နန်းထိုက်တော်ဝင် မိသားစု
Vol. 81 Ch. 805
မူလအလင်းရဲတိုက်သို့ရောက်သည်နှင့် တိမ်တိုက်ထိုးခွဲလွန်းပျံယာဥ်သည် ရဲတိုက်၏ တနေရာတွင် ဆိုက်ကပ်လိုက်၏။ ယာဥ်ပေါ်မှ လူသားများ၊ လူပျံတော်များအသီးသီး ဆင်းသက်လာကြ၏။ စုချန်းကား ကျူးမျိုးနွယ်သံတမန်အဖွဲ့ဝင်တဦးအဖြစ် ဟန်ဆောင်ထားလေသည်။
မူလအလင်းရဲတိုက်၏ လျှို့ဝှက်ချက်အား စူးစမ်းလေ့လာရန် အခွင့်အရေးရပေပြီ။ ထို့ကြောင့်က စုချန်းက အချိန်မဖြုန်းတော့ပဲ ကျူးယုယန်အား မေးလိုက်သည်။
"ကျုပ် ဟိုနားဒီနား ခနတဖြုတ် လျှောက်ကြည့်လို့ရမလား"
စုချန်း၏ စိတ်ကူးကို ကျူးယုယန်ကလည်း အတပ်သိ၏။ ထို့ကြောင့် သူမက ခေတ္တစဥ်းစားပြီး ပြောလိုက်လေသည်။
"ကောင်းပြီလေ ဒါပေမဲ့ မင်း ပြသနာမရှာရဘူးနော်"
"စိတ်ချပါ"
စုချန်းကလည်း အာမဘန္တေခံလိုက်၏။ ထိုအခါ ကျူးယုယန် ဘာမှမပြောတော့ပဲ ခွင့်ပြုပေးလိုက်လေသည်။
မူလအလင်းရဲတိုက်မှာ ခံတပ်နှင့်မြို့ တွဲလျက်တည်ဆောက်ထားခြင်း ဖြစ်သည်။ သံတမန်စာချုပ် ချုပ်ဆိုထားခြင်းကြောင့် သူတို့အနေနှင့် ရဲတိုက်အတွင်းဝင်ရောက်ကာ အရင်းအမြစ်များ လှဲလှယ်ရောင်းဝယ်ခြင်း ပြုလုပ်နိုင်၏။
ရဲတိုက်အတွင်းတွင်တော့ ရပ်ကွက်များ၊ စစ်တန်းလျားများ၊ စျေးများစသဖြင့် နေရာဌာနအသီးသီး ခွဲခြားထား၏။ သူတို့အဖွဲ့အနေနှင့် ရပ်ကွက်များ၊ ရောင်းဝယ်ဖောက်ကားရာနေရာများကိုသာ လွတ်လပ်စွာ သွားခွင့်ရှိနေ၏။ သို့တိုင်အောင် သူတို့နောက်တွင် လူပျံတော်အစောင့်များ အမြဲတစေ လိုက်ပါလာလေ့ရှိလေသည်။
လူပျံတော်အစောင့်များ၏ လမ်းညွှန်မှုနှင့်အတူ သိပ်မကြာမီ သူတို့အဖွဲ့ စျေးတစ်စျေးသို့ ရောက်ရှိလာ၏။ မျိုးစိတ်အသီးသီ၏ စုပေါင်းစျေးကို သူတို့အားလုံး ပထမဆုံးအကြိမ် မျက်ဝါးထင်ထင် မြင်လိုက်ရခြင်းပင်။ စူးစမ်းချင်စရာ၊ ကိုင်ကြည့်ချင်စရာများမှာ ဒုနှင့်ဒေးပေတည်း။
