်နိုင်သည့် လီချင်းကလည်း
“ ဟုတ်မယ်ထင်တယ်။ အဲ့တာ စီနီယာညီကို လုရီပဲ ဒါပေမဲ့.. ဘာလို့အဲ့လောက်တောင်် မြန်နေတာလဲ။ ငါ အခြေခံထူထောင်ခြင်းအဆင့် စီနီယာညီကိုတွေနဲ့ ရင်ဆိုင်ဖူးပေမဲ့ သူတို့ရဲ့ အရှိန်က လုရီနဲ့ ယှဉ်ရင် အပြတ်အသတ်ပဲ “
သက်လတ်ပိုင်းအရွယ်အမျိုးသားက အံ့ဩတကြီး ဆိုသည်။
“ သခင်လေးလုက အခုမှ ချီသန့်စင် နယ်ပယ် အဆင့် ၁၀ မလား။ သူ့အရှိန်က အခြေခံ အုတ်မြစ်တည်ထောင်ခြင်း ကျင့်ကြံသူတွေထက် မြန်တယ်ပေါ့လေ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ “
နှစ်ယောက်သား တစ်ဦးကို တစ်ဦး ကြည့်လိုက်ကြပြီးနောက် လီချင်းက
“ သွားပြီး ကြည့်ရအောင် “
ထို့နောက် နှစ်ယောက်သား ထိုသွေးနီရောင် အလင်းတန်းရှိရာဆီ ပြေးသွားလိုက်ကြသည်။
လုရီက သူ၏ တိမ်ဖြူကိုယ်ဟန်သိုင်းအား စစ်မှန်လောက်ကပြန်လည်ရောက်ရှိခြင်း ကန့်သတ်ချက်အထိ တိုးမြှင့်လိုက်ခြင်းဖြစ်သည်။ ချီအဆင့်၈ တုန်းကပင် အခြေခံထူထောင်ခြင်းအဆင့်သုံးရှိ ကျင့်ကြံသူတစ်ယောက်၏ အရှိန်အား မှီနိုင်သည်ဆိုလျှင် အခု ချီအဆင့် ၁၀ သို့ရောက်သည့်အခါ ဘယ်လောက်မြန်မလဲဆိုတာ တွေးကြည့်နိုင်သည်။
သွေးနီရောင်အလင်းတန်းမှာ သာမန် ချီအဆင့်၁၀ ကျင့်ကြံသူတစ်ယောက်၏ အရှိန်မျှသာရှိပြီး တအားမမြန်လှပေ။ လုရီ၏ အရှိန်ကြောင့် လိုက်မီလာ၏။
မကြာခင်မှာပဲ လုရီက မကောင်းသည့်ကျင့်ကြံသူအား ကျော်တက်ကာ လမ်းကို ပိတ်ရပ်လိုက်သည်။
လုရီ ထိုကျင့်ကြံသူအား ကြည့်လိုက်ရာ ညဝတ်ရုံမည်းကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ်လူကို မြင်လိုက်ရသည်။
မျက်နှာထားမှာ ကြမ်းကြုတ်ပြီး မျက်လုံးတွင် သွေးနီရောင် အလင်းတန်းတို့ ရောယှက်နေကာ သွေးနံ့တို့ ပြင်းထန်နေသည်။
လုရီလမ်းပိတ်ထားသည်ကို မြင်တော့ မကောင်းသည့် ကျင့်ကြံသူ၏ မျက်နှာထားမှာ ပြောင်းလဲသွားပြီး ချက်ချင်းရပ်တန့်လိုက်သည်။
လုရီအား ပြင်းထန်သည့်အကြည့်ဖြင့် ကြည့်ကာ အသံနက်နက်ကြီးဖြင့်
“ မင်းကဘယ်သူလဲ၊ ကိုယ့်ကိစ္စကိုယ်ပဲအာရုံစိုက်စမ်းပါ “
လုရီက အနည်းငယ် ပြုံးလိုက်ကာ
