အပိုင်း (၇၂)
Vol. 6 Ch. 72
ထျန်းဟန်သည် စိတ်ပျက်လက်ပျက်ဖြင့် အော်ဟစ်လိုက်၏။ သူ အလွန်ဝမ်းနည်းလျက် ရှိနေ၏။ သူ၏မိန်းမသည် ရွှမ်ဝူမြို့၊ ယခင် အဝက်နက်ဂိုဏ်းခေါင်းဆောင်၏ သမီးတစ်ယောက်လည်းဖြစ်၏။ သူသည် သူမအား အကျိုးအမြတ်အတွက် လက်ထပ်ခဲ့ခြင်း ဖြစ်၏။ သူ့၏သားသည် သူ့၏ အသွေး၊ အသားနှင့် ဖြစ်တည်လာသည့် လူတစ်ယောကပင်။ သို့သော်ငြား သူသည် ငယ်ရွယ်စဉ်တည်းက ထိုကလေးကို လျစ်လျူရှုထားခဲ့၏။ အမှိုက်တစ်စအဖြစ် ကြီးပြင်းလာခဲ့သူတစ်ယောက်ဖြစ်၏။ အမှန်အတိုင်း ဝန်ခံရမည်ဆိုလျှင် သူသည် သူ၏ မိန်းမနှင့် သားအပေါ်တွင် ခံစားချက် ကြီးကြီးမားမား မရှိချေ။
သူ တကယ်တမ်း ချစ်မြတ်နိုးသည်မှာ သူ့၏တရားမဝင်သား ဖြစ်၏။ အသက်လေးနှစ်ခန့်သာရှိသည့် ကလေးငယ်ပင်။ ထိုကလေး၏ အမေသည် အလွန်အားနည်းလွန်းပြီး ကြင်နာတတ်သည့် အမျိုးသမီး တစ်ယောက်ဖြစ်၏။ ထျန်းဟန်၏ အတင်း ဗလက္ကာရပြုခြင်းကို ခံရပြီးနောက် သူမသည် သားတစ်ယောက်ကို မွေးဖွားပေးခဲ့၏။ ပြီးနောက် ထျန်းဟန်သည် ဤအမေနှင့်သားအား လျှို့ဝှက်စွာ ထိန်းသိမ်းထားခဲ့၏။
သူ၏ရှိသမျှ ချစ်ခြင်းမေတ္တာအားလုံးသည် ထိုသားငယ်ဆီ၌ တည်ရှိ၏။ ဤနှစ်ယောက်၏ လုံခြုံမှုအတွက် ထျန်းဟန်သည် လူမြင်ကွင်း၌ ထိုမိန်းမဆီသို့ ဘယ်သောအခါကမှ မသွားခဲ့ချေ။ ထို့ကြောင့် သူ့၌ ဤသားငယ် တည်ရှိနေကြောင်းကို မည်သူမှ မသိရှိပေ။ ထို့ကြောင့် ထျန်းဟန်သည် သူ့၏ တရားဝင်မိန်းမနှင့်သား၊ သူ၏လက်ဖြင့် သေဆုံးသွားခြင်းအတွက် အနည်းငယ် အံ့အားသင့်လို့ရုံပင်။ ယခုကဲ့သို့ ဝမ်းနည်းပက်လက် အော်ဟစ်ရသည်အထိ နာကျင်နေရခြင်းမှာ တခြားသူ၏ လက်ထဲတွင် ဆော့ကစားခြင်းကို ခံခဲ့ရသောကြောင့် ဖြစ်သည်။
အကြိမ်မည်မျှ ရှိနေပြီနည်း။ သူသည် ရှမ့်လန်နှင့်တွေ့ဆုံစဉ်တည်းက တစ်ခါမှ မနိုင်ဖူးခဲ့ချေ။ ထပ်တလဲလဲ ရှုံးခဲ့ရ၏။ ထပ်တလဲလဲ နင်းချေခြင်းကို ခံခဲ့ရ၏။ ထို့ကြောင့် ဖြစ်တည်လာသည့် နာကျင်မှုမျိုးသည် သူ၏ခန္ဓာကိုယ် တစ်ခုလုံးကို ပေါက်ကွဲထွက်တော့မလိုပင်။ လက်စားချေရခြင်း၏ သဘောကျမှုသည် လက်ရှိအခြေအနေမှာတော့ နာကျင်မှုများအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်၏။
“ငါမင်းကို သတ်ပစ်မယ်။ ငါမင်းကို အစိတ်စိတ် ပိုင်းပိုင်းဖြစ်အောင် သတ်ပစ်မယ်”
ထျန်းဟန်သည် ရှမ့်လန်ဆီသို့ အသာလှမ်းတက်လာခဲ့၏။ သူသည် တခြားဘာကိုမှ ဂရုမစိုက်တော့ချေ။ ရှမ့်လန်ကို သတ်ဖြတ်ချင်ခြင်းသာလျှင် သူ၏ စိတ်၌ရှိ၏။ သူ၏လက်နှင့် ရှမ့်လန်ကို သတ်ဖြတ်ရလျှင် ကျေနပ်ပြီဖြစ်သည်။
