အခန်း (၁၃၀-၁၃၂)
Vol. 9 Ch. 130-132
အခန်း၁၃၀- ကြီးကျယ်ခမ်းနားသော ဂုဏ်ထူးဆောင် နှစ်ယောက်ကို ချေမှုန်းခြင်း...
~"ဂျူနီယာညီလေးလုဟာ စစ်ဆေးရေးမျှော်စင် အတွင်းမှာ သူ့ရဲ့ခွန်အားကို အပြည့်အဝ မထုတ်ဖော်ခဲ့တာပါလား၊ ဒါပေမယ့် သူ့ခွန်အားကို အပြည့်အဝ သုံးထားရင် ကျင့်ကြံဖို့ အရင်းအမြစ်တွေ ထပ်ရှာနိုင်မှာ လေ..မဟုတ်ဘူးလား"ဟု ယွီကျင်းက သူ့ပါးစပ်ကို ဖွင့်လာသည်။
ထိုအခါ ကျန့်ဖန်က ယွီကျင်းကို လေးလေးနက်နက် အကြည့်ဖြင့် ကြည့်လိုက်ပြီး
"ဂျူနီယာညီလေးလုက လင်းလောင်တောင်ထိပ်သခင်မရဲ့ တိုက်ရိုက် တပည့်လေ အရင်းအမြစ်တွေ သူ လိုချင်တိုင်း ရတယ်၊ သူ့မှာ ချို့တဲ့တာ မရှိဘူး"
"..."
ယွီကျင်းနှင့် ဝမ်ချွမ်းလူ နှစ်ယောက်လုံး တိတ်ဆိတ်သွားပြီး အရှိုက်ပြင်းပြင်း ထိုးနှက်ခံရသလို ခံစားလိုက်ရသည်။
လုရီတို့နှစ်ယောက်ကြားက တိုက်ပွဲက သူတို့ပတ်ဝန်းကျင် ရာနှင့် ချီသော မီတာအကွာအဝေးအထိ ထိခိုက်ပျက်စီးစေခဲ့သည်။ သစ်ပင်များသည် တစ်ပင်ပြီးတစ်ပင် ကွဲအက်သွားကာ မြေပြင်မှာ တွင်းနက်ကြီးများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်နေပြီး ၎င်းတို့ကြားတွင် လေပြင်းများ တဟူးဟူး လည်ပတ်ပုံမှာ ဓားသဖွယ် ထက်ရှလှသည်။ တိုက်ပွဲက ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်လှသည်။
၎င်းအထဲကို ဘယ်သူမှ မဝင်ရဲကြပေ။
တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေတုန်း ခဏလောက် အကြာမှာ ရုတ်တရက် ခပ်ထေ့ထေ့ ရယ်သံ တစ်ခု ထွက်ပေါ်လာသည်။
"ဟားဟားဟား၊ ချင်လော့..ဒါ မင်းရဲ့ အစွမ်းအစ အကုန်ပဲလား"
ဤစော်ကား သောစကားကြောင့် အဝေးမှ ကောင်းကင်မြွေဂိုဏ်း၏ တပည့်များသည်် ဒေါသတကြီးဖြင့် ထိုလမ်းကြောင်းသို့ လှည့်ကြည့်လိုက်ကြသည်။
ရောက်ရှိလာသူကို မြင်သောအခါ တပည့်
များစွာ၏အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားသည်။ အသစ်လာသူကတော့ ရွှယ်ထျန်းဟန် ဖြစ်သည်။
ရွှယ်ထျန်းဟန်၏ လက်ထဲတွင် ကိုင်ထားသည်က လူဦးခေါင်း သုံးခု။
သူ့လက်ထဲမှ သေသူများ၏ မျက်လုံးများသည် ပြူးကျယ်လျက် ရှိနေပြီး ကြောက်ရွံ့မှုနှင့် နောင်တတရားတို့ကို အတိုင်းသား ပြသနေသည်။
ဝုန်း!!
ချင်လော့နှင့် လုရီတို့သည် နောက်တစ်ကြိမ် ဆိုက်ခိုက်နေကြစဉ် ဝုန်းခနဲ မြည်သံတစ်ခု ထွက်ပေါ်လာပြီး နှစ်ဦးစလုံး ထိခိုက်မှုမှ ဆုတ်ခွာသွားကြသည်။
ချင်လော့က သုန်မှုန်သည့် အမူအရာဖြင့်
ရွှယ်ထျန်းဟန်ကို အေးစက်စွာ ကြည့်ပြီး
"ဒီလူက အရမ်းသန်မာတယ်။ မင်းဝင်ရောက်စွက်ဖက်ရင်တောင် ပိုကောင်းမှာ မဟုတ်ဘူး"
ထိုအခါ ရွှယ်ထျန်းဟန်က မထီမဲ့မြင် မဲ့ပြုံး ပြုံးလိုက်ပြီး
"အသုံးမကျတဲ့လူက အမြဲတမ်း ဆင်ခြေပေးတတ်တယ်" ဟု ကဲ့ရဲ့လိုက်သည်။
ချင်လော့သည် သူ့ကိုယ်တဝိုက် ဝိညာဉ်စွမ်းအားတွေ ပြင်းထန်စွာ ထုတ်ဖော်လိုက်ပြီး အံကြိတ်ကာ အော်သည်။
" ရွှယ်ထျန်းဟန်..!မင်း သေလမ်း ရှာနေတာလား။"
ချင်လော့၏ ကြိမ်းမောင်းမှုကို
ရွှယ်ထျန်းဟန်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး
"နောက်တာပါ ညီအစ်ကိုချင် .. ငါ့စကားကို အတည်မယူနဲ့။"
သူသည် လုရီ ဆီသို့ အဝေးမှ လှမ်းကြည့်ကာ ဆိုးသွမ်းစွာ ပြုံးပြရင်း သူ့လက်ထဲက ခေါင်းပြတ်တွေကို လုရီထံ ပစ်လွှင့်လိုက်သည်။
"ဒါက မင်းအတွက် ကြိုဆိုတဲ့လက်ဆောင်ပဲ၊ လမ်းမှာ သူတို့နဲ့ တွေ့လို့ ငါ ဂရုစိုက်ပေးလိုက်တာလေ"
ရွှယ်ထျန်းဟန်၏လက်ထဲရှိ ခေါင်းများကို သူ ရောက်လာလာချင်း လုရီ သတိပြုလိုက်မိသည် ။
ဤသုံးယောက်သည် တိမ်ဖြူဂိုဏ်းမှ တပည့်များဖြစ်ပြီး အရှေ့တောအုပ် အပျက်စီး နယ်မြေ ဝင်ခွင့်တွင် သူ့အား အရှုံးဝန်ခံခဲ့သော ညီအစ်ကိုများ ဖြစ်သည်။ သူတို့အနက်မှ တစ်ယောက်မှာ ပြိုင်ပွဲတွင် ဒုတိယအဆင့် ဆွတ်ခူးသူ ယွီလင်းပင် ဖြစ်သည်။
ရွှယ်ထျန်းဟန်သည် ခေါင်းသုံးလုံးကို အပေါ်မှ ပစ်ချလိုက်သည်ကို မြင်လိုက်ရသည်နှင့် လုရီက လက် ဝှေ့ယမ်းလိုက်ပြီး နူးညံ့သိမ်မွေ့သော ဝိညာဉ်စွမ်းအားအမျှင်
တစ်ချောင်းက ခေါင်းများကို ထောက်ကာ မြေပြင်ပေါ်တွင် ညင်သာစွာ ချထား စေလိုက်သည်။
ကျန့်ဖန် နှင့် အခြားနှစ်ယောက်သည် လုရီ ၏နောက်သို့ ပြေးသွားကာ ခေါင်းသုံးလုံးကိုမြင်သောအခါ ယွီကျင်း၏ မျက်လုံးများ နီရဲလာကာ ကြေကွဲသံကြီးဖြင့် အော်သည်။
"ညိီအစ်ကိုဖန်!"
