← Chapters

အပိုင်း (၇၀)

Vol. 6 Ch. 70

အပိုင်း (၇၀)

Vol. 6 Ch. 70

ထျန်းဟန် သေဆုံးသွားခဲ့ပြီ။ သို့သော်ငြား ရုတ်တရက် ဆန်လွန်းလှ၏။ ရှမ့်လန်သည် ထိုသတင်းကိုကြားရသည့် အချိန်မှာတော့ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

“ထျန်းဟန် သေသွားပြီဆိုတာ သေချာလို့လား” ရှမ့်လန်က မေးမြန်းလိုက်၏။

ကျင်းဟွေ့သည် အချိန်ခဏတာမျှ တွေးတောလိုက်၏။ ပြီးနောက် သေသေချာချာ ပြန်လည်စဉ်းစားပြီး ခေါင်းညိတ်လိုက်၏။ တကယ် ထျန်းဟန်ပင် ဖြစ်၏။ အသွင်အပြင်၊ အမူအရာ၊ ခန္ဓာကိုယ်လှုပ်ရှားမှု၊ ခန္ဓာကိုယ်မှ ထွက်ပေါ်လျက် ရှိနေသည့် သိုင်းအော်ရာများပင်လျှင် တူညီလျက်ရှိ၏။ ထျန်းဟန်ဖြစ်ကြောင်း သံသယရှိစရာ မလိုချေ။

ရှမ့်လန်သည် ဒဏ်ရာများမှ ပြန်လည်ကောင်းမွန်အောင် အားမွေးလျက်ရှိနေသည့် ရှမ့်ဆယ့်သုံး ဆီသို့ သွားလိုက်၏။ ၎င်းသည် ထျန်းဟန်နှင့်ပတ်သက်သည့် ပြစ်မှု မှုခင်းများကို ရေးသားလျက်ရှိနေ၏။ တစ်ခုချင်းစီကို ရေးသားထားခြင်းဖြစ်ပြီး လူသတ်မှုပေါင်းများစွာရှိ၏။ ကိစ္စရပ်တစ်ခုချင်းစီတွင် ၎င်းအား မျက်မြင်သက်သေအဖြစ် ထားရှိ၏။ အလောင်းမြှုပ်နှံထားသည့် တည်နေရာများကိုလည်း တိတိကျကျ ရေးထားသည်။

ဟုတ်ပေ၏။ ရှမ့်ဆယ့်သုံး ည် ထိုများပြားလှသည့် ကိစ္စရပ်များထဲတွင် ပါဝင်ပတ်သက်ခဲ့၏။ ထို့ကြောင့် ထိုအရာများကို ထုတ်ဖော်မည်ဆိုပါက သူသည်လည်း သေဆုံးမှာဖြစ်၏။ သို့ပေမည့် ရှမ့်ဆယ့်သုံးသည် တစ်ချက် ကလေးမှ ဂရုမစိုက်ချေ။ သူ၏ မိဘများ လုံခြုံသည်ဆိုပါက သူ သေသေ၊ မသေသေ အရေးစိုက်နေမည့် လူတစ်ယောက် မဟုတ်ချေ။

“အင်း... ထပ်ပြီးရေးဖို့ မလိုတော့ဘူး။ ထျန်းဟန်က သေသွားပြီ” ရှမ့်လန်က ပြောလိုက်၏။

ရှမ့်ဆယ့်သုံးသည် ချက်ချင်းပဲ တုန်လှုပ်သွားခဲ့၏။ ပြီးနောက် ပြောလိုက်သည်။ “လျှိုယုဝမ်နဲ့ကျန်းကျင်းတို့က သူ့ကို သတ်လိုက်တာလား”

ရှမ့်လန်သည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “အင်း.. ခင်ဗျားက အနီးကပ်ဆုံးမှာနေခဲ့ပြီး ထျန်းဟန်ရဲ့ အယုံကြည်ရဆုံး လူတစ်ယောက် ဖြစ်ခဲ့တယ်လေ။ သူ့ဆီမှာ အစားထိုးရတဲ့ လူတစ်ယောက်ရှိတယ်ဆိုတာ ခင်ဗျား သိလား”

