ထိန်းမနိုင်သိမ်းမရဖြစ်သွားသော သင်္ချိုင်း
Vol. 54 Ch. 796
ယန်ကျန့်က စာအနီကို အဘွားကြီးလျိုရဲ့လက်ထဲကို အောင်မြင်စွာ ထည့်ပေးနိုင်ခဲ့ပြီး သူမရဲ့လက်ထဲက အလောင်းကောင် သံချောင်းကိုတောင် ပြန်ယူနိုင်ခဲ့သည်။ စီစဉ်ထားတဲ့ တာဝန်နှစ်ခုလုံးကို အပြစ်ဆိုစရာမရှိအောင် ပြီးမြောက်ခဲ့ပြီဟု ဆိုနိုင်သည်။
သို့သော်...
ထင်မှတ်မထားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်လာခဲ့သည်။
အရုပ်အလောင်းဖြစ်နေပြီဖြစ်တဲ့ အဘွားကြီးလျိုက ရုတ်တရက် ထထိုင်လိုက်သည်။
သူမအပေါ်ဖုံးအုပ်ထားတဲ့ သင်္ချိုင်းမြေကြီးရဲ့ ဖိအားက အသုံးမဝင်တော့သလိုပဲ။ သို့မဟုတ် သူမရဲ့ခန္ဓာကိုယ်ပေါ်မှာ ဖုံးထားတဲ့ မြေကြီးက နည်းလွန်းနေပြီး အလောင်းကို ငြိမ်သက်စွာအိပ်စက်စေဖို့ မလုံလောက်တော့တာလည်း ဖြစ်နိုင်သည်။
"ဘာတွေဖြစ်ကုန်တာလဲ။ တစ္ဆေကြမ်းကြီး နိုးလာတာလား။"
လီယန်ရဲ့ ရင်ဘတ်ထဲမှာ ဒိန်းခနဲဖြစ်သွားပြီး သင်္ချိုင်းဟောင်းအနားကနေ အမြန်ဆုံး နောက်ဆုတ်လိုက်သည်။
ယန်ကျန့်ကတော့ သွေးပျစ်ပျစ်တွေ တရစပ်အန်ထုတ်နေတဲ့ အဘွားကြီးလျိုရဲ့ အလောင်းကို စူးစိုက်ကြည့်ရင်း "မသေချာဘူး၊ ကြိုတွက်လို့မရတဲ့ တစ်ခုခုတော့ ဖြစ်သွားပြီ" ဟု ပြောလိုက်သည်။
"ငါတို့ ဒါကို လျစ်လျူရှုထားလိုက်လို့ရတယ်။ စာပို့ပြီးပြီပဲ၊ ဒီနေရာကနေ ထွက်သွားရုံပဲ။ ဒီနေရာက အရမ်း မလုံခြုံဘူး၊ မတော်တဆမှုတွေက အမြဲဖြစ်နေတာ။ ဒီမှာ ဆက်နေဖို့တော့ ငါအကြံမပေးဘူး။" စုန့်ရန်ရဲ့ မျက်နှာက ဖြူဖျော့နေပြီး သူ့စိတ်ထဲမှာ မကောင်းတဲ့အငွေ့အသက်တွေ ထပ်ပြီး ခံစားလာရသည်။
သူတို့သာ ဆက်နေပါက တကယ့်ကို ကြောက်မက်ဖွယ်ကောင်းတဲ့ အရာတစ်ခု ဖြစ်လာတော့မည်ဟု သူ့စိတ်ထဲမှာ မရေမရာ ခံစားနေရသည်။
ထွက်သွားရမှာလား?
