အူတိုင် ၁
Vol. 82 Ch. 815
စုချန်းသည် မျှော်စင်၏ အောက်ခြေရှိ ကာကွယ်ရေးစနစ်များကို ဖြတ်ကျော်ပြီး မျှော်စင်တွင်းသို့ ဖြတ်ဝင်လိုက်ရာ ကံဆိုးလှစွာပင် လူပျံတော်တဦးနှင့် တည့်တည့် တိုးမိတော့သည်။
ကံကောင်းသည်မှာ စုချန်းသည် ထိုအချိန်ထိ ဖုံးကွယ်ခြင်းနည်းစနစ်ကိုသုံးထား၍ အမှောင်ထုထဲမှာပင် ရှိနေသေး၏။ ထို့ကြောင့် လူပျံတော်အနေနှင့် စုချန်းကို မမြင်နိုင်။ သို့သော် စုချန်း၏ လှုပ်ရှားမှုကြောင့် လေလှိုင်းများ ထွက်ပေါ်လာလေရာ အဆိုပါ လူပျံတော်က လေလှိုင်းထွက်ပေါ်ရာနေရာကို ဖြတ်ရိုက်လိုက်၏။ လူပျံတော်၏ ရိုက်ချက်ကို စုချန်း ကမန်းကတန်းပင် ရှောင်တိမ်းလိုက်ရလေသည်။ ထို့နောက် လူပျံတော်က ရှေ့သို့တက်လာပြန်လေရာ စုချန်းတယောက် လူပျံတော်နှင့် ဝင်တိုက်မိခြင်းမရှိစေရာ ကြမ်းပြင်ပေါ် လှိမ့်ချရှောင်တိမ်းလိုက်ရပြန်သည်။
စုချန်းကား ချွေးပြန်နေခဲ့လေပြီ။
ထို့နောက် သူသည် တိတ်ဆိတ်စွာနောက်ဆုတ်ပြီး လူပျံတော်အား စောင့်ကြည့့်နေ၏။ လူပျံတော်သည် စုချန်းအား ကျော်ဖြတ်ပြီး အခန်းတခန်းအတွင်းသို့ ဝင်ရောက်သွားလေသည်။
ကစဥ့်ကလျားးမျှော်စင်၏ အောက်ဆုံးတထပ်လုံးမှာ ကြီးမားလှသောမူလပုံစံကွက်ကြီးဖြစ်ပြီး အခန်းတိုင်းသည် မူလပုံစံကွက်၏ အစိတ်အပိုင်းများအဖြစ်တာဝန်ထမ်းဆောင်လျက်ရှိကြသည်။ မူလစွမ်းအင်သည် ပုံစံကွက်ကြီးအား ဖြတ်သန်းစီးဆင်းလျက်ရှိ၏။
စုချန်း အံ့သြမိသည်မှာကား ဤနေရာတွင် တာဝန်ထမ်းဆောင်နေသူအများစုမှာ လူပျံတော်များအပြင် လက်မှုပညာသည်မျိုးစိတ်ဝင်များလည်း ဖြစ်နေကြခြင်းပင်။ ၎င်းတို့ကား လက်ချောင်းသုံးချောင်းပါ ဉာဏ်ရည်မြင့်မျိုးစိတ်ဝင်များ ဖြစ်ကြလေသည်။
လက်မှုပညာသည်မျိုးစိတ်ဝင်များသည် ၎င်းတို့အလုပ်တွင် အလွန်ပင်ထူးချွန်သူများဖြစ်ကြပြီး ကျောပေါ်မှတိုးထွက်လာသော တတိယလက်သည် ကျန်လက်နှစ်ချောင်းနှင့် ကောင်းမွန်စွာ ပူးပေါင်းလုပ်ဆောင်နိုင်ကြကုန်၏။ ၎င်းတို့၏ လက်ချောင်းများသည် အလွန်ပင်သွက်လက်မြန်ဆန်လှပြီး ထောင့်ချိုးအမျိုးမျိုသို့ ပြောင်းလဲလှုပ်ရှားနိုင်စွမ်းရှိလေရာ အသေးစိတ်ကျပြီး လက်ဝင်လှသောအလုပ်မျိုးနှင့် လွန်စွာသင့်တော်သည်မှာ ပြောစရာလိုတော့မည်မထင်ပေ။