ညိီအစ်ကိုဖန်က ယွီကျင်း၏ သူငယ်ချင်းကောင်းတစ်ယောက်ပင်။
ဝမ်ချွမ်းလူနှင့် ကျန့်ဖန်တို့သည် ရွှယ်ထျန်းဟန်အား ဓားတစ်လက်လို ထက်ရှစွာ စိုက်ကြည့်ရင်း မျက်နှာများတွင် မုန်းတီးသော အမူအရာများ ပြည့်နှက်လာသည်။
ရွှယ်ထျန်းဟန်၏ မောက်မာသော မျက်နှာထက်ဝယ် မကြောက်မရွံ့သော အပြုံး
တစ်ပွင့် ပေါက်ဖွားလာပြီး ထိုသုံးယောက်သား၏ လူသတ်ရန် ရည်ရွယ်ချက်ကို လျစ်လျူရှုလိုက်သည်။
ရွှယ်ထျန်းဟန်သည် လုရီဆီသို့ သူ့လည်ပင်းကို ဖြတ်သော လက်ဟန်ပြကာဖြင့် ရယ်မောရင်း ခြိမ်းခြောက်လိုက်သည်။
"မင်း သူတို့နောက် လိုက်ရမယ်"
အေးခဲ ဆောင်းရာသီ တောင်ကြားမှ ကျင့်ကြံသူ မိန်းကလေးသည် မျက်မှောင်ကြုတ်ကာ ရွှယ်ထျန်းဟန်ကို ကြည့်ကာ မှတ်ချက်ချသည်။
" ရွှယ်ထျန်းဟန်က မောက်မာပြီး သွေးဆာလွန်းတယ်၊ ကြီးမားတဲ့ ကံကြမ္မာကို ဆွဲဆောင်မိမှာ သူ မကြောက်ဘူးလား?"
ထိုအခါ ဟန်ယွီက မိန်းကလေးအား ငြိမ်သက်နေသော အမူအရာဖြင့် ရှင်းပြလိုက်သည်။
"သွေးဝိညာဉ်ဂိုဏ်းရဲ့ ကျင့်ကြံခြင်းမှာသွေး အနှစ်သာရကို ဝါးမြိုဖို့ဟာ အဓိက စည်းမျဉ်း ဖြစ်တယ် ၊ဒါက ကျင့်ကြံသူရဲ့ အမူအကျင့်ကို ရှောင်လွှဲလို့ မရအောင် အကျိုးသက်ရောက်စေတာပဲ၊ သွေးဝိညာဉ်ဂိုဏ်းဟားတွေဟာ အများအားဖြင့် သွေးဆာနေတဲ့ လူသတ်သမားတွေပဲ"
"ဒီလို ကျင့်ကြံနည်းက တကယ့်ကို မကောင်းဆိုးဝါးဆန်တယ်"
တစ်ဖက်မှာတော့ ယွင်ရှီးက ရွှယ်ထျန်းဟန်ကို မြင်လိုက်ရတော့ သူမ ကိုယ်လေး
တဆတ်ဆတ် တုန်ယင်သွားကာ ဒေါသ
တကြီး အံကြိတ်ကာ ပြောသည်။
"ငါ ဒီလူယုတ်မာကို သတ်ချင်တယ်၊ ပြီးခဲ့တဲ့ အကြိမ်က ငါတို့ ပန်းတစ်သောင်းဂိုဏ်းရဲ့ ညီမတော်တော်များများကို သူက သတ်ပစ်ခဲ့တာ!"
ထိုအခါ.. ပန်းတစ်သောင်းဂိုဏ်းမှ တပည့်နှစ်ယောက်က ယွင်ရှီးကို အမြန်ဆွဲထားကာ
"အစ်မ ယွင်ရှီး! မလုပ်ပါနဲ့၊ ရှင်အဲဒီကို အခုသွားလို့ မရဘူးနော်"
လုရီက ဒူးထောက်ထိုင်ချလိုက်ကာ မြေပြင်မှ ခေါင်းသုံးခုအား မျက်လုံးတွေကို ညင်သာစွာ မှိတ်ပေးပြီး သက်ပြင်းချကာ ကတိပေးလိုက်သည်။
"အစ်ကိုသုံးယောက်၊ ခဏစောင့်ပါ၊ ဒီကောင်ကို ခင်ဗျားတို့နဲ့အတူ လိုက်ဖို့ ကျွန်တော် လွှတ်လိုက်မယ်"
လုရီ၏စကားကိုကြားတော့ ရွှယ်ထျန်းဟန်က ရူးသွပ်စွာ ရယ်မောလိုက်ပြီး
"ဟားဟားဟား.."
"မင်းလောက်နဲ့လား.. တကယ်လား? ငါ့ကို မနောက်နဲ့..ငါ့မှာ ဟာသအတွက် ကန့်သတ်ချက် တစ်ခုတော့ ရှိတယ်။"
လုရီက ရွှယ်ထျန်းဟန်ကို ဂရုမစိုက်ဘဲ
ကျန့်ဖန်နှင့် တခြားသူတွေဘက် လှည့်လိုက်ပြီး
"စီနီယာတို့၊ ကျေးဇူးပြုပြီး ကျွန်တော့်အတွက် ဒီအစ်ကိုသုံးယောက်ရဲ့ ခေါင်းကို ဂရုစိုက်ပေးပါ" ဟု မှာကြားလိုက်၏။
ယွီကျင်းက ခေါင်းညိတ်လိုက်ပြီး ခေါင်းသုံးလုံးကို ဂရုတစိုက် ကောက်ယူလိုက်သည်။
ထို့နောက် လုရီကို တစ်ချက် ပြန်ကြည့်မိရာ သူ၏ ရေခဲတမျှ အေးခဲလှသော အမူအရာကို မြင်လိုက်ရသဖြင့် သူတို့ သုံးယောက်သည် အကြီးအကျယ် ကျောချမ်းသွားကာ အဝေးဆီသို့ ခပ်မြန်မြန် ဆုတ်ခွာသွားကြသည်။
လုရီသည် ဒေါသထွက်နေနိုင်သည်ဟု
သူတို့ ခံစားမိကြသည်။
ထို့နောက် လုရီက လှည့်၍ ရွှယ်ထျန်းဟန် နှင့် ချင်လော့ကို စူးစူးစိုက်စိုက် ကြည့်လိုက်သည်။
"နှုတ်ဆက်ပွဲ ပြီးပြီလား။ မင်းရဲ့အဆုံးသတ်ကို တွေ့ဖို့ အဆင်သင့်ဖြစ်ပြီလား" ရွှယ်ထျန်းဟန်၏ အပြုံးက အရိုင်းဆန်လှသည်။
လုရီ၏ အမူအရာမှာ တည်ငြိမ်နေပြီး
"မင်းတို့အားလုံး စုစည်းလာဖို့ ငါစောင့်နေတာ၊ အခု နောက်ဆုံးတော့ မင်းတို့ကို တမလွန် လိုက်ပို့ပေးနိုင်ပြီ" ဟု ပြောလိုက်သည်။
ဒါကို ကြားတော့ ရွှယ်ထျန်းဟန်နှင့်
ချင်လော့ နှစ်ယောက်လုံး အေးစက်သည့်အမူအရာတွေ ဖြစ်သွားကြသည်။
"မင်းကများ..ခွေးကောင် သေချင်နေတာပဲ"
