အခန်း (၇၆-၇၈)
Vol. 6 Ch. 76-78
အခန်း ၇၆-ဓားချက် တစ်ချက်ရဲ့ စွမ်းပကား...
~....ဟာ...ဒီအဆင့် ၁၀ ချီကျင့်ကြံသူက အရမ်း အစွမ်းထက်လွန်းတယ်...
ကြောက်စရာ ကောင်းလိုက်တဲ့ ဓားစိတ်ဆန္ဒ...
သိုင်းပညာ အစွမ်းကလည်း လုံးဝ ကြက်သီး ထစရာပဲ...
ဒီအဆင့် ၁၀ ချီကျင့်ကြံသူက မပျံသန်းနိုင်တာ ကျေးဇူးတင်ရမယ်။
ထိုစဉ် ဂျိန်းခနဲ မိုးကြိုး ထစ်ချုန်းလာသည်။
အစောက စိတ်သက်သာရာ ရနေသော နတ်ဆိုးကျင့်ကြံသူ
ရင်ထိတ်သွားသည်။ သူ့မျက်လုံး ထောင့်စွန်းမှ နေ၍ လျှပ်စီးတန်းတစ်ခု လင်းလက်လာသည်ကို မြင်တွေ့လိုက်ရသည်။
ဒီ...ဒီလိုမျိုး မဖြစ်နိုင်ဘူး။
မိုးကြိုးစိတ်ဆန္ဒနယ်ပယ်...
ဘယ်...ဘယ်လိုလဲ။
ဒီချီကျင့်ကြံသူက တိမ်တွေပေါ် ခုန်တက်ပြီး လေပေါ် ပျံနိုင်နေတာလားဟ။
နတ်ဘုရား စွမ်းရည်လား။
နတ်ဆိုး ကျင့်ကြံသူ၏ စိတ်ထဲတွင် မေးခွန်းများ ဆူညံသွားသည်။
...ဒီသကောင့်သားက ချီကျင့်ကြံသူတော့ ဟုတ်သေးရဲ့လားဟ ။...
...အဟင့် အဟင့်.. အမေရေ...ကယ်ပါ။ ကျွန်တော် .. ဒီကို မလာခဲ့သင့်ဘူး ...
နတ်ဆိုး ကျင့်ကြံသူခမျာ အကြီးအကျယ် နောင်တရသွားရှာသည်။
လုရီ သူ့အား လိုက်မီလာသည်ကို တွေ့ရသောအခါ နတ်ဆိုး ကျင့်ကြံသူသည်
ညှောင်နာနာ အော်ဟစ်ကာ သူ့လက်ထဲက သွေးနီ အလံကို ဝှေ့ယမ်းရင်း ဝိဉာဉ် စွမ်းအင်များ ထုတ်ဖော်၍ လုရီအား ခုခံလိုက်သည်။
လုရီ၏ မျက်နှာအမူအရာမှာမူ မပြောင်းလဲပေ။ သူ့လက်ထဲမှ အစိမ်းရောင်ဝိဉာဉ်ဓား (ဝါ) ဝိဉာဉ်စိမ်းဓားမှာမူ လျှပ်စီးကြောင်းများစွာ ယှက်သိုင်း၍ ထက်မြက်သော ဓားစိတ်ဆန္ဒ စွမ်းအင်လုံးကြီးသည် တဝေါဝေါ
လည်ပတ်လျက် ရှိသည်။
အစွမ်းထက် မိုးကြိုးစိတ်ဆန္ဒနယ်ပယ် ....
ကြောက်စရာ ဓားစိတ်ဆန္ဒ...
တိမ်ဖြူ ဓားနည်းစနစ်၏ ဖြုံလောက်သော အကန့်အသတ် နယ်ပယ်၊
ထိုမျှသာမက၊ အစိမ်းရောင် ဝိဉာဉ်ဓားသည်လည်း အစွမ်းထက်သော အဆင့့်မြင့် မှော်လက်နက်လည်း ဖြစ်သေးသည်။
ထိုသို့ လုရီ၏ စွမ်းအားကြီးလှသော တိုက်ခိုက်မှုကြောင့် အခြေခံ အုတ်မြစ် တည်ထောင်ခြင်း နယ်ပယ် အထွတ်အထိပ် စွမ်းအားရှိ နတ်ဆိုး ကျင့်ကြံသူအား
တစ်ကိုယ်လုံး ထုံကျင်တောင့်တင်းသွားကာ ကျောချမ်းသွားစေသည်။
မီတာတစ်ရာ အရှည် ဓားအလင်းတန်းကြီးသည် ကောင်းကင်အား ဖျတ်ခနဲ ဝင်းလက်စေကာ လျှပ်စီးမိုးကြိုးများ မြည်ဟည်း၍
ညကောင်းကင်က နေ့အလား ထိန်ထိန်လင်းသွားသည်။
ဓားအလင်းတန်းသည် သွေးမြူကို
ရုတ်ချည်း ထိုးဖောက်လာပြီး နတ်ဆိုးကျင့်ကြံသူ၏ ကိုယ်ကို ဝါးမြိုလိုက်သည်။
နတ်ဆိုးကျင့်ကြံသူသည် ကောင်းကင်မှ မြေပေါ် လွင့်စင်နေကာ မီတာ ရာပေါင်းများစွာ ရှည်သော အက်ကွဲကြောင်းကြီးအား ချန်ရစ်ခဲ့သည်။
မိုးကြိုးလှိုင်းများသည် ဓားအလင်းတန်း၏ အဆုံးတွင် ကခုန်နေပြီး ပြင်းထန်သော ဓား စွမ်းအင် အကြွင်းအကျန်များ တဖြည်းဖြည်း ကွယ်ပျောက်သွားသည်။
လူလတ်ပိုင်းအရွယ် နတ်ဆိုးကျင့်ကြံသူ၏ သွေးသံရဲရဲ အလောင်းသည် ကောင်းကင်မှ ပြုတ်ကျလာသည်။ သူ၏ သွေးနီအလံသည်လည်း ၎င်း၏ ဝိဉာဉ် အလင်းမှာ အလွန်အမင်း မှေးမှိန်လျက် မြေပေါ်သို့ ဖရိုဖရဲ လွင့်စင်လာသည်။
ခပ်လှမ်းလှမ်း တစ်နေရာ တွင် ကျန့်ဖန်နှင့်ပိုင်ယွီလုံတို့မှာ မြေပြင်ပေါ်ရှိ ပြင်းထန်သော ဓားချက် အကြွင်းအကျန်များနှင့် နတ်ဆိုးကျင့်ကြံသူ၏ အသက်ကင်းမဲ့နေသော ခန္ဓာကိုယ်တို့ကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်ရင်း ကျောက်ရုပ်ကြီးများသဖွယ် ကြက်သေသေနေကြ၏။
