← Chapters

ရန်ပွဲ

Vol. 81 Ch. 810

ရန်ပွဲ

Vol. 81 Ch. 810

"ဘယ်လိုကွ"

ပိတ်လော့၏ စကားကြောင့် စုချန်း အံ့သြသွားလေသည်။

"သခင်ကြားတာ အမှန်ပဲသခင် မူလအလင်းရဲတိုက်ဟာ ပျက်စီးပြိုလဲနေပါပြီ"

ပိတ်လော့က ပြန်ဖြေလိုက်လေသည်။

"ဘယ်လိုဖြစ်ရတာလဲ"

"သိပ်ထူးထူးခြားခြားတော့မဟုတ်ပါပဲ သာမန်ပါပဲသခင် အချိန်စေ့သွားတဲ့သဘောပါ ဒီမိုးပျံရဲတိုက်တည်ရှိနေတာ နှစ်ပေါင်းများစွာ ကြာမြင့်သွားခဲ့ပြီလေ"

မူလအလင်းရဲတိုက်သည် လူပျံတော်များ၏ ပထမဆုံးမိုးပျံရဲတိုက်ဖြစ်လေရာ နှစ်ပေါင်းနှစ်သောင်းမျှ သက်တမ်းရှိခဲ့လေပြီ။

ဤမျှကြာမြင့်သော အချိန်ကာလအတွင်းဝယ် ကမ္ဘာမြေကြီးကိုပင် အက်ကွဲစေနိုင်လောက်သည့် အပြောင်းအလဲများ ဖြစ်ပေါ်တတ်သည် မဟုတ်ပါလား။ အချိန်ကာလဟူသည် မသေမျိုးတဦးကိုပင် ပုပ်သိုးဆွေးမြေ့တတ်စေလေရာ မိုးပျံရဲတိုက်သည်လည်း ပျက်စီးတတ်သည်မှာ မဆန်းပေ။

ပိတ်လော့ အကြမ်းဖျင်းရှင်းပြလိုက်သည်နှင့် စုချန်း အခြေအနေကို နားလည်သွား၏။

ကံဆိုးလှစွာ မူလအလင်းရဲတိုက်သည် သက်တမ်းစေ့နေခဲ့လေပြီ။ ၎င်းကိုကြည့်လျင် မိုးပျံရဲတိုက်များသည် နှစ်ပေါင်းသောင်းချီ တည်တံ့နိုင်စေကာမူ တနေ့တွင် သက်တမ်းကုန်ဆုံးတတ်ကြောင်း သိနိုင်၏။ သိပ်မကြာမီအချိန်အတွင်းဝယ် ကျန်မိုးပျံရဲတိုက်များသည်လည်း မြေကြီးပေါ်သို့ ပြုတ်ကျပျက်စီးကုန်ပေလိမ့်မည်။

"ထာဝရည သားဖောက်မိခင်ပိုးကောင်ကို အသေရရ အရှင်ရရ ဖြစ်နေတာ မဆန်းဘူးပဲ သူတို့ မိုးပျံရဲတိုက်သစ် လိုချင်နေတာမဟုတ်ဘူး အသစ်နဲ့အဟောင်း လှဲချင်နေတာပဲကိုး"

စုချန်း သက်ပြင်းချရင်း ရေရွတ်လိုက်၏။

"သေချာတာပေါ့သခင်"

"ဒါနဲ့ ခင်ဗျား ဒါကို ဘယ်လိုလုပ် သိလာတာတုန်း"