သို့သော်လည်း နောက်တစ်စက္ကန့်အတွင်းမှာပဲ သူသည် ရုတ်တရက် အနောက်ဘက်သို့ ဆုတ်ခွာလိုက်ရ၏။ အဘယ့်ကြောင့်ဆိုသော် လက်ထဲတွင် လေးနှစ်အရွယ်ကလေးတစ်ယောက်ကို ချီပိုးထားသည့် အမျိုးသမီး တစ်ယောက်ကို မြင်လိုက်ရသောကြောင့်ပင်။
ထိုကလေးသည် လက်ရှိအခြေအနေမှာတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျလျက် ရှိနေ၏။ ထိုအမျိုးသမီး မှာတော့ သူကိုယ်တိုင် အဓမ္မပြုကျင့်ပြီး သူ့၏ကိုယ်လုပ်တော်အဖြစ် သိမ်းပိုက်ခဲ့သည့် အမျိုးသမီးပင်။ ဤအမျိုးသမီးသည် အားနည်းလွန်းသလို စိတ်ထားနူးညံ့ကာ ကြင်နာလွန်း၏။ ဤကလေးသည် သူ ချစ်မြတ်နိုးရသော တရားမဝင် ကလေးပင် ဖြစ်၏။
တစ်ဖက်ခြမ်းတွင် ရှိနေသည်မှာ ဓား၊ ပုဆိန်၊ ကြီးမား ကြောက်မက်ဖွယ်ရာကောင်းသည့်လက်နက်မျိုး မဟုတ်ချေ။ သို့ပေသိ သားတစ်ယောက်ကို ချီကာ မတ်မတ်ရပ်နေသည့် အမျိုးသမီးတစ်ယောက်ပင်။ သူမသည် ထျန်းဟန်အား ကြောက်ရွံ့မှု ၊ မုန်းတီးမှု စသည့်အရာများနှင့် ကြည့်ရှုလျက် ရှိနေသည်။
ထျန်းဟန်သည် လှုပ်ရှားမှုကင်းမဲ့စွာဖြင့် နာကျင်စွာ မတ်မတ်ရပ်လျက်ရှိနေ၏။ သူ့အနေနှင့် ရှေ့ကိုဆုတ်ရမလား။ နောက်ကိုဆုတ်ရမလားပင် ကောင်းကောင်း မသိတော့ချေ။
ရှမ့်လန်၏နောက်ဘက်တွင် ရွှမ်ဝူအိမ်တော်မှ ကျွမ်းကျင်သူ တစ်ဒါဇင်ကျော်တို့က ရပ်လျက်ရှိနေပြီး ဘေးတစ်ဖက်တွင် ကျင်းမူလန်က မတ်တပ်ရပ်နေ၏။
ထျန်းဟန်၏ အလိုလောဘကြီးလွန်းသော မျက်လုံးများသည် သူ့သားငယ်၏ မျက်နှာဆီသို့ ကျဆင်းလျက် ရှိ၏။ သူ၏သားသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေ၏။ အချိန်တော်ကြာပြီးနောက် ထျန်းဟန်သည် သူ၏ မျက်နှာပေါ်တွင် ရှိနေသည့် မျက်နှာဖုံးကို ရုတ်တရက် ဆွဲခွာလိုက်သည်။
ဆာဖျူရစ်အက်စစ်များနှင့် စုတ်ပြတ်သတ်လျက်ရှိနေသည့် မျက်နှာသွင်ပြင်တစ်ခုက ပေါ်ပေါက်လာခဲ့၏။ သူသည် အလွန်နာကျင်လျက် ရှိနေ၏။ သို့ပေမည့် တစ်ချက်ကလေးမှ တုန်မသွားခဲ့ချေ။
လက်ရှိအခြေအနေမှာတော့ နာကျင်မှုဆိုသည့် အာရုံပင် သူ့၌ ပျောက်ကွယ်သွားခဲ့၏။ ပြီးနောက် သူသည် စိတ်ကိုတည်ငြိမ်အောင် ထိန်းချုပ်ပြီး ရှေ့မှ အမျိုးသမီးအား လက်ဝေ့ယမ်းပြလိုက်၏။ “ကိုယ့်သားကို ဂရုစိုက်ပါ”
အမျိုးသမီးသည် ကလေးကို ခပ်တင်းတင်း ဖက်ချီကာဖြင့် အနောက်သို့ ထပ်မံ လှမ်းဆုတ်လိုက်သည်။ အမှောင်ထဲ ရောက်သွားသောကြောင့် ထျန်းဟန်သည် သူမကို သေသေချာချာ မမြင်ရတော့ချေ။
“……..”