ယန်ကျန့်ရဲ့ မျက်နှာအမူအရာက တစ်ချက်ပြောင်းသွားသည်။
ဒါက အကြံကောင်းတစ်ခုတော့ ဟုတ်သည်။ သူရဲ့ ရည်မှန်းချက် ပြီးမြောက်သွားပြီဖြစ်လို့ ဒီအတိုင်းထွက်သွားလို့ ရနိုင်သည်။
သို့သော် သူ ဒီအတိုင်းတော့ ထွက်သွားချင်စိတ်မရှိ။
အဘယ်ကြောင့်ဆိုသော် တစ္ဆေကို မဖြေရှင်းရသေးသောကြောင့်ဖြစ်သည်။
အခုသာ ထွက်သွားပြီး ဒီနေရာမှာ တစ်ခုခုဖြစ်ခဲ့လျှင် တားဆီးမည့်သူတစ်ယောက်မှ ရှိတော့မည်မဟုတ်ဘဲ အလွန်ကြီးမားတဲ့ ဖြစ်ရပ်ကြီးတစ်ခု ဖြစ်သွားနိုင်သည်။
"မဟုတ်ဘူး၊ ငါတို့အခုထွက်သွားလို့မဖြစ်သေးဘူး။ စာကို အောင်အောင်မြင်မြင် ပို့ပြီးတဲ့နောက်မှာ ဘာဆက်ဖြစ်မလဲဆိုတာကို ငါသိချင်တယ်။ တစ္ဆေသံတော်ဆင့်ရဲ့ အခန်းကဏ္ဍက အရမ်းထူးခြားတယ်။ တစ္ဆေတစ်ကောင်ရဲ့ စာကို ပို့ပေးရတာ၊ ကောင်းမကောင်းဆိုတာ ခွဲခြားရခက်တယ်။ ပြီးတော့ ငါတို့မှာ တာဝန်ရှိတယ်။ ဂရုမစိုက်ဘဲ ထွက်သွားလို့ တစ်ခုခုဖြစ်ခဲ့ရင် ဘယ်သူဖြေရှင်းပေးမှာလဲ။ နောက်ဆုံးတော့ ငါတို့ပဲလေ"
ယန်ကျန့်က မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သည်။
"ဒါ့အပြင် ဖူရှို့ဥယျာဉ်ထဲမှာ တခြားတစ္ဆေတွေ တကယ်ရှိနေပြီး သူတို့တွေ ပျံ့နှံ့သွားခဲ့ရင် တာဟိုင်မြို့က လူတော်တော်များများ သေလိမ့်မယ်။"
"သဘာဝလွန်ဖြစ်ရပ်က အခုမှအစပဲရှိသေးတယ်။ အခုအချိန်မှာ ဖြေရှင်းနိုင်ရင် အကောင်းဆုံးပဲ။"
အခြေအနေက စာတစ်စောင်ပို့ရုံသက်သက်ထက် ပိုမိုရှုပ်ထွေးလာခဲ့ပြီ။ ဒါဟာ သဘာဝလွန်ဖြစ်ရပ်တစ်ခုရဲ့ နိဒါန်း ဒါမှမဟုတ် ပေါက်ကွဲထွက်လာခြင်းပင် ဖြစ်နေသည်။
စုန့်ရန်က ဒီစကားကိုကြားတော့ တိတ်ဆိတ်သွားသည်။
ယန်ကျန့်ပြောတာမှန်သည်။ သူတို့မှာ တာဝန်ရှိသည်။ သူတို့က စာပို့ပြီးတာနဲ့ ထွက်သွားလို့ရတဲ့ စာပို့သမားတွေ မဟုတ်ကြ။
ဒီသဘာဝလွန်ဖြစ်ရပ်အတွက် သူတို့ တာဝန်ယူရမည်။
အဘွားကြီးလျိုရဲ့ အလောင်းကတော့ ထိုင်မြဲထိုင်နေဆဲ။
သူမရဲ့ ပိန်ချုံးနေတဲ့ ပါးနှစ်ဖက်က အနည်းငယ်ဖောင်းကားလာပြီး ပါးစပ်ထဲကနေ အနက်ရောင် သွေးပျစ်များ ဆက်တိုက် စီးကျနေသည်။ ထိုသွေးများက အနီးအနားက မြေကြီးကို စိုရွှဲသွားစေပြီး လေထဲမှာတော့ အရာတစ်ခုခု ပုပ်သိုးသွားသလိုမျိုး ပျို့အန်ချင်စရာကောင်းတဲ့ အနံ့အသက်ဆိုးကြီးက လွှမ်းခြုံနေသည်။
ထို့အပြင် အန်ထုတ်လိုက်တဲ့ အနက်ရောင်သွေးပျစ်ပမာဏက ထင်ထားတာထက် အများကြီး ပိုများနေသည်။
ဒါဟာ လူကြီးတစ်ယောက်ရဲ့ သွေးပမာဏထက် အများကြီး ကျော်လွန်နေပြီဖြစ်ပြီး ရပ်တန့်မည့် လက္ခဏာလည်း မရှိပေ။ ထိုနေရာမှာ ထိုင်ပြီး အဆုံးမရှိ အန်ထုတ်နေနိုင်မည့်ပုံစံ ဖြစ်နေသည်။
ဒီလိုထူးဆန်းတဲ့ အဖြစ်အပျက်ကတော့ ဒီအတိုင်းဖြစ်လာတာ မဟုတ်တာ သေချာသည်။
ဒါဟာ တစ်ခုခုရဲ့ နိမိတ်ပြခြင်းသာ ဖြစ်ရမည်။
ဘာဖြစ်လာမလဲဆိုတာကိုတော့ ဒီနေရာမှာရှိတဲ့ ဘယ်သူမှ မသိကြ။ ဒါဟာ ကောင်းတဲ့အရာတစ်ခု မဟုတ်ဘူးဆိုတာကိုသာ သူတို့ သေချာသိနေသည်။
"ဒီအလောင်းရဲ့ ပုံမှန်မဟုတ်တဲ့ အခြေအနေကို အရင်ဆုံး တားကြည့်ရမယ်။ အခြေအနေကို ထိန်းချုပ်ထားမှရမယ် တကယ်လို့ မတတ်နိုင်တော့ဘူးဆိုရင်တောင် ငါ့လက်ထဲမှာ အလောင်းကောင် သံချောင်းတစ်ချောင်းရှိသေးတယ်၊ တစ္ဆေတစ်ကောင်ကိုတော့ နိုင်ပါတယ်"
ယန်ကျန့်ရဲ့ မျက်လုံးများက ဖြေရှင်းနည်းကို စဉ်းစားရင်း အရောင်တစ်ချက်လက်သွားသည်။
ချက်ချင်းပင်...