"ဘယ်လိုသိသလဲဆိုတော့ ဟိုလီကင်းကြောင့်ပေါ့သခင် သူ ဒီနေရာက်နေတာကိုက သူ့မျိုးနွယ်စုက ရဲတိုက်ပျက်စီးတော့မယ်ဆိုတာ သိထားလို့ပဲ ဒါကြောင့်မို့လို့ ဒီမှာရှိတဲ့စီးပွားရေးလုပ်ငန်းမှန်သမျှကို ရောင်းပစ်ဖို့ သူတို့ကြံနေကြတယ် ဒါပေမဲ့ သတင်းပေါက်ပြီး တခြားမျိုးနွယ်စုတွေ ဒါကိုသိသွားမှာကိုလဲ သူတို့ကြောက်နေကြပြန်တယ် ဒါကြောင့် ဟိုလီကင်းကို ဒီအရင်င်လွှတ်ပြီး စီးပွားရေးလုပ်ငန်းတွေ ဖြည်းဖြည်းချင်းရောင်းချဖို့ သူတို့ဆုံးဖြတ်လိုက်ကြတယ် ဒါပေမဲ့ ဟိုလီကင်းကလဲ ငအမှမဟုတ်ပဲ ဘာဖြစ်တော့မယ်ဆိုတာ သူ သိသွားတယ်လေ မိုးပျံမြိူ့တော် ပျက်စီးခါနီးရင် အရေးအခင်းတွေဖြစ်လာမယ်ဆိုတာ သူ နားလည်ထားတယ် ဒါကြောင့်မို့ သူ့အကာအကွယ်အဖြစ် သုံးရအောင် သူ ကျုပ်ကို သိပ်လိုချင်နေတာပေါ့ ကျုပ်ဖြင့် ရယ်သာရယ်ချင်တော့တာပဲ"

ပိတ်လော့၏ စကားကြောင့် စုချန်း ဘာပြောရမှန်းပင်မသိ ဖြစ်သွား၏။

ဤအတိုင်းဆိုရင် ပိတ်လော့အား ဟိုလီကင်း အရမ်းကာရောလိုချင်နေသည်မှာ ဘာမှမဆန်းတော့။

ပိတ်လော့က ထပ်ပြောလိုက်ပြန်သည်။

"ဒီကိစ္စကို သခင် ဘယ်လိုတွေးမိသလဲ"

"ဘယ်လိုတွေးရမှာပဲ ကျုပ်တို့ကိစ္စမှမဟုတ်တာ သူတို့မြို့ ပျက်တာ ပျက်ပစေပေါ့ ကျုပ်တို့တွေးရမှာက သားဖောက်မိခင်ပိုးကောင်း ဘေးကင်းဖို့ပဲ"

"ဒါလဲ မှန်တာပါပဲသခင်"

သူ့စိတ်ကူးအား စုချန်း စိတ်မဝင်စားမှန်း သိလိုက်ရ၍ ပိတ်လော့ လက်လျှော့လိုက်၏။

"ဒါနဲ့ ကျုပ်ကို ဒီကထုတ်ဖို့ သခင်ဘယ်လိုစဥ်းစားထားသတုန်း"

"အင်း"

စုချန်း ခေါင်းမော့၍ စဥ်းစားလ်ိုက်၏။

"သူ့ဟာသူတောင် ပြဿနာတက်မဲ့ပုံပေါက်နေတော့ သူ့အတွက် ပိုပြီး ကြီးကြီးမားမား ပြဿနာတက်နိုင်မဲ့ကောင်မျိုးကို ကျုပ် ဘာကြောင့် ရှာမပေးနိုင်ရမှာလဲ"

ပြောပြောဆိုဆို စုချန်းသည် သူ့ခြေလှမ်းများကို ဟိုလီမျိုးနွယ်စုရှိရာသို့ ဦးတည်လိုက်၏။ ပိတ်လော့ရှိနေပြီဖြစ်၍ ဟိုလီမျိုးနွယ်စု၏ တည်နေရာကို စုချန်း ရှာဖွေတွေ့ရှိရန်မှာ သိပ်မခက်လှတော့။

ဟိုလီမျိုးနွယ်စုအတွင်း ဝင်မိသည်နှင့် စုချန်းသည် သူ့ကိုယ်သူ စီလီအဖြစ် ပုံပြောင်းလိုက်ပြီး လျှပ်တစ်ပြက်ပင် ခိုးဝင်လိုက်တော့သည်။

