← Chapters

အသေခံ စစ်သည်တော်

Vol. 81 Ch. 808

အသေခံ စစ်သည်တော်

Vol. 81 Ch. 808

စုချန်းကား အမှားတစ်ခု ကျူးလွန်မိလိုက်ခြင်းပင်။

အကြောင်းမှာ သူသည် လူပျံတော်၏ သည်းခံနိုင်စွမ်းကို ပိုမိုတွက်ချက်မိသောကြောင့်ပင်။

အများတကာရှေ့တွင် လူသားတစ်ဦးအား ထိုသို့တိုက်ခိုက်ခြင်းမှာ လူသားနှင့် လူပျံတော်များအကြား ပြသနာတက်သွားစေနိုင်၏။ ထို့ကြောင့် ၎င်းမှာ စိတ်ကူးကောင်းမဟုတ်ချေ။

သို့သော် လူပျံတော်ကား ရူးရူးမိုက်မိုက်ပင် စုချန်းအား တိုက်ခိုက်လာခဲ့ပြီ ဖြစ်သည်။

တကယ်တော့ စုချန်းအနေနှင့် လူပျံတော်၏ တိုက်ခိုက်မှုကို အလွယ်တကူပင် ရှောင်တိမ်းနိုင်၏။ သို့သော် ထိုသို့ရှောင်တိမ်းလိုက်ပါက သူ့ဇာတိရုပ်ကို လီတောက်ဟုန် သတိထားမိသွားနိုင်ပေသည်။

တရွေ့ရွေ့နီးကပ်လာသော လူပျံတော်၏ လက်သည်းကိုကြည့်ရင်း ဖြစ်န်ုင်ချေအမျိုးမျိုးကို စုချန်း စဥ်းစားနေ၏။ ထို့နောက် သူက ပြောလိုက်လေသည်။

"ကောင်းပြီလေ ရောင်းဖို့မဟုတ်ဘူးဆိုပေမဲ့ ခင်ဗျား သူ့ကို ယူချင်ယူသွားနိုင်တယ်"

"ဘယ်လိုကွ မရောင်းပဲအလကားပေးမယ်ပေါ့ ဟုတ်လား"

လူပျံတော် အံ့သြသင့် သွား၏။

"ခင်ဗျား ကြားတဲ့အတိုင်းပဲလေ"

စုချန်းက ပြန်ဖြေလိုက်လေသည်။

လူပျံတော်၏ ဒေါသမှာ ချက်ချင်းပင် ပျောက်ကွယ်သွား၏။ ထို့နောက် သုက စုချန်းပခုံးကို အားရပါးရပုတ်ရင်း ပြောလိုက်လေသည်။

"ဟား ဟား ဟား မဆိုးဘူး မင်း တကယ်မဆိုးဘူး"

ထို့နောက် စုချန်းက ပိတ်လော့အား အမိန့်ပေးလိုက်၏။

"ခင်ဗျား သူနဲ့လိုက်သွား ပုံရိပ်ဖမ်းငွေပြားကိုတော့ ကျုပ်ဆီမှာ ထားခဲ့"

ပိတ်လော့ကလည်း ချက်ချင်းပင် သဘောပေါက်လိုက်၏။ သူက ပုံရိပ်ဖမ်းငွေပြားအား စုချန်းလက်ထဲသို့ထည့် ပေးလိုက်လေသည်။

ပိတ်လော့ပျောက်ဆုံးသွားမည်ကို စုချန်းအနေနှင့် အနည်းငယ်မှပင် စိတ်ပူခြင်းမရှိ။ သူတို့နှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး တိုက်ရိုက်ဆက်သွယ်မှုရှိလေရာ ပိတ်လော့ကို စုချန်း အချိန်မရွေး ရှာဖွေနိုင်စွမ်းရှိ၏။ သို့သော် စုချန်း၏ အနှီစွမ်းရည်ကို မသိသောလူပျံတော်က စုချန်းလက်ထဲသို့ တံဆိပ်ပြားတစ်ခုကို ပစ်ပေးရင်း ပြောလိုက်သည်။

"အဲဒီထဲမှာ ကျုပ်ရဲ့လိပ်စာပါတယ် မင်းတစ်စုံတစ်ခု လိုအပ်တာရှိရင် ကျုပ်ကို လာရှာနိုင်တယ်"

