ကမ္ဘာဦးမတိုင်မီသားရဲကြီးအဖြူရောင်စွန် ၁
Vol. 80 Ch. 796
ချူဟွိုင်လျန်း လှုပ်ရှားလိုက်သည်နှင့် ၎င်း၏ နောက်တွင် သားရဲပုံရိပ်ယောင်ကြီး ထွက်ပေါ်လာတော့၏။
သားရဲကြီ၏ တကိုယ်လုံးကို အမွှေးများဖြင့် ဖုံးအုပ်ထား၏။ ၎င်း၏ နောက်ကျောတွင်တော့ ဆူးချွန်များဖြင့် ပြည့်နှက်နေလေသည်။ ၎င်း၏ နဖူးရှိ တချောင်းတည်းသော ဦးချိုမှာ ထိုးထိုးထောင်ထောင်နှင့် ရှိလေသည်။ ပုံရိပ်ယောင်သည် ကောင်းကင်တခုလုံး ပြည့်နှက်နေဟန်ရှိ၏။ တိုက်ပွဲစဥ်တလျှောက်လုံး အကြီးမားဆုံးသော ဖိအားတရပ် ပေါ်ထွက်လာခြင်းပင်။
ကမ္ဘာဦးမတိုင်မီသားရဲ အဖြူရောင်လေစွန်ပေတည်း။
လေစွန်ထွက်ပေါ်လာသည်နှင့် ချူဟွိုင်လျန်းသည် သားရဲကြီးအဖြစ် ပြောင်းလဲသွားသကဲ့သို့ တွေ့မြင်ရလေသည်။ ၎င်းသည် ရက်စက်ကြမ်းကြုတ်စွာ ဟိန်းဟောက်လိုက်၏။ ၎င်း၏ မျက်နှာတွင်တော့ အတိုင်းမသိဂုဏ်ယူဝင့်ကြွားခြင်း၊ မာနကြီးခြင်း စသော ခံစားချက်များ ထင်ဟပ်နေပေသည်။
လက်သည်းကုတ်ချက်သည် တောင်ကြီးတစ်တောင်ကို လွယ်လင့်တကူ ချေမွပစ်နိုင်ဟန် ပေါ်နေ၏။ စီးဆင်းနေသော မြစ်ကြီးကိုပင် ရပ်တန့်ပစ်လိုက်နိုင်မည့်ဟန် ပေါ်နေ၏။
ချူဟွိုင်လျန်း၏ တိုက်ကွက်ကို ကြည့်ရင်း စုချန်း ပြုံးလိုက်သည်။
"ခုတော့ ခင်ဗျား လက်နက်ကြီး ထုတ်သုံးပြီပေါ့ ဟုတ်လား ဒါပေမဲ့ ဒါ ခင်ဗျားရဲ့ နောက်ဆုံးလက်နက်တော့ ဟုတ်ဟန်မတူဘူး"
"ဒါက မင်းကိုသတ်ဖို့ လုံလောက်တာထက်တောင် ပိုနေသေးတယ်ကွ"
လက်သည်းကြီးသည် နေ၏ အလင်းရောင်ကို တားဆီးရင်း အောက်သို့တဖြည်းဖြည်း နိမ့်ဆင်းလာခဲ့ပြီ ဖြစ်သည်။
စုချန်းသည် အလင်းမဲ့လက်စွပ်ကို ဆုပ်ကိုင်ရင်း လေထဲတွင် ဝေ့ယမ်းလိုက်၏။ ထိုခနမှာပင် ကျယ်လောင်လှသော အော်သံနှင့်အတူ လေထဲတွင် မီးလျံငှက်ကြီးတကောင် ထွက်ပေါ်လာတော့သည်။
မီးလျံငှက်သည် နေလုံးကြီးကဲ့သို့ ရဲရဲတောက်နေ၏။ မီးတောက်မီးလျံများကား လှိုင်းတံပိုးကြီးများပမာ ဝုန်းဝုန်းထနေလေသည်။
မီးလျံငှက်၏ တားဆီးမှုကြောင့် ချူဟွိုင်လျန်း၏ လက်သည်းကုပ်ချက်မှာ အဟောသိကံ ဖြစ်သွားတော့၏။
နတ်ဆိုးသခင်သားရဲ၏ မီးလျံအမျိုးအစား မူလသလင်းကို စုပ်ယူပြီးကတည်းက စုချန်း၏ မီးလျံငှက်မှာ တဆင့်မြင့်သွားခဲ့ပြီ ဖြစ်သည်။ အလင်းမဲ့လက်စွပ်နှင့် ထပ်မံပေါင်းစပ်လိုက်သော် ၎င်း၏ အင်အားမှာ ပို၍ ပြင်းထန်လာမည်မှန်း မေးခွန်းထုတ်နေစရာပင် မလိုချေ။
