စာပေဝိုင်းဖွဲ့ပွဲသို့ ဖိတ်ကြားခြင်း
Vol. 42 Ch. 617
သူ လှမ်းကြည့်လိုက်တော့ အန်းယာတစ်ယောက် တော်တော်လေး ယစ်မူးနေပုံရသည်။ သူမရဲ့ မျက်ဝန်းလေးတွေက အရည်လဲ့လို့ တလက်လက်တောက်ပနေပြီး ချစ်စဖွယ်ပါးပြင်လေးတွေကလည်း ပန်းသွေးရောင် သန်းလို့နေသည်။
ဒီအကြောင်းအရာကိုတော့ ပေါ့ပေါ့ဆဆ စကားစလို့ မဖြစ်သေးဘူး... ချင်ဖုန်းက မျက်ခုံးတစ်ချက်ပင့်ကာ ခဏစဉ်းစားလိုက်ပြီးမှ ရုတ်တရက် ဟက်ဟက်ပက်ပက် ရယ်မောလိုက်တော့သည်။
အန်းယာက နားမလည်သလို ရှုပ်ထွေးနေသော အမူအရာဖြင့် မေးလိုက်သည်။
"ဘာတွေရယ်နေတာလဲ"
ချင်ဖုန်းက ရှင်းပြလိုက်သည်။
"ကျွန်တော် စိတ်ဝင်စားစရာတစ်ခုကို သွားသတိရလို့ပါ။ အရင်ခေတ်က သိုင်းဝတ္ထုတွေထဲမှာ အမျိုးသမီးဇာတ်ဆောင် တစ်ယောက်က တစ်စုံတစ်ယောက်ရဲ့ ကယ်တင်ခြင်းကို ခံရရင် ဘယ်လိုတုံ့ပြန်လေ့ရှိလဲဆိုတာ ခင်ဗျားသိလား။"
အန်းယာက စူးစမ်းစွာ မေးသည်။
"ဘယ်လိုတုံ့ပြန်လို့လဲ"
"ပထမတစ်မျိုးက သူ့ကို ကယ်တင်တဲ့ ယောကျာ်းက ရုပ်ရည်ချောမောပြီး ခန့်ညားတယ်ဆိုရင် အမျိုးသမီးဇာတ်ဆောင်က 'ဒီကျေးဇူးကိုတော့ ကျွန်မ ပြန်ဆပ်နိုင်မှာ မဟုတ်တော့ဘူး၊ ဒီခန္ဓာကိုယ်နဲ့ပဲ ပေးဆပ်ပါရစေတော့' လို့ ပြောလိမ့်မယ်။"
"ဒုတိယတစ်မျိုးကတော့ သူ့ကို ကယ်တင်တဲ့ ယောကျာ်းက ရုပ်ရည်မချောပဲ ဒါမှမဟုတ် နည်းနည်းတောင် အရုပ်ဆိုးတယ်ဆိုရင် အမျိုးသမီးဇာတ်ဆောင်က အကြောင်းပြချက်တစ်မျိုး ပြောင်းသွားရော... 'ဒီကျေးဇူးကိုတော့ ကျွန်မ ပြန်ဆပ်နိုင်မှာ မဟုတ်တော့ပါဘူး၊ ကျွန်မကို အစေခံတစ်ယောက် အဖြစ်နဲ့ပဲ လက်ခံပေးပါတော့' တဲ့။"
"အခု ခင်ဗျားက ကျွန်တော့်အပေါ် ကျေးဇူးတင်နေပြီး ကိုယ့်ကိုယ်ကိုယ် ပေးဆပ်ဖို့ စဉ်းစားနေပုံထောက်ရင်... ကျွန်တော်က ပထမအမျိုးအစားထဲမှာ ပါနေတယ်လို့ ပြောရမှာပဲ။"
ဒီစကားကိုကြားတော့ အန်းယာက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီးမှ ခစ်ခနဲ ရယ်မောလိုက်သည်။
