← Chapters

ပညာရှိဟူသည်

Vol. 82 Ch. 812

ပညာရှိဟူသည်

Vol. 82 Ch. 812

ဟိုလီကင်းကား ရုပ်သေးရုပ်လှိုင်းကြီးအား စေလွှတ်လိုက်ပြီ ဖြစ်သည်။ တဖက်မှ လီတောက်ဟုန်အနေနှင့်လည်း ၎င်းကို တုံ့ပြန်ရန် ရှိသမျှအင်အားကို ထုတ်သုံးရပေတော့မည်။ ဟိုလီကင်း၏ အဆင့်အတန်းနှင့်ညဏ်ပညာအရ သူ့အနေနှင့် မူလစွမ်းရည်တချို့ကို သင်ယူနိုင်ခဲ့သည်မှာ အမှန်။ ထို့ပြင် အိပ်မက်အလှသွေးဗီဇဟူသည် ခုနစ်ပြည်ထောင်တော်ဝင်နန်းဆက်သွေးဗီဇများအနက် ပြောင်းလွယ်ပြင်လွယ်အရှိဆုံးသွေးဗီဇလည်း ဖြစ်နေပြန်၏။ ၎င်း၏ တိုက်စွမ်းအားမှာ ထင်သလောက်မမြင့်မားသော်လည်း ၎င်း၏ ပြုပြင်ပြောင်းလဲနိုင်စွမ်းမှာကား မြင့်မားလှ၏။ သို့မဟုတ်လျင် လီတောက်ဟုန်၏ သွေးဗီဇနှစ်မျိုး ဤမျှမြန်မြန်ဆန်ဆန် နိုးထနိုင်မည်မဟုတ်ပေ။

ထို့ကြောင့် လီတောက်ဟုန်တွင် ဝှက်ဖဲအနေနှင့် အံ့သြလောက်စရာ မူလစွမ်းရည်အမျိုးမျိုးကို ပိုင်ဆိုင်ထားသည်ဟု ဆိုနိုင်၏။

စက္ကန့်ပိုင်းအတွင်းမှာပင် စိတ်ဝိညာဥ်စွမ်းအင်များပြည့်နှက်နေသည့်တိုက်ခိုက်မှုများ လီတောက်ဟုန်ထံမှ အတောမသတ် ပေါ်ပေါက်လာတော့သည်။ ထို့နောက် ကောင်းကင်တခွင်လုံးတွင် မီးခိုးရောင်တိမ်ထုများနှင့် ပြည့်နှက်လာပြီး ညဘုရားသွေးဗီဇ၏ အရှိန်အဝါကို ဖော်ပြနေတော့သည်။ ထို့နောက် ထောင်နှင့်ချီသော ချီဓားလှိုင်းများက ကောင်းကင်တွင် ပြည့့်နှက်လာပြီး သူ့အား သတ္တုရုပ်ကြီးအဖြစ် ပြောင်းလဲစေကာ နတ်ဆိုးရုပ်သေးရုပ်များ၏ တိုက်ခိုက်မှုအား ကြံ့ကြံ့ခံနိုင်စေရန် ဖန်တီးပေးနေလေသည်။

မျက်စေ့တမှိတ်အတွင်းမှာပင် လီတောက်ဟုန်သည် မူလစွမ်းအင်ဆယ့်ရှစ်မျိုးအား လှည့်ပတ်သုံးစွဲနေ၏။ သူ အသုံးပြုနေသော မူလစွမ်းအင်တိုင်းလိုလိုမှာလည်း ထိပ်ဆုံးအဆင့်ချည်းသာတည်း။ ဟိုလီကင်း၏ ရုပ်သေးရုပ်များကား လီတောက်ဟုန်၏ တိုက်ခိုက်မှုအောက်ဝယ် ဖိနှိပ်ခံနေရလေပြီ။ ၎င်းကိုမြင်သော် စုချန်း တအံ့တသြနှင့် ရေရွတ်လိုက်၏။

"ဒီကောင်ဟာ တော်ဝင်မျိုးဆက်ဖြစ်တဲ့အပြင် ကာကွယ်သူဦးနှောက်ကိုပါ ဆက်ခံထားတယ် ကျုပ်ဖြင့် ဘာပြောရမှန်းတောင်မသိတော့ဘူး"