ကျူးရှန်းယောင်မှာ စုချန်းဘေးမှ တကပ်ကပ်နှင့် လိုက်ပါလာလေသည်။ တချီတွင်တော့ သူမက စုချန်းအား လက်ချင်းချိတ်လိုက်၏။ ထိုအခါ စုချန်းမှာ အသံတိုးတိုးနှင့်ကပျာကသီ အောက်ပါအတိုင်း ပြောလိုက်ရရှာသည်။
"ကျုပ်နာမည်ချန်းစု ပြီးတော့ ကျူးမျိုးနွယ်ရဲ့ငယ်သားတယောက်က်ဆိုတာ သတိထားပါအုံး လူကြားထဲ မင်းနဲ့ကျုပ် လက်ချင်းတွဲသွားရင် သူများတွေ ဘယ်လိုထင်ကုန်မလဲ"
စုချန်း၏ စကားကိုကြားသည်နှင့် ကျူးရှန်းယောင်က အသံကျယ်ကျယ်နှင့် ပြောလိုက်၏။
"ချန်းစု ကျွန်မ စျေးဝယ်မလို့ ကျွန်မအိတ်ကို ဆွဲပေးစမ်း"
စုချန်း ဘာမှမတတ်နိုင်တော့ပဲ အာမဘန္တေခံလိုက်ရလေသည်။
"ကောင်းပါပြီ သခင်မလေးခင်ဗျာ"
"ဒီလိုစကားနားထောင်တာမျိုးဆိုရင် ကျွန်မက သိပ်ပြီးသဘောကျတာပဲ"
ပြောပြောဆိုဆို သူမက စုချန်း၏ နဖူးအား လက်ညိုးဖြင့် ဖွဖွလေးတောက်ကာ တခစ်ခစ်ရယ်မောရင်း ထွက်ပြေးသွားလေသည်။ ချစ်စရာအပြုအမူကြောင့် စုချန်းတယောက်က် သူမအား ပွေ့ဖက်လိုစိတ်ပေါ်လာ၏။ သို့သော် သူ ဘာမှမတတ်နိုင်။
ဘဝင်မြင့်ပြီး တော်ဝင်နန်းဆန်သောမျိုးစိတ်ဖြစ်ခြင်းကြောင့် လူပျံတော်စျေးတန်းတွင် ရောင်းချနေသည့် ပစ္စည်းတိုင်းသည် အနုပညာလက်ရာမြောက်ပြီး သပ်ရပ်လှပေသည်။ ယုတ်စွအဆုံး အိုးခွက်ပန်းကန်များကိုပင် ဆေးရောင်စုံ ခြယ်သထားးကြ၏။
ရှားပါးပစ္စည်းတချို့ကိုလည်း ရောင်းချနေကြောင်း စုချန်းတို့ တွေ့နေရ၏။
ဥပမာပေးရလျင် တိမ်လှိုင်းဇာဟု ခေါ်သောပစ္စည်းတမျိုးကို ဤစျေးတန်းတွင် ရောင်းချလျက်ရှိလေသည်။ တိမ်လှိုင်းဇာမှ ထွက်လာသော ဇာခြည်မျှင်များသည် အလွန်နူးညံ့ပြီး အတိုင်းအတာတခုထိ လေပေါ်တွင်ဝဲနေနိုင်သော စွမ်းရည်ရှိ၏။ သာမာန်လူတဦးသာ ဤပစ္စည်းမှထွက်လာသောဇာခြည်မျှင်များကို ဝတ်ဆင်ထားပါက ၎င်း၏ အလေးချိန်မှာ လွန်စွာပေါ့ပါးသွားပြီး ပေတရာခန့်ထိ ခုန်နိုင်စွမ်းရှိလာပေလိမ့်မည်။ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်များသည် စွမ်းအင်သုံးစွဲမှုကို လျော့ချရန် ဤဇာချည်မျှင်မျိုးကို ဝတ်ဆင်တတ်ကြ၏။
