စွမ်းအင်လှိုင်းဂယက်များ
Vol. 81 Ch. 809
စုချန်း အံ့သြသွား၏။ အကြောင်းမှာ သူ့မျက်လုံးထောင့်တွင် ထူးခြားမှုတခုကို သူ မြင်တွေ့လိုက်ရခြင်းကြောင့်ပင်။
အဆိုပါထူးခြားမှုသည် စကားလုံးများနှင့် ဖော်ပြရန်ပင် ခဲယဥ်း၏။
စီလီ၏ ပြင်းထန်လှသောကြိုးပမ်းမှုကြောင့် ထူးဆန်းသော လှိုင်းဂယက်များသည် ဆူမာရုလေဟာနယ်ကို ဟိုမှသည်မှ အပြန်အလှန် ရိုက်ခတ်နေ၏။ ထိုအခါ စုချန်း၏ မျက်နှာတွင် ထူးခြားသော အမူအရာတခု ပေါ်ပေါက်လာတော့သည်။
စုချန်းအနေနှင့် အဆိုပါ လှိုင်းဂယက်မျိုးကို တကြိမ်မှ မမြင်ဖူး။ လှိုင်းဂယက်များသည် တွန့်လိန်ကောက်ကွေးကာ ဟိုမှသည်မှ ကခုန်၍ အရောင်အဝါတမျိုးကို ဖော်ထုတ်နေ၏။ ၎င်းမှာ စုချန်းအား ကမ္ဘာသစ်တခု ရှိနေကြောင်း ပြောပြနေသည့်နှယ်ပင်။
ဘာမှန်းမသိသည့်တိုင် ထူးဆန်းသောတစုံတရာကို စုချန်း ရှာတွေ့ခဲ့ပြီဟု ဆိုနိုင်၏။ အဆိုပါထူးထူးခြားခြားလှိုင်းတွန့်လေးများသည် လျှို့ဝှက်ချက်တချို့ကို ဖုံးအုပ်ထားကြောင်း စုချန်း ခံစားမိနေ၏။
ရန်သူ၏ တိုက်စွမ်းအား မြင့်တက်လာသည်နှင့်အမျှ တိုက်ပွဲအတွင်း စုချန်း၏ အမြင်အာရုံ မြင့်မားလာသည်ကလည်း ထုံးစံပင် မဟုတ်ပါလော။
သတ်ဖြတ်သူနယ်မြေတွင် ရှိစဥ်တုန်းက တိုက်ပွဲတလျှောက် မူလစွမ်းအင်များ စီးဆင်းနေသည်ကို စုချန်း ရှာတွေ့ခဲ့ဖူး၏။ ယခုလည်း ထူးဆန်းသော ကြားခံနယ်ပယ်နှင့်ပတ်သက်သည့့် လျှို့ဝှက်ချက်တချို့ကို စုချန်း ထိုးထွင်းသိမြင်သွားခဲ့လေပြီ။
အဆိုပါတွေ့ရှိမှုသည် စုချန်းအား စိတ်လှုပ်ရှားစေ၏။ တဖက်တွင်လည်း စီလီအား သတ်ဖြတ်လိုစိတ်မှာ လျော့ပါးသွားတော့သည်။ ဖြစ်နိုင်လျင် သူက စီလီအား လွှတ်ပါလွှတ်ပေးလိုက်လိုသေး၏။ သို့မှသာ ထူးဆန်းသောပြောင်းလဲမှုကို သူ အာရုံစိုက်နိုင်မည် မဟုတ်ပါလား။
ထိုအခါ စုချန်းသည် သူ့ပရမတ်အမြင်အာရုံကို အမြင့်ဆုံးအနေအထားထိ နှိုးဆွပြီး ပြောင်းလဲမှုတိုင်းကို အသေးစိတ်မှတ်သားထားလိုက်တော့သည်။ သို့မှသာ ထိုပြောင်းလဲမှုများကို နောက်ပိုင်းတွင် သူ ခွဲခြမ်းစိတ်ဖြာနိုင်ပေလိမ့်မည်။
စီလီသည် စုချန်း၏ စိတ်အပြောင်းအလဲကို သတိမထားမိချေ။ သို့သော် ရွေ့လျားရာတွင် ပိုမိုလွယ်ကူလာသဖြင့် သူ့အနေနှင့် ထွက်ပြေးရန် အခွင့်အရေးပေါ်ပေါက်လာသည်ဟုတော့ ထင်မှတ်မိ၏။ တဖက်မှ စုချန်းကို ကြည့်ရသည်မှာည်မှာလည်း စိတ်ထွေပြားနေဟန်ရှိ၏။ ထိုအခါ စီလီအနေသည် ထွက်ပြေးလွတ်မြောက်နိုင်ရန် အားကုန်ကြိုးပမ်းတော့သည်။