ထို့နောက် ထိုနှစ်ယောက်သည် ကောင်းကင်အထက် တိမ်တိုက်များပေါ်၌ သူ့ကိုယ်၌ မိုးကြိုးစွမ်းအင်များ ခြုံလွှမ်းလျက် မားမားမတ်မတ် ရပ်နေသော လူငယ်ကို မော့ကြည့်လိုက်ကြသည်။ ထို့နောက် တစ်ဖန် မယုံကြည်နိုင်သော မျက်လုံးအစုံဖြင့် သူတို့ အချင်းချင်း ပြန်လည် ကြည့်လိုက်ကြသည်။
"ဒါ..ဒါ ..အငယ်တန်းညီလေးလု..ဒါ တကယ်ပဲ အငယ်တန်းညီလေးလု လား"
ပိုင်ယွိီလုံသည် ထိုသို့ သူ့ကိုယ်သူ ဗလုံးဗထွေး ရေရွတ်နေ၏။
ကျန့်ဖန်၏ ပါးစပ်လည်း မဲ့သွား၏။
အမြင့် ကောင်းကင်ထက်မှ လုရီ၏ ပုံရိပ်ကို ရီဝေစွာ သူ့စိတ်၌လည်း မသေချာပါပေ။
"ဟုတ်မယ် ထင်တာပဲ.. ငါလည်း သေချာ
မသိဘူးကွာ"
လုရီက ဘာကြောင့် ဒီလောက် သန်မာလာရတာလဲ။
ဘယ်လို အကြောင်းပြချက်နဲ့ သူ ဒီလောက် သန်မာနေရလဲ။
သူတို့သည် ဉာဏ်မမီကြပါ။
ထိုစဉ် လုရီသည် တိမ်တိုက်များပေါ်မှ လွှားခနဲ ခုန်ဆင်းလာကာ အသက်ကင်းမဲ့နေပြီ ဖြစ်သော နတ်ဆိုးကျင့်ကြံသူ၏ အရှေ့၌ ရပ်လိုက်သည်။ လေပူများ မှုတ်ထုတ်ကာ သူ့ရင်ထဲ အနည်းငယ် စိတ်လှုပ်ရှားနေမိပါ၏။
သူ့ကိုယ်ပိုင် ခွန်အားသည် အမှန်တကယ်ပင် သန်မာလှပါလား။
အခြေခံ အုတ်မြစ်တည်ထောင်ခြင်း နယ်ပယ် အထွတ်အထိပ် ခွန်အားရှိ ကျင့်ကြံသူသည် သူ၏ ဓားချက် တစ်ချက်ကိုပင် ခုခံနိုင်စွမ်း မရှိဘူးတဲ့လား။
မည်သို့ပင် ဖြစ်ပါစေ လုရီ စိတ်အေးသွားပါပြီ။
ဤနတ်ဆိုးကျင့်ကြံသူက သာမန် ကျင့်ကြံသူ တစ်ယောက်ပါပင်။
ထူးကဲသော ပါရမီရှင် တစ်ယောက် မဟုတ်ချေ။
သူသည် သာမန်အခြေခံ အုတ်မြစ်တည်ထောင်ခြင်း နယ်ပယ် အထွတ်အထိပ် ခွန်အားရှိ ကျင့်ကြံသူကို ဓားချက် တစ်ချက်တည်းဖြင့် သတ်နိုင်သည်၊
ထိုပါရမီရှင်များအတွက်မူ သူက ပြိုင်ဟုတ်ပေ။
ထို့အပြင်... အခြေခံ အုတ်မြစ်တည်ထောင်ခြင်း နယ်ပယ် အထွတ်အထိပ် ခွန်အားရှိ ကျင့်ကြံသူနှင့် ကြုံတွေ့ရမည်ဟု လုံးဝ မမျှော်လင့်ထားပေ။
ဖြစ်နိုင်လျှင် သူ့ပြိုင်ဘက်တွေအား အရင်က ကြုံဖူးခဲ့သည့် ချီအဆင့် ၁၀လိုသာ
အမြဲရှိနေဖို့ မျှော်လင့်သည်။
... သတိထားစမ်း.. မောက်မာလို့ မရဘူး။
ငါသာ ရွှေအူတိုင် ကျင့်ကြံသူနဲ့ ရင်ဆိုင်ခဲ့မယ်ဆိုရင်...
အဲ့ထက် ပိုသန်မာတဲ့ ကျင့်ကြံသူတွေကို ရင်ဆိုင်ရမယ်ဆိုရင်ရော..
ဒါ ဆိုးဆိုးရွားရွား ကံဆိုးမှာ မဟုတ်ဘူးလား။
လုရီ..မင်းက အားနည်းနေသေးတယ်!
..
အားနည်းနေသေးတယ်ကွ။...
လုရီသည် သူ့ကိုယ်သူ သတိပေးလိုက်သည်။
ထို့နောက် သူသည် အခြေခံ အုတ်မြစ်တည်ထောင်ခြင်း နယ်ပယ် အထွတ်အထိပ် ခွန်အားရှိ နတ်ဆိုးကျင့်ကြံသူ၏ အလောင်းကို စတင်ရှာဖွေခဲ့ပြီး သူ၏ သိုလှောင်လက်စွပ်ကိုလည်း အမြန်ရှာဖွေခဲ့သည်။
သွေးရောင်အလံကိုလည်း ကောက်ယူလိုက်သည်။
သွေးရောင်အလံသည် အတော် စွမ်းအားကြီးသော မှော်လက်နက် ဖြစ်ကြောင်း သိသာသည်။ ၎င်း၏ဘအဆင့်မှာ သေချာပေါက် မနိမ့်လွန်းသောကြောင့်
သူက အလဟသ အဖြစ်ခံမည် မဟုတ်ပေ။
ထို့နောက် နတ်ဆိုးကျင့်ကြံသူ၏ လက်စွပ်ကို ကြည့်လိုက်သည်။
ထိုလူ၏ သိုလှောင်လက်စွပ်သည် သူ့သိုလှောင်လက်စွပ်ထက် ကြီးပြီး ပစ္စည်းများစွာ ပါရှိသည်။
စေ့စေ့စပ်စပ် စစ်ဆေးလိုက်တော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး အနည်းငယ်၊ သွေးရောင် သလင်းကျောက် အစုအပုံကြီး၊ အချို့သော ကျင့်ကြံခြင်း မှော်ဆေး ပုလင်းများနှင့် ဆေးအိုးများ ကို တွေ့သည်။ လက်စွပ်၏ ထောင့်တွင် သွေးရောင် တံဆိပ်ပြား တစ်ခုကိုလည်း တွေ့ရှိခဲ့သည်။
လုရီသည် တံဆိပ်ပြားကို စစ်ဆေးရန် ထုတ်ယူလိုက်သည်။ တံဆိပ်ပြား၌ "သွေးဝိညာဉ်" ဟူသော စာလုံးများ ရေးထွင်းထားသည်ကို တွေ့လိုက်ရသည်။