ယန်ကျန့်ရဲ့ နောက်ကျောက အရပ်ရှည်တဲ့ ခေါင်းပြတ်တစ္ဆေအရိပ်က လှုပ်ရှားလာသည်။
အမှောင်ထုထဲမှာ နစ်မြုပ်နေတဲ့ ခေါင်းမပါတဲ့ အလောင်းတစ်လောင်းလို မတ်တပ်ထရပ်လိုက်ပြီး အဘွားကြီးလျိုရဲ့ အလောင်းဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားသည်။
ခေါင်းပြတ်တစ္ဆေအရိပ်က အကောင်းဆုံး စမ်းသပ်စရာ ဖြစ်သည်။
အကယ်၍ အလုပ်မဖြစ်ခဲ့လျှင်တောင် ယန်ကျန့်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည် မဟုတ်ပေ။
ခေါင်းပြတ်တစ္ဆေအရိပ်က လျင်မြန်စွာ ချဉ်းကပ်သွားပြီး သူရဲ့ မင်ကဲ့သို့မည်းနက်နေတဲ့ အရိပ်ကြီးက ထိုင်နေတဲ့ အဘွားကြီးလျိုရဲ့ အလောင်းကို ဖုံးလွှမ်းသွားသည်။
ခြောက်ကပ်အေးစက်နေတဲ့ ခန္ဓာကိုယ်မှာ နားမလည်နိုင်တဲ့ သဘာဝလွန်စွမ်းအားတစ်ခု ရှိနေပုံပဲ။ ခေါင်းပြတ်တစ္ဆေအရိပ်က အဲ့ဒီခန္ဓာကိုယ်ထဲကို ကျူးကျော်ပြီး ဖိနှိပ်ဖို့ကြိုးစားပေမယ့် အပြင်ဘက်မှာပဲ တားဆီးခံလိုက်ရသည်။
ယန်ကျန့်က ခေါင်းပြတ်တစ္ဆေအရိပ်ဟာ အနက်ရောင်သွေးပျစ်တွေ စိမ့်ထွက်နေတဲ့နေရာကို မကပ်ရဲဘဲ သူ့အလိုလို နောက်ဆုတ်သွားတာကို တွေ့လိုက်ရသည်။ သွေးအနက်ရောင်တွေ အများအပြား အန်ထုတ်နေတဲ့ အလောင်းက တစ္ဆေတွေတောင် ရှောင်ဖယ်ရတဲ့ ကြောက်စရာ အရင်းအမြစ်တစ်ခု ဖြစ်နေသည်။
"ဒီသွေးတွေမှာ တစ်ခုခုတော့ ထူးခြားနေပြီ။ သူ့ရဲ့ သဘာဝက သင်္ချိုင်းမြေကြီးနဲ့ ဆင်တူတယ်၊ သဘာဝလွန်စွမ်းအားကို မောင်းထုတ်နိုင်တဲ့ အစွမ်းရှိတယ်။ ဒါမှမဟုတ် ဒီအရာကိုယ်တိုင်က သဘာဝလွန်အရာတစ်ခုရဲ့ အစိတ်အပိုင်းဖြစ်ပြီး ကြောက်စရာကောင်းတဲ့ အဆင့်က ငါထင်ထားတာထက် ပိုမြင့်နေတယ်။"
"ဒီလိုအရာသာ ဆက်ပြီး ပျံ့နှံ့နေမယ်ဆိုရင် ဒီသင်္ချိုင်းရဲ့ ဟန်ချက်ညီမှုတစ်ခုခု ပျက်ယွင်းသွားပြီး ထင်မှတ်မထားတာတွေ ဖြစ်လာနိုင်တယ်။"
သူ့စိတ်ထဲမှာ တွေးနေမိသည်။
ခဏလောက် တုံ့ဆိုင်းနေပြီးနောက်မှာတော့ သူ စိတ်ကိုတင်းလိုက်ပြီး ရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားသည်။
"ခေါင်းဆောင်ယန်၊ ခင်ဗျား ဘာလုပ်မလို့လဲ။"
ယန်ကျန့်ရဲ့ ရုတ်တရက်လှုပ်ရှားမှုကိုမြင်တော့ စုန့်ရန်က ချက်ချင်းမေးလိုက်သည်။