အာကင်နာနိုင်ငံတော်ကြီးကောင်းစားခဲ့စဥ်က လက်မှုပညာသည်မျိုးစိတ်များသည် ကျန်ဉာဏ်ရည်မြင့်မျိုးစိတ်၅စိတ်ထက် ပို၍ အဆင့်အတန်းမြင့်မားသောအနေအထားတွင် ရပ်တည်နိုင်ခဲ့၏။ သို့သော် ၎င်းတို့၏ သူတပါးအပေါ် မှီခိုအားထားတတ်သောဗီဇကြောင့် ထိပ်တန်းအဆင့်သို့တော့ ဘယ်တော့မှမရောက်နိုင်ခဲ့ကြပေ။ ထို့ကြောင့် အာကင်နာနိုင်ငံတော်ကြီး ပျက်စီးသွားချိန်ဝယ် ၎င်းတို့ပါ ဒုက္ခသုက္ခရောက်ကုန်ကြတော့သည်။ နောက်ဆုံးတွင် ၎င်းတို့သည် ၎င်းတို့၏ စွမ်းရည်ကို အပူတပြင်းလိုအပ်နေသော လူပျံတော်များနှင့်အတူ အိမ်သစ်တလုံးကို ရှာဖွေတွေ့ရှိသွားတော့၏။
လက်မှုပညာသည်မျိုးစိတ်များသည် ကိုယ်ပိုင်နယ်မြေပိုင်ဆိုင်ထားခြင်းမရှိ။ ထို့ကြောင့် ၎င်းတို့အနေနှင့် ရှင်သန်ရပ်တည်နိုင်ရန် ၎င်းတို့စွမ်းရည်ကိုအသုံးချလိုသည့့် လူပျံတော်များ၊ ဝိညာဥ်မျိုးစိတ်များ၊ အဏ္ဏဝါလူသားမျိုးစိတ်များ အစရှိသည့်မျိုးစိတ်များအတွက် အလုပ်အကျွေးပြုကြရ၏။
လူသားများတွင် ထိုက်သင့်သလောက် ထူးချွန်ထက်မြက်သည့် လက်မှုပညာသည်များ ရှိနေ၏။ ထို့ကြောင့် လူသားများအနေနှင့် လက်မှုပညာသည်မျိုးစိတ်များ မလိုအပ်ချေ။ သတ်ဖြတ်သူများသည်ကား အရိုင်းဆန်ပြီး မည်သည့်တည်ဆောက်ရေးစွမ်းရည်ကိုမှာ လေးစားခြင်းမရှိ။
မည်သို့ဆိုစေ ကစဥ့်ကလျားးမျှော်စင်တွင် လက်မှုပညာသည်မျိုးစိတ်ဝင် အတော်များများ နေထိုင်ကြသည်ကတော့ အမှန်ပင်။
၎င်းတို့သည် ထူးထူးဆန်းဆန်းပုံစံပေါက်နေသည့် အရာဝတ္တုများ၊ ကန်များ၊ မီးဖိုများ၊ မူလပုံစံများကို တသမတ်တည်း ဝန်းရံလှည့်ပတ်လျက်ရှိကြ၏။ တခါတရံတွင် ၎င်းတို့ထံမှ ထူးဆန်းသော အော်သံများ ထွက်ပေါ်လာတတ်လေသည်။
ကြီးကြပ်သူလူပျံတော်တချို့မှာ အဆိုပါအော်သံများထွက်ပေါ်လာတိုင်း မှတ်တမ်းတင်လျက်ရှိ၏။
စုချန်းသည် မည်သည့်အတားအဆီးမှ မတွေ့တော့ပဲ ရှေ့သို့ဆက်လျှောက်လာခဲ့၏။ မျှော်စင်အတွင်းရောက်ပြီးကတည်းက သူ့အနေနှင့် မည်သည့်အန္တရာယ်မှ မတွေ့ရတော့ချေ။