တနေရာတွင်ဆိုလျင် လေပေါ်တွင် ပျံဝဲနေသည့် လေပေါ်ဝဲလျှားစောင်းပင်တို့ကိုပါ တွေ့ရ၏။ အဆိုပါအပင်များသည် မည်သည့်မြေဆီလွှာ၊ ရေဓာတ်မှမလိုပဲ လေပေါ်တွင် ပေါက်ရောက်ရှင်သန်နိုင်သောစွမ်းရည်မျိုးရှိပြီး ထိပ်တန်းဆေးဝါးများဖော်စပ်ရာတွင် အလွန်အသုံးဝင်သည့် ပါဝင်ပစ္စည်းတမျိုးဟု ဆိုနိုင်ပေသည်။
ထူးထူးဆန်းဆန်းပစ္စည်းမျိုးစုံကို တွေ့နေရသောအခါ ကျူးရှန်းယောင်ကား မိန်းမသားပီပီ အငမ်းမရပင် ဝယ်ယူနေတော့၏။
စုချန်းအဖို့ကား အိတ်ကြီးအိတ်ငယ်အသွယ်သွယ်နှင့် မြင်ရက်စရာပင် မရှိတော့။
အချုပ်အနှောင်မဲ့အဖွဲ့၏ အဖွဲ့ခေါင်းဆောင်၊ လူသားမျိုးနွယ်၏ မဟာပညာရှိကြီးစုချန်းတယောက် သခင်မလေးကျူးရှန်းယောင်နှင့် ကျခါမှ အထုတ်ထမ်းသမားဘဝရောက်ကာ မရှုမလှ ခံလိုက်ရပေပြီ။ သနားစရာကောင်းလှပါဘိတောင်း။ စုချန်း၏ ရုပ်သေးရုပ်ဖြစ်သော ပိတ်လော့က အထုတ်တ်ကူဆွဲပေးနေ၍ တော်သေးသည်ဟု ဆိုရတော့မည်။
စျေးတန်းမှ ထွက်ခွာလာပြီး သိပ်မကြာမီပင် လူတချို့လမ်းလျှောက်လာသည်က်ို သူတို့ မြင်တွေ့လိုက်ရ၏။
ရှေ့ဆုံးမှလမ်းလျှောက်လာသူသည် ငယ်ရွယ်နုပျို၏။ မင်းသားတပါးသဖွယ် ခန့်ညားနေ၏။ ကျူးရှန်းယောက်ကို မြင်သည်နှင့် လူရွယ်၏ မျက်လုံးအစုံမှာ ဝင်းလက်သွားပြီး တည့်တည့်မတ်မတ်ပင် လျှောက်လာတော့သည်။
လူရွယ်ကိုမြင်သည်နှင့် ကျူးရှန်းယောင် မျက်မှောင်ကုတ်သွားပြီး တဖက်သို့ လှည့်ထွက်ရန် ဟန်ပြင်လိုက်၏။ သို့သော် သူမ နောက်ကျသွားလေပြီ။
"ရှန်းယောင် မင်း ဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ"
ကျူးရှန်းယောင် စိတ်ပျက်လက်ပျက်နှင့် ပြန်ဖြေလိုက်သည်။
"လီတောက်ဟုန် ကျွန်မ ဒီရောက်နေတာ ရှင်နဲ့ဘာဆိုင်လို့လဲ"
လီမျိုးနွယ်ဆိုပါလား...