"မသိနားမလည်တဲ့ လူမိုက်၊ မင်းကို သွေးရုပ်သေးရုပ်အဖြစ် ငရဲကျအောင် လုပ်ပေးမယ်။"
သူတို့နှစ်ဦးလုံး ဝိညာဉ်စွမ်းအားများ ပြင်းထန်စွာ ထုတ်ဖော်ထားကြပြီး လုရီကို ပြေးဝင် တိုက်ခိုက်တော့မည် ဖြစ်သည်။
ထိုအချိန်တွင်ပင် လုရီ၏ ခန္ဓာကိုယ်မှ ရွှေဓား အလင်းတန်းများ ချက်ချင်း ဖွဲ့တည်လာပြီး ကောင်းကင်သို့ ပျံတက်သွား၏။
လေထဲသို့ ဖြတ်သန်းလာသော
ဓားအလင်းတန်းသည် လူနှစ်ယောက်ဆီသို့ ပျံသန်းလာသည်နှင့်အမျှ ၎င်းကြားမှ နေရာလွတ်သည် သူ့အလိုလို တွန့်လိမ်သွားသည်။
ရွှယ်ထျန်းဟန်တို့နှစ်ယောက်သား အမူအရာ သိသိသာသာ ပြောင်းလဲသွားကာ ဒေါသတကြီး မာန်သွင်းလိုက်ကြသည်။
ချင်လော့၏ ဝိညာဉ်ချပ်ဝတ်သည် ရွှေအိုရောင်အလင်းတန်းများဖြင့် တောက်ပနေပြီး သူ့ခန္ဓာကိုယ်ကို အကာအကွယ်ပေးလာသည်။
ထိုအချိန်တွင် ရွှယ်ထျန်းဟန်၏ဦးခေါင်းထက်တွင် သွေးနီရောင်ဝိညာဉ် ပုလဲတစ်ခု ပေါ်လာပြီး သွေးအလင်းများ တောက်ပကာ သူ့ရှေ့တွင် သွေးရောင်အကာအကွယ်လွှာတစ်ခု ဖြစ်တည်လာသည်။
မည်သို့ပင်ဆိုစေကာမူ အချည်းအနှီးဖြစ်ခဲ့သည်။ ရွှေဓားအလင်းသည် မယုံနိုင်လောက်အောင် ထက်ရှနေပြီး စစ်မှန်လောက ပြန်လည်ရောက်ရှိခြင်း အဆင့်
၏ မသေမျိုး ဓားချီနှင့်အတူ လုရီ၏
ဓားစိတ်ဆန္ဒ ငါးဆယ် ရာခိုင်နှုန်း နီးပါး ပါဝင်၍ ပြိုင်ဘက်မှ ထိထိရောက်ရောက် မရပ်တန့်နိုင်ပါ။
ချက်ချင်းဆိုသလိုပင်၊ ရွှေအိုရောင်အကာအကွယ်လွှာကို ဓားချီသုံးခု
ထိုးဖောက်လာသည်။အကာအကွယ်လွှာသည် ကွဲကြေသွားကာ ဓားအလင်းသည် ချင်လော့၏ ဝိညာဉ်ချပ်ဝတ်အား ထိုးဖောက်သွားပြီး ချင်လော့၏ ခန္ဓာသည် အပိုင်းပိုင်း ပြတ်တောက်သွားတော့သည်။
အခြားဓားချီလေးခုသည် သွေးအကာအကွယ်လွှာကို ထိုးဖောက်ဝင်ရောက်ကာ ရွှယ်ထျန်းဟန်၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။ ဓားချီသည် သူ့ကိုယ်ထဲသို့ ပေါက်ကွဲသွားသောအခါတွင်
ရွှယ်ထျန်းဟန်သည် သွေးမြူထုကြီး အဖြစ်သို့ ပေါက်ကွဲသွားသည်။
တိုက်ပွဲအား အဝေးမှ စောင့်စားနေကြသည် ကောင်းကင်မြွေဂိုဏ်းနှင့် သွေးဝိညာဉ်ဂိုဏ်း၏ တပည့်များ အကြီးအကျယ် ထိတ်လန့်သွားပြီး မျက်လုံးအစုံပြူးကျယ်သွားကြသည်။
"စီနီယာအစ်ကို ချင်..."
"ဒီလို..မဖြစ်နိုင်ဘူး ..စီနီယာအစ်ကို
ထျန်းဟန်!"
ထို့နောက် လူအုပ်ကြီးသည် မှင်သက်နေရာမှ အသိစိတ်များ ပြန်လည် ရရှိလာကာ
ဝရုန်းသုံးကား ထွက်ပြေးကြသော်လည်း နောက်အခိုက်အတန့်တွင် ရွှေဓားအလင်းပေါင်းများစွာ ဖြာကျလာကာ သွေးဝိညာဉ်ဂိုဏ်းနှင့် ကောင်းကင်မြွေဂိုဏ်း၏ တပည့်အားလုံးကို သတ်ပစ်လိုက်သည်။
ထို့နောက်တွင်...တောအုပ် တစ်ခွင်လုံး တိတ်ဆိတ် ငြိမ်သက်မှုသာ လွှမ်းခြုံထား တော့သည်။
အဝေးက ကျန့်ဖန်နှင့် သူ့အဖွဲ့.. အေးခဲဆောင်းရာသီ တောင်ကြားက လူအနည်းငယ်..၊ ပန်းတစ်သောင်းဂိုဏ်းက လူများ..
အားလုံးသည် အလွန်အမင်း အံ့ဩသော မျက်လုံးအစုံဖြင့် လုရီအား ကြည့်နေကြတော့သည်။
---------------
အခန်း၁၃၁-အသခ်ျေ ဝိညာဉ်နှင်းစက် တစ်သောင်းကျော်...
~ လေထုသည် တိတ်ဆိတ်သွားပြီး
အေးခဲဆောင်းရာသီ တောင်ကြားမှ ကျင့်ကြံသူ မိန်းကလေးက အနည်းငယ် တုန်ယင်သော အသံဖြင့်
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ..
ရွှယ်ထျန်းဟန်နဲ့ ချင်လော့က အစွမ်းထက်တာကို ဘာလို့ တိုက်ကွက် တစ်ကွက်တောင်တောင် ခံနိုင်ရည် မရှိနိုင်ရတာလဲ!"
နောက်ထပ် ကျင့်ကြံသူတစ်ယောက်ကလည်း အထစ်ထစ်အအဖြင့်..
ဝင်ရောက်ပြောဆိုလာသည်။
"လု..လုရီက လွန်ခဲ့တဲ့ တစ်နှစ်ကမှ အခြေခံအုတ်မြစ်တည်ထောင်ခြင်း နယ်ပယ်ကို ကျော်ဖြတ်သွားခဲ့တာ မဟုတ်ဘူးလား? သူ့အစွမ်းက ကြောက်စရာကောင်းလောက်အောင် ပြင်းထန်တယ်!"