ကြောက်မက်ဖွယ်အားကောင်းသည့် မူလစွမ်းရည်တမျိုးကို ချူဟွိုင်လျန်း မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရခြင်းပင်။ ပို၍ အရေးကြီးသည်မှာ အဆိုပါ မူလစွမ်းရည်သည် သွေးဗီဇမူလစွမ်းရည်ပင် မဟုတ်။ မီးလျံငှက်သည် ချူဟွိုင်လျန်းအား တကယ်ပင် မျက်လုံးပြူးသွားစေ၏။
"ဘာလဲဟ သာမာန်မူလစွမ်းရည်တမျိုးက ဒီလောက်ထိ အားကောင်းနေတာ ဖြစ်နိုင်ပါ့မလား"
"လူသားတွေရဲ့ ဖြစ်နိုင်ချေ အလားအလာက အကန့်အသတ်မရှိပဲ ဒါပေမဲ့ ခင်ဗျားတို့ကတော့ ကိုယ့်အစွမ်းအစကို ကိုယ်တိုင်ဖော်ထုတ်ရမဲ့အစား တခြားမျိုးစိတ်တွေရဲ့ သွေးဗီဇကိုပဲ အားကိုးနေခဲ့ကြတယ် ခင်ဗျားတို့ရဲ့လမ်းကြောင်းက နောက်ဆုံးမှာ ပျက်စီးခြင်းကိုပဲ ဆိုက်ရောက်သွားစေလိမ့်မယ် ဒီကနေ့မှာ ကျုပ် လူသားတွေရဲ့ စစ်မှန်တဲ့ စွမ်းအားကို ပြမယ် သေသေချာချာသာ ကြည့်ထားပေတော့"
စုချန်း၏ စကားဆုံးသည်နှင့် မီးလျံငှက်ကြီးသည် စူးရှစွာ ဟစ်ကြွေးပြီး ချူဟွိုင်လျန်းဆီသို့ တိုးဝင်သွားတော့၏။ တဆက်တည်းမှာပင် သူ့လက်ထဲရှိ တောင်ခွဲဓားကလည်း နောက်တကြိမ် လှုပ်ရှားလာပြန်သည်။
စုချန်း သာမာန်လူမဟုတ်မှန်း ချူဟွိုင်လျန်း ကနဦးကတည်းက သိထား၏။ သို့သော် ဤအဆင့်အတန်း ဤအခြေအနေမျိိုးထိ အင်အားကြီးမားနေလိမ့်မည်ဟုတော့ သူ လုံဝထင်မထား။ ပို၍ဆိုးသည်မှာ စုချန်း အသုံးပြုနေသည့် နည်းစနစ်တိုင်းသည် သွေးဗီဇနှင့် မဆိုင်သည့် သာမာန်နည်းစနစ်များ ဖြစ်နေ၏။ မသိလျင် စုချန်းသည် ကမ္ဘာဦးမတိုင်မီသားရဲသွေးဗီဇပိုင်ရှင်နှင့်ပင် တူနေသေး၏။
သို့သော် လက်တွေ့တွင် စုချန်းသည် မည်သည့်သွေးဗီဇပိုင်ရှင်မှ မဟုတ်။ သာမာန်လူသားတဦးသာ ဖြစ်သည်။ သူပိုင်ဆိုင်ထားသည့် စွမ်းအားတိုင်းသည် သူ၏ လူသားကိုယ်ခန္ဓာအတွင်းမှ ထွက်ပေါ်လာခြင်းသာတည်း။
လူသားကိုယ်ခန္ဓာမှ ထွက်ပေါ်လာသည့် စွမ်းအားတဲ့လား။
ဤအဆင့်မျိုးထိရောက်အောင် စုချန်းတယောက် မည်သို့များ စီမံခဲ့လေသနည်း။
ချူဟွိုင်လျန်းတယောက်က် ကိုယ့်မျက်စိကိုယ်ပင် မယုံနိုင်ပဲ ဖြစ်နေ၏။