စုချန်း နားလည်သွားလေပြီ။
လျောင်ယဲ့နိုင်ငံတွင် လူပျံတော်နယ်မြေသို့ ဝင်ထွက်သွားလာနိုင်ပြီး ကျူးမျိုးနွယ်စုနှင့်ရင်းနှီးသူ လီမျိုးနွယ်ဝင်အနည်းငယ်သာ ရှိ၏။ ကြည့်ရသည်မှာ လီတောက်ဟုန်ကား နန်းထိုက်တော်ဝင်မိသားစုဝင်တဦး ဖြစ်နေပုံပင်။
သို့သော် လီတောက်ဟုန်နှင့် ကျူးရှန်းယောင်အကြား ပတ်သက်မှုမှာကား ထင်သလောက် ရိုးရှင်းပုံမရ။ မင်းသားလေး၏ အကြည့်တွင် စွဲလမ်းတပ်မက်ဟန်များ ပါဝင်နေ၏။ ပြင်းပြသောဆန္ဒတခုက သင်း၏ အရိုးသို့တိုင် စွဲထင်နေကြောင်း ပထမတကြိမ် မြင်ရုံနှင့် စုချန်း သိလိုက်သည်။
စုချန်းသည် ကျန့်စီချွေ့၊ ချူကျန်းယု အစရှိသည့့် မင်းသားတချို့နှင့် ကြုံဖူး၏။ အဆိုပါ မင်းသားများသည် ဆန္ဒကို သူများမသိအောင် ထိန်းချုပ်ထားနိုင်ကြပြီး အလွန်အိန္ဒြေကြီးကြ၏။ ယခု သူ့ရှေ့မှ လီတောက်ဟုန်ကား အဆိုပါ မင်းသားများနှင့် တခြားစီပင်။ လီတောက်ဟုန်၏ ပုံစံမှာ ယခုပင် ကျူးရှန်းယောင်အား ဆွဲလားရမ်းလား လုပ်လ်ိုဟန်ပေါ်နေပေသည်။
ထိုအချိန်တွင် လီတောက်ဟုန်က စကားစလိုက်၏။
"ကျုပ် သဘောပေါက်ပြီ ပြီးခဲ့တဲ့ရက်ပိုင်းက မင်းတို့မြို့အနေနဲ့ ဖြတ်သန်းသွားလာခွင့်လိုင်စင်တခုလိုလို့ ကျုပ်ဖခင် ခွင့်ပြချက်တောင်းခံကြောင်း ကြားလိုက်မိတယ် နန်းတွင်းအမတမတချိ့ကတော့ ကန်ကွက်ကြပါရဲ့ ဒါပေမဲ့ လူပျံတော်တွေနဲ့ဆက်သွယ်တဲ့နေရာမှာ ကျုပ်တိုဘုရင့်အိမ်တော်ကချည်း တာဝန်ယူနေတာထက်စာရင် ကျူးမျိုးနွယ်အနေနဲ့ ဒီတာဝန်ကို ဝင်ထမ်းပေးနိုင်တော့ ကျုပ်တို့ဝန်ပေါ့တယ်လို့ ကျုပ်ဖခင်ကို ကျုပ်က အကြံပေးလိုက်တယ်လေ ကျုပ်ဖခင်ကလဲ သဘောတူတယ် ဒါကြောင့် မင်းတို့ ခွင့်ပြုမိန့်ကျလာတာပဲ"
ကျူးရှန်းယောင် မဲ့လိုက်၏။
"ဒီတော့ ကျွန်မတို့က ရှင့်ကို ကျေးဇူးတင်ရမှာပေါ့လေ ဟုတ်လား"
လီတောက်ဟုန် စိတ်မကောင်းဖြစ်သွားဟန်ဖြင့် ပြန်ပြောလိုက်သည်။
"ရှန်းယောင် ကျေးဇူးတင်စရာမလိုပါဘူးကွ ကျုပ်တို့အချင်းချင်း အင်မတန်ရင်းနှီးပြီးသားပဲမလား"
လီတောက်ဟုန်ကား ပြောရင်းနှင့်ပိုအတင့်ရဲလာ၏။ ကျူးရှန်းယောင် ထွက်မသွားစေရန် ပလီစိလျှောက်ချက် တောင်စဥ်ရေမရ လျှောက်ပြောနေတော့၏။
