အခန်း (၁၁၅-၁၁၇)
Vol. 8 Ch. 115-117
အခန်း၁၁၅- အဆုံးမဲ့ခေတ်လွန်ကာလမှ တိုက်ပွဲသံများ...
~ ထို့နောက် ဝူချင်းဖုန်းသည် ပြိုင်ပွဲပြီးဆုံးကြောင်းကြေငြာပြီး အားလုံး ထွက်သွားကြသည်။
လုရီ၊ လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့တို့ အတူတကွ ထွက်ခွာခဲ့ကြပြီး လင်းလောင် တောင်ထိပ်သို့ ပြန်ခဲ့ကြသည်။
ထို့နောက် ခုနှစ်ရက်တာသည် တိတ်တဆိတ် ကုန်ဆုံးသွားပြီး မကြာမီ စုရုံးချိန်ရောက်ပြီ ဖြစ်သည်။
ထိုနေ့ နံနက်တွင် လုရီသည် သူ၏ဂူအိမ်မှ ထွက်ခွာကာ စုဝေးရာ အရပ်သို့ ဦးတည်သွားခဲ့သည်။
တိမ်ဖြူ တောင်ထိပ်မှာ တိမ်ဖြူဂိုဏ်း၏ အဓိက ခန်းမ တည်ရှိသည့် နေရာပါ။
လုရီသည် တိမ်ဖြူ တောင်ထိပ်သို့ ရောက်သည်နှင့် တပြိုင်နက် ကျန့်ဖန်အပါအဝင် အရှေ့တောအုပ် အပျက်အစီး နယ်မြေထဲသို့ ဝင်သွားမည့် စီနီယာ ညီအစ်ကို မောင်နှမများ အပါအဝင် လူအနည်းငယ်ကို တွေ့လိုက်ရသည်။
သူတို့အပြင် လျိုနင်ရွှမ်းကို တွေ့လိုက်ရသောအခါ လုရီသည် အံ့အားသင့်သွားသည်။ လျိုနင်ရွှမ်းသည် ပြင်းထန်ပြီး ကြီးမြတ်သော အရှိန်အဝါများ ထုတ်လွှတ်ထားသည့် အကြီးအကဲ အနည်းငယ်နှင့်အတူ ရပ်နေပါသည်။
အရှေ့တက်လာရင်း လုရီ အံ့သြသွားကာ
"စီနီယာအစ်မ ဒီမှာ ဘာလုပ်နေတာလဲ"
လုရီကို မြင်သောအခါ၊ လျိုနင်ရွှမ်း၏
ပုံမှန်အားဖြင့် ဘာမှ မထူးခြားသော မျက်နှာသည် အနည်းငယ်ပျော့ပျောင်းသွားသည်။ သူမသည် ပေါ့ပါးစွာ ပြုံးလိုက်ပြီး
ရှင်းပြသည်။
"ဒီတစ်ခါ အရှေ့ တောအုပ် အပျက်အစီးထဲကိုသွားမယ့် တပည့်တွေအားလုံးက တိမ်ဖြူဂိုဏ်းရဲ့ အနာဂတ်ကျောရိုးတွေဖြစ်ပြီး နင်ကလည်း သူတို့အထဲမှာဆိုတော့ အကာအကွယ်လိုတယ်လေ။ ငါနဲ့ အကြီးအကဲတချို့ နင်နဲ့ အတူ လိုက်ခဲ့ကြမှာ.."
လုရီသည် အနီးအနားရှိ အကြီးအကဲများကို ကြည့်လိုက်သည်။ သူတို့သည် နွေးထွေးသော အမူအရာ ရှိပြီး သူ့ကို ဆတ်ခနဲ ခေါင်းညိတ်ပြကြသည်။
ထိုအကြီးအကဲများအားလုံး၏ ကျင့်စဉ်သည် အခြေတည် ဝိဉာဉ် ခွန်အားများ ဖြစ်ပြီး သူတို့တွင် လုရီ ယခင်က တစ်ခါမှ
မတွေ့ဖူးသော အဘွားအို တစ်ဦးလည်း ပါဝင်သည်။
အဘွားအို၏ အရှိန်အဝါသည် နားမလည်နိုင်လောက်အောင် နက်ရှိုင်းပြီး သူမ၏ ခွန်အားကိုပင် လုရီ မမှန်းဆနိုင်ခဲ့ပေ။
သူမသည်နတ်ဘုရား အသွင်ပြောင်း
နယ်ပယ်ရှိ အကြီးအကဲ ရွှမ်နှင့် အကြီးအကဲမင် ကဲ့သို့ သန်မာသော တည်ရှိမှုမျိုး ဖြစ်ဖွယ် ရှိသည်။
အဘွားအိုသည် ရှေ့သို့ လှမ်းလာ၍ သူ့ကို သဘောတကျ ကြည့်ကာ ပြုံးလျက် ခေါင်းညိတ်ပြသည်။
"ကလေး၊ မင်းက လုရီ ဖြစ်ရမယ်၊ ရုပ်ရည်ကလည်းတကယ်ကို ချောမောပြီး အရာ်အချင်းကလည်း ထက်မြက်တယ်၊ တကယ့်ကို သဘောကျစရာပဲ"
လုရီအနားမှာ လျိုနင်ရွှမ်းက မိတ်ဆက်ပေးသည်။
"ဂျူနီယာ မောင်လေး..ဒါက ငါတို့ တိမ်ဖြူဂိုဏ်းရဲ့ စစ်မှန်တဲ့ စွမ်းအားရှင် အကြီးအကဲ ချူးယွင်ပဲ။ လွန်ခဲ့တဲ့ နှစ်တစ်ထောင်က အကြီးအကဲက ချင်းကျိုးကို လွှမ်းမိုးချုပ်ကိုင်ခဲ့တာပေါ့၊ အခု သူက ငါတို့အဖွဲ့ကို ဦးဆောင်မှာလေ"
လုရီက အလျင်စလို ဦးညွှတ်ကာ
"အကြီးအကဲချူးယွင်ကို တပည့်က ဂါရဝပြုပါတယ်"ဟု တရိုတသေ ဆိုသည်။
အဘွားအို၏ အပြုံးသည် နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်သော အိမ်နီးချင်း တစ်ဦးနှင့် တူပါသည်။
"အိုး၊ အချိန်တွေ ကြာခဲ့ပြီ။ မင်းလို အရည်အချင်းရှိတဲ့ ငယ်ရွယ်တဲ့ ပါရမီရှင်လေးကို တွေ့ရတော့ ငါတကယ်ကို ပျော်ရွှင်မိတယ်။ ငါ့မှာ နှစ်တွေ အများကြီး မကျန်တော့ဘူး၊ တိမ်ဖြူဂိုဏ်းရဲ့ အနာဂတ်က မင်းအပေါ်မှာ မူတည်တယ် နော်"
ဒါကို ပြောပြီး ခဏအကြာ၊ လူတိုင်းရောက်လာကြသည့်အခါ၊ နောက်ဆုံးမှာ အကြီးအကဲချူးယွင်က ဆော်ဩသည်။
"ကဲ..စထွက်ကြရအောင်ကွယ်"
အခြေတည် ဝိညာဉ်အကြီးအကဲ နောက်တစ်ယောက်က ခေါင်းညိတ်ပြကာ သူ့ဝတ်ရုံလက်ဖျားကို တစ်ချက် ဝှေ့ယမ်းလိုက်သောအခါ ကြီးကျယ်ခမ်းနားသော သစ်သား လှေကြီး ပေါ်လာသည်။
လျှို့ဝှက်ဆန်းကြယ်သော အခင်းအကျင်းပုံစံ များဖြင့် ရေးထွင်းထားသော သစ်သားလှေသည် မီတာရာနှင့်ချီ ရှည်လျားသော ကြီးမားသော သင်္ဘောကြီးတစ်စင်း ဖြစ်လာသည်အထိ ဖြည်းဖြည်းချင်း ကျယ်ပြန့် ကြီးမားလာသောအခါ တိမ်ဖြူတောင်ထိပ်တွင် အလင်းတန်းများ တောက်ပစွာ စီးဆင်းနေပါသည်။
ဒါက ပျံသန်းရေး ရတနာ တစ်ခု ဖြစ်သည်။
လုရိီ အံ့သြသွားသည်။ ဤမျှ ကြီးမားသော ပျံသန်းရေး ရတနာသည် မှော်လက်နက်တစ်ခု ဖြစ်ရုံတင်မကဘဲ
စွမ်းရည်မြင့် ဝိညာဉ် လက်နက်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
တိမ်ဖြူဂိုဏ်းတွင် ဤကဲ့သို့ ရတနာများ အမှန်တကယ် ရှိသဖြင့် လုရီ အတန်ငယ် အံ့ဩသွားသည်။
" ကလေးတွေ..သင်္ဘောပေါ် တက်ကြစို့ကွဲ့၊ ခရီးက ရှည်တယ်၊ ငါတို့ မြန်မြန် လှုပ်ရှားရမယ်"
အကြီးအကဲ ချူးယွင် အမိန့်ပေးလိုက်သည့်အခါ အားလုံးက နာခံစွာ သင်္ဘောပေါ်တက်လိုက်ကြသည်။
