← Chapters

ခိုးကြောင်ခိုးဝှက်

Vol. 82 Ch. 814

ခိုးကြောင်ခိုးဝှက်

Vol. 82 Ch. 814

ညနေစာစားပြီးသည်နှင့် စုချန်းသည် အောက်သို့ဆင်းလာခဲ့၏။

သူ့ကိုယ်ခန္ဓာသည် မီးခိုးငွေ့တန်းသဖွယ် သွက်လက်ပေါ့ပါးစွာ ကွင်းပြင်ပေါ်သို့ ကျရောက်လာခဲ့လေသည်။

သားရဲကြီးကား ယခင်အတိုင်း လှည့်ပတ်လမ်းလျှောက်နေဆဲပင်။ သူ လမ်းလျှောက်ပုံမှာ နှေးကွေးသည်ဟု ထင်ရသော်လည်း ခြေတလှမ်းလှမ်းလိုက်တိုင်းဝယ် ပေထောင်ပေါင်းများစွာ ရောက်ရှိသွားလေသည်။

သာရဲကြီး၏ အမြန်နှုန်းကြောင့် ၎င်းကို စောင့်ကြပ်နေသော လူပျံတော်များအတွက်တော့ ပြဿနာကြီးပင်တည်း။ တကယ်တော့ လူပျံတော်အစောင့်များ၏ ရည်ရွယ်ချက်မှာလည်း သားရဲကြီးအား ကာကွယ်ရန်မဟုတ်ချေ။ ထိုအစား တခြားမျိုးစိတ်များ၏ ရန်မူလာမှုကို ကာကွယ်ရန်သာ ဖြစ်ပေသည်။

သူတို့အနေနှင့် သားရဲကြီးထွက်ပြေးသွားမည်ကို အနည်းငယ်မျှ ပူပန်ခြင်းမရှိ။ ဤသားရဲကြီးသည် ဤပုံစံ ဤခြေလှမ်းအတိုင်း လမ်းလျှောက်လာသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်လှပြီ မဟုတ်ပါလား။ မည်သို့ပင် လမ်းလျှောက်နေစေကာမူ သားရဲကြီးသည် လူပျံတော်များ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲပင်။

သို့ဆိုလျင် သားရဲကြီးလမ်းလျှောက်နေသည်ကို လူပျံတော်များအနေနှင့် အဘယ်ကြောင့် ရပ်တန့်စေခြင်း မရှိရလေသနည်း။ သို့မဟုတ် ရပ်တန့်ရန် မစွမ်းသာ၍ပေလော။

စုချန်း မစဥ်းစားတတ်တော့ပေ။

လက်ရှိတွင် စုချန်း၏ ရည်ရွယ်ချက်မှာ သားရဲကြီးအား အနီးကပ်ကြည့်လိုခြင်းပင်။ သူ ထိုသို့လုပ်လျင် လူပျံတော်များ မည်သို့တုံ့ပြန်လာမည်ကိုလည်း စုချန်းအနေနှင့် သိလိုသေး၏။

စုချန်းတယောက် သားရဲကြီးနှင့် မလှမ်းမကမ်းရှိသည့်အနေအထားသို့ ရောက်လာချိန်မှာပင် လူပျံတော်နှစ်ဦး ရုတ်ခြည်းထွက်ပေါ်လာပြီး ဟန့်တားလိုက်၏။

"ဟေ့ လူသား ဒါ ကန့်သတ်နယ်မြေကွ မင်း ပြန်သွားရင်ကောင်းလိမ့်မယ်"

စုချန်းသည် သူ့အောက်ရှိ သားရဲကြီးကို ဖျတ်ခနဲ လှမ်းကြည့်လိုက်၏။ သူ မြင်တွေ့နေရသည်မှာ လိပ်ကြီး၏ ကျောပေါ်ရှိ ကြီးမားလှသော အဖုအထစ်များပင် ဖြစ်သည်။ အဆိုပါ အဖုအထစ်များသည် တောင်ထွတ်ဖျားများနှင့်ပင် တူနေသေး၏။

