← Chapters

ကာကွယ်သူများ

Vol. 81 Ch. 807

ကာကွယ်သူများ

Vol. 81 Ch. 807

"လက်စသတ်တော့ ဒီလိုကိုး"

နောက်ဆုံးတွင် လီတောက်ဟုန်အား ကျူးရှန်းယောင် အဘယ်ကြောင့် သတိထားနေရမှန်း စုချန်း နားလည်သွားတော့၏။

သူများကို ဒုက္ခပေးလိုသောဆန္ဒရှိပြီး ကိုယ်တိုင်လည်း အင်အားကြီးမားသူ လူရမ်းကားမျိုးကို အထူးပင် ဂရုစိုက်ကိုင်တွယ်သင့်သည် မဟုတ်ပါလား။ ဤလူစားမျိုးက ဘယ်အချိန်တွင် ကိုယ့်ကို ဒုက္ခပေးလာမည်မှန်း အတိအကျ မပြောနိုင်ပေ။

ကျူးရှန်းယောင်က ပြောလိုက်ပြန်၏။

"ဒါကြောင့် ရှင်ဒီနေ့ စကားဖြတ်ပြောတာ ပညာမရှိရာရောက်တယ် သူ ရှင့်ကို ဒုက္ခပေးလာနိုင်တယ်ရှင့်"

စုချန်း ရယ်မောလိုက်၏။

"သူ့အနေနဲ့ လျောင်ယဲ့နိုင်ငံမှာ ကြိုက်ရာလုပ်နိုင်တယ် ဒီမှာတော့ ကျုပ်ကို ခြိမ်းခြောက်ဖို့ မလွယ်ပါဘူးလေ"

"ရှင် သူ့ကိုမကြောက်မှန်း ကျွန်မသိတယ် ဒါပေမဲ့ ကျွန်မတို့မှာ သီးခြားတာဝန်ရှိသေးတယ်လေ ရှင့်အကြောင်းပေါ်သွားရင် ကျွန်မတို့အစီအစဥ်အားလုံး ပျက်စီးကုန်လိမ့်မယ်"

ကျူးရှန်းယောင်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။

စုချန်းအနေနှင့် ဤခရီးတစ်လျှောက်တွင် သူမည်သူမည်ဝါမှန်း မည်သူမှ သိမသွားရန် လိုအပ်၏။ အကယ်၍ သူ့ဇာတိရုပ်ပေါ်ထွက်သွားပါက လူပျံတော်များက သူ့အား လွှတ်ပေးတော့မည် မဟုတ်ပေ။

မဟာပညာရှိ၊ သို့မဟုတ် သွေးဗီဇမလိုအပ်သော ကျင့်ကြံခြင်းစနစ်ကို တီထွင်သူဟူသော အကြောင်းပြချက်က တခြားမျိုးစိတ်အတွက် မည်မျှပင်ရင်းရစေကာမူ စုချန်းအား သတ်ဖြတ်ရန် လုံလောက်ပေသည်။ အကြောင်းမှာ စုချန်း၏ တီထွင်မှုသည် လူသားမျိုးစိတ်တစ်ခုလုံးအား ကြီးမြတ်လာစေပြီး ကမ္ဘာကြီး၏ မျှခြေကို ပျက်စီးသွားစေနိုင်သည် မဟုတ်ပါလား။ အမှန်တော့ မျိုးစိတ်အသီးသီးသည် စုချန်းအတွက် ကြေးစားများ စေလွှတ်ထားပြီး ဖြစ်သည်။ အကယ်၍ စုချန်းကသာ သွေးဗီဇမလိုပဲ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်သည့်နည်းစနစ်ကို တီထွင်နိုင်ပါက ၎င်းတို့အနေနှင့် စုချန်းအား ဖျက်ဆီးရန် အားသွန်ခွန်စိုက် ကြိုးပမ်းကြပေတော့မည်ဖြစ်သည်။

တကယ်တော့ စုချန်းအနေနှင့် သွေးဗီဇမလိုပဲ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်သို့ ဝင်ရောက်နိုင်မည့်နည်းလမ်းအား တီထွင်နိုင်ခဲ့ပြီး ဖြစ်သည်။ သူ လုပ်ရန်လိုအပ်သည်မှာ ထိုနည်းလမ်းအား တိုးတက်အောင် မွမ်းမံရန်သာတည်း။