ဟိုလီမျိုးနွယ်စုဝယ် ကျွမ်းကျင်အဆင့်ပညာရှင်များ မရှိ။ ရှိလျှင်လည်း စုချန်၏ အင်အားအရ ဂရုစိုက်စရာ မဟုတ်။ နောက်ဆုံးတွင် ပိတ်လော့အား သိမ်းဆည်းထားသည့်နေရာကို သူတွေ့လိုက်ရ၏။ ထိုအခါ သူက သူ့မူလပုံစံကို ပြန်လည်ပြောင်းလဲလိုက်၏။ ပိတ်လော့အား သိမ်းဆည်းထားသည့်နေရာမှာ ဟိုလီများ၏ ရတနာသိုလှောင်ခန်း ဖြစ်ပုံရလေသည်။

"ခင်ဗျားကို ဒီမှာ သိမ်းထားပုံထောက်ရင် ရတနာတပါးအဖြစ် သတ်မှတ်ထားပုံပဲ"

စုချန်းက ရယ်မောရင်း ပြောလိုက်၏။

"သခင် မလာရင်လဲ ကျုပ်ဟာကျုပ် ဒီကောင်တွေကို ဖင်ပိတ်ကန်ပြီး ထွက်လာလို့ရပါတယ်"

ပိတ်လော့က ပြန်လည်တုံ့ပြန်လိုက်၏။

"ဒါဆိုရင်လဲ ကောင်းတာပေါ့ကွာ ကဲ ဘာပဲဖြစ်ဖြစ် ဒီကိုရောက်နေပြီဆိုတော့ လက်ချည်းပြန်သွားလို့ကတော့ မဖြစ်ဘူး ဟုတ်တယ်မလားကွ"

ပြောပြောဆိုဆို စုချန်းသည် အခန်းတွင်းရှိ ပစ္စည်းများကို သိမ်းကျုံးယူငင်တော့သည်။ လူပျံတော်များသည် အနုပညာတွင်ထူးချွန်သူများဖြစ်၍ ရတနာအများစုမှာ အသေးစိတ်အနုပညာလက်ရာများနှင့် ထုံမွှမ်းထားလေသည်။

"သခင် ဒီလိုလုပ်မယ်ဆိုတာ ကျုပ် သိပြီးသားပါလေ"

စုချန်း၏ စရိုက်ကို နားလည်ဟန်ဖြင့် စီလီက ပြောလိုက်၏။ စုချန်းသည် မူလကျောက်တုံးသန်းပေါင်းများစွာ ချမ်းသာသူ ဖြစ်သည်။ သို့တိုင်အောင် အဖိုးတန်ပစ္စည်းတစုံတရာကိုတွေ့ပါက ဘယ်သောအခါမှ လက်မလွှတ်တတ်ချေ။ ၎င်းမှာချမ်းသာကြွယ်ဝသူတဦး၏ ဓလေ့စရိုက်ဟုပင် ဆိုရပေတော့မည်။

ရတနာများအား ယူငင်ပြီးသည်နှင့် ပိတ်လော့က မေးလိုက်၏။

"ကျုပ်တို့ ဘယ်လိုထွက်ကြမလဲ သခင်"

စုချန်း ပြုံးလိုက်၏။

"ရှေ့တံခါးကနေ ဖောက်ထွက်ကြမယ်"

ထို့နောက် သူက စီလီ၏ ပုံစံကို ပြန်လည်ပြောင်းလဲလိုက်ပြန်သည်။

"အိုး ဒီတယောက်ကိုတော့ ကျုပ် မျှော်လင့်မထားမိဘူး"

ပိတ်လော့ကိုယ်တိုင်လည်း စုချန်းသည် တစုံတယောက်အဖြစ် အယောင်ဆောင်မည်မှန်း ကြိုတင်မျှော်လင့်ထားသည် မဟုတ်ပါလား။