ဟန်ယွီ၏ မျက်နှာသည် တင်းမာကာ အနည်းငယ် ဖြူဖျော့နေပြီး လုရီကို မမှိတ်မသုန် ကြည့်နေသည်။
ကျန်တပည့်များသည် တစ်ခုခုလွဲမှားနေသည်ကို ခံစားလိုက်ရပြီး ဟန်ယွီကို လှည့်ကြည့်ကာ စိတ်ထဲတွင် စိုးရိမ်စိတ်များ ပေါက်ဖွားလာသည်။
"ဂျူနီယာ ညီလေး ဟန်ယွီ..."
မှင်သက်နေရာမှ အသိစိတ် ပြန်လည်ဝင်လာပြီး..
ဟန်ယွီက တုံ့ပြန်လိုက်သည်။
"ကျွန်တော် အဆင်ပြေပါတယ်!"
သို့သော် အခြားတပည့်များက
ဟန်ယွီ၏ လက်ချောင်းများ အနည်းငယ် တုန်နေသည်ကို သတိပြုမိလိုက်ကြသည်။
သူတို့ချင်း အကြည့်ချင်း အကြည့်ချင်းဖလှယ်လိုက်ကြသော်လည်း စကား
အပိုမပြောရဲကြပေ။
တစ်ဖက်တွင် ယွင်ရှီးနှင့် သူမ၏ အဖော်
နှစ်ယောက်လည်း တူညီစွာ အံ့ဩသွားကြသည်။
ယွင်ရီး၏ ပန်းတစ်သောင်း ဂိုဏ်းမှ အဖော်နှစ်ယောက်မှာ ပါးစပ်လေး အဟသားနှင့် ငေးမောလျက်။
"သ..သခင်လေးလုက တကယ်ကို သန်မာလိုက်တာ"
"ရွှယ်ထျန်းဟန်နဲ့ ချင်လော့တို့ရဲ့ ခွန်အားက အစ်မယွင်ရှီးထက် မတိမ်းမယိမ်းပဲဂာ..ဒါပေမယ့် သူတို့ သခင်လေးလုရဲ့တိုက်ကွက်တစ်ခုတည်းကိုတောင် မခုခံနိုင်ဘူး"
သူမတို့၏ ခံစားရသော တုန်လှုပ်ချောက်ချားမှုသည် ကြီးမားလှသည်။
ယွင်ရှီးက လုရီကို တည့်တည့်စိုက်ကြည့်ပြီး ရေရွတ်သည်။
"ငါ့ခံစားချက်က တကယ်မှန်ပါတယ်၊ သူက ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်တယ်။ နည်းနည်းတော့ ကြောက်မိတယ်။"
ပန်းတစ်သောင်း ဂိုဏ်းမှ တပည့်
တစ်ယောက်က လျှာကလေး တစ်လစ်ထုတ်လိုက်ပြီး
"ငါတို့ ခုနက သခင်လေးလုနဲ့ မတိုက်မိခဲ့တာ ကံကောင်းတယ်၊ မဟုတ်ရင် ရပ်တန့်ဖို့ ခက်လိမ့်မယ်"
အခြားတစ်ယောက်က ခေါင်း
တဆတ်ဆတ်ညိတ်ကာ သဘောတူသည်။
လုရီက သွေးဝိညာဉ်ဂိုဏ်းနှင့် ကောင်းကင်မြွေဂိုဏ်း၏ တပည့်များကို သတ်ပြီးနောက်တွင် သူတို့၏ သိုလှောင် လက်စွပ်များကို ကောက်ယူရန် အရှေ့သို့ တက်လာခဲ့သည်။
ထိုအချိန်တွင်ပင် သွေးနီရောင်ဝိညာဉ်ပုလဲသည် အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး အဝေးသို့ အရှိန်အဟုန်ဖြင့် ထွက်ပြေးတော့သည်။
၎င်းကို မြင်လိုက်ရသော လုရီသည် မျက်လုံးများကို ကျုံ့လိုက်ပြီး ချက်ချင်းပင် သူ့ခန္ဓာကိုယ်သည် လျှပ်စီးတန်းအသွင် ပြောင်းလဲသွားပြီး သွေးနီရောင်ဝိညာဉ်ပုလဲ၏ ရှေ့တွင် ချက်ချင်းပင် ပြန် ပေါ်လာသည်။
သူသည် အနီးနားရှိ နေရာများကို စည်းချကာ သွေးနီရောင် ဝိညာဉ်ပုလဲကို သူ့လက်ထဲသို့ ဆွဲသွင်းလိုက်သည်။
သွေးနီရောင်ဝိညာဉ်ပုလဲသည် ပြင်းထန်စွာရုန်းကန်ခဲ့ရပြီး ၎င်းအတွင်းတွင် လုရီသည် ရွှယ်ထျန်းဟန်၏ ဝိညာဉ်ကို မြင်နိုင်သည်။
ယခုအချိန်တွင် ကြောက်ရွံ့မှုနှင့် ရူးသွပ်မှုအရိပ်အမြွက်သည် ရွှယ်ထျန်းဟန်၏မျက်နှာပေါ်တွင် ပေါ်လွင်နေ၏။
လုရီသည် မျက်ခုံးကို အနည်းငယ် ပင့်တင်လိုက်ပြီး နှုတ်ခမ်းပေါ်မှ အပြုံးရိပ်တစ်ခု ပေါ်လာသည်။
" စိတ်ဝင်စားဖို့ကောင်းပါလား၊ အခြေခံအုတ်မြစ် တည်ထောင်ခြင်းအဆင့်က ခန္ဓာကိုယ် ပျက်စီးပြီးတဲ့ နောက်မှာ ဝိညာဉ်ကို ထိန်းထားနိုင်တယ်ဆိုတော့.. ဒါက ဒီသွေးနီရောင်ဝိညာဉ်ပုလဲ ကြောင့်လား။"
သွေးနီရောင်ဝိညာဉ်ပုလဲသည် ပို၍ ပြင်းထန်စွာ တုန်ခါသွားကာ ရွှယ်ထျန်းဟန် ၏ မျက်နှာသည် အသည်းအသန် ကြောက်ရွံ့လာပြီး သွေးရူးသွေးတမ်း အော်ဟစ်လာသည်။
"လွှတ်စမ်း..ငါက သွေးဝိညာဉ်ဂိုဏ်းရဲ့ သခင်လေးပဲ .. ငါ့ကို သတ်လိုက်ရင် ဘာဖြစ်သွားမယ် ထင်လဲ၊ ယသွေးဝိညာဉ်ဂိုဏ်းနဲ့ တိမ်ဖြူဂိုဏ်းကြား စစ်ပွဲကြီးတစ်ခု ဖြစ်လာလိမ့်မယ်..!"
ဒါကို ကြားတော့ လုရီက မထီမဲ့မြင် ပြန်မေးသည်။
"ဟမ့်..,သွေးဝိညာဉ်ဂိုဏ်းနဲ့ တိမ်ဖြူဂိုဏ်းကြား စစ်ပွဲကြီးတစ်ခု ဖြစ်နေပြီးသားပဲကွ.. နောက်ပြီး မင်းက ငါ့ကို သတ်ဖို့ ကြံစည်နေတာ..ငါ မင်းကို လွှတ်ပေးစရာလား။
ဆုတောင်းလေ"
ထိုသို့ပြောဆိုနေစဉ် လုရီ၏ ဝိညာဉ်စွမ်းအားများ ပြင်းထန်လာပြီး မသေမျိုး ဓားချီက သွေးနီရောင် ဝိညာဉ်ပုလဲအတွင်းသို့ စိမ့်ဝင်စေကာ ရွှယ်ထျန်းဟန်၏ ဝိညာဉ်ကို ချက်ချင်း ချေမွပစ်လိုက်သည်။
လုရီသည် မှိန်ဖျော့နေသော သွေးဝိညာဉ်ပုလဲကို ကြည့်ကာ စိတ်ဝင်စားစရာကောင်းသော နတ်ဘုရား ဝိညာဉ်ရတနာ ဖြစ်မည်ဟု တွေးတောကာ ရွှယ်ထျန်းဟန်လိုပင် သူ့ဝိညာဉ်ကိုလည်း ကာကွယ်ရန် နည်းလမ်းရှိ၊ မရှိကို တွေးတောနေမိသည်။
.. ကဲ..နောက်မှ ဒီကိစ္စကို ငါ စဉ်းစားတော့မယ်။..