"ကျောင်းအုပ်ချင်ကတော့ တကယ်ကို စကားတတ်တာပဲ၊ လျိုကျန့်လီနဲ့ နဂါးမျိုးနွယ်က မိန်းကလေးတွေရဲ့ နှလုံးသားကို ဘာလို့ ပိုင်ဆိုင်နိုင်လဲဆိုတာ အခုမှပဲ သိတော့တယ်။ နောက်ထပ် ကံဆိုးမယ့် မိန်းကလေးက ဘယ်သူဖြစ်မလဲပဲ ကျွန်မ စဉ်းစားနေတာ။"
ချင်ဖုန်းက လက်ကာပြလိုက်သည်။
"မိန်းမနှစ်ယောက် ရထားတာနဲ့တင် ကျွန်တော်ကတော့ ကျေနပ်နေပါပြီဗျာ၊ ဘယ်မှာလဲ တခြားမိန်းကလေးတွေကို ဆက်ပြီး ပရောပရည်လုပ်ရဲတော့မှာလဲ။"
အန်းယာ့မျက်နှာအမူအရာက ခပ်ယဲ့ယဲ့ဖြစ်သွားပေမဲ့ ချက်ချင်းပင် ပုံမှန်ပြန်ဖြစ်သွားကာ ပြုံးလျက်သားဖြင့် ဆိုသည်။
"ဒါလည်း ဟုတ်တာပဲ။ ကျောင်းအုပ်ချင်ရဲ့ မိန်းမနှစ်ယောက်ဆိုတာ... ဒီလောကကြီးမှာ ဘယ်ယောကျာ်းမဆို သူတို့ထဲက တစ်ယောက်ကို ပိုင်ဆိုင်ရရင်တောင် နိုးနေရဲ့သားနဲ့ အိပ်မက် မက်နေတယ်လို့တောင် ထင်မိမှာပဲ။"
"ကဲပါ... ဒါတွေ ဆက်မပြောကြတော့ဘူး။ အစားအစာတွေ အေးကုန်တော့မယ် မြန်မြန် စားကြရအောင်။ ဒါတွေအားလုံးက ကျွန်တော်ရဲ့ လရောင်ခြည်ပြခန်းက အကောင်းဆုံး ဟင်းလျာတွေချည်းပဲ။"
"ဒါဆိုရင်တော့ ကျွန်မလည်း အားမနာတော့ဘူး။"
စိတ်ကျေနပ်ဖွယ် နေ့လယ်စာကို သုံးဆောင်ပြီးနောက် အချိန်လည်း တော်တော်လင့်နေပြီဖြစ်၍ ချင်ဖုန်းက အန်းယာနှင့်အတူ သာယာပညာသင်ကျောင်းသို့ ပြန်ရန် ပြင်ဆင်လိုက်သည်။
သို့သော် အန်းယာက အတော်လေး သောက်ထားပုံရပြီး ယစ်မူးနေဟန် မပြယ်သေးပေ။ သူမက ဆိုသည်။
"ရှင် အရင်ပြန်နှင့်ပါလား။ ရှင့်ကျောင်းက စာသင်ချိန်တွေကို ကျွန်မက ယူထားရတာဆိုတော့ ကျွန်မ နည်းနည်း နောက်ကျမှ ပြန်လည်း ကိစ္စမရှိပါဘူး။"
ချင်ဖုန်းက စိုးရိမ်တကြီး မေးလိုက်သည်။
" နားနေဖို့အတွက် အခန်းတစ်ခန်းလောက် ကျွန်တော် စီစဉ်ပေးရမလား။"
အန်းယာက ခေါင်းခါလိုက်သည်။
"ကျွန်မ ဒီမှာပဲ ခဏနားလိုက်ပါ့မယ်။ အချိန်မစောတော့ဘူး ရှင်လည်း မြန်မြန်ပြန်တော့။"
သူမက ခေါင်းမာမာဖြင့် ပြောနေသည်ကို မြင်တော့ ချင်ဖုန်းလည်း ဆက်မတိုက်တွန်းတော့ပေ။ စားပွဲထိုးကို သေချာမှာကြားပြီးနောက် သူ နှုတ်ဆက်ကာ ထွက်ခွာသွားတော့သည်။
သီးသန့်အခန်းထဲတွင် အန်းယာတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။