သိပ်မကြာမီ ကြီးမားကျယ်ဝန်းသော အခန်းကြီးတခန်းကို စုချန်း မြင်လိုက်ရ၏။ မရေမတွက်နိုင်သော လက်မှုပညာသည်မျိုးစိတ်ဝင်များနှင့်လူပျံတော်များ အခန်းတွင်း ဝင်လိုက်ထွက်လိုက်လုပ်နေကြလေရာ အရေးကြီးသောတစုံတရာ အဆိုပါအခန်းတွင်း၌ ရှိနေပုံပေါ်ပေသည်။
ထို့နောက် ကြမ်းပြင်ဆီမှ ကြီးမားသောအရာကြီးတခု ထိုးထိုးထောင်ထောင် ထွက်ပေါ်နေကြောင်း စုချန်း မြင်ရပြန်၏။ အဆိုပါအရာသည် သွေးနီရောင်တောက်ပနေလေသည်။ များပြားလှသော လက်မှုပညာသည်မျိုးစိတ်ဝင်များ ၎င်းက်ိုဝိုင်းအုံရင်း ကြိုးစားပမ်းစား အလုပ်လုပ်နေကြ၏။
အခန်း၏ ထိပ် မျက်နှာကြက်ပေါ်တွင်တော့ နီလာခရမ်းနှင့်တူသည့် သလင်းကျောက်တုံးတစ်တုံး တွဲလောင်းချိတ်လျက်ရှိလေသည်။
အဆိုပါသလင်းသည် ကောင်းကင်မိုးသားနီလာခရမ်းဖြစ်ပြီး လွန်စွာရှားပါးသည့် စိတ်ဝိညာဥ်အမျိုးအစားသလင်းတမျိုးပင်။ အဆိုပါသလင်း၏ အလွန်သေးငယ်သောအစိတ်အပိုင်းလေးသည်ပင်လျင် မူလကျောက်တုံး မီလျံနှင့်ချီ၍ တန်ကြေးရှိပေသည်။ စုချန်းမြင်တွေ့နေရသည့်သလင်းမှာ လူကြီးတဦး၏ ဦးခေါင်းအရွယ်မျှပင် ရှိနေရာ တန်ဖိုးမဖြတ်နိုင်သည်မှာ သေချာနေ၏။ ပို၍ထူးခြားသည်မှာ အဆိုပါသလင်းမှာ ဝယ်ယူရန်အလွန်ခက်ခဲခြင်းပင်။ လူပျံတော်များ ဤသလင်းအား မည်သို့မည်ပုံရရှိခဲ့သည်ကို စုချန်း မည်သို့မျှ မတွေးတတ်တော့။
ကောင်းကင်မိုးသားနီလာခရမ်းသည် ခရမ်းရောင်မီးခိုးငွေ့များအား ထုတ်လွှတ်နေ၏။ တခါတရံ ၎င်းထံမှထွက်ပေါ်လာသည်ဟု ထင်ရသည့်အသံများကြောင့် စုချန်းတယောက် ဆံပင်မွေးများပင် ထောင်လာ၏။ ထူးဆန်းသောအသံများကြောင့် စုချန်း ပို၍ တုန်လှုပ်ကြောက်ရွံ့လာ၏။ အဆိုပါအကြောက်တရားကြောင့် သူ ငိုကြွေးလိုစိတ်များပင် ပေါ်ပေါက်လာလေသည်။ နှလုံးသားနံရံများအား အချိန်မီထုတ်သုံးကာကွယ်လိုက်၍သာ စုချန်း ခံသာသွားခြင်းပင်။
စုချန်းအား ရည်ရွယ်ထားခြင်းမဟုတ်သည့် အနှီအော်သံသည် ကြောက်စရာကောင်းလှပြီး စိတ်ဝိညာဥ်တိုက်ခိုက်မှုအဆင့်တွင် ရှိနေ၏။ ကောင်းကင်မိုးသားနီလာခရမ်း၏စွမ်းအင်မှာ ကြောက်ဖွယ်ရာကောင်းလှချေသည်တကား။