ထိုသို့ ဆုံးဖြတ်ပြီးနောက် လုရီသည် သွေးဝိညာဉ်ပုလဲကို သိမ်းဆည်းပြီးနောက် ကောင်းကင်မြွေဂိုဏ်းနှင့် သွေးဝိညာဉ်ဂိုဏ်း၏ တပည့်များ၏ ပိုင်ဆိုင်မှုကို စုဆောင်းရန် ဆက်သွားခဲ့သည်။
ချင်လော့ကိုယ်ပေါ်ရှိ ရွှေအိုရောင်ဝိညာဉ်ချပ်ဝတ်သည် အမှန်တကယ် အဖိုး ထိုက်တန်သော ရတနာတစ်ခု ဖြစ်သည်။ သို့သော် ကံမကောင်းစွာဖြင့်၊ ၎င်းကို တိုက်ရိုက် တိုက်ခိုက်မှုကြောင့် ကွဲအက်သွားသည်။
လုရီသည် သူမျှော်လင့်ထားသည်ထက် ပိုကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ထားသည့် မသေမျိုး ဓားသိုင်းမှ စစ်မှန်လောက ပြန်လည် ရောက်ရှိခြင်း အဆင့် ဓား စိတ်ဆန္ဒ ငါးဆယ်ရာခိုင်နှုန်း နှင့် အတူ စစ်မှန်လောက ပြန်လည် ရောက်ရှိခြင်း အဆင့်ဆန်းကြယ်ဓား ခုနစ်လက်တို့အား ပေါင်းစပ် ထုတ်ဖော်ခဲ့ခြင်းပင်။
လုရီက ဤမျှ ကြီးမားလှသော စွမ်းအားကို အသုံးပြုပြီးကတည်းက အချိန်အတော်ကြာခဲ့ပြီ ဖြစ်ပြီး ၎င်းကို ကောင်းစွာ မထိန်းထားနိုင်ခဲ့ပေ။
ကွဲအက်နေသော ရွှေအိုရောင်ဝိညာဉ်
ချပ်ဝတ်ကို ကြည့်ပြီး လုရီက တိုးတိုးလေး သက်ပြင်းချကာ ရေရွတ်သည်။
"နှမြောဖို့ ကောင်းလိုက်တာ"
မည်သို့ပင် ဆိုစေကာမူ၊ အခွင့်အရေး
ရလာပါက ရတနာများကို ပြန်လည်အသုံးပြု၍ ရနိုင်သည်ပင်ပင်။
ငွေအမြောက်အမြားဖြင့် ရောင်းချနိုင်သည်။သို့မဟုတ် အခွင့်အလမ်းပေါ်လာပါက အခြားသော ကောင်းကင်နှင့် မြေကြီးရတနာများဖြင့် ပြန်လည် ပြုပြင်နိုင်သည်။
လုရီသည် ဝိညာဉ် ချပ်ဝတ် ရတနာကိုလည်း သ်ိမ်းဆည်းရန် ဆုံးဖြတ်ခဲ့သည်။
ထိုအချိန်တွင် ကျန့်ဖန် နှင့် သူ့အဖော်နှစ်ယောက် လုရီထံ ချဉ်းကပ်လာသည်။
မြေပြင်ပေါ်ရှိ လူသေအလောင်းများကို ကြည့်ရှုကြပြီး သူတို့၏ အမူအရာများသည် တုန်လှုပ်သော အရှိန် မသေသေးသည့်အတွက် ရှုပ်ထွေးမှု အရိပ်အမြွက်တို့ ထင်ဟပ်နေဆဲ ဖြစ်သည်။
ကျန့်ဖန်က လုရီကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်ကာ ခါးသက်စွာ ရယ်မောလိုက်သည်။
"ဂျူနီယာ ညီလေးလု၊ မင်းရဲ့ ခွန်အားက.."
ကျန့်ဖန်က ခေါင်းခါလိုက်ရင်း ဆက်ပြောသည်။
"ငါ့ကိုယ်ငါ မြန်မြန်ဆန်ဆန် တိုးတက်နေပြီလို့ ထင်ခဲ့တယ်၊ မင်းနဲ့ နည်းနည်း နီးစပ်နိုင်မယ်လို့ ထင်ခဲ့တယ်။ မင်းရဲ့ တိုးတက်မှုက မင်းရဲ့ စီနီယာအစ်ကိုထက် အများကြီး တိုးတက်လာမယ်လို့ ငါ မမျှော်လင့်ထားဘူး။"
သူ့အနားတွင် ယွီကျင်းနှင့် ဝမ်ချွမ်းလူ တို့သည် ပို၍ပင် ရှုပ်ထွေးသော မျက်နှာအမူအရာများ ဖြစ်နေကြသည်။
ဝမ်ချွမ်းလူက အမူအရာ ကင်းမဲ့စွာဖြင့်ပြောလာသည်။
"နောက်ဆုံးတော့ ညီလေးလု ဘာလို့ လုံးဝ မကြောက်တာလဲဆိုတာ နားလည်ပါပြီ... ဒီလောက် ခွန်အားနဲ့ ငါလည်း ကြောက်မှာ မဟုတ်ဘူး "
ယွီကျင်းက ဝမ်ချွမ်းလူအား တစ်ချက်ကြည့်လိုက်သည်။
... ဒီကောင်က အရင်လို တုံ့ပြန်တာ မဟုတ်ဘူး..ဟု ယွီကျင်း တွေးလိုက်မိသည်။
ထိုအခါ လုရီ ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး
"အစ်ကိုတို့၊ ကိစ္စ ပြီးသွားပြီ"
ယွီကျင်းက သက်ပြင်းသဲ့သဲ့ချကာ
"အစ်ကိုဖန်းနဲ့ တခြားနှစ်ယောက်အတွက် သနားစရာပဲ" ဟု စိတ်မကောင်းသော အသံဖြင့် ပြောလိုက်သည်။
ဒါကို ကြားတော့ လုရီလည်း ခဏငြိမ်သွားသည်။
သူက "ရွှယ်ထျန်းဟန်ရဲ့ ခန္ဓာကိုယ် ကွဲအက်သွားတာ နာတာပဲ၊ မဟုတ်ရင်
စီနီယာ သုံးယောက်အတွက် အမှတ်တရ အဖြစ် သုံးနိုင်တယ်"
ယွီကျင်းက ဖျော့တော့စွာ ပြုံးပြီး
"မသေမျိုး လမ်းစဉ်က အမြဲတစေ အန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ်။ ငါတို့ရဲ့ စီနီယာအစ်ကိုသုံးယောက်က ရိုးရိုးစင်းစင်းပဲ ကံဆိုးသွားတာ။ မင်း သူတို့အတွက် လက်စားချေပေးတဲ့အတွက် သူတို့လည်း တမလွန်ကနေ ကျေနပ်နေမှာပါ"
လုရီက ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး
ဆက်မပြောတော့ဘဲ သူ့နှလုံးသားက အနည်းငယ် လေးလံလာသည်။
ကျင့်ကြံသူတို့သည် သာမန်လူတို့က
မနာလိုဖြစ်ကြရအောင်ပင် ကောင်းကင်ဘုံသို့ ပျံတက်ကာ မြေကြီးသို့ လွတ်ကင်းနိုင်၍ အသက်တာ ရှည်၍ ကြီးပွားချမ်းသာကြသော်လည်း ထိုသာမန်လူတို့က ကျင့်ကြံသူများ ရင်ဆိုင် ကြုံတွေ့ရသည့် အန္တရာယ်များကို မည်ကဲ့သို့ သိရှိနိုင်ပါမည်နည်း။
တစ်နေ့မှာ အားလုံး အဆင်ပြေပြီး နောက်နေ့တွေမှာ မထင်မှတ်ထားသော ဘေးဆိုးတစ်ခုအား ကြုံတွေ့ရနိုင်ပါသည်။
လုံလောက်သည့် ခွန်အားမရှိလျှင် ဘယ်တော့မှ မလွတ်မြောက်နိုင်ပေ။
လုရီသည် ဤအချက်ကို ဆင်ခြင်သုံးသပ်ပြီး လုံ့လစိုက်၍ ကျင့်ကြံရန် ပို၍ပင် စိတ်ပိုင်းဖြတ်မိသည်။
ပြင်းထန်သော ခွန်အားဖြင့်သာ သူကိုယ်တိုင်နှင့် သူ ကာကွယ်လိုသောသူများကို အာမခံနိုင်မည် ဖြစ်သည်။
ထိုအချိန်တွင် အလင်းတန်းများစွာ..သူတို့ ရှိနေရာသို့ ရိပ်ခနဲ တိုးဝှေ့လာသည်။
အေးခဲ ဆောင်းရာသီ တောင်ကြားက တပည့်များကို ဦးဆောင်နေသော ဟန်ယွီ..