ပြတင်းပေါက်ကို မှီရင်း သူမက လမ်းမပေါ်က ချင်ဖုန်းရဲ့ ထွက်ခွာသွားတဲ့ အရိပ်လေးကို ငေးကြည့်နေမိသည်။ သူမရဲ့ မျက်ဝန်းတွေက ယစ်မူးမှုကြောင့် ဝေဝါးနေခဲ့၏။ လူစည်ကားတဲ့ လမ်းမကြီးပေါ်မှာ သူ့အရိပ်လေး ပျောက်ကွယ်သွားတဲ့အထိ သူမ ငေးကြည့်နေမိပြီးမှ အတွေးလွင့်စွာနဲ့ အကြည့်တွေကို ပြန်ရုပ်သိမ်းလိုက်တော့သည်။
စားပွဲပေါ်က ခွက်ထဲမှာတော့ သေရည်တစ်ငုံစာလောက် ကျန်နေသေးသည်။
အန်းယာက ခွက်ကို လှမ်းယူလိုက်ရင်း မိမိကိုယ်ကို ရေရွတ်လိုက်သည်။
"သူက သေရည်ကိုတောင် ကုန်အောင်မသောက်ဘဲ ထွက်သွားတယ်။ တကယ်ကို နှမြောစရာပဲ။"
ထိုသို့ပြောရင်း သူမက မော့ပြီး ခွက်ထဲက သေရည်ကို တစ်ကျိုက်တည်း မော့ချလိုက်သည်။
မကြာမီပင် သူမ၏ မျက်နှာလေးသည် နွေဦးပန်းပွင့်လေးလို ရဲတွတ်သွားတော့သည်။ ဘာပဲဖြစ်ဖြစ် ဒါက ချင်ဖုန်း သောက်သွားခဲ့တဲ့ ခွက် မဟုတ်လား။
တစ်ခုခုကို ဖုံးကွယ်ရန် ကြိုးစားနေသည့်အလား သူမက စားပွဲပေါ်သို့ လက်နှစ်ဖက်ကိုတင်ကာ ခေါင်းမှောက်ချလိုက်ပြီး စိတ်ထဲမှ တွေးနေမိသည်။
"ငါ တကယ်ပဲ... အမြဲတမ်းငါ့ပုံစံနဲ့ မတူတော့ပါလား..."
...
အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးလာသည်နှင့်အမျှ တော်ဝင်စာမေးပွဲ ကျင်းပမည့်နေ့သည်လည်း တဖြည်းဖြည်း နီးကပ်လာခဲ့သည်။
အစိုးရက လမ်းမကြီးများနဲ့ လမ်းသွယ်များမှာ ကြေညာချက်တွေ လိုက်လံကပ်ထားရာ လူအများရဲ့ အာရုံစိုက်မှုကလည်း အသူရာမျိုးနွယ် အရေးအခင်းမှသည် လာမည့်ပွဲကြီးဆီသို့ ပြောင်းလဲသွားတော့သည်။
ဘာပဲပြောပြော တော်ဝင်စာမေးပွဲဆိုသည်မှာ သာမန်မျိုးရိုးမှ ဆင်းသက်လာသော ကျောင်းသားများအတွက် နဂါးတံခါးကို ဖြတ်ကျော်ကာ ဘဝတစ်ဆစ်ချိုး ပြောင်းလဲသွားစေမယ့် ရွှေအခွင့်အရေးပင် ဖြစ်သည်။
အကယ်၍ သူတို့ အောင်မြင်ပြီး ကြေညာချက်ပါ ချန်ပီယံပညာရှင် ဖြစ်လာခဲ့ပါက သူတို့သည် မင်ဧကရာဇ်၏ မျက်နှာသာပေးမှုကို ရရှိမည်ဖြစ်ပြီး အဆင့်ခြောက် အရာရှိအဖြစ် တိုက်ရိုက်ခန့်အပ်ခံရကာ ဘိုးဘေးများကို ဂုဏ်ဆောင်နိုင်လိမ့်မည်!
