← Chapters

အကျိုးအမြတ်

Vol. 80 Ch. 798

အကျိုးအမြတ်

Vol. 80 Ch. 798

ချူဟွိုင်လျန်းတယောက် မီးငြိမ်းပုလဲကို ထုတ်သုံးသည်ကိုမြင်သော် စုချန်း သက်ပြင်းချလိုက်၏။

ထိုသို့သက်ပြင်းချရခြင်းမှာ ရန်သူအား အနိင်ယူနိုင်စွမ်း မရှိ၍ မဟုတ်ချေ။ သူ့အင်အားနှင့် စွမ်းရည်များအား အကောင်းဆုံးစွမ်းဆောင်ရည်ရသည်အထိ သူ မပေါင်းစပ်နိုင်သေးကြောင်း သိလိုက်ရ၍ပင် ဖြစ်သည်။

တချိန်လုံး သူသည် တိုက်ခိုက်ရေးနည်းစနစ်သစ်များကို ဖန်တီးနေခဲ့၏။ သို့သော် အဆိုပါ နည်းစနစ်များ၊ စွမ်းရည်များသည် သီးခြားစီဖြစ်နေခဲ့ပြီး ပြီးပြည့်စုံသော တိုက်ခိုက်နည်းအတွဲအစပ်များအဖြစ် ပေါင်းစပ်နိုင်ခဲ့ခြင်း မရှိသေးချေ။ ထိုသို့ဖြစ်ရခြင်းမှာလည်း သူ့အနေနှင့် ပြိုင်ဘက်ကောင်းနှင့် မဆုံမိခြင်းကြောင့်လည်း အကြောင်းတချက်အနေနှင့် ပါဝင်နေ၏။

ယခုတော့ မိမိလက်ဝယ်တွင် ရှိထားသမျှ ပစ္စည်းတိုင်းကို အသုံးချနိုင်အောင် ကြံဆောင်ထားသင့်ကြောင်းဟူသော ပိတ်လော့၏ အကြံပြုချက်ကို စုချန်း လက်ခံလိုက်ပေပြီ။

သို့သော် ချူဟွိုင်လျန်းကဲ့သို့ ပြိုင်ဘက်မျိုးအတွက်တော့ ထိုအနေအထားမျိုးထိ မလိုအပ်သေး။

ချူဟွိုင်လျန်း၏ တိုက်ကွက် ထွက်ပေါ်လာသည်နှင့် စုချန်း၏ နောက်ကျောတွင် ထူးဆန်းသော ဝဲဂယက်တခု ပေါ်ပေါက်လာ၏။ အဆိုပါ ဝဲဂယက်သည် နေမင်းကြီးသဖွယ် ထွန်းလင်းတောက်ပနေပြီး ၎င်းထံမှ ထွက်ပေါ်လာသော စွမ်းအင်များက စုချန်းကိုယ်တွင်းသို့ တလဟောတိုးဝင်နေလေသည်။

"ဒါ..ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာတဲ့လဲ"

စုချန်းကိုကြည့်ရင်း ချူဟွိုင်လျန်း မျက်လုံးပြူးမျက်ဆံပြူးနှင့် ရေရွတ်လိုက်သည်။

"ဒါ စွမ်းအင်ရေတွင်းလို့ ခေါ်တယ်"

စုချန်းက ခံစားချက်မရှိသောလေသံနှင့် ပြန်ဖြေလိုက်၏။

လူပျံတော်များကို စမ်းသပ်ရာမှ စုချန်းအနေနှင့် အာကင်နာနည်းစနစ်သုံးရပ်ကို ဖော်ထုတ်နိုင်ခဲ့၏။ အမှောင်နွေဦးသည် အရိပ်မူလပစ္စည်းကို ပို၍ကောင်းမွန်စွာ အသုံးပြုနိုင်အောင် ကူညီပေးပြီး အာကင်နာပုံစံငယ်နည်းစနစ်ကြောင့် စုချန်း၏ ကိုယ်ပွားများမှာ ယခင်ထက် များစွာသန်မာလာပြီး မီးလျံငှက်အသီးသီးကိူ ဖော်ထုတ်တိုက်ခိုက်နိုင်ခဲ့လေသည်။ စွမ်းအင်ရေတွင်းသည်ကား စုချန်းအား မူလစွမ်းအင်အများအပြားကို ထောက်ပံ့ပေးနိုင်သည့်အပြင် မူလစွမ်းရည်များ၏ စွမ်းအားကို ဆထက်တံပိုး မြင့်မားလာစေနိုင်၏။