တစ်ဖက်တွင် ပန်းတစ်သောင်း ဂိုဏ်းမှ တပည့်နှစ်ယောက်ကို ဦးဆောင်၍ လာသော ယွင်ရှီး...
ထိုလူရိပ်များသည် သူတို့ဆီသို့ ဦးတည် ပျံသန်း၍ လာနေသည်။
လုရီ၏ အမူအရာမှာ ငြိမ်သက်နေ၏။
ဟန်ယွီနှင့် သူ့အဖွဲ့၏ တည်ရှိမှုကို သူက ရှာတွေ့ခဲ့ပြီး ဖြစ်သည်။
စင်စစ်ဆိုရသော်.. သူတို့၏ ကျင့်ကြံခြင်းအများစုသည် ကောင်းကင်ဘုံမြွေဂိုဏ်းနှင့် သွေးဝိညာဉ်ဂိုဏ်းတို့နှင့် နှိုင်းယှဉ်ပါက ကွဲပြားသော အရှိန်အဝါရှိသည့် ရေခဲအခြေပြု မှော်စွမ်းရည်နှင့် နည်းစနစ်များအပေါ် အခြေခံထားသည် မဟုတ်ပါလော။
လုရီသည် သူ့ အမြင်ဖြင့် ခြားနားချက်ကို ပိုင်းခြားနိုင်လေသည်။
----------------
အခန်း၁၃၂-အသခ်ျေ ဝိညာဉ်နှင်းစက် တစ်သောင်းကျော်...
~ လူပေါင်းများစွာ ဆင်းသက်လာပြီး လုရီ ကို သူတို့မျက်လုံးထဲတွင်
ထိတ်လန့်တကြားခံစားချက်တို့ဖြင့် စိုက်ကြည့်နေကြသည်။
ရုပ်ရည် ချောမောသော ဆံပင်ဖြူ လူငယ်လေး ဟန်ယွီသည် မြေပြင်ပေါ်ရှိ အလောင်းများကို ငုံ့ကြည့်ရင်း လုရီကို စူးရှစွာ စိုက်ကြည့်ကာ ချီးကျူးလာသည်။
"တာအို ရောင်းရင်းလုရဲ့ အစွမ်းက အံ့ဩစရာပါပဲ၊ ငါတို့ဂိုဏ်းရဲ့ အကြီးအကဲတွေ ပြောတာ မှန်တယ်၊ တိမ်ဖြူဂိုဏ်းက မင်းရဲ့ လမ်းညွှန်မှုအောက်မှာ ပွင့်လန်းလာမှာပါ"
ထိုအခါ.. ယွင်ရှီး၏ လှပသောမျက်လုံးများကလည်း တောက်ပလာပြီး ချိမြစွာ ပြုံးကာ "လုရီ ၊ နင်က တကယ်ကို အံ့သြစရာပဲ" ဟု ပြောလိုက်သည်။
ထိုအခါ လုရီက ပေါ့ပေါ့ပါးပါး ရယ်လိုက်ပြီး ငြင်းဆန်သည်သည်။
"မင်းတို့ နှစ်ယောက်လုံး ငါ့ကို အရမ်းကို မြှောက်နေကြပါပြီ"
ဟန်ယွီက ခေါင်းယမ်းကာ
"ဒါပေမယ့် ရွှယ်ထျန်းဟန်နဲ့ ချင်လော့ကို သတ်လိုက်ခြင်းနဲ့ ဂိုဏ်းနှစ်ခုလုံးရဲ့ ဆယ်စုနှစ် နှစ်ခုကျော် ကြိုးပမ်းအားထုတ်မှုတွေက ချက်ချင်း ပျက်စီးသွားပြီ။ဒီကိစ္စက တိမ်ဖြူဂိုဏ်းကို ထိခိုက်စေလိမ့်မယ်"
လုရီက အနည်းငယ် ခေါင်းညိတ်ပြပြီး
"သူတို့က ငါ့ကို သတ်ချင်နေတာကိုး၊ ငါ..ပြန်တိုက်ခိုက်ရုံကလွဲလို့ ဘာတတ်နိုင်မလဲ၊ ပြီးခဲ့တာက ပြီးသွားပြီ။"
လုရီသည် ချင်လော့နှင့် ရွှယ်ထျန်းဟန်ကိုသတ်ပြီးနောက် ချင်းကျိုး၏ ဂိုဏ်းငါးဂိုဏ်း အုပ်ချုပ်သော ဒေသသည် ရုန်းရင်းဆန်ခတ် ဖြစ်နိုင်သည်ကို ဟန်ယွီက များများစားစား ထပ်မပြောတော့ပေ။
အထူးသဖြင့် သွေးဝိညာဉ်ဂိုဏ်းသည်
မကြာသေးမီက တိမ်ဖြူဂိုဏ်းနှင့် ထိပ်တိုက် တွေ့ခဲ့ပြီး၊ ယင်းဖြစ်ရပ်ကြောင့် ၎င်းတို့ကြားတွင် ကြီးမား ကျယ်ပြန့်သော စစ်ပွဲသည် ရှောင်လွှဲ၍ မရပုံ ပေါက်ခဲ့သည်။
ဟန်ယွီက ပေါ့ပေါ့ပါးပါး ရယ်မောရင်း
"တာအိုရောင်းရင်းလုရဲ့ ဂရုမစိုက်တတ်တဲ့ စရိုက်နဲ့ မာနက မင်းကို မိတ်ဖွဲ့ရကျိုးနပ်စေတယ်။ ကံမကောင်းစွာပဲ၊ ငါ့နောက်မှာ
အေးခဲ ဆောင်းရာသီ တောင်ကြားရှိနေလို့ပေါ့၊ မဟုတ်ရင် ငါ မင်းကို ကူညီဖို့ ဆန္ဒရှိပါတယ်"
"မင်းမှာ ရည်ရွယ်ချက်ကောင်း ရှိတာပဲ ငါ ဝမ်းသာလှပါပြီ"
ဟူ၍ လုရီက ပြန်ပြောသည် ။
ယွင်ရှီးသည် ဘေးနားမှ အတည်ပေါက်ကြီး အော်ဟစ်လာသည်။
"ငါပြန်သွားရင် ငါတို့ ပန်းတစ်သောင်းဂိုဏ်းက နင့်ကို သွေးဝိညာဉ်ဂိုဏ်းအတွက်တိုက်ထုတ်ဖို့ ကူညီပေးဖို့ အဘွားကို ကူပြောပေးမယ်"
သူမဘေးနားရှိ ပန်းတစ်သောင်းဂိုဏ်းမှ တပည့်နှစ်ယောက်သည် အနည်းငယ် မျက်နှာ ပျက်ယွင်းသွားကာ ယွမ်ရှီကို ခပ်မြန်မြန် ဆွဲခေါ်ကြသည်။
သူမတို့၏ စီနီယာ အစ်မဖြစ်သူသည်