ရှမ့်ဆယ့်သုံးသည် ခဏလောက် တွေးတောကာပြောလိုက်သည်။ “အင်း တစ်ခါမှမမြင်ဖူးသလို ကြားလည်း မကြားဖူးဘူး”

တစ်စုံတစ်ယောက်ကို အစားထိုးဖို့ဆိုသည်မှာ လွယ်ကူသည့် အရာမျိုး မဟုတ်ချေ။ တကယ် ထိပ်တန်း စွမ်းအားမြင့် အာဏာရှိသူများသာလျှင် ထိုကဲ့သို့ အစားထိုးလဲလှယ်မှုကို ပြုလုပ်နိုင်မည်ဟု ရှမ့်လန်က ယုံကြည်မိ၏။ ထျန်းဟန်သည် ထိုကဲ့သို့သော အဆင့်မျိုးသို့ မရောက်ရှိသေးချေ။ အနည်းဆုံး သူ၏ ယောက္ခထီး အဆင့်ဆီသို့ ရောက်ရှိမှသာလျှင် ပြည့်စုံစွာ အစားထိုးနိုင်မည့်လူတစ်ယောက်ကို ရှာဖွေထားသင့်၏။

ပြီးနောက် ရှမ့်လန်သည် အချိန်တစ်လျှောက်လုံး မျက်မှောင်ကုတ်လျက်ရှိနေပြီး သူနှင့်ထျန်းဟန် အတူတူ စကားပြောဆိုခဲ့သည့် မြင်ကွင်းများကို ပြန်လည်ကာ စဉ်းစားလျက်ရှိနေ၏။ မြို့စားအိမ်တော်ဆီသို့ ရောက်ရှိလာခဲ့ပြီးနောက် ရှမ့်လန်သည် အချိန်တိုင်းနီးပါး ပြုံးလျက်ရှိခဒြ၏။ လူပေါ့လူသွမ်းတစ်ဦးကဲ့သို့ ဟန်ဆောင်ကာဖြင့် မျက်နှာတွင်တစ်ခုလုံးသည်လည်း ပေါ့ပျက်ပျက်နှင့်ပင်။

ရှမ့်လန် ထိုကဲ့သို့ဖြစ်နေသည်ကို မြင်ရသည့်အချိန်မှာတော့ မူလန်သည် အသားမကျသလိုပင် ခံစားနေမိသည်။

“ယောက်ျား... ဘာတွေမှားနေလို့လဲ”

မူလန်က ပြောလိုက်၏။ “ထျန်းဟန် သေဆုံးခြင်းက ရှင့်အတွက် ကောင်းတဲ့ သတင်းပဲလေ။ ရှင့်နံရံပေါ်မှာရှိတဲ့ နာမည်ပေါ်မှာ အနီရောင်ကြက်ခြေခတ် ခတ်လို့ရပြီမဟုတ်လား”

ရှမ့်လန်က ပြောလိုက်သည်။ “မိန်းမ အလိုလိုသိစိတ်ဆိုတာကို မင်းယုံလား”

မူလန်သည် သူမ၏မှတ်ဉာဏ်များထဲမှတစ်ဆင့် အလိုလိုသိစိတ်ဆိုသည့် အကြောင်းအရာကို ပြန်လည်ကာ စဉ်းစားနေမိ၏။ သို့ပေမည့် အချိန်ခဏကြာသည်အထိ ကောင်းမွန်သည့်အဖြေကို မရရှိခဲ့ချေ။

ရှမ့်လန်က ပြောလိုက်သည်။ “ပြီးတော့ လူတစ်ယောက်က အရမ်းချောမောလေ သူ့ရဲ့အလိုလိုသိစိတ်က ပိုပြီး တိကျလေပဲ”

