← Chapters

အပိုင်း (၇၃)

Vol. 6 Ch. 73

အပိုင်း (၇၃)

Vol. 6 Ch. 73

မြို့တော်ဝန်အိမ်ရာ၏ အတွင်းဘက်မှာတော့ မြို့တော်ဝန် လျှိုဝူယမ်သည် အလွန်အမင်း ပျော်ရွှင်လျက် ရှိနေ၏။ ထျန်းဟန်၌ ၎င်းနှင့်တစ်ပုံစံတည်း တူညီသည့် ညီငယ်တစ်ယောက် ရှိနေလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။ ထျန်းဟန် လူမြင်ကွင်းမှ ပျောက်ကွယ်သွားရခြင်းသည် ပိုမို၍ပင် အသုံးဝင်သေး၏။ ထျန်းဟန်သည် အဆိပ် သုတ်လိမ်းထားခဲ့သည့် ဓားတစ်ချောင်း ဖြစ်သွားခဲ့လေပြီ။ သူ့အနေနှင့် ညစ်ပတ်သည့် ကိစ္စရပ်များကို ရဲရဲဝံ့ဝံ့ လုပ်ကိုင်နိုင်ပေတော့မည်။

လက်ရှိအခြေအနေ၌ သူသည် ဝိုင်များကို ကြိုတင်ပြင်ဆင်ကာဖြင့် ထျန်းဟန် ပြန်လာသည်ကို စောင့်မျှော်လျက် ရှိနေ၏။ ပြီးနောက် အားရပါးရ စကားပြောဆိုပြီး တိုင်ပင်စရာရှိသည်များကို သေသေချာချာ တိုင်ပင်ရပေတော့မည်။

“အင်း.. သူအားလုံးကို သတ်ဖြတ်ပစ်နိုင်တယ်။ ဒီအချိန်ဆို ပြန်ရောက်သင့်နေပြီ” မြို့တော်ဝန်က မေးမြန်းလိုက်၏။

ဘေးတစ်ဖက်တွင်ရှိနေသည့် လူက ပြောလိုက်သည်။ “သူပြန်ရောက်လာပါလိမ့်မယ်။ ဒါပေမဲ့ ထျန်းဟန်ရဲ့ နှလုံးသားထဲမှာ အမုန်းတရားတွေ၊ ဒေါသတွေနဲ့ ပြည့်နှက်နေတာလေ။ ဒီတော့ သူ အားလုံးကို အစိတ်စိတ်အမွှာမွှာ မလုပ်ရမချင်း ပြန်လာမှာ မဟုတ်ဘူး”

ကံဆိုးစွာဖြင့် သေဆုံးခဲ့တဲ့လူသည် ရှမ့်လန် မဟုတ်ခဲ့ခြင်းပင်။

ဘေးတစ်ဖက်တွင် ရှိနေသည့် အတိုင်ပင်ခံသည် သူ့သခင်၏အတွေးကို နားလည်ပုံဖြင့် ပြုံးလိုက်၏။ “ဆရာကြီး၊ တချို့အချိန်တွေမှာ အသက်ရှင်ရတာ သေဆုံးရတာထက် ပိုပြီးနာကျင်တဲ့ အခြေအနေမျိုး ရှိတယ်။ တစ်ခါတလေ အရမ်းကို ခံစားချက် ပြင်းပြတဲ့ လူမျိုးတွေနဲ့ ရင်ဆိုင်ရချိန်မှာပေါ့။ ချစ်ခင်ရတဲ့လူတွေ သူတို့ရှေ့မှာ သေဆုံးသွားခဲ့တာကို ကြည့်ပြီး အလွန်နာကျင်တဲ့ ခံစားချက်မျိုးကို ရရှိနေကြတာကလည်း ကြည့်ကောင်းလွန်းတဲ့ ကိစ္စပဲ။ ဉပမာ ရှမ့်လန်လိုပေါ့”