“ ခင်ဗျားကို သတ်ဖို့လာတဲ့ တိမ်ဖြူအတွင်းဂိုဏ်းသားပဲ “
လုရီ၏ စကားကြောင့် ထိုလူ၏ မျက်နှာမှာ ပြောင်းလဲသွား၏။ စကားထပ်မပြောတော့ဘဲ သွေးငွေ့များအား ထုတ်လွှတ်ကာ အခြားတစ်ဖက်သို့ပြေးဖို့ ကြိုးစားလေသည်။
ထို နတ်ဆိုးကျင့်ကြံသူမှာ အရှိန်တင်ရန်အတွက် သူ၏ နတ်ဆိုးစွမ်းရည်များအား အသုံးပြုလိုက်သော်လည်း လုရီအတွက်ကမူ စာမဖွဲ့လောက်ပေ။
ခြေတစ်လှမ်းဖြင့် ရပ်နေရာမှ ပျောက်သွားသည့် လုရီက နတ်ဆိုးကျင့်ကြံသူ ဘေးတွင် ပြန်ပေါ်လာသည်။
လက်ထဲတွင် စိတ်ဝိဉာဉ်စိမ်းဓားပေါ်လာပြီး ဓားရောင်အလင်းပြန်သွားသည့် အခိုက်အတန့်လေးမှာပဲ နတ်ဆိုး ကျင့်ကြံသူ၏ ခန္ဓာကိုယ်မှာ နှစ်ခြမ်းကွဲသွားသည်။ နှစ်ခြမ်းကွဲသွားသော အလောင်းကောင်ဆီမှ သွေးများစီးဆင်းသွားကာ မြေကြီးတစ်ခုလုံး ညစ်ပတ်သွားရသည်။
လုရီ မြေကြီးပေါ်ရှိ အလောင်းကောင်အား အသက်ရှူမရှူစမ်းသပ်ပြီးနောက် ခေါင်းညိတ်လိုက်၏။
[တာဝန်]
မိုဟဲ တိုင်းပြည်ရှိ နတ်ဆိုးကျင့်ကြံသူအား သတ်ပါ။ ( ပြီးဆုံး )
ဆုလာဘ် : နှစ်တစ်ထောင် စိတ်ဝိဉာဉ်နှင်းစက်နှစ်စက်
ဆုကိုလက်ခံပါမည်လား : လက်ခံမည်/ လက်မခံပါ။
သာမန်ချီအဆင့် ၁၀ နတ်ဆိုးကျင့်ကြံသူ တစ်ယောက်အတွက်ရသော ဆုလာဘ်မှာ သာမန်တာဝန်တွေနှင့်ယှဉ်လျှင် အတော်လေးရက်ရောသည်ဟု ပြောရမည်။
စစ်ဆေးရေးမျှော်စင်တွင် အခြေခံထူထောင်ခြင်းအဆင့်ကျင့်ကြံသူအား အနိုင်ယူလျှင်တောင် နှစ်တစ်ထောင်
စိတ်ဝိဉာဉ်နှင်းစက်သာ ပေးသည်။
လုရီ ပျော်ရွှင်စွာ လက်ခံလိုက်ပြီး သိုလှောင် လက်စွပ်ထဲသို့ ထည့်လိုက်သည်။
လုရီ ထိုအလောင်းကောင်အား ရှာဖွေကြည့်ရာ သိုလှောင်လက်စွပ်တစ်ကွင်းကို ရှာတွေ့၏။
အထဲသို့ စစ်ဆေးကြည့်ရာ အလယ်အလတ်အဆင့် ချီ ဆေးလုံးများ၊ အနံ့ပြင်းသော ဆေးလုံးများကို တွေ့ရသည်။ အဆိပ်ဒါမှမဟုတ် တစ်ခုခုဖြစ်နိုင်သည်။
ထို့နောက်တွင်တော့ သွေးရောင်သလင်းကျောက်များအား တွေ့ရသည်။
ထို သွေးရောင်ကျောက်များတွင် နတ်ဆိုးကျင့်ကြံသူအတွက် နတ်ဆိုးစွမ်းရည်များထုတ်ပေးသော ပြင်းထန်သည့် စိတ်ဝိဉာဉ်စွမ်းအင်များ ပါဝင်နေ၏။