သင်္ဘောပေါ်တက်ပြီးသည်နှင့် လုရီသည် ကုန်းပတ်ပေါ်တွင် ရပ်ကာ သစ်သားသင်္ဘောပေါ်တွင် ရေးထွင်းထားသော အခင်းအကျင်း ပုံစံများကို လေ့လာနေစဉ်၊ သင်္ဘောသည် ကြည်လင်တောက်ပသော အလင်းလွှာတစ်ခု ရစ်သိုင်းရင်း အလင်းတန်းအသွင် ပြောင်းလဲကာ မူလနေရာမှ ပျောက်ကွယ်သွားတော့သည်။
လုရီသည် ကုန်းပတ်ပေါ်တွင် ရပ်ကာ အောက်ဘက်မှာ တရိပ်ရိပ် ကျန်ရစ်ခဲ့သော တောင်တန်းများနှင့် မြစ်များကို ငုံ့ကြည့်နေသည်။
ဤသင်္ဘော၏အမြန်နှုန်းသည် သူ၏အရှိန်အပြည့်အဝ ထုတ်ဖော်သော မိုးကြိုး ခြေလှမ်းထက် များစွာ မြန်သည်။
သတိရပြီ။ သူ့မှာလည်း ထိပ်တန်းအဆင့် ပျံသန်းရေးရတနာတစ်ခု ပိုင်ဆိုင်ထားသည်ပဲ။
လေသက်ပြင်းလှေ။
လေသက်ပြင်းလှေသည် အတော်အတန်ထင်ရှားပြီး သူသည် ဂိုဏ်းပြင်ပသို့ များများစားစား မစွန့်စားနိုင်သောကြောင့် ၎င်းကို မသုံးရသေးသည်မှာ နှမြောဖို့ ကောင်းပါသည်။
လုရီ တကိုယ်တည်း စဉ်းစားခန်း ဖွင့်နေချိန်တွင် လျိုနင်ရွှမ်းသည် သူ့အနားသို့ တက်လာခဲ့သည်။ လုရီက သူမကို တစ်ချက် ကြည့်လိုက်သည်။ လျိုနင်ရွှမ်း၏ မျက်နှာ ဘေးတိုက် ပုံစံလေးသည် ကျောက်စိမ်းလ်ိုကြည်လင်ပြီး အလင်းရောင်များ တောက်ပကာ အံ့မခန်း လှပနေပါသည်။
လျိုနင်ရွှမ်းက သူ့ကို ကြည့်ကာ ပေါ့ပေါ့ပါးပါး ရယ်မောရင်း
"ဂျူနီယာ မောင်လေး၊ အရှေ့တောအုပ် အပျက်အစီးက တိမ်ဖြူဂိုဏ်းရဲ့ နယ်မြေထဲမှာ မဟုတ်ဘူး၊ တော်တော်အလှမ်းဝေး သေးတယ်၊ နင်ကောင်း ရှေးဟောင်းသင်္ဘောပျံနဲ့ ခရီးသွားတာတောင်
လ တဝက်လောက်ကြာတယ်။ နင် ဒီမှာ ရပ်မနေနဲ့၊သွားနားလိုက်၊ ငါ နင့်ကိုအခန်း လိုက်ပြမယ်။"
လုရီက သူမအား ခေါင်းညိတ်ပြပြီးနောက် နှစ်ယောက်စလုံး အခန်းထဲသို့ လျှောက်သွားကြသည်။
နင်ကောင်း ရှေးဟောင်းသင်္ဘောပျံကြီးသည် အလွန် ကျယ်ဝန်းသည်ကို တွေ့ရှိခဲ့သည်။ လူသုံးဆယ်လောက်သာ ရှိသော အရေအတွက်အား မဆိုထားနှင့်။၎င်း၏ အရေအတွက် နှစ်ဆပင် အလွယ်တကူ နေရာချနိုင်သည်။ ခရီးသည် တဦးစီအား ကိုယ်ပိုင် နေရာ သတ်မှတ်ပေးနိုင်သည်။
အခန်းအတွင်း၌ ငြိမ်းချမ်းစွာ ကျင့်ကြံနိုင်စေမည့် ဝိညာဉ်စုစည်းရေး အခင်းအကျင်းတစ်ခုပင် စီရင် ထားသေးသည်။
အလိုလေး၊ ဒါက တကယ် ဇိမ်ကျတာပဲ။
လုရီ အတော်လေး သဘောကျသွားသည်။
နောက်ရက်များတွင် လုရီသည် နေ့တိုင်း တိတ်တဆိတ်ကျင့်ကြံရင်း၊ ရံဖန်ရံခါ အစ်မနင်ရွှမ်းနှင့် ဝိုင်သောက်ရင်း စကားစမြည်ပြောတတ်သည်။ တခါတရံတွင် အစ်ကို
ကျန့်ဖန် နှင့် လက်ရည် ယှဉ်ခဲ့သည်။
နင်ကွမ်း ရှေးဟောင်းသင်္ဘော၏ ကုန်းပတ်သည် အလွန်ခိုင်ခံ့သည်။
နှစ်များစွာ အကြာ ဟောင်းနွမ်းသွားလျှင်ပင် ၎င်းကို ပျက်စီးစေဖို့က ပြင်းပြင်းထန်ထန် အားထုတ်ရမည်ဟု သူ တွက်ဆမိသည်။ ၎င်း၌ ယှဉ်ပြိုင် တိုက်ခိုက်ရန် လုံးဝသင့်လျော်သည်ဟု ညွှန်ပြနေသည်။
စီနီယာအစ်ကို ကျန့်ဖန် နှင့် လေ့ကျင့်ပြီးနောက် လုရီသည် ရေစိတ်ဆန္ဒကို အမှန်တကယ် သိမြင်နားလည်ခဲ့ပြီး အသခ်ျေ နှင်းစက် အစက် တစ်ရာနီးပါးကိုပင် စုဆောင်းခဲ့သည်။
ယခု သူ့တွင် အသခ်ျေ နှင်းစက် ရာနှင့်ချီ ရှိနေပြီဖြစ်သည်။
၎င်းတို့ထဲမှ အများစုမှာ စစ်ဆေးရေး မျှော်စင်၏ အထပ် နှစ်ဆယ်သို့
တက်ရောက်တုန်းက ဆုကြေးများ ဖြစ်ပြီး အချို့မှာ အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်ကို ဖြတ်ကျော်ကာ လွန်ခဲ့သည့် တစ်နှစ်ကျော်က အလုပ် တစ်ခုမှ ဆုကြေးများ ဖြစ်သည်။
လုရီသည် နှစ်တစ်ထောင် ဝိညာဉ်နှင်းစက် နှင့် ကျင့်ကြံနိုင်နေသေးသည်။ ထို့ကြောင့် နှစ်တစ်ထောင်ဝိညာဉ် နှင်းစက်များ၏ အစွမ်းသတ္တိများ ပျောက်ကွယ်သွားသည်အထိ အချိန် အတော်ကြာအောင် စောင့်ရန် စီစဉ်နေရသည် ဖြစ်သည်နှင့်အညီ ဤ
အသခ်ျေ ဝိညာဉ် နှင်းစက်များကို အသုံး
မပြုရသေးပေ။
နောက်ဆုံးတွင်၊ နှစ်တစ်ထောင် ဝိညာဉ်နှင်းစက်ကို ရရှိရန် အရင်းအမြစ်များသည် ယခုအခါ ပိုမိုများပြားလာပါသည်။
လုရီနှင့် ကျန့်ဖန်တို့၏ လေ့ကျင့်မှုကို
ကြည့်၍ အခြားသော အခြေခံ အုတ်မြစ် တည်ထောင်ခြင်းနယ်ပယ်မှ စီနီယာညီအစ်ကို မောင်နှမ အများအပြားလည်း တိုက်ခိုက်ရန် ပါဝင်ခဲ့သည်။
လုရီသည် သူတို့အား စိတ်ထဲမှ ကြိတ်၍ အလုပ်များ အသီးသီးပေးအပ်ခဲ့သည်။ အခြေခံ အုတ်မြစ်တည်ထောင်ခြင်း
နယ်ပယ်၏ အထွတ်အထိပ် ခွန်အားရှိသူ
စီနီယာ ငါးဦး၏ ဆုကြေးမှာ နှစ်တစ်ထောင် ဝိဉာဉ်နှင်းစက် ဖြစ်သည်။ အခြားသူများအတွက်မူ ဆုငွေမှာ ပြီးပြည့်စုံခြင်းအဆင့် ချီစုဆောင်း ဆေးလုံးများ ဖြစ်သည်။
ချီစုဆောင်း ဆေးလုံးဟူသည် အခြေခံ အုတ်မြစ် တည်ထောင်ခြင်းနယ်ပယ်အတွက် ကျင့်ကြံခြင်း ဆေးလုံးများဖြစ်သည်။ ပြီးပြည့်စုံခြင်းအဆင့် ချီစုဆောင်း ဆေးလုံးများသည် အခြားသူများအမြင်တွင် အလွန်အမင်း အဖိုးတန်သော်လည်း လုရီအတွက်မူ ၎င်းတို့်မှာ ကျင့်ကြံရန်အတွက် အမှိုက်တစ်စ ဖြစ်၍ နေလေသည်။
----------------
အခန်း၁၁၆- အဆုံးမဲ့ခေတ်လွန်ကာလမှ တိုက်ပွဲသံများ...