မြို့တော်ဝန် လျှိုဝူယမ်သည် အားရပါးရ ရယ်မောလိုက်ချင်၏။ သို့ပေမည့် သူ့အနေနှင့် ကြီးကျယ်ခမ်းနားလွန်း လှသည့် ပညာတတ် မင်းမူထမ်းတစ်ယောက်၏ ဟန်ပန်ကို ထိန်းသိမ်းထားရမည် ဖြစ်သောကြောင့် ထိုကဲ့သို့ မရယ်ရန် စိတ်ဆုံးဖြတ်ချက် ချလိုက်၏။ ထို့ကြောင့် ကြည့်ကောင်းရုံသာ ပြုံးလိုက်သည်။

“ရှမ့်လန်ဆိုတဲ့ ကလေးလေးက တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ ရန်သူကြီးတစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယ် ထင်နေတာပဲ။ ဘယ်လောက်ရယ်ဖို့ ကောင်းလဲ”

မြို့တော်ဝန်က ပြောလိုက်၏။ “လက်ရှိအခြေအနေမှာ ငါ စိတ်တွေသိပ်ပြီး မတည်ငြိမ်ဘူး။ စာဖတ်ဖို့လိုတယ်။ စာဖတ်ခြင်းကသာ တစ်စုံတစ်ယောက်ရဲ့နှလုံးသားကို ရေလို ကြည်လင်စေတာပဲ”

အတိုင်ပင်ခံ လျှိုဝမ်က ပြောလိုက်သည်။ “ဆရာပြောတာ အမှန်ပါပဲ။ ကျင်းကျိုးကသာ ဆရာ့ရဲ့ရန်သူပါပဲ။ ရှမ့်လန်ကတော့ ခွေးတစ်ကောင်သာသာပဲ ရှိတယ်။ ဘယ်လောက်ကိုက်ကိုက် ခွေးကခွေးပဲလေ။ သခင် ထိန်းကျောင်းမှု မရှိတဲ့ခွေးဆိုတော့ ပိုဆိုးတာပေါ့။”

မြို့တော်ဝန်က ပြောလိုက်၏။ “ပညာတတ်ဆိုတာ ကြီးကျယ်ခမ်းနားတဲ့ အရှိန်အဝါမျိုးကို ထုတ်ဖော်ပြရမယ်။ ရှမ့်လန်က ဆင်းရဲမွဲတေလာခဲ့တာ။ ရုတ်တရက် ချမ်းသာလာတဲ့အချိန်မှာ မောက်မာတယ်ဆိုတာ ဖြစ်သင့်တဲ့ သဘာဝပါပဲ။ ဒါပေမဲ့ ဆိုးတာက သူက ငါကို တစ်တန်းတည်း လာပြီးဆက်ဆံချင်နေတာပဲ”

ပြီးနောက် သူသည် စာအုပ်ကိုအသာကောက်ယူကာဖြင့် သေသေချာချာ ဖတ်ရှုလိုက်၏။ သူ၏စိတ်ထဲတွင် ရှမ့်လန်အား ထုတ်ပယ်လိုက်ပြီဖြစ်သည်။

ထိုအချိန်မှာပဲ အစေခံတစ်ယောက်သည် အပြင်ဘက်မှ ဝင်ရောက်လာခဲ့၏။ “သခင်.. တစ်စုံတစ်ယောက်က သေတ္တာတစ်လုံး ပို့လိုက်ပါတယ်။ ခေါင်းဆောင်ထျန်း ပို့လိုက်တာလို့လည်း ပြောတယ်။ ခေါင်းဆောင်ထျန်းက ကိစ္စအားလုံး ပြီးသွားပြီတဲ့”

မြို့တော်ဝန် လျှိုဝူယမ်က ပြောလိုက်သည်။ “အထဲကို ယူခဲ့လိုက်”

စစ်သည်တစ်ယောက်သည် သေတ္တာကို သယ်ဆောင်လာခဲ့၏။

“အင်း ဒါကို စည်းကိုဖယ်ပြီး ဖွင့်လိုက်”