ထျန်းဟန်သည် ရုတ်တရက် ငြိမ်သက်သွားခဲ့၏။ သူသည် ကျင်းမူလန်ကို ကြည့်ရှုကာ ပြောလိုက်၏။ “မိန်းကလေးကျင်းရဲ့ သိုင်းပညာက အဆင့်မြင့်တယ်လို့ ကြားဖူးတယ်။ ကျုပ် ထျန်းဟန်က ဒါကို အတွေ့အကြုံ ယူချင်တယ်”
ကျင်းမူလန်က ပြောလိုက်သည်။ “ကောင်းပြီ”
ထျန်းဟန်သည် သူ့၏ဓားကြီးကို အသာမြှောက်ကာဖြင့် ကြောက်မက်ဖွယ်ရာကောင်းသည့် အရှိန်အဝါများကို ထုတ်ဖော်၏။ လက်ရှိအခြေအနေမှာတော့ သူသည် တကယ့်ကို ကြမ်းတမ်းလွန်းသည့် သိုင်းလောက၏ အဆင့်မြင့် သိုင်းပညာရှင် တစ်ယောက်ကဲ့သို့ပင်။
ယခု သူသည် ချမ်းသာပြီး ဩဇာအာဏာကြီးမားသောလူများ၏ နောက်ဆွဲတစ်ယောက် မဟုတ်တော့ချေ။ တကယ့် ထိပ်တန်းသိုင်းပညာရှင် ဖြစ်သွားခဲ့၏။
“သေစမ်း” ထျန်းဟန်သည် ရုတ်တရက် အော်ဟစ်လိုက်၏။ သူ၏ တိုက်ခိုက်မှုသည် လျှပ်စီးကဲ့သို့ပင် မြန်ဆန်လွန်း၏။ အမြန်နှုန်းသည် မြန်ဆန်လွန်းလှသလို အားအင်အစစ်အမှန်ကလည်း ကြီးမားလွန်းသည်။
တောင်အောက်ဆီသို့ ရုတ်တရက် ခုန်ဆင်းလာခဲ့သည့် ခြင်္သေ့ သို့မဟုတ် ကျားကြီးတစ်ကောင်ကဲ့သို့ပင်။ ထိပ်ဆုံး အခြေအနေကိုထုတ်ဖော်ကာ တိုက်ခိုက်သည့်ချိန်မှာတော့ သူသည် ကျိန်းသေပေါက် သူတက်မြောက်ထားသည့် သိုင်းပညာအားလုံးကို ထုတ်ဖော်ကာ တိုက်ခိုက်၏။
မူလန်သည် သူမ၏ခြေထောက်များကို နောက်သို့အသာဆုတ်ကာဖြင့် လက်ကို ရှေ့ဆီသို့ ဆန့်တန်းလိုက်သည်။
ဒင်
ဓားချင်းထိမှန်သွား၏။ နှစ်ယောက်သား လူချင်းကွဲသွားခဲ့၏။
မူလန်၏ခန္ဓာကိုယ်သည် အဆင်ပြေ ကောင်းမွန်လျက်ရှိနေ၏။ သူမသည် ရှမ့်လန်၏ဘေးဆီသို့ ရောက်ရှိလာခဲ့၏။ ဓားကို ဓားအိမ်ထဲသို့ အသာဆွဲထည့်ပြီးနောက် ဓား၏ကိုယ်ထည်တွင် မည်သည့်သွေးမှ မရှိနေချေ။ ရေကဲ့သို့ ကြည်လင် ရှင်းလင်းနေသည်။
ထျန်းဟန်၏ ခန္ဓာကိုယ်သည် ရှေ့ဆီသို့ သုံးလှမ်း လှမ်းသွားခဲ့၏။ ပြီးနောက် ရှမ့်လန်၏ရှေ့ သုံးမီတာ၌ ရပ်တန့်သွားခဲ့၏။ သူသည် ပထမဦးဆုံး သူ၏ဓားကို ကြည့်ရှုလိုက်၏။
ဖြောက် ဖြောက် ဖြောက်