ကျောက်စိမ်းတံဆိပ်ပြားမှာ ရှုပ်ထွေးစွာ ပုံဖော်ထား၏။ တံဆိပ်ပြား၏ အလယ်တွင်တော့ "ဟော်လီ"ဟု ရေးထွင်းထားလေသည်။

"ဟော်လီမျိုးနွယ်စုဆိုပါလား"

ဟောလီမျိုးနွယ်စုဟူသည်မှာ လူပျံတော်မျိုးနွယ်စုများအနက် ကြီးမားသည့်မျိုးနွယ်စုကြီးဟု ဆိုနိုင်သည်။ ဤမျိုးနွယ်စုမှ လူပျံတော်မျိုးကိုတော့ စုချန်းအနေနှင့် အတော်အသင့် ဂရုစိုက်သင့်ပေသည်။

ပိတ်လော့ထွက်ခွာသွားပြီးနောက် စုချန်းသည် တဦးတည်း လမ်းကျဥ်းလေးအတိုင်း လျှောက်လာခဲ့၏။

စုချန်းတစ်ဦး လမ်းကျဥ်းလေးအတိုင်း လျှောက်လာသည်ကို မြင်သောအခါ စီလီတယောက် စိတ်သက်သာရသွားပြီး သက်ပြင်းချလိုက်မိ၏။ အကြောင်းမှာ သူ့သခင်က စုချန်းအား သတ်ပစ်ရန် စီလီကို အမိန့်ပေးလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် စုချန်းအား စီလီကိုယ်တိုင် လက်စတုံးနိုင်မှ သခင်ပေးအပ်သောတာဝန် ကျေပြွန်ပေလိမ့်မည်။

ဤကျူးမျိုးနွယ်ဝင်အစေခံ လူပျံတော်တဦးနှင့် စကားများနေသည်ကို မြင်သောအခါ စီလီအတော်ပင် သွေးပျက်သွားသေး၏။ အကြောင်းမှာ တော်ဝင်မျိုးနွယ်စုဝင် လူပျံတော်များ၏ စိတ်နေစိတ်ထားကို စုချန်းထက် စီလီက ပို၍ နားလည်ထားသောကြောင့်ပင်။

သကောင့်သားကား အကြောင့်အလန့်ရှိပုံမရပဲ ဖြစ်လာမည့်အကျိုးဆက်ကို တွေးတတ်ပုံမရသည့်အစေခံဟုပင် စီလီက တွေးလိုက်မိသေး၏။ ကံကောင်းသည်မှာ စုချန်းသည် လူပျံတော်လက်ထဲသို့ ပိတ်လော့အား ထည့်ပေးလိုက်ပြီး စစ်ပြေငြိမ်းလိုက်ခြင်းပင်။

လမ်းကြားထဲသို့ စုချန်းဝင်သွားသည်ကို မြင်သည်နှင့် စီလီက လျင်မြင်စွာ ပြေးလိုက်လိုက်၏။ ရန်သူကို အမှားအယွင်းမရှိပဲ အမြန်ဆုံး လက်စသတ်ရမည်မဟုတ်ပါလား။

အံ့သြစရာကောင်းသည်မှာ စုချန်းက သူ့အား ခပ်တည်တည်နှင့် ရပ်စောင့်နေခြင်းပင်။

စီလီ အံ့သြသွား၏။

"လက်စသတ်တော့ မင်းက ကြိုသိနေတာကိုး ကိုယ့်သခင်မလေးတယောက်ရဲ့ စကားဝိုင်းကိုဖြတ်ပြောရဲကတည်းက မင်းဟာ သာမန်တော့မဟုတ်ဘူးလို့ ကျုပ် ထင်သားပဲ"

စုချန်းက ခပ်မာမာပင် တုံ့ပြန်လိုက်၏။

"စကားဖြတ်ပြောတော့ ဘာဖြစ်သလဲ မင်း ဘာလုပ်ချင်လို့လဲ"

စီလီ ဒေါသထွက်သွား၏။

"တယ်လဲဘဝင်လေဟပ်နေတဲ့ကောင်ပါလားကွ"

စကားဆုံးသည်နှင့် သူက စုချန်းထံသို့ လျှပ်ပြက်သည့်နှယ် ခုန်ဝင်လာတော့၏။

စီလီ၏ ထူးခြားသောအရည်အချင်းတခုမှာ အလင်း၏ အမြန်နှုန်းထားမျိုးနှင့် ရွေ့လျားနိုင်ခြင်းပင် မဟုတ်ပါလား။

