← Chapters

ထွက်ခွာခြင်း ၂

Vol. 81 Ch. 804

ထွက်ခွာခြင်း ၂

Vol. 81 Ch. 804

စုချန်းသည် တိမ်တိုက်ထိုးခွဲလွန်းပျံယာဥ်၏ ခေါင်မိုးပေါ်တွင် ထိုင်လျက်ရှိ၏။ သူ့လက်နှစ်ဖက်ကြားတွင် အမျိုးမျိုးသော ထူးဆန်းသည့်ပုံစံများ ဖြစ်ပေါ်လျက်ရှိသည်။

အဆိုပါပုံစံများသည် တဖြည်းဖြည်းပြောင်းလဲလာပြီးနောက် မူလစွမ်းအင်များလည်း စုချန်းတကိုယ်လုံးအား လှည့်ပတ်နေ၏။ ထိုအခါ ပတ်ဝန်းကျင်တခုလုံးတွင် ထူးခြားဆန်းကြယ်သောမြင်ကွင်းများ ပေါ်ပေါက်လာတော့သည်။

ပထမဦးစွာ လေထဲတွင် အလိုအလျောက် ပေါ်ပေါက်လာသော ပန်းပွင့်ရိုးတံများသည် အောက်သို့တဖြုတ်ဖြုတ်ပြုတ်ကျပြီး ကြမ်းပြင်သို့မရောက်မီမှာပင် ပျောက်ကွယ်ကုန်ကြလေသည်။ တဖန် တဖြည်းဖြည်းတိုက်ခတ်လာသောလေကြမ်းများနှင့်အတူ စူးရှကျယ်လောင်သောရယ်သံများ ထွက်ပေါ်လာပြန်၏။ ထို့နောက် ဟုန်းဟုန်းတောက်နေသောမီးလျံများ ဖြတ်ခနဲပေါ်လာပြန်ကာ တခန်းလုံးအား လင်းထိန်သွားစေပြန်သည်။ နောက်ဆုံးတွင်တော့ မိုးကြိုးမုန်တိုင်းတခု ကျရောက်လာဟန်ဖြင့် မိုးခြိမ်းများထွက်ပေါ်ပြီး လျပ်စီးများ လက်လက်ထနေပြန်လေ၏။

စုချန်း၏ လည်ပင်းတွင်ကား အနက်ရောင်လက်စွပ်တကွင်း တွဲလွဲခိုနေ၏။ အဆိုပါလက်စွပ်သည် အနက်ရောင်လမင်းကြီးသဖွယ် ထူးဆန်းသောအရှိန်အဝါတမျိုးကို ပေးစွမ်းလျက်ရှိလေသည်။ အလင်းမဲ့လက်စွပ်ပေတည်း။

သိပ်မကြာမီ စုချန်း၏ ထိန်းချုပ်မှုအောက်ဝယ် အလင်းမဲ့လက်စွပ်ထံမှ အလင်းရောင်များထွက်ပေါ်လာကြောင်း မြင်တွေ့နေရ၏။

အတန်ကြာသော် စုချန်းက သူ့လှုပ်ရှားမှုကို ရပ်တန့့်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။

"ဒီနည်းစနစ်တွေအကုန်လုံးက်ို ပေါင်းစပ်နိုင်ဖို့ နည်းလမ်းမရှိပေးဘူးပဲ ဒါပေမဲ့ ကျုပ်သွားနေတဲ့လမ်းကြောင်းတော့ မှန်မယ်လို့ယူဆရတယ် ရှေးဟောင်းအာကင်နာနည်းစနစ်တွေဟာ လူသားတွေလက်ရှိသုံးနေတဲ့မူလစွမ်းရည်တွေနဲ့ သိပ်ပြီးမကွာလှဘူး ပြီးတော့ သူတို့မှာ အချင်းချင်း အပြန်အလှန်အထောက်အကူပြုပေးနိုင်တဲ့ စွမ်းရည်မျိုး ရှိနေတယ်"

ထိုအချိန်တွင် သတင်းပို့ဆောင်ရေးရုပ်သေးရုပ်တဖြစ်လဲ ပိတ်လော့က စုချန်း၏ အနားတွင် ရှိနေ၏။

