← Chapters

ကစဉ့်ကလျားမျှော်စင်

Vol. 82 Ch. 813

ကစဉ့်ကလျားမျှော်စင်

Vol. 82 Ch. 813

သူတို့မြင်တွေ့လိုက်ရသည်မှာကား ကြီးမားလှသည့်မျှော်စင်ကြီးပင်တည်း။

အဆိုပါမျှော်စင်အား မြင်တွေ့ရသည်မှာ ကြီးမားလှသည့်ဓားကြီးတစင်း ကောင်းကင်ကို ထိုးဖောက်နေသည်နှင့်ပင် တူနေသေး၏။ ကောင်းကင်ပေါ်တွင် ပျံသန်းနေသူများအဖို့ပင် မျှော်စင်ထိပ်ဖျားကို မြင်တွေ့နိုင်ရန် ဇက်ကျိုးမတတ် ခေါင်းမော့ကြည့်ရပေလိမ့်မည်။ မြေပြင်တွင် မတ်တပ်ရပ်နေသူများအဖို့ကား တိမ်တိုက်များပိတ်ဆို့မနေသည့်တိုင်အောင် မျှော်စင်ထိပ်ဖျားကို မြင်တွေ့ရန် မလွယ်လှချေ။

မျှော်စင်သည် ပေပေါင်း၃၂၀၀၀ခန့်မြင့်မားပြီး အထပ်ပေါင်း၁၆၀ထိ ပါဝင်၏။ ကစဥ့်ကလျားးနယ်မြေရှိ လူပျံတော်များအားလုံး ဤမျှော်စင်မှာပင် နေထိုင်ကြလေသည်။

မြေပြင်တွင်တော့ ကမ္ဘာဦးမတိုင်မီသားရဲကြီးတကောင် လမ်းသလားနေ၏။ အဆိုပါသားရဲကြီးမှာ မျှော်စင်အား ထမ်းပိုးထားသည့် သားရဲကြီးပင်။

ရက်စက်ကြမ်းကြုတ်ပုံပေါ်မည့် လိပ်ကြီးသည် ပေ၇၀၀၀ခန့် ရှည်လျားပြီး မျှော်စင်ကို ၎င်း၏ ကျောအလယ်တည့်တည့်တွင် မြဲမြံစွာ စိုက်ထူထားလေသည်။ ၎င်း ခြေတလှမ်း လှမ်းလိုက်တိုင်း မဟာပထဝီမြေထုကြီးမှာ သွက်သွက်ခါနေတော့၏။

ကနဦး သူတို့ခံစားလိုက်ရသည့်တုန်ခါမှုမှာ အဆိုပါလိပ်ကြီး၏ ခြေလှမ်းများကြောင့် ထွက်ပေါ်လာခြင်းပင်။

လူပျံတော်များ၏ နာမည်ကျော် ကစဥ့်ကလျားမျှော်စင်ပေတည်း။

မူလအလင်းရဲတိုက်နှင့် နှိုင်းယှဥ်ရလျှင် ကစဥ့်ကလျားမျှော်စင်သည် ပို၍ ဆန်းကြယ်၏။ ပို၍ လက်တွေ့ဆန်၏။ ပို၍ အံ့သြစရာကောင်းသည်မှာ ကစဥ့်ကလျားမျှော်စင်ကို သက်ရှိထင်ရှားရှိနေသည့် ကမ္ဘာဦးမတိုင်မီ သားရဲကြီး၏ ကျောပေါ်တွင် တည်ဆောက်ထားခြင်းပင်။

လူသားများသည် သားရဲများထံမှ သွေးဗီဇထုတ်ယူနိုင်သည့်နည်းလမ်းကို ရရှိခဲ့ကြ၏။ လူပျံတော်များကား ထိုအစား သားရဲကြီးများအား ထိန်းချုပ်နိုင်သည့်နည်လမ်းကို တနည်းတဖုံ ရရှိခဲ့ကြဟန်ပေါ်လေသည်။ ကျေးဇူးတင်စရာကောင်းသည်မှာ အနှီသားရဲကြီးသည် ဦးနှောက်ပုံမှန်အနေအထားတွင် ရှိတော့ဟန်မတူချေ။ သူလုပ်ဆောင်နိုင်သည့်တခုတည်းသောအရာမှာ စက်ဝိုင်းပုံအတိုင်း ပတ်ချာလှည့်၍ လမ်းလျှောက်နေခြင်းသာ ဖြစ်လေသည်။