~ လုရီတစ်ယောက် သူ့လမ်းကြောင်းပေါ်ရောက်လာသည့် စိန်ခေါ်မှုတွေကို မငြင်းဆန်ဘဲ ပြိုင်ပွဲတစ်ခုစီကနေ အများအပြား ဆုကြေး ရရှိခဲ့ပါသည်။
...ဒီပြီးပြည့်စုံခြင်းအဆင့် ချီစုဆောင်း ဆေးလုံးတွေကို နှစ်တစ်ထောင် ဝိဉာဉ်နှင်းစက်နဲ့တွဲပြီး သုံးလို့ ရပြီး အဘိုးကြီးလုနဲ့
အမေ့ကို သုံးဖို့ ပေးနိုင်တယ်...
"ဒါမှမဟုတ် အချိန်ရောက်ရင် ဒီပြီးပြည့်စုံခြင်းအဆင့် ချီစုဆောင်း ဆေးလုံးတွေကို
စီနီယာအစ်ကို ကျန့်ဖန် နဲ့ စီနီယာအစ်ကို
ပိုင်ယွီလုံလည်း သုံးနိုင်တယ်။"
ရက်အနည်းငယ်ကြာပြီးနောက် နင်ကောင်း ရှေးဟောင်းသင်္ဘောပျံသည် တိမ်ဖြူဂိုဏ်းနယ်မြေမှ ထွက်ခွာပြီး ဒေသအသီးသီးကို ဆက်လက်ဖြတ်သန်းကာ နောက်ဆုံးတွင် လူသူ ဆိတ်သုဉ်းသော မြေသို့ ရောက်ရှိသွားသည်။
သွေ့ခြောက်သော မြေပြင်သည် အလွန်တိတ်ဆိတ်နေပြီး လုရီ၏ စိတ်ဝိဉာဉ်သည် ခဏတာ ယိမ်းယိုင်သွားကာ အမည်မသိ ရှည်လျားလှသော ခေတ်မှ ထွက်ပေါ်လာသော တိုက်ပွဲ တိုက်ခိုက်သံများကို သူကြားလိုက်ရသည်။
လုရီ၏ စိတ်ဝိဉာဥ် တုန်လှုပ်သွားကာ လျင်မြန်စွာ သတိပြန်ဝင်လာတော့
ဆိတ်သုဉ်းသော မြေကြီးကို အံ့သြတကြီး ငုံ့ကြည့်မိသည်။
ဒီနေရာက နည်းနည်းကြောက်စရာကောင်းသည်။
သူ ဘေးဘီသို့ လှည့်ကြည့်လိုက်တော့ သူ့ဘေးက အခြေခံအုတ်မြစ် တည်ထောင်သူ အချို့အပါအဝင် အစ်ကို ကျန့်ဖန်ပင်လျှင် အနည်းငယ် ညှို့ငင်ခံလိုက်ရသည်ကို မြင်လိုက်ရသည်။
အခြေတည် ဝိညာဉ် ကျင့်ကြံသူများ၊ အကြီးအကဲ ချူယွင် နှင့် အစ်မ လျိုနင်ရွှမ်းတို့အတွက်မူ သူတို့သည် တုန်လှုပ်ပုံ မရပါ။
လုရီမှာ အလျင်အမြန်ပင် အသိစိတ်ပြန်လည် နိုးကြားလာသည်ကို မြင်လိုက်ရသောကြောင့် အခြေတည်ဝိညာဉ်အကြီးအကဲများ အံ့သြသွားခဲ့သည်။
အကြီးအကဲ ချူယွင် က ကျေနပ်စွာ ပြုံးကာ ခေါင်းတဆတ်ဆတ်ညိတ်ပြီး
"မဆိုးဘူး၊ မဆိုးဘူး။ မင်း သွေးသတ်ဖြတ်ဝင်္ကပါရဲ့ လှည့်စားမှုကနေ မြန်မြန်ဆန်ဆန် လွတ်မြောက်သွားပြီ၊ လုရီ ..မင်းရဲ့ ဝိညာဉ်စွမ်းအားကတော့ တကယ့်ကို ကြောက်မက်ဖွယ်ပဲကွယ့်။"
ထိုအခါ လျိုနင်ရွှမ်း က အေးဆေးတည်ငြိမ်စွာ အသိပေးလာသည်။
" ချီသန့်စင်နယ်ပယ်ဆယ့်သုံးလွှာမှာရှိတုန်းကတည်းက လုရီရဲ့ဝိညာဉ်စွမ်းအားက သူ့ရွယ်တူတွေထက် အများကြီး သာလွန်ပါတယ်၊ အကြီးအကဲ"
"ချီသန့်စင် နယ်ပယ်ရဲ့ ဆယ့်သုံးလွှာ၊ အမှန်တကယ်ကို အရမ်း အစွမ်းထက်တဲ့ အခြေခံအုတ်မြစ်ပဲ"
"ဟာဟား၊ ငါတို့ အရမ်းစိုးရိမ်နေတာပါလား ၊ တူလေးလုရီ ဟာ အခြေခံ အုတ်မြစ်တည်ထောင်ခြင်းမှာ ကောင်းကင်ဘုံဒုက္ခ
ဆင့်ခေါ်ခဲ့တဲ့ လူဆိုး တစ်ယောက်ပဲဟာ.." ဟု အကြီးအကဲ တစ်ယောက်က ရယ်မောကာ မှတ်ချက်ပေးလာသည်။
အကြီးအကဲများက သဘောကျစွာ သက်ပြင်းချပြီး သူတို့ထဲမှ တစ်ယောက်က
"ကောင်းပြီ တခြားလူတွေကို နှိုးကြရအောင်" ဟု ဆော်ဩလေသည်။
ထိုအခါ အကြီးအကဲ တစ်ဦးက အော်ဟစ်လိုက်သည်။
"နိုးထကြတော့!"