"ကျုပ်အနေနဲ့ ကမ္ဘာဦးမတိုင်မီသားရဲကြီးကို တခါမှမမြင်ဖူးလို့ ကြည့်ချင်ရုံသက်သက်ပါဗျာ ကျုပ် သူ့ကို ဒုက္ခပေးနိုင်မယ်လို့တော့ ခင်ဗျားတို့ မယုံဘူးမလား"

စုချန်းက ရယ်မောရင်း ပြောလိုက်၏။

စုချန်း၏ စကားကြောင့် လူပျံတော်စစ်သားနှစ်ဦး ဝါးခနဲ ရယ်မောလိုက်ကြ၏။ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်လူသားတဦးက ကမ္ဘာဦးမတိုင်မီသားရဲကြီးကို မည်သို့ ဒုက္ခပေးနိုင်အံ့နည်း။ ထို့ကြောင့် စုချန်း၏ စကားက သူတို့အတွက် ရယ်စရာပင်။

လူပျံတော်စစ်သားတဦးက ပြန်ပြောလိုက်၏။

"လူသား မင်းဟာ လူပျံတော်မဟုတ်ဘူး ကြည့်ချင်ရင် အဲဒီကနေ ရပ်ပြီးကြည့် ဒီထက်ပိုပြီးတော့ ကျုပ်တို့ ခွင့်မပြုနိုင်ဘူး"

"အဲဒီလိုလား"

စုချန်းက ခေါင်းတဆတ်ဆတ်ညိတ်ရင်း ရေရွတ်လိုက်၏။

"ဒါဆိုရင်လဲ ရပါတယ်လေ"

သူ့အနေနှင့် ငြင်းဆန်ခြင်းမရှိ။ ထိုအစား စုချန်းသည် တိတ်တဆိတ်နှင့် ပုလင်းငယ်အတွင်းမှ သွေးစက်တချို့အား လိပ်ကြီး၏ ခေါင်းပေါ်သို့ လောင်းချလိုက်၏။ ၎င်းကို လူပျံတော်များ သတိပြုမိခြင်းမရှိချေ။ သားရဲလိပ်ကြီးမှာကား ပို၍ပင် သတိပြုမိခြင်းမရှိလိုက်။

ရုတ်ချည်းမှာပင် စုချန်း၏ ကိုယ်ပွားများ လိပ်ကြီးခေါင်းပေါ်တွင် ပေါ်ပေါက်လာတော့သည်။ လိပ်ကြီး၏ ဦးခေါင်းမှာ တောင်ကြီးတလုံးနှင့်တူနေပြီး ၎င်း၏ အရေပြားမှဆူးချွန်များမှာ တောင်ထွတ်ဖျားမှာသဖွယ် ထိုးထိုးထောင်ထောင်နှင့် ရှိနေ၏။ စုချန်း၏ ကိုယ်ပွားများသည် အဆိုပါဆူးချွန်များကြားတွင် ပျောက်ကွယ်နေလေရာ လူပျံတော်အစောင့်များ သတိမထားမိကြခြင်းပင်။

သို့သော် ကိုယ်ပွားအသီးသီး ဘာမှမလုပ်နိုင်ခင်မှာပင် လိပ်ကြီးထံမှ အလိုလိုထွက်ပေါ်နေသည့် ဖိအားများကြောင့် အစိတ်စိတ်အမွှာမွှာဖြစ်ကာ ပျောက်ကွယ်ကုန်ကြလေသည်။

ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လေသနည်း။

စုချန်း တိတ်တဆိတ် အံ့သြသွားတော့သည်။

ဤအတိုင်းဆိုလျှင် သူကိုယ်တိုင် ဆင်းသွားမှရပေတော့မည်။

ထိုအခါ စုချန်းက ရုတ်တရက် အံ့သြသွားသည့်ဟန်ဖြင့် လူပျံတော်စစ်သားနှစ်ဦးအား လှမ်းပြောလိုက်၏။

"ဟော ဟိုမှာ ကြည့်လိုက်စမ်းပါဦး"

လူပျံတော်စစ်သားနှစ်ဦး ဖျတ်ခနဲ နောက်လှည့် ကြည့်လိုက်ကြသည်။ မည်သည့်အရာမှမရှိ။

"ဟေ့ လူသား ဘာတွေ့လို့လဲကွ"