သူ့မျက်လုံးများသည် ဘဝင်မကျစွာ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
ဒါက သွေးဝိညာဉ်ဂိုဏ်း၏ သင်္ကေတတစ်ခုပဲ။
ဒီနတ်ဆိုးကျင့်ကြံသူက သွေးဝိညာဉ်ဂိုဏ်းရဲ့ အဖွဲ့ဝင်လား။
ဒီလူ့မှာ သွေး အနှစ်သာရတွေ အများကြီးရှိနေတာ ငါ မအံ့ဩတော့ဘူး။
တိမ်ဖြူဂိုဏ်းလိုပင်၊ သွေးဝိညာဉ်ဂိုဏ်းသည် ချင်းကျိုး၏ ကြီးကျယ်သောဂိုဏ်းကြီးများထဲမှ တစ်ခုဖြစ်သည်။
ဂိုဏ်းကြီးများ၏ နယ်မြေ ပရဝိုဏ်များက မနီးမဝေး တည်ရှိပြီး ၎င်းတို့ကြားတွင်
မကျေလည်မှုများ အမြဲမပြတ် ဖြစ်ပွားတတ်သည်။
သို့သော် တိမ်ဖြူဂိုဏ်းနှင့်မတူဘဲ
သွေးဝိဉာဉ်ဂိုဏ်းသည် နတ်ဆိုးဂိုဏ်းတစ်ခုဖြစ်သည်။ ၎င်း၏ ကျင့်ကြံခြင်း သိုင်းနည်းပညာများသည် သွေးအနှစ်သာရကို ဝါးမြိုခြင်းအား ဗဟိုပြုသည်။
သွေးဝိညာဉ်ဂိုဏ်း၏ ကျင့်ကြံသူများသည် သွေး နှင့် ရက်ရက်စက်စက် လူသတ်ခြင်းကို ထုံမွေ့ နှစ်သက်ကြသူများဖြစ်သည်။
ဂိုဏ်းကြီး နှစ်ခုကြား မကျေလည်မှုသည် အဆုံး မရှိဟု ပြောနိုင်သည်။
လုရီတစ်ယောက် မျက်မှောင်ကြုတ်ကာ သူ့မျက်နှာက သိပ်အဆင်မပြေတော့ချေ။
တိမ်ဖြူဂိုဏ်း၏ ဧရိယာနှင့် နီးကပ်လွန်းလှသော သွေးဝိညာဉ်ဂိုဏ်း၏ ကျင့်ကြံသူများသည် နတ်ဆိုး စွမ်းရည်များကို လေ့ကျင့်နေသည်။
ဒီလူတွေက တိမ်ဖြူဂိုဏ်းကို အမှန်တကယ်ပဲ လျစ်လျူရှုထားသည်ပဲ။
လုရီ အသက်ပြင်းပြင်းရှူရင်း သွေးတံဆိပ်ပြားကို သိမ်းဆည်းလိုက်သည်။
အခြေအနေကို အထက်သို့ ပြန်လည် တင်ပြရမည်။
ထိုသို့ အတွေး နစ်မျောနေစဉ် အနောက်မှ ပိုင်ယွီလုံ၏ အသံ ထွက်ပေါ်လာသည်။
"အငယ်တန်းညီလေး လု?"
ထိုအခါမှ လုရီ အတွေးထဲမှ သတိပြန်ဝင်လာပြီး သူတို့ဘက်သို့ ခေါင်းလှည့်လိုက်သသည်။
သူ့အား စူးစူးရဲရဲ ကြည့်နေသော သူ့စီနီယာနှစ်ယောက်၏ ထိတ်လန့်တုန်လှုပ်သော မျက်နှာများကို တွေ့လိုက်ရသည်။
ကျန့်ဖန်က မြေပြင်ပေါ်ရှိ အလောင်းကို ငုံ့ကြည့်ကာ ခပ်လန့်လန့် ပြောလာသည်။
"အငယ်တန်း ညီလေး လု၊ မင်းရဲ့ အင်အားက... တကယ့်ကို ကြောက်စရာကောင်းလိုက်တာ"
ထိုအခါ လုရီ ရင်ထဲမှာ အားကိုးရာမဲ့သလို ခံစားလိုက်ရသည်။
ဒီလို ထွက်ပေါ်လာပြီ။
ဒီလို ဖြစ်လာမှာကို ..သူ ကြောက်တာပါ။
သို့သော် ကံကောင်းထောက်မစွာ၊ သူ့မှာ အရန် အစီအစဉ် တစ်ခု ရှိလေသည်။
လုရီက သူတို့အား ခပ်ဖျော့ဖျော့ ပြုံးပြကာ "အတိတ်မေ့"စွမ်းရည် ကို အသက်သွင်းလိုက်တော့သည်။
တခဏချင်းမှာပဲ ကျန့်ဖန်နှင့် ပိုင်ယွီလုံ ဟာ ငိုက်ကျသွားသည်။ အိပ်ငိုက်စေသော အားလှိုင်းတစ်ခုက သူတို့နှစ်ယောက်ကို ရိုက်ခတ်လာပြီး နှစ်ယောက်သား အိပ်ပျော်သွားကြတော့သည်။
လုရီသည် ထိုနှစ်ယောက်အား လက်တစ်ဖက်စီ သယ်မကာ ချိုတစ်ချောင်းဝိညာဉ်သားရဲမြင်းပေါ် ပြန်တင် ပေးလိုက်သည်။
ထို့နောက် ဂိုဏ်း၏ဦးတည်ရာဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
...
နောက်နေ့မနက်.. တောင်တန်းများကြားက တောအုပ်ထဲ၌...
ကျန့်ဖန်နှင့် ပိုင်ယွီလုံတို့ ချိုတစ်ချောင်းဝိညာဉ်သားရဲမြင်းပေါ်မှ တဖြည်းဖြည်းနှင့် နိုးထလာသည်။ နှစ်ယောက်စလုံး ဂရုတစိုက် ချက်ချင်း ထထိုင်၍ ဆဘးဘီကို ပြူးပြူးပြဲပြဲ ကြည့်လိုက်ကြသည်။
ကျန့်ဖန်သည် သူ့ခန္ဓာကိုယ်အား ဝိညာဉ်စွမ်းအင်များ လည်ပတ်လိုက်ကာ
ဇဝေဇဝါဖြင့် ရေရွတ်၏။
"ဘာဖြစ်သွားတာလဲ၊ ငါတို့ ဘယ်မှာလဲ"
လုရီက သူတို့ဘက် လှည့်လာကာ နှစ်ယောက်သားကို အံ့သြစွာ ပြုံးပြလိုက်သည်။
"အိုး...အစ်ကိုတို့ နိုးပြီလား"
------------
အခန်း၇၇- ဓားချက် တစ်ချက်ရဲ့ စွမ်းပကား...