ချက်ချင်းပင်၊ အခြေခံ အုတ်မြစ်တည်ထောင်ခြင်းနယ်ပယ် ခွန်အားရှိ တပည့်အဖွဲ့သည် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြီး သူတို့၏ အသိစိတ်များ လျင်မြန်စွာ ပြန်လည် သတိဝင်လာကြသည်။
ကြောက်မက်ဖွယ် အရိပ်အယောင်များ အလျှံငြီးငြီး ထွက်ပေါ်နေသော အောက်ဖက်ကိုငုံ့ကြည့်ရင်း သူတို့၏ မျက်နှာများသည် အနည်းငယ် ဖြူဖျော့သွားကြသည်။
ကျန့်ဖန်သည် မျက်ခုံးများ ကျုံ့သွားပြီး သူ့မျက်နှာပေါ်တွင် ထိတ်လန့်တကြား အရိပ်တို့ ဖြတ်ပြေးသွားသည်။
သူက မေးလိုက်သည်။
"ခုနက ပုံရိပ်ယောင်က ဘယ်လိုပါလဲ..အကြီးအကဲတို့။ "
ထိုအခါ အခြေတည် ဝိညာဉ်အကြီးအကဲ
တစ်ဦးက ဗဟုသုတအား မျှဝေခဲ့သည်။
"ဒီနေရာဟာ ရှေးခေတ်ကာလက မိစ္ဆာတွေနဲ့ လူသားမျိုးနွယ်တို့ စစ်ပွဲကြီးဆင်နွှဲခဲ့ကြတဲ့ စစ်မြေပြင် တစ်ခု ဖြစ်တယ်.. အင်အားကြီး ပုဂ္ဂိုလ်တွေတောင် သွေးချောင်း စီးပြီး၊ မရေမတွက်နိုင်တဲ့ နှစ်ကာလတွေ ကုန်လွန်သွားပေမယ့် သတ်ဖြတ်ခြင်းရဲ့ အဆုံးမရှိတဲ့ အရှိန်အဝါဟာ ဒီပူလောင်တဲ့ မြေမှာ ဆက်လက်တည်ရှိနေသေးတယ်၊ ကျင့်ကြံမှုအခြေခံ နိမ့်ကျသူတွေ..စိတ်ဝိဉာဉ်အားနည်းသူတွေဟာ ဒီသတ်ဖြတ်ခြင်း ပုံရိပ်ယောင်မှာ အလွယ်တကူ ကျရောက်သွားနိုင်တယ်။ အရှေ့တောအုပ် အပျက်အစီးမှာလည်း ဒီလို သတ်ဖြတ်ခြင်း ပုံရိပ်ယောင်တွေ ကို ရင်ဆိုင်ရမယ်၊ အချို့နေရာတွေက ဒီနေရာထက်တောင် ပိုပြီး ထူထပ်တယ်၊
မြင့်မားတဲ့ ဝိဉာဉ်စွမ်းအား မရှိရင် အဲ့ဒီ ပုံရိပ်ယောင်တွေထဲကို မစွန့်စားတာ အကောင်းဆုံးပဲ.. ပုံရိပ်ယောင်မှာ ..ကျဆင်းသွားရင် လွတ်မြောက်ဖို့ လမ်းစ မရှိတော့ဘူးလေ"
ထိုစကားကို ကြားလိုက်ရသောအခါ တပည့်အများအပြား ကြောက်ရွံ့တုန်လှုပ်သွားကြသည်။
"ဒါဆို အရှေ့မှာ အရှေ့တောအုပ် အပျက်အစီးကို ရောက်တော့မှာလား ခင်ဗျာ"
လုရီက အဝေးကို လှမ်းကြည့်ရင်း မေးသည်။
သူ့အမေးကို လျိုနင်ရွှမ်းက ညင်သာစွာ ခေါင်းညိတ်ပြပြီး အဝေးက လူဆိတ်သုဉ်းသော တောင်ကုန်းတွေကို ညွှန်ပြရင်း ဆိုသည်။
"အင်း ...အပျက်အစီး နယ်မြေဆီ ဝင်ပေါက်က ဟိုးမှာပဲ"
လုရီ ထိုနေရာသို့ မျှော်ကြည့်လိုက်တော့ အခြားသူများ ရှိနေပုံပေါ်သည်။
မြင်လိုက်ရသည့် မြက်ကွင်းအတွက် သူ့မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားသည်။
ကျင့်ကြံသူများသည် လေထုတွင် လွင့်မျောနေသည့်အပြင် ကြီးမားသော မိုးပြာရောင် ရေခဲတောင်ကြီးက လေထုအား အုပ်မိုးထားသည်။
"အလိုလေး၊ အေးခဲ ဆောင်းရာသီ တောင်ကြားက လူတွေ ဒီကို ရောက်နေကြတာ၊ ဒီလူတွေ ရှားရှားပါးပါး စောစောရောက်နေပါလား" ဟု အခြေတည် ဝိဉာဉ် အကြီးအကဲ တစ်ဦးက ရေခဲတောင်ကို
မြင်သောအခါ ပြုံးလျက် ထုတ်ဖော်သည်။
"သွားရအောင်"ဟု အကြီးအကဲချူးယွင်က အမိန့်ပေးလိုက်ရာ နင်ကောင်း ရှေးဟောင်းသင်္ဘောပျံက ထိုလမ်းကြောင်းဆီသို့ ပျံသန်းသွားသည်။
သူတို့အား နီးကပ်လာသည်နှင့်အမျှ လုရီသည် ပိုမိုရှင်းလင်းစွာ မြင်လာရသည်။
ရေခဲတောင်ကြီးသည် အလွန်ကြီးမားပြီး ကျင့်ကြံသူများသည် ၎င်းထက်ဝယ် တင်ပျဉ်ခွေထိုင်နေကြသည်။ ကောင်းကင်ဘုံ၏ ကမောက်ကမက သူတို့အား သက်ရောက်ပုံ မပေါ်ပါ။သူတို့အနီးရှိ ကျင့်ကြံသူ အများအပြား စကားပြောနေကြသည့်တိုင် ထိုအဖြစ်အပျက်က ထိုသူတို့၏ သမာဓိ ဝင်စားမှုကို မထိခိုက်စေပါ။သူတို့သည် နေရာတွင် မျက်စိမှိတ်ထားကာ ကျင့်ကြံနေကြလေသည်။
သန့်စင်ပြီး အားကောင်းသည့် ကျင့်ကြံခြင်းရတနာ ဖြစ်ပုံရသော အေးခဲလှသည့် အရှိန်အဝါများ ဖြာထွက်နေသည့်.. ထူးခြားသော ရေခဲတောင်ကို လုရီ ဂရုတစိုက် ငေးလိုက်သည်။
လုရီသည် ရေခဲတောင် အပြင်ဘက်တွင် ရှိနေသော ကျင့်ကြံသူတို့အား အကဲခတ်ရန် အချိန်ယူလိုက်သည်။ ထိုသူတို့သည်
သူ့အထင် တကိုယ်တော် ကျင့်ကြံသူများ ဖြစ်နိုင်သည်။
အရှေ့ တောအုပ် အပျက်အစီး ဖွင့်လှစ်လိုက်တိုင်း တကိုယ်တော် ကျင့်ကြံသူ များသည် အပျက်အစီးများအတွင်း ရတနာများကို လုယူရန် မျှော်လင့်ကြသည်။ အချို့က အပျက်အစီး ဖွင့်လှစ်မှုကို ကြီးကျယ်ခမ်းနားသော စုရုံးပွဲကြီးအဖြစ် သတ်မှတ်ကြပြီး အချို့ကမူ စည်ကားသိုက်မြိုက်စွာ ကြည့်ရှုရန် လာရောက်ကြခြင်းပါ။
နင်ကောင်း ရှေးဟောင်းသင်္ဘောပျံကြီး တဖြည်းဖြည်းနီးကပ်လာသည်နှင့်အမျှ