သတင်းပို့ဆောင်ရေးရုပ်သေးရုပ်အနေနှင့် ၎င်း၏အသုံးဝင်ပုံမှာ ပိတ်လော့၏ အခွံအဖြစ် သက်သက်မဟုတ်ချေ။ ဤရုပ်သေးရုပ်သည် ရှေးဟောင်းအာကင်နာနည်းစနစ်နယ်ပယ်သို့ ဝင်ရောက်ရာတွင် အကူအညီပေးနိုင်သည့် တံခါးတချပ်လည်း မည်ပေသည်။ သတင်းပို့ဆောင်ရေးရုပ်သေးရုပ်ကြောင့် စုချန်းအနေနှင့် အာကင်နာပညာရှင်ကြီးများ၏ စဥ်းစားတွေးခေါ်ပုံကို ပို၍ရှင်းလင်းစွာ နားလည်လာ၏။ ထိုအချက်က အင်ကင်နာနည်းစနစ်များအကြောင်းကို နှိုက်နှိုက်ချွတ်ချွတ်လေ့လာရာတွင် များစွာ အထောက်အကူပြုနိုင်သည် မဟုတ်ပါလား။

ထိုသို့နားလည်ခြင်းမျိုးသည် အင်အားတရပ်မည်ပေ၏။ ထိုအချက်ကြောင့် လူသားမူလစွမ်းရည်များနှင့် အာကင်င်နာနည်းစနစ်များ မည်သို့ပေါင်းစပ်ရမည်ကို စုချန်းတယောက်က် နက်နက်ရှိုင်းရှိုင်း နားလည်လာတော့သည်။

လက်ရှိတွင် စုချန်းအနေနှင့် အဆိုပါနည်းစနစ်ကြီးနှစ်ရပ်ကို ပြီးပြည့်စုံအောင် ပေါင်းစပ်နိုင်ခြင်းမရှိသေး။ သို့သော် လူတဦတည်းက သဘောသဘာဝကွဲပြားနေသော မူလစွမ်းရည်နှစ်ရပ်ကို တပြိုင်တည်းထုတ်သုံးနိုင်သည်အထိတော့ စုချန်း စွမ်းဆောင်နိုင်ခဲ့ပေပြီ။

သို့သော် စုချန်းကား ဤမျှနှင့် အားမရသေးချေ။

စုချန်း၏ စကားကိုကြားသည်နှင့် ပိတ်လော့က ပြန်ပြောလိုက်၏။

"သခင်ရဲ့ကြိုးစားအားထုတ်မှုနဲ့စိတ်ဓာတ်ကို ကျုပ် အရင်င်ကရော အခုရော သဘောကျပါတယ် ဒါပေမဲ့ သခင်အခုသွားနေတဲ့လမ်းကြောင်းဟာ သခင်ရဲ့သွေးဗီဇမဲ့ကျင့်ကြံခြင်းလမ်းကြောင်းလိုပဲ အလွန်ရှည်လျားတယ် ရက်တွေ လတွေ နှစ်တွေအများကြီး ဒီအတွက် အချိန်ယူရအုံးမယ် ဒီတော့ အချိန်တိုအတွင်းမှာ အောင်မြင်မှုရနိုင်ချေရှိတဲ့တခြားအရာတွေကိုသာ ခုချိန်မှာ ပိုပြီးဂရုစိုက်သင့်တယ်လို့ ကျုပ် ထင်တယ်"

"ခင်ဗျား ပြောချင်တာ ကျုပ် သိတယ် ကျုပ်ကိုယ်တိုင်လဲ ဒီအကြောင်းကို တွေးနေပါတယ်လေ"

စုချန်းက ပြုံးရင် ပြန်ပြောလိုက်၏။ ထို့နောက် သူက ထပ်မေးလိုက်၏။

"ခင်ဗျားအနေနဲ့ အကြံပေးချင်တာများ တခုခုရှိသလား"

ပိတ်လော့ ခေါင်းညိတ်လိုက်၏။

"ရတနာတွေထဲက တခုကို သခင်အသုံးပြုနိုင်အောင်တော့ ကျုပ် အကြံပေးနိုင်မလားပဲ သခင်"

"အိုး ဘယ်ရတနာကို ခင်ဗျားဆိုလိုနေတာပါလိမ့်"

"နတ်ဆိုးဧကရာဇ်မူလသလင်းကို ပြောတာသခင်"