အမှန်အတိုင်းပြောရလျင် စုချန်းအနေနှင့် စွမ်းအင်ရေတွင်းကို ထုတ်မသုံးချင်။ သူ့ကိုယ်ပိုင်အင်အားဖြင့်သာ ရန်သူအား အနိုင်ယူလို၏။

ဝုန်း!!!

အသံနက်ကြီးထွက်ပေါ်လာပြီး အနက်ရောင်မီးလျံငှက်၏ အရွယ်အစားမှာ ရုတ်ချည်းပင် နှစ်ဆခန့် ကြီးထွားလာလေသည်။ အရွယ်အစားတင်မက အရှိန်အဝါက တောက်ပလာခြင်း ဖြစ်သည်။ ထိုအနေအထားတွင် ချူယွိုင်လျန်း၏ သားရဲအရှိန်အဝါသည် မီးလျံငှက်၏ အရှိန်အဝါအောက်ဝယ် ခေါင်းငုံ့တိုးလျိုးတော့မည့်ပုံ ပေါ်နေခဲ့လေပြီ။

မီးလျံငှက်၏ တောင်ပံအခတ်ဝယ် ကြောက်စရာကောင်းလှသော အနက်ရောင်မီးလျံများ ချူဟွိုင်လျန်းထံသို့ တိုးဝင်သွား၏။ ထိုခနမှာပင် ချူဟွိုင်လျန်း၏ မီးငြိမ်းပုလဲ တစစီကွဲကြေသွားတော့သည်။

"ဘာကွ"

ချူဟွိုင်လျန်း ကြက်သေသေသွား၏။

မီးငြိမ်းပုလဲ ကွဲကြေသွားသည့်ခနမှာပင် မီးလျံငှက်ကြီးက ပါးစပ်ကြီးဖြဲရင်း ချူဟွိုင်လျန်းအား ဝါးမြိုလိုက်တော့သည်။

"မဟုတ်ဘူး"

ကြောက်လန့့်တကြားအော်ဟစ်ရင်း သားရဲသွေးဗီဇအား အမြင့်ဆုံးထိ နှိုးဆွကာ ကိုယ့်ကိုယ်ကို ကာကွယ်ရန် ချူဟွိုင်လျန်း ကြိုးစားလိုက်၏။

သို့သော် ကမ္ဘာဦးမတိုင်သားရဲကြီး လေစွန်၏ အကောင်းဆုံးစွမ်းရည်မှာ တိုက်စစ်ဖြစ်သည်။ ခံစစ်မဟုတ်။ အနက်ရောင်မီးတောက်များ၏ တိုက်စားခြင်းကို အနက်ရောင်လိပ်ခွံသွေးဗီဇပင် မခံနိုင်လေရာ လေစွန် မည်သို့ခံနိုင်အံ့နည်း။

စက္ကန့့်ပိုင်းအတွင်း ချူဟွိုင်လျန်း၏ အကာအကွယ် ပျက်စီးသွားရှာလေသည်။

ချီစွမ်းအားပညာရှင်များအကြားတိုက်ပွဲသည် အမြဲတစေ တပုံစံတည်း ဖြစ်နေတတ်၏။ တစုံတဦး အနိုင်ရပြီး တစုံတဦး ရှုံးနိမ့်သည်နှင့် အချိန်တိုအတွင်း သေခြင်းတရားမှာ ဆိုက်ရောက်လာတတ်ပေသည်။

