အိုဂါများ၏ တန်ပြန် တိုက်ခိုက်မှု
Vol. 19 Ch. 282
ဂိမ်းမာတစ်ဦး တန်ဖိုးကြီး ပစ္စည်း တစ်ခု တူးဖော်တွေ့ရှိခဲ့၏။
အာသာနှင့် သူ၏ အဖော်များ အာမေဋိတ်သံ ထွက်ပေါ်ရာသို့ ပြေးသွားကြရာ ဂိမ်းမာ အုပ်စုတစ်စု မြေကြီးထဲတွင် တစ်ဝက်တစ်ပျက် မြှုပ်နေသော အနက်ရောင် သေတ္တာကြီး တစ်ခုကို ဝိုင်းရံထားသည်ကို တွေ့လိုက်ရသည်။
အဆောက်အအုံ တစ်ခုအရွယ်အစား ရှိသော သေတ္တာကို မြင်တွေ့ရသည့်အတွက် လူတိုင်း အံ့ဩတကြီးဖြစ် သွားကြသည်။ အကယ်၍ ထိုသေတ္တာထဲတွင် ရတနာများ ပါဝင်နေပါက...
"ဘယ်သူ တူးဖော်ခဲ့တာလဲ" ဘောင်းဘီမဝတ်သူ အလျင်စလို ပြေးလာပြီး ဂိမ်းမာများကို မေးလိုက်သည်။
"ဝါရင့် လျှော်ကြိုးပါ။ သူတို့က တကယ်မိုက်တယ်။ မြေဆီလွှာ ဆန်းစစ်မှု လုပ်ပြီးတဲ့နောက် သေတ္တာနေရာကို ရှာဖွေနိုင်ခဲ့ကြတယ်။ သူတို့ တူးဖော်တဲ့ အခါ တကယ်ပဲ တွေ့ရှိခဲ့ကြတယ်" ဂိမ်းမာတစ်ဦးက အလျင်အမြန် ပြန်ဖြေလိုက်သည်။
"ငါ ထင်တာတော့ ဂိမ်းက တကယ်မိုက်တယ်။ ရှေးဟောင်းသုတေသနပညာ အကြောင်းအရာတောင် ဒီလောက် လက်တွေ့ကျတယ်။"
"နောက်ထပ် မဆွေးနွေးကြနဲ့တော့။ ငါက 'ဒန်ဂျင်'ကို အပြည့်အဝ အံ့ဩလေးစားနေပြီ။ ငါ သုံးရက်ကြာ ခရီးသွားခဲ့ပြီး ရက်အနည်းငယ်ကြာ တူးဖော်ခဲ့ပေမယ့် ငြီးငွေ့တယ်လို့ မခံစားရဘူး..."
ဂိမ်းမာများ ကျယ်လောင်စွာ ဆွေးနွေးနေကြ၏။ သူတို့က ဂိမ်းထုတ်လုပ်သူကို ကျိန်ဆဲနေကြစဉ် ဂိမ်းအရည်အသွေးကိုမူ ချီးကျူး ဂုဏ်ပြုနေကြသည်။
"လျှော်ကြိုးနည်းပညာရှင် ဘယ်မှာလဲ" ဂနိုင်သားက လူအုပ်ကို အော်ဟစ် မေးလိုက်သည်။
"မအော်နဲ့။ သူက ရှေးဟောင်း သုတေသနလုပ်ငန်း လုပ်နေတယ်။"
လူအုပ်က အာသာနှင့် သူ၏ အဖော်များကို မြင်တွေ့လိုက်သည့်အခါ သူတို့ လမ်းဖယ်ပေးပြီး ဝင်ရောက်ခွင့် ပြုလိုက်ကြသည်။ အာသာသည် ထိပ်တန်း ချမ်းသာသော ဂိမ်းမာတစ်ဦး ဖြစ်သည့်အတွက် သူတို့က သူ့ကို လေးစားမှု ပြသ ရမည်။