ရုတ်တရက် မူလန်သည် ဆက်လက် စကားပြောဆိုချင်စိတ်ပင် မရှိတော့ချေ။

ရှမ့်လန်က ပြောလိုက်၏။ “အင်း ဒါက သိပ္ပံနည်းကျအခြေခံတစ်ခုပဲ။ ချောမောတဲ့လူတွေ တော်တော်များများက တခြားသူတွေရဲ့ အာရုံစူးစိုက်မှုကို ရရှိကြတယ်။ ဒါကြောင့် သူတို့ရဲ့ အလိုလိုသိစိတ်က ပိုပြီးတိကျတယ်။ ဥပမာအားဖြင့် ငါက အဲလိုလူမျိုးပေါ့။ လမ်းပေါ် လှမ်းလျှောက်ထွက်လိုက်ပြီဆိုတာနဲ့ လူတွေအားလုံးက ငါ့ကို လက်ညှိုးဝိုင်းထိုးပြီး စကားပြောဆိုကြတယ်။ ပြတင်းပေါက်နောက်ကွယ်ကနေ ချောင်းပြီး ကြည့်နေကြတဲ့ လူတွေကလည်း အများကြီးပဲ။ သူတို့ ဘယ်လိုတွေပြောပြီး၊ ဘယ်လိုတွေ ကြည့်ရှုနေတယ်ဆိုတာ အလိုလို သိစိတ်အရ သိရှိနေတယ်”

မူလန်သည် ဘာတစ်ခုကိုမှ မပြောဆိုတော့ချေ။ သို့ပေမည့် ဘာမှန်းမသိစွာပင် သူမသည် ဦးနှောက်ဆေးခြင်းကို ခံနေရ၏။ ထိုအရာများကို အကြိမ်ပေါင်းများစွာကြားရပြီးနောက် သူမ၏ယောက်ျားသည် တစ်လောကလုံးတွင် အချောမောဆုံး ယောက်ျားတစ်ယောက်ဖြစ်သည်ဟုပင် ခံစားလာမိသည်။ သောက်ကျိုးနည်းလှချေသည်တကား။

ရှမ့်လန်က လေးလေးနက်နက် ပြောလိုက်၏။ “ထျန်းဟန် သေသွားလိမ့်မယ်လို့ မထင်ဘူး။ ငါ့ဆီမှာ ဘာ သက်သေသာဓကမှမရှိဘူး။ ဒါပေမဲ့ အလိုလိုသိစိတ်အရ ထျန်းဟန် မသေသေးဘူးဆိုတာ သိနေတယ်”

မူလန်က ပြောလိုက်သည်။ “ယောက်ျား ကျင်းဟွေ့က တကယ့်ကို တိကျတဲ့လူတစ်ယောက်ပါ”

ဟုတ်ပေ၏။ ကျင်းဟွေ့သည် တကယ့်ကို သစ္စာရှိသည့်လူတစ်ယောက်ဖြစ်ပြီး ၎င်းပြောဆိုသည့် စကားလုံးတိုင်းကို တာဝန်ယူတတ်သူ တစ်ယောက်လည်း ဖြစ်၏။

ရှမ့်လန်က ပြောလိုက်သည်။ “ဒါကြောင့် ငါ ဇဝေဇဝါ ဖြစ်နေတာပေါ့။ အရမ်းကိုတူညီတဲ့ လူစားလဲသူ တစ်ယောက်ကို ခဏအတွင်း ရှာဖွေဖို့ဆိုတာ ခက်ခဲတယ်။ ထျန်းဟန်လိုအဆင့် လူတစ်ယောက်အနေနဲ့ သူနဲ့ တစ်ပုံစံတည်း တူညီတဲ့ အစားထိုးနိုင်တဲ့လူတစ်ယောက်ကို ရှာဖို့ဆိုတာ လွယ်တာမျိုး မဟုတ်ဘူး”

“ဟောခန်းမထဲမှာ ဒူးထောက်နေတဲ့သူ့ကို ကျင်းဟွေ့က တွေ့ခဲ့တယ်။ ပြီးတော့ တိုင်နဲ့ခေါင်းနဲ့ ပြေးဆောင့်ပြီး သေသွားခဲ့တယ်။ သူ ပြောဆိုခဲ့တဲ့စကားလုံးတွေ သူ့ရဲ့စိတ်ထဲမှာ ဖြစ်ခဲ့တဲ့နာကျင်မှု ... အရာအားလုံးကို ကြည့်ရှုရမယ်ဆိုရင် ကျိန်းသေပေါက် ထျန်းဟန်ပဲ။ ထျန်းဟန် မဟုတ်ရင် ဒီလိုခံစားချက်မျိုးနဲ့ ပြောဆိုဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး”