ကျူးရှန်းယောင်က မနှစ်မြို့ဟန်ဖြင့် ပြောလိုက်ပြန်သည်။

"သူက ဉာဏ်ကောင်းတယ်သာပြောတယ် ဒါနဲ့များ ဘယ်လိုလုပ်ပြီး ရှင်အလွယ်တကူလှည့်စားတာကို ခံရတာလဲမသိဘူး ခုလဲကြည့်အုံး ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ပုံနဲ့ ရှိသမျှဝှက်ဖဲကို ထုတ်ပြနေပြန်ပြီ"

စုချန်းက ပြန်ပြောလိုက်၏။

"သူ ဉာဏ်ကောင်းရင်ကောင်းမယ် ပညာတော့မရှိတာသေချာတယ်"

"ဒီနှစ်ခုကြား ဘာများကွာခြားနေလို့လဲရှင့်"

စုချန်းက ရှင်းပြလိုက်လေသည်။

"ဉာဏ်ကောင်းတဲ့လူတွေဟာ မြန်မြန်ဆန်ဆန် တွေးနိုင်ကြတယ် ဒါနဲ့ပဲ သူတို့ကို ပညာရှိတယ်လို့ ပြောလို့မရဘူးလေ ပညာဆိုတာ ဉာဏ်ရည်ဉာဏ်သွေး အတွေ့အကြုံ အသိပညာနဲ့ ကိုယ်ရည်ကိုယ်သွေး ပေါင်းစပ်ထားတဲ့အရာပဲ ဉာဏ်ကောင်းတယ်ဆိုတဲ့တချက်တည်းနဲ့ ပညာရှိတယ်လို့ ပြောလို့မရနိုင်ဘူး ဒါကြောင့်မို့ ဉာဏ်ရည်ဉာဏ်သွေး အတွေ့အကြုံ အသိပညာနဲ့ ကိုယ်ရည်ကိုယ်သွေး ဘက်စုံပြည့်စုံမှသာ ပညာရှိတယ်လို့ သတ်မှတ်နိုင်လိမ့်မယ် ဥပမာ ကာကွယ်သူမျိုးစိတ်တွေကိုပဲကြည့် သူတို့ ဉာဏ်ကောင်းသလောက် ဘာများလုပ်နိုင်ခဲ့လို့လဲ နောက်ဆုံးမှာ သူတို့အကုန်လုံး ဖယ်ရှားရှင်းလင်းခံလိုက်ရတာပဲမလား သတ်ဖြတ်သူမျိုးစိတ်တွေကိုပဲ ကြည့်ပါဦး သူတို့အများစုက ငထုံငအတွေဖြစ်ပေမဲ့လို့ ဒီနေ့ခေတ်ထိ သူတို့ ရပ်တည်ရှင်သန်နေနိုင်ခဲ့တာပဲမလား ဒါကြောင့်မို့လို့ ကာကွယ်သူမျိုးစိတ်တွေဟာ ပန်းပွင့်တွေနဲ့တူပြီး သတ်ဖြတ်သူမျိုးစိတ်တွေကတော့ ပေါင်းမြက်ပင်တွေနဲ့တူတယ် ပေါင်းပင်တွေဟာ အမြင့်မတင့်တယ်ပေမဲ့ ခက်ထန်ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မှာ ကောင်းကောင်းအသက်ရှင်နိုင်ကြတယ်လေ"

စုချန်း၏ စကားကိုနားထောင်ရင်း ကျူးရှန်းယောင် ဘာပြောရမှန်းမသိ ဖြစ်သွား၏။ ဘေးနားတွင် နားထောင်နေကြသည့် ကျူးယွဲ့ယန်နှင့် ပ်ိတ်လော့တို့ပါ အံ့သြသင့်ကုန်ကြလေသည်။

ကျူးယွဲ့ယန် မေးခွန်းထုတ်လိုက်၏။

"ဒါ မင်းကိုယ်တိုင် တွေးထားတာလားကွဲ့"

စုချန်း ခေါင်းညိတ်လိုက်လေသည်။

"ဟုတ်တယ်ဗျ ကျုပ် ဒီအကြောင်းကို အချိန်အကြာကြီး စဥ်းစားပြီး နောက်ဆုံးမှာတော့ အဖြေတချို့ရခဲ့တယ်ဆိုပါတော့"

"ဘာပဲပြောပြော သခင်ပြောတာ မှန်တယ်ဗျို့"