စီလီသည် စုချန်းရှေ့သို့ ရိပ်ခနဲရောက်ရှိလာ၏။ ထို့နောက် သူက စုချန်း၏ လည်မျိုအား ရက်စက်ကြမ်းကြုတ်စွာ ကုတ်ဆွဲလိုက်တော့သည်။

ထိုစဥ် စုချန်းက စီလီအား ဖျတ်ခနဲ ကြည့်လိုက်၏။

ထိုသို့ကြည့်လိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် အလွန်လေးလံစွာ လှုပ်ရှားနေသကဲ့သို့ စီလီ ခံစားလိုက်ရသည်။ ထူးဆန်းသောကမ္ဘာတွင် တဦးတည်း မတ်တတ်ရပ်နေရသည့်နှယ်ပင်တည်း။

စုချန်းကား ကြည့်ရုံသာကြည့်လိုက်ခြင်း ဖြစ်သည်။ ထိုအကြည့်တချက်သည်ပင် စီလီအား လန့်ဖျပ်သွားစေ၏။

ဟာ...သွားပြီ...မကောင်းတော့ဘူး...

ဘုန်းခနဲမြည်သံနှင့်အတူ စီလီတယောက် လေပေါ်ဝဲသွား၏။ ထို့နောက် သူသည် လေထဲတွင် အကြိမ်ပေါင်းများစွာ လည်နေပြီး မြေကြီးပေါ်သို့ ပြုတ်ကျသွားတော့သည်။

"မဆိုးဘူး မင်းရဲ့စွမ်းအားကို ကြည့်ရတာ အလင်းလေပြင်းမြွေပါသားရဲသွေးဗီဇနဲ့တူတယ် စိတ်ဝင်စားစရာပဲ"

အုတ်နံရံကြီးကို ဦးခေါင်းနှင့် ဝင်ဆောင့်မိပြီမှန်း စီလီ သဘောပေါက်လိုက်ပေပြီ။

ထိုအခါ သူက ချက်ချင်းပင် လဲကျနေရာမှ ထပြီး ထွက်ပြေးရန်ကြိုးစားလိုက်၏။ မြန်ဆန်ခြင်းမှာ သူ့အားသာချက် ဖြစ်သည်။ သူသာ အားကုန်ထုတ်သုံးလျှင် မည်သူမှ လိုက်မီနိုင်မည်မဟုတ်။

သို့သော် စုချန်းကား အနည်းငယ်မှ ဂရုစိုက်ဟန်မတူချေ။

ထိုအခိုက်မှာပဲ စီလီ၏ တကိုယ်လုံးသည် ရုတ်ခြည်းပင် လေးလံလာတော့၏။ သူ လှုပ်ရှားရန်ပင် မနည်းကြိုးစားနေရလေသည်။ ထူးထူးဆန်းဆန်းပင် သူ့ပတ်ဝန်းကျင်ရှိ လေထုမှာလည်း ပျစ်ခဲလာ၏။ အမြန်နှုန်းကိုအားကိုးသော စီလီကဲ့သို့ လူစားမျိုးအတွက်တော့ ငါးပါးမှောက်ခြင်းပင်။

အဆိုပါပြောင်းလဲမှုများသည် လေထုအပေါ်တွင်သာ သက်ရောက်လေရာ သာမန်မျက်စေ့နှင့် တွေ့မြင်ရန်တော့ ခက်လှ၏။

ရှီကိုင်းဟွမ်၏ ဆုမာရူလေဟာနယ်ကို စုချန်း ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။

ဤနည်းစနစ်ကား မြန်ဆန်သော ရန်သူများနှင့် ရင်ဆိုင်ရာတွင် အသုံးတည့်လှ၏။ စီလီ၏ မူလစွမ်းရည်များကား အဟောသိကံ ဖြစ်ရလေပြီ။ ပို၍ မြန်ဆန်လေလေ ဖိအားဒဏ်ကို ပိုခံရလေလေဖြစ်ခြင်းကြောင့် စီလီအဖို့ ခြေလှမ်းတိုင်းသည် အုတ်နံရံအား ဝင်ဆောင့်နေသည်နှင့်သာ တူနေတော့၏။

စီလီ၏ မျက်နှာမှာ သွေးရောင်သန်းလာတော့သည်။

"ဒါ...ဒါ...ဆုမာရူလေဟာနယ်...မင်း...မင်း...စုချန်းပါလား"