မူလန်က ပြောလိုက်၏။ “ယောက်ျား.. ထျန်းဟန်သေဆုံးခြင်းက ယုတ္တိမတန်ဘူးလို့ ရှင်ထင်နေတာလား”

ရှမ့်လန်က ပြောလိုက်သည်။ “အင်း.. ငါသာ ကျန်းကျင်းဆိုရင် ကျိန်းသေပေါက် ထျန်းဟန်ကို သတ်ပစ်ဖို့ ကြိုးစားမှာပဲ။ ဘာလို့လဲဆိုတော့ နံပါတ်ဆယ့်သုံးက ငါတို့လက်ထဲကို ရောက်နေတာကိုး။ ထျန်းဟန်ရဲ့ ပြစ်မှုတွေက အများကြီးပဲလေ။ တချို့ပြစ်မှုတွေက သူတို့နဲ့လည်း ပတ်သက်နေတယ်။ ပေါ်သွားပြီဆိုတာနဲ့ ပြဿနာ အကြီးကြီးတတ်ပြီ မဟုတ်လား။ ထျန်းဟန်သေဆုံးသွားတာနဲ့အမျှ အရာအားလုံးက ပြီးသွားလိမ့်မယ်”

ရှမ့်လန်က ဆက်လက်ကာ ပြောဆိုလိုက်၏။ “ဒီတော့ ထျန်းဟန်ကို သတ်ဖြတ်ဖို့ဆိုတာ မဖြစ်မနေ လိုအပ်တဲ့ အရာပဲ။ ဒါပေမဲ့ ကျိန်းသေပေါက် လူမြင်ကွင်းမှာ သတ်ဖြတ်ဖို့တော့ မလိုဘူး မဟုတ်လား။ လူမြင်ကွင်းမှာ သတ်ဖြတ်တယ်ဆိုတာက ထျန်းဟန်တစ်ယောက် သေဆုံးသွားခဲ့ပြီဆိုတာကို အားလုံးသိစေဖို့အတွက် ပြုလုပ်တဲ့ အရာတစ်ခုလိုပဲ”

မူလန်က တွေးတွေးဆဆဖြင့် ပြောလိုက်သည်။ “မြို့တော်ဝန်ရုံးက လူတစ်ယောက်ကို လွယ်လွယ်ကူကူနဲ့ သေမိန့်ချနိုင်တယ်။ ဒါပေမဲ့ အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ သက်သေပြဖို့မလိုဘူး။ ပြီးတော့ အနည်းဆုံး သေမိန့်ချပြီးသွားရင် ဆယ်ရက် ဒါမှမဟုတ် လဝက်လောက်ထားသေးတယ်။ ပြီးတော့ ထျန်းဟန်က မြန်မြန်ဆန်ဆန် သေဆုံးသွားတာတင် မကဘူး ။ ကိုယ့်ကိုကိုယ် သတ်သေသွားခဲ့သေးတာ”

ရှမ့်လန်က ပြောလိုက်၏။ “ထျန်းဟန်က ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တယ်။ ဒါပေမဲ့ လူမြင်ကွင်းမှာ သတ်သေတယ် ဆိုတာ အကျိုးကြောင်း မဆီလျော်ဘူး။ အားလုံးမြင်ဖို့အတွက် လုပ်နေသလိုပဲမလား”

ပြီးနောက် ရှမ့်လန်က ပြောလိုက်သည်။ “မိန်းမ ထျန်းဟန်ရဲ့အလောင်း ရှိသေးလား”

မူလန်က ပြောလိုက်၏။ “အင်း ရှင်ကြည့်ချင်ရင် ကျွန်မ ခေါ်သွားပေးမယ်”

သို့ဖြင့် မူလန်သည် ရှမ့်လန်ကို မြင်းနောက်ကျောပေါ်သို့ တင်ကာဖြင့် ရှမ်ဝူမြို့ဆီသို့ အသော့နှင်လေတော့၏။ ရှမ့်လန်သည် ခြေတစ်လှမ်း နောက်ကျသွားခဲ့ပြီဖြစ်၏။ ထျန်းဟန်၏ခန္ဓာကိုယ် တစ်ခုလုံးသည် မီးသဂြိုလ်ခြင်း ခံထားရပြီး မီးသွေးခဲတုံးပင် ပြောင်းလဲသွားခဲ့ပြီဖြစ်၏။ အလောင်းကိုကြည့်ရှု၍ ခွဲခြားရန်ဆိုသည်မှာ မဖြစ်နိုင်တော့ချေ။