မည်သည့်သတ္တဝါမျိုးတွင် ဤသို့ကြောက်ဖွယ်ရာအရှိန်အဝါမျိုး ရှိနေသနည်း။ မဟုတ်မှလွဲရော ကမ္ဘာဦးမတိုင်မီသားရဲကြီးပေလော။
ခြောက်ခြားစရာအော်သံကြီးသည် မည်သည့်နေရာက ထွက်ပေါ်လာသနည်း။
ကစဥ့်ကလျားမျှော်စင်၏ အရေးကြီးသောလျှို့ဝှက်ချက်များအနက် တခု၏ သဲလွန်စကို မမျှော်လင့်ပဲ တွေ့ရှိခွင့်ရလေပြီဟု စုချန်း၏ စိတ်ထဲတွင် ခံစားမိလာ၏။
သို့သော်ငြားလည်း ထွက်ပေါ်နေသောအော်သံ၏ ဖိအားမှာ ပြင်းထန်လှ၏။ သာမန်အားဖြင့် အဆိုပါဖိအားကို တောင့်ခံရန်မှာ မလွယ်လှပေ။ သို့သော် လက်မှုပညာသည်များနှင့် လူပျံတော်များသည် အော်သံထွက်ပေါ်နေသည့်တိုင် သာသာယာယာပင်ရှိနေ၏။ မည်သို့ဖြစ်ရလေသနည်း။
ထိုအခါ စုချန်းက လက်မှုပညာသည်မျိုးစိတ်များအား အနီးကပ်ကြည့်ရှုလိုက်ရာ ၎င်းတို့အားလုံးသည် ထူးဆန်းသော လက်ဝတ်လက်စားတမျိုးကို ဝတ်ဆင်ထားကြောင်း တွေ့ရ၏။ အဆိုပါလက်ဝတ်ထံမှ စွမ်းအင်လှိုင်းတွန့်လေးများထွက်ပေါ်နေပြီး နီလာခရမ်း၏စွမ်းအင်အား ကန့်သတ်ပေးနေဟန်ပေါ်နေပေသည်။
"လက်စသတ်တော့ ဒီလိုကိုး"
တစုံတရာကို နားလည်သဘောပေါက်သွားဟန်ဖြင့် စုချန်း တီးတိုးရေရွတ်လိုက်၏။
နောက်ဆုံးတွင် စုချန်းတယောက် အခန်းထဲသို့ ဝင်ရောက်စူးစမ်းရန် ရူးရူးမိုက်မိုက်ပင် ဆုံးဖြတ်လိုက်၏။
သို့သော် အခန်းသို့ရောက်သည့်အချိန်မှာပင် အလင်းတန်းတခု ထွက်ပေါ်လာပြီး စုချန်းအား တည့်တည့်မတ်မတ်ပင် ထိမှန်သွားလေသည်။ အလင်းတန်း ထိမှန်သွားသည်နှင့်တပြိုင်နက် စုချန်းတကိုယ်လုံး ဘူးပေါ်သလို ပေါ်ပေါက်သွားတော့၏။
မျက်စေ့တမှိတ်အတွင်းမှာပင် အံ့သြထိတ်လန့်ဟန်အကြည့်များ စုချန်းပေါ်သို့ ကျရောက်လာတော့သည်။
စုချန်း အတော်လေး ထိတ်လန့်သွား၏။ ဤသို့ဖြစ်လာလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ချေ။
သူ ဘာလုပ်ရတော့မည်နည်း။ ဤနေရာမှာ ရှိသမျှသက်ရှိအားလုံးကို လက်စတုံးလိုက်လျှင် ကောင်းမည်လော။
စုချန်းတယောက်က် ထိုသို့တွေးတောနေစဥ်မှာပင် လက်မှုပညာသည်တဦးက ဦးညွှတ်ရင်း ပြောလိုက်သည်။
"ခင်ဗျားက ဆရာ မြစ်နေမင်းနဲ့တူတယ်"
ဟင်...