အာသာနှင့် သူ၏ အဖော်များ ရှေ့သို့ ရောက်ရှိသွားသည့်အခါ သူတို့က လျှော်ကြိုးနည်းပညာရှင် အထူးပြုလုပ်ထားသော ဂေါ်ပြားငယ်တစ်ချောင်းကို ကိုင်ဆောင်ထားသည်ကို တွေ့လိုက်ရ၏။ ဂိမ်းအရာရှိက သူ၏ အကြံပြုချက်ကို လက်ခံပြီး အထူးပြုလုပ် ဂေါ်ပြားများကို ဖန်တီးပေးခဲ့သည်။
ဘေးတွင် ဂေါ်ပြားငယ်များ ကိုင်ဆောင်ထားသော ဂိမ်းမာများစွာ ရှိနေပြီး ဂရုတစိုက် တူးဖော်နေကြ၏။ ဂိမ်းမာအချို့ ဝင်ကူညီလိုကြသော်လည်း တားဆီး ခံခဲ့ရသည်။
"မလှုပ်နဲ့။ မင်းတို့ ဒီအမွေအနှစ်ကို တူးဖော်လို့ မရဘူး။ ငါတို့က ဂရုတစိုက် တူးဖော်နေပြီး ရှားလီ လာကြည့်ဖို့ စောင့်နေကြတာ။ မှော်အက္ခရာ မာနာပုံစံကွက်ကို မထိနဲ့။ ငါတို့ ဒုက္ခရောက်ကုန်လိမ့်မယ်။"
ရင်မွှေးမီးလောင်က စပ်စုစွာ မေးလိုက်သည်၊ "ဘုရားရေ၊ မင်းက ဘယ်တုန်းက မှော်အက္ခရာ မာနာပုံစံကွက်အကြောင်း သင်ယူခဲ့တာလဲ။"
"ငါက မှော်အက္ခရာ မာနာပုံစံကွက်အကြောင်း မသင်ယူခဲ့ဘူး။ အမ်ပီစီ တစ်ယောက်က ငါ့ကို ပြောပြခဲ့တာ။"
လျှော်ကြိုးနည်းပညာရှင်က ထိုင်ချနေသော ပုဂ္ဂိုလ်တစ်ဦးကို လက်ညှိုးထိုး ပြလိုက်ပြီး ထိုသူက ခေါင်းမော့လိုက်သည်။ ရင်မွှေးမီးလောင်က ဝတ်ရုံထဲမှ မျက်နှာမှာ ဦးခေါင်းခွံ တစ်ခု ဖြစ်ကြောင်း တွေ့ရှိလိုက်၏။
လူတိုင်းက သူသည် ဖိုးဉာဏ်ကျယ် ဖြစ်ကြောင်း မှတ်မိကြသည်။
ဂိမ်းမာများသည် လျှော်ကြိုးနည်းပညာရှင် မည်သည့် မစ်ရှင် ရရှိခဲ့သည်ကို သေချာ မသိကြသော်လည်း သူက ဆောင်းတောင်ကုန်းမြို့မှ ခရီးဝေး လာခဲ့သော ဖိုးဉာဏ်ကျယ်ထံမှ အသိပညာ များစွာ ရရှိခဲ့သည်။
"သောက်ကျိုးနည်းပဲ၊ ဇာတ်လမ်းပိုင်း အန်နီမေးရှင်းက ဘယ်တုန်းကလဲ။ ငါ မကြည့်လိုက်ရဘူး။ ယွမ်ဘီလီယံ တစ်ထောင် ဆုံးရှုံးသွားသလို ခံစားရတယ်"
ဂနိုင်သား အော်ဟစ် လိုက်သော်လည်း လျှော်ကြိုးနည်းပညာရှင်က ပြောလိုက်သည်။ "မအော်နဲ့၊ ဇာတ်လမ်းပိုင်း အန်နီမေးရှင်းကို ဘယ်သူမှ မမြင်လိုက်တာ။ ဖိုးဉာဏ်ကျယ်က ညသန်းခေါင်မှာ ပေါ်ထွက်လာပြီး ငါတို့နဲ့ အတူ နာရီဝက်လောက် တူးဖော်ခဲ့တယ်။ သေတ္တာကို တူးဖော်ပြီးတဲ့နောက် သူက မှော်အက္ခရာကို မထိဖို့ပဲ ပြောခဲ့တယ်"