"ငါ့အတွက် စိတ်မပူနဲ့၊ ဒီအလောင်းကို ငါဖြေရှင်းကြည့်မယ်။"
ယန်ကျန့်က ပြောရင်း အဘွားကြီးလျိုရဲ့ အလောင်းဘေးသို့ ပြန်ရောက်သွားပြီဖြစ်သည်။
တခြားသူတွေကတော့ ကြောက်လန့်တကြားဖြစ်ကာ အနားမကပ်ရဲဘဲ အဝေးကနေသာ ကြည့်နေကြသည်။
ရုတ်တရက် ထထိုင်လိုက်တဲ့ အလောင်းတစ်လောင်းကို ရင်ဆိုင်ရဖို့မပြောနဲ့၊ ဒီအတိုင်းကြည့်နေရုံနဲ့ပင် ကျောချမ်းစရာကောင်းလှသည်။ ယန်ကျန့်လိုလူမျိုးသာ ကြောက်ရွံ့ခြင်းမရှိဘဲ ထပ်မံချဉ်းကပ်ရဲပေလိမ့်မည်။
အနားရောက်သွားပြီးနောက် ယန်ကျန့်က စကားတစ်ခွန်းမှမပြောဘဲ လက်တစ်ဖက်ဆန့်ထုတ်ကာ အဘွားကြီးလျိုရဲ့ လည်ပင်းကို ညှစ်လိုက်သည်။
သူ့ရဲ့လက်ဖဝါးကလည်း အေးစက်တောင့်တင်းနေပြီး သူ့ရဲ့ကိုယ်ပိုင်အရေပြားအရောင်နဲ့ မတူပေ။ သူ့အရေပြားက ဖြူဖျော့နေပေမယ့် ဒီလက်ဖဝါးကတော့ အလောင်းတစ်လောင်းရဲ့ လက်လို မည်းနက်နေပြီး သူ့ခန္ဓာကိုယ်ပေါ်မှာ ယာယီတပ်ဆင်ထားတဲ့ အစိတ်အပိုင်းတစ်ခုလို ဖြစ်နေသည်။
"ငါ့အတွက် ငြိမ်ငြိမ်ပြန်လှဲနေစမ်း။"
ယန်ကျန့်က အေးစက်စွာပြောလိုက်ပြီး သူ့ရဲ့ တစ္ဆေလက်က အားသုံးကာ ထိုင်နေတဲ့ အဘွားကြီးလျိုကို ပြန်လှဲချပြီး သင်္ချိုင်းမြေကြီးထဲမှာ ပြန်မြှုပ်နှံဖို့ ကြိုးစားလိုက်သည်။
အဘွားကြီးလျိုရဲ့ ခန္ဓာကိုယ်က ထူးဆန်းနေပေမယ့် ပတ်ဝန်းကျင်က လူတွေနဲ့ အရာဝတ္ထုတွေကို ထိခိုက်မှုတစ်စုံတစ်ရာ မဖြစ်စေသေးပေ။ တိတိကျကျပြောရရင် ဒီခန္ဓာကိုယ်က တစ္ဆေမဟုတ်ဘဲ ဖူရှို့ဥယျာဉ်ထဲက နားမလည်နိုင်တဲ့ သဘာဝလွန်ကျူးကျော်မှုတစ်ခုကို ခံစားလိုက်ရပြီး နားလည်ရခက်တဲ့ သတ္တဝါတစ်ကောင်အဖြစ် ပြောင်းလဲသွားခြင်းသာ ဖြစ်သည်။
တစ္ဆေလက်ရဲ့ ဖိနှိပ်မှုအောက်မှာ အဘွားကြီးလျိုရဲ့ အလောင်းက ငြိမ်သက်သွားပုံရသည်။
သွေးအန်ထုတ်နေခြင်းလည်း ရပ်တန့်သွားသော်လည်း လုံးဝဖိနှိပ်နိုင်ခြင်းတော့ မဟုတ်ပေ။ သွေးထွက်နှုန်းကို နှေးကွေးသွားစေရုံသာ ဖြစ်သည်။ ခြောက်ကပ်ကြောက်မက်ဖွယ်ကောင်းတဲ့ ခန္ဓာကိုယ်ရဲ့ ပါးစပ်ထောင့်စွန်းများမှ အောက်ခြေမရှိတဲ့ တွင်းနက်ကြီးတစ်ခုလို အနက်ရောင်သွေးပျစ်များက စိမ့်ထွက်နေဆဲပင်။
"ဘုန်း!"