တကိုယ်တော် ကျင့်ကြံသူများ အားလုံးက ၎င်းကို စိုက်ကြည့်နေကြသည်။
"ဒါက တိမ်ဖြူဂိုဏ်းရဲ့ နင်ကောင်း ရှေးဟောင်းသင်္ဘောပဲ၊ သူတို့လည်း ရောက်လာကြပြီ။"
"တိမ်ဖြူဂိုဏ်းရဲ့ အင်အားက ဒီအချိန်မှာ ဘယ်လောက် ခိုင်မာတယ်ဆိုတာ ပြောဖို့ခက်တယ်။ ဒီတခါ အေးခဲဆောင်းရာသီ တောင်ကြားမှာ လျိုနင်ရွှမ်းလိုပဲ မွေးရာပါ ရေခဲ ဝိဉာဉ်ခန္ဓာပိုင်ဆိုင်တဲ့ ပါရမီရှင် ရှိတယ်လို့ ငါကြားတယ်။ သူတို့က အဲ့ဒီ ကောင်မလေးကို လျှို့ဝှက်ထားခဲ့တာ အနှစ်နှစ်ဆယ် ရှိပြီ၊ အခု အရှေ့တောအုပ် အပျက်အစီးသာ မပွင့်ခဲ့ရင် အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ် အထွတ်အထိပ် ရှိတဲ့ ရေခဲ ဝိဉာဉ်ခန္ဓာကောင်မလေးက ပေါ်လာမှာ မဟုတ်ဘူး"
"အိုး..မွေးရာပါ ရေခဲ ဝိဉာဉ်ခန္ဓာလား၊ အေးခဲဆောင်းရာသီ တောင်ကြားမှာ တကယ်ပဲ အဲ့လိုပါရမီရှင် ပေါ်ထွက်လာတာသလား။ လျိုနင်ရွှမ်းလောက် မဟုတ်ပေမယ့် အသက် နှစ်ဆယ်အရွယ်နဲ့ အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ် အထွတ်အထိ ကျင့်ကြံနိုင်တာဟာ အရမ်းချီးကျူးစရာ ကောင်းတယ်၊ကြည့်ရတာ ဒီမျိုးဆက် ငါးဂိုဏ်းက တပည့်တစ်ယောက်မှ အဲ့ဒီကောင်မလေးကို ရင်ဆိုင်နိုင်မယ်
မထင်ဘူး.. "
"ဟာ..ဘယ်လိုလုပ် ဒီလို ဖြစ်နိုင်မလဲကွ၊ ငါ ပြောပြမယ်၊ သွေးဝိဉာဉ် ဂိုဏ်းချုပ်ရဲ့ သားကလည်း မွေးရာပါ သွေး ဝိဉာဉ်အမြုတေနဲ့အတူ မွေးဖွားလာတဲ့ ပါရမီရှင်ပဲ၊ သူ ငယ်ငယ်ကတည်းက လေ့ကျင့်သင်ကြားထားတာ၊ သူ့ရဲ့ ခွန်အားကလည်း အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ် အထွတ်အထိပ်မှာ ရှိနေပြီး အရှေ့ တောအုပ် အပျက်အစီးသာ မပွင့်လာရင် သူဟာ ရွှေအူတိုင် နယ်ပယ်ကို ရောက်နေပြီလို့ သတင်းကြီးနေတာကွ၊ သူက အဲ့ဒီရေခဲဝိဉာဉ်ခန္ဓာ ပိုင်ရှင် ကောင်မလေးထက် ပိုသန်မာတယ်"
"သွေးဝိညာဉ်ဂိုဏ်းရဲ့ အဲ့ဒီသခင်လေးကို ငါသိတယ်၊အဲ့ကလေးက အရမ်းသွေးဆာတယ်လို့ လူပြောများကြတယ်။သူ ကံကြမ္မာ လက်စားချေမှုကို မကြောက်ဘူးလား"
"ဟေ့ကောင်...စကားကိုကြည့်ပြော... မင်း
တစ်ယောက်တည်း သေချင်ရင် ပြသနာမရှိဘူး ဒါပေမယ့် ငါတို့ပါ မင်းနဲ့အတူ လိုက်မသေနိုင်ဘူးကွ"
တကိုယ်တော် ကျင့်ကြံသူ တော်တော်များများက ယခု စကားပြောနေသူနှင့် ခပ်မြန်မြန် ခွာခွာ နေလိုက်သည်။ ထိုသူက
သူ့အမှားကို သဘောပေါက်တော့ ပါးစပ်ကလေး ပိတ်သွားရှာသည်။
"ကောင်းကင်မြွေဂိုဏ်း၊ ပန်းတစ်သောင်းဂိုဏ်း၊ အေးခဲ ဆောင်းရာသီတောင်ကြား၊ တိမ်ဖြူဂိုဏ်း၊ ဒီမျိုးဆက်မှာ ထူးထူးခြားခြား ပုဂ္ဂိုလ်တွေ ကျန်နေသေးတယ်လို့ ငါထင်တယ်။"
"ဟားဟား.. တခြားဂိုဏ်းတွေအကြောင်းတော့ ငါမသိဘူး၊ ဒါပေမယ့် ကျုပ်က တိမ်ဖြူဂိုဏ်းက တကိုယ်တော် ကျင့်ကြံသူပါ၊ ဒီတစ်ခါတော့ တိမ်ဖြူဂိုဏ်းက ဂိုဏ်းတွေထဲမှာ အသန်မာဆုံးပဲလို့ ကျုပ် ပြောရဲတယ်”
ဒီစကားကိုကြားတော့ လူတိုင်း၏ မျက်နှာဟာ အံ့အားသင့်သွားကာ ထိုသို့ ထုတ်ဖော်နေသော တကိုယ်တော် ကျင့်ကြံသူထံ အကြည့်များ စုပြုံရောက်ရှိသွားကြသည်။
"ဟေး..ညီအစ်ကို၊ ဒီလို ပြောဖို့ အရမ်း စောသေးတယ်"
ထိုအခါ...
"ဟုတ်တယ်၊ ဂိုဏ်းငါးဂိုဏ်းလုံးက ပါရမီရှင်တွေ အများကြီး ပျိုးထောင်ထားတဲ့ ချင်းကျိုးရဲ့ အဓိက ဂိုဏ်းကြီးတွေချည်းပဲ။ တစ်ယောက်က တခြားသူတွေကို နှိပ်ကွပ်
နိုက်မယ်လို့ တစ်ထစ်ချ ပြောနိုင်ဖို့က အရမ်း စောနေတယ် " ဟု ထိုသူတို့က တညီတညွတ် ထောက်ခံသည်။
-----------------
အခန်း ၁၁၇- အဆုံးမဲ့ခေတ်လွန်ကာလမှ တိုက်ပွဲသံများ...
~ "မင်း ဘာသိလဲ ၊ တိမ်ဖြူဂိုဏ်းက ဒီမျိုးဆက်က လျိုနင်ရွှမ်းထက် သာလွန်တဲ့
ပါရမီရှင်ကို မွေးထုတ်ပေးခဲ့တာ မင်း သိရဲ့လား"
ဤစကားအား ကြားသောအခါတွင်
တကိုယ်တော် ကျင့်ကြံသူ အများအပြား ကိုယ်ရှိန်သတ်လိုက်ကြပြီး အားလုံးက ထိုကျင့်ကြံသူကို ပြူးပြူးပြဲပြဲ ဝိုင်းကြည့်လာကြသည်။
"လျိုနင်ရွှမ်းထက် သာလွန်တဲ့ ပါရမီရှင်...? ဟုတ်လား။"
"မသေမျိုး လျိုနင်ရွှမ်းဟာ ချင်းကျိုးတခွင် လူငယ်တွေထဲမှာ ကြီးစိုးလှတဲ့ အရှေ့ပိုင်းဒေသရဲ့ အံ့မခန်းလူငယ်ပါရမီရှင် ထိပ်တန်းအဆင့် သုံးယောက်ထဲက တစ်ယောက်ပဲ။တိမ်ဖြူဂိုဏ်းမှာ တကယ့်ကို
အဲ့လို ပုဂ္ဂိုလ်ထက် သာလွန်တဲ့ သူ
တစ်ယောက် ရှိနေတာလား..."