အကာအကွယ်ပျက်စီးသွားသည့်ခနမှာပင် ချူဟွိုင်လျန်း၏ အခန်းတံခါးကို မရဏရှင်သေမင်းက တံခါးခေါက်နေခဲ့ပြီဖြစ်၏။

"ငါ့ကို ချမ်းသာပေးပါ"

ချူဟွိုင်လျန်း သနာားစဖွယ် တောင်းပန်လိုက်၏။

ကံဆိုးသည်မှာ စုချန်းသည် ချူဟွိုင်လျန်း၏ တောင်းပန်စကားကို စိတ်ဝင်စားမည့့်အစား အနက်ရောင်မီးတောက်များ တကိုယ်လုံး ပြာကျသည်အထိ တိုက်စားခြင်းမပြုမီ ချူဟွိုင်လျန်းထံမှ သွေးစက်တချို့ ဖောက်ထုတ်ရန်သာ စိတ်ဝင်စားနေခြင်းပင်။

ထိုမျှသာမကသေး စုချန်းသည် ချူဟွိုင်လျန်း၏ မူလလက်စွပ်ကိုပါ အရယူလိုက်သေး၏။

စိတ်ပျက်စရာကောင်းသည်မှာကား ချူဟွိုင်လျန်း၏ လက်စွပ်အတွင်းဝယ် စုချန်းအတွက် မက်လောက်စရာဘာမှမရှိချေ။

"ကမ္ဘာဦးမတိုင်မီးသားရဲကြီးသွေးဗီဇပိုင်ရှင်မိသားစုဝင် ဖြစ်နေပေမဲ့ ဒီကောင်ဟာ အတော်ဆင်းရဲတာပါလား"

ချူဟွိုင်လျန်း၏ လက်စွပ်ထဲတွင် မူလကျောက်တုံးတချို့၊ ဆေးဝါးတချို့နှင့် မူလကိရိယာတချို့ ရှိနေသည်ကတော့ အမှန်ပင်။ စုချန်းတွင် မူလကျောက်တုံးမလို။ သူ့အနေနှင့် လိုအပ်လာပါက ကြိုက်သလောက် ရှာဖွေနိုင်သည် မဟုတ်ပါလား။ ဆေးဝါးဟူသည်ကလည်း စုချန်း ဆန္ဒရှိက ကြိုက်သလောက် ဖော်စပ်နိုင်၏။ စုချန်း မျက်စေ့ကျသည့် မူလကိရိယာဟူသည်ကလည်း လောကတွင် သိပ်များများစားစား မရှိ။ ထို့ကြောင့် ချူဟွိုင်လျန်း၏ လက်စွပ်က စုချန်းအတွက် ဘာတန်ဖိုးမှမရှိဟုပင် ဆိုရပေတော့မည်။

ရန်သူအား အပြီးတိုင် ရှင်းလင်းပြီးပြီဖြစ်၍ စုချန်းတယောက်က် တောင်ပြားမြို့သို့ ပြန်လာခဲ့လေသည်။

တိုက်ပွဲမှာ အလွန်ဝေးကွားသောနေရာတွင် ဖြစ်ပွားခဲ့ခြင်းကြောင့် ကမ္ဘာဦးမတိုင်မီသားရဲသွေးဗီဇပိုင်ရှင်တဦး သုတ်သင်ခံလိုက်ရမှန်း မည်သူမှပင် မသိလိုက်။ အရာအားလုံးမှာ ပုံမှန်အတိုင်း ဆက်လက်လည်ပတ်လျက်ရှိ၏။

လူပျံတော်များသည်လည်း သားဖောက်မိခင်ပိုးကောင်အား နေရာအနှံ့တွင် လိုက်လံရှာဖွေနေကြဆဲပင်။