စီလီသည် အတားအဆီးများကို ချိုးဖြတ်ကာ ထွက်ပြေးရန် ရေကုန်ရေခမ်း ကြိုးစားနေ၏။ ထိုအချိန်တွင် စွမ်းအင်လှိုင်းဂယက်များမှာ ပို၍ သန်မာလာတော့၏။
အဆိုပါ လှိုင်းဂယက်များသည် စုချန်း၏ မျက်လုံးထဲတွင် တစုံတခုသော အဓိပ္ပါယ်ကို ဖော်ဆောင်နေ၏။
"လက်စသတ်တော့ ဒါ..ဒါကြောင့်ကိုး"
စုချန်း စိတ်လှုပ်ရှားကြီးစွာနှင့် ရေရွတ်လိုက်လေသည်။
သူသည် ထိုအရာကို အာရုံစိုက်နေ၏။ နားလည်ရန်ကြိုးစားနေ၏။ ခွဲခြမ်းစိတ်ဖြာနေ၏။ ထိုအခါ ရှေးယခင်တုန်းက နားမလည်ခဲ့သည်မှန်သမျှသည် စုချန်း၏ အာရုံတွင် ရှင်းခနဲဖြစ်လာ၏။ လင်းခနဲ ဖြစ်လာ၏။ သင့်အနေနှင့် တခြားလူများ မမြင်နိုင်သည့်အရာကို မြင်နိုင်ခြင်းသည် တခြားသူများထက် တပန်းသာခြင်းပင် မဟုတ်တုံလော။
မှန်ပေ၏။ အဖြစ်မှာကား ဤအတိုင်း အတိအကျပင်။
စုချန်းသည် စိတ်လှုပ်ရှားလွန်း၍ အော်ဟစ်လိုစိတ်ပင် ပေါ်ပေါက်လာ၏။
စီလီကား ထိုအချိန်ထိ ကြိုးပမ်းနေတုန်ပင်။ သို့သော် သူ၏ ကြိုးပမ်းအားထုတ်မှုသည် တစထက်တစ အားလျော့လာတော့၏။
ဘာကြောင့်နည်း။ ဘာကြောင့့် ခုချိန်ထိ သူ ထွက်မပြေးနိုင်ရသနည်း။
မည်မျှပင် ကြိုးစားစေကာမူ ပါးလွှာသော အလွှာတခုက သူ့ကား တားဆီးထားသလို သူ ခံစားနေရ၏။ သူကြိုးစားမှုတို့သည် မည်သို့မှာ အရာမထင်ပဲ ဖြစ်နေချေသည်တကား။
အဆိုပါဖြစ်ရပ်သည် သူ့အား စိတ်ဓာတ်ပျက်ပြားစေ၏။ ချီစွမ်းအားပညာရှင်တဦးအဖို့ စိတ်ဓာတ်ပျက်ပြားခြင်းသည် ချီစွမ်းအားများကို ယိုစီးသွားစေ၏။ ၎င်းကား ရှုံးနိမ့်ခြင်းကိုသာ ယူဆောင်စေစေသတည်း။
ထိုအခါ လင်းလက်တောက်ပနေသော ကြာပန်းအုတ်မြစ်သည် တဖြည်းဖြည်း အရောင်မှိန်လာ၏။ စီလီ၏ ပြင်းထန်းသောစွမ်းအင်များကား ယုတ်လျော့ပျောက်ကွယ်စပြုလာလေပြီ။
ပတ်ဝန်းကျင်သည် တိတ်ဆိတ်ငြိမ်သက်သွား၏။ စီလီ၏ မျက်နှာမှာ ဖွေးဖွေးဖြူနေလေသည်။ စီလီ၏ အခြေအနေမှာ အသက်ငင်စပြုနေပြီဟု ဆိုန်ိုင်ပေ၏။
"ဒီတော့ မင်းရဲ့အင်အားက ဒီလောက်ပဲ တတ်နိုင်တာပေါ့လေ"
စုချန်း စိတ်ပျက်ဟန်ဖြင့် ငြီးတွားလိုက်လေသည်။ ယခုအချိန်တွင် စုချန်းသည် စီလီအား အလွယ်တကူ သတ်ပစ်နိုင်ပြီ ဖြစ်သည်။ သို့သော် သူသည်ရန်သူအား အနိုင်ယူလိုက်ရသည့်အတွက် ဂုဏ်ယူခြင်းမရှိ။ ရှာဖွေတွေ့ရှိမှုအသစ်အပေါ်တွင်သာ အာရုံရောက်နေလေသည်။
စီလီသည် စုချန်းအား မယုံနိုင်ဟန်ဖြင့် စိုက်ကြည့်နေ၏။
"မင်း မင်း..."