ရှမ့်လန်သည် သူ၏မျက်လုံးများကို စူးစိုက်ကာဖြင့် မဲနက်လျက်ရှိနေပြီး မီးကျွမ်းနေသော ခန္ဓာကိုယ်ကြီးကို ကြည့်ရှုနေမိ၏။ အထူးသဖြင့် အဆုတ်နေရာသို့ပင်။ ထျန်းဟန်၏အဆုတ်ထဲတွင် အပ်တစ်ချောင်းရှိ၏။ ထိုအရာကို ရှမ့်လန်က အရင်တုန်းက မြင်ဖူးခဲ့၏။ ခန္ဓာကိုယ်တစ်ခုလုံး မီးကျွမ်းလောင်ခဲ့သည်ဆိုလျှင်တောင်မှ ခန္ဓာကိုယ်အတွင်း တွင် ရှိနေသည့် အပ်သည် ကျိန်းသေပေါက် တည်ရှိရပေလိမ့်မည်။ ထို့ကြောင့် ရှမ့်လန်သည် သူ၏ X-Ray အမြင်ဖြင့် သေသေချာချာ ကြည့်ရှုနေသည်။

မကြာခင်မှာပင် ရှမ့်လန်သည် သေးငယ်လွန်းသည့် ငွေရောင်အပ်လေးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့၏။ အံ့အားသင့်စရာပင်။ အဆုံးစွန်ဆုံးသော တုပမှုသည် အံ့အားသင့်စရာပင် ဖြစ်၏။ သို့ပေမည့် ထျန်းဟန် မသိခြင်းမှာ ၎င်း၏ အဆုတ်ထဲတွင် ရှိနေသည့် ငွေရောင်အပ်လေးသည် ကွေးလျက် ရှိနေခြင်းပင်။ အဘယ်ကြောင့်ဆိုသော် သွေးလွှတ်ကြော၏ ဖိအားကြောင့် ကွေးနေခြင်းပင်။ ယခု သူ၏ရှေ့တွင် ရှိနေသည့် ငွေအပ်လေးမှာတော့ ဖြောင့်ဖြူးလို့ နေ၏။ အစစ်အမှန်တရားက ပေါ်ပေါက်လာခဲ့လေပြီ။

ထျန်းဟန်သည် မသေဆုံးသေးချေ။ ဤလောကကြီးထဲတွင် ရှမ့်လန်၏ မျက်လုံးအောက်မှ လွတ်မြောက်နိုင်သည့် အရာဟူ၍ လွယ်လွယ်ကူကူနှင့် ရှာဖွေတွေ့ရှိနိုင်လိမ့်မည် မဟုတ်ချေ။ ချက်ချင်းဆိုသလိုပင် ရှမ့်လန်သည် နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ “စိတ်ဝင်စားစရာပဲ။ စိတ်ဝင်စားစရာပဲ။ ဒါပေမဲ့ အရမ်းကောင်းတယ်။ သူ့ကို ကိုယ့်လက်နဲ့ကိုယ် သတ်ရတာ ပိုပြီးစိတ်ဝင်စားဖို့ ကောင်းတယ်”

ပြီးသူသည် မူလန်ကို ပြောဆိုလိုက်၏။ “အချစ်လေး... အဆင်သင့် ပြင်ထားတော့။ ဒီညပွဲကြီးပွဲကောင်း ကြည့်ရတော့မယ်။ ပွဲကမစသေးဘူး ဆိုပေမဲ့ အဆုံးသတ်ကို ငါကြိုမြင်နေပြီ။ ဟင်း တစ်စုံတစ်ယောက်ကတော့ မကောင်းမှု ပြုလုပ်တဲ့နေရာမှာ တကယ့်ကို ထူးချွန်တာပဲ”

မူလန်သည် သူမယောက်ျား၏ ဝါကြွားလျက်ရှိနေသည့်ဟန်ပန်မူရာကို မကြည့်ချင်တော့ပေ။ တကယ့်ကို မြောက်ကြွ၊ မြောက်ကြွနှင့်ပင်။ ထို့ကြောင့် အသာလှည့်ကာ ထွက်ခွာသွားခဲ့၏။ ရှမ့်လန်သည် သူ့မိန်းမ၏ လုံးဝန်းကာ လှပသည့် တင်ပါးကို ကြည့်ရှုရင်း အသာနောက်က လှမ်းလျှောက်လာခဲ့သည်။

........