အရင်တုန်းကသာဆိုရင် ဒါမျိုးက သာမန်ပြည်သူတွေ အိပ်မက်တောင် မက်လို့မရတဲ့ အရာတစ်ခု ဖြစ်ခဲ့တယ်။
သာယာပညာသင်ကျောင်းတွင်လည်း ကျောင်းသားအားလုံးက တော်ဝင်စာမေးပွဲ၌ ရလဒ်ကောင်းများ ရရှိရန် အစွမ်းကုန် ကြိုးစားအားထုတ်နေကြသည်။
ဒါက သူတို့ကိုယ်သူတို့ သက်သေပြဖို့သာမက ချင်ဖုန်းနှင့် သာယာပညာသင်ကျောင်းမှ ဆရာများ၏ ကျေးဇူးကို ပြန်ဆပ်လိုခြင်းကြောင့်လည်း ဖြစ်သည်။
စာအံသံတွေက ညံနေပြီး ပညာသင်ကျောင်းထဲက စာပေချီစွမ်းအင်တွေကလည်း သာယာ ပညာသင်ကျောင်း၏ ဆိုင်းဘုတ်ထဲကို လှိုင်းလုံးကြီးတွေလို တိုးဝင်သွားကာ တောက်ပတဲ့ အလင်းရောင်တွေ ထုတ်လွှတ်နေတော့သည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ချင်ဖုန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ထိုစဉ်မှာပင် ပညာသင်ကျောင်း၏ ဝင်ပေါက်သို့ တစ်စုံတစ်ယောက် ရောက်ရှိလာသည်။ သေချာကြည့်လိုက်မိသောအခါ ချင်ဖုန်း၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
ရောက်လာသူမှာ ပိုးသားဝတ်ရုံကို ဆင်မြန်းထားသော လက်ရှိ အိမ်ရှေ့စံမင်းသားမှလွဲ၍ အခြားသူမှ မဟုတ်ပေ!
စာသင်ခန်းထဲမှ တိတ်တဆိတ် ထွက်လာပြီးနောက် ချင်ဖုန်းက စူးစမ်းစွာ မေးလိုက်သည်။
"ညီကို ဂျင်ဝန် ဒီကို ကြွလာဖို့ ဘယ်လို အချိန်ရသွားတာလဲ။"
အိမ်ရှေ့စံမင်းသားက မျက်ကွင်းညိုနေပြီး အနည်းငယ် ပင်ပန်းနွမ်းနယ်နေပုံရသည်။ သူက ဖြည်းညင်းစွာ ဆိုသည်။
"ညီကို ချင်ကတော့ နတ်ဘုရားလက်မှုပညာရှင်အလုပ်ရုံက အကြီးအကဲတွေ တည်ဆောက်ခဲ့တဲ့ ကောင်းကင်ပျံ နန်းဆောင်အကြောင်းကို ကြားဖူးမှာပါနော်။"
ချင်ဖုန်းက ခေါင်းအသာညိတ်ပြလိုက်သည်။ ထူးခြားဆန်းကြယ်သော ပညာရပ်များဖြင့် လေထဲတွင် တည်ဆောက်ထားသည့် ထိုအဆောင်များနှင့် မျှော်စင်များအကြောင်းကို သူ သိပြီးသားဖြစ်သည်။ ဒါက မင်းနေပြည်တော်အတွင်းမှ အံ့ဖွယ်တစ်ခုပင် မဟုတ်လား။
"အရင်နှစ်တွေတုန်းက လပြည့်ညတိုင်းမှာ ငါက အဲ့ဒီမှာ စာပေဝိုင်းဖွဲ့ပွဲတစ်ခု ကျင်းပပြီး တော်ဝင်မြို့တော်က အရည်အချင်းရှိတဲ့ ပညာရှင်တွေကို ဖိတ်ခေါ်လေ့ရှိတယ်။"