ကျူးရှန်းယောင်၏ စိတ်ဓာတ်ကို စုချန်း ကောင်းကောင်းသိထား၏။ ထို့ကြောင့် လီတောက်ဟုန် ဘယ်အချိန် ပါးရိုက်ခံရမည်ကိုသာ သူ စောင့်ကြည့်နေတော့သည်။
ထူးဆန်းသည်မှာ လီတောက်ဟုန်ကို မနှစ်သက်သည့်တိုင် ကျူးရှန်းယောင်သည် စိတ်လိုက်မာန်ပါ မလုပ်။ ဒေါသကို ချိုးနှိမ်ကာ စကားစဖြတ်ရန်သာ ကြိုးစားနေရှာ၏။
လီတောက်ဟုန်ကား ကျူးရှန်းယောင်၏ အမူအရာကို ဂရုပင်မစိုက်ပဲ ကရားရေလွှတ်တတွတ်တွတ်နှင့် အဆက်မပြတ် လျှောက်ပြောနေ၏။ ကျူးရှန်းယောင်ကား အကြီးအကျယ် ဒေါသထွက်နေပြီ ဖြစ်သည်။ သို့သော် ဘာမှမတတ်နိုင်ပဲ ရှေးနည်းအတိုင်း စကားဖြတ်ရန်သာ ကြိုးပမ်းနေရှာ၏။
ရှားပါးမြင်ကွင်းပေတည်း။
အတန်ကြာသော် စုချန်းက ဖြတ်ခနဲ ဝင်ပြောလိုက်၏။
"သခင်မလေး ကျုပ်တို့အချိန်ကြာနေပြီ သွားသင့်ပြီထင်တယ်နော်"
ကျူးရှန်းယောင်ကလည်း စုချန်း၏ စကားကိုနင်းပြီး ချက်ချင်းပင် ပြောလိုက်သည်။
"ဟုတ်သားပဲ ကျွန်မတို့ နောက်တောင်ကျနေပြီ သွားမှဖြစ်တော့မယ် မင်းသားလေးရှင့် ဆက်ပြီးပျော်ပါးကြပါ ကျွန်မတို့ကို သွားခွင့်ပြုပါအုံး"
လီတောက်ဟုန်၏ မျက်နှာကြီး မဲခနဲ ဖြစ်သွားလေသည်။ ထို့နောက် သူက စုချန်းကို လှမ်းကြည့်ပြီး မာန်မဲလိုက်တော့၏။
"ဒီလိုမလောက်လေးမလောက်စားအစေခံက ကျုပ်တို့စကားပြောနေတာကို ဖြတ်ပြောရဲသလား ရိုင်းလိုက်လေကွာ"
"ဒီတော့ ရှင်က ကျွန်မအစေခံကို သင်ခန်းစာပေးချင်တယ် အဲဒီလိုလား"
လီတောက်ဟုန် ပြာပြာသလဲ ဖြစ်သွား၏။
"ဟာ မဟုတ်ပါဘူး ရှန်းယောင်ရဲ့အစေခံကို ရှနိးယောင်သာ ဆုံးမသင့်တာပေါ့ ကျုပ် ဝင်မပါလိုပါဘူးလေ"
ကျူးရှန်းယောင် ဘာမှပြန်မပြောတော့ပဲ နှုတ်ဆက်ကာ လှည့်ထွက်လာခဲ့တော့သည်။
ကျူးရှန်းယောင်အား ဆွဲထားရန်အကြံ မအောင်မြင်လိုက်သော လီတောက်ဟုတ်ကား ဒေါသူပုန်ထကာ ကျန်ရစ်လေ၏။
"ဆီလီ"
လီတောက်ဟုန်၏ ခေါ်သံကြောင့် ဘေးမှ စစ်သည်တော်တဦး ရှေ့သို့တက်လာ၏။
"စကားဖြတ်ပြောတဲ့အစေခံကို ရှင်းပစ်လိုက်စမ်း"
"ကောင်းပါပြီ မင်းသားလေး"
ထိုအချိန်တွင် စုချန်းနှင့်ကျူးရှန်းယောင်မှာ စကားလက်ဆုံကျလျက်ရှိ၏။