၎င်း၏ဓားမော့သည် အစိတ်စိတ် အပိုင်းပိုင်း ဖြစ်တည်သွားခဲ့၏။ ပြီးနောက် သူသည် သူ၏ရင်ဘတ်ကို ကြည့်ရှုလိုက်၏။ ဤနေရာတွင် အက်ကွဲကြောင်းသေးသေးလေး တည်ရှိနေပြီး ထိုအက်ကွဲကြောင်းဆီမှ သွေးများပန်းထွက်လာခဲ့၏။ ထျန်းဟန်၏ဝ မ်းဗိုက်၊ အသည်း၊ အဆုတ်၊ အရာအားလုံးတို့သည် ပိုင်းဖြတ်ခြင်းကို ခံထားရသည်။
သူသည် ခက်ခက်ခဲခဲဖြင့် လှမ်းကာကြည့်ရှုလိုက်၏။ ပါးစပ်ထဲမှ သွေးများလည်း တပွက်ပွက်နှင့် ထွက်ပေါ်လာခဲ့၏။
ဘာမှန်းမသိသည့် အကြောင်းအရာဖြင့် သူသည် ငယ်ရွယ်စဉ်က အခြေအနေများကို ပြန်လည်ကာ တွေးတော လိုက်မိ၏။ ဤအတောအတွင်း သူနှင့် သူ၏ညီငယ်လေးတို့သည် ပစ္စည်းသယ်ယူပို့ဆောင်ပေးသည့် လုပ်ငန်းပိုင်ရှင်သူဠေး သိုင်းဆရာကြီးတစ်ယောက်၏ မွေးစားခြင်းခံခဲ့ရသည်။
သိုင်းပညာလေ့ကျင့်ရာတွင် အမှားအယွင်းများ ပြုလုပ်ခဲ့သောကြောင့် အလွန်အေးခဲသည့် နှင်းတောထဲတွင် ကိုယ်တုံးလုံးချွတ်ကာ ဒူးထောက်ထိုင်ခဲ့ရ၏။
အသက် ဆယ့်ခုနှစ်အရွယ်မှာတော့ သူသည် ထိုဆရာကြီး၏ သမီးငယ်လေး ခါးကို အမှတ်မထင် မြင်ခဲ့ရ၏။ ထို့ကြောင့် သူ၏ ရာဂစိတ်များ နိုးကြွလာခဲ့၏။ ခရီးထွက်မည့်ညတွင် ဆရာကြီး၏ သမီးကို မုဒိန်းကျင့်ပြီး သတ်ဖြတ်ခဲ့သည်။ သူ့အနေနှင့် အလွန်တန်ဖိုးကြီးမားသည့် ရတနာသေတ္တာတစ်ခုကို လိုက်လံ ပို့ဆောင်ရခြင်း မဟုတ်ပါက ထိုသို့ရူးရူးမိုက်မိုက် ပြုလုပ်မိလိမ့်မည် မဟုတ်ချေ။ ထို့အတူ သူ့၏ အဖွဲ့ဝင်များကို သတ်ဖြတ်မိလိမ့်မည် မဟုတ်ချေ။ ထို့အတူ သူ့၏ ညီငယ်လေးနှင့်အတူ ထွက်ပြေးမိလိမ့်မည် မဟုတ်ချေ။ အရာအားလုံး သည် အကျိုးနှင့် အကြောင်း ဖြစ်တည်လာခဲ့ခြင်းပင်။
အချိန်ကိုသာ နောက်ပြန်လှည့်ခွင့်ရခဲ့ပါက သူနှင့် သူ၏ ညီငယ်လေးသည် ထိုပစ္စည်းပို့ဆောင်သည့် လုပ်ငန်းတွင်ပင် ကောင်းကောင်းမွန်မွန် လုပ်ကိုင်နေမည်ဖြစ်ပြီး သူသည်လည်း ဆရာကြီး၏သမီးကို လက်ထပ်ကာ ဘဝကို အေးအေးသက်သာ ဖြတ်သန်းမိပေလိမ့်မည်။ လက်ရှိအခြေအနေတွင် နောင်တရ နေသည်လား။ မသိနိုင်ပေ။
……