မြို့တော်ဝန်သည် အမိန့်ပေးပြီး အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်၏။ အဆိပ်မြား၊ တစ်စုံတစ်ခု ထွက်ပေါ်လာပါက မည်သို့လုပ်မည်နည်း။

စည်းကိုဖယ်ပြီး သေတ္တာကိုဖွင့်လိုက်ချိန်မှာတော့ အတွင်းဘက်၌ လူသားတစ်ယောက်၏ ဦးခေါင်း ပေါ်ပေါက်လာခဲ့၏။ သွေးများတစက်စက်နှင့် ကျဆင်းနေတုန်းပင်။ ထိုလူသား၏ခေါင်းသည် ထျန်းဟန်၏ ဦးခေါင်းပင် ဖြစ်၏။ သူအလွန် ရင်းနှီးသည့်လူလည်းဖြစ်၏။ တိတိကျကျ ပြောရမည်ဆိုလျှင် မျက်နှာတစ်ခုလုံး စုတ်ပြတ်သက်လျက် ရှိနေသည့် ထျန်းဟန်ပင်။

မြို့တော်ဝန် လျှိုဝူယမ်သည် မူးနောက်နောက်ပင် ခံစားသွားမိ၏။ သူ့၏ ခြေလက်များသည်လည်း အေးစက် သွားခဲ့၏။ ပြီးနောက် အပြင်ဘက်ဆီမှ အသံတချို့ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။ သူ အယုံကြည်ရဆုံး အစေခံတစ်ယောက်သည် အထဲဆီသို့ အလျင်အမြန် ပြေးဝင်ကာ အော်ဟစ်လိုက်၏။ “သခင်ကြီး.. သတင်းဆိုးပဲ။ သတင်းဆိုးပဲ။ ကျုပ်တို့ နှင်းဖြူအိမ်တော်မှာ ဝှက်ထားခဲ့တဲ့ရွှေဒင်္ဂါးတွေအကုန်လုံး သူများခိုးသွားပြီ”

လျှိုဝူယမ်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ပင် တောင့်တောင့်ကြီး ဖြစ်လို့သွားခဲ့၏။ အချိန်အတော်ကြာသည်အထိ သူသည် တုံ့ပြန်နိုင်ခြင်း မရှိခဲ့ချေ။ ဤအရာသည် သူ့၏ ပိုက်ဆံများဖြစ်၏။ သူအနားယူပြီးနောက် အသုံးပြုမည့်ပိုက်ဆံများဖြစ်သည်သာမက အထက်ပိုင်း အကြီးအကဲများကို လဘ်ထိုးသည့် နေရာတွင် အသုံးပြုသည့်အရာများလည်း ဖြစ်သည်။

နှစ်ပေါင်းမည်မျှ ကြာမြင့်ခဲ့သနည်း။ သူ အရာရှိ ပြုလုပ်ခဲ့သည်မှာ နှစ်ပေါင်းမည်မျှ ကြာမြင့်ခဲ့သနည်း။ သူသည် ပင်ပင်ပန်းပန်းနှင့် ကြိုးစားခဲ့ရသည်ဆိုသော်လည်း ဤသို့နည်းပါးသည့် ပိုက်ဆံကိုသာ ရှာဖွေနိုင်ခဲ့၏။ ထို့အပြင် ဤအရာသည် သူ၏နှလုံးသားကို တူးထုတ်သွားခြင်းနှင့် ဆင်တူ၏။

ပြီးနောက် ယုံကြည်ရသည့်အစေခံသည် စာရွက်အပိုင်းအစတစ်ခုကို အသာကမ်းပေးကာ ပြောလိုက်သည်။ “ဒီစာရွက်တစ်ခုကလွဲရင် ဘာမှ မချန်ခဲ့ပါဘူး”