ထိုင်နေတဲ့အလောင်းကို ယန်ကျန့်က အားဖြင့် တွန်းလှဲချလိုက်သည်။
အဘွားကြီးလျို လှဲချခံလိုက်ရပြီးနောက် သူမရဲ့ခန္ဓာကိုယ်က ရုန်းကန်နေပြီး ယန်ကျန့်က ထိုလှုပ်ရှားမှုတွေကို ခံစားနေရသည်။
"နောက်နေတာလား၊ တစ္ဆေလက်တောင် လုံးဝမဖိနှိပ်နိုင်ဘူးလား။ အလောင်းကောင် သံချောင်းသုံးမှပဲ ရတော့မှာလား။" သူရဲ့ မျက်နှာအမူအရာ အနည်းငယ်ပြောင်းသွားသည်။
သူ့ရဲ့တခြားလက်တစ်ဖက်မှာ သံချေးတက်နေတဲ့ အလောင်းကောင် သံချောင်းတစ်ချောင်းကို ကိုင်ထားပြီးသားဖြစ်သည်။
ဒါက အရေးပေါ်အတွက် ဖြစ်သည်။
"အရင်ဆုံး ဒီခန္ဓာကိုယ်ကို အလောင်းကောင် သံချောင်းနဲ့တားထား၊ ပြီးမှမြှုပ်၊ သင်္ချိုင်းမြေကြီးရဲ့ ဖိနှိပ်မှုဖြစ်လာမှ နောက်ဆုံး သံချောင်းကို ပြန်ထုတ်လိုက်မယ်။ ဒါဆိုရင် နည်းနည်းတော့ ပိုကောင်းသွားနိုင်တယ်။"
ယန်ကျန့်က ပိုပြီးစိတ်ချရတဲ့ နည်းလမ်းတစ်ခုကို တွေးလိုက်သည်။
သို့သော် ဒီအတွေးပေါ်လာစဉ်မှာပင် နောက်ထပ်မမျှော်လင့်ထားတဲ့ အခြေအနေတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
တစ္ဆေလက်နဲ့ ဖိနှိပ်ထားတဲ့ အဘွားကြီးလျိုရဲ့ ခန္ဓာကိုယ်က အခုအချိန်မှာ လျင်မြန်စွာ ဖောင်းပွလာသည်။
မူလက ခြောက်ကပ်ပိန်ချုံးနေတဲ့ ခန္ဓာကိုယ်က ခဏလေးအတွင်းမှာပင် ရေထဲမှာ ရက်ပေါင်းများစွာ စိမ်ထားတဲ့ အလောင်းတစ်လောင်းလို ဖောင်းကားလာသည်။
အဘွားကြီးလျိုရဲ့ ရုတ်တရက်ဖြူဖျော့သွားတဲ့ မျက်နှာသေပေါ်မှာ နား၊ မျက်လုံး၊ နှာခေါင်းပေါက်နဲ့ ပါးစပ်ထောင့်များကနေ သွေးတွေ ယိုစီးကျလာသည်။
အားလုံးက အနက်ရောင်သွေးပျစ်တွေချည်းပင်။
"မစောင့်နိုင်တော့ဘူး။"
ယန်ကျန့်က အလောင်းကောင် သံချောင်းကို ဒီနေရာမှာ မသုံးချင်ပေမယ့် အခြေအနေက သူထင်ထားတာထက် ပိုမိုဆိုးရွားနေပြီဟု ခံစားလိုက်ရသည်။
သူ လုံးဝတုံ့ဆိုင်းမနေတော့။
အလောင်းကောင် သံချောင်းတစ်ချောင်းက အဘွားကြီးလျိုရဲ့ နဖူးကို ထိုးဖောက်ဝင်ရောက်သွားပြီး သူမရဲ့ခေါင်းကို တစ်နေရာတည်းမှာ ငြိမ်နေအောင် စိုက်ထားလိုက်သည်။
သို့သော် သံချောင်းက အဘွားကြီးလျိုရဲ့ ခန္ဓာကိုယ်ထဲ စိုက်ဝင်သွားတဲ့အခိုက်မှာပင် သူမရဲ့ ဖောင်းကားနေတဲ့ အလောင်းက 'ဖောက်' ခနဲ အသံနဲ့အတူ ဘောလုံးတစ်လုံးလို ပေါက်ကွဲထွက်သွားသည်။
သေဆုံးနေတဲ့ အရေပြားက စုတ်ပြဲသွားပြီး ကလီစာတွေ၊ အသားတွေမရှိဘဲ အနက်ရောင် သွေးပျစ်များသာ ပတ်ပတ်လည်သို့ လွှင့်စင်ထွက်သွားသည်။
အနီးကပ်ရှိနေတဲ့ ယန်ကျန့်မှာ ရှောင်ချိန်တောင်မရလိုက်ဘဲ သွေးတွေနဲ့ တစ်ကိုယ်လုံး ပေကျံသွားသည်။