ရှမ့်လန်သည် ဆောင့်ကြောင်ကိုင်ကာ ပြောလိုက်၏။ “ထျန်းဟန်… ခင်ဗျား ကျုပ်ကို ဘာပေးချင်လဲ။ ခင်ဗျားက ဘာမှမဟုတ်တဲ့ ကျုပ်ရဲ့ရန်သူတစ်ယောက်တော့ မဟုတ်ပါဘူး။ ကျုပ် ခင်ဗျားကို သတ်ဖို့အတွက် အချိန်တော်ကြာ အားစိုက်ခဲ့ရတယ်။ ဒီတော့ မသေခင်မှာ ခင်ဗျား ကျုပ်ကို တစ်ခုခုတော့ ပေးခဲ့သင့်တယ်မဟုတ်လား”
ပြောနေတုန်းမှာပဲ သေလုနီးပါးဖြစ်နေသည့် ထျန်းဟန်သည် ဒေါသတရားများဖြင့် ပြန်လည်ကာ နိုးထလာသကဲ့သို့ပင်။
ချီးတဲ့မှ..ငါ့အသက်က အဲ့လောက်တောင် ဈေးပေါလို့လား။ မင်းအနိုင်ရခဲ့တယ်။ ဟုတ်ပြီ လူချောလေး။ ဒါပေမဲ့ ငါကသေတော့မယ်။ ဒါတောင်မှ လာပြီးတော့ ထိကပါးရိကပါး ပြောနေသေးတာလား။ ငါ့လို သေရမဲ့လူတစ်ယောက်ကို လေးစားသမှုလေးတော့ ရှိသင့်တယ်မလား။
ရှမ့်လန်က ပြောလိုက်၏။ “ကျုပ် ခင်ဗျားရဲ့ အငယ်ဆုံးသားကို ဒီနေရာကို ခေါ်လာတဲ့အကြောင်းရင်းက ခင်ဗျား သေဆုံးခါနီးမှာ နောင်တတရားတွေ အပြည့်ရစေချင်လို့ပဲ။ ပြီးတော့ ကျုပ်ကို ပစ္စည်းတစ်ခုခု ပေးအပ်စေချင်လို့ပဲ”
ထျန်းဟန်သည် ခြောက်ကပ်စွာ ပြောလိုက်သည်။ “မင်း မင်း ငါ့သားရဲ့အသက်ကို အသုံးချပြီး ငါ့ကို ခြိမ်းခြောက်နေတာလား”
“မဟုတ်ပါဘူး။ ကျုပ်က ခင်ဗျားလို မဟုတ်ဘူး။ ကျုပ်က လူသားဆန်တဲ့စိတ်ရှိတယ်”
ရှမ့်လန်က တည်ငြိမ်စွာ ပြောဆိုလိုက်၏။ “ဒါပေမဲ့ ခင်ဗျား ကျုပ်ကိုသာ ကတိပေးခဲ့မယ်ဆိုရင် ကျုပ်အနာဂတ်မှာ သူ့ကို သေသေချာချာ စောင့်ရှောက်ပေးမယ်”
ထျန်းဟန်၏မျက်နှာထက်တွင် မျက်ရည်များပင် စီးကျလာခဲ့သည်။ “ရှမ့်လန် ခွေးသူတောင်းစား”
“ပြောစရာရှိတာပြော”
ရှမ့်လန်က သတိပေးလိုက်၏။ “ခင်ဗျား ပြောစရာရှိတာ မပြောဘူးဆို သေတော့မယ်”
“ရှမ့်လန်… ချီးပဲ”
ထျန်းဟန်သည် ပိုမိုကျယ်လောင်စွာ ဆဲဆိုလိုက်လေ၏။ သူ့၏ပါးစပ်ထဲမှ သွေးများ အန်ထွက်လာခဲ့ပြန်၏။ “လျှိုဝူယမ်ရဲ့ လျှို့ဝှက်ရတနာတိုက်က နှင်းဖြူအိမ်တော်ရဲ့ ဘယ်ဘက်ခြမ်းမှာရှိတဲ့ ခြံဝင်းတစ်ခုထဲမှာပဲ။ ကျုပ်သူ့ကို ပေးထားတဲ့ ရွှေဒင်္ဂါးတော်တော်များများကို အဲနေရာမှာ သိမ်းဆည်းထားတယ်”