နှစ်ပေါင်းများစွာကြာပြီးနောက် သားရဲကြီးလမ်းလျှောက်ရာမှ ထွက်ပေါ်လာသောဖိအားကြောင့် အောက်ခြေမြေပြင်မှာ ပြောမပြတ်တတ်အောင် မာကျောလျက်ရှိလေပြီ။ စုချန်း၏ တောင်ခွဲဓားနှင့် ခုတ်သည့်တိုင် အရာမထင်လှအောင် မာကျောနေခြင်း ဖြစ်လေသည်။

ယာဥ်ပျံများကား မြေပြင်တွင် ရပ်နားခြင်းမပြုပဲ မျှော်စင်၏ ၇၈ထပ်သို့ တိုက်ရိုက်ပင် ပျံသန်းလာခဲ့ကြ၏။

တကယ်တော့ ကစဥ့်ကလျားမျှော်စင်၏ ၇၀မှသည် အထပ်၉၀ထိသည် ကြီးမားသောတိမ်တိုက်ထိုးခွဲလွန်းပျံယာဥ်များ ဆိုက်ရောက်ထွက်ခွာရာ အထပ်များ ဖြစ်၏။ ထို့ကြောင့် အထပ်တိုင်းလိုလိုသည် လွန်စွာ ကျယ်ဝန်းကြလေသည်။

မျှော်စင်မှာ သားရဲကြီး ပတ်ချာလှည့်လမ်းလျှောက်နေခြင်းကြောင့် လွန်းပျံယာဥ်များအနေနှင့် ဆင်းသက်ရာတွင် အတော်ပင် ဂရုစိုက်ရ၏။ ကျူးမျိုးနွယ်ယာဥ်မောင်းမှာ ကျွမ်းကျင်သူဖြစ်ခြင်းကြောင့် ပထမအကြိမ်ဖြစ်သည့်တိုင် အခက်အခဲမရှိ ဆင်းသက်နိုင်ခဲ့ပေသည်။

"ဟူး စိတ်လှုပ်ရှားစရာပါလား"

လွန်းပျံယာဥ်ပေါ်မှ ခုန်ဆင်းရင်း ကျူးရှန်းယောင်တယောင် တအံ့တသြနှင့် ရေရွတ်လိုက်၏။

"ရင်သပ်ရှုမောစရာကောင်းလိုက်တာ ကျွန်မဘဝမှာ ကမ္ဘာဦးမတိုင်မီသားရဲကို တခါမှမမြင်ဖူးခဲ့ဘူး"

ကျူးရှန်းယောင်၏ မှတ်ချက်ကို စုချန်း ဘာမှမပြော။ ပိတ်လော့ကိုသာ လှမ်းကြည့်ရင်း မေးလိုက်၏။

"ခင်ဗျား ဘယ်လိုထင်သလဲပိတ်လော့"

ပိတ်လော့ ခေါင်းခါပြလိုက်၏။

"မှန်းဆဖို့ခက်သလို နားလည်ဖို့လဲမလွယ်ဘူးသခင် ကမ္ဘာဦးမတိုင်မီသားရဲတွေဟာ အာကင်နာတွေ ခေတ်ကောင်းစဥ်ကတည်းက ဆောင်းခိုကုန်ကြပြီပဲ ဒီတကောင် ဘယ်နည်းနဲ့ ဒီအချိန်ထိ အသက်ရှင်နေသလဲ ကျုပ်ဖြင့် မမှန်းတတ်တော့ဘူး"

သူကိုယ်တိုင် ဘယ်မျှ အံ့သြနေမှန်း ပိတ်လော့၏ စကားက ဖော်ပြနေ၏။

ထိုစဥ် ကျူးရှန်းယောင်က တစုံတခုကို တွေးမိဟန်ဖြင့် စုချန်းအား လေသံမျှနှင့် ပြောလိုက်လေသည်။

"အောက်ကိုဆင်းပြီး သားရဲကြီးရဲ့လျှို့ဝှက်ချက်တွေ သွားကြည့်ရင် မကောင်းဘူးလား"

ကံဆိုးသည်မှာ သူမ၏ စကားကို ကျူးယွဲ့ယန် ကြားသွားခြင်းပင်။

"တိတ်စမ်း အဓိပ္ပါယ်မရှိတာတွေ မပြောစမ်းနဲ့"