"အိုး ကျုပ်ကိုသိနေတယ်ဆိုပါတော့ မင်းသခင်က ကျုပ်ကို အတော်လေး စိတ်ဝင်စားနေဟန်ပေါ်တယ်"

စုချန်းက မျက်ခုံးပင့်ရင်း ရေရွတ်လိုက်သည်။

ဆုမာရူလေဟာနယ်သည် အစွမ်းထက်သည်ဆိုသော်ငြား ပတ်ဝန်းကျင်လေထုတခုလုံးကို ပိတ်ချပစ်နိုင်သည့် တခုတည်းသော မူလစွမ်းရည်တော့ မဟုတ်။

စီလီသည် စုချန်းအကြောင်းကို အတော်အသင့် သိထား၏။ ထို့ကြောင့် ဆုမာရူလေဟာနယ်ကိုကြည့်ပြီး စုချန်း မည်သူမည်ဝါမှန်း သိရှိသွားခြင်းပင်။

တူညီသောကံကြမ္မာကြောင့် စုချန်းအကြောင်းကို လီတောက်ဟုန် စုံစမ်းနေခြင်းမှာ အံ့သြစရာမဟုတ်ချေ။ တကယ်တော့ ကျူးရှန်းယောင်အား လီတောက်ဟုန် အလွန်အမင်း စိတ်ဝင်စားနေခြင်းမှာ စုချန်းနှင့် ဆက်စပ်နေသည်ဟု ဆိုနိုင်ပေသည်။

ယခုတော့ စီလီတယောက်က် မထင်မှတ်ပဲ စုချန်းနှင့် ရင်ဆိုင်တိုးမိပေပြီ။

စုချန်းအကြောင်းကို ကောင်းစွာသိရှိထားခြင်းကြောင့် သူတို့နှစ်ဦးအကြား ဘယ်လောက်ကွာခြားနေမှန်း စီလီကောင်းစွာသိထား၏။ သူသည် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်ပင် ဖြစ်သော်ငြား စုချန်းကိုတော့ မည်သူမှ မယှဥ်နိုင်။

ထိုအခိုက်အတန့်တွင် စီလီသည် ဆက်လက်တိုက်ခိုက်လိုစိတ်မရှိတော့။ သူ့အနေနှင့် အမြန်ဆုံးထွက်ပြေးပြီး သခင်ဖြစ်သူအား အကြောင်းကြားလိုစိတ်များသာ တဖွားဖွား ပေါ်ပေါက်နေတော့၏။

စုချန်း၏ ဖြစ်တည်မှုကို သူ့သခင် မည်မျှကြောက်ရွံ့နေမှန်း သူ ကောင်းကောင်းသဘောပေါက်ထားသည် မဟုတ်ပါလား။

ထိုအခါ စီလီသည် မူလစွမ်းအင်ကို အမြင့်မားဆုံးအနေအထားထိ နှိုးဆွကာ နှာခေါင်းမှ သွေးများတသွင်သွင် စီးကျနေသည့်တိုင်အား ရှေ့သို့အားကုန်ပြေးထွက်ရန် ကြိုးစားလိုက်တော့၏။

ပိုက်ကွန်ထဲဖမ်းမိသော ငါးတကောင်သည်ပင် ပိုက်ကွန်မှ ပင်လယ်ပြင်ထဲသို့ လက်လွတ်ထွက်ပြေးနိင်သည့်အဖြစ်မျိုး ရှိတတ်သည်မဟုတ်ပါလား။

ဆုမာရူလေဟာနယ်ကို ဖောက်ထွက်ကာ ထွက်ပြေးရန်ကြိုးစားနေသည့် စီလီ၏ လုပ်ရပ်ကို မြင်သည်နှင့် တိုင်ပွဲ၏ အခြေအနေသည် မစသေးခင်ကပင် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီမှန်း စုချန်း သဘောပေါက်လိုက်၏။

စီလီသည် ဆူမာရုလေဟာနယ်၏ လွှမ်းမိုးမှုကို ဖောက်ထွက်ရန် အပြင်းအထန်ပင် ကြိုးပမ်းနေ၏။ သူနဖူးပေါ်ရှိ ကြာပန်းအုတ်မြစ်သည် အလင်းရောင်များ တောက်ပလာပြီး လေဟာနယ်၏ ကန့်သတ်မှုကို အပြင်းအထန်ပင် တွန်းကန်နေလေသည်။ စီလီ၏ ကြိုးပမ်းမှုကြောင့် စုချန်း၏ ဆုမာရူလေဟာနယ်သည်ပင် ယိုင်နဲ့စပြုလာ၏။ ယိမ်းယိုင်စပြုလာ၏။

"ဒီကောင်ဟာ တကယ်ပဲ..."