စုချန်းက စပ်ဖြီးဖြီးနှင့် ပြန်ဖြေလိုက်လေသည်။

"ဘာမှမဟုတ်ပါဘူးဗျ ဒီက ရှုခင်းက တော်တော်လှလို့ပါလေ"

သူတို့ရှေ့တွင် ရှိနေသူမှာ ကိုယ်ပွားသာဖြစ်ပြီး စုချန်းအစစ်က လိပ်ကြီးပေါ်သို့ ရောက်သွားပြီဖြစ်ကြောင်း လူပျံတော်စစ်သားနှစ်ဦးလုံး မရိပ်စားမိလိုက်ကြချေ။

သူ့ထံသို့ ပြင်းထန်လှသောဖိအားများ ကျရောက်လာကြောင်း စုချန်း ခံစားနေရ၏။ အဆိုပါဖိအားကြောင့် သူ့အနေနှင့် တိုက်ခိုက်ဖို့ဝေးစွ လမ်းပင်မနည်းလျှောက်နေရလေသည်။

ထိုထက်ပို၍ အံ့သြစရာကောင်းသည်မှာကား...

ကမ္ဘာဦးမတိုင်မီသားရဲကြီး...

စုချန်းတယောက် ကမ္ဘာဦးမတိုင်မီသားရဲကြီး၏ ဦးခေါင်းပေါ်တွင် လမ်းလျှောက်နေခဲ့ရပေပြီတည်း။

အသက်ရှင်လျက်ရှိသည့် ကမ္ဘာဦးမတိုင်မီသားရဲကြီးတကောင်၏ ကိုယ်ပေါ်တွင် မတ်တတ်ရပ်ခြင်းဟူသည် အလွန်ရူးမိုက်သောလုပ်ရပ်ဖြစ်သည်။ သို့သော် စုချန်းအတွက်တော့ ၎င်းမှာ အစမျှသာ ရှိသေး၏။

စုချန်းသည် သူ့နောက်ကို လှည့်ကြည့်လိုက်၏။ ကစဥ့်ကလျားမျှော်စင်သည် လိပ်ကြီး၏ ကိုယ်နှင့် မြဲမြံစွာ တွယ်ဆက်လျက်ရှိပြီး မျှော်စင်အခြေသည် လိပ်ကြီးကျောအား ဖောက်ဝင်လျက်ရှိ၏။ မျှော်စင်ပတ်ပတ်လည်တွင် မရေမတွက်နိုင်သော စစ်သားများ စောင့်ကြပ်လျက်ရှိလေသည်။

သို့တိုင်အောင် စုချန်းအနေနှင့် မျှော်စင်အနီးသို့ တိုးကပ်၍ စုံစမ်းလိုစိတ်ရှိနေဆဲပင်။ ထိုအခါ စုချန်း၏ တကိုယ်လုံးသည် အမှောင်ထုထဲတွင် ပျောက်ကွယ်သွားပြီး မျှော်စင်အနီးသို့ တရွေ့ရွေ့ချဥ်းကပ်လိုက်တော့သည်။

မျှော်စင်၏ ပတ်ပတ်လည်တွင်တော့ ကြေးနီမှန်များအား တပ်ဆင်ထား၏။ မူလပုံစံ၏ စွမ်းအင်ကြောင့် ကြေးနီမှန်များသည် ချာချာလည်လျက်ရှိပြီ အလင်းတန်းများအား တသမတ်တည်း ထုတ်လွှတ်ပေးလျက်ရှိလေသည်။

အဆိုပါအလင်းတန်းများသည် ပတ်ဝန်းကျင်အား စစ်ဆေးရန် လူပျံတော်များ အသုံးပြုသည့်နည်းစနစ်တခုပင်။ အဆိုပါအလင်းတန်းများ ထိမှန်ပါက စုချန်း၏တကိုယ်လုံး ဘွားခနဲ ပေါ်ထွက်လာလိမ့်မည်သာ။ သို့သော် အလင်းတန်းများအား ရှောင်ကွင်းသွားလာပါက မည်သည့်ပြဿနာမှမရှိဟု ယူဆရပေသည်။