ထို့နောက် ပိတ်လော့သည် စုချန်းနောက်မှ အေးအေးဆေးဆေးနှင့် လိုက်ပါလာခဲ့လေသည်။ အပြင်သို့ရောက်သည်နှင့် ဒေါသတကြီးအော်ဟစ်သံများ၊ ဆဲဆိုသံများကို သူတို့ ကြားလိုက်ရ၏။

ထိုအခါ စုချန်းက ပိတ်လော့အား ပြောလိုက်၏။

"သွားကြမယ် ဟိုလီကင်းရဲ့ခြံတံခါးကို ဖြတ်ပြီး ဒီနယ်မြေကနေ အမြန်ဆုံး လစ်ကြစို့"

ဟိုကွေ့ဒီကွေ့နှင့် အတန်ကြာပြေးလွှားပြီးနောက် စုချန်းက စီလီ၏ အလောင်းအား မြေကြီးပေါ် ပစ်ချရင်း ပြောလိုက်၏။

"တောင်းပန်ပါတယ်ကွာ ကျုပ်အနေနဲ့ မင်းကို မြှုပ်နှံပေးမလို့ပါပဲ ဒါပေမဲ့ တခြားသုံးစရာတခုပေါ်လာလို့ မမြှုပ်ပေးနိုင်တော့ဘူး"

ထို့နောက် သူက ပိတ်လော့အား လက်ဆွဲပြီး ထွက်ပြေးလာခဲ့တော့သည်။ ပြေးနေရင်းနှင့်ပင် ပိတ်လော့က မေးလိုက်သေး၏။

"ဘာတွေဆက်ဖြစ်လာမလဲ သခင့်အနေနဲ့ မစောင့်ကြည့်တော့ဘူးလား"

"ကြည့်စရာမလိုတော့ပါဘူးကွာ"

စုချန်းက အဓိပ္ပါယ်ပါပါနှင့် ပြန်ဖြေလိုက်လေသည်။

***

"ဘာကွ စီလီ သေသွားပြီဟုတ်လား"

အဆိုပါသတင်းကိုကြားလိုက်သည်နှင့် လီတောက်ဟုန် မျက်လုံးပြူးသွား၏။

ဘယ်လိုများဖြစ်ရလေသနည်း။ အဆင့်နိမ့်အစေခံတဦးကို သတ်ဖြတ်ရာတွင် အသေခံစစ်သည်တော်တဦး မည်သို့မည်ပုံ သေဆုံးသွားရလေသနည်း။

ညဏ်ကောင်းလှသည့် လီတောက်ဟုန်ပင် အဆိုပါကိစ္စအား နားမလည်နိုင်ပဲ ဖြစ်နေ၏။

"သွား ဘာတွေဖြစ်သလဲဆိုတာစုံစမ်းပြီး ကျုပ်ကို အစီရင်ခံစမ်း"

လီတောက်ဟုန်က ချက်ချင်းပင် အမိန့်ပေးလိုက်လေသည်။ နောက်ထပ် အသေခံစစ်သည်တော်တဦး ထွက်လာပြီး အမိန့်နာခံလိုက်၏။

နောက်ထပ်နာရီဝက်ခန့်အကြာ သူ၏ အသေခံစစ်သည်တော် သေဆုံးသွားကြောင်း လီတောက်ဟုန် သိလိုက်ရပြန်သည်။

တစုံတခုတော့ အကြီးအကျယ် မှားယွင်းနေခဲ့လေပြီ။ သူကိုယ်တိုင်ထွက်၍ စုံစမ်းမည့်ဆဲဆဲတွင် ဟိုလီမျိုးနွယ်စုဝင်များ သူ့အိမ်ရှေ့သို့ ရောက်လာတော့၏။

ဝုန်း!!!

ကျယ်လောင်သောအသံကြီးနှင့်အတူ ခြံတခါ အစိတ်စိတ်အမွှာမွှာ ကြေမွသွား၏။ ထို့နောက် လူပျံတော်တစု ဒေါကြီးမောကြီးနှင့် ဝင်လာလေသည်။

ဘာလဲဟ...