ထို့ကြောင့် စုချန်းအနေနှင့် သူ့ဇာတိရုပ်ကို အတတ်နိုင်ဆုံး ဖုံးကွယ်ထားရပေလိမ့်မည်။ သို့မဟုတ်ပါက လီတောက်ဟုန်နှင့်ရင်ဆိုင်ရာတွင် သူ့အတွက် ဆိုးကျိုးများ ဖြစ်လာဖွယ်ရာ ရှိနေ၏။

ထိုအခါ စုချန်း သက်ပြင်းချလိုက်၏။

"ခုမှတော့ ဘာမှမတတ်နိုင်တော့ဘူး လွန်ကုန်ပြီ မင်းပြောသလိုသာဆိုလာ လီတောက်ဟုန်ဟာ ရက်စက်ပြီး အငြိုးအတေးကြီးတဲ့သူပဲ ကျုပ်လို အစေခံတယောက်က သူ့စကားကို ဖြတ်ပြောတဲ့အတွက် ကျုပ်ကိုသတ်ဖို့ သူ တစ်ယောက်ယောက် စေလွှတ်မှာသေချာနေပြီ"

"ဒါကြောင့်မို့လို့ ရှင် ကျွန်မဘေးကနေဘယ်မှခွာသွားလို့မရဘူး ရင်ဆိုင်တိုက်ပွဲမှာ ရှင့်ကို သူ မနိုင်ဘူးဆိုတာ ကျွန်မ သိတယ် ဒါပေမဲ့ ရှင်ဘက်က တိုက်ခိုက်ချင်လာအောင် သူတွန်းအားပေးတာကို ရှင်တုံ့ပြန်မိတာနဲ့ ရှင် ရှုံးပြီ"

"ကျုပ် တိုက်ခိုက်ချင်လာအောင် သူတွန်းအားပေးတာကို ကျုပ် တုံ့ပြန်မိတာနဲ့ ကျုပ်ရှုံးပြီ ဟုတ်လား ဒီတော့ ကျုပ်တို့က လက်အောက်ငယ်သားအင်အားချင်းပါ ယှဥ်နေရတဲ့သဘောလား"

စုချန်းက မျက်ခုံးအစုံကို ပင့်ရင်း မေးလိုက်သည်။

ကျူးရှန်းယောင် တခစ်ခစ် ရယ်မောလိုက်၏။

"ဒီအချိန်က စိတ်ခံစားချက်နဲ့ဆုံးဖြတ်ချက် ရောထွေးနေရမဲ့အချိန်မဟုတ်ဘူးရှင့် ဘာပဲဖြစ်ဖြစ် ရှင် သူနဲ့ ရင်ဆိုင်တိုက်ခိုက်လို့မဖြစ်ဘူး"

စုချန်း ပြုံးလိုက်၏။

"ကျုပ်က စိတ်ခံစားချက်ကို ဦးစားပေးနေတာမဟုတ်ဘူး ရှန်းယောင်ရဲ့ သူသာ တခြားလူဆိုရင် ကျုပ်အဖို့ သိပ်ခေါင်းစားစရာမလိုဘူး ဒါပေမဲ့ လီတောက်ဟုန်ကတော့ မတူဘူး ကျုပ်တို့ရဲ့ ကံကြမ္မာချင်းက ဆက်နွယ်နေတယ်လို့ ဆိုနိုင်တယ် ဒါနဲ့တင် ကျုပ် သူ့ကို လက်ရဖမ်းဆီးဖို့ဆိုတဲ့ အကြောင်းပြချက်က လုံလောက်တာထက်တောင် ပိုနေပြီ"

"ဘယ်လို"

ကျူးရှန်းယောင် အကြီးအကျယ် အံ့သြသွားတော့၏။

စုချန်းက ရှင်းပြလိုက်ပြန်သည်။

"မင်းနားမလည်သေးတဲ့ကိစ္စတချို့ ရှိနေတယ် ဒါပေမဲ့ ကျုပ်နဲ့ လီတောက်ဟုန်ရဲ့ဖြစ်ရပ်ဟာ တိုက်ဆိုင်မှုမဟုတ်ဘူးလို့တော့ ကျုပ် သေသေချာချာ ပြောနိုင်တယ် လီတောက်ဟုန်ကိုယ်တိုင်လည်း ဒီအတိုင်းနားလည်ထားမယ်လို့ ကျုပ် ယုံကြည်ထားတယ် သူသာ ကျုပ်အကြောင်းကိုကြားရင် ကျုပ် ဒီရောက်နေတယ်ဆိုတာကိုသိရင် ကျုပ်ကို လက်ရဖမ်းဆီးဖို့ သူ ရေကုန်ရေခမ်းကြိုးစားမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပဲ...သူတောင်းစားအဖိုးကြီးဟာ....."