စုချန်း အံ့သြသွား၏။ ထိုအခါကျမှ ထူးခြားသောအလင်းတန်းကြောင့် သူ့ကျောပေါ်ရှိ ကျီးကန်းဘုရင်တောင်ပံများပေါ် ထွက်ပေါ်လာကြောင်း သတိပြုမိတော့သည်။
လက်မှုပညာသည်များ၏ အမြင်တွင်တော့ စုချန်းသည် ပီဘိလူပျံတော်တဦးပင်။
လူပျံတော်များ၏ ကာကွယ်ရေးစနစ်များသည် ပြင်ပရန်ကိုသာ ရည်စူးထားခြင်းဖြစ်သည်။ အတွင်းရန်ကို မရည်ရွယ်ချေ။ ဤမျှအရေးကြီးသောနေရာသို့ မည်သူတဦးတယောက်က်မျှ ထိုးဖောက်ဝင်ရောက်မလာနိုင်ဟု သူတို့အားလုံး ယုံကြည်ထားကြ၏။ ထို့ကြောင့် မျှော်စင်အောက်ဆုံးထပ်သို့ရောက်လာသောစုချန်းမှာ အရေးကြီးပုဂ္ဂိုလ်တဦးဟု အားလုံး ယူဆသွားကြခြင်းပင်။
ထိုအခါ စုချန်းက ချောင်းတချက်ဟန့်ကာ ချော်လဲရောထိုင် လုပ်လိုက်၏။
လက်မှုပညာသည်က တရိုတသေပင် အစီရင်ခံလိုက်သည်။
"ဆရာမြစ်နေမင်းခင်ဗျာ အရိပ်ပင်လယ်ကွင်းဆက်ကို လဲလှယ်ပြီးလို့ ကျုပ်တို့ နက်ရှိုင်းသလင်း ၃၁ခု စုဆောင်းရရှိထားပါတယ် ကျုပ်တို့ ဆရာ့ဆီ လက်လွှဲပေးရတော့မလားခင်ဗျာ"
စုချန်း ထပ်မံ အံ့သြသွားရပြန်သည်။
အရိပ်ပင်လယ်ကွင်းဆက် ဘာမှန်း စုချန်း မသိ။ သို့သော် နက်ရှိုင်းသလင်းကိုတော့ စုချန်း သိထား၏။ နက်ရှိုင်းသလင်းသည် ထူးခြားသော ဂုဏ်သတ္တိများရှိနေသည့် သလင်းတမျိုးပင်။
ကုန်ခန်းသွားသည့် မူလစွမ်းအင်များအား ပြန်လည်ဖြည့်တင်းရာတွင် အသုံးပြုနိုင်သည့် မူလသလင်းများနှင့် မတူသည်မှာ နက်ရှိုင်းသလင်းများသည် ကျင့်ကြံရာတွင် တိုက်ရိုက်အသုံးပြုနိုင်ခြင်းပင်။ ထိုမျှသာမကသေး နက်ရှိုင်းသလင်းသည် မူလပုံစံကွက်များ၊ ရုပ်သေးရုပ်များ၊ မူလကိရိယာများ အစရှိသည့် မူလစွမ်းအင်နှင့်ဆက်စပ်နေသောအရာတိုင်းအတွက် အရေးကြီးလှသော ပါဝင်ပစ္စည်းတမျိုးလည်း ဖြစ်နေပြန်သည်။ မူလကိရိယာတခုတွင် နက်ရှိုင်းသလင်းအား မြှုပ်နှံထားပါက အဆိုပါကိရိယာ၏ စွမ်းအင်မှာ မမျှော်မှန်းနိုင်လောက်သည့့် ပမာဏထိ မြင့်မားလာမည် ဖြစ်ပေသည်။