လူတိုင်း အံ့သြသင့်ကုန်၏။

လူပျံတော်တဦးက အလောင်းနှစ်လောင်းကို မြေကြီးပေါ်ပစ်ချရင်း မေးလိုက်သည်။

"ဒါ မင်းတို့လူတွေမလား"

"ဟုတ်တယ်"

တစုံတဦးက ဝင်ဖြေလိုက်လေသည်။

ဒါသည်ပင်လျှင် လူပျံတော်များ စောင့်ဆိုင်းနေသည့်အဖြေဖြစ်သည်။ အဖြေကို သိရပြီဖြစ်လေရာ ဘာအတွက် စောင့်ဆိုင်းနေဦးမည်နည်း။

"တိုက်ကြစမ်း"

ကံကောင်းသည်မှာ လူပျံတော်များသည် သူတို့၏ စိတ်ကို ချုပ်တည်းထား၏။ သူတို့လိုလားသည်မှာ လူသားများအား ဆုံးမရန်ပင်။ သတ်ပစ်ရန်မဟုတ်။ သို့တိုင်အောင် လူပျံတော်အုပ်စုတစုက လူသားကုန်သည်အုပ်စုအား ဝင်ရောက်တိုက်ခိုက်သည်မှာ အများအမြင်တွင် အံ့သြစရာပင်။

လီတောက်ဟုန် ဒေါသထွက်သွား၏။ စီလီ၏ သေဆုံးမှုသည် သွေးရိုးသားရိုးမဟုတ်မှန်း သူ သိနေ၏။ လူပျံတော်များ တိုက်ခိုက်လာသည်မှာလည်း နားလည်မှုလွဲမှားခြင်းသာ ဖြစ်ရပေလိမ့်မည်။ ဤပြသနာမျိုးမှာ တင်းမာသောအခြေအနေကို ထိမ်းသိမ်းပြီး တဆင့်ချင်းဖြေရှင်းသွားခြင်းသည်သာ အကောင်းဆုံးနည်းလမ်းဖြစ်သည်။

သို့သော် လီတောက်ဟုန်သည် မည်သို့သော လူစားမျိုးပေနည်း။

သူသည် လျောင်ယဲ့နိုင်ငံ၏ မင်းသားဖြစ်သလို မြို့တော်၏ အိပ်မက်ဆိုးဟုလည်း ဆိုနိုင်သည်။ သူစိုက်ကြည့်လိုက်သည်နှင့် မည်သူမဆို ခေါင်းကိုက်သွားရပေလိမ့်မည်။ သူ့အနေနှင့် တခြားသူများကိုသာ အနိုင်ကျင့်ကောင်းကျင့်မည်။ သူကိုတော့ မည်သူမှ အနိုင်မကျင့်ရဲ။

ယခုတော့ အနှီလူပျံတော်အုပ်စုက လူအုပ်စုနှင့် သူ့အား အနိင်ကျင့်လိုဟန်ရှိနေ၏။ လီတောက်ဟုန်ကို ဒင်းတို့ ဘာကောင်များ ထင်နေလေသနည်း။

ဤပြသနာသည် တစုံတဦး၏ ချောက်တွန်းခြင်း၊ သို့မဟုတ် နားလည်မှုလွဲမှားခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်၏။ သို့သော် လူပျံတော်များကား မမေးမစမ်းရန်လာစရဲသည်။ ထို့ကြောင့် လီတောက်ဟုန်အနေနှင့် ဒင်းတို့ကို ပျော်ပျော်ကြီး သတ်ပစ်ရန် ဝန်မလေးချေ။

အဆိုပါစိတ်ကူးဝင်လာသည်နှင့် လီတောက်ဟုန်၏ အမူအရာမှာ ချက်ချင်းပင် ဖျတ်လတ်သွက်လက်လာတော့၏။