တော်ဝင်မျိုးနွယ်စုများအနေနှင့် သာမာန်ကျင့်ကြံသူများထက် ပို၍မြင့်မားသော ကျင့်ကြံခြင်းနယ်ပယ်များသို့ ရောက်ရှိနိုင်ခဲ့ခြင်းမှာ သားရဲသွေးဗီဇများကြောင့်သာ ဖြစ်သည်။ သို့သော် စုချန်းနှင့် ရှီကိုင်းဟွမ်တို့၏ သုတေသနများကြောင့် အဆိုပါ အခြေအနေကြီးတရပ်လုံး ပျက်စီးခန်းဆိုက်ရပေတော့မည်။ ထိုအခါ စုချန်း၏လုပ်ရပ်သည် ထင်ထားသည်ထက် ပို၍ သက်ရောက်မှုရှိလာနိုင်ကြောင်း ချူဟွိုင်လျန်း သဘောပေါက်လာ၏။ စုချန်း ဤအဆင့်ထိရောက်အောင် လေ့ကျင့်နိုင်ပါက ကျန်လူများလည်း လေ့ကျင့်နိုင်မည်သာ။
ဤအတိုင်းဆိုလျင် တော်ဝင်မျိုးနွယ်စုများ၏ မြင့်မြတ်သောဂုဏ်သိက္ခာက မြေခရပေတော့မည်။
ထိုသို့သဘောပေါက်သွားသည်နိုင် ချူဟွိုင်လျန်း၏ စိတ်ထဲတွင် လူသတ်လိုစိတ် ပြင်းပြစွာ ပေါ်ပေါက်လာလေသည်။
ထို့နောက် သူ ဒေါသတကြီးနှင့် အော်ဟစ်ကြုံးဝါးလိုက်၏။
"ဒီကနေ့မှာတော့ မင်းနဲ့ငါ တယောက်က်ယောက် သေကိုသေရမယ်ဟေ့"
ထို့နောက် ချူဟွိုင်လျန်းက သွေးဗီဇအား အမြင့်မားဆုံး အနေအထားထိ နှိုးဆွလိုက်၏။ ထိုအခါ ၎င်း၏ နောက်ကျောရှိ ပုံရိပ်ယောင်သည် ပို၍ ကြီးမားလာ၏။ ပို၍ ရုပ်လုံးပေါ်လာ၏။ ထို့နောက် ၎င်းသားရဲပုံရိပ်ယောင်ကြီးသည် ခေါင်းကိုမော့ပြီး အရူးပမာ ကျယ်လောင်စွာ ဟစ်ကျွေးလိုက်လေသည်။
ရှေးအတီကတည်းက လေစွန်ပိုင်ဆိုင်ထားသည့် စွမ်းရည်တမျိုးမှာ ၎င်းပြေးလာသော လမ်းကြောင်းတလျှောက်ရှိ အရာအားလုံးကို လမ်းကြိတ်စက်ကြီးပမာ ဖိနှိပ်နင်းခြေပစ်တတ်ခြင်းပင်။ အလင်းနတ်ဘုရားအင်ပါယာနှင့် မဟာမိတ်များသည် ဤသားရဲကြီးအား သတ်ဖြတ်နိုင်ခဲ့၏။ သို့သော် များစွာပေးဆပ်ပြီးမှ သတ်ဖြတ်နိုင်ခဲ့ခြင်းပင်။ ဤသားရဲကြီး၏ တိုက်စစ်စွမ်းရည်မှာ ကြောက်စရာကောင်းလှပေရာ အနှိုင်းမဲ့ဧကရာဇ်ပညာရှင်များ၏ စုပေါင်းစွမ်းအားသည်ပင် ဤသားရဲကြီး၏ တိုက်ခိုက်မှုတချို့ကို ချေဖျက်နိုင်ရုံသာ စွမ်းလေသည်။
ယခုတော့ လေစွန်၏ စွမ်းရည်ကို ချူမျိုးနွယ်စုက ပိုင်ဆိုင်ထား၏။ ၎င်းတို့၏ အင်အားမှာ လေစွန်ကို မမှီသည့်တိုင် သားရဲပုံရိပ်ယောင်၏ ဟိတ်ဟန်မှာ လေစွန်၏ အကန့်အသတ်မရှိသော စွမ်းအားများကို ပိုင်ဆိုင်ထားဟန် ပေါ်ပေသည်။ ထို့နောက်တွင်တော့ ချူဟွိုင်လျန်းသည် ချူမျိုးနွယ်စု၏ ပင်မစွမ်းရည်များအနက်မှ တမျိုးဖြစ်သော ကောင်းကင်ထိုးခွဲဓားအမည်ရှိ စွမ်းရည်က်ို နှိုးဆွလိုက်၏။