တဖန် သူမက စုချန်းကိုကြည့်ရင်း ပြောလိုက်ပြန်သည်။

"မင်းကိုယ်တိုင်တောင် ဒီမေးခွန်းကို ဖြေခွင့်မရှိဘူးနော်"

စုချန်း ဘာမှပြန်မပြောပဲ ခေါင်းညိတ်ပြလိုက်၏။

ကျူးရှန်းယောင် စိတ်ကသိကအောင့် ဖြစ်သွား၏။ သို့သော် စုချန်းမျက်နှာပေါ်မှအပြုံးကြောင့် သူ ဘာတွေးနေမှန်း သူမ ချက်ချင်းသဘောပေါက်သွားလေသည်။ သူမတို့နှစ်ဦးလုံးသည်ပင် သားရဲကြီး၏ လျှို့ဝှက်ချက်များကို သိလိုစိတ်ပြင်းပြနေကြသည်မဟုတ်ပါလား။

ကစဥ့်ကလျားမျှော်စင်အား နယ်မြေကြီးငါးခုဖြင့် ပိုင်းခြားထားပြီး အလယ်ဧရိယာမှာ ဧည့်သည်များ၏ နေရာပင်ဖြစ်သည်။ ထိုနေရာတွင် စားသောက်ဆိုင်များ၊ စျေးဆိုင်များအား ခင်းကျင်းထား၏။

ဧည့်သည်များနေထိုင်ရာနယ်မြေ၏ အပေါ်တွင်တော့ လူနေအိပ်ခန်းများ ဖြစ်လေသည်။ လူပျံတော်အများစုမှာ ထိုနယ်မြေမှာပင် နေထိုင်ကြ၏။ ၎င်းတို့အပေါ်တွင်တော့ အဆင့်အတန်းမြင့်သောလူပျံတော်များ နေထိုင်ရာနယ်မြေဖြစ်ပြီး အဆိုပါနယ်မြေတွင် ကျင့်ကြံခြင်းခန်းမများပင် ပါဝင်နေ၏။ ဧည့်သည်များနေထိုင်ရာနယ်မြေ၏ အောက်တွင်ကား လူပျံတော်များ၏ ရှင်သန်နေထိုင်ရေးအတွက် မရှိမဖြစ်လိုအပ်သောပစ္စည်းများအား ထုတ်လုပ်ရာဌာနဖြစ်ပြီး ထိုအောက်တွင် ကုန်ပစ္စည်းများလက်ခံရေးနှင့်ဖြန့်ဖြူးရေဌာနအား ထားရှိ၏။ ကစဥ့်ကလျားမျှော်စင်၏ သွင်းကုန်ထုတ်ကုန်များအားလုံး အဆိုပါနေရာတွင် အခြေပြုပေသည်။ ထို့ကြောင့် မျှော်စင်၏ အဓိကကာကွယ်ရေးစနစ်မှာ အလယ်ဧရိယာတွင်မရှိပဲ အဆုံးသတ်ပိုင်းတွင်သာ တည်ရှိသည်ဟု ဆိုနိုင်၏။ မည်သို့ဆိုစေ ကျူးရှန်းယောင်နှင့် စုချန်းတို့နှစ်ယောက် သားရဲကြီး၏ လျှို့ဝှက်ချက်များကို သိရှိလိုသည်ဆိုပါက ထုတ်လုပ်ရေးဌာနနှင့် လက်ခံရေး၊ ဖြန့်ဖြူးရေးဌာနတို့အား ဖြတ်သန်းသွားရန် လိုအပ်ပေလိမ့်မည်။

ထိုသို့ခက်ခဲနေ၍လည်း ကျူးယွဲ့ယန်က ဟန့်တားလိုက်ခြင်းပင်။ သို့သော် စုချန်းနှင့်ကျုးရှန်းယောင်တို့၏ အတွေးထံတွင်တော့ စိတ်ကူးကိုယ်စီ ရှိနေခဲ့ကြလေပြီ။

အများပြည်သူနားခိုရာနေရာသို့ရောက်သည်နှင့် ကျူးရှန်းယောင်က စုချန်းအား တိုးတိုးလေး မေးလိုက်ပြန်သည်။

"ဘယ်လိုသဘောရသလဲ ရှင် ပုံပြောင်းပြီးစုံစမ်းရင်ရော"