ထိုအခိုက်မှာပင် စုချန်းက တစုံတရာအား တွေးမိပြီး သံသယဝင်သွား၏။ လူပျံတော်များသည် ဉာဏ်ကောင်းကြသည်မဟုတ်ပါလား။ မည်သည့်နည်းနှင့်မျှ ဤမျှပျင်းရိစရာကောင်းသော ကာကွယ်ရေးစနစ်မျိုးကို တပ်ဆင်ထားမည်မဟုတ်ပေ။ ဤသို့ဆိုလျှင် တခြားဖုံကွယ်ထားသည့် စနစ်များ ရှိနေနိုင်ပေသေးသည်။ တစုံတဦးသည် အလင်းတန်းများအား ရှောင်ကွင်းသွားလာပါက တကယ့်ထောင်ချောက်အတွင်း စင်းစင်းကြီး မိသွားလိမ့်မည်သာ။

ထိုအခါ စုချန်းက နေရာမှာပင် ရပ်တန့်ပြီး နောက်ထပ် ကိုယ်ပွားတကောင်ဖန်တီးကာ ရှေ့သို့တိုးသွားစေပြန်သည်။ ကိုယ်ပွားသည် စုချန်း၏ နည်းလမ်းအတိုင်း အလင်းတန်းကို ရှောင်ကွင်းကာ ရှေ့သို့တိုးသွားပြန်သည်။ ထိုအချိန်မှာပင် မည်သည့်နေရာက ပေါ်ထွက်လာမှန်းမသိသော အလင်းတန်းတခုက ကိုယ်ပွားအား ထက်ပိုင်းပြတ်သွားစေလေ၏။

ဟာ လက်စွပ်ကိုးကွင်းအဆင့် လေဟာနယ်ဓားပါလား...

အဆိုပါ အာကင်နာနည်းစနစ်ကား ခုခံရန်ခဲယဥ်းလှပြီး မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသ်ိနိုင်သည့်အလင်းတန်းက မည်မျှကောင်းမွန်သည့် ဖုံးကွယ်မှုကိုမဆို ဖော်ထုတ်နိုင်သည် မဟုတ်ပါလား။

လူပျံတော်များအနေနှင့် ဤနေရာတွင် ကာကွယ်ရေးစနစ်အတော်များများ တပ်ဆင်ထားမည်မှာ သေချာငလောက် ဖြစ်နေပေပြီ။

စုချန်းသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း ကျကျနနစဥ်းစားနေ၏။ သူရောက်ရှိနေသောနေရာသည် မျှော်စင်နှင့် ပေ၆၀၀၀အကွာအဝေးတွင် ရှိလေသည်။ အကယ်၍ သူသာ မျှော်စင်နှင့် ပေ၁၀၀၀အကွာအဝေးထိ ချည်းကပ်နိုင်ပါက အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်ကိုသုံးကာ မျှော်စင်အတွင်းသို့ ဝင်ရောက်နိုင်ဖွယ်ရှိနေ၏။ သို့သော် ပေ၅၀၀၀အကွာအဝေးကို ဖြတ်ကျော်နိုင်ရန်မှာကား ကြီးမားလှသော အခက်အခဲကြီးပင်။

အတန်ကြာအောင် စဥ်းစားပြီးနောက် စုချန်းက မူလလက်စွပ်အတွင်းမှ ဆေးပုလင်းက်ို ဆွဲထုတ်ပြီး ဂွတ်ခနဲ သောက်ချလိုက်၏။ အဆိုပါ ဆေးကား ဝိညာဥ်အားဖြည့်ဆေးရည်ပင်တည်း။ ယခုဆိုလျင် စုချန်းအနေနှင့် အားကောင်းလှသည့် စိတ်ဝိညာဥ်စွမ်းအင်ကိုသုံးပြီး သူ့ပတ်ပတ်လည်ရှိ အန္တရာယ်တိုင်းကို ထောက်လှမ်းနိုင်တော့မည် ဖြစ်သည်။