ပင်မမူလစွမ်းရည်များဟူသည် သွေးဗီဇနှင့် တသားတည်းဖြစ်နေသော စွမ်းရည်များဖြစ်ပြီး အဆိုပါသွေးဗီဇ၏ အုတ်မြစ် မူလစွမ်းရည်များဟု ဆိုနိုင်ပေသည်။ အုတ်မြစ်စွမ်းရည်ဖြစ်နေခြင်းကြောင့် သွေးဗီဇနိုး လာသည်နှင့် အဆိုပါပုဂ္ဂိုလ်သည် ၎င်းစွမ်းရည်ကို ချက်ချင်းလက်ငင်း အသုံးပြုနိုင်လာ၏။
ထို့ပြင် ဤစွမ်းရည်သည် ချူဟွိုင်လျန်းတယောက် သွေးဗီဇနိုးထလာကတည်းက တသမတ်တည်း အသုံးပြုရန် ရွေးချယ်ခဲ့သော မူလစွမ်းရည် ဖြစ်သည်။ ကောင်းကင်ထိုးခွဲဓားသည် ရိုးရှင်းသော်လည်း ကြောက်စရာကောင်း၏။ ခုခံရန် ခဲယဥ်း၏။
မျက်စေ့တမှိတ်အတွင်း အဖြူရောင်အလင်းတန်းကြီးတခု မီးလျံငှက်ပေါ်သို့ ကျရောက်သွားတော့၏။ ကောင်းကင်ကိုပင် ထိုးခွဲနိုင်သော မီးလျံငှက်က ဘာမို့လို့ပေနည်း။ အဖြူရောင်အလင်းတန်း ကျရောက်သွားသည်နှင့် စူးရှသောအော်သံနှင့်အတူ မီးလျံငှက်မှာ နှစ်ပိုင်းပြတ်သွားတော့သည်။
"ကောင်းကင်ထိုးခွဲဓားပေါ့ ဟုတ်လား"
စုချန်း ပြုံးစေ့စေ့နှင့် ရေရွတ်လိုက်၏။
ချူမျိုးနွယ်စု၏ ကောင်းကင်ထိုးခွဲဓားအကြောင်းကို လူတိုင်းနီးပါး ကြားဖူးကြသည်မဟုတ်ပါလား။ မည်သို့ဆိုစေ သူ၏ မီးလျံငှက်ကို တကြိမ်တည်းနှင့် ခုတ်ပိုင်းလိုက်နိုင်၍ စုချန်းအနေနှင့် အတော်လေးအထင်ကြီးမိသည်မှာ အမှန်ပင်။
ထို့နောက် စုချန်းက ပြောလိုက်ပြန်သည်။
"မဆိုးဘူး တော်တော်ကြောက်စရာကောင်းတဲ့အင်အားပဲ ဒါပေမဲ့ ကျုပ် သေချာမမြင်လိုက်ဘူး နည်းနည်းထပ်ပြစမ်းပါအုံးကွ"
"ဘာကွ"
စုချန်း၏ မထီမဲ့မြင်စကားကြောင့် ချူဟွိုင်လျန်း ပက် လက်လန်မတတ် ဖြစ်သွား၏။
စကားဆုံးသည်နှင့် စုချန်းက လက်တဖက်ကို ဝေ့ယမ်းလိုက်ရာ နောက်ထပ်မီးလျံငှက်ကြီးတကောင် ဝုန်းခနဲ ပျံသန်းသွားပြန်သည်။
မီးလျံငှက်သည် စုချန်း၏ ပင်မတိုက်ခိုက်ရေးနည်းစနစ်ဖြစ်လေရာ ချူဟွိုင်လျန်းအနေနှင့် မည်မျှပင် ခုတ်ဖြတ်နိုင်စေကာမူ စုချန်းဘက်က အလျင်မှီအောင် ဖန်တီးနိုင်စွမ်းရှိနေ၏။
စုချန်း၏တုံ့ပြန်မှု မည်မျှ မြန်ဆန်မှန်း ချူဟွိုင်လျန်းတယောက် နောက်တကြိမ် မြင်တွေ့ခွင့်ရလိုက်ပြန်၏။ သူ့အနေနှင့် ဤတပွဲကို ခက်ခက်ခဲခဲကြီး ရင်ဆိုင်ရမည်မှန်း သူ သဘောပေါက်လိုက်ပေပြီ။ သူ့လက်ချောင်းများဆီမှာ အဖြူရောင်အလင်းတန်းများ အဆက်မပြတ် ထွက်ပေါ် လာ၏။ စုချန်းကလည်း မီးလျံငှက်ကို တကောင်ပြီးတကောင် ဖန်တီးရင်း တုံ့ပြန်နေလေသည်။