ပိတ်လော့ရည်ရွယ်နေသည်မှာ အနီရောင်နှလုံးသားထံမှ စုချန်းခိုးလာခဲ့သည့် နတ်ဆိုးဧကရာဇ်မူလသလင်းအားကိုပင် ဖြစ်သည်။ ထိုသလင်းမှာ လွန်စွာရှားပါးပြီး အဖိုးထိုက်တန်၏။ လက်ရှိတွင် ထိုသလင်းကို စုချန်း အသုံးမချနိုင်သေးချေ။

ပိတ်လော့၏ စကားကြောင့် စုချန်း မျက်မှောင်ကုတ်သွား၏။

"အိုး ကျုပ်ကို ဒီထက်ပိုပြောစမ်းပါအုံးဗျာ"

"အဲဒီသလင်းကို ကျုပ် သေသေချာချာကြည့်ပြီးပြီသခင် ဒီမူလသလင်းဟာ သတ္တုသံချပ်ကာသားရဲကြီးတကောင်ရဲ့သလင်းပဲ အထဲမှာ သတ္တုအဆီအနှစ်တွေ ပါဝင်နေတယ်"

"ကျုပ် သိပါတယ် ဒါပေမဲ့ သတ္တုဆိုင်ရာမူလစွမ်းရည်တွေက ကျုပ်ရဲ့ကျွမ်းကျင်မှုမဟုတ်ဘူးလေဗျာ"

စုချန်း နောင်တရဟန်ဖြင့် ရေရွတ်လိုက်သည်။

"အဲဒီသလင်းက အနီရောင်နှလုံးသား ကျန်ရစ်ခဲ့တဲ့သလင်းသာဆိုရင် ကျုပ်အတွက် ပိုကောင်းအုံးမယ်"

"သခင့်အနေနဲ့ အရင်င်တုန်းက ဒီသလင်းကို အသုံးချဖို့ နည်းလမ်းမရှိခဲ့ဘူး ဒါပေမဲ့ အခု ရှိနေပြီလေသခင်"

စုချန်း အံ့သြသွား၏။

"ဘယ်လိုတုန်းဗျ ရှင်းပြစမ်းပါအုံး"

ပိတ်လော့ ပြန်ဖြေလိုက်၏။

"အလင်းမဲ့လက်စွပ်လေသခင်"

စုချန်း မျက်လုံးပြူးသွားရလေပြီ။

"ဟုတ်ပါ့မလားဗျ"

"သိပ်ဟုတ်တာပေါ့သခင်"

ပိတ်လော့က ယုံကြည်မှုရှိဟန်ဖြင့် ပြန်ဖြေလိုက်သည်။

အလင်းမဲ့လက်စွပ်သည် အာကင်နာနည်းစနစ်များ၏ စွမ်းရည်အား ပေါင်းစပ်ပေးနိုင်သောစွမ်းရည်ရှိ၏။ ထိုအကြောင်းကို ချူဟွိုင်လျန်းနှင့် တိုက်ခိုက်စဥ်က စုချန်း သိခဲ့ပြီးခေပြီ။ ထိုတိုက်ပွဲတွင် အားကောင်းလှသော မီးလျံငှက်အား သူ ဖော်ထုတ်နိုင်ခဲ့သည် မဟုတ်ပါလား။

ပိတ်လော့က ထပ်မံရှင်းပြလိုက်ပြန်သည်။

"အလင်းမဲ့လက်စွပ်ဟာ မတူညီတဲ့နည်းစနစ်တွေရဲ့စွမ်းအင်ကို ပေါင်းစည်းတိုးပွားပေးနိုင်တာ သခင်သိပြီးပြီပဲ ဒါပေမဲ့ လက်စွပ်ကိုအသုံးပြုတဲ့အချိန်မှာ သခင့်ရဲ့ကိုယ်ပိုင်အရည်အချင်းက အကန့်အသတ်ရှိနေတဲ့အတွက် လက်စွပ်ရဲ့စွမ်းအင်ကို အပြည့်အဝ မဖော်ထုတ်နိုင်ခဲ့ဘူးလေသခင်"

အလင်းမဲ့လက်စွပ်မှာ လွန်စွာ အစွမ်းထက်သောကိရိယာဖြစ်သည်။ သို့သော် စုချန်းသည် လက်စွပ်ကိုသုံးပြီး အာကင်နာနည်းစနစ်များ၏ အင်အားကို ဆပွားတိုးတက်လာအောင်သာ ကြံဆနိုင်ခဲ့၏။ ၎င်းမှာ လက်စွပ်၏ တကယ့်စွမ်းအားမဟုတ်သေချေ။ ထိုသို့ဖြစ်ရခြင်းမှာလည်း စုချန်း၏ အာကင်နာနည်းစနစ်များနှင့် လက်ရှိခေတ်သုံးမူလစွမ်းရည်များ ပေါင်းစည်းခြင်းမှာ အပြည့်အဝ မအောင်မြင်သေးသောကြောင့်သာ ဖြစ်သည်။