စုချန်း၏ အသံသည် တဖြည်းဖြည်း တိမ်ဝင်သွား၏။

သို့သော် တစ်စုံတစ်ခုကို ကျူးရှန်းယောင် နားလည်လိုက်လေသည်။

"ဒီတော့ ဒီမျက်လုံးကန်းနေတဲ့ကာလဟာ ရှင့်အပေါ် အကြီးအကျယ် သက်ရောက်စေခဲ့တယ်ပေါ့ ဟုတ်လား"

စုချန်း ဘာမှပြန်မပြော။ပိတ်လော့က ဝင်ပြောလိုက်၏။

"မျက်မမြင်ဘဝသုံးနှစ်အလွန်မှာ သူဟာ အာကင်နာတွေသာ ပိုင်ဆိုင်နိုင်တဲ့ မျက်လုံးတစ်စုံကို ပိုင်ဆိုင်လာခဲ့တယ်လေ"

စုချန်း အံ့သြတကြီးနှင့် ပိတ်လော့အား လှမ်းကြည့်လိုက်၏။

ပိတ်လော့က ခြောက်ကပ်သောအသံနှင့် ပြန်ဖြေလိုက်သည်။

"သခင့်အနေနဲ့ ဒါကိုတစ်ခါမှ မပြောဖူးပေမဲ့ သခင့်ဘေးနားမှာ နှစ်ပေါင်းများစွာ နေထိုင်ပြီး ဒါကိုသတိမမူမိရလောက်အောင် ကျုပ်ကလည်း ငတုံးမဟုတ်ဘူးလေသခင် ကျုပ်ကိုယ်တိုင်လည်း အဲဒီသူတောင်းစားဟာ ဘယ်သူလဲ ပြီးတော့ သခင့်မှာ ပရမတ်မျက်လုံးကို ဘယ်လို ပိုင်ဆိုင်လာသလဲ လီတောက်ဟုန်မှာရော ကာကွယ်သူဦးနှောက်ကို ဘယ်လို ပိုင်ဆိုင်လာသလဲ ဒါတွေကို သိချင်နေတာပါပဲ"

"ကာကွယ်သူဦးနှောက် ဟုတ်လား"

စုချန်းနှင့် ကျူးရှန်းယောင်တို့၏ပြိုင်တူမေးခွန်းထုတ်သံ ပေါ်လာ၏။

ပိတ်လော့ ခေါင်းညိတ်လိုက်သည်။

"ကျုပ်ရဲ့သုံးသပ်မှုသာ မှန်ကန်ရင် လီတောက်ဟုန်ဟာ ကာကွယ်သူတွေရဲ့ဦးနှောက်စွမ်းရည်မျိုးကို ပိုင်ဆိုင်ခွင့်ရသွားတာပဲ သခင်"

"ကာကွယ်သူဦးနှောက်ဆိုတာ ဘာလဲရှင်"

ကျူးရှန်းယောင်က မေးလိုက်ပြန်၏။ ဤတစ်ကြိမ်တွင်တော့ စုချန်းက ဝင်ဖြေလိုက်လေသည်။

"မင်းအရင်တုန်းက ကာကွယ်သူတွေအကြောင်း ကြားဖူးတယ်မလား ရှန်းယောင်"

"ကာကွယ်သူတွေ ဟုတ်လား"

ကျူးရှန်းယောင် နားလည်သွား၏။

"ဒီတော့ သူတို့ကိုပြောတာပေါ့ ဟုတ်လား"

ကာကွယ်သူများဟူသည် ဉာဏ်ရည်မြင့်မျိုးစိတ်များအနက် တစ်စိတ်ဖြစ်ပြီး ၎င်းတို့ရွှေရောင်လွှမ်းခဲ့ဖူးသည်ကာလမှာလည်း အမှန်တကယ်ရှိခဲ့ဖူး၏။