~ကျန့်ဖန်နှင့် ပိုင်ယွီလုံ၏ အမူအရာများသည် လုရိီကို တွေ့လိုက်သောအခါ အနည်းငယ် ပြေလျော့သွားသည်။
ပိုင်ယွီလုံက အံ့အားသင့်စွာ မေးလိုက်သည်။
"အငယ်တန်းညီလေးလု.. ဘာဖြစ်တာလဲ၊ ငါတို့ ဘယ်လို သတိလစ်သွားတာလဲ"
လုရီက သက်ပြင်းချပြီး ဖြေရှင်းလိုက်သည်။
"မနေ့ညက အခြေခံအုတ်မြစ်တည်ထောင်ခြင်း နယ်ပယ် အထွတ်အထိပ် ခွန်အားရှိတဲ့ နတ်ဆိုး ကျင့်ကြံသူနဲ့ တွေ့ခဲ့တာလေ။
ကံမကောင်းစွာနဲ့ စီနီယာတို့ နှစ်ယောက်လုံး သတိလစ်သွားခဲ့တယ်။ကျွန်တော်တို့ ကံကောင်းတယ်ဗျ၊ သန်မာတဲ့ စီနီယာ တစ်ယောက်က လမ်း ဖြတ်သွားရင်း မြင်လိုက်ရလို့ အဲဒီ နတ်ဆိုး ကျင့်ကြံသူကို သတ် ပေးလိုက်လို့ ကျွန်တော်တို့ မသေတာဗျ၊ နောက်တော့ အဲ့ဒီအန္တရာယ် ရှိတဲ့ နေရာကနေ ခင်ဗျားတို့ နှစ်ယောက်ကို ကျွန်တော် ခေါ်လာခဲ့တာပါ"
လူရီ ရှင်းပြသည်ကို ကြားသောအခါ
ကျန့်ဖန်နှင့် ပိုင်ယွီလုံသည် ခဏတာ အံ့အားသင့်သွားရင်း မှတ်ဉာဏ်အပိုင်းအစများ စိတ်ထဲတွင် ပြန်ပေါ်လာသည်။
ဟုတ်သည်။ သွေးဝိညာဉ်ဂိုဏ်းမှ ထိုကြောက်စရာနတ်ဆိုး ကျင့်ကြံသူက သူတို့အား လမ်းပိတ်ကာ တားလေသည်။ သူတို့ ပြန်မှတ်မိပြီ။
လုရီက ကျန့်ဖန်နှင့် ပိုင်ယွီလုံ ဖြစ်ပျက်ခဲ့သောအမှတ်တရများအားလုံးကို ဖျက်မပစ်ခဲ့ပေ။
ထ်ိုသို့ဆိုပါက သူတို့ ဘာကြောင့် သတိလစ်ရသလဲ ရှင်းပြဖို့ ခက်လိမ့်မည် မဟုတ်ပါလား။
မုသား အနည်းငယ် စွက်သော အမှန်တရားကသာ ပို၍ ယုံကြည်နိုင်ဖွယ် ဖြစ်မည် ။
ကျန့်ဖန်နှင့် ပိုင်ယွီလုံ၏ မျက်နှာများ ပျက်ယွင်းသွားကာ ကျန့်ဖန်က လုရီအား
"နတ်ဆိုး ကျင့်ကြံသူ သေသွားပြီလား"ဟု မေးလိုက်သည်။
လုရီက ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့"
ထို့နောက် သူ သိုလှောင် လက်စွပ်ကို ထုတ်ယူခဲ့သည်။
"အဲ့ဒီလမ်းမှာ အမှတ်တမဲ့ တွေ့ရတဲ့ စီနီယာက အရမ်း အစွမ်းထက်တယ်ဗျ၊
သူ့ရဲ့ ဓားချက်တစ်ချက်တည်းနဲ့ပဲ နတ်ဆိုး ကျင့်ကြံသူ အသက်ပျောက်သွားတယ်၊ အဲ့အစ်ကိုကြီးက သိုလှောင်လက်စွပ်ကိုတောင်
မယူခဲ့ဘူး ၊ ကျွန်တော် ရတာပေါ့ဗျာ"
ပြောဆိုနေရင်း လုရီက သွေးရောင် တံဆိပ်ပြားကိုလည်း ထုတ်ပြလိုက်ပြီး
"ဒီမှာလေ၊ နတ်ဆိုးကျင့်ကြံသူရဲ့ သိုလှောင်လက်စွပ်ကို စစ်ဆေးကြည့်တော့ ကျွန်တော် ဒါကို တွေ့ခဲ့တယ်"
တံဆိပ်ပြားပေါ်ရှိ 'သွေးဝိညာဉ်' ဟူသော ဖောင်းကြွ စာလုံးများအား မြင်လိုက်ရသောအခါ ပိုင်ယွီလုံနှင့် ကျန့်ဖန်တို့၏ မျက်နှာများ မည်းမှောင်သွားသည်။
"အဲဒီ့လူဟာ သွေးဝိညာဉ် ဂိုဏ်းကလား?!"
လုရီ ခေါင်းညိတ်ပြပြန်သည်။
"ဟုတ်ကဲ့"
ပိုင်ယွီလုံသည် မကြည်မလင်ပင် မျက်မှောင်ကြုတ်လိုက်သည်။
"ဟမ့်! သွေးဝိညာဉ်ဂိုဏ်းက လူတွေက
တကယ့်ကို သေသင့်တဲ့ သူတောင်းစားတွေ၊ တိမ်ဖြူဂိုဏ်း နယ်မြေထဲကို လာပြီး အောက်တန်းကျတဲ့ သိုင်းတွေ လာကျင့်နေပါလား"
ကျန့်ဖန်၏ မျက်နှာမှာလည်း ပုပ်သိုးနေသည်။
လုရီက ထပ်ပြောလိုက်သည်။
"ဒီတံဆိပ်ပြားကို ကျွန်တော်တို့ အတွင်း ဆောင်ဂိုဏ်းကို ပြန်ရောက်ရင် အလုပ်ရုံခန်းမကို သတင်းပို့ရမယ်"
ထိုအခါ ပိုင်ယွီလုံက အေးစက်စွာဖြင့်
"ဟမ့်၊ မမျှော်လင့်ဘဲ မိုဟဲနိုင်ငံက နတ်ဆိုးသူတွေက သွေးဝိညာဉ်ဂိုဏ်းသားတွေ ဖြစ်နေပါလား၊ဒီအလုပ်တာဝန်ကို ထမ်းဆောင်ရာမှာ ငါတို့ ကံကောင်းလို့ပဲ ၊မဟုတ်ရင် ပြသနာ အကြီးကြီး တက်မှာ"
ကျန့်ဖန်က စိတ်ပျက်လက်ပျက် မဲ့ပြုံး ပြုံး လိုက်ပြီး
"တိမ်ဖြူဂိုဏ်းက များသောအားဖြင့်တော့ ပြဿနာမရှိပဲ နှစ်စဉ်နှစ်တိုင်း နတ်ဆိုး ကျင့်ကြံသူ အများအပြားနဲ့ ရင်ဆိုင်နေတာပဲ၊ ငါတို့က ကံဆိုးလို့ ဒီလို ကြုံခဲ့တာပဲ"
လုရီနှင့် ပိုင်ယွီလုံက သူ့စကားကို ပြန်မငြင်းခဲ့ကြပါ။
သူတို့၏ ကံသည် အမှန်ပင် မကောင်းခဲ့ပါ။
အလုပ်ကလေးတစ်ခု လုပ်ရာတွင် အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ် အထွတ်အထိပ် ခွန်အားရှိသော နတ်ဆိုး ကျင့်ကြံသူနှင့်မှ ထိပ်တိုက် ဆုံရလေသည်လား။
တကယ့်ကို ကံဆိုးသူတွေပါပဲ။
လုရီက ခေါင်းခါပြီး
" ကဲ၊ ဒါကို မေ့လိုက်ပါ၊ မစဉ်းစားနဲ့တော့၊ ပြန်ကြရအောင် စီနီယာတို့"ဟု တိုက်တွန်းလိုက်သည်။
ကျန့်ဖန်နှင့် ပိုင်ယွီလုံ နှစ်ယောက်လုံး သူ့စကားအား ခေါင်းညိတ်ပြကြသည်။
သို့နှင့် သူတို့ သုံးယောက်သည် ဂိုဏ်းသို့ အိမ်ပြန် ခရီး ဆက်ခဲ့ကြလေသည်။
...