ညသည် မဲမှောင်လျက်ရှိနေ၏။ လေပြေလေညင်းများသည်လည်း တိုက်ခတ်လျက် ရှိနေ၏။ ယနေ့ညသည် အထူးပင် စိတ်ဝင်စားစရာ ကောင်းပေလိမ့်မည်။

“မိန်းမ ငါ့ကိုစောင့်အုံး။ တစ်ယောက်တည်း အမှောင်ထဲမှာ မထားခဲ့နဲ့လေ။ ငါ ကြောက်တတ်တယ်”

ရွှမ်ဝူမြို့၏ လျှို့ဝှက်မြေအောက်ခန်းတစ်ခုအတွင်းမှာတော့ ....

ရှစ်ချင်းချင်းသည် သူမ၏လက်ထဲတွင် သစ်သား မျက်နှာဖုံး တစ်ခုကို ကိုင်ထား၏။ ထို မျက်နှာဖုံး၌ အလွန်ပြင်းထန်သည့် အက်ဆစ်များနှင့် သုတ်လိမ်းထားသည်။ ရှစ်မိသားစုသည် ထိုကဲ့သို့သောအရာများကို ပြုလုပ်သည့်နေရာတွင် အလွန်ပင် ကျွမ်းကျင်၏။ ဆိုးဆေးများကို အသုံးပြုသည့်နေရာတွင် ဆာဖျူရစ်အက်ဆစ် သည် တကယ့်ပင် လိုအပ်သည့်အရာ မဟုတ်ပါလော။

ထျန်းဟန်သည် စားပွဲပေါ်တွင် ထိုင်လျက်ရှိနေ၏။ ခန္ဓာကိုယ်တစ်ခုလုံးကလည်း တုန်ယင်လျက်ရှိနေ၏။ ၎င်း၏ မျက်လုံးထဲတွင်တော့ အမုန်းတရားများနှင့် ပြည့်နှက်လျက် ရှိနေပြီး သတ်ဖြတ်လိုခြင်းဆန္ဒများသည် အရှိန်အဟုန် တငြီးငြီးနှင့်ပင်။

သူ၏ညီငယ်လေး သေဆုံးသွားခဲ့ပြီ ဖြစ်၏။ ထျန်းဟန်နှင့် သူ၏ညီငယ်လေးတို့သည် ငယ်ရွယ်စဉ်တည်းက တစ်ယောက်နှင့်တစ်ယောက် အမှီခိုပြုခဲ့၏။ ၎င်းတို့နှစ်ယောက်သည် သိုင်းကျောင်းတစ်ခုတွင် အတူတကွ ကြီးပြင်းခဲ့ကြပြီး အတူတကွလည်း သိုင်းပညာကိုလေ့ကျင့်ခဲ့၏။ ငယ်ရွယ်စဉ်တည်းက သူ့၏ညီငယ်လေးသည် သူ၏စကားကို မြေဝယ်မကျ နားထောင်တတ်သူတစ်ယောက်ဖြစ်၏။ သူတို့နှစ်ယောက်သည် ဘယ်သောအခါမှ ခွဲ၍မနေခဲ့ချေ။