"မဖြစ်နိုင်ဘူး၊ ဒါ လုံးဝ မဖြစ်နိုင်ဘူး! ငါ
မယုံဘူး"
လူတိုင်း၏ မျက်နှာပေါ်ရှိ မယုံကြည်မှုများကို မြင်တော့ တကိုယ်တော် ကျင့်ကြံသူသည် ထိုသူတို့အား မထီမဲ့မြင် လှောင်ပြောင်လိုက်ပြီး ပါးစပ်ကို ဖွင့်ကာ ထုတ်ပြောလာသည်။
"အဲ့ဒီကောင်လေးက မနှစ်က..ချီသန့်စင် နယ်ပယ်ကနေ အခြေခံ အုတ်မြစ် တည်ထောင်ခြင်းနယ်ပယ်ကို ဖြတ်ကျော်သွားခဲ့ပြီး ကောင်းကင်ဘုံဒုက္ခကိုတောင် နှိုးဆော်ခဲ့တယ်၊ ချီသန့်စင် နယ်ပယ်မှာ ကောင်းကင်ဘုံဒုက္ခနော်..မင်းတို့ထဲက ၊ ဒါကို တစ်သက်နဲ့တစ်ကိုယ် ကြားဖူးကြရဲ့လား"
သူ့စကားအား ကြားတော့ အားလုံးက
ငြိမ်ကျသွားပြီးနောက် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
"ဘာ..ချီသန့်စင် နယ်ပယ်မှာ သူက ကောင်းကင်ဘုံဒုက္ခကို နှိုးဆော်ခဲ့တာလား၊ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"
"ချီသန့်စင် နယ်ပယ်မှာ ကောင်းကင်ဘုံဒုက္ခဆင့်ခေါ်နိုင်တာလား၊ သူက ဘယ်လိုအရည်အချင်းမျိုး ပိုင်ဆိုင်ထားတာလဲ"
ထိုအခါ.. တကိုယ်တော် ကျင့်ကြံသူက ထပ်မံ နှာခေါင်းရှုံ့ပြန်သည်။
"အဲ့ဒါတောင် သူက ဂိုဏ်းထဲမှာ ကောင်းကင်ဘုံဒုက္ခ နှိုးဆော်ခဲ့လို့..အဲ့ဒီကြီးမားတဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ရပ်သာ
မဖြစ်ခဲ့ရင်၊ အဲ့ဒီအကြောင်းကို ဘယ်သူမှ သိမှာ မဟုတ်ဘူး။ အဲ့ဒီ ပါရမီရှင်လေးရဲ့ အလားအလာကို ရှေးဟောင်း ပါရမီရှင်တွေနဲ့တောင် နှိုင်းယှဉ်လို့ ရတယ်"
"ဒီလိုသာ အမှန်တကယ်ဆိုရင် အဲ့ဒီပါရမီရှင်သာ အကြောင်းတစုံတရာနဲ့ မကျရှုံးသွားရင် သူဟာ အနာဂတ်မှာ မသေမျိုး ဖြစ်လာနိုင်မှာပေါ့.. တိမ်ဖြူဂိုဏ်းကတော့ အနာဂတ် တောက်ပပြီပဲ..."
"နေပါဦး၊သူ မနှစ်က အခြေခံအုတ်မြစ် တည်ထောင်ခြင်း နယ်ပယ်ကို ဖြတ်ကျော်ခဲ့တယ်လို့ မင်းပြောလိုက်တာလား။ တစ်နှစ်တည်းနဲ့ သူ ဘယ်လောက် အတိုင်းအတာ အထိ သန်မာလာနိုင်မလဲ၊ အခြေခံအုတ်မြစ် တည်ထောင်ခြင်း အထွတ်အထိပ် ခွန်အား ရှိတဲ့ သူတွေကို အဲ့ဒီကောင်လေး ယှဉ်နိုင်မှာ မဟုတ်ဘူး။"
ထိုအချိန်တွင် လူအုပ်ကြီးသည် အသိစိတ်များ ပြန်လည် ရရှိလာကြသည်။
"အို၊ ဟုတ်တယ်၊ သူ ပြောတာ အဓိပ္ပာယ်ရှိတယ်။ လူတစ်ယောက်မှာ ကြီးကျယ်တဲ့ အရည်အချင်းတွေ ရှိလည်း ခွန်အားအဖြစ်
မပြောင်းလဲနိုင်ဘဲနဲ့တော့ ဒါက အချည်းနှီးပဲ။"
"လွန်ခဲ့တဲ့ တစ်နှစ်လောက်ကမှ အခြေခံအုတ်မြစ် တည်ထောင်ခြင်းနယ်ပယ်ကို ချိုးဖျက်ခဲ့ပြီး အရှေ့ တောအုပ်အပျက်အစီးထဲကို လာရဲတာလား။ ဒီအကြောင်းကို ငါတို့ အားလုံး သိကြသလို တိမ်ဖြူဂိုဏ်းက ဒီလိုနတ်ဆိုးကလေး
မွေးထုတ်ခဲ့တာကို တခြားဂိုဏ်းတွေက သတိမထားမိဘဲ နေမှာ မဟုတ်ဘူး၊ အဲ့ဒီကောင်လေး တကယ်သာ အရှေ့ တောအုပ် အပျက်အစီးကို လာရဲရင် တခြားဂိုဏ်းတွေရဲ့ ပါရမီရှင်တွေက သူ့ကို ဖယ်ရှားဖို့ အခွင့်အရေးကို လက်လွှတ်မခံမှာကို ကျုပ် စိုးရိမ်မိတယ်..."
“တကယ်တော့ ဒီလိုမျိုး ပါရမိီီရှင်မျိုးက စောစောစီးစီး ထွက်မလာသင့်ဘူး။ သူ့ရဲ့ ကျင့်ကြံမှု အောင်မြင်ပြီးတာနဲ့ ဘယ်သူက သူ့ကို အံတုနိုင်မှာလဲ၊ အရှေ့ပိုင်း ဒေသ
တစ်ခုလုံးကိုတောင် ရုတ်ရုတ်သဲသဲ ဖြစ်စေနိုင်တယ်”
"..."
ထိုသို့ လူအုပ်ကြီးသည် ထက်ထက်သန်သန် ..ကြွက်စီ ကြွက်စီဖြင့် ဆွေးနွေးနေကြစဉ်၊ ရေခဲတောင်ပေါ်ရှိ အေးခဲ ဆောင်းရာသီ တောင်ကြားမှ ကျင့်ကြံသူများသည် တစ်စုံတစ်ခုကို ခံစားသိရှိသွားသလို မျက်လုံးများပွင့်လာပြီး အနီးရှိ နင်ကောင်း ရှေးဟောင်း သင်္ဘောပျံဆီသို့
စူးစိုက် ကြည့်နေကြသည်။
ရေခဲတောင်ထိပ်မှာ ထိုင်နေသည့် ဆံပင်ဖြူ အဘိုးကြီး တစ်ဦးသည် အေးစက်သည့်
သူ့မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားပြီးနောက် သူ့ခန္ဓာကိုယ်ဟာ လေထဲသို့ ပေါ့ပါးစွာ ပျံတက်သွားပြီး နင်ကောင်း ရှေးဟောင်း သင်္ဘောပျံဆီ ဦးတည်လိုက်သည်။
“ဟားဟား၊ တိမ်ဖြူဂိုဏ်း၊ မင်းတို့
ဒီလောက် အစောကြီးရောက်လာဖို့ ကျုပ်
မမျှော်လင့်ထားဘူး။ ဒီတစ်ကြိမ်မှာ ဘယ်မိတ်ဆွေက ဦးဆောင်နေတာပါလဲ။ ကျေးဇူးပြုပြီး ထွက်လာပြီးတော့ ကျုပ်တို့ကို လာတွေ့လေ...”
ထိုအခါ...အကြီးအကဲ ချူးယွင်သည်
လေထဲသို့ ပျံလွှား ရောက်ရှိသွားပြီး သူမ၏ နူးညံ့သော အသံဖြင့် ထိုဆံပင်ဖြူ အကြီးအကဲအား နှုတ်ခွန်းဆက်သည်။
"မိတ်ဆွေကြီးတုန်ယွီ မတွေ့တာ ကြာပြီ နော်၊ အစစအရာရာ အဆင်ပြေမယ်လို့ ကျွန်မ မျှော်လင့်ပါတယ်"
အကြီးအကဲ ချူးယွင်ကို တွေ့တော့
အဘိုးကြီး တုန်ယွီက အသာအယာ ပြုံးပြီး
" အို ၊ဘယ်သူလဲလို့..မိတ်ဆွေကြီးချူးယွင်ပါလား.."