တစ်ပတ်အကြာတွင် လုရီနှင့် သူ့အဖော်နှစ်ယောက် ဂိုဏ်းသို့ ပြန်ရောက်ခဲ့ကြပါပြီ။
အပြင်ဘက်ဂိုဏ်းသို့ ရောက်လာသောအခါ လုရီက ပိုင်ယွီလုံနှင့် ကျန့်ဖန်အား
ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလာသည်။
"စီနီယာတို့၊ ကျွန်တော် မိသားစုကို ခနလောက် ဝင်တွေ့လိုက်ဦးမယ်၊ အစ်ကိုတို့နှစ်ယောက် အတွင်းဂိုဏ်းကို သွားနှင့်ကြ နော်"
ဒါကိုကြားတော့ ပိုင်ယွီလုံက သက်ပြင်းချပြီး ဆွေးမြေ့သလို လေသံဖြင့် ပြောလာသည်။
"နှစ်သစ်ကူးခါနီးပြီ နော်၊ အားလပ်ရက်တွေမှာ ငါအိမ်မပြန်ရတာ နှစ်အတော်တောင် ကြာပြီ ကွာ"
ကျန့်ဖန်သည်လည်း အဝေးသို့ မျှော်ကြည့်လျက် တစ်စုံတစ်ခုကို သတိရနေပုံ ပေါ်သည်။
"လုရီလို ဂိုဏ်းမှာ မိသားစုရှိရင် ကောင်းသား တယ် ၊ မင်းကို မနာလိုဘူးကွာ"
လုရီကို နှုတ်ဆက်ပြီးနောက် သူတို့နှစ်ဦးသည် အတွင်းဂိုဏ်းသို့ ဦးစွာ ပြန်သွားကြသည်။
ထို့နောက် လုရီသည် သူ၏ ချိုတစ်ချောင်းပါ ဝိညာဉ်သားရဲမြင်းကို ဝိဉာဉ်ဖြူတောင်ထိပ်သို့ ဇက်ကြိုးနှင်လိုက်တော့သည်။
နှစ်သစ်ကူး အခါသမယ နီးကပ်လာသော်လည်း မိမိတို့ ကျင့်ကြံသူများသည် သာမန် လူများထက် အချိန်အား ကွဲပြားစွာ ယူဆကြသည်။ ကျင့်ကြံခြင်း
လမ်းစဥ်၌သာ နှစ်ပေါင်းများစွာ တစိုက်မတ်မတ် အားထုတ်တတ်ကြသည် ဖြစ်သည်နှင့်အညီ ပိုအေးစက်သော သဘောထား ရှိသောကြောင့် တောင်ပေါ်တွင် ပျော်ပွဲရွှင်ပွဲ အများကြီး မကျင်းပနေခဲ့ပေ။
မိသားစုအနည်းငယ်ကသာ အနီရောင်မီးပုံးများနှင့် အလားတူပစ္စည်းများဖြင့် အလှဆင်ကာ နှစ်သစ် ကြိုဆိုခဲ့ကြသည်။
လုရီသည် ဝိဉာဉ်ဖြူတောင်ထိပ်သို့ အမြန်ပြန်လာသည်။ သူ့မိသားစု၏ အိမ်တံခါးဆီသို့ ရောက်လာသည်။
တံခါးပေါက်ကို အနီရောင်မီးပုံးများဖြင့် အလှဆင်ထားသည်က လွဲ၍ သူ့အိမ်ကလေးက အရာအားလုံးသည် ပုံမှန်အတိုင်းပါပဲ။
တံခါးကို ခေါက်လိုက်ပြီး
"အဘိုးကြီးလုရေ ၊ အမေ ရေ၊ သား ပြန်လာပြီ!"
ဘုန်း ဘုန်း ဘုန်း..
လုရီသည် အိမ်အတွင်းမှ ကသောကမျော ခြေသံများကို ကြားလိုက်ရပြီးနောက် တံခါးပွင့်လာသည်။ အတွင်းဘက်ရှိ ဝမ်စီးချီ ထွက်ပေါ်လာသည်။
ဝမ်စီးချီ၏ မျက်နှာတွင် အံ့ဩသွားသည့် အရိပ်တို့ ဖြတ်သန်းသွားကာ သူမသားအား ဖက်လိုက်ပြီး တစ်ချက်ရယ်ကာ မေးသည်။
"အလို...ရီအာ.. မင်း ဘာလို့ ပြန်လာတာလဲ ကလေး.."
လုရီသည် ဝမ်စီးချီ၏ ပွေ့ဖက်လာမှုမှ အသာရုန်းလိုက်သည်။
သူ့လို အသက်အရွယ်တွင် သူ့မိခင်က ကလေး ပေါက်စလေးလို ပွေ့ဖက်လာသည်က အဆင်မပြေသလို ခံစားရသည် လေ။
လုရီ ပြုံးပြီး ဖြေရှင်းသည်။
"ကျွန်တော် ဂိုဏ်းက ပေးတဲ့ ပြင်ပတာဝန်တစ်ခု ပြီးသွားပါပြီ၊ နှစ်သစ်ကူးချိန်ဆိုတော့ အမေတို့နဲ့ ခနလေး တွေ့ချင်လို့ ဝင်လာခဲ့တာ"
ထိုအခါ ဝမ်စီးချီ၏မျက်နှာသည် အပျော်ရိပ်တို့ သမ်းလာတော့သည်။
"အို ၊ ဂိုဏ်းအလုပ် တစ်ခုအတွက် ခရီးသွားလာတာလား၊ ပင်ပန်းနေတော့မှာပဲ၊ အထဲကို ဝင်ပြီး လာနား၊ လာ"
လုရီသည် ခြံဝင်းထဲသို့ ဝင်ကာ ပတ်ပတ်လည်ကို ဝေ့ဝဲကြည့်ရင်း " အမေ၊ အဘိုးကြီးလုရော ဘယ်မှာလဲဟင်" ဟု မေးလိုက်သည်။
"မင်းအဖေက အလုပ်ရုံ ခန်းမမှာ အလုပ်ကလေး ရှိနေလို့၊ မကြာခင် ပြန်လာတော့မှာ"
"ဟုတ်ကဲ့"
လုရီက ခေါင်းညိတ်ပြပြီး ထပ်မမေးတော့ပါ။
ဝမ်စီးချီသည် လုရီကို သူ့အခန်းထဲတွင် အနားယူရန် စေလွှတ်ခဲ့သည်။
သူမသည် အစေခံမလေး ပိုင်လင်းလင်းကိုတော့ ဟင်းချက်စရာများဝယ်ရန် စေလွှတ်ကာ စားသောက် ပွဲပြင်ဆင်ဖို့ စီစဉ်ပါတော့သည်။
လုရီသည် သူ ထွက်သွားကတည်းက
မပြောင်းလဲသေးသော သူ့အခန်းသို့ ပြန်ရောက်လာခဲ့သည်။
အခန်းကလေးက အလွန်သန့်ရှင်းနေသည်။ နေ့စဉ်နှင့်အမျှ သန့်ရှင်းရေး လုပ်ထားသည်ပင်။
တစ်နှစ်ခွဲကြာ ဝေးကွာသွားပြီးနောက် အရာအားလုံးသည် သူနှင့် ရင်းနှီးနေသေးသည်။