"ဒါပေမဲ့ အခုတော့ အခြေအနေက မတူတော့ဘူးလေ။ တော်ဝင်စာမေးပွဲကလည်း နီးလာပြီ မင်းကြောင့် မြို့တော်ထဲမှာ ပညာသင်ကျောင်းသား အရေအတွက်ကလည်း တိုးလာတယ်။ ဒါကြောင့် ဒီတစ်ခေါက် စာပေဝိုင်းဖွဲ့ပွဲကို ပိုပြီးစည်ကားအောင် လုပ်ချင်လို့ပါ။"
"ငါက ညီကိုချင်ကို အထူးတလည် လာဖိတ်တာပါ။"
ချင်ဖုန်း၏ ကျော်ကြားမှု နက်ရှိုင်းသော အသိပညာနှင့် ကဗျာစပ်နိုင်စွမ်းတို့ကို ထည့်စဉ်းစားမည်ဆိုလျှင် သူသာ စာပေဝိုင်းဖွဲ့ပွဲသို့ တက်ရောက်လာပါက ထိုပွဲကို ပိုမို အရောင်အသွေးစုံလင်သွားစေမှာ အသေအချာဖြစ်သည်။
အိမ်ရှေ့စံမင်းသားတွင် ထိုရည်ရွယ်ချက် ရှိနေသည်မှာ ထင်ရှားသည်။
ချင်ဖုန်းက နားလည်စွာ ခေါင်းညိတ်လိုက်သည်။
"အော် "
မင်းနေပြည်တော်အတွင်းမှ ကြွက်ဆိုးများကို ဖော်ထုတ်ရန် အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ပြီးနောက် သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ ရင်းနှီးသော မိတ်ဆွေများကဲ့သို့ ပိုမိုနီးကပ်လာခဲ့သည်။
ဒါ့ကြောင့် သူက မင်းနေပြည်တော်အတွင်းရှိ ကြယ်တာရာဖမ်းယူမျှော်စင်နှင့် ပြည့်တန်ဆာ အိမ်များစွာ၏ နောက်ကွယ်မှ ကြိုးကိုင်သူမှာ အိမ်ရှေ့စံမင်းသားကိုယ်တိုင် ဖြစ်ကြောင်း သိရှိထားပြီးသား ဖြစ်သည်။
ပြီးတော့ ကောင်းကင်ပျံ နန်းဆောင်ကို ဝယ်ယူခဲ့သူမှာလည်း ကြယ်တာရာဖမ်းယူမျှော်စင်၏ မန်နေဂျာ မဟုတ်ပါလား။
"ဒါဆို ညီကိုချင်ရဲ့ အဖြေကရော။"
ချင်ဖုန်းက ပညာသင်ကျောင်းဘက်သို့ လှည့်ကြည့်လိုက်ပြီး ရုတ်တရက် မေးလိုက်သည်။
"ညီကိုဂျင်ဝန်ကိုယ်တိုင် ဖိတ်ကြားမှတော့ မသွားဘဲ ဘယ်နေပါ့မလဲ။ သာယာပညာသင်ကျောင်းက ကျောင်းသားတွေရော လိုက်ခဲ့လို့ရမလား။"
"စာမေးပွဲက နီးလာတော့ သူတို့တစ်ယောက်ချင်းစီမှာ ဖိအားတွေ အရမ်းများနေတယ်။ နည်းနည်းလောက် အပန်းဖြေခွင့်ရရင် စာမေးပွဲဖြေတဲ့အခါ ပိုပြီး အကျိုးရှိနိုင်လောက်တယ်။"
အိမ်ရှေ့စံမင်းသားက ပြုံးလျက် ဆိုသည်။
"စာပေဝိုင်းဖွဲ့ပွဲဆိုတာ စည်ကားမှ ကောင်းတာပေါ့။ လူများလေ ကောင်းလေပဲ။ ညီကိုချင် စိတ်ကြိုက်သာ စီစဉ်ပါ။"
ချင်ဖုန်းက ခေါင်းညိတ်လိုက်ပြီး သူတို့နှစ်ဦး ခဏတာ စကားစမြည်ပြောဆိုကြသည်။
သူတို့ လမ်းခွဲခါနီးတွင် ချင်ဖုန်းက ရုတ်တရက် မေးလိုက်သည်။