တုန်ယွီသည် ချူးယွင်၏ ဇရာရနေသော မျက်နှာကို စူးစိုက်ကြည့်လိုက်သည်။
ချူးယွင်သည် အတိတ်မှ တောက်ပသော အလှတရားများအား ထိန်းသိမ်းနေနိုင်ဆဲဖြစ်သည်။
တုန်ယွီ သက်ပြင်းတစ်ချက် ချကာ
ကြေကွဲသော အသံဖြင့်
"ကြာခဲ့ပြီ၊ ကျုပ်တို့အားလုံး အသက်တွေကြီးပြီ" ဟု ညည်းတွားလိုက်သည်။
ထိုအခါ ချူးယွင်က ညင်သာစွာ ပြုံးပြီး
"မသေမျိုး မဟုတ်ရင် အသက်ကြီးတာနဲ့ ဖျားနာမှုတွေ ကြုံရဖို့က မလွဲမသွေပါပဲ၊ ဒီလောကကို လွတ်လွတ်လပ်လပ်ဖြတ်သန်းရတာနဲ့တင် လုံလောက်ပါပြီ၊ ဒီလို စိတ်ခံစားချက်က ရေခဲနတ်ဆိုးလို့ ခေါ်တဲ့ ပုဂ္ဂိုလ်နဲ့ မလိုက်ဖက်ဘူး နော်"
ဒါကို ကြားတော့ တုန်းယွီက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
"ဟားဟားဟား။မသေမျိုး ချူးယွင်က
ဒီလို သဘောထားမှတော့ ကျုပ်လို တာအို
အဘိုးကြီး တစ်ယောက်က ဘာများ
မကျေမနပ် ဖြစ်နိုင်မှာလဲဗျာ"
တုန်းယွီသည် စကားပြောနေစဉ်တွင်
နင်ကောင်း ရှေးဟောင်းသင်္ဘောပျံကို ကောင်း ရှေးဟောင်းသင်္ဘောပျံကို
ဝေ့ဝဲ ကြည့်လိုက်သည်။ နောက်ဆုံးတွင်
လုရီထံ အကြည့်များ ရောက်ရှိသွားကာ
သူ့မျက်လုံးများ အရောင်လက်သွားကာ အသာအယာ ပြုံးပြီး ချူးယွင်အားမေးသည်။
"မိတ်ဆွေကြီး ချူးယွင်ရဲ့ တိမ်ဖြူဂိုဏ်းက မသေမျိုး မျိုးစေ့ မွေးဖွားလာတယ်ဆိုတဲ့ သတင်းကို ကျုပ် ကြားခဲ့တယ်၊ မင်း သူ့ကို ဒီကို ခေါ်ခဲ့တာ၊ အရှေ့တောအုပ်အပျက်အစီးမှာ သူ သေသွားမှာကို
မကြောက်ဘူးလား"
ထိုအခါ ချူးယွင်က တုန်းယွီကို ကြည့်ကာ ပြုံးပြီး
"သူက မသေမျိုး မျိုးစေ့ ဖြစ်တဲ့အတွက်၊ အသေးစား အရှေ့သစ်တော အပျက်အစီးနယ်မြေလေးက သူ့အတွက် ဘယ်လို အန္တရာယ် ရှိနိုင်မှာလဲရှင်"
"ဒါပေမယ့် တခြားဂိုဏ်းက ပါရမီရှင်တွေ ရှိသေးတယ်လေ..."
တုန်ယွီက သူ့အကြည့်ကို ဖြည်းညင်းစွာ
မလွှဲဖယ်ခင် လုရီကို စူးစူးစိုက်စိုက်
တစ်ချက် ကြည့်လိုက်သည်။
ထိုသို့ အမေးခံလိုက်ရသောအခါ
ချူးယွင်၏ အမူအရာမှာ
အေးစက်သွားသည်။
"သူတို့မှာ အရည်အချင်း ရှိရင် သေချာပေါက် ကြိုးစားနိုင်တယ်..."
တုန်ယွီက ပြုံးပြီး ဆက်ပြောသည်။
"အေးခဲ ဆောင်းရာသီ တောင်ကြားနဲ့
တိမ်ဖြူဂိုဏ်းက ဘာမှ ရန်ငြိုး မရှိဘူး၊ ဒါကြောင့် မင်းရဲ့ မသေမျိုး မျိုးစေ့ကို သူတို့ ရန်ရှာမှာ မဟုတ်ဘူး။ ဒါပေမယ့် ကောင်းကင်မြွေဂိုဏ်းနဲ့ သွေးဝိညာဉ်ဂိုဏ်းက အဲ့ဒီလို ဖြစ်မှာ မဟုတ်ဘူး။"
"အို... သူတို့ဂိုဏ်းသားငယ်လေးတွေလောက်နဲ့ လုရီကို ပစ်မှတ်ထားချင်နေကြတာလား?"
အကြီးအကဲ ချူးယွင်က အေးစက်စွာ နှာခေါင်းရှုံ့သည်။
လုရီသည် အစွမ်းအစကို မှန်းဆ၍ မရနိုင်သည့် လင်းလောင် တောင်ထိပ်သခင်မ၏ တိုက်ရိုက် တပည့်ပင် မဟုတ်ပါလော။
လုရီအတွက် အရှေ့ တောအုပ် အပျက်အစီးသို့ ဝင်ရောက်ခြင်းမှာ အန္တရာယ် များစွာ မရှိဟု မသေချာလျှင် လင်းလောင် တောင်ထိပ်သခင်မက လုရီကို ယခုလို ဝင်ခွင့် ပြုမည် မဟုတ်ပါချေ။
ထိုအခိုက်အတန့်၌... အေးစက်စက်အသံတစ်ခု ပဲ့တင်ထပ်လာသည်။
"ဟားဟားဟား၊ ချူးယွင်...ချူးယွင်၊ နှစ်ပေါင်းနှစ်ရာကျော် ကြာသွားပြီ၊ မင်းရဲ့ ကျင့်ကြံခြင်းခွန်အားက သိပ်မတိုးတက်လာဘူး၊ ဒါပေမယ့် မင်းရဲ့အပြောကတော့ အရမ်းပြောင်မြောက်နေပုံပဲ..."
အသံထွက်ပေါ်လာရာသို့ ကျင့်ကြံသူများစွာသည် ခေါင်းကို လှည့်ကြည့်ကြရာ မိုးကုပ်စက်ဝိုင်းမှ ခပ်ဖြည်းဖြည်း ချဉ်းကပ်လာသော ရက်စက်သည့် သွေးမြူများဖြင့် ဖုံးလွှမ်းနေသည့် ရှေးဟောင်းသင်္ဘောပျံတစ်စင်းကို သူတို့ မြင်လိုက်ကြရသည်။
အကွာအဝေး အနည်းငယ် ခြားနားသော်လည်း ကျင့်ကြံသူ အများအပြားသည် သွေး၏ အနံ့ကို ခံစားနိုင်ကြသည်။
"သွေးဝိညာဉ်ဂိုဏ်းရဲ့ ရှေးဟောင်းသင်္ဘောပျံ!"
"သွေးဝိညာဉ်ဂိုဏ်းက လူတွေ ရောက်လာကြပြီ၊ဟီးဟီး၊ ပွဲကောင်းတစ်ပွဲ ကြည့်ရတော့မယ်!"
"မကြာသေးမီက သွေးဝိညာဉ်ဂိုဏ်းက နတ်ဘုရားအသွင်ပြောင်း နယ်ပယ် ခွန်အားရှိတဲ့ အကြီးအကဲတစ်ယောက်ဟာ အသက်တာ ကုန်တော့မှာလို့ ငါ ကြားခဲ့တယ်၊သူက
သူ့အသက်တာကို ဆွဲဆန့်ဖို့ သွေးအနှစ်သာရ သန့်စင်ဖို့ သူ့တပည့်တွေကို
တိမ်ဖြူဂိုဏ်း နယ်မြေကို လွှတ်ထားတယ်လေ၊ အဲ့ဒီကိစ္စက အတော်လေး ရိုက်ခတ်သွားပြီး ဂိုဏ်းနှစ်ခုကြား ရန်လိုမုန်းတီးမှုတွေ သိသိသာသာ တိုးလာခဲ့တာ..."