ဝိညာဥ်အားဖြည့်ဆေးရည်ကို သောက်ပြီးသည်နှင့် စုချန်း၏ စိတ်ဝိညာဥ်စွမ်းအင်သည် တဟုန်ထိုး တိုးပွားလာတော့သည်။ ထို့နောက် သူက ပတ်ပတ်လည်ရှိ ထောင့်တိုင်း၊ နေရာတိုင်းကို စိတ်ဝိညာဥ်စွမ်းအင်ကိုသုံးပြီး ထောက်လှမ်းလိုက်၏။

တဆက်တည်းမှာပင် စုချန်းသည် အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်ကိုသုံးကား ဆက်တိုက်ဆိုသလို လှုပ်ရှားလိုက်တော့သည်။ တနေရာအရောက်ာက်တွင်တော့ စုချန်း၏ နှလုံးအိမ်မှာ တင်းခနဲဖြစ်သွားပြီး မသိုးမသန့်နိုင်သော ခံစားချက်များ ဖြစ်ပေါ်လာ၏။ အန္တရာယ်ကတော့ ရှိနှင့်နေခဲ့လေပြီ။

ထိုအခါ စုချန်းက ချက်ချင်းပင် ခြေလှမ်းကို ရပ်တန့်ပြီး လမ်းကြောင်းပြောင်းလိုက်လေသည်။ အန္တရာယ်အငွေ့အသက်များ ပျောက်ကွယ်သွားခဲ့လေပြီ။ လေဟာနယ်ဓား၏ အန္တရာယ်ကို ပွတ်ကာသီကာမျှ ရှောင်တိမ်းလိုက်နိုင်ကြောင်း သူ သဘောပေါက်လိုက်၏။ သူ့ရင်အစုံမှာ တဒိန်းဒိန်းခုံနေပြီတည်း။

ထို့နောက် စုချန်းသည် သတိကြီးစွာထား၍ ရှေ့သို့ ဆက်လက်ချဉ်းကပ်လာခဲ့ပြန်၏။ လူပျံတော်များ၏ ကာကွယ်ရေးစနစ်များနှင့် ထောင်ချောက်များကား နေရာအနှံ့ပင်။ မည်သို့ဆိုစေ ဤတကြိမ်တွင် စုချန်း၏ အားကောင်းလှသော စိတ်ဝိညာဥ်စွမ်းအင်မှာ အတိုင်းထက်အလွန် အသုံးဝင်လာခဲ့ပေပြီ။ သူ့အနေနှင့် အန္တရာယ်တိုင်းကို သက်ရောက်မှုမရှိခင် ကြိုတင်ထောက်လှမ်းနိုင်လာခဲ့သည် မဟုတ်ပါလား။ သူ့အနေနှင့် စိတ်ဝိညာဥ်အာရုံခံမူလစွမ်းရည်များကို တတ်ကျွမ်းခြင်းမရှိသည့်တိုင် စိတ်ဝိညာဥ်အာရုံခံခြင်း၏ အခြေခံဥပဒေသများကို ဖမ်းဆုပ်နိုင်ခဲ့ပြီဟု စုချန်း၏ စိတ်ထဲတွင် ခံစားမိလေသည်။

အထက်ပါနည်းအတိုင်း တရွေ့ရွေ့ချည်းကပ်လာရင်းနှင့်ပင် စုချန်းသည် မျှော်စင်နှင့် ခြေလှမ်းသုံးထောင်အကွာအဝေးထိ ရောက်ရှိလာ၏။ ဤအနေအထားတွင် သူ့အနေနှင့် အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်ကို သုံးလိုက သုံးနိုင်ပေပြီ။

သို့သော် ထူးခြားသောအာရုံတခုကြောင့် စုချန်းအနေနှင့် လမ်းဆက်လျှောက်ရန်သာ ဆုံးဖြတ်လိုက်၏။ လမ်းတလျှောက်တွင်လည်း စုချန်းသည် ထောင်ချောက်များ၊ ကာကွယ်ရေးစနစ်များကို သတိကြီးစွာဖြင့် ရှောင်ရှားလာခဲ့၏။

အချိန်အတော်ကြာအောင် လမ်းလျှောက်ခဲ့ပြီး နောက်ဆုံးတွင်တော့ စုချန်းတယောက် မျှော်စင်၏ အဝင်ပေါက်ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်ရှိလာခဲ့တော့သည်။

***

All Chapters