လူပျံတော်များသည် နက်ရှိုင်းသလင်းများအား တင်းတင်းကြပ်ကြပ်ပင် ကန့်သတ်ထိမ်းသိမ်းထား၏။ တစုံတဦးအနေနှင့် နက်ရှိုင်းသလင်းအား ရယူရန်နည်းလမ်းမှာ အားကောင်းသည့် လူပျံတော်တဦးအား သုတ်သင်ပြီး ၎င်း၏ လေဟာနယ်လက်စွပ်အား ရယူလိုက်ရန်ပင်။
လက်မှုပညာသည်၏ စကားကိုကြားသောအခါ စုချန်းက ဝမ်းသာမှုကို ထိန်းသိမ်းပြီး ပြောလိုက်၏။
"နေပါအုံး သိပ်လည်းအလျင်လိုစရာမလိုပါဘူးလေ ကျုပ်တို့ နည်းနည်းလောက် ပတ်ကြည့်ကြရအောင်"
မျှော်စင်၏ အတွင်းပိုင်း လုပ်ဆောင်ပုံများအား သူ့အနေနှင့် မြင်တွေ့လိုနေသည်မဟုတ်ပါလား။
စုချန်း၏စကားကိုကြားသောအခါ လက်မှုပညာသည်၏ မျက်နှာတွင် အံ့သြသင့်ဟန်ပေါ်လာ၏။ ပြီးမှ သူက မေးလိုက်လေသည်။
"ရပါတယ်ခင်ဗျာ ဒါနဲ့ ဆရာက ဘာကိုများကြည့်ချင်တာပါလိမ့်"
လက်မှုပညာသည်၏ တုံ့ပြန်မှုကြောင့် စုချန်း ထူးဆန်းသလိုခံစားလိုက်ရ၏။ ထို့နောက် သူက ခေတ္တစဥ်းစားဟန်ပြုပြီး ပြောလိုက်သည်။
"မျှော်စင်ဘယ်လိုအလုပ်လုပ်သလဲဆိုတာ ကျုပ် ကြည့်ချင်တယ် ဒါနဲ့ မင်းနာမည်ဘယ်လိုခေါ်သလဲ"
"ကျုပ်နာမည် တိမ်ပင်လယ်လုပ်သားပါခင်ဗျ"
"တိမ်ပင်လယ်လုပ်သား ဟုတ်လား ကျုပ်ကို ဒီတဝိုက်လှည့်ပတ်လိုက်ပြစမ်းပါကွာ ကျုပ် ခုမှ ဒီကိုရောက်တာဆိုတော့ ဘာတွေဘယ်လိုအလုပ်လုပ်သလဲဆိုတာ သိထားမှဖြစ်မှာပါ့"
တိမ်ပင်လယ်လုပ်သား အနည်းငယ် တွန့်ဆုတ်ဆုတ်ဖြစ်သွား၏။ ပြီးမှ သူက ပြောလိုက်လေသည်။
"ကောင်းပါပြီဗျာ"
စုချန်းတို့သည် ကစဥ့်ကလျားမျှော်စင်၏ အရေးအကြီးဆုံးနေရာသို့ ရောက်ရှိနေခြင်း ဖြစ်သည်။ မည်သို့ဆိုစေ မျှော်စင်၏ စက်ယန္တယားစနစ်များ အလုပ်လုပ်နေပုံကို သူ့အနေနှင့် မျက်ဝါးထင်ထင် မြင်တွေ့ခွင့်ရလေပြီ။ သို့သော် မြင်ရတိုင်း နားလည်သည်ဟုတော့ မဆိုလိုပေ။ စုချန်းကလည်း နားမလည်ရှိသည်တိုင်းကို ထပ်ခါထပ်ခါမေးလိုက်၏။ တိမ်ပင်လယ်လုပ်သားကလည်း ထူးချွန်ပုံရလေသည်။ စုချန်း၏ မေးခွန်းတိုင်းအတွက် သူ့တွင် အဖြေရှိနေသည် မဟုတ်ပါလား။