သိပ်မကြာမီ လီတောက်ဟုန်၏ အိမ်ရှေ့တံခါးကို ဖျက်ဆီးကာဝင်လာသော လူပျံတော်အုပ်စု အလဲအကွဲနှင့် အတွယ်ခံရတော့သည်။

ဤသို့ဖြင့် ပြသနာမှာ တစထက်တစ ပို၍ ကျယ်ပြန့်လာတော့၏။

ရုပ်သေးရုပ်ပျောက်ဆုံးသွားပြီးနောက် ဟိုလီကင်း ပထမဆုံးတွေးမိသည်မှာ သူခိုးနှင့် သူ့ ရုပ်သေးရုပ်အား အတင်းအကျပ်လုယူခဲ့သူမှာ တယောက်တည်းဖြစ်ရမည်ဟူ၏။ သို့သော် လမ်းကြားအတွင်း သူတို့တွေ့လိုက်ရသောအလောင်းမှာ ရုပ်သေးရုပ်ပိုင်ရှင်မဟုတ်ပဲ လီတောက်ဟုန်၏ လက်အောက်ငယ်သား ဖြစ်နေ၏။ ထို့ကြောင့် ဟိုလီကင်းသည် သူ့လက်အောက်ငယ်သားတချို့အား လီတောက်ဟုန်၏ အိမ်တော်သို့စေလွှတ်ပြီး အကျိုးအကြောင်း မေးမြန်းခိုင်းလိုက်လေသည်။ သို့သော် သူ့အမိန့်မှာ ရှင်းလင်းပြတ်သားမှုမရှိသည့်အပြင် လူပျံတော်များ၏ မောက်မာသော စိတ်ထား၊ လီတောက်ဟုန်၏ သဘာဝ ပေါင်းစပ်လိုက်သောအခါ ပြသနာ ကြီးထွားလာရခြင်းပင်။

လီတောက်ဟုန်၏ လက်ချက်ကြောင့် လူပျံတော် ခုနစ်ဦးခန့် အသက်ပျောက်ကုန်ပြီး ကျန်လူပျံတော်များ အပြင်းအထန် ဒဏ်ရာရရှိကုန်ကြလေသည်။

ဤတကြိမ်တွင်တော့ ဟိုလီကင်း အကြီးအကျယ် ဒေါသထွက်သွား၏။

သိပ်မကြာမီ လူပျံတော်များ လူသားကုန်သွယ်ရေးအဖွဲ့များရှိရာသို့ အုပ်စုလိုက်ပျံသန်းနေကြသည်ကို အားလုံးမြင်တွေ့လိုက်ရ၏။ ၎င်းကိုမြင်သော ကျန်လူပျံတော်များကလည်း နောက်မှလိုက်လာကြလေရာ ကောင်းကင်တွင် လူပျံတော်များနှင့် ပြည့်နှက်ကုန်တော့သည်။

မျက်စေ့တမှိတ်အတွင်း ထောင်နှင့်ချီသောလူပျံတော်များ လီတောက်ဟုန်နှင့်သူ့အဖွဲ့အား ဝိုင်းရံမ်ိကြလေပြီ။

ထို့နောက် ဟိုလီကင်းက မေးလိုက်၏။

သူ တကယ်တမ်းမေးလိုသည်မှာကား "ကျုပ်ရုပ်သေးရုပ်ကို ခိုးသွားတာ မင်းလား"ဟူ၍ ဖြစ်သည်။ သို့သော် ထိုမေးခွန်းမှာ ပျော့ပျောင်းသည်ဟု သူ ခံစားရ၏။

ထို့ကြောင့် သူ တကယ်တမ်းပြောလိုက်သည်မှာ

"ကျုပ် တပည့်တွေကို သတ်ပစ်ရဲတယ် တယ်လဲဘဝင်မြင့်ပါလား တိုက်ကြစမ်းဟေ့"

ပြင်းထန်သောတိုက်ပွဲကြီး တမုဟုတ်ချင်း ပေါ်ပေါက်လာတော့သည်။

***

All Chapters