ထမင်းစားချိန်ကို စောင့်ရင်း ကျေနပ်စွာ အနားယူရင်း အိပ်ယာပေါ် လှဲချလိုက်သည်။
မကြာခင်မှာပဲ လုကောင်းယန်၏ အသံက ခြံဝင်းထဲမှာ ပဲ့တင်ထပ်လာသည်။
"ငါ ပြန်လာပြီ... ဟမ်၊ မိန်းမ၊ ဒီနေ့ မင်း ဘာလို့ အရမ်းပျော်မြူးနေတာလဲ"
ဝမ်စီးချီက ပြန်အော်သည်။
"အဟင်းး..ရီအာ ပြန်လာပြီ လေ"
"ဒီကလေး ပြန်လာပြီလား"
လုကောင်းယန်၏ အသံသည် ပိုမိုကျယ်လောင်လာပြီးနောက်မှာတော့ လုရီသည် သူ့အခန်းတံခါး ခေါက်သံကို ကြားလိုက်ရ တော့သည်။ သူ ပျင်းရိရိနှင့် ထကာ တံခါးဖွင့်လိုက်ရာ အခန်း အပြင်ဘက်တွင် ကြိုနေသော လုကောင်းယန်ကို တွေ့လိုက်ရသည်။
လုရီက ပြုံးပြီး နှုတ်ဆက်သည်။
"ဟေး..အဘိုးကြီးလု မတွေ့ရတာ ကြာပြီ နော်"
လုကောင်းယန်၏ မျက်နှာသည် မည်းမှောင်သွားကာ
" လူကြီးကို မလေးမစားနဲ့... ဒါနဲ့ မင်း ဘာလို့ ရုတ်တရက် ပြန်လာတာလဲ "
"ကျွန်တော် ဂိုဏ်းရဲ့ ပေးအပ်တဲ့ အလုပ်တစ်ခုပြီးသွားပြီ၊ နှစ်သစ်ကူးခါနီးဆိုတော့ အဖေတို့နဲ့ ပြန်တွေ့ချင်ဖို့ ခန ဝင်လာခဲ့တာပါ "
သူ့ရှင်းပြချက်အား ကြားလိုက်ရတော့
လုကောင်းယန်သည်လည်း ရှားရှားပါးပါး ပြုံးလိုက်တော့သည်။
"အိုး..ဒီလိုလား၊ မင်း တခါတလေမှ ပြန်လာတာ ၊ အတွင်းဂိုဏ်းကို မပြန်ခင် နှစ်သစ်ကူး ည အထိ အိမ်မှာ နေပါကွာ..."
---------------
အခန်း ၇၈- ဓားချက် တစ်ချက်ရဲ့ စွမ်းပကား ...
~ ထိုအချိန်တွင် ဝမ်စီးချီ ရောက်လာပြီး
လုကောင်းယန်ကို ခပ်တင်းတင်း ကြည့်ကာ ဆူပူသည်။
"ရှင်... ရီအာ အနားယူတာကို
မနှောင့်ယှက်နဲ့၊ သူ အပြင်ကနေ မောမောပန်းပန်း ပြန်လာတာ၊ ရှင့်မှာ ဘာမှ လုပ်စရာ မရှိရင် ဟိုကောင်းကင်နဲ့ မြေကြီး ရတနာတွေကို သွားသယ်စမ်း..."
ထို့နောက် ဝမ်စီးချီက လုကောင်းယန်ကို ဆွဲခေါ်သွားသည်။
လုရီသည် မိဘနှစ်ပါး၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ပြီး ရင်ထဲ နွေးထွေးစွာ ခံစားလိုက်ရသည်။
တစ်စုံတစ်ယောက်အတွက် အိမ်ဟူသည် အမှန်တကယ် သက်တောင့်သက်သာ ရှိလေသည်။
ညနေပိုင်းတွင် ဝမ်စီးချီသည် စားပွဲ၌ ဟင်းခတ်အမွှေးအကြိုင်ရနံ့များ ကြိုင်သင်ူနေသော ဟင်းပန်းကန်များ အပြည့်နှင့် စားပွဲကြီးအား ဖန်တီးလေသည်။
လုရီသည် ယခုအခါတွင် ကိုယ်တိုင် ဝိညာဉ်အစာများကို ထုတ်လုပ်နိုင်သည်။ ၎င်းကို ကျွမ်းကျင်စွာ တတ်မြောက်ထားသည် ဖြစ်သော်လည်း သူသည် ဟင်းလျာများကို အားရပါးရ စားတော့သည်။
ဝမ်စီးချီနှင့် လုကောင်းယန်
နှစ်ယောက်စလုံး မျက်နှာပေါ်တွင် အပြုံးပွင့်တို့ ဝေကာ လုရီအား ကြည့်နေကြသည်။
သူတို့၏ အကြည့်ကြောင့် အနည်းငယ် မလုံမလဲ ဖြစ်လာသလို လုရီက ပြန်မေးလိုက်သည်။
"အဘိုးကြီးလု၊ အမေ.. ဘာလို့ ကျွန်တော့်ကို ဘာလို့ ဒီလို စိုက်ကြည့်နေတာလဲဗျ"
ထိုအခါ ဝမ်စီးချီက ကြည်နူးစွာ ရယ်ပြီး
" သားလေး..မင်းရဲ့သတင်းက အပြင်ဘက်ဂိုဏ်းတစ်ခုလုံး နာမည်ကြီးနေပြီ"
"ကျွန်တော့်သတင်း၊ ဘာကြီးလဲ"
လုကောင်းယန်သည် လုရီကို ကြည့်ရင်း မျက်လုံးများ ပြူးကာ
"မင်းက လင်းလောင် တောင်ထိပ်ကို ခိုလှုံပြီး လင်းလောင် တောင် သခင်မရဲ့ စာရင်းသွင်း တပည့်ဖြစ်လာတယ်၊ ဒါ့အပြင် ချီ သန့်စင်နယ်ပယ် အစမ်းစာရင်းမှာ အဆင့်တစ် ရဲခဲ့တယ်လေ၊ ဒီလိုသတင်းကြီး ရှိနေတာ.. မင်းက ဘာလဲဆိုတာ ပြန် မေးနေတာလားကွ"
လုရီ ရုတ်တရက် သဘောပေါက်သွားပြီး
"အာ ..ဒါလား.." ဟု ခပ်အေးအေး ရေရွတ်သည်။
သူ့အတွက်တော့ ဒါဟာ ကြီးကြီးမားမား ကိစ္စတော့ မဟုတ်ပါချေ။ သူသည် ၎င်းကို အသားကျနေပါသည်။
လုကောင်းယန်ကတော့ ဆွံ့အသွားသည်။
ဒီကောင်လေးက အကြွားသန်ပြနေတာလားဟ။
ထိုအချိန်တွင် လုရီက ပြုံးပြီး "အဖေ အမေ.. ကျွန်တော်.. ပြောစရာရှိတယ်" ဟု အသိပေးလာသည်။
လုကောင်းယန်နှင့် ဝမ်စီးချီတို့သည် စူးစမ်းလိုစိတ်များ တိုးလာသည်။
"ဘာလဲ?"