"စကားမစပ် ညီကိုဂျင်ဝန် မင်း အခုတလော အနားမယူရဘူးလား။ ကျန်းမာရေး သိပ်မကောင်းသလိုပဲ။"
ထိုစကားကိုကြားသော် အိမ်ရှေ့စံမင်းသားက ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး အဖြူရောင်ဝတ်ရုံနှင့် အရိပ်ကို မတွေ့မှ အားမရှိစွာ သက်ပြင်းချလိုက်သည်။
"အန်းယာက သူ့ရဲ့ နယ်ပယ်ကို ချိုးဖျက်ဖို့အတွက် မင်းရဲ့ သာယာပညာသင်ကျောင်းကို စာသင်ဖို့ လာတယ်လေ။ ဒီတော့ ရတနာစုစည်းပြာသာဒ်ရဲ့ တာဝန်တွေအားလုံးက ငါ့ပုခုံးပေါ်ကို သဘာဝအတိုင်းပဲ ရောက်လာတာပေါ့။"
"ကြယ်တာရာဖမ်းယူမျှော်စင်နဲ့ ပြည့်တန်ဆာအိမ်တွေကို စီမံခန့်ခွဲရတာနဲ့တင် ငါ အရမ်းအလုပ်များနေပြီ အခု ရတနာစုစည်းပြာသာဒ်ကပါ ပေါင်းထည့်လိုက်တော့..."
"ဟူး... အရှင်မင်းကြီးက ဘာတွေစဉ်းစားပြီး ဒီလိုအစီအစဉ်တွေ ချခဲ့လဲတော့ ငါလည်း မသိတော့ပါဘူးကွာ။"
ချင်ဖုန်း၏ အမူအရာက ထူးဆန်းသွားသည်။
"ဒါဆို... အစောကပြောတဲ့လူက မင်းကိုး... ညီကိုဂျင်ဝန် မင်းလည်း တော်တော် ပင်ပန်းရှာမှာပဲ။"
မင်းသားက လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဒီကိစ္စတွေ မင်းနဲ့ မဆွေးနွေးတော့ဘူး။ ရတနာစုစည်းပြာသာဒ်ရဲ့ လုပ်ငန်းတွေနဲ့ ငါက အကျွမ်းတဝင် မရှိသေးဘူး။ လူတွေနဲ့ ပိုပြီး ရောရောနှောနှော နေရဦးမယ်။"
"စကားမစပ် စာပေဝိုင်းဖွဲ့ပွဲကို လတစ်ခြမ်းနေ့မှာ ကျင်းပမယ်။ မမေ့နဲ့နော်။ မင်းရဲ့ မိသားစုကိုလည်း ခေါ်လာခဲ့လို့ရတယ်။"
ထိုသို့ပြောပြီးနောက် မင်းသားက အရိုအသေပြုကာ ထွက်ခွာသွားသည်။
ချင်ဖုန်းက မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားနေမိသည်။
"စာပေဝိုင်းဖွဲ့ပွဲ..."
သူ့အရင်ဘဝကဆိုလျှင် သူ့လို ကမ္ဘာခြားကနေ ရောက်လာတဲ့သူတွေအတွက် စာပေဝိုင်းဖွဲ့ပွဲဆိုတာက ကိုယ့်ကို ထုတ်ကြွားပြီး တခြားလူတွေကို မျက်နှာဖျက်ရိုက်ဖို့ အကောင်းဆုံး ဇာတ်ကွက်တစ်ခုပဲ။ ဒါပေမဲ့ မင်းနေပြည်တော်မှာရှိတဲ့ သူ့ရဲ့ လက်ရှိ အဆင့်အတန်းနဲ့ ဂုဏ်သတင်းအရ သူ့ကို လာပြီးရန်စရဲလောက်အောင် မိုက်မဲတဲ့သူတွေတော့ ရှိတော့မှာ မဟုတ်လောက်ဘူး။
သူလည်း အနည်းငယ် နှမြောတသဖြစ်သွားတဲ့ အမူအရာနဲ့ ခေါင်းကိုသာ ခါလိုက်မိတော့သည်။