"ကျွန်မဘာလို့စိတ်ထိန်းထားရသလဲ ရှင် သိချင်နေမှာပဲနော်"
စုချန်း ပြုံးလိုက်၏။
"သက်ဦးဆံပိုင်ဘုရင်တပါးရဲ့မိသားစုဝင်တယောက်နဲ့တွေ့ဆုံတဲ့အခါ ကိုယ်နှုတ်အမူအရာယဥ်ကျေးတာဟာ ကောင်းတာပါပကွာ"
ကျူးရှန်းယောင် ခါးသီးစွာ ရယ်မောလိုက်၏။
"ရှင် မှန်တယ် ဒါပေမဲ့ မှားတယ်လို့လဲ ဆိုနိုင်တယ် ဘုရင်တပါးရဲ့သာမာန်မိသားစုဝင်တယောက်နဲ့ အတိုက်အခံဖြစ်လဲ ကျွန်မ မကြောက်ပါဘူး ဒါပေမဲ့ သူနဲ့ပတ်သက်ရင်တော့ ဂရုစိုက်မှဖြစ်မယ်ရှင့်"
စုချန်း စိတ်ဝင်စားသွား၏။
"ကြည့်ရတာ သူ လျောင်ယဲ့နိုင်ငံရဲ့ အိမ်ရှေ့မင်းသားတော့ ဟုတ်ပုံမပေါ်ဘူး"
"အိမ်ရှေ့မင်းသားသာ ဒီလိုအပြုအမူတေတွေ လုပ်နေရင် ခုလောက်ဆို ရာထူးအချခံလိုက်ရပြီပေါ့ရှင်"
စုချန်း တွေခနဲ ဖြစ်သွား၏။ အတန်ကြာမှ သူက မေးခွန်းထုတ်လိုက်သည်။
"လူပျံတော်နယ်မြေထဲ ကြိုက်သလို ဝင်ထွက်သွားလာနိုင်ရုံတင်မကဘူး ဘုရင့်မိသားစုရဲ့ကုန်သွယ်ရေးအုပ်စုဝင်တဦးလဲ ဖြစ်နေတဲ့လူတယောက်က်ဟာ ဘယ်လောက်ပဲ တဏှာရာဂကြီးတဲ့သူဖြစ်နေရင်တောင် နှယ်နှယ်ရရတော့ မဟုတ်နိုင်ဘူး ယုတ်စွအဆုံး လီတောက်ဟုန်လို လူစားမျိုးတောင် နှယ်နှယ်ရရ မဟုတ်နိုင်ဘူး ဟုတ်သလား ကျုပ် ပြောတာ"
ကျူးရှန်းယောင် ရယ်မောလိုက်၏။
"တွေ့လား ခုဆို ရှင်သဘောပေါက်သွားပြီ"
သို့တိုင်အောင် စုချန်းကား အပြည့်အဝ နားမလည်နိုင်သေး။
"သူ့မှာ အင်အားကြီးမားတဲ့ ကျောထောက်နောက်ခံများ ရှိနေသလား"
ကျူးရှန်းယောင် သက်ပြင်းချလိုက်၏။
"ဘယ်လောက်ထိ အင်အားကြီးမားတယ်လို့ ဆိုလိုတာလဲ လက်ရှိဘုရင်ဖြစ်တဲ့သူ့အဖေ လီဝုယီဆိုရင် ရှင့်အတွက် အင်အားကြီးမားတယ်လို့ သတ်မှတ်ဖို့ လုံလောက်ပြီလား"
ကျူးရှန်းယောက်က စကားဆက်လိုက်ပြန်သည်။
"သူ ဒီလိုအခြေအနေရောက်လာတာဟာ ကျောထောက်နောက်ခံကြောင့်မဟုတ်ဘူး ကိုယ်ပိုင်အရည်အချင်းကြောင့်ပဲ...ရှင့်အနေနဲ့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ တကယ်တော့ လီတောက်ဟုန်ဟာ ပါရမီရှင်ပဲ သူ့လိုစစ်မှန်တဲ့ပါရမီရှင်တယောက်က်ကို ရှာတွေ့ချင်ရင် နှစ်ပေါင်းတထောင်ကျော်လောက်ကြာမှ တယောက်လောက် တွေ့ကောင်းတွေ့နိုင်မယ်"
***