အဘွားကြီးလျိုရဲ့ အလောင်းကတော့ စုတ်ပြတ်သတ်နေပြီ။ သံချောင်းစိုက်ဝင်နေတဲ့ သူမရဲ့ ခေါင်းတစ်ခုသာ မပျက်မစီးကျန်နေပြီး ပြာနှမ်းနေတဲ့ မျက်လုံးများက လှုပ်ရှားနေသလို ယန်ကျန့်ကို စိုက်ကြည့်နေသည်။ ဖော်ပြမရနိုင်တဲ့ ထူးဆန်းကြောက်မက်ဖွယ်ကောင်းမှုတစ်ခု ရှိနေသည်။
"ခေါင်းဆောင်ယန်၊ အကူအညီလိုသေးလား။" ဒီမြင်ကွင်းကိုမြင်တော့ စုန့်ရန်က ချက်ချင်းအော်မေးလိုက်သည်။
"ငါ ဘာမှမဖြစ်ဘူး။"
ယန်ကျန့်က သူ့မျက်နှာပေါ်က သွေးပျစ်တွေကို သုတ်လိုက်ပြီး လက်တစ်ဖက်ယမ်းပြကာ အေးဆေးစွာ အမူအရာပြလိုက်သည်။
သို့သော် သူစကားမဆုံးခင်မှာပင် အခြေအနေကို စောင့်ကြည့်နေတဲ့ လီယန်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"ဒုက္ခပဲ၊ ငါတို့ပတ်ဝန်းကျင်က သင်္ချိုင်းဟောင်းတွေ ပြိုကျနေသလိုပဲ၊ တော်တော်များများ နိမ့်ဝင်သွားကြပြီ။"
ဘာ
လက်ရှိအခြေအနေကို မသုံးသပ်ရသေးခင်မှာပင် ယန်ကျန့်ရော စုန့်ရွဲ့ပါ ပတ်ဝန်းကျင်ကို အမြန်လှည့်ကြည့်လိုက်သည်။
ရုတ်တရက် သူတို့တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းများ ထသွားသည်။
နာမည်တွေထွင်းထားပြီး ဓာတ်ပုံတွေချိတ်ဆွဲထားတဲ့ သင်္ချိုင်းဟောင်းများက တကယ်ပင် တစ်ခုပြီးတစ်ခု ဖြည်းဖြည်းချင်း ပြိုကျနေသည်။
"ဟိုမှာကြည့်စမ်း၊ ဟိုသင်္ချိုင်းပေါ်မှာ လူတစ်ယောက်ရှိနေသလိုပဲ။"
ရုတ်တရက် မျက်စိရှင်တဲ့ သဘာဝလွန်ဖိုရမ်အဖွဲ့ဝင်တစ်ယောက်က တစ်ဖက်ကို လက်ညှိုးထိုးပြီး အော်ပြောလိုက်သည်။
သင်္ချိုင်းဟောင်းတစ်ခုရဲ့ အပေါ်မှာ လူတစ်ယောက် ထိုင်နေသည်။ ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိပေ။
ထိုသူက ဝေဝါးနေပြီး သေချာမမြင်ရပေ။ သင်္ချိုင်းပေါ်မှာ တောင့်တောင့်ကြီးထိုင်နေပြီး မျက်နှာကိုမမြင်ရဘဲ ဘေးတစောင်းပုံစံသာ မြင်နေရသည်။
သို့သော် ထိုဘေးတစောင်းပုံစံက အလွန်ထူးဆန်းနေသည်။ သေဆုံးနေသူတစ်ယောက်ရဲ့ မျက်နှာလိုဖြစ်ပြီး သင်္ချိုင်းမြေကြီးတွေ ထူထပ်စွာ ဖုံးအုပ်နေသည်။ မြေကြီးများက မည်းနက်ပြီး အက်ကွဲနေကာ အရေပြားနဲ့ တစ်သားတည်းဖြစ်နေသလို ကပ်ငြိနေသည်။
ရွှံ့တွေနဲ့ဖုံးလွှမ်းနေတဲ့ မျက်နှာလား။
ဘုရားရေ...
ဒါ လူရောဟုတ်သေးရဲ့လား။
ဒါဟာ သင်္ချိုင်းဟောင်းထဲကနေ အခုမှတွားသွားထွက်လာတဲ့ တစ္ဆေကြမ်းတစ်ကောင် ဖြစ်နိုင်လောက်သည်။
ဒီလိုတွေးမိတော့ ယန်ကျန့်ရဲ့ ရင်ထဲမှာ ဟာခနဲဖြစ်သွားသည်။
သူ့ရဲ့ခန့်မှန်းချက် မှန်ကန်ခဲ့သည်။
အဘွားကြီးလျိုရဲ့ အလောင်းမှာ ဖြစ်ပေါ်တဲ့ ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုက ဒီသင်္ချိုင်းထဲက ဟန်ချက်ညီမှုတစ်ခုခုနဲ့ ဆက်စပ်နေသည်။
အရင်က ဒီသင်္ချိုင်းက အနည်းဆုံးတော့ အဘွားကြီးလျိုကလွဲပြီး ဘာမှမပေါ်လာသေးဘူး။ တိတိကျကျပြောရရင် အတော်လေး လုံခြုံနေသေးသည်။
ဒါပေမယ့် အခုရော?