ပိတ်လော့က ထပ်ပြောလိုက်ပြန်သည်။

"နတ်ဆိုးဧကရာဇ်မူလသလင်းက ဒီပြသနာကို ဖြေရှင်းပေးနိုင်တယ်သခင်"

"အင်း...သတ္တုအဆီအနှစ်...အလင်းမဲ့လက်စွပ်"

အတန်ကြာစဥ်းစားပြီး စုချန်းတစုံတခုကို တွေးမိသွား၏။

"ကျုပ်ကိုသတိပေးတဲ့အတွက် ကျေးဇူးတင်တယ်ဗျို့ ဒါကိုဘယ်လိုသုံးရမလဲ ကျုပ် သိပြီလို့ထင်တယ်"

ပိတ်လော့က တည်ငြိမ်စွာ ပြန်ပြောလိုက်၏။

"ကျေးဇူးတင်စရာမလိုပါဘူးခင်ဗျာ"

____________×××____________×××___________×××____

"ကြယ်ရွှေသတ္တု ဟုတ်လား မင်းက ဘာကြောင့်ဒါကိုလိုချင်ရတာတုန်း"

စုချန်း၏ တောင်းဆိုမှုကြောင့် ကျူးယုယန် အံ့သြသွား၏။

"ကျုပ်လုပ်နေတဲ့သုတေသနအတွက် တန်ဖိုးကြီးသတ္တုတချို့လိုနေလို့ပါ"

ယောက္ခမလုပ်သူဖြစ်နေ၍ စုချန်း အမှန်အတိုင်းပင် ပြောလိုက်၏။

"အိုး ဘယ်လိုသုတေသနများပါလိမ့်"

ကျူးယုယန် စိတ်ဝင်စားသွားလေသည်။

"မပြီးသေးခင်ထိ မပြောတာပဲ ပိုကောင်းပါလိမ့်မယ်ခင်ဗျာ တော်ကြာ ကျွန်တော်အပြောကြီးတယ်ဆိုပြီး မျက်နှာပူနေရပါအုံးမယ်"

စုချန်းက ခပ်ပြုံးပြုံးနှင့် ပြန်ဖြေလိုက်၏။

"ဒါနဲ့ မင်းက ဘယ်လောက်လိုချင်တာလဲ"

"များလေကောင်းလေပေါ့ခင်ဗျာ"

"မင်းရဲ့သားဖောက်မိခင်ဆီက အစားအစာကို မင်းယူမယ်လို့ ပြောနေတာနော် ကိုယ်ပြောတာကိုယ်သိတယ်မလား"

"သိပါတယ်ခင်ဗျာ"

စုချန်း ခေါင်းညိတ်လိုက်၏။

"ဒီပြသနာကို ကျုပ် တွေးထားပါတယ် ဒီသတ္တုတွေဟာ သားဖောက်မိခင်ပိုးကောင်အတွက် အရေးကြီးတာမို့ ကျုပ်အနေနဲ့ များများစားစား မယူပါဘူး အကယ်၍ ကျုပ်ရဲ့သုတေသန အောင်မြင်နိင်ချေရှိခဲ့ရင်သာ မိုးပျံမြို့တော်မှာတခြားတန်ဖိုးကြီးသတ္တုတချို့ရှာပြီး ကျုပ်အတွက် စုဆောင်းပေးပါ"

နောက်ဆုံးတွင် ကျူးယုယန်တယောက် စုချန်း၏ တောင်းဆိုချက်အား သဘောတူလိုက်လေသည်။

နှစ်ရက်ခန့်အကြာ သူတို့၏ လွန်းပျံယာဥ် မူလအလင်းရဲတိုက်သို့ ရောက်ရှိလာ၏။

လူပျံတော်များသည် ၎င်းတို့၏ နယ်မြေများအား ငါးပိုင်းခွဲခြားထား၏။ နယ်မြေတခုစီ၏ အလယ်ဗဟိုတွင် မိုးပျံခံတပ်ငယ်တခုစီ တည်ရှိနေလေသည်။ ကနဦးက ၎င်းတို့တွင် နယ်မြေခြောက်ခုရှိသော်လည်း ပျံသန်းခြင်းဝိညာဥ်မြို့တော် ပြိုလဲသွားပြီးနောက် အဆိုပါနယမြေအများစုမှာလည်း လျောင်ယဲ့နိုင်ငံလက်အောက်သို့ ကျရောက်သွားခဲ့၏။