စုချန်း ပြုံးလိုက်သည်။
"လေဟာနယ်ဆိုတဲ့ စကားလုံးဟာ စကားလုံးသက်သက်ပဲလို့ မင်း ထင်နေသလား"
"ဘာကွ"
စီလီကား စုချန်း၏ စကားကို နားမလည်နိုင်ရှာ။ စုချန်းက ထပ်ပြောလိုက်ပြန်သည်။
"လေဟာနယ်ဆိုတာ ရုပ်ပစ္စည်းတခုပဲကွ"
စီလီသည် စုချန်းအား မျက်လုံးပြူးလျက် စိုက်ကြည့်နေ၏။
"မင်း ငါ့ကို လာနောက်နေတာလား"
ထိုသို့ပြောပြီးသည်နှင့် စီလီသည် ခြေလက်များကွေးကောက်ကာ တခါတည်း အသက်ပျောက်သွားတော့သည်။
"ကျုပ်က မင်းကို အတည်ပြောနေတာကွ"
စုချန်း ဂရုဏာသက်ဟန်ဖြင့် ရေရွတ်လိုက်၏။
မှန်၏။ စုချန်းကား စနောက်နေခြင်းမဟုတ်။ အတည်ပေါက်ပြောနေခြင်းပင် ဖြစ်သည်။
လေဟာနယ်တွင် အမှန်တကယ် ရုပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိများ ရှိနေ၏။ သို့သော် ၎င်းမှာ လေကဲ့သို့ပင် လူအများစုအတွက် ဖမ်းဆုပ်ရန် ခက်ခဲလွန်းနေလေသည်။ လေဟာနယ် သို့မဟုတ် အာကာသစွမ်းရည်များကို အသုံးချနိုင်သူတချို့ အမှန်တကယ် ရှိခဲ့ဖူးသော်လည်း ထိုစွမ်းရည်များ၏ နောက်ကွယ်ရှိ ဥပဒေသများကို မည်သူမှ အတိအကျ နားလည်နိုင်စွမ်းမရှိခဲ့ကြပေ။ ထို့ကြောင့် လေဟာနယ်နှင့်ပတ်သက်၍ အတိတ်ကာလတွင် ထင်ကြေးအများအပြား ရှိခဲ့သော်ငြား သက်သေပြချက်မှာကား နတ္တိပင်တည်း။
မည်သို့ဆိုစေ စုချန်းအတွက်ကတော့ စီလီသည် ကျေးဇူးတင်ထိုက်သူတဦးပင်။ ထိုအခါ သူက ပြောလိုက်၏။
"ဒီရှာဖွေတွေ့ရှိမှုဟာ မင်းကျေးဇူးမကင်းဘူး ဒါကြောင့် ကျုပ် မင်းအလောင်းကို ကျုပ် မဖျက်ဆီးတော့ပါဘူးလေ"
ပြောပြောဆိုဆို သူက စီလီအား အရိုအသေ ပေးရင်း အလောင်းအား မူလလက်စွပ်အတွင်း သိမ်းဆည်းလိုက်၏။
ဤတကြိမ် စုချန်းစိတ်ဝင်စားနေသည်မှာကား စီလီ၏ သွေးဗီဇပေတည်း။
အမြန်နှုန်းအခြေပြုသွေးဗီဇမျိုးသည် လေဟာနယ်၏ လျှို့ဝှက်ချက်ကို တနည်းတဖုံ ဖော်ထုတ်ပေးနိုင်စွမ်း ရှိလေသလော။