ဖိုးဉာဏ်ကျယ်က အပြန်အလှန် ဆက်ဆံမှု နည်းပါးသည့်အတွက် ဂိမ်းမာများ မည်သည့် အရာမျှ မှားယွင်းနေသည်ဟု မခံစားခဲ့ကြပေ။ အကယ်၍ သူကသာ လျှော်ကြိုးနည်းပညာရှင်နှင့် စကားများစွာ ပြောဆိုခဲ့ပါက ထိုအရာက ထူးဆန်းနေလိမ့်မည်။
အမ်ပီစီတစ်ဦး ပေါ်ထွက်လာသည့်အခါ ၎င်းသည် ဇာတ်လမ်းပိုင်း တစ်ခု ဖွံ့ဖြိုး တိုးတက်လာခြင်းကို ညွှန်ပြသည့်အတွက် ဂိမ်းမာများ ပိုမိုကြိုးစား လုပ်ဆောင်ကြ၏။ သေတ္တာကို တဖြည်းဖြည်း တူးဖော်လာစဉ် ဂိမ်းမာတစ်ဦး အော်ဟစ်လိုက်သည်၊ "အိုဂါတွေ တိုက်ခိုက်လာနေကြပြီ။ သူတို့ အများကြီးပဲ။"
ဂိမ်းမာများ တုန်လှုပ်သွားကြ၏။ တစ်စုံတစ်ဦး အော်ဟစ်လိုက်သည်၊ "လက်နက်တွေယူပြီး တံတိုင်းတွေကို ခိုင်ခံ့အောင် လုပ်ကြဟေ့။"
"ဟုတ်တယ်၊ တံတိုင်းတွေပေါ် တက်ကြ။"
တစ်စုံတစ်ဦး အော်ဟစ်လိုက်သည်၊ "ဘာလို့ တံတိုင်းတွေပေါ် တက်ရမှာလဲ။ အပြင်ကို ပြေးထွက်ပြီး အိုဂါတွေကို သူတို့ ပစ္စည်းကိရိယာတွေ အတွက် သတ်ပစ်ကြစို့။ ငါတို့က တံတိုင်းတွေ နောက်ကွယ်မှာ ပုန်းအောင်းနေရင် လူအ,တွေပဲ။"
"သောက်ကျိုးနည်းပဲ။ ခုနက ဘယ်သူအော်လိုက်တာလဲ။ ငါ တံတိုင်းတွေပေါ် တက်ဖို့ လှည့်စားခံရ တော့မလို့။"
"ပြေးဝင် တိုက်လေ။ တခြားသူတွေကို ပစ္စည်းကိရိယာတွေ မရသွားစေနဲ့။"
ဂိမ်းမာများ တံတိုင်း များအပြင်ဘက်သို့ ပြေးဝင် တိုက်ခိုက်ကြ၏။
အာသာနှင့် သူ၏ အဖော်များ လိုက်ပါ သွားကြသည်။
လျှော်ကြိုးနည်းပညာရှင်နှင့် ဂိမ်းမာအနည်းငယ်သာ ရှေးဟောင်းသုတေသန လုပ်ငန်းကို ဆက်လက် လုပ်ဆောင်နေကြသည်။ ဘော့စ်တစ်ကောင်နှင့် တိုက်ခိုက်ခြင်းနှင့် နှိုင်းယှဉ်လျှင် ရှေးဟောင်းသုတေသန ပညာရပ်က ပို၍ စိတ်ဝင်စားစရာ ကောင်း၏။
ဖိုးဉာဏ်ကျယ် တိတ်ဆိတ်နေ၏။ သူကြည့်ရှုနေပြီး ခေါင်းငုံ့ချကာ စဉ်းစားတွေးတော နေသည်။
...