သူ့ရန်သူ၏ မဆုတ်မနစ်သောကြိုးပမ်းမှုကြောင့် စုချန်းပင် အတော်အံ့သြသွားလေသည်။

သို့သော် စုချန်း၏ အံ့သြမှုမှာ အခိုက်အတန့်သာ ဖြစ်သည်။

သူ အေးစက်စွာ ရယ်မောလိုက်ပြီး လက်တဖက်ကို ဝှေ့ယမ်းလိုက်လေရာ ဆူမာရုလေဟာနယ်သည် ရုတ်ခြည်းပင် အထဲသို့ ကျုံ့ဝင်သွား၏။

ရှီကိုင်းဟွမ်သည် ဆူမာရုလေဟာနယ်ကို တီထွင်သူ ဖြစ်သည်။ သို့သော် စုချန်းကတော့ ဆူမာရုလေဟာနယ်အား ပို၍အသုံးတည့်အောင် ဖန်တီးနိုင်ခဲ့ပေပြီ။ ယခင်ဆူမာရုလေဟာနယ်သည် ပတ်ဝန်းကျင်ကိုသာ လွှမ်းမိုးနိုင်စွမ်းရှိပြီး ရန်သူအား ခြိမ်းခြောက်နိုင်စွမ်းမရှိ။ စုချန်း၏ ဆူမာရုလေဟာနယ်ကတော့ ကန့်သတ်အလွှာများသည် ပိုမိုအားကောင်းလာပြီး ရန်သူအား ကြီးမားသည့်ခြိမ်းခြောက်မှုတရပ် ဖြစ်လာစေ၏။ တနည်းအားဖြင့် စုချန်း၏ ဆူမာရုလေဟာနယ်သည် ရန်သူအား အမှန်တကယ် အန္တရာယ်ပြုနိုင်သည့် မူလစွမ်းရည်တမျိုးအဖြစ် ပြောင်းလဲသွားခြင်းပင်။

ဆူမာရုလေဟာနယ်၏ အချင်းသည် ပို၍ ကျုံ့လာ၏။ ကန့်သတ်အလွှာများသည်လည်း သံမဏိနံရံများအဖြစ် ပြောင်းလဲသွားဟန်တူသည်။ စီလီအဖို့ကား သံနံရံကြီးကို ဝင်တိုးနေရသည့်ပမာ ခံစားနေရတော့၏။

သို့သော် စီလီကား ရှေ့သို့တိုးနိုင်ရန် ကြိုးစားနေဆဲပင်။ သူသည် လီတောက်ဟုန်၏ အသေခံစစ်သည်တော်တဦးပင် မဟုတ်ပါလား။ ထို့ကြောင့် သူသည် တိုက်ရင်းနှင့်သာ အသေခံသွားမည်။ နောက်ဆုတ်မည့်လူစားမျိုးတော့ မဟုတ်။

တကယ်တော့ စီလီသည် သူ့အနေအထားကို သိနှင့်နေခဲ့လေပြီ။ သို့သော် သူ ကြိုးစားရမည်မဟုတ်ပါလား။

စုချန်း၏ သတင်းအား သူ့သခင်ထံသို့ သူ အရောက်ပို့နိုင်ရမည်။ ဤသည်မှာ စီလီ၏ အဖြစ်ချင်ဆုံး ဆန္ဒပင် ဖြစ်လေသည်။

"တယ်လဲသစ္စာရှိတဲ့ နောက်လိုက်ခွေးပါလားကွ မင်းတာဝန် မပြီးမြောက်တာကတော့ တော်တော်သနားစရာကောင်းသွားပြီ"

စီလီ၏ ပြင်းထန်လှသော စိတ်ဓာတ်ကိုကြည့်ရင်း စုချန်းပင် အတော်လေး အံ့သြသွား၏။ ထိုအခိုက်အတန့့်တွင် စီလီအား လွှတ်ပေးလိုက်လျင်ကောင်းမလားဟုပင် စုချန်းက တွေးလိုက်မိသေးသည်။

သို့သော် သူ စီလီကို သတ်ရပေလိမ့်မည်။ ထိုအချိန်မှာပင် စုချန်းအား အံ့သြသင့်စေသည့် တစုံတခု ပေါ်ပေါက်လာတော့၏။

***

All Chapters