မီးလျံအိုရီအိုးလ်သည် သားဖောက်မိခင်ပိုးကောင်အား ထက်ထားသည်ထက် အဖွက်ကောင်းခဲ့ဟန်ရှိ၏။ ကျူးမျိုးနွယ်များဘက်မှ မသိကျိုးကျွန်ပြုကာ နေရာတိုင်းကို တံခါးမရှိ ဓားမရှိ ဖွင့်ပေးထားသည့်တိုင်အောင် လူပျံတော်များအနေနှင့် သားဖောက်မိခင်ပိုးကောင်ကို ရှာမတွေ့နိုင်ရှာပဲ ဖြစ်နေကြ၏။

ထိုအခါ ကျူးအိမ်တော်ကိုယ်တိုင် ထိုကိစ္စအတွက် စိတ်ပူစပြုလာ၏။ ဤနှုန်းအတိုင်းသာဆိုပါက သားဖောက်မ်ိခင်ပိုးကောင်အား လူပျံတော်နယ်မြေသို့ ပို့ဆောင်ရန် နှစ်ပေါင်းများစွာ ကြာမြင့်သွားနိုင်ဖွယ် ရှိနေသည်မဟုတ်ပါလား။

ထို့ကြောင့် စုချန်းပြန်ရောက်သည်နှင့် ကျူးချန်းဟွန်တယောက် စုချန်းအား ခေါ်ယူပြီး အလောသုံးဆယ် ဆွေးနွေးတော့၏။

"ဒီလူပျံတော်ကောင်တွေဟာ တကယ်အသုံးမကျတာပဲ တနေ့က ဒီကောင်တွေ ကျုပ်တို့မိုင်းတွင်းတွေဖက်ကိုပါ ရောက်လာသေးတယ် ယုန်မျိုးနွယ်တွေဟာ မီးလျံအိုရီအိုးလ်ကို ကူညီခဲ့တဲ့အတွက် သားဖောက်မိခင်ပိုးကောင်ဟာ ယုန်မျိုးနွယ်ပိုင်နယ်မြေထဲမှာပဲ ရှိလောက်တယ်ဆိုတာတောင် ဒီကောင်တွေ မစဥ်းစားတတ်ဘူး"

ကျူးချန်းဟွန်က အလိုမကျဟန်ဖြင့် ပြောလိုက်၏။

"ဒါဆိုရင်တော့ ပြသနာပဲ ကျုပ်တို့ အစီအစဥ်ရဲ့ ဒုတိယအဆင့်ကို စဖို့ ပြင်ဆင်သင့်ပြီနဲ့တူတယ်"

"မင်း လူပျံတော်နယ်မြေထဲ တကယ်သွားဖို့ စဥ်းစားနေတာလား"

"ကျုပ်...ကောင်းကင်မြို့တော်ကို ကိုယ်တိုင်ကိုယ်ကျ မြင်ချင်တယ်"

စုချန်းက အေးဆေးတည်ငြိမ်စွာ ပြန်ဖြေလိုက်လေသည်။

ကျူးမျိုးနွယ်ပိုင်အကျဥ်းထောင်ထဲတွင် ဖြစ်သည်။

လူပျံတော်အကျဥ်းသား၆၀ခန့်အား ဤနေရာတွင် ထိမ်းသိမ်းထား၏။

သေးငယ်သော အချုပ်ခန်းတခုဝယ် လူပျံတော်အဖိုးကြီးနှင့် ငယ်ရွယ်သူလူပျံတော်တို့ အတူတကွ ရှိနေကြသည်။ လူပျံတော်အဖိုးကြီးသည် တင်ပြေခွေလျက် ထိုင်နေ၏။ ငယ်ရွယ်သူလူပျံတော်ကား ပြတင်းပေါက်အပြင်ကို ငေးကြည့့်ကာ တစုံတရာကို တွေးတောလျက်ရှိသည်။

အတန်ကြာသော် ငယ်ရွယ်သူ လူပျံတော်က ပြောလိုက်၏။

"ဆရာ ပြီးခဲ့တဲ့ရက်တချို့က သတင်းတချို့ ကြားရတယ် ကျုပ်တို့ဘက်က အကျဥ်းသားလှဲလှယ်ဖို့ ဒီက သံတမန်အဖွဲ့တဖွဲ့ စေလွှတ်လိုက်သတဲ့"