မြို့တော်ဝန် လျှိုဝူယမ်သည် ထိုအရာကို ယူဆောင်ကာ ကြည့်ရှုလိုက်၏။ အပေါ်တွင်တော့ စုတ်ပြတ်သတ်လျက် ရှိနေသည့်လက်ရေးဖြင့် ရေးသားထားသည်ကို မြင်ရ၏။ ‘ဤရွှေဒင်္ဂါးများကို ယူဆောင်သွားသည့်လူသည် ရှမ့်လန် မဟုတ်ပါ’

မြို့တော်ဝန် လျှိုဝူယမ်၏ မျက်နှာပေါ်ရှိ ကြွက်သားများသည် တဆတ်ဆတ်နှင့် တုန်ယင်သွားခဲ့၏။ နှစ်ကြိမ်၊ သုံးကြိမ် သူသည် အားရပါးရ အော်ဟစ်ဆဲဆိုလိုက်မိ၏။ “ရှမ့်လန် ခွေးတောင်းစား”

သို့ဖြင့် မြို့တော်ဝန်အိမ်ရာတစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ မြို့တော်ဝန်၏ ပါးစပ်ထဲမှ သွေးများလည်း တပွက်ပွက်နှင့် အန်လျက်ရှိနေသည်။

…….

“မိန်းမ… ငါ့ကို သေချာကိုင်ထားအုံးနော်။ အောက်ကို ပြုတ်မကျစေနဲ့” ရှမ့်လန်သည် ကြောက်မက်ဖွယ်ရာ ကောင်းသည့်အရာတစ်ခုကို ပြုလုပ်နေခြင်းဖြစ်၏။ သူသည် ခွေးခြေခုံပေါ်သို့တက်၍ ရပ်ကာဖြင့် နံရံပေါ်တွင် ရေးသားထားသော ထျန်းဟန် နာမည်အား ကြက်ခြေခတ် ခြစ်နေခြင်းပင်။

ဟုတ်ပေ၏။ ဤခွေးခြေခုံသည် မီတာဝက်နီးပါးသာရှိ၏။ မူလန်သည် သူမ၏ယောက်ျား ပြုတ်ကျလာမည်ကို စိုးရိမ်သောကြောင့် လက်နှစ်ဖက်ဖြင့် သေသေချာချာ ကိုင်ပေးထားရသည်။

“အင်း ရန်သူတစ်ယောက်တော့ နည်းသွားပြီ”

ရှမ့်လန်က သက်ပြင်းချလိုက်၏။ “ဒါပေမဲ့ ငါ့ရဲ့ အားအင်ကို သုံးဆယ်ရာခိုင်နှုန်းတောင် မသုံးခဲ့ရပါလား။ အင်း ဘဝက နှင်းလိုပဲ။ အထီးကျန်ဆန်လိုက်တာ။ ပြိုင်ဘက်ကင်းရတာ အထီးကျန်ဆန်လွန်းတယ်။”

မူလန်၏ လှပလွန်းသောမျက်နှာပေါ်တွင် နှုတ်ခမ်းများသည် မဲ့ရွဲ့သွားခဲ့သည်။

ရှမ့်လန်သည် နံရံပေါ်တွင်ရှိနေသည့် လက်ကျန်နာမည်များကို ကြည့်ရှုလိုက်၏။ ရှစ်ချင်းချင်း၊ ရှစ်ကွမ်းယွမ်၊ လင်းဝူ၊ ကျန်းကျင်း ပြီးနောက် သူသည် လျှိုဝူယမ်၏နာမည်ကို အနောက်ဘက်တွင် အမဲရောင် စုတ်တံဖြင့် အသာရေးကာ ထည့်သွင်းလိုက်၏။

လျှိုဝူယမ်သည် ရှမ့်လန်ကို သတ်ဖြတ်ပစ်ရန် ကြိုးစားရာတွင် အရေးကြီးသည့် အခန်းကဏ္ဍ၌ ပါဝင်ခဲ့၏။ ထို့ကြောင့် ရန်သူစာရင်းထဲ ထည့်ရန်ဆိုသည်မှာ ကောင်းမွန်သည့် ဆုံးဖြတ်ချက်ပင်ဖြစ်သည်။