"ဟေး ...မင်းပြောပုံက ဒီပြသနာကြီးသာ မဖြစ်ပျက်ခဲ့ရင် ဂိုဏ်းနှစ်ခုက ရန်ငြိုးမရှိသလိုပဲ၊ သွေးဝိညာဉ်ဂိုဏ်းရဲ့ခေါင်းဆောင်က တိမ်ဖြူဂိုဏ်းက တစ်ယောက်လက်ချက်နဲ့ သေသွားတာလည်း မင်း ထည့်ပြောလေကွာ"
"ဟုတ်တယ် ..သူတို့ အခု အချင်းချင်းသတ်ဖြတ်ကြတော့မလား မသိဘူး နော်"
ထိုသို့ အနီးနားတွင် ရှိနေသော ကျင့်ကြံသူများက ဤနေရာသို့ ချဉ်းကပ်လာနေသည့် သွေးဝိညာဉ်ဂိုဏ်း၏ ရှေးသင်္ဘောပျံကို ကြည့်ရင်း သို့လော. သို့လော..ထင်မြင်ချက်တွေ ပေးနေကြပါသည်။
အကြီးအကဲ ချူးယွင်၏ မျက်နှာမှာ နူးညံ့သိမ်မွေ့ခြင်း မရှိတော့ဘဲ အလွန်အေးစက်နေတော့သည်။
ဤနေရာသို့ ချဉ်းကပ်လာသော သွေးဝိညာဉ်ဂိုဏ်း၏ ရှေးဟောင်းသင်္ဘောပျံကို ကြည့်ရင်း ထေ့ငေါ့လိုက်သည်။
"ဘယ်သူလဲလို့၊ ကြည့်စမ်း။ရှဲ့လော့ပဲ၊
အဟင်း..အရင်တိုက်ပွဲမှာ မရှုမလှ ဒဏ်ရာရခဲ့တာ တော်တော် သက်သာလာပုံပဲ"
ရှေးဟောင်းသင်္ဘောပျံကြီးမှ သွေးအလင်းတန်းတစ်ခု ပစ်ခွင်းလာကာ အကြီးအကဲ ချူးယွင် နှင့် မနီးမဝေးသို့ ရောက်ရှိလာသည်။
တစ်ဆက်တည်းတွင် သွေးနီရောင် ဝတ်ရုံဝတ်ထားသော သွေးနီရောင်ဆံပင်နှင့်
အဘိုးအိုတစ်ဦးကို မြင်တွေ့လိုက်ရသည်။ သူ့တစ်ကိုယ်လုံးက သွေးစိမ်းရှင်ရှင်ဖြင့်ဆိုးထားသကဲ့သို့ပင် ရှိသည်။
အဘိုးအိုသည် သူ၏ အနီရင့်ရင့်မျက်လုံးများမှ သွေးရောင်ဖျတ်ခနဲ လက်လာကာ အကြီးအကဲ ချူးယွင်ကို ကြည့်ပြီး မကောင်းဆိုးဝါး တစ်ကောင်လို
ရူးသွပ်စွာ ရယ်မောလိုက်သည်။တစ်ဖန်.. နင်ကောင်း ရှေးဟောင်း သင်္ဘောဆီသို့ လှည့်ကြည့်လိုက်သည်။
လုရီကို မြင်လိုက်သောအခါတွင် အဘိုးအိုက သူ့မျက်လုံးများမှ လူသတ် စိတ်ဆန္ဒကို ဖုံးကွယ်မထားဘဲ ဆိုးသွမ်းစွာ ပြုံးသည်။
"အစကတော့ ကျုပ်က တိမ်ဖြူဂိုဏ်းရဲ့ ခွေးပေါက်စလေးတွေ အပြင်မထွက်ရဲဘူး ထင်နေတာ..၊ ဒါပေမယ့် ခွေးပေါက်စလေးတွေက သတ္တိ ကောင်းပြိီး တကယ် ပေါ်လာပါလား၊ ဒီကို ရောက်လာပြီဆိုတော့ မင်းတို့ ဂိုဏ်းကို ပြန်သွားရဖို့ စိတ်မကူးနဲ့"
ထိုအခိုက်အတန့်၌ အကြီးအကဲ
ချူးယွင်၏ အရှိန်အဝါသည် ရှဲ့လော့အပေါ်သို့ ဖိနှိပ်လိုက်ပြီး ရုတ်တရက် ပေါက်ကွဲခြင်းများကို တားဆီးကာ ခပ်အေးအေး ပြောသည်။
"သွေးဝိညာဉ်ဂိုဏ်းက ရှင့်တပည့်တွေတောင် လာနိုင်ရင် ကျွန်မရဲ့ တိမ်ဖြူဂိုဏ်းက တပည့်တွေက ဘာလို့ မလာနိုင်ရမှာလဲ။"
ရှဲ့လော့သည် အကြီးအကဲချူးယွင်၏ အရှိန်အဝါကို အာရုံခံရင်း အေးစက်စွာ ပြုံးပြသော်လည်း မလှုပ်ရှားပေ။
သူက လှောင်၍သာ ပြောလိုက်သည်။
" ကောင်းပြီ၊ဒီကောင်လေး အပျက်အစီးနယ်မြေထဲ ဝင်လိမ့်မယ်လို့ ကျုပ် မျှော်လင့်နေမယ်"
နင်ကောင်း သင်္ဘောပျံပေါ်ရှိ လုရီသည်
ရှဲ့လော့၏ လူသတ် စိတ်ဆန္ဒကို တိုက်ရိုက်ခံစားလိုက်ရပြီး အလွန် မကျေမနပ်ဖြစ်သွားသည်။
ထိုအခါ လုရီသည်
"အဲ့ဒီအဘိုးကြီးရဲ့ အကြည့်တွေက တကယ်ကို ရွံစရာကြီး၊ သူ့ခွန်အားနဲ့ ငါ့ကို အနိုင်ကျင့်ချင်သေးတာလား? အရှက်မရှိဘူး" ဟု မကျေမနပ် ရေရွတ်လိုက်သည်။
သူ့ဘေးတွင်၊ အေးစက်သော မျက်နှာထားရှိသော မသေမျိုး လျိုနင်ရွှမ်းသည် ရှဲ့လော့ကို တည်ငြိမ်စွာ အကဲခတ်လိုက်ပြီး
" အကြီးအကဲချူးယွင်နဲ့ ငါတို့ရော ပါလာတ ၊ ဒီအပျက်အစီး နယ်မြေ အပြင်မှာ ဘယ်သူမှ မင်းကို မထိစေရဘူး " ဟု လုရီအား အာမခံလိုက်သည်။
ထိုအချိန်တွင်၊ လုရီသည် ရုတ်တရက် အလိုမကျစွာ မျက်မှောင်ကြုတ်မိသည်။
သွေးဝိညာဉ်ဂိုဏ်း၏ ရှေးဟောင်းသင်္ဘောပျံမှ ထွက်ပေါ်လာသည့် ဖုံးကွယ်မထားသော ငြိုငြင်မှုကို ခံစားလိုက်ရသည်။
သူ့ခေါင်းကို လှည့်ကြည့်လိုက်တော့ နဖူးမှာ အမှတ်အသား တစ်ခု ရှိသော ရုပ်ရည် ချောမောသည့် လူငယ်တစ်ယောက် သူ့အား စူးစူးရဲရဲ ကြည့်နေတာကို တွေ့လိုက်ရသည်။
လုရီ သူ့ကို ပြန်ကြည့်လာသည်ကို မြင်တော့ လူငယ်က ရူးသွပ်စွာ ပြုံးရင်း လုရီကို လက်ညှိုးထိုးပြပြီး သူ့လည်ချောင်းကို ဖြတ်ပိုင်းဟန် အမူအရာ လုပ်ပြလိုက်သည်။
--------------