ပိတ်လော့က ထောက်ခံလိုက်၏။

"တကယ့် ပညာရှိတဲ့ပုဂ္ဂိုလ်တွေဟာ ဘက်ပေါင်းစုံက စဥ်းစားတတ်ကြတယ် ကျုပ်အမြင်အရတော့ ဒီလေးချက်အနက်မှာ ကိုယ်ရေကိုယ်သွေး တနည်းအားဖြင့် ဗီဇကသာ အရေးအကြီးဆုံးလို့ ယူဆမိတယ် ကျန်တဲ့အချက်တွေထဲမှာမှ ဉာဏ်ရည်ဉာဏ်သွေးက အရေးမပါဆုံးပဲ ဒီလိုပြောလို့ ဉာဏ်ရည်ဉာဏ်သွေးက အရေးမကြီးဘူးလို့ ဆိုလိုခြင်းတော့ မဟုတ်ပြန်ဘူး ကျုပ်ထင်တာ လီတောက်ဟုန်ဟာ ဘာလုပ်ရင် ဘာဖြစ်လာမယ်ဆိုတာ မသိရလောက်အောင်တော့ ရူးမိုက်ဟန်မတူဘူး ဒါပေမဲ့ သူ ဘာဖြစ်လို့ ဆက်လုပ်နေသလဲဆိုတော့ လုပ်ချင်လို့ကိုလုပ်နေတာပဲ"

စုချန်း တဟဲဟဲ ရယ်မောလိုက်၏။

"လီတောက်ဟုန်ဟာ မွေးရာပါ မာနကြီးတယ် ဒီအချက်က သူ့ကို ခေါင်းမာတဲ့သူ ဖြစ်လာစေတာပဲ ဒီလိုပင်ကိုစိတ်ထားမျိုးရှိတဲ့ လီတောက်ဟုန်အနေနှင့် သူ့အိမ်တံခါးကနေ ဟိုလီကင်းဝင်လာပြီး ဖျက်လိုဖျက်ဆီးလုပ်တာကို ဘယ်လက်ခံနိုင်ပါ့မလဲ ဒီတော့ ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမယ်ဆိုတာ သိသိကြီးနဲ့ သူ ရှေ့ဆက်တိုးတော့တာပဲပေါ့"

ကျူးရှန်းယောင် လက်ခုပ်လက်ဝါးတီးရင်း ဝမ်းသာအားရနှင့် ပြောလိုက်သည်။

"ကျွန်မအထင် လီတောက်ဟုန်ဟာ ကျွန်မတို့လမ်းကြောင်းမှာ အကြီးမားဆုံး အတားအဆီး ဖြစ်လာမယ်ပေါ့ ခုကြည့်ရတာ သူက သာမန်ပါပဲလား ကျွန်မ အများကြီး စိတ်သက်သာရသွားပြီ"

သို့သော် စုချန်းက ခေါင်းခါလိုက်၏။

"ဘက်ပေါင်းစုံက မတွေးတတ်ဘူးဆိုရင်တောင် လီတောက်ဟုန်ဟာ ဧကရာဇ်မျိုးနွယ်စုမှာ ပေါက်ဖွားလာတဲ့ အဆိပ်ပြင်းပန်းတပွင့်နဲ့တူနေတယ် သူဟာ ထူးချွန်တဲ့ဆရာတွေအများကြီးနဲ့ ပညာသင်ကြားခဲ့ရတယ် ဒါ့အပြင် သူဟာ အတွေ့အကြုံရှိတဲ့အတွက် စိတ်ခံစားချက်ကို ကောင်းကောင်းထိန်းချုပ်နိုင်စွမ်းရှိတယ် ဒါကြောင့် ပညာရှိသူမှာ ရှိရမဲ့အချက်ငါးချက်အနက် သုံးချက်လောက်ကတော့ သူ့မှာ ပြည့်စုံနေတယ်ဆို ဆိုနိုင်တယ် ဒါကြောင့်မ်ို့လို့ သူဟာ အန္တရာယ်ကြီးမားတဲ့ပြိုင်ဘက် ဖြစ်နေတုန်းပဲ ကျုပ်တို့ သူ့ကို လျှော့မတွက်သင့်ဘူး"