၎င်းတို့သည် စုချန်း၏ စိတ်ဝိညာဥ်သလင်းကဲ့သို့ပင် ကောင်းမွန်လှသောမှတ်ဉာဏ်နှင့် ထက်မြက်လှသည့်တွက်ချက်နိုင်စွမ်းကို ပိုင်ဆိုင်ထား၏။ ကွာခြားသည်မှာ ထိုဉာဏ်ရည်ဉာဏ်သွေးကို ကာကွယ်သူတို့ မွေးကတည်းက ပိုင်ဆိုင်လာကြခြင်းပင်။

သို့သော် ကာကွယ်သူတို့သည် ဆိုးဝါးလှသော ကံကြမ္မာနှင့် ရင်ဆိုင်လိုက်ရ၏။ အကြောင်းမှာ ဉာဏ်ကောင်းရုံနှင့် အနှိုင်းမဲ့မဖြစ်နိုင်သောကြောင့်ပင်။

သာမန်အားဖြင့် ဦးနှောက်နှင့် ခွန်အားဗလတို့ ရင်ဆိုင်တွေ့ရာတွင် ကနဦး၌ ခွန်အားဗလကသာ အသာရသွားတတ်၏။ အကြောင်းမှာ ဉာဏ်ရည်ဉာဏ်သွေးဟူသည် ၎င်း၏ အမြင့်မားဆုံးစွမ်းရည်ကို ထုတ်ပြန်ရန် အချိန်တစ်ခု လိုအပ်သောကြောင့်ပင်။

ထို့ကြောင့် အစောပိုင်းအခြေအနေများတွင် ခွန်အားဗလက ပို၍အင်အားကြီးမားသည်ဟု ဆိုနိုင်သည်။ ဉာဏ်ရည်ဉာဏ်သွေးမှာမူကား နောက်ပိုင်းမင်းသား ဖြစ်ပေသည်။

ကာကွယ်သူတို့၏ အဖြစ်အပျက်မှာလည်း ထိုအတိုင်းပင်။ ကောင်းကင်ဘုံသည် ၎င်းတို့အား မြင့်မားလှသည့် ဉာဏ်ရည်ဉာဏ်သွေးမျိုးကို ပိုင်ဆိုင်ခွင့်ပေးခဲ့၏။ ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာမှာလည်း လူပျံတော်များကဲ့သို့ပင် အတော်အသင့်သန်မာသည်ဟု ဆိုနိုင်ပေသည်။ ကံဆိုးသည်မှာ ၎င်းတို့အနေနှင့် လူပျံတော်များလောက် မူလစွမ်းရည်ကို အသုံးချနိုင်စွမ်းမရှိခြင်းပင်။ ထို့ကြောင့် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်အတန်းမှာ သတ်ဖြတ်သူများ၏ အဆင့်အတန်းခန့်သာ ရှိနေ၏။ မည်သို့ဆိုစေ ကာကွယ်သူများသည် ၎င်းတို့၏ ထက်မြက်သောဦးနှောက်ကို အသုံးချကာ တခြားမျိုးစိတ်များအား ကျွန်ပြုပြီး ကျောထောက်နောက်ခံအဖြစ် အသုံးချခဲ့ကြလေသည်။

သို့သော် ဉာဏ်အကောင်းဆုံးဟု ဆိုနိုင်သော လူစားမျိုးသည်ပင် အမှားမကင်းတတ်ချေ။ မျိုးစိတ်တစ်စိတ်တ်လုံးဆိုလျှင်တော့ မရေမတွက်နိုင်သောအမှားများ စုပုံလာတော့သည်။

နောက်ဆုံးတွင် မျိုးစိတ်တိုင်းက ကာကွယ်သူတို့အား ဖျက်ဆီးလိုလာကြ၏။

ထိုအခါ အဆုံးသတ်ကို မှန်းဆရန် လွယ်ကူသွားပေပြီ။ ကာကွယ်သူများသည် အာကင်နာများကဲ့သို့ပင် သမိုင်းတွင် ဒဏ္ဍာရီတစ်ခုအဖြစ်သာ ကျန်ရစ်ခဲ့တော့၏။