လူပျံတော်အဖိုးကြီး တွေခနဲ ဖြစ်သွား၏။ ပြီးမှ သူက ပြောလိုက်သည်။

"ဘာကွ မင်း အသိစိတ်များ လွတ်နေသလား"

"အသိစိတ်လွတ်တဲ့အထိမဟုတ်ပေမဲ့ ဒီထဲမှာနေရတာ ကြာလာတော့ စိတ်နဲ့ကိုယ်နဲ့ မကပ်ပ်ချင်တော့သလိုပဲ"

ထိုစကားကိုကြားသော် လူပျံတော်အဖိုးကြီး သက်ပြင်းချလိုက်၏။

"ဒါ မင်းအမှားတော့ မဟုတ်ပါဘူးလေ ဒီလိုထူးဆန်းတဲ့အကျဥ်းထောင်ထဲမှာ အဖမ်းခံထားရတာကြာလာရင် ဒီလိုဖြစ်ကြမှာပါပဲ"

ထို့နောက် သူက စကားဆက်လိုက်ပြန်သည်။

"တကယ်တော့ စကားအဖြစ်သာ မင်းကိုငေါက်လိုက်တာ ကျုပ်လဲ ဒီသတင်းကို ကြားပြီးပါပြီ ဒီသတင်းက ထူးဆန်းတယ်မထင်ဘူးလား ကျုပ်တို့နဲ့ လူသားတွေ စစ်ဖြစ်လာတာကြာပြီ ဟိုဖက်ဒီဖက်အကျဥ်းသားတွေဆိုတာလဲ မကြာခနပဲ ဒါပေမဲ့ ကျုပ်တို့ဘက်က အကျဥ်းသားလှဲတယ်လို့ ဘယ်တုန်းကများ ကြားဖူးသလဲ"

ငယ်ရွယ်သူလူပျံတော် ပါးစပ်ပိတ်သွား၏။

အတိတ်တွင် အကျဥ်းသားလှဲလှယ်မှုများ ရှိခဲ့ဖူး၏။ သို့သော် ၎င်းမှာ လူသားတို့ဖက်မှ စတင်လှဲလှယ်ခြင်းသာ ဖြစ်သည်။ လူပျံတော်များသည် နဂိုတည်းက မာနကြီးသူများဖြစ်လေရာ အောက်ကျို့ခံ၍ စတင်တောင်းဆိုလိမ့်မည်မဟုတ်။

ယခုတကြိမ်သည် လူပျံတော်များဘက်မှ သံတမန်အဖွဲ့စေလွှတ်သည် ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

လူပျံတော်အဖိုးကြီးသည် သူ့မျိုးစိတ်ဝင်များ၏ စိတ်နေစိတ်ထားကို ကောင်းစွာနားလည်ထား၏။ ထို့နောက် သူက ပြောလိုက်ပြန်သည်။

"လူပျံတော်တွေအနေနဲ့ ကိုယ့်ကိုယ်ကို နှိမ့်ချရလောက်တဲ့အထိ ကြီးကျယ်တဲ့ကိစ္စမျိုး သိပ်များများစားစား မရှိဘူးကွ"

ငယ်ရွယ်သူလူပျံတော် စိတ်ပျက်သွား၏။ သူ့အနေနှင့် ဆက်လက်မေးခွန်ထုတ်လိုသော်လည်း လူပျံတော်အဖိုးကြီးက အပေါ်က်ို မေးငေါ့ရင်း ခေါင်းခါပြလိုက်၏။ ထိုအခါသူသည်လည်း တိတ်ဆိတ်သွားတော့သည်။

သတိထားခြင်းဟူသည် ဘယ်တော့မှမမှား။ အမှန်တကယ်လည်း သူတို့အား စောင့်ကြည့်နေသူ ရှိနေ၏။

အကျဥ်းထောင်၏ အပေါ် ကျူးအိမ်တော်ထဲတွင် ဖြစ်သည်။

စုချန်းသည် အခန်းတခန်းထဲတွင် ရှိနေ၏။ သူ့ရှေ့ရှိ စောင့်ကြည့်သလင်းပေါ်တွင် အကျဥ်းခန်းတိုင်း၏ ပုံရိပ်များ အတိုင်းသား ထင်ဟပ်နေသည်။