ရှမ့်လန်က ပြောလိုက်သည်။ “ဒါပဲလား။ ခင်ဗျားကျုပ်ကို နောက်ထပ် ပြောစရာတစ်ခုခု မရှိတော့ဘူးလား။ ဥပမာအားဖြင့် လျှိုဝူယမ် ပြစ်မှုကျူးလွန်ခဲ့တဲ့ မှုခင်းသက်သေတွေမျိုးပေါ့”
ထျန်းဟန်က ကျိန်ဆဲလိုက်၏။ “ဒီအစိုးရအဖွဲ့ဝင်တွေ အားလုံးက သစ္စာဖောက်တွေ။ မင်းလိုကောင်တွေပဲ။ သူတို့က မျောက်ထက်တောင် ပိုပြီးတော့ ကလိမ်ကျစ်ကြသေးတယ်။ ငါ့ဆီမှာ သူတို့အတွက် အရေးကြီးတဲ့ သက်သေသာဓကတွေကို ချန်ထားမယ်လို့ မင်းထင်လို့လား။ ငါသူတို့ကို ခြိမ်းခြောက်သလို ဖြစ်နေမှာပေါ့။ ငါ့ဆီမှာ သူတို့ကို ခြိမ်းခြောက်နိုင်တဲ့ အရာတစ်ခုခု ရှိနေတယ်ဆိုရင် သူတို့ငါ့ကို သတ်ပြီးတာကြာပြီ”
ရှမ့်လန်သည် ခဏလောက် တွေးတောလိုက်၏။ ပြီးနောက် ခေါင်းညိတ်လိုက်သည်။ “အင်း… ခင်ဗျား ပြောတာလည်း အမှန်ပါပဲ။ ဒီတော့ ကျုပ်ကို ဘာမှမပေးနိုင်တော့ဘူးပေါ့။ ငြိမ်ငြိမ်ချမ်းချမ်းနဲ့ သေလိုက်တော့”
“ချီးပဲ”
ထျန်းဟန်က ဆဲဆိုလိုက်၏။ ပြီးနောက် ၎င်းသည် မြေပေါ်သို့လဲကျကာ သေဆုံးသွားခဲ့၏။ ငြိမ်းငြိမ်းချမ်းချမ်းနှင့် သေဆုံးသွားခဲ့သည်ဟု ထင်မှတ်ရ၏။ သို့ပေမည့် မဟုတ်ခဲ့ချေ။ သူ့အနေနှင့် သူရဲကောင်းဆန်စွာ သေဆုံးချင်၏။ မည်သို့ပင်ဆိုစေကာမူ သူ၏ဆန္ဒများက မပြည့်ဝတော့ချေ။
“ရှမ့်လန် ခွေးသူတောင်းစား”
ရှမ့်လန်သည် မျက်လုံးများပြူးကျယ်စွာဖြင့် သေဆုံးသွားခဲ့ပြီဖြစ်သော ထျန်းဟန်၏ အလောင်းကို ကြည့်ရှုလိုက်၏။ ပြီးနောက် စိတ်ထဲတွင်တော့ အထင်အမြင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်၏။ သေခါနီးတွင် ရန်သူများသည် ဤကဲ့သို့ ဆဲဆိုကြိမ်းမောင်းရင်း သေဆုံးသွားသည်လား။ ဘုရားစာများ ရွတ်ဖတ်သွားသင့်သည် မဟုတ်ပါလား။
“ဟာသပဲ”
ရှမ့်လန်က ပြောလိုက်၏။ “သူ့ခေါင်းကို ဖြတ်လိုက်။ ပြီးတော့ သေတ္တာတစ်လုံးထဲကိုထည့်။ ဆရာကြီး ကျန်းကျင်းနဲ့ မြို့တော်ဝန် အိမ်တော်ဆီ ပို့ပေးလိုက်”