ထိုအတွက်ကြောင့်ပင် လူပျံတော်များအနေနှင့် မိုးပျံမြို့တော်ငယ်တည်ဆောက်ရေးစီမံကိန်းအား အထူးတလည်အရေးထားနေကြခြင်းပင်။ မိုးပျံမြို့တော်ငယ်တခုတည်ဆောက်နိင်ခြင်းသည် နယ်မြေတခုအား ပိုင်စိုးနိုင်သည်နှင့် အတူတူပင် မဟုတ်ပါလား။

မူလအလင်းနယ်မြေသို့ရောက်သည်နှင့် ကြီးမားသောမိုးပျံရဲတိုက်ကြီးအား အဝေးဆီမှ လှမ်းမြင်နေရ၏။ ၎င်းမှာ မူလအလင်းရဲတိုက်ပင် ဖြစ်သည်။

ရဲတိုက်ကြီး၏ နံရံများမှာကား မြင့်မားလှ၏။ နံရံများ၏ နောက်ကွယ်တွင် များပြားလှသည့့်မျှော်စင်များ ထိုးထိုးထောင်ထောင်နှင့် တည်ရှိနေပေသည်။ မျှော်စင်များ၏ အလယ်တွင်တော့ မိုးသို့ထိုးနေသော အမြင့်ဆုံးမျှော်စင်ကြီးတခု ရှိနေ၏။ ရဲတိုက်ကြီးအား ရက်စက်ကြမ်းကြုတ်ဟန်ရှိသော သားရဲရုပ်တုကြီးများက ပတ်ချာလှည့်လျက်ရှိလေသည်။

အဆိုပါသားရဲရုပ်တုကြီးများသည် သာမာန်ရုပ်တုများမဟုတ်ချေ။ အသက်သွင်းနိုင်သော ရုပ်သေးရုပ်များ ဖြစ်လေသည်။ ၎င်းရုပ်သေးရုပ်များ အသက်ဝင်လာပါက ရဲတိုက်အတွင်းမှ တဟုန်ထိုးခုန်ထွက်လာကြပေလိမ့်မည်။ အဆိုပါမြင်ကွင်းသည် ရန်သူတိုင်းကို တုန်လှုပ်ခြောက်ခြားသွားစေမည်မှာ မလွဲဧကန်ပင်။ ရုပ်သေးရုပ်များ၏ တာဝန်မှာကား ရဲတိုက်ကိုကာကွယ်ရန်ပင်။

"အင်မတန်ရှေးကျတဲ့ ရုပ်သေးရုပ်တွေပဲသခင်"

သားရဲရုပ်သေးများအားကြည့်ရင်း ပိတ်လော့ တအံ့တသြနှင့် ရေရွတ်လိုက်လေသည်။

"မှန်တယ် လူပျံတော်တွေဟာ အာကင်နာတွေဆီက အာကင်နာနည်းစနစ်တွေနဲ့ ရုပ်သေးရုပ်တည်ဆောက်တဲ့အတတ်ပညာကို ဆက်ခံနိုင်ခဲ့ပုံပေါ်တယ် အဲဒီကာလတုန်းကတော့ လူပျံတော်ဟာ တခြားမျိုးစိတ်တွေအတွက် မနာလိုဖြစ်ခဲ့စရာပေါ့လေ"

စုချန်းက ပြန်ပြောလိုက်၏။

"အဲဒီအချိန်တုန်းက ဟုတ်လားသခင်"

"ဟုတ်တယ် အဲဒီအချိန်တုန်းက... နောင်မှာဒါမျိုးဖြစ်လာစရာအကြောင်းမရှိတော့ဘူး"

"ဘာကြောင့်ဒီလိုပြောရတာလဲသခင်"