မဆင်မခြင် လုပ်ပြန်ပါပြီ။
လုရီက ဒါကို အမှုမထားဘဲ ယွင်ရှီးကို ကျေးဇူးတင်ကြောင်း ရိုးရိုးရှင်းရှင်း ပြောကြားခဲ့သည်။
လုရီက ခပ်ကျဲကျဲ ရယ်လိုက်သည်။
"ဒါနဲ့ မင်းတို့ နှစ်ယောက်လုံးက တော်တော် သန်မာတယ်။ အားလပ်ရင် အတူတိုက်ခိုက်ပြီး မင်းတို့ နှစ်ယောက်ဆိီက အမြင်ချင်းဖလှယ်ချင်ပါတယ်။"
လုရီစိတ်ထဲတွင် ဟန်ယွီကို အနိုင်ယူရမည်ဟု အလုပ်ကို ချမှတ်လိုက်သောအခါ အလုပ်အတွက် ဆုကြေးများသည် အလွန်ရက်ရောကြောင်း တွေ့လာရသည်။
အသခ်ျေ ဝိညာဉ်နှင်းစက် အစက်နှစ်ဆယ်နှင့် ရေခဲ နှလုံးသားကြိုးမျှင်...
ဤသည်မှာ ရွေးချယ်ခံရသူ တစ်ဦးအနေဖြင့် ဆုကြေးပေးအပ်ခြင်းမှာ အမှန်တကယ် ကောင်းမွန်သည်ဟု ဆိုရမည်ဖြစ်သည်။
ထုံးစံအတိုင်း လုရီသည် ဟန်ယွီနှင့် ဆက်ဆံရေး တည်ဆောက်ရန် ဆန္ဒရှိနေသည်။ နောက်ထပ် အလဲအလှယ်အနည်းငယ်နှင့် သူ၏ ရေခဲ နှလုံးသားလည်း ယူဆောင်နိုင်မည်။
လုရီ၏စကားကိုကြားတော့ ဟန်ယွီနှင့်
ယွင်ရှီးတို့ နှစ်ဦးစလုံး သဘောတူပြီး ခေါင်းညိတ်လိုက်ကြသည်။
ဝေါင်း!!
ထိုသို့ အုပ်စုဖွဲ့ စကားပြောနေကြစဉ်မှာပင် ရုတ်တရက် ကျယ်လောင်သော သားရဲ ဟိန်းသံ ထွက်ပေါ်လာသည်။
မယုံနိုင်လောက်အောင် ကြောက်စရာကောင်းသည့် အရှိန်အဝါ ဖိစီးလာသော်
လုရီ၏ မျက်နှာက အနည်းငယ် ဖြူဖျော့သွားပြီး သူသည် အနည်းငယ် စိတ်လေးလံသွားသည်။
တခြားသူတွေက ပိုလို့တောင် အံ့သြသွားပြီး မျက်နှာတွေ ဖြူဖျော့သွားကြသည်။
"အလို..ဘာတွေ ဖြစ်နေတာလဲ?!"
ကျန့်ဖန်က ထိတ်လန့်တကြား အော်လိုက်ပြီး အသံ ထွက်လာသည့် လားရာ အရပ်ဆီသို့ စစ်ဆေးကြည့်လိုက်သည်။
"ဒီအသံက အပျက်အစီးနယ်မြေရဲ့ အလယ်ပိုင်းက လာတာပဲ!!"
မယုံနိုင်လောက်အောင် ထိတ်လန့်သွားပြီး ဟန်ယွီ၏ ပုံမှန်တည်ငြိမ်သော မျက်နှာပေါ်တွင် အံ့ဩရိပ်များ ပေါ်လာသည်။
လုရီနှင့် အခြားသူများ သည် လေထဲသို့ ခုန်တက်ကာ လေထု၌ မျောလွင့်ရင်း သူတို့၏ မျက်လုံးများရှေ့မှ မြင်ကွင်းကြောင့်အေးခဲသွားကြသည်။
ယခင်က သွေးထူထပ်သော မြူခိုးများဖုံးလွှမ်းနေသည့် အရှေ့ တောအုပ်အပျက်အစီး အလယ်ပိုင်းဒေသသည် ယခုအခါ ကြောက်မက်ဖွယ်ကောင်းသော သွေးနီရောင် အလင်းများဖြင့် လင်းလက်သွားခဲ့သည်။
အတွင်းပိုင်း၌.. နတ်ဆိုးတွေ ဖရိုဖရဲ ဖျက်ဆီးနေသလိုမျိုး သွေးမြူထုက တုန်ယင်နေသည်။
ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးကြီး နိုးထလာသကဲ့သို့ ထိုသွေးရောင်အလင်းတန်းများကြားမှ အလွန်အစွမ်းထက်သော တည်ရှိမှုတစ်ခုသည် တဖြည်းဖြည်း မြင့်တက်လာသည်။
အလယ်ပိုင်းဒေသတွင် ထိုပုံမမှန်မှုကြောင့်၊ အတွင်းဧရိယာမှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာပြီး ကြမ်းကြုတ်သည့် သားရဲများနှင့် မှော်သားရဲများသည် တစ်စုံတစ်ခုဆီမှ ထွက်ပြေးလာသကဲ့သို့ ဝရုန်းသုန်းကားဟိန်းဟောက်ကာ ပြေးလွှားလာကြသည်။
၎င်းအထဲ၌ လုရီသည် အပျက်အစီးထဲသို့ သူ ပထမဆုံးဝင်ရောက်စဉ်က တွေ့ခဲ့သော ဧရာမ ရွှေငှက်ကြီးကို တွေ့လိုက်သည်။
ကြီးမားသော ငှက်ကြီးသည် အသံနက်ကြီးဖြင့် တွန်ကျူးကာ အတွင်းပိုင်းမှ ပြေးလာစဉ် ကြီးမားသော မှော်သားရဲ၏ ပါးစပ်ဖွင့်ကာ မျိုချခြင်းကို ခံလိုက်ရသည်။
အစွန်အဖျားရှိ ကြမ်းကြုတ်သော သားရဲများသည် ကြောက်မက်ဖွယ် ကောင်းသော အရာတစ်ခုကို ကြုံတွေ့လာရသကဲ့သို့ တုန်လှုပ်နေကြသည်ကိုလည်း လုရီတို့ တွေ့လိုက်ရသည်။
"ဒါက ဘာလဲ?"