“ဟမ့်.. ကောင်းကင်ကိုသွားမယ့်လမ်း ရှိတယ်။ မသွားခဲ့ဘူး။ ငရဲပြည်ကိုသွားမယ့် တံခါးကတော့ မရှိဘူး။ ဒါပေမဲ့ အတင်းချိုးဖျက်ပြီး ဝင်ခဲ့တာကိုး”

ပြောပြီးနောက် ရှမ့်လန်သည် ဤစကားလုံးများကို အနည်းငယ် ရင်းနှီးနေသည်ဟု ခံစားမိ၏။ သေသေချာချာ တွေးပြီးသည့်နောက် လွန်ခဲ့သည့်ညက ထျန်းဟန် သူ့ကိုပြောခဲ့သည့် စကားများဖြစ်ကြောင်း နားလည်သွားမိ၏။

“ဟင်း ... ငါအကျင့်ပါ ကူးသွားပြီလား”

ထွီ ထွီ

ရှမ့်လန်သည် တံတွေးနှစ်ကြိမ်ထွေးလိုက်၏။ ကြည့်ရသည်မှာ ဗီလိန်များ၏ ပြောဆိုတတ်သည့်စကားပုံစံ အမူအရာသည် တစ်ပုံစံတည်း ဖြစ်နေတတ်သည်လား။ သို့ပေမည့် သူသည် ဗီလိန်ဖြစ်မည်ဆိုလျှင်တောင်မှ ကြည့်ကောင်းလွန်းသည့် ဗီလိန်တစ်ယောက်ဖြစ်၏။ ရုပ်ဆိုးသည့် ဗီလိန်များနှင့် နှိုင်းယှဉ်၍ မဖြစ်ချေ။

မူလန်သည် မည်သို့မှမနေနိုင်ဘဲ မျက်နှာကိုပင် တစ်ဖက်လွှဲထားမိ၏။ သူမ၏ ယောက်ျားသည် ကလေး တစ်ယောက်ကဲ့သို့ပင်။

“မိန်းမ၊ ငါအောက်ကို ခုန်ဆင်းလိုက်မယ်။ ငါ့ကိုဖမ်းထားမလား”

ရှမ့်လန်က မေးလိုက်၏။ “ဒါနည်းနည်းတော့ မြင့်တယ်။ မင်းနာသွားမှာ စိုးရိမ်ရတယ်”

မူလန်သည် အသာလှည့်ကာ ထွက်ခွာသွားခဲ့၏။ ရှမ့်လန်သည် တကယ်ပဲ မီတာဝက်နီးပါးရှိသည့်ခွေးခြေခုံပေါ်မှ ခုန်ချလိုက်သည်။

မူလန်သည် သူမ၏ယောက်ျားပြုတ်ကျသွားအောင် လွှတ်ထားလိုက်ချင်၏။ သို့သော်လည်း အဆုံးသတ်မှာတော့ သူမ၏ နူးညံ့သည့် နှလုံးသားသည် ထိုအရာကို လျစ်လျူမရှုနိုင်ပေ။ ထို့ကြောင့် ရှမ့်လန်ကို အသာ ပွေ့ပိုက်ကာ ဖမ်းထိန်းထားလိုက်၏။

အောက်သို့ပြုတ်မကျသွားသည်ကို သတိပြုမိသည့် အချိန်မှာတော့ ရှမ့်လန်သည် သက်ပြင်းချလိုက်မိသည်။ သူသည် သူ့မိန်းမ၏စိတ်ရင်းကို သိရှိရန် စွံ့စားခဲ့ခြင်းဖြစ်သည်။

.........