စုချန်းသည် လီတောက်ဟုန်ဟာ တကြိမ်တခါတော့ ကောင်းကောင်းလှည့်စားနိုင်ခဲ့ပြီ ဖြစ်သည်။ ထို့ပြင် သူသည် အရိပ်ထဲမှလူဖြစ်ပြီး လီတောက်ဟုန်မှာကား အလင်းထဲမှလူ ဖြစ်နေ၏။ သို့သော် လီတောက်ဟုန်ကသာ သူ့အား သိရှိသွားပါက အခြေအနေမှာ တမျိုးတဖုံဖြစ်သွားနိုင်မှန်း စုချန်း သဘောပေါက်ထားသည်မဟုတ်ပါလား။

"ဟိုလီကင်းရဲ့ရုပ်သေးတွေကြောင့် သူ တခါတည်းသေသွားရင်လဲ အကောင်းသား"

ကျူးရှန်းယောင်က အားမလိုအားမရဖြစ်ဟန်ဖြင့် ညည်းတွားလိုက်၏။

"ဒီလိုဖြစ်ဖို့ကတော့ တော်တော် ခက်လိမ့်မယ်"

ပိတ်လော့က မှတ်ချက်ပြုလိုက်၏။

"ကြည့်ပါလား တိုက်ပွဲတောင်ပြီးတော့မယ်"

ပိတ်လော့၏ စကားအတိုင်း တိုက်ပွဲ၏ အဆုံးသတ်မှာ မြန်မြန်ဆန်ဆန်ပင် ရောက်ရှိလာ၏။

ဟိုလီကင်းတွင် ရုပ်သေးရုပ်များစွာ ပိုင်ဆိုင်ထားသည်မှာ မှန်၏။ သို့သော် လီတောက်ဟုန်သည်လည်း နည်းစနစ်များစွာကို ကျွမ်းကျင်ပိုင်နိုင်သူ ဖြစ်လေသည် ထို့ပြင် တိုက်ပွဲသာ ကြာရှည်နေပါက လီတောက်ဟုန်၏ လက်အောက်ငယ်သားများစွာ သေကြေပျက်စီးသွားနိုင်၏။ အဆိုပါ အသေခံသူရဲကောင်းများမှာ လီတောက်ဟုန်၏ ကြွယ်ဝချမ်းသာမှုဟုပင် သတ်မှတ်နိုင်သည် မဟုတ်ပါလား။

ဟိုလီကင်းအတွက်လည်း ထိုအတိုင်းသာပင်။ ဟိုလီကင်းသည် သူ့ရုပ်သေးရုပ်များ ပျက်စီးသည်ကိုကြည့်ရင်း တဖြည်းဖြည်း နှမြောလာတော့သည်။

ထို့ကြောင့် လီတောက်ဟုန်နှင့် ဟိုလီကင်းတို့သည် နောက်တကြိမ်မှသာ မကျေပွဲနွှဲကြရန် အသီးသီး ဆုံးဖြတ်လိုက်ကြတော့သည်။

တကယ်တော့ လီတောက်ဟုန်၏ စိတ်ထဲတွင် သူ့အားထောင်ချောက်ဆင်သူမှာ ကျူးရှန်းယောင်သာ ဖြစ်ရမည်ဟု တထစ်ချ ယုံကြည်ထားပြီး ဖြစ်သည်။ စုချန်း ကောင်းကင်မြို့တော်သို့ ရောက်ရှိနေမှန်း သူ မသိရှိသေးပေ။ ထို့ကြောင့် လီတောက်ဟုန်အတွက် ကျူးရှန်းယောင်သာလျှင် သံသယတရားခံနံပါတ်တစ် ဖြစ်ပေသည်။ တဖက်မှ ဟိုလီကင်းသည်လည်း သူ့အား ရုပ်သေးရုပ်တရုပ် အလကားပေးပစ်ခဲ့သော အမည်မသိလူသားငယ်အား သံသယဝင်လာ၏။ ထိုရုပ်သေးရုပ်ကို အကြောင်းပြု၍ ဤပြသနာဖြစ်ပွားခဲ့ရခြင်းပင် မဟုတ်ပါလား။

ပြီးဆုံးသွားသောတိုက်ပွဲကိုကြည့်ရင်း စုချန်းက ပြောလိုက်၏။

"ကဲ ပွဲပြီးသွားပြီ အားလုံးအနားယူလိုက်ကြဦး ကျုပ်တို့ ခရီးအရှည်ကြီးဆက်ရဦးမယ်"

"ဟင် ဒါဆို ဒီအတိုင်း ပြီးသွားပြီပေါ့ ဟုတ်လား"