စုချန်းက ခေါင်းခါပြလိုက်၏။

"မဟုတ်ဘူး ဒီနေရာက တခြားနေရာတွေနဲ့ မတူဘူး ကစဥ့်ကလျားမျှော်စဥ်ဟာလူပျံတော်တွေရဲ့ လျှို့ဝှက်ချက်များအများစုကို ထိမ်းသိမ်းထားတဲ့နေရာဖြစ်တဲ့အတွက် အထပ်တိုင်းဝင်ပေါက်တိုင်းမှာ ပုံပြောင်းတဲ့နည်းစနစ်ကို ထောက်လှမ်းနိုင်တဲ့ ကိရိယာတွေ နည်းလမ်းတွေအများကြီးတပ်ဆင်ထားမှာအမှန်ပဲ ဒါကြောင့် ကျုပ်တို့ ရှေ့တိုးလေလေ ပိုပြီးခက်လာလေလေ ဖြစ်နေလိမ့်မယ်"

ကျူးရှန်းယောင် ကသိကအောင့်ဖြစ်သွားပြန်သည်။

"ဒါပေမဲ့ လုံးဝမဖြစ်နိုင်ဘူးရယ်လို့တော့ မဟုတ်ဘူးမလား"

"အမှန်အတိုင်းပြောရရင် မဖြစ်နိုင်ဘူးကွ"

စုချန်းက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။

"ဒါပေမဲ့ ရှင်ပဲပြောတယ် အောက်ဆင်းကြည့်ချင်တယ်ဆို"

စုချန်း ရယ်မောလိုက်လေသည်။

"ကျုပ်က ကြည့်ရုံကြည့်ချင်တယ်လို့ပြောတာပါ မဖြစ်မနေ အတွင်းထဲကနေ အနီးကပ်ကြည့်ရမယ်လို့ ပြောတာမှ မဟုတ်ပဲ"

"ဒါဆို ကျွန်မတို့ ဘာလုပ်နိုင်တာများရှိမလဲရှင့်"

ကျူးရှန်းယောင်က မေးလိုက်ပြန်၏။

စုချန်းသည်အကြီးအကျယ် သိလိုစိတ်ပြင်းပြနေသော ကျူးရှန်းယောင်အား ပွေ့ဖက်ရင်း လေသံမျှဖြင့် ပြောလိုက်သည်။

"ရိုးရိုးလေးပါ ကျုပ်တို့ အပြင်ကနေ ပတ်ကြည့်လို့ရသားပဲ"

စုချန်း၏ စကားကြောင့် ကျူးရှန်းယောင် မျက်လုံးပြူးသွားလေသည်။

"ဘယ်လို အပြင်က ဟုတ်လား ရှင် ရူးများရူးနေလား ကမ္ဘာဦးမတိုင်မီသားရဲကြီးနဲ့ မျက်နှာချင်းဆိုင်မယ်ပေါ့ ဟုတ်လား"

အပြင်မှပတ်၍စူးစမ်းခြင်းသည် အရိုးဆုံးသောနည်းလမ်းဖြစ်သည်။ သို့သော် ကမ္ဘာဦးမတိုင်မီသားရဲကြီးများ၏ အမြင်တွင် လူသားအားလုံးသည် ပုရွက်ဆိတ်များပင် မဟုတ်ပါလား။

စုချန်း ပြုံးလိုက်၏။

"ဒါဉာဏ်မရှိရာကျမှန်း ကျုပ်ကိုယ်တိုင်လဲ သိပါတယ်လေ"

"ဟုတ်တာပေါ့ရှင့် ဒီကောင်ကြီး ဘယ်လိုပဲ အသိညဏ်မရှိဘူးပြောပြော သူအမှတ်တမဲ့ နှာချေလိုက်တာနဲ့တင် ကျွန်မတို့တတွေ အသက်ပျောက်သွားနိုင်တာပဲမလား ပြီးတော့ ဒီလို မတော်မဆဖြစ်ရပ်မျိုးတွေ ဖြစ်လာနိုင်မနိုင်ဆိုတာ ရှင် ဘယ်လိုလုပ်သိနိုင်မလဲဆိုတာလဲ မေးစရာရှိတယ်လေ"