မေပယ်ရွက်ရွာလေးထဲတွင် နေထိုင်ခြင်းသည် သူ့၏မိဘများအတွက် လုံခြုံသည့်အရာ မဟုတ်တော့ချေ။ ပိုမို၍ အရေးကြီးသည်မှာ ရှမ့်လန်သည် သူ့၏မွေးရပ်မြေဆီသို့ ဂုဏ်သိက္ခာအပြည့်နှင့် ပြန်ပြန်သွားနေရ၏။ ထိုကဲ့သို့ တောတည်နေရာထဲသို့ ဟိတ်ဟန်ထုတ်ကာ တစ်ကြိမ်၊ နှစ်ကြိမ် သွားရောက်ခြင်းက လုံလောက်ပြီဖြစ်၏။ အချိန်တိုင်း သွားရောက်လည်ပတ်နေခြင်းသည် တခြားသောသူများကို မျက်စိ ဆံပင်မွေးစူးစေနိုင်၏။

ထို့ကြောင့် ရှမ့်လန်သည် သူ့မိဘများကို ပြောဆိုကာဖြင့် မြို့စားအိမ်တော်နှင့် အနီးအနား နေရာတစ်ခုဆီသို့ ရွှေ့ပြောင်းရန် စီစဉ်လိုက်သည်။

သူ့၏ညီငယ်လေးရှမ်းကျန်သည် အလွန်စိတ်လှုပ်ရှားလျက်ရှိနေ၏။ သို့ပေမည့် ရှမ့်လန်၏စကားကို အမြဲတမ်း နားထောင်တတ်သည့် သူ့၏မိဘများမှာတော့ ငြင်းပယ်လျက် ရှိနေတုန်းပင်။ သူတို့၏သားသည် သမက်တော် တစ်ယောက်ဖြစ်နေ၏။ သဘာဝအားဖြင့် တခြားသော တစ်စုံတစ်ယောက်၏ အိမ်တွင် နေထိုင်ခြင်းဆိုသည်မှာ သဘာဝကျ၏။ သို့ပေမည့် မိဘများအနေနှင့် အဘယ်သို့ လိုက်လံနေထိုင်ရမည်နည်း။ အရှက်မဲ့လွန်း နေသည်မဟုတ်ပါလား။

ထို့အပြင် ရှမ့်လန်သည် လွန်ခဲ့သောညက ထျန်းဟန် အန္တရာယ်ပေးခဲ့မှုကို သူ့မိဘများအား မပြောပြခဲ့ချေ။ တခြားသို့ ပထုတ်ထားခဲ့သည်။ ထို့ကြောင့် ရှမ့်လန် မည်သို့ပြောပြော သူ၏မိဘများက သဘောမတူခဲ့ချေ။

အပြင်ဘက်တွင် ၎င်းတို့၏သားမှာ ရန်သူများပြားစွာ တည်ရှိနေကြောင်း ရှမ့်လန် ပြောမထွက်ခဲ့ချေ။ နောက်ဆုံးမှာတော့ မူလန်ကိုယ်တိုင် ဝင်ရောက်ကာ ပြောဆိုရ၏။ ရှမ့်လန်၏အိမ်သည် ညစ်ပတ်ပြီး ပျက်စီးလျက် ရှိနေသော်လည်း မူလန်သည် စိတ်ထဲ မည်သို့မှ မထားချေ။ သူမသည် ရှမ့်လန်၏ မိဘနှစ်ပါး၏ရှေ့တွင် အသာထိုင်၍ လက်များကိုကိုင်ဆွဲကာ ပြောလိုက်၏။

“အမေ.. ယောက်ျားက တကယ့်ကို တာဝန်ဝတ္တရားတွေနဲ့ ပြည့်စုံတဲ့လူတစ်ယောက်လေ။ သူက နေ့စဉ်နေ့တိုင်း အဖေ၊အမေတို့ကို လာကြည့်ရတာ အဆင်မပြေဘူး။ မြို့စားအိမ်တော်နဲ့လည်း အရမ်းဝေးတယ်။ ဒီကို လာဖို့အတွက် နေ့ဝက်လောက် လာရတာဆိုတော့ ယောက်ျားက သွားချေပြန်ချေနဲ့ တစ်နေကုန်နေတာပေါ့။