လုရီသည် သူ၏ ဝိညာဉ်စွမ်းအင် တစ်စ ထုတ်လွှတ်ကာ တံခါးကို ပိတ်လိုက်သည်။
ထို့နောက် အခန်းကို အသံလုံစေရန်နှင့် စည်းချရန် သူ၏ ဝိညာဉ်စွမ်းအင်ကို အရှိန်မြှင့်လိုက်သည်။
လုရီ၏ ဝိညာဉ်စွမ်းအင် အားစိုက်ထုတ်ပုံကို မြင်လိုက်ရသောအခါ လုကောင်းယန်နှင့်
ဝမ်စီးချီ မျက်လုံးများ ကျုံ့သွားကာ ထိတ်လန့်တုန်လှုပ်သွားကြသည်။
ဒီကောင်လေး ဝိညာဉ်စွမ်းအင်ကိုအသုံးပြုတာက သူတို့ထက်ပင် ပိုမိုအားကောင်းသည်။
ဒါက သူတို့သားပါပဲ။
သူတို့နှစ်ယောက်စလုံး ရင်ထဲ ဂုဏ်ယူမှုနှင့်ပျော်ရွှင်မှုကို ခံစားရပြီး သူတို့၏ သိချင်စိတ်တွေလည်း နက်နက်နဲနဲ တိုးလာသည်။
"ရီအာ၊ ဘာအလေးအနက် ပြောစရာ ရှိနေတာလဲ"
လုရီက စတင်အသိပေးလိုက်ပါ၏။
"ဒီလိုပါ၊ ကျွန်တော့်ရဲ့ အခု ခရီးမှာ ကံကောင်းမှုတချို့ ရခဲ့ပါတယ်"
လုကောင်းယန်နှင့် ဝမ်စီးချီတို့ တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
လုကောင်းယန်၏ အမူအရာသည် လေးနက်သွားကာ
"ဘယ်လို ကံကောင်းမှုမျိုးလဲကွ"
"နှစ်တစ်ရာ ဝိဉာဉ်နှင်းစက်တွေ ရခဲ့တာပါ
"
လုရီ၏ စကားများကို ကြားလိုက်ရသောအခါ... လုကောင်းယန်နှင့် ဝမ်စီးချီ၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားသည်။
"နှစ်တစ်ရာ ဝိဉာဉ်နှင်းစက်လား..."
သူတို့ အကြီးအကျယ်ပင် ဝမ်းသာသွားကြသည်။ ဝမ်စီးချီက လုရီကို ပြုံး၍ ကြည့်ကာ
"ကောင်းလိုက်တာ၊ ရီအာ..မင်းရဲ့ မွေးရာပါ မွေးရာပါ အရည်အချင်းက ထူးချွန်တာ မဟုတ်ဘူး၊ အခု နှစ်တစ်ရာ ဝိဉာဉ်နှင်းစက်နဲ့ဆို မင်းရဲ့ အရည်အချင်းကို မြင့်တင်နိုင်ပြီ၊ အနာဂတ်က ထူးထူးခြားခြားဖြစ်လာမှာ အသေအချာပဲ !"
လုကောင်းယန်လည်း သဘောတကျ ခေါင်းတညိတ်ညိတ်ဖြင့်
" ကောင်လေး၊ နှစ်တစ်ရာ ဝိဉာဉ်နှင်းစက် ပိုင်ဆိုင်တာ ကံကောင်းတယ်၊ မင်းသုံးဖို့အတွက် သိပ်ကို ပြီးပြည့်စုံတယ်ကွ၊
ဒါပေမယ့် နှစ်တစ်ရာ ဝိဉာဉ်နှင်းစက်က အရမ်း အဖိုးတန်တယ် နော်၊ မလိုလားအပ်တဲ့ အာရုံကို ရှောင်ဖို့ ကျန်တဲ့ လူတွေကို
မပြောပြနဲ့ကွ"
မိဘများအနေဖြင့် လုရီကို ပိုမိုကောင်းမွန်သော အရင်းအမြစ်များရရှိရန် သာ လိုလိုလားလား မျှော်လင့်ခဲ့ကြသည်။
သူ့သတင်းအား ထိုသို့ တုံ့ပြန်ကြသောအခါ လုရီ အားကိုးရာမဲ့သလို ခံစားရပေမယ့် ထပ်ဖြေရှင်းလိုက်သည်။
"ကျွန်တော် နှစ်တစ်ရာ ဝိဉာဉ်နှင်းစက် အတော်များများလေးရခဲ့ပါတယ်။ ကျွန်တော်တစ်ယောက်တည်း မကုန်ပါဘူး.. ဒါကြောင့် အဘိုးကြီးလု နဲ့ အမေကို လက်ဆောင် ပေးဖို့ စီစဉ်ထားတာပါ"
သူ့စကားအား ကြားတော့ လုကောင်းယန်
နှင့် ဝမ်စီးချီ တို့ အံ့အားသင့်သွားကြသည်။
တစ်ယောက်ကို တစ်ယောက် အဖြေရှာသလို ကြည့်လိုက်ပြီးနောက် လုကောင်းယန်က မျက်မှောင်ကြုတ်ကာ
"မိုက်မဲတယ်! ဒီလို အဖိုးတန်ပစ္စည်းကို မင်းအရင်သုံးလေကွာ မင်းရဲ့ ကျင့်ကြံမှုစွမ်းရည်ကို မြှင့်တင်ဖို့ အရေးကြီးတာ"
မဟုတ်ဘူး၊
နှစ်တစ်ရာ ဝိဉာဉ်နှင်းစက် တွေက ကျွန်တော့်ရဲ့ ကျင့်ကြံနှုန်းကို မမြှင့်တင်နိုင်တော့တော့ပါဘူး...
လုရီ စိတ်ထဲက ထိုသို့ အော်နေပြီး
အပြင်မှာတော့
"ကျွန်တော်က နှစ်တစ်ရာ ဝိဉာဉ်နှင်းစက်တွေကို ရေကန်ငယ်လေး တစ်ခုစာနီးပါး ရခဲ့ပါတယ်"
အလို..
ဘုရားရေ..