"ဘယ်လို မတော်မဆဖြစ်ရပ်မျိုးမှ ဖြစ်မလာနိုင်ပါဘူးကွာ ဘာကြောင့်လဲဆိုတော့ အောက်မှာ လူပျံတော်အစောင့်တချို့ရှိနေတာကို ကျုပ် တွေ့လိုက်တာကိုး"

အမှန်တကယ်လည်း အောက်တွင် အစောင့်တချို့ရှိနေ၏။ သို့သော် အစောင့်အရေအတွက်မှာ မများလှ။ အနည်းငယ်သာ ဖြစ်လေသည်။ ဆိုလိုသည်မှာ စုချန်းအနေနှင့် သားရဲကြီးအနီးသို့ ထင်သလောက်အန္တရာယ်မများပဲ ချဉ်းကပ်နိုင်မည် ဖြစ်ပေလိမ့်မည်။

"ဒါပေမဲ့ ရှင် အနားရောက်သွားရင် သူတို့ ရှင့်ကို တွေ့သွားမှာပဲလေ"

စုချန်း ပြုံးလိုက်၏။

"ပြဿနာမရှိပါဘူး ကျုပ် ဖြေရှင်းနိုင်မှာပါ"

"သူတို့က ရှင် အနားကပ်ဖို့ ခွင့်မပြုရင်ကော"

"ကျုပ်တို့ဖြေရှင်းရမဲ့ ပြဿနာတချို့တော့ ရှိမှာပေါ့ကွာ ဒါပေမဲ့ အထပ်တိုင်းရဲ့ လုံခြုံရေးစနစ်တွေကို ကျော်ဖြတ်ပြီး ဖောက်ထွင်းရတာထက်စာရင် လွယ်မှာပါ"

"အို ဘာဖြစ်ဖြစ် ကျွန်မလဲ လိုက်ချင်သေးတာကိုး ရှင့်"

"မင်း ဟုတ်လား ဒီတခါတော့ မလိုက်ပါနဲ့ကွာ"

ဒါဆိုလဲ အကုန်လုံး အဆင်ပြေမယ်လို့ ရှင်ကတိပေးလေ"

ကျူးရှန်းယောင်က စုချန်း၏ နှာခေါင်းအား ချစ်စနိုးဖြင့် လိမ်ဆွဲရင်း ပြောလိုက်သည်။

"အခြေအနေမဟန်ရင်င် ကျုပ်အနေနဲ့ အဖြူရောင်မျှော်စင် ပို့ဆောင်ခြင်းနည်းစနစ်ကို သုံးနိုင်သားပဲ"

"အဖြူရောင်မျှော်စင် ပို့ဆောင်ခြင်းနည်းစနစ်က ကောင်းပါတယ် ဒါပေမဲ့ အဝေးကြီးကို တခါတည်းခုန်လို့မှ မရတာပဲရှင့်"

ကျူးရှန်းယောင်က စုချန်း၏ ပခုံးကို မှီနွဲ့ရင်း ပြောလိုက်၏။

စုချန်း ပြုံးလိုက်လေသည်။

"ဒါ အရင်တုန်းကပါကွာ"

ဟင်"

ကျူးရှန်းယောင် အံ့သြသွား၏။ ထိုအချိန်တွင် စုချန်းက ဖျတ်ခနဲ လှုပ်ရှားလိုက်လေရာ သူ့တကိုယ်လုံး ဖျတ်ခနဲ ပျောက်သွားပြီး တစ်ကီလိုမီတာ အကွာအဝေးတွင် ပေါ်ပေါက်လာလေသည်။ တချက်ခုန်သည်နှင့် ပေပေါင်း၃ထောင်တိုင် ရောက်သွားသည့်အတွက် ကျူးရှန်းယောင် မျက်လုံးပြူးသွား၏။

ထို့နောက် စုချန်းက နှစ်သိမ့်လိုက်လေသည်။

"ဘာမှစိတ်မပူပါနဲ့ကွာ ပိတ်လော့ရှိတဲ့အတွက် ကျုပ် မြင်ရသမျှ မင်း မြင်ရမှာပါကွာ သူယူထားတဲ့ကိုယ်ခန္ဓာက အလွန်ရှေးကျတဲ့ ပို့ဆောင်ဆက်သွယ်ရေးရုပ်သေးရုပ်ပဲ ဒီအတွက်ပဲ သူ့ကို တည်ဆောက်ထားတာ"

***

All Chapters