စွမ်းအင်လှိုင်းတွန့်လေးများကို စုချန်း တွေ့မြင်ခဲ့၏။ ထိုသို့ တွေ့မြင်ခြင်းမှာ ၎င်းကို နားလည်သည်ဟု မဆိုလို။ နားလည်သည်ဆိုစေအုံး အသုံးပြုရန် အချိန်တခုတော့ ပေးရပေအုံးမည်။
မည်သို့ဆိုစေ သုတေသနကို အာရုံစူးစိုက်လုပ်ဆောင်ပါက အောင်မြင်မှုရရှိမည်ဟု စုချန်းက တထစ်ချယုံကြည်ထားလေသည်။ ရှေးခေတ်လူများသည်လည်း မှန်းဆတွေးတောချက်ကိုပင် အခြေခံကာ မရေမတွက်နိုင်သော မူလစွမ်းရည်များ ဖော်ထုတ်နိုင်ခဲ့ကြသည် မဟုတ်ပါလား။
ထို့ကြောင့် စုချန်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိနေခြင်းပင်။
အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တဦးသည် တိုတောင်းလှသော တိုက်ပွဲအတွင်းဝယ် အသက်ပျောက်သွား၏။ မူလအလင်းရဲတိုက်၏ အစောင့်များ သတိမမူမိခြင်းမှာ ၎င်းတို့ အသုံးမကျ၍မဟုတ်။ စီလီက စုချန်းအတွက် လွယ်ကူလွန်းနေခြင်းကြောင့်ပင်။ တိုက်ပွဲမှာ လက်ဖျစ်တတွတ်စာမျှသာ ကြာမြင့်လိုက်သည် မဟုတ်ပါလား။
ထို့နောက် စုချန်း၏ နောက်ထပ်ဆောင်ရွက်ရမည့်ကိစ္စမှာ ပိတ်လော့အား ရှာဖွေရန်ပင်။ထိုအခါ စုချန်းက သူ၏ စိတ်အာရုံကို အရပ်ရှစ်မျက်နှာထိ ဖြန့်ကြက်ရင်း ပိတ်လော့အား ရှာဖွေလိုက်လေသည်။
"ပိတ်လော့"
"ဟာ သခင်ပါလား"
ပိတ်လော့ အံ့သြသွား၏။
"သခင့်ရဲစိတ်အာရုံဟာ ဒီလောက်အဝေးကြီးထိ ရောက်နိုင်ပြီဆိုပေမဲ့ ကျုပ်ရဲ့တည်နေရာကို ထောက်လှမ်းပြီး ကျုပ်ကို ဆက်သွယ်တာကတော့ မလုပ်သင့်ဘူးလေသခင်"
စုချန်း ရယ်မောလိုက်၏။
"ကျုပ်တော့ တခုခုတွေ့လိုက်ပြီထင်တယ်ကွ"
ထို့နောက် စုချန်းက စီလီနှင့်တိုက်ပွဲတွင် သူ ကြုံတွေ့ခဲ့သည်များအား ရှင်းပြလိုက်၏။
"လက်စသတ်တော့ ဒီလိုကိုး သခင်"
ပိတ်လော့ အံ့သြသွားလေသည်။
"ဒီတော့ ရှေးလူတွေရဲ့ ထင်ကြေးတွေဟာ သေချာသွားပြီပေါ့သခင် လေဟာနယ် ဆိုတာ စတ္တဇနာမ်သက်သက်မဟုတ်ဘူး တကယ့် ဖြစ်တည်မှုတခု သခင် ဒါကို မြင်နိုင်တာ ကျုပ်တကယ် မယုံနိုင်ဘူး ဒါမျိုးဆိုတာ ကျုပ်တို့အာကင်နာတွေတောင် မမြင်နိုင်ကြဘူးလေသခင်"