သူ့မိဘများက သူ့အား ပြူးကျယ်သော မျက်လုံးများဖြင့် စိုက်ကြည့်ရင်း လေထုသည် တိတ်ဆိတ်သွားသည်။
"ဘယ်လောက်လို့ ပြောတာလဲကွ"
လုကောင်းယန်က သူသည်များ နားကြားလွဲလေသလားဟု အထင် ရောက်ကာ သံသယဖြစ်စွာ မေးလိုက်သည်။
"အကြမ်းဖျင်းအားဖြင့် ထောင်ဂဏန်းလောက် ရှိတဲ့ ရေကန်ငယ်လေးပါ ၊
အဘိုးကြီးလု" ဟု လုရီက ထပ်မံ
အတည်ပြုလိုက်သည်။
ရိုးရိုးသားသားပြောရရင် နှစ်တစ်ရာ ဝိဉာဉ်နှင်းစက် ထောင်ဂဏန်းမျှသာမဟုတ်ဘဲ အလုပ်ဆုလာဘ်များပေါ်တွင် အချိန်ဖြုန်းလိုလျှင် သောင်းနှင့်ချီ၍ပင် ရရှိနိုင်သည်လေ။
ထိုသို့ လုရီက အတည်ပြုလိုက်ဟောအခါ
လုကောင်းယန် နှင့် ဝမ်စီးချီ၏ မျက်ခုဲးအစုံ မြောက်တက်ကာ နှစ်ယောက်လုံး ပင့်သက်ရှိုက်မိကြသည်။
"တကယ်လား"
ဝမ်စီးချီသည် အလွန်တုန်လှုပ်သွားသည်။ လုရီက ပြုံးပြီး ပြောလေသည်။
"နှစ်တစ်ရာ ဝိဉာဉ်နှင်းစက်က ကျင့်ကြံမှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်ရင်တောင် အကန့်အသတ် မဲ့နေတာတော့ မဟုတ်ပါဘူး။ ကန့်သတ်ချက်ထက် ကျော်လွန်သုံးရင် ဖြုန်းတီးရာ ကျမှာလေ.. ကျင့်ကြံမှု အရင်းအမြစ်တွေအဖို့ ကျွန်တော့်မှာ
မချို့တဲ့ပါဘူး...လင်းလောင်တောင်သခင်မက ကျွန်တော့်ကို အရင်းအမြစ် တွေ ကြိုက်သလောက် သုံးခိုင်းပါတယ်၊ ဒါကြောင့် နှစ်တစ်ရာ ဝိဉာဉ်နှင်းစက် တချို့ကို အမေတို့ သုံးရင် အကောင်းဆုံးပါပဲ၊ အမေတို့နှစ်ယောက်စလုံးက ငယ်ရွယ်သေးတယ်လေ၊ နှစ်တစ်ရာ ဝိဉာဉ်နှင်းစက် အကူအညီနဲ့ဆို ရွှေအူတိုင် နယ်ပယ်ကို အဆင့်တက်ဖို့ မခက်ခဲဘူး၊ ဘယ်သူ ငြင်းနိုင်
မလဲ..အနာဂတ်မှာ ကြိုးစားရင် အမေတို့ အခြေတည် ဝိဉာဉ်နယ်ပယ်ကိုတောင် ချိုးဖျက်နိုင်သေးတယ်..."
ထိုအကြံပြုချက်သည် ဝမ်စီးချီနှင့်
လုကောင်းယန်တို့ ရင်ထဲမှ မျှော်လင့်ချက်မီးပွား ကလေးအား တောက်ပစေသည်။
အခြေခံ အုတ်မြစ်တည်ထောင်ခြင်းနယ်ပယ်မှာ သက်တမ်း နှစ်ရာအား ဖြုန်းတီးပြီး နောက်ဆုံးမှာ အိုမင်းပြီး
ဘယ်သူက သေချင်မလဲ...။
ထိုသို့သော အခွင့်အရေးဖြင့် သူတို့သည် စိတ်လှုပ်ရှားသွားကြသည်။
ဝမ်စီးချီ စိတိထဲမှာ နည်းနည်းတော့
မသေချာသေးဘဲ
"ရီအာ၊ မင်း ဒီလောက်များတဲ့ နှစ်တစ်ရာ ဝိဉာဉ်နှင်းစက်ကို တကယ်ရခဲ့တာရောဟုတ်လး။ ကလေး.. ငါတို့ကို နောက်နေတာ တော့ မဟုတ်ပါဘူး နော်"
"ကျွန်တော်က ဒီလိုလူလား? အမေရာ.. ကျွန်တော် အမေ့ကို လိမ်ညာပြီး ပေါက်ကရ ပြောဖူးလို့လား"
ထိုအခါ ဝမ်စီးချီ ထောက်ခံလိုက်သည်။
လုရီသည် ငယ်စဉ်ကတည်းက လိမ္မာ ရေးခြားရှိသော ကလေး ဖြစ်သည်။
သူ့အတွက်နှင့် မိဘတို့ကို အမှန်တကယ် စိတ်မပူစေခဲ့ပေ။
ဝမ်စီးချီနှင့် လုကောင်းယန်တို့သည် အကြည့်ချင်းဖလှယ်ကြပြီးနောက်
လုကောင်းယန်က မိန့်မိန့်ကြီးပြုံးပြီး
"ဒါဆိုရင် ငါတို့ မင်းကို အားမနာတော့ဘူး နော်"
လုရီက ပြုံးပြီး
"ဟဲဟဲ၊ မိဘတွေနဲ့ ကလေးက ဘယ်တုန်းက တစ်ယောက်နဲ့တစ်ယောက် အားနာဖူးလို့လဲ"
ပြောပြောဆိုဆိုနှင့် သူသည် ကျန်ရှိသော နှစ်တစ်ရာ ဝိဉာဉ် နှင်းစက်များကိုထုတ်ပြီး လုကောင်းယန်နှင့် ဝမ်စီးချီအား ပေးခဲ့သည်။ အခြားသူများအား မပြောပြရန် လည်း မှာကြားခဲ့သည်။
ဟုတ်ပါသည်။
လုရီက သူတို့အား သတိပေးဖို့ မလိုအပ်ပါ။
ဤမျှ များပြားလှသော အဖိုးတန်
နှစ်တစ်ရာ ဝိဉာဉ် နှင်းစက်များကို ပိုင်ဆိုင်ရလေရာ ၎င်းသတင်းကို သူတို့ ထုတ်ဖော်ကြမည် မဟုတ်ပါ။
သူ့မိဘတွေ နှစ်တစ်ရာ ဝိဉာဉ် နှင်းစက်များကို လုံလုံခြုံခြုံ သိမ်းလိုက်ကြသည်ကို မြင်လိုက်ရတော့ လုရီ အရမ်း ပျော်သွားသည်။
အလုပ် စနစ် ဖြင့်၊ အနာဂတ်တွင် မသေမျိုး တစ်ပါး ဖြစ်လာခြင်းမှာ လုရီအတွက် ပင်ပင်ပန်းပန်း ကိစ္စကြီး တစ်ရပ် မဟုတ်တော့ပါ။
ကျိန်းသေပေါက်ပင် လုရီသည် သူ့ချစ်ရသူများအား သူတို့၏ ဘဝ အဆုံးသတ်သို့
မရောက်စေချင်ပါ။ မသေဆုံးစေချင်ပါ။
သူသည် တုနှိုင်းမယှဉ်နိုင်သော မသေမျိုး တစ်ပါး ဖြစ်လာလျှင်ပင် ဘဝကို တစ်ယောက်တည်း ဖြတ်သန်းနေရလျှင် ဒါက ဘာများ ကောင်းဦးမလဲ။
သူ ဂရုစိုက် ချစ်ခင်သည့် သူတွေအတွက်
လုရီသည် သူတို့အား ပစ်ထားမည် မဟုတ်ချေ။
---------------