မေးရင်းမြန်းရင်းစူးစမ်းရင်းနှင့်ပင် ညဏ်ရည်မြင့်မျိုးစိတ်တိုင်း သိချင်နေသည့် မေးခွန်း၏ အဖြေမှာ ရုပ်လုံးပေါ်စပြုလာ၏။
ယခုအချိန်ထိ အဘယ်ကြောင့် ကမ္ဘာဦးမတိုင်မီသားရဲကြီးတကောင် အသက်ရှင်နေရသနည်း။
အဖြေမှာ အရိပ်ပင်လယ်ကွင်းဆက် ၊ တနည်းအားဖြင့် အကန့်အသတ်မဲ့မူလပင်လယ်ပင်တည်း။
အကန့်အသတ်မဲ့မူလပင်လယ်ဟူသည် မူလကမ္ဘာကြီးတခုလုံး၏ မူလစွမ်းအင်ရင်းမြစ်ဖြစ်ပြီး သီးခြားလေဟာနယ်တခုထဲတွင် တည်ရှိနေ၏။ ထို့နောက် ၎င်းသည် လေဟာနယ်အက်ကွဲကြောင်းများမှတဆင့် မူလစွမ်းအင်အား မူလကမ္ဘာကြီးတခုလုံးသို့ ပျံ့နှံ့စေလေသည်။
မူလကမ္ဘာကြီးဝယ် မူလစွမ်းအင်များ အဘယ်ကြောင့် လျော့နည်းလာသနည်းဟူသော် အကန့်အသတ်မဲ့မူလပင်လယ်သည် တသမတ်တည်းရွေ့လျားနေပြီး မူလကမ္ဘာနှင့် တဖြည်းဖြည်း ပိုဝေးလာသောကြောင့်ဟုသာ ဆိုရပေလိမ့်မည်။
လူပျံတော်များ၏ မိုးပျံမြို့တော်သည် တည်ရှိရာနေရာမှ ရွေ့လျားနိုင်စွမ်းမရှိပေ။ ထို့သို့ ရွေ့လျားနိုင်စွမ်းမရှိ၍လည်း အကန့်အသတ်မဲ့မူလပင်လယ်ထံမှ မကုန်မခန်းနိုင်သော စွမ်းအင်အထောက်အပံ့များ ရရှိနိုင်ခဲ့ခြင်းပင်။
မိုးပျံမြို့တော်သည် မအောင်မြင်သောစမ်းသပ်မှုဟု ဆိုနိုင်သည့်တိုင် လူပျံတော်များအနေနှင့် ထိုအနေအထားမှ များစွာသင်ယူနိုင်ခဲ့၏။ ထိုအတွေ့အကြုံကြောင့်ပင် အကန့်အသတ်မဲ့မူလပင်လယ်ထံမှ မူလစွမ်းအင်များ မည်သို့ထုတ်ယူရမည်ကို လူပျံတော်များ ကြံဆနိုင်ခဲ့၏။
သို့ဆိုလျင် အဆိုပါ အသိပညာကို နောက်ထပ်မိုးပျံမြို့တော်တည်ဆောက်ရန် လူပျံတော်များအနေနှင့် အဘယ်ကြောင့် အသုံးမချနိုင်အံ့နည်း။
***