သင်္ချိုင်းဟောင်းတွေက ပြိုကျနေပြီး သင်္ချိုင်းတစ်ခုပေါ်မှာ ထူးဆန်းတဲ့လူတစ်ယောက် ပေါ်လာပြီ။
ဒါက သင်္ချိုင်းဂူတွေထဲမှာ အိပ်စက်နေတဲ့ တစ္ဆေကြမ်းတွေ ထွက်ပေါ်လာတော့မယ်ဆိုတဲ့ အရိပ်အယောင် မဟုတ်ဘူးလား။
ယန်ကျန့်မှာ အရင်ကတည်းက သံသယတစ်ခုရှိခဲ့သည်။
ဒီသင်္ချိုင်းက သေဆုံးသူတွေအတွက် ရည်ရွယ်တာမဟုတ်ဘဲ တစ္ဆေကြမ်းတွေအတွက် ဖြစ်နိုင်သည်။ သင်္ချိုင်းမြေကြီးက သူတို့ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်စေပြီး ဖိနှိပ်ထားတဲ့ အခြေအနေတစ်ခုကို ရောက်ရှိစေနိုင်သောကြောင့် ဖြစ်သည်။
အခုတော့ ဒီဖိနှိပ်မှုနဲ့ အိပ်စက်ခြင်းမှာ ပြဿနာတက်နေပုံရသည်။
ဒါက သူအဘွားကြီးလျိုရဲ့ လက်ထဲက အလောင်းကောင် သံချောင်းကို ယူလိုက်လို့လား။
ဒါမှမဟုတ် စာအနီကြောင့်လား။
ပထမတစ်ခုက ဖြစ်နိုင်ခြေနည်းသည်။
အကြောင်းကတော့ အခု ယန်ကျန့်လက်ထဲက အလောင်းကောင် သံချောင်းက အဘွားကြီးလျိုဆီကို ပြန်ရောက်သွားပြီ။ အလောင်းရဲ့ နဖူးမှာ စိုက်ဝင်နေပြီ။
ဒါပေမယ့် ပုံမှန်မဟုတ်တဲ့ အခြေအနေက မရပ်တန့်သွားပေ။
ဒါကြောင့် ဖြစ်နိုင်ခြေအများဆုံးက စာအနီကြောင့် ဖြစ်ရမည်။
"ဒါကို ကောင်းကောင်းမကိုင်တွယ်နိုင်ရင် ဒီနေရာမှာ ပြဿနာကြီးတစ်ခု ဖြစ်တော့မယ်။"
ယန်ကျန့်ရဲ့ နဖူးမှာ ချွေးစေးတွေ စို့လာသည်။
သူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်တာမျိုး မခံစားရသေးပေမယ့် မကြုံစဖူး ကြောက်လန့်မှုတစ်ခုကို ခံစားနေရသည်။
ဖူရှို့ဥယျာဉ်ထဲက သာမန်သင်္ချိုင်းတွေကို ထားလိုက်ရင်တောင် မသိနိုင်တဲ့ သင်္ချိုင်းဟောင်းတွေ ဘယ်လောက်များများ ရှိနေမလဲ။
တစ်ရာ၊ နှစ်ရာလား။ သုံးရာလား။
...သင်္ချိုင်းဟောင်းတိုင်းမှာ တစ္ဆေတစ်ကောင်ရှိမယ်လို့ မဆိုနိုင်ပေမယ့် အနည်းဆုံးတော့ တစ်ကောင်ထက်မနည်း မြှုပ်နှံထားတာတော့ သေချာသည်။
သင်္ချိုင်းမြေကြီးထဲကနေ တစ္ဆေဆယ်ကောင်ကျော်လောက်သာ ထွက်လာခဲ့ရင် အပြင်ဘက်က တာဟိုင်မြို့ ပျက်စီးသွားလိမ့်မည်။
ဒါကို S အဆင့် သဘာဝလွန်ဖြစ်ရပ်လို့တောင် သတ်မှတ်လို့မရတော့ဘူး။
S အဆင့် ဖြစ်ရပ်ဆိုတာ ဖြေရှင်းလို့မရတဲ့ တစ္ဆေတစ်ကောင်တည်းသာ ဖြစ်သည်။
ဒါပေမယ့် ဒီသင်္ချိုင်းထဲက အခြေအနေက S အဆင့်ကို ကျော်လွန်နေပြီ။
တကယ်လို့သာ အားလုံးပေါက်ကွဲထွက်လာခဲ့ရင် ဒါဟာ သဘာဝလွန်အသိုင်းအဝိုင်းမှာ ပထမဆုံး SS အဆင့် သဘာဝလွန်ဖြစ်ရပ် ဖြစ်လာလိမ့်မည်။