"ဘာကြောင့်လဲဆိုတော့ ကျုပ်တ်ို့မှာ ကိုယ်ပိုင်လမ်းကြောင်းရှိနေပြီမို့လို့ပေါ့ဗျာ အမွေအနှစ်အမြောက်အများ ဆက်ခံနိုင်ခြင်းဟာ တခြားသူတွေကို မနာလိုဖြစ်စေတာမှန်တယ် ဒါပေမဲ့ ဘယ်လိုအမွှေအနှစ်မျိုးပဲ ဆက်ခံဆက်ခံ ကာယကံရှင်အနေနဲ့ကတော့ အဲဒီအမွေအနှစ်တွေရဲ့ အင်အားအစစ်အမှန်ကို ပိုင်ဆိုင်နိုင်မှာမဟုတ်ဘူး လူပျံတော်တွေ ကမ္ဘာကြီးကို နောက်တကြိမ်သိမ်းပိုက်ဖို့ကြိုးစားနေတာကိုပဲ ကြည့်လေ သူတို့ တကြိမ်က ဒါမျိုးကြိုးစားခဲ့ပြီးသွားပြီ ဒါပေမဲ့ သူတို့တည်ဆောက်ထားတဲ့ခံတပ်တွေ တရက်တည်းမှာပဲ ပြိုကျသွားခဲ့တယ်မလား ဒါပေမဲ့ ဒီကောင်တွေ ဒါကိုသင်ခန်းစာယူပြီး မျိုးစိတ်တစိတ်လုံး အင်အားကြီးမားလာအောင်မကြိုးစားပဲ အတိတ်ကအမှားကိုပဲ ထပ်ချပ်နင်းဖို့ကြိုးစားနေကြပြန်ပြီ ဘာကြောင့်လဲဆိုတော့ သူတို့မှာ အပြောင်းအလဲလုပ်ဖို့ အတွေ့အကြုံမရှိဘူး တမျိုးစိတ်လုံး တိုးတက်လာအောင်လုပ်ဖို့ စိတ်ကူးမရှိဘူး ရည်မှန်းချက်မရှိဘူး ဒါက တွေးကြည့်ရင် ဝမ်းနည်းစရာတော့ကောင်းတယ်"

စုချန်းကား ကိုယ့်လမ်းကို ကိုယ်တိုင်ဖောက်ရန်သာ စိတ်ဝင်စား၏။ တခြားသူများ၏ အမွေအနှစ်အပေါ် တက်ခွရန် စိတ်ဝင်စားခြင်းမရှိ။

စုချန်း၏ အမြင်သည် သူ၏ လက်ရှိအင်အား၊ စွမ်းရည်နှင့် နှိုင်းယှဥ်လျင် တထပ်တည်းမကျပဲ ဖြစ်ကောင်းဖြစ်နေပေလိမ့်မည်။ တချို့ကလည်း သူ့အား ရည်မှန်းချက်ကြီးလွန်းသည်ဟု ဆိုကောင်းဆိုနိုင်၏။ တချို့ကလည်း သူ့ကို မဖြစ်နိင်သောအရာကိုမှ လှမ်းနေသူဟု ပြောကောင်းပြောနိုင်၏။

စုချန်း၏ ရည်မှန်းချက် အောင်မြင်မည်မအောင်မြင်မည်ကို အချိန်က သက်သေပြသွားလိမ့်မည်သာ။ မည်သို့ဆိုစေ စုချန်းကတော့ သူ့အိပ်မက်ကို အသက်သေဆုံးသာ်အထိ အကောင်အထည်ဖော်သွားမည်မှာ အမှန်ပင်။

ထိိုသို့သော် အမြင်၊ ထိုသို့သောစိတ်ထားရှိနေခြင်းကြောင့် အဆန်းတကြယ်နိုင်ပြီး ခမ်းနားလှသော မူလအလင်းရဲတိုက်ကို စုချန်းက ရှိသည်ဟုပင် မမှတ်ချေ။

စုချန်း တထစ်ချယုံကြည်ထားသည်မှာ အင်အားကြီးမားသောမိုးပျံခံတပ်သည် လူပျံတော်များ၏ အတောင်များကို ဖြတ်တောက်ထားသည်နှင့်ပင် တူနေသေး၏။ အတောင်ရှိသော်ငြား မပျံနိုင်ကြရှာသည့် သနားစရာလူပျံတော်များပေတကား။

အတောင်မပါပဲမွေးလာခဲ့သော စုချန်းကတော့ နဝမမြောက်ကောင်းကင်ဘုံသို့ ရောက်သည်အထိ ပျံသန်းရန် ကြိုးစားသွားမည့်သူပေတည်း။

***

All Chapters