အထက်တွင် ဖော်ပြခဲ့သည့့် လူပျံတော်နှစ်ဦး စကားပြောဆိုနေသည်ကို မြင်ရသောအခါ စုချန်း ရယ်မောလိုက်၏။

"ဒီနှစ်ယောက်က အတော်က်ို စိတ်ဝင်စားဖို့ ကောင်းပါလား"

အကျဥ်းထောင်တာဝန်ခံ ကျူးထန်းချီက ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

"အဖိုးကြီးကတော့ လမရှိမျက်နှာလို့ခေါ်ပါတယ် လူပျံတော်လေးကတော့ ဟဲယွန်လေစီးကြောင်းလို့ ခေါ်ပါတယ်"

"ဟဲယွန်လေစီးကြောင်း ဟုတ်လား ဟဲယွန်မျိုးနွယ်စုကပေါ့"

လူပျံတော်အသိုက်တိုင်းသည် မျိုးနွယ်စုကြီးတချို့နှင့် ဖွဲ့စည်းထား၏။ ဟဲယွန်မျိုးနွယ်စုမှာကား ညဆီးနှင်းအသိုက်၏ မျိုးနွယ်စုကြီး သုံးစုအနက်မှ တစုဖြစ်လေသည်။

လူသားမျိုးနွယ်စုများနှင့့် မတူသည်မှာကား လူပျံတော်မျိုးနွယ်စုများမှာ အလွန်တရာ ကြီးမားကြခြင်းပင်။

ဟဲယွန်လေစီးကြောင်းသည် မျိုးနွယ်စု၏ ၃၄၂ယောက်မြောက်နေရာတွင် ရှိသူဖြစ်သည်။ သို့သော် သူ့ဆရာ လမရှိမျက်နှာမှာမူ ညီဆီးနှင်းအသိုက်၏ စစ်သူကြီးငါးဦးအနက်မှ တဦးဖြစ်၍ အတော်လေး အဆင့်အတန်းမြင့်မားသည်ဟု ဆိုနိုင်၏။

"ဘာကွ မင်း သူတို့ကို မျက်စေ့ကျတယ် ဟုတ်လား"

ကျူးချန်းဟွန် မျက်မှောင်ကုတ်သွား၏။

"သူတို့ကိုမရွေးဖို့ ကျုပ်ကတော့ အကြံပြုချင်တယ်"

"ဘာကြောင့်လဲဗျ"

"အဖိုးကြီးက ညဏ်ကောင်းတယ်ကွ သူ့ဘေးနားမှာ ကြာကြာနေရင် မင်း အယောင်ဆောင်ထားတာ ပေါ်သွားနိုင်တယ်"

"ဒါပေမဲ့ အဖိုးကြီးက စစ်သူကြီးငါးဦးအနက် တဦးဖြစ်နေလို့ အတော်လေး အဆင့်မြင့်တယ် သူနဲ့နေရင်ရင် ကျုပ်အနေနဲ့ လူပျံတော်ထိပ်သီးပိုင်းတွေအကြောင်း ပိုပြီးသိလာနိုင်တယ်"

"ဒါပေမဲ့ မင်းရဲ့ရည်ရွယ်ချက်က လူပျံတော်ထိပ်သီးပိုင်းတွေဆီ ထိုးဖောက်ဝင်ရောက်ဖို့ မဟုတ်ဘူးလေကွာ"

"ကျုပ်ရဲ့အဓိကတာဝန် ဘာလဲဆိုတာ ကျုပ် သိပါတယ် ဒါပေမဲ့ လုပ်ကိုလုပ်ရမဲ့အလုပ်ဆိုတော့လဲ အကျိုးအမြတ် ရသည်ထက်ရအောင် လုပ်ရမှာပဲမလား"

***

All Chapters