ကျူးရှန်းယောင် မကျေမနပ်နှင့် ပြောလိုက်၏။

စုချန်း အေးစက်သောလေသံနှင့် ရယ်မောလိုက်လေသည်။

"ဘယ်ဟုတ်ပါ့မလဲ ဒါပေမဲ့ အလျင်မလိုပါနဲ့လေ ကျုပ်တို့အချိန်အများကြီး ကျန်ပါသေးတယ်"

နောက်တနေ့မနက်တွင် ကုန်သည်အုပ်စုတစုသည် ကောင်းကင်မြို့တော်မှ ထွက်ခွာသွား၏။

သိပ်မကြာမီ လီတောက်ဟုန်သည်လည်း ကောင်းကင်မြို့တော်မှ ထွက်ခွာလာခဲ့လေသည်။ ဟိုလီကင်းသည်လည်း ထို့အတူပင်။ ဟိုလီကင်းအနေနှင့် ကျူးရှန်းယောင်တို့ကုန်သည်အုပ်စုမှ ရုပ်သေးရုပ်ပေးခဲ့သည့်လူငယ်အား ရှာဖွေရန် လိုအပ်လာခဲ့ပြီမဟုတ်ပါလား။

ဤသို့နှင့် လွန်းပျံယာဥ်အသီးသီးသည် သုံးရက်ကြာအောင်ပျံသန်းလာပြီး မျှော်မဆုံးကွင်းပြင်ဆီသို့ ရောက်ရှိလာတော့သည်။

မျှော်မဆုံးကွင်းပြင်ဟူသည် မျက်စေ့တဆုံး တောင်ကုန်းငယ်များနှင့်ပြည့်နှက်နေသည်ဟုသာ ထင်ရှား၏။ ရှေးအခါက ဤကွင်းပြင်ကြီးဝယ် မီလျှံနှင့်ရှိ၍ မြင့်သောတောင်တစ်တောင်ရှိပြီး အဆိုပါတောင်ထိပ်ဆီမှ လှမ်းမျှော်ကြည့်ပါက ကမ္ဘာ့ဆုံးထိ မြင်နိုင်သည်ဟု နာမည်ကြီး၏။

သို့သော် ဤယနေ့တွင်တော့ မျက်စေ့တဆုံး မြင်တွေ့နေရသည်မှာည်မှာ တောင်ကုန်းငယ်များမဟုတ်ပဲ ထာဝရတိမ်တိုက်များသာ ဖြစ်နေ၏။ အဆိုပါတိမ်တိုက်များသည် ထူးခြားသောတခုခုအငွေ့ပျံခြင်းမှ ပေါ်ပေါက်လာခြင်းဖြစ်ပြီး အလွန်နူးညံ့သိမ်မွေ့သည့်တိုင် လွယ်လင့်တကူ ချိုးဖျက်၍ကားမရချေ။ တိမ်ထုများအပေါ်တွင်တော့ လမ်းလျှောက်၍ရမည်ဟုပင် ထင်မှတ်ရပေသည်။

အဆိုပါတိမ်ထုများသည် နှင်းပုလဲ၊ အရိပ်ပန်းအစရှိငည့် အပင်များရှင်သန်ပေါက်ဖွားခြင်းကို အထူးအားပေးလေရာ လူပျံတော်များအနေနှင့် အသီးအရွက်စားသူများဖြစ်နေခြင်းမှာမဆန်း။ ထို့အတူ ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ အားပျော့လှခြင်းမှာလည်း ပို၍ပင်မဆန်းဟုသာ ဆိုရပေတော့မည်။

စုချန်းတို့၏ ယာဥ်သည် လွင်ပြင်အားဖြတ်သန်းပြီး ရှေ့သို့ဆက်လက်ပျံသန်းလာခဲ့၏။ အချိန်အတော်ကြာသော် ထူးဆန်းလှသောတုန်ခါမှုတခုကို သူတို့ ခံစားလိုက်ရလေသည်။

ကမ္ဘာမြေကြီး၏ အလိုအလျောက်တုန်ခါမှုပေလော။

ရှေ့သို့ရောက်လာသည်နှင့်အမျှ တုန်ခါမှုမှာ ပို၍ သိသာလာ၏။ အသံမှာလည်း ပို၍ကျယ်လောင်လာလေသည်။

သိပ်မကြာမီ တုန်ခါမှု၏ ရင်းမြစ်ကို စုချန်းတို့အားလုံး အတိုင်းသားမြင်လိုက်ရပြီး အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြတော့သည်။

***

All Chapters