ကာကွယ်သူများဟု အဘယ်ကြောင့် ညွှန်းနေမှန်း ထိုအခါကျမှ စုချန်းနှင့် ကျူးရှန်းယောင်တို့ နားလည်သွားတော့၏။

လီတောက်ဟုန်သည် မှတ်ဉာဏ်အလွန်ကောင်းပြီး လိမ္မာပါးနပ်၏။ ထိုမျှသာမကသေး ကောက်ကျစ်စဥ်းလဲသူလည်း ဖြစ်နေပြန်သည်။ ထို့ပြင် တစ်စုံတစ်ဦး၏ သည်းခံနိုင်မှု အတိုင်းအတာကိုလည်းလီတောက်ဟုန် ကောင်းစွာ နားလည်ထားပြန်၏။ သူ့အနေနှင့် တစ်စုံတစ်ခုကို ကောင်းကောင်းမွန်မွန်လုပ်ဆောင်နိုင်သော်လည်း လီတောက်ဟုန်သည် အမြဲတစေ ပို၍ အန္တရာယ်များသော လမ်းကြောင်းမျိုးကိုသာ ရွေးချယ်တတ်ပေသည်။ ဤသည်မှာ ကာကွယ်သူမျိုး၏ ပုံစံပင် မဟုတ်ပါလား။

ထို့ကြောင့် လီတောက်ဟုန်အနေနှင့် ကာကွယ်သူဦးနှောက်ကို ပိုင်ဆိုင်ထားသည်မှာ သေချာနေခဲ့ပေပြီ။

စုချန်းတွင် အာကင်နာများကဲ့သို့ ပရမတ်အမြင်အာရုံ ပိုင်ဆိုင်ထားမှန်း ကျူးရှန်းယောင် နောက်ဆုံးတော့ သိသွားခဲ့ပြီ ဖြစ်သည်။ စုချန်းအနေနှင့် မရေမတွက်နိုင်သော တီထွင်မှုများ ပြုလုပ်နိုင်သည်မှာ အံ့သြစရာမဟုတ်တော့ချေ။

သို့သော် သူတောင်းစားအဖိုးကြီးသည် စုချန်းနှင့် လီတောက်ဟုန်အား ဤစွမ်းအားများကို အဘယ်ကြောင့် ပေးခဲ့လေသနည်း။ ဤမေးခွန်းမှာ ယခုအချိန်ထိ မည်သူမှ မဖြေနိုင်သော မေးခွန်းပင်။ တစ်စုံတစ်ဦး၏ မျက်လုံးနှင့် ဦးနှောက်ကို တိုက်ရိုက်အစားထိုးနိုင်သဖြင့် သူတောင်းစားအဖိုးကြီး၏ စွမ်းအားမှာ ဆန်းကြယ်လှပေသည်။

"ကောင်းကင်ပေါ်ကနေ ကျုပ်ကိုစောင့်ကြည့်နေတဲ့ မျက်လုံးတွေရှိနေတယ်လို့ ကျုပ် အခုခံစားနေရတယ်"

စုချန်းတစ်ယောက် ကောင်းကင်ဘုံကို မော့ကြည့်ရင်း ပြောလိုက်၏။

"ရှင်တို့ရဲ့ကံကြမ္မာကို တစ်စုံတစ်ရာက ကြိုးကိုင်နေတယ်လို့များ တွေးမိနေသလား"

ကျူးရှန်းယောင်က စိတ်ဝင်တစားနှင့် မေးလိုက်သည်။

"ကျုပ်မသိဘူး ဒါပေမဲ့ ကျုပ်ကံကြမ္မာကို ကျုပ်ကိုယ်တိုင်ပဲ ဖန်တီးမယ် ကောင်းကင်ဘုံမဖြစ်စေရဘူး"

စုချန်း လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်း ပြန်ဖြေလိုက်လေသည်။

စုချန်းသည် ကိုယ့်လမ်းကို ကိုင်တိုင်ဖောက်မည့်သူပင် မဟုတ်ပါလား။

တစ်ဖက်တွင်လည်း စုချန်းသည် လီတောက်ဟုန်အား အလွန်စိတ်ဝင်စားလာ၏။ လီတောက်ဟုန်ထံမှ ဤဖြစ်ရပ်နှင့်ပတ်သက်၍ အဖြေတချို့အား ရနိုင်ဖွယ်ရှိနေပေသည်။