ကျင်းဟွေ့က ကြောင်အသွား၏။ ပြီးနောက် ခေါင်းညိတ်လိုက်သည်။ “ကောင်းပါပြီ”
ရှမ့်လန်က ပြောလိုက်၏။ “အင်း… ထပ်ပြီးတော့ အချိန်ဖြုန်းစရာမရှိတော့ဘူး။ ဒီတော့ နှင်းဖြူအိမ်တော်ကို ချက်ချင်းသွားမယ်။ ငါတို့အတွက် ကံကောင်းခြင်းတရားကို ဖန်တီးရမယ်”
ပြီးနောက် ရှမ့်လန်သည် နှင်းဖြူအိမ်တော်ဆီသို့ လူတစ်ဒါဇင်ကျော်ကို ခေါ်ဆောင်ပြီး ရွှေများကို သွားရောက် သိမ်းဆည်းတော့သည်။
နှင်းဖြူအိမ်တော်သည် မြို့တော်ဝန် လျှိုဝူယမ်၏ လျှို့ဝှက်တည်နေရာတစ်ခုဖြစ်ပြီး ထိုနေရာတွင် စစ်သည်ပေါင်း တစ်ဒါဇင်ကျော် စောင့်ကြပ်လျက်ရှိ၏။
သို့ပေမည့် ထိုစစ်သည်များကို လွယ်လွယ်ကူကူ ဖြေရှင်း၍ရ၏။ ရှမ့်လန်သည် မြေအောက်ခန်းတံခါးကို ဖွင့်ပြီးနောက် အထဲတွင်ရှိနေသည့် ရွှေဒင်္ဂါးသေတ္တာများကို ကြည့်ရှုလိုက်၏။ မနေနိုင်ဘဲ တံတွေးပင် မျိုချလိုက်မိသည်။
“အင်း မိန်းမ.. ဒီလို အကျင့်ပျက်ခြစားတဲ့ အရာရှိတွေက မကောင်းဘူးနော်”
ရှမ့်လန်သည် ထိုကဲ့သို့ ပြောဆိုလျက် ရှိနေတုန်းမှာပဲ ရွှေဒင်္ဂါးများကို ရေတွက်လျက်ရှိ၏။ “လျှိုဝူယမ်.. ခင်ဗျား ဘယ်လိုမြို့တော်ဝန် ဖြစ်လာတာလဲ။ ဒီသုံးနှစ်အတွင်း ရွှေဒင်္ဂါးနည်းနည်းလေးပဲ စုဆောင်းနိုင်ခဲ့တယ်။ တော်တော်ညံ့တဲ့ လူပဲ”
ဤနေရာတွင် ရွှေဒင်္ဂါး တစ်သောင်းသုံးထောင်ကျော်သာလျှင်ရှိသည်။
“အင်း တကယ် ကံကောင်းခြင်းတရားကို ရတော့မယ်လို့ ထင်ထားတာ။ မဟုတ်သေးပါဘူး”
ထျန်းဟန်သည် နှစ်စဉ်နှစ်တိုင်း ရှစ်ကွမ်းယွမ်ကို ရွှေဒင်္ဂါး ခြောက်ထောင်မှ ခုနှစ်ထောင်ကြားပေးခဲ့ရ၏။
မူလန်က ပြောလိုက်သည်။ “လျှိုဝူယမ်က ထပ်ပြီးပေးဖို့ လိုသေးတယ်။ အပေါ်မှာ ရှိနေတဲ့ အစိုးရအဖွဲ့ဝင်တွေကို လာဘ်ထိုးဖို့အတွက် ပြန်ပြီး အသုံးပြုရတာပေါ့။ အခုပိုက်ဆံတွေက လျှိုဝူယမ်ရဲ့ အသားတင် ဝင်ငွေဖြစ်လိမ့်မယ်”