အသက်သုံးဆယ်သို့ ရောက်သည့်အချိန်မှာတော့ ထျန်းဟန်သည် အရေးကြီးသည့် ရတနာ ကုန်ပစ္စည်းများကို ပို့ဆောင်သည့်နေရာတွင် တာဝန်ယူရသည့် တာဝန်ခံတစ်ယောက် ဖြစ်လာခဲ့၏။ ထိုပစ္စည်းများသည် အလွန်တရာ တန်ဖိုးကြီးမားလွန်း၏။ ထျန်းဟန်သည် သူ၏လိုချင်လောဘကို မဖိနှိပ်နိုင်ခဲ့ချေ။ ထို့ကြောင့် လိုက်ပါလာခဲ့သည့် အဖွဲ့သားများကို သတ်ဖြတ်ပစ်ပြီး ရတနာကုန်ပစ္စည်းများကို ယူဆောင်ကာ ထွက်ပြေးခဲ့၏။ မိုင်တစ်ထောင်အကွာအဝေးရှိ ရွှဲ့ပြည်နယ်သို့ ပြေးလွှားခဲ့ခြင်းပင်။ ပြီးနောက် သူတို့ညီအစ်ကို နှစ်ယောက်သည် နာမည်ပြောင်းလဲခဲ့၏။ ထိုတင်သာမကချေ။ ထျန်းဟန်သည် ညီငယ်လေးအား အားလုံးသော သူတို့၏ရှေ့သို့ မျက်နှာမပြစေဘဲ အမှောင်ထဲ၌သာ နေထိုင်စေခဲ့၏။ အဘယ်ကြောင့်ဆိုသော် လောကထဲတွင် ထျန်းဟန် နှစ်ယောက်ရှိသည်ကို မည်သူ့ကိုမှ မသိစေချင်သောကြောင့်ပင်။

ဆိုလိုသည်မှာ ထျန်းဟန်၌ အသက်နှစ်သက် ရှိနေခြင်းပင်။ ယခု သူ၏ညီငယ်လေးက သေဆုံးသွားခဲ့ပြီ ဖြစ်သောကြောင့် သူ၏ အသက်နှစ်သက်ထဲမှ တစ်သက်က သေဆုံးသွားခဲ့ပြီဖြစ်၏။ ထျန်းဟန်အနေနှင့် အဘယ်သို့ မမုန်းတီးပဲနေမည်နည်း။ အဘယ်သို့ သတ်ဖြတ်လိုခြင်းဆန္ဒများကို ဖုံးဖိ၍ ထားနိုင်မည်နည်း။

“နည်းနည်းလေး နာမယ်ဆိုပေမဲ့ ရှင့်ရဲ့မျက်နှာကို အလုံးစုံ ပျက်စီးသွားစေလိမ့်မယ်” ရှစ်ချင်းချင်းက ပြောလိုက်၏။ ပြီးနောက် သူမသည် ဆာဖျူရစ်အက်ဆစ်များ သုတ်လိမ်းထားသော မျက်နှာဖုံးဖြင့် ထျန်းဟန်၏ မျက်နှာကို ဖိလိုက်၏။ တရှဲရှဲအသံများပင် ထွက်ပေါ်လာခဲ့၏။

ထျန်းဟန်သည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့၏။ သို့သော်လည်း သူသည် တစ်ချက်ကလေးမှ မအော်ခဲ့ချေ။ အသံစိုးစိမျှ မထွက်ခဲ့ချေ။ လူတစ်ယောက်၏ ဒေါသတရား၊ အမုန်းတရားသည် အဆုံးစွန်သောအဆင့်သို့ ရောက်ရှိချိန်မှာတော့ ၎င်းသည် နာကျင်မှုပင် ခံစားရခြင်း မရှိချေ။ ထိုအစား နာကျင်မှု၌ ပျော်မွေ့တတ်သည့် သာယာမှုမျိုးကိုပင် ခံစားလာတတ်သည်။

ရှစ်ချင်းချင်းက ပြောလိုက်၏။ “ဒီနေ့ကစပြီး ထျန်းဟန်က လောကကြီးထဲက ပျောက်ကွယ်သွားခဲ့ပြီ။ ဒီတော့ ရှင်အနေနဲ့ လုပ်စရာတွေကို အများကြီးဆက်ပြီး လုပ်လို့ရတာပေါ့”

ရှစ်ချင်းချင်းသည် စကားကို ပြီးဆုံးအောင် မပြောခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူမပြောစရာ မလိုသောကြောင့်ပင်။ ပြီးနောက် သူမသည် ခန္ဓာကိုယ်ကို အသာလှည့်ကာဖြင့် ထွက်ခွာသွားခဲ့သည်။

မြို့တော်ဝန်လျှိုယုဝမ်က ပြောလိုက်၏။ “ထျန်းဟန် မင်းအခုသွားတော့မှာလား”