"ကံကောင်းမှုပါပဲ ကျုပ် ဒါကို ကံကောင်းလို့သတိထားမိလိုက်တာပါ"
စုချန်းက လေသံမျှနှင့် ပြောလိုက်သည်။
အကယ်၍ စီလီသာ ဆူမာရုလေဟာနယ်အား အားသွန်ခွန်စိုက် ထိုးဖောက်ရန် မကြိုးစားလျင် အဆိုပါ စွမ်းအင်လှိုင်းတွန့်လေးများအား စုချန်းအနေနှင့် မြင်နိုင်စရာမရှိပေ။
တကယ်တော့ မိမ်ိတို့ပတ်ဝန်းကျင်ရှိ ဖြစ်ပေါ်ပြောင်းလဲမှုများအား သတိမထားမိသူ များစွာ ရှိနေ၏။ စုချန်းကတော့ ၎င်းကို ရှာဖွေတွေ့ရှိရန် အခွင့်အရေးရခဲ့လေသည်။ ထိုအခွင့်အရေးမှာ ရတောင့်ရခဲဖြစ်ပြီး ရှားပါးလှ၏။ အကြောင်းမှာ စုချန်းအနေနှင့် လေဟာနယ်နောက်ကွယ်ရှိ အခြေခံစည်းမျဥ်းတချို့အား နားလည်ထားခြင်းကြောင့် ဖြစ်သည့်အပြင် သူ၏ ပရမအမြင်အာရုံကြောင့်လည်း ဖြစ်ပေသည်။ လက်ရှိတွင် ၎င်းတွေ့ရှိမှုသည် အကျိုးကျေးဇူထင်ထင်ရှားရှား မပြသေး။ သို့သော် အနာဂတ်တွင် မည်သို့ထူးခြားသည့်မူလစွမ်းရည်မျိုး ပေါ်ပေါက်လညမည်ကို မည်သူ ပြောနိုင်အံ့နည်း။
ထိုအခါ ပိတ်လော့က ပြန်ပြောလိုက်ပြန်၏။
"တိုက်ဆိုင်လိုက်လေသခင် ကျုပ်လဲ တခုတွေ့ထားတယ်"
"အိုး ခင်ဗျားက ဘာများတွေ့ထားတာတုန်း"
"ကျုပ်ကိုခေါ်သွားတဲ့သူက ဟိုလီကင်းတဲ့သခင် သူ့အသိုက်မှာဆိုရင် သူက ထိပ်ဆုံး၂၀ထဲ ပါလိမ့်မယ်"
"ထိပ်ဆုံး၂၀ထဲပါတယ် ဟုတ်လား"
စုချန်း မျက်ခုံးပင့်လိုက်၏။
"ဒါဆို သူ့အဆင့်က မနိမ့်ဘူးပဲ ဒါနဲ့ ဘယ်လိုလုပ်ပြီး သူ ဒီလောက်အဆင့်မြင့်နေတာတုန်း"
"ရှင်းပါတယ်သခင် ဘာကြောင့်လဲဆိုတော့ သူ လက်ရှိအသိုက်ခေါင်းဆောင်ရဲ့သားဖြစ်နေလို့ပေါ့"
ပိတ်လော့က ရယ်မောရင်း ပြန်ဖြေလိုက်၏။
"အိုး ကျုပ်က သူ့ကို အတော်အထင်ကြီးမိတာကိုး ဒါပေမဲ့ အရေးကြီးတဲ့တွေ့ရှိမှုက ဒါတော့မဟုတ်ဘူးထင်တယ် ဟုတ်သလား"
ပိတ်လော့ ပြုံးလိုက်၏။
"မှန်တာပေါ့သခင် ကျုပ်ပြောတဲ့အရေးကြီးတဲ့တွေ့ရှိမှုဆိုတာက...မူလအလင်းရဲတိုက်ဟာ ပျက်စီးသွားတော့မယ်ဆိုတာပဲ"
***