ဤအရာမှာ အဓိပ္ပာယ်ရှိ၏။ ရာစုနှစ်နီးပါးသက်တမ်းရှိသော တော်ဝင်မျိုးနွယ်တစ်ယောက်အတွက် ဤကဲ့သို့သော ပမာဏသည် များပြားသည် မဟုတ်ချေ။ သို့သော်လည်း ဝန်ထမ်းတစ်ယောက်အတွက်တော့ ဤပမာဏသည် တကယ်ကို ကြီးမားသည့် ပမာဏပင်ဖြစ်၏။ လျှိုဝူယမ်အနေနှင့် လက်ရှိ ရာထူးမှအနားယူသွားမည် ဆိုလျှင်တောင်မှ သင့်တင့်လျှောက်ပတ်သော ဘဝနှင့် အေးအေးသက်သာ နေထိုင်နိုင်ပေမည်။
မူလန်က ပြောဆိုလိုက်၏။ “အင်း…. ရှစ်ဝမ်ကျောင်း ခိုးထားတဲ့ရွှေဒင်္ဂါးတွေကိုပါ ထပ်ထည့်မယ်ဆိုရင် မြို့စားအိမ်တော်ရဲ့ ငွေကြေးပြဿနာက အတော်အသင့် ပြေလည်သွားပါပြီ”
ရှမ့်လန်က ပြောလိုက်သည်။ “မိန်းမ… မြို့စားအိမ်တော်က ပိုက်ဆံ တော်တော် ပြတ်နေတာလား”
မူလန်က ခေါင်းညိတ်ကာ ပြောလိုက်၏။ “အင်း။ အရမ်း အရမ်း ပြတ်နေတာပေါ့”
ပြတ်နေသည်ထက်ပင် ပိုမိုကာ ဆိုးဝါးလွန်း၏။ ကျင်းချန်ကျွန်းကို နှစ်လေးဆယ်ကျော် ဆုံးရှုံးခဲ့ပြီးနောက် ရွှမ်ဝူအိမ်တော်သည် နှစ်စဉ်နှစ်တိုင်း ခက်ခဲမှုများကို ကြုံဆုံနေရ၏။ မြို့စားအိမ်တော်သည် ကြီးမားသည့်ပမာဏဖြင့် အကြွေးများကို အတိုးပေးနေရသည်။
ဤနှစ်ပိုင်းအတွင်း ကျင်းကျိုးသည် နှစ်စဉ်နှစ်တိုင်းဆိုသလိုပင် အကြွေးများကို ပေးအပ်နေရသောကြောင့် မြို့စားအိမ်တော်သည် ပိုက်ဆံပင် ပြတ်တော်လုမတတ် ဖြစ်နေသည်။ ဤအရာသည် လျှို့ဝှက်ချက်တစ်ခုဖြစ်၏။ မူလန်နှင့် မြို့စားကြီးမှလွဲ၍ မည်သူမျှမသိရှိချေ။
လက်ရှိ ရှမ့်လန်သည် မြို့စားအိမ်တော်အတွက် ရွှေဒင်္ဂါးများကို ရှာဖွေပေးခဲ့၏။
“တကယ်ကို စိတ်သက်သာစရာပဲ” လျှိုဝူယမ်၏ လျှို့ဝှက်ရတနာတိုက်ကို ရှာဖွေခဲ့ပြီးသည့်နောက် သူတို့သည် ပြန်လည် ထွက်ခွာလိုက်သည်။
ရှမ့်လန်က ရုတ်တရက် ပြောလိုက်၏။ “နေအုံး။ မြို့တော်ဝန်လျှိုဝူယမ်က ဒီနေရာမှာ ရတနာတွေကို သေချာ သိမ်းထားခဲ့တာ။ အခု ဘာမှမကျန်တော့ဘူး။ ဒီတိုင်းချန်ခဲ့တယ်ဆိုတာ မသင့်တော်ဘူး။ လူသားမဆန်ဘူး”
မူလန်က ကြောင်သွားမိ၏။ သူမ၏ယောက်ျား ဘာလုပ်ချင်ပြန်သနည်း။
ရှမ့်လန်သည် မီးသွေးအပိုင်းအစတစ်ခုကို ရှာဖွေကာ နံရံ၌ စာရေးလေသည်။
“ဤရွှေဒင်္ဂါးများကို ယူဆောင်သွားသည့်လူသည် ရှမ့်လန် မဟုတ်ပါ”