သာမန်ကျင့်ကြံသူတစ်ယောက်အတွက်ဆိုလျှင် သွေးရောင်ကျောက်များမှာ
စိတ်ဝိဉာဉ်ကျောက်တုံးတွေနှင့် သာမန်ဆေးလုံးများနှင့် ယှဉ်လျှင် ပို အားကောင်းသည်။
လုရီအတွက်မူ အသုံးမဝင်လှ။
လုရိ ထိုကျောက်များအား ဖျက်စီးဖို့ဆုံးဖြတ်လိုက်သည်။ ကျင့်ကြံရေးအတွက် လူတွေကို ဖမ်းဆီးခဲ့သူထံတွင် ရှိနေသည့်ကျောက်များမှာ သားကောင်များထံမှ လုပ်ခဲ့တာဖြစ်ရမည်။
အတော်လေးကို ရက်စက်၏။
ဒီပစ္စည်းတွေအပြင် ထိုနတ်ဆိုးကျင့်ကြံသူထံ၌ အသုံးမဝင်သည့် အဆင့်နိမ့်စိတ်ဝိဉာဉ်ကျောက်တုံးများသာ ရှိသည်။
လုရီ ဒီလောက်ဆင်းရဲမွဲတေနေသော ချီအဆင့်၁၀ ကျင့်ကြံရေးသမားကို ဘဝတွင်တစ်ခါမှ မမြင်ခဲ့ဖူးပါ။
ကံကောင်းလို့သာ တာဝန်မှ ရသည့် ဆုရှိနေခြင်းဖြစ်သည်။
လုရီ သိုလှောင်လက်စွပ်အား စစ်ဆေးပြီးချိန်တွင် သူ့နောက်သို့ ချဉ်းကပ်လာသူများကို အာရုံခံမိလိုက်သည်။
နောက်သို့လှည့်ကြည့်လိုက်ရာ လီချင်းနှင့် သက်လတ်ပိုင်းအရွယ်အမျိုးသားအပြင် အဝေးမှလာနေသော ကျန့်ဖန်၊ ပိုင်ယွီလောင်းနှင့် ချင်းဖန်အားမြင်လိုက်ရသည်။
လုရီ၏ ရှေ့ကို့ရောက်လာသော လီချင်းနှင့် သက်လတ်ပိုင်းအရွယ်ကျင့်ကြံသူဟာ မြေပေါ်ရှိ အလောင်းကောင်အားကြည့်ကာ မျက်လုံးပြူးသွားပြီး အံ့ဩသွားကြ၏။
လီချင်းက လုရီအား ဦးညွှတ်လိုက်ကာ လေးစားသည့် ဟန်ဖြင့်
“ စီနီယာညီကို လုရီရဲ့ ခွန်အားက တကယ့်ကို ရင်သပ်ရှုမောဖွယ်ကောင်းလှပါတယ်။ နတ်ဆိုးကျင့်ကြံသူက အဲ့လောက်အားမနည်းတာတောင် စီနီယာညီကိုရဲ့ ဓားတစ်ချက်ကိုတောင် ခံနိုင်ရည်မရှိဘူးပဲ “
လုရီ ထိုကျင့်ကြံသူအား ဓားတစ်ချက်ဖြင့် ပိုင်းခုတ်လိုက်သည်ကို လီချင်း အဝေးကနေမြင်တွေ့လိုက်ရခြင်း ဖြစ်သည်။
ထို နတ်ဆိုးကျင့်ကြံသူမှာ လီချင်းထက် အားကောင်းသည်ဟုပင် ဆိုနိုင်သည်။
ဘေးရှိ သက်လတ်ပိုင်းအရွယ်ကျင့်ကြံသူကလည်း လေးစားသည့် အကြည့်ဖြင့်ကြည့်နေသည်။
လုရီမှာချီသန့်စင် နယ်ပယ် အဆင့် ၁၀ မျှသာရှိသေးသော်လည်း ခွန်အားအစွမ်းမှာ ကြောက်စရာကောင်းလှသည်။
“ အင်မော်တယ် သခင်လေးက တိမ်ဖြူဂိုဏ်းက ထူးခြားတဲ့ ဂိုဏ်းသားတစ်ယောက်ပဲ။ အထင်ကြီးမိပါတယ် “
---------------