လူတိုင်း အလွန်ထိတ်လန့်သွားကြသည်။
ဝေါင်း!
နောက်ထပ် ဟိန်းဟောက်သံက အရင်ကထက် ပိုပြင်းထန်လာသည်။
သူတို့၏မျက်နှာသည် ဖြူဖျော့သွား၏။
လုရီသည် ထိပ်တန်းသားကောင်များနှင့် ကြုံတွေ့ရသကဲ့သို့ သူ့တစ်ကိုယ်လုံးတွင် သွေးများ စိမ့်ထွက်လုနီးပါး အေးစက်သွားသည်ကို ခံစားလိုက်ရသည်။
"သွားပြီ။ အပျက်အစီးနယ်မြေ ရုတ်ရုတ်သဲသဲ ဖြစ်နေတာ!"
တပည့်များစွာသည် ဖြူဖျော့သွားကာ မျက်နှာများတွင် ကြောက်ရွံ့ထိတ်လန့်မှုများနှင့် ပြည့်နှက်နေတော့သည်။
"အထဲမှာ အစွမ်းထက်တဲ့ သတ္တဝါတွေ ရှိတယ်လို့ ပြောကြတယ်။ အစွမ်းထက်တဲ့ ထူးခြားဆန်းပြားတဲ့ သားရဲတွေ အများကြီးပဲ၊ အခြေတည် ဝိဉာဉ် အဆင့်ရှိတဲ့
ပိုကြောက်စရာကောင်းတဲ့ သားရဲတချို့တောင် ရှိနိုင်တယ်။ ဒီအကောင်တွေ လွတ်လာရင် ငါတို့ ဘာလုပ်ကြမလဲ။"
ထိုအချိန်တွင် ကျန့်ဖန်နှင့် အခြားလူများ အားလုံး လုရီကို မတိုင်ပင်ထားဘဲ ပြိုင်တူ ကြည့်လိုက်ကြသည်။
"ညီလေးလု၊ ငါတို့ ဘာလုပ်သင့်လဲ"
ယွင်ရှီး နှင့် ဟန်ယွီ တို့အပြင် အခြားသူများကလည်း အဖြေရှာသလို လုရီကို အကဲခတ်လာကြသည်။
လုရီ၏ အမူအရာမှာ အနည်းငယ် တင်းမာသွားသည် ။
ငါ.. အရင်က ဒီလိုအခြေအနေမျိုးမှ မကြုံဖူးတာ။ ဘယ်လိုလုပ်ရမယ်ဆိုတာ ငါ ဘယ်လို သိထားပါ့မလဲ ။
သူ တော်တော် စိတ်ဖိစီးသွားသည်။
.. အပျက်အစီး နယ်မြေကို အခြားလူတွေ ဝင်တုန်းက ဘာလို့ ဒီလို အခြေအနေမျိုး
မကြုံဘဲ ငါ့မှ ဘာလို့ လာကြုံနေရတာလဲ။
ဒီလိုမျိုး ကံဆိုးလိုက်ခြင်း။ ..
လုရီသည် အသံ ထုတ်ဖော်လိုက်သည်။
"အတွင်းဧရိယာက မှော်သားရဲတွေ ကစဉ့်ကလျား ဖြစ်ကုန်ပြီ။ တောအစွန်ဟာမလုံခြုံတော့ဘူး။ မြောက်ဘက်မှာရှိတဲ့ လွတ်မြောက်နယ်မြေကို သွားကြရအောင်။ ဆယ်ရက်လောက်ကြာရင် ငါတို့ ထွက်သွားနိုင်ပြီ!"
ထိုအခါ တခြားသူတွေက အချင်းချင်း အကြည့်ချင်း ဖလှယ်ပြီး ခေါင်းညိတ်လိုက်ကြသည်။
ဤအခိုက်အတန့်တွင် ယွင်ရှီးက နည်းနည်း စိုးရိမ်သွားကာ မေးသည်။
"ကျန်တဲ့ လူတွေကိုကော ဘယ်လို လုပ်ကြမလဲ။"
အားလုံး တိတ်ဆိတ်သွားကြသည်။
သူတို့တွင် ကောင်းကင်ဘုံမြွေဂိုဏ်းကဲ့သို့ 'မိခင်နှင့်ကလေး အသံထုတ်လွှင့်မှုပန်းကန်လုံး ' မပိုင်ဆိုင်ထားသည့်အပြင် ဆက်သွယ်ရေးကျောက်စိမ်းပင်သည် အပျက်အစီး နယ်မြေအတွင်း၌ အသုံးမဝင်တော့ပေ။ သူတို့ ဒီကို ရောက်လာရသည့် တစ်ခုတည်းသော အကြောင်းပြချက်ကတော့ သွေးဝိညာဉ်ဂိုဏ်းနှင့် ကောင်းကင်မြွေဂိုဏ်း၏ လှုပ်ရှားမှုတွေကို ခြေရာခံခဲ့သည်သာ ဖြစ်ပါသည်။
သူတို့နှင့်အတူ မလိုက်လာသော တပည့်တို့သည် အဝေးမှာ ရှိနေကြသည်။
သူတို့နှင့် မတွေ့သူများပင် ရှိသေးသည်။
အခုအချိန်မှာတော့ အဆက်အသွယ် မလုပ်နိုင်ဘဲ တခြားလူတွေကို အလွယ်တကူ ဆက်သွယ်၍ မရတော့ချေ။
ထိုစဉ်.. ဟန်ယွီက ပြောလာသည်။
"သူတို့မှာ ဦးနှောက်ရှိရင် သူတို့လည်း အဲဒီလမ်းကို လျှောက်သွားလိမ့်မယ်။ ဖြစ်နိုင်ရင် ငါတို့က သူတို့လမ်းတစ်လျှောက် ပြေးရင်း လွှားရင်း တွေ့ဦးမှာ၊ သူတို့ကို ငါတို့ ရှာမတွေ့နိုင်မှတော့ ငါတို့ တတ်နိုင်သမျှ အရင်သွားလိုက်ဖို့ပဲ .."
လုရီက ထပ်လောင်းပြောသည်။
"တာအိုရောင်းရင်းယွီ ပြောတာမှန်တယ်။ ငါတို့က သူတို့နဲ့ တွေ့နိုင်ရင် အကောင်းဆုံးပဲ၊ မဟုတ်ရင်တော့..."
ထိုအဖွဲ့သည် တိတ်ဆိတ်သွားပြီးနောက် တောထဲသို့ ပြန်ဝင်ကာ သူတို့ကိုယ်သူတို့ အလင်းတန်းများအဖြစ်သို့ ပြောင်းလဲလိုက်ပြီး မြောက်ဘက်သို့ ဦးတည်သွားတော့သည်။
သူတို့သည် ကောင်းကင်မှာ မပျံသန်းရဲကြတော့ပါ။
ကောင်းကင်ယံမှာ ရက်စက်ကြမ်းကြုတ်သည့် သားရဲကြီးတွေ ပြည့်နှက်၍ နေသည် လေ။
တခြားသူတွေ မဆိုနှင့်၊ လုရီပင်လျှင်
၎င်းတို့၏ အာရုံကို ဆွဲဆောင်မိလျှင်
သူ့အသက်အတွက် အန္တရာယ်ရှိနိုင်သည်ဟု ခံစားမိသည်။
---------------