ထိုအခါ သူက ကျူးရှန်းယောင်အား ပြောလိုက်သည်။

"မင်းတို့အရင်ပြန်နှင့်လေ ကျုပ်နဲ့ပိတ်လော့ ဟိုဟိုဒီဒီ လျှောက်ကြည့်ဦးမယ်"

စုချန်းအတွက် အလွန်အရေးကြီးသော အခြေအနေမှန်းနားလည်၍ ကျုးရှန်းယောင် တားမြစ်ခြင်းမပြု။ သတိပေးရုံသာ ပေးလိုက်သည်။

"ရှင် သူ့ကို သတ်မပစ်လိုက်နဲ့နော်"

စုချန်းကလည်း ကတိပေးလိုက်၏။

"ကျုပ် နားလည်ပါတယ်ကွာ"

မသတ်ဟု ကတိပေးသည်။ မဖမ်းဆီးဟုတော့ မဆိုလိုချေ။ ရနိုင်သမျှသော သတင်းအချက်အလက်များရရှိရန် စုချန်းအနေနှင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ထုတ်သုံးရပေတော့မည်။

ကျူးရှန်းယောင် ထွက်ခွာသွားပြီးနောက် စုချန်းနှင့်ပိတ်လော့သည် စျေးတန်းအတွင်းဝယ် ဟိုဟိုဒီဒီလျှောက်ကြည့်နေကြ၏။ ထိုအချိန်မှာပင် လူပျံတော်တစ်ဦး လျှောက်လာပြီး ပြောလိုက်သည်။

"ဟေ့ လူသား မင်းရဲ့ရုပ်သေးရုပ်က အလွန်ရှေးကျတဲ့လက်ရာပါလားကွ ကျုပ်ကလည်း ရုပ်သေးရုပ်တွေအကြောင်းလေ့လာနေတာဆိုတော့ ကျုပ်ကိုများ ရောင်းနိုင်မလား"

စုချန်းကလည်း ခပ်ပြတ်ပြတ်ပင်။

"ဒါရောင်းဖို့မဟုတ်ဘူး"

စုချန်း၏ တုံ့ပြန်မှုကြောင့် လူပျံတော်၏ မျက်နှာမဲခနဲ ဖြစ်သွား၏။

"လူသား ဒါ လူပျံတော်နယ်မြေနော် မဖြေခင် ကြိုတွေးဖို့ကောင်းတယ်"

စုချန်း၏ မျက်နှာတင်းခနဲ ဖြစ်သွား၏။ ထို့နောက် သူက အဆိုပါလူပျံတော်ထံသို့လျှောက်သွားပြီး မျက်နှာကို စေ့စေ့ကြည့်ကာ ပြောလိုက်သည်။

"မှန်တာပေါ့ ကျုပ် ပြောတာမင်း မကြားဘူးလား ဒါ ရောင်းဖို့မဟုတ်ပါဘူးဆိုတာ"

လူပျံတော် အကြီးအကျယ် ဒေါသထွက်သွား၏။

"မောက်မာလှချည်လား မင်း ဘယ်ကုန်သည်အုပ်စုကလဲကွ မင်းတို့တဖွဲ့လုံး ဒီမှာ အရောင်အဝယ်လုပ်လို့မရအောင် ကျုပ် လုပ်လိုက်လို့ရတယ်နော်"

စုချန်း အေးစက်သောလေသံနှင့် ပြန်ဖြေလိုက်သည်။

"မင်းလုပ်နိုင်ရင် လုပ်လိုက်လေကွာ"

စကားဆုံးသည်နှင့် စုချန်းက လူပျံတော်အား လျစ်လျူရှုကာ လစ်ထွက်သွားတော့၏။

အဆိုပါလုပ်ရပ်သည် လူပျံတော်၏ ထိန်းချုပ်နိုင်စွမ်းကို ကင်းလွတ်သွားစေပုံပေါ်သည်။ အကြောင်းမှာ လူပျံတော်သည် ကျယ်လောင်စွာအော်ဟစ်ပြီး စုချန်းထံသို့ ခုန်ဝင်လာသောကြောင့်ပင်။

***

All Chapters