အထက်ပါအတိုင်း နှစ်ယောက်သားတိုက်ခိုက်နေကြသည်မှာ အချိန်အတော်ပင် ကြာသွား၏။
ချူဟွိုင်လျန်းကား ကြာလေဒေါသထွက်လာလေပင်င်။ စုချန်းတိုက်ခိုက်နေပုံက သူ့အား အရှက်ခွဲသည်နှင့် တူနေသည် မဟုတ်ပါလား။ ထိုအခါ သူသည် မျက်စေ့တမှိတ်အတွင်း ကောင်းကင်ထိုးခွဲဓားဆယ့်နှစ်ချက်တိတ်ိကို ဖော်ထုတ်လိုက်လေရာ ကောင်းကင်တခွင်လုံး အဖြူရောင်အလင်းတန်းများနှင့် ဖုံးလွှမ်းကုန်၏။ ၎င်းမှာ အလင်းမုန်တိုင်းကြီး ကျလာသည်နှင့်ပင် တူနေသေးလေသည်။
စုချန်း၏ မီးလျံငှက် မြန်သည်ဆိုသော်ငြား ဤတကြိမ် ချူဟွိုင်လျန်း၏ တိုက်ကွက်လောက် မမြန်နိုင်တော့။
သို့သော် စုချန်းကား တုန်လှုပ်ခြင်းမရှိ။ သူက အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်ကိုသုံးပြီး ရှောင်တိမ်းရန် ဟန်ပြင်လိုက်၏။
စုချန်း၏ အကွက်ကို ချူဟွိုင်းလျန်းကလည်း ကြိုတင်မျှော်တွေးထားဟန်ပေါ်၏။ လက်တဖက်ကို လှုပ်ရှားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
"မင်း ဘယ်နေရာမှ ထွက်ပြေးဖို့ မကြိုးစားနဲ့"
ထိုအချိန်မှာပင် ပတ်ဝန်းကျင်လေထုတခုလုံး အေးခဲသွားသည့်နှယ် စုချန်းတယောက် အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်ကို အသုံးပြု၍ မရတော့။
အဖြူရောင်အလင်းတန်းများ ထိုးဆင်းလာသည်ကိုကြည့်ရင်း ချူဟွိုင်လျန်း ရက်စက်ကြမ်းကြုတ်စွာ အော်ဟစ်လိုက်၏။
"သေဖို့သာ ပြင်ပေတော့"
ချူဟွိုင်လျန်းကိုကြည့်ရင်း စုချန်း သက်ပြင်းချလိုက်၏။
"ကျုပ်ဖြင့် ဘာမှတောင် ကောင်းကောင်းမစမ်းသပ်မ်းသပ်ရသေးဘူး ခင်ဗျားက အောက်ဖဲတွေပါ လှန်ကုန်ပြီကိုး"
စကားအဆုံးမှာပင် စုချန်း၏ နောက်ကျောတွင် ကမ္ဘာဦးသွေးပုံရိပ် ထွက်ပေါ်လာ၏။ ထိုအခိုက်အတန့်တွင် စုချနိး၏ ကမ္ဘာဦးသွေးပုံရိပ်မှာ သိသိသာသာပင် ပြောင်းလဲသွားပြီ ဖြစ်သည်။ ၎င်း၏ မျက်နှာထားမှာ လူပုံစံပင် ရှိသေးသော်ငြား ပြင်းထန်သော လေဝဲဂယက်တခုက ၎င်းပတ်ပတ်လည်တွင် အရပ်ရှစ်မျက်နှာသို့ တိုက်ခတ်လျက်ရှိလေသည်။
၎င်းကိုကြည့်ရင်း ချူဟွိုင်လျန်း မျက်လုံးပြူးသွား၏။
ဘာလဲဟ...ဒါသွေးဗီဇလား...