ထျန်းဟန်သည် အံကိုကြိတ်ကာဖြင့် ပြောဆိုလိုက်သည်။ “ရှမ့်လန်က ကျုပ်ရဲ့ညီငယ်လေး သေဆုံးသွားအောင် လုပ်ခဲ့တယ်။ သူ့ကိုပြန်ပြီး လက်စားချေဖို့ ကျုပ် တစ်နေ့၊ တစ်ရက်တောင် မစောင့်ချင်ဘူး။ အခု ဘာကိုစောင့်နေရမှာလဲ”

သူသည်ထိုင်ခုံမှ ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ “သူက သူ့မိဘနဲ့ သူ့ရဲ့ညီငယ်ကို အရမ်းချစ်တယ် မဟုတ်လား။ ဒီတော့ မိသားစုတွေ ဆုံးရှုံးရတဲ့အရသာကို သူ့ကိုပေးပြီးခံစားစေမယ်။ ဒါကအကောင်းဆုံး လက်စားချေတဲ့ နည်းလမ်းပဲ။ ဟုတ်ပြီ။ ကျုပ် သူ့ရဲ့မိသားစုတစ်ခုလုံးကို သတ်ဖြတ်ပစ်မယ်။ နာရီဝက် လောက်တောင် မစောင့်နိုင်တော့ဘူး။ ဒီနေ့ညပဲ ကျုပ်စလုပ်မယ်”

ထျန်းဟန်က မေးလိုက်သည်။ “မြို့တော်ဝန် အားလုံးက အဆင်သင့်ဖြစ်ပြီလား”

လျှိုယုဝမ်က ပြောလိုက်၏။ “အရာအားလုံးပြင်ဆင်သွားပြီးပြီ”

ထျန်းဟန်က ပြောလိုက်သည်။ “စုန့်ရီကရော”

ဟုတ်ပေ၏။ စုန့်ရီ ရှိသေး၏။ စုန့်ရီသည် ကျိန်းသေပေါက် အစားထိုးခံရမည့် ဓားစာခံပင်ဖြစ်၏။ ရှမ့်လန်ကို စွပ်စွဲခဲ့သောကြောင့် စုန့်ရီသည် သေဒဏ်ချမှတ်ခြင်းကို ခံခဲ့ရ၏။ သို့ပေသိ စုန့်ရီသည် သိုင်းပညာကို တက်ကျွမ်းသည့် လူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် အကျဉ်းထောင်မှ ထွက်ပြေးပြီး ရှမ့်လန်၏မိသားစု တစ်ခုလုံးကို သတ်ဖြတ်ပစ်ခဲ့သည်မှာ ဖြစ်နိုင်ဖွယ်ရာ အကြောင်းရာပင်။ လူပေါင်းများစွာတို့ကလည်း ယုံကြည်မှာ သေချာ၏။

လျှိုယုဝမ်က ပြောလိုက်သည်။ “ကောင်းပြီ။ ဒါဆိုရင် အိမ်တော်မှာ ငါဝိုင်တွေ ပြင်ဆင်ပြီးစောင့်နေမယ်။ လုပ်စရာရှိတာ လုပ်ပြီးရင် ပြန်လာခဲ့။ ငါတို့ ဒီညသောက်ကြရအောင်”

ထျန်းဟန်က ပြောလိုက်၏။ “ရှမ့်လန်ရဲ့မိသားစုသွေးကို ဝိုင်ထဲ ထည့်သောက်မယ်။ ဘယ်လောက် ကောင်းလိုက်မလဲ”

သူသည် လက်သီးကိုဆုပ်ကာ ပြောလိုက်သည်။ “မြို့တော်ဝန် ကျုပ် အခုသူတို့ကို သွားသတ်တော့မယ်”

ပြီးနောက် ထျန်းဟန်သည် မျက်နှာဖုံးစွပ်နှင့်အတူ ရှမ့်လန်၏မိဘအိမ်ရှိရာဆီသို့ အမုန်းအတေး ကြီးမားစွာဖြင့် ထွက်ခွာသွားခဲ့၏။ ယနေ့ည ကောင်းကင်အထက်တွင် သွေးများပျံ့လွှင့်နေမည်မှာ သေချာ၏။

All Chapters