ချယ်ရီဘုရင် အစိမ်းရောင် အသားအရေ ရှိသော သတ္တဝါများ၏ အနိုင်ယူခြင်းကို ခံခဲ့ရသည့် အရှက်ကွဲမှုကို အမှတ်ရနေ၏။ သူက သူ၏ ကြီးမားသော အိုဂါစစ်တပ်ကို ဦးဆောင်ကာ အော့ခ်ရွာ အပြင်ဘက်တွင် ပေါ်ထွက်လာခဲ့သည်။
သူ၏ စစ်တပ်သည် မိုးကုပ်စက်ဝိုင်းထက် ကျော်လွန်၍ တည်ရှိနေ၏။ သူက မျိုးနွယ်စုဆယ်ခုမှ အိုဂါ ထောင်ပေါင်းများစွာ စုစည်း ထားခဲ့သည်။
ချယ်ရီဘုရင်က အစိမ်းရောင် အသားအရေ ရှိသော သတ္တဝါများသည် သူ၏ ကြီးမားသော အိုဂါစစ်တပ်ထက် အရေအတွက် မများနိုင်ဟု ထင်ခဲ့သည်။
ချယ်ရီဘုရင် ကြည့်ရှု တွက်ချက်လိုက်ရာ အစိမ်းရောင် အသားအရေ ရှိသော သတ္တဝါ တစ်ထောင်သာ အများဆုံး ရှိနေသည်ကို တွေ့ရှိလိုက်၏။
သူ၏ အိုဂါ တစ်ဦးချင်းစီသည် ကျွမ်းကျင်သော စစ်သည်တော်တစ်ဦး ဖြစ်ပြီး အလွန် ရက်စက်ကြမ်းကြုတ်ကာ အစိမ်းရောင် အသားအရေ ရှိသော သတ္တဝါရာပေါင်း များစွာကို သတ်ဖြတ်နိုင်စွမ်း ရှိသည်။ သူ၏ ယခင်ရှုံးနိမ့်မှု ဘယ်တော့မှ နောက်ထပ် ဖြစ်ပေါ်တော့မည် မဟုတ်ပေ။
ချယ်ရီဘုရင် သူ၏ အိုဂါစစ်တပ် အစိမ်းရောင် အသားအရေ ရှိသော သတ္တဝါများကို မည်သို့ ချေမှုန်းပစ်မည်ကို ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြည့်ရှုလိုသည်။
"ချယ်ရီ ဘုရင်၊ ဒါတွေက မင်း ပြောခဲ့တဲ့ အစိမ်းရောင် အသားအရေရှိတဲ့ သတ္တဝါတွေလား။ မင်းက ဒီသေးငယ်တဲ့ လက်တွေ၊ ခြေထောက်တွေနဲ့ ကောင်တွေဆီ ရှုံးနိမ့်ခဲ့တာလား။ ဟားဟားဟား။ အော့ခ်တွေကို ရှုံးနိမ့်တာက ဒီသေးငယ်တဲ့ သတ္တဝါတွေကို ရှုံးနိမ့်တာထက် ပိုကောင်းတယ်။" ကြီးမားသော မျိုးနွယ်စုတစ်စု၏ ခေါင်းဆောင်တစ်ဦးက သူ့ကို ရက်စက်စွာ လှောင်ပြောင်လိုက်သည်။
ချယ်ရီဘုရင် အံကြိတ်လိုက်ပြီး စိတ်ထိန်းလိုက်၏။
အိုဂါကမ္ဘာတွင် အင်အားနှင့် အရည်အချင်းက အရာအားလုံးကို အုပ်စိုး၏။ ယခင် ပဋိပက္ခတွင် ချယ်ရီဘုရင်၏ တပ်ဖွဲ့ဝင် တစ်ဝက် သေဆုံးခဲ့ပြီး သူတို့၏ အထက်တန်းစား ပစ္စည်းကိရိယာများကို ဂိမ်းမာများက ယူဆောင်သွားခဲ့ကြသည်။
ချယ်ရီဘုရင်၏ အင်အား အလွန်အမင်း လျော့နည်းသွားခဲ့၏။ အန်ဒရူး၏ နောက်ခံ အထောက်အပံ့ မရှိပါက ချယ်ရီဘုရင်ကို ဘုရင်ဟုပင် ခေါ်ဦးမည် မဟုတ်ပေ။
မျိုးနွယ်စုများသည် ကြီးမြတ်သော နတ်ဆိုး၏ အမွေအနှစ်ကြောင့် ချယ်ရီဘုရင်အတွက် လက်စားချေရန် သဘောတူခဲ့ကြသည်။ အမွေအနှစ်ကို မပိုင်ဆိုင်လိုသူ မည်သူ ရှိမည်နည်း။
ယခင်က ချယ်ရီဘုရင်၏ မျိုးနွယ်စုမှာ အင်အားအကြီးဆုံး ဖြစ်သည်။ ထို့အပြင် အန်ဒရူး၏ အထောက်အပံ့လည်း ရှိနေသဖြင့် အခြားခေါင်းဆောင်အားလုံး တိတ်ဆိတ် နေခဲ့ကြရသည်။ သို့သော် ယခုမူ...
သူတို့က ချယ်ရီဘုရင်ကို သူတို့၏ အမျက်ဒေါသကို ပြသတော့မည်။