သွေးဗီဇစွမ်းအင်ဆိုပါက သားရဲအရှိန်အဝါမျိုး ပေါ်ထွက်နေရပေလိမ့်မည်။ သို့သော် စုချန်း၏ စိတ်နေစိတ်ထားနှင့် လုပ်ရပ်ကို ကြည့်ရင် ၎င်းမှာ အဓိပ္ပါယ်မရှိပဲ ဖြစ်နေပြန်၏။
ထိုအချိန်မှာပင် ကမ္ဘာဦးသွေးပုံရိပ်၏ မျက်လုံးမှာ ဖြတ်ခနဲ ပွင့်လာ၏။ ထိုသို့ပွင့်လာသည်နှင့် ပတ်ဝန်းကျင်တခုလုံးရှိ လေထုမှာ ခဲကုန်တော့သည်။ ရှီကိုင်းဟွမ်၏ဆုမာရုလေဟာနယ်ကို စုချန်းက ကမ္ဘာဦးသွေးပုံရိပ်နှင့် ပေါင်းစပ်အသုံးပြုလိုက်ခြင်းပင်။
ဆုမာရုလေဟာနယ် ပေါ်ပေါက်လာသည်နှင့် မျက်နှာလေးခုအနက်မှ တခု၏ မျက်လုံးများ ဖြတ်ခနဲ ပွင့်လာပြန်၏။
ထိုသို့ ပွင့်လာသည်နှင့် လှုပ်ရှားရသည်မှာ အလွန်ခက်ခဲလာသကဲ့သို့ ချူဟွိုင်လျန်း ခံစားလိုက်ရ၏။ သူ၏ ကောင်းကင်ထိုးခွဲဓားကား လမ်းခုလတ်မှာပင် ရပ်တန့်နေတော့မည့်အရိပ်အယောင် ပေါ်လာ၏။ ကောင်းကင်ကိုပင် ဆွဲဖြဲနိုင်သည့် ကောင်းကင်ထိုးခွဲဓားကား ဆုမာရုလေဟာနယ်ကို ဖြတ်သန်းရန် များစွာ ခက်ခဲနေခဲ့လေပြီ။ သို့သော် လေစွန်၏ စွမ်းအားများ ရောစပ်ပါဝင်နေသော အလင်းတန်များ အရှိန်အဟုန် လျော့ကျသွားသည့်တိုင် လေဟာနယ်ကိုတော့ ဖြတ်သန်းသွားနိုင်ခဲ့၏။
ထိုအချိန်တွင် စုချန်းအဖို့ ရှောင်တိမ်းရန် အချိန်လုံလောက်စွာ ရသွားွားခဲ့လေပြီ။
ထို့နောက် စုချန်းက ပြောလိုက်၏။
"မင်းက မီးကုန်ယမ်းကုန် တိုက်ချင်တယ်ဆိုတော့လဲ တိုက်ကြတာပေါ့ကွာ"
စကားဆုံးသည်နှင့် စုချန်း၏ နောက်ကျောတွင် တောင်ပံတစုံ ပေါ်ပေါက်လာလေသည်။
ချူဟွိုင်လျန်း နောက်တကြိမ် မျက်လုံးပြူးသွားရပြန်၏။ လူသားတဦးသာဖြစ်သောစုချန်းတွင် အဘယ်ကြောင့် တောင်ပံများ ရှိနေရသနည်း။
ထိုအချိန်မှာပင် နောက်ထပ်မီးလျံငှက်တကောင် ပေါ်ပေါက်လာပြန်သည်။ သို့သော် မီးလျံများကား အနက်ရောင်ဖြစ်နေ၏။
မီးလျံငှက်ကြီးကား ချူဟွိုင်လျန်းဆီသို့ တရှိန်ထိုး ပျံသန်းသွားတော့၏။
***