ယန်ကျန့်လက်ထဲမှာ အလောင်းကောင် သံချောင်းရှိနေရင်တောင် သူက တစ်ကြိမ်မှာ တစ္ဆေတစ်ကောင်ကိုသာ အောင်မြင်စွာ တားဆီးနိုင်မည်။ ဒီလောက်များတဲ့ တစ္ဆေတွေ တစ်ပြိုင်တည်း နိုးထလာတာကိုတော့ သူတစ်ယောက်တည်းနဲ့ လုံးဝမနိုင်လောက်ပေ။
တစ္ဆေတွေ အရမ်းများလာရင် တစ္ဆေတွေက လူသတ်တဲ့ ပုံစံကို ဖြစ်ပေါ်စေဖို့ ပိုပြီးလွယ်ကူလာလိမ့်မည်။
အဲ့ဒီအချိန်ကျရင် ဒီနေရာမှာ ရပ်နေပြီး အသက်ရှူလိုက်ရုံနဲ့တောင် တစ္ဆေတွေရဲ့ အာရုံစိုက်မှုကို ခံရနိုင်လောက်သည်။
သူက ပိုပြီးနက်နက်နဲနဲ တွေးလေ၊ ပိုပြီးကြောက်လာလေဖြစ်သည်။
သာမန်လူတွေအတွက်တော့ သဘာဝလွန်ဖြစ်ရပ် ပေါက်ကွဲထွက်လာခြင်းနဲ့ တစ္ဆေကြမ်းတွေ ပြန်လည်နိုးထလာခြင်းက ဘယ်လောက်ကြောက်စရာကောင်းတဲ့ အကျိုးဆက်တွေ ယူဆောင်လာမလဲဆိုတာကို သူတို့မသိကြပေ။ သူတို့ကြောက်လန့်နေကြပေမယ့် ယန်ကျန့်လောက်တော့ မကြောက်ကြဘဲ သူ့ကိုသာ တိုက်တွန်းနေကြသည်။
"ခေါင်းဆောင်ယန်၊ မြန်မြန်သွားကြရအောင်၊ ခင်ဗျားအလုပ်ပြီးပြီပဲ၊ ဒီမှာ ဆက်မနေနဲ့တော့။"
သဘာဝလွန်ဖိုရမ်အဖွဲ့ဝင်တစ်ယောက်က တိုက်တွန်းလိုက်သည်။
ယန်ကျန့်က မျက်နှာထားတည်တည်ဖြင့် ထိုလူအနည်းငယ်ကို လျစ်လျူရှုထားလိုက်သည်။
သွားရမယ်?
မင်းတို့အသက်ရှင်ဖို့အတွက်နဲ့လား။
ဒီနေရာမှာ ပြဿနာတက်ခဲ့ရင် လူအနည်းငယ်ရဲ့ အသက်ရှင်သေဆုံးမှုကိစ္စထက် အများကြီးပိုကြီးမားတယ်။
ဒါကြောင့် အခုအချိန်မှာ သူတို့ရဲ့ အသက်ရှင်သေဆုံးမှုက အရေးမပါတော့ဘူး။
"သဘာဝလွန်ဖိုရမ်အဖွဲ့ဝင်တစ်ယောက်အနေနဲ့ မင်းတို့က 'တစ္ဆေမျက်လုံး' ယန်ကျန့်ဆီကို အကူအညီသွားတောင်းတာကတော့ ငါ့ကို တော်တော်အရှက်ရစေတာပဲ။ မင်းတို့ ငါ့ကို အထင်မကြီးဘူးဆိုတာ ရှင်းနေတာပဲ။"
ဖူရှို့ဥယျာဉ်ရဲ့ မှိုင်းညို့နေတဲ့ ကောင်းကင်ကြီးမှာ 'ဖြောင်း' ခနဲ အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။
အပြင်ဘက်က နေရောင်ခြည်များက ဝင်ရောက်လာပြီး မျှော်လင့်ချက်ကင်းမဲ့နေတဲ့ ဒီသင်္ချိုင်းကမ္ဘာကြီးကို အလင်းရောင်နဲ့ မျှော်လင့်ချက်တွေ ယူဆောင်လာပေးသည်။
ကောင်းကင်ပေါ်က အလင်းတန်းထဲကနေ လူတစ်ယောက် ဆင်းသက်လာပြီး ဖြည်းညှင်းစွာ လေပေါ်မှာ ပျံဝဲရင်း အရာအားလုံးကို အပေါ်စီးကနေ ကြည့်ရှုနေသည်။
အင်အားအကြီးဆုံး ပုဂ္ဂိုလ်...
သဘာဝလွန်ဖိုရမ်ရဲ့ သူဌေးကြီး၊ ရဲကျန့် ရောက်ရှိလာပြီဖြစ်သည်။