ပြီးတော့ ယောက်ျားက ချမ်းသာနေပြီလေ။ ကျွန်မတို့အိမ်မှာ မနေချင်ဘူးဆိုရင်တောင်မှ မြို့စားအိမ်တော်ရဲ့ အပြင်ဘက်မှာ အိမ်သစ်တစ်လုံး ဆောက်လို့ရတယ်။ ပြီးတော့ အမေက ပန်းထိုးတာလည်း အရမ်းတော်တယ်ဆို ကျွန်မက အဲ့နေရာနဲ့ပတ်သက်ပြီး အရမ်းညံ့ဖျင်းတယ်။ အမေ့ဆီက သင်ယူရအုံးမယ်။”

ရှမ့်လန်၏ နှလုံးသားများသည် ထိုစကားကိုကြားရသည့်အချိန်မှာတော့ အရည်ပျော်ကျသွားခဲ့၏။ သို့ပေမည့် သူ၏ မိန်းမသည် သူ့ကို ဤကဲ့သို့ နူးညံ့သည့်စကားမျိုး မပြောဆိုခဲ့ချေ။

သေချာပေ၏။ ရှမ့်လန်၏ အမေသည်လည်း မူလန်၏ နူးညံ့ကြင်နာသည့် စကားလုံးများ၏ ဆွဲဆောင်မှုအောက်မှ ရုန်းမထွက်နိုင်ခဲ့တော့ချေ။

မိသားစု သုံးယောက်လုံးသည် မေပယ်ရွက်ရွာလေးမှတစ်ဆင့် ရွှမ်ဝူအိမ်တော်နှင့် သုံးမိုင်နီးပါးခန့်ဝေးသော တည်နေရာတစ်ခုဆီသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ကြ၏။ ဤအရာသည် မြို့စားကြီး၏ မြေတည်နေရာပင်ဖြစ်၏။ သေးငယ်သည့် တည်နေရာဖြစ်သည်ဆိုလျှင်တောင်မှ မြို့စားအိမ်တော်မှ မြင်းသည်တော်များသည် ဤနေရာတွင် အမြဲတမ်း လှည့်ကင်းပတ်လျက်ရှိ၏။ ထို့ကြောင့် လုံခြုံလေ၏။ သူတို့သည် ဤအိမ်အလွတ်ထဲတွင် အရင်ဦးဆုံး နေထိုင်ရပေလိမ့်မည်။ ပြီးနောက် အိမ်သစ်တစ်လုံးကို အလျင်အမြန်ဆောက်ရန် ပြင်ဆင်ထားခဲ့၏။

..........

ရွှေ့ပြောင်းပြီးသည့်နောက် ရှမ့်လန်နှင့်မူလန်တို့သည် သူ့၏မိဘများနှင့်အတူ ညစာစားခဲ့၏။ ရှမ့်လန်၏ နှလုံးသားတစ်ခုလုံးသည် ချစ်ခြင်းမေတ္တာများဖြင့် ပြည့်နှက်လျက်ရှိနေ၏။ ဤချွေးမသည် တကယ်ချစ်ဖို့ ကောင်းပြီး အသိဉာဏ်ပညာနှင့်လည်း ပြည့်စုံလွန်း၏။ သူမသည် တော်ဝင်ဆန်ပြီး လှပသည့် ဟန်ပန် အမူအရာမျိုးကို ပိုင်ဆိုင်သည့်အပြင် သိုင်းစွမ်းရည်သည်လည်း အလွန်တရာ မြင့်မားလှသည်။ ထိုသို့ဆိုလျှင်တောင်မှ သူ့၏ မိဘများအပေါ်တွင် ကြင်နာစွာဆက်ဆံခဲ့၏။ ထို့ကြောင့် သူသည် မည်သို့မှ မနေနိုင်တော့ချေ။ မူလန်နှင့်လိင်ဆက်ဆံချင်သည်။

သို့ပေမည့် မူလန်သည် ထိုအခြင်းအရာကို အာရုံခံမိသည့်အချိန်မှာတော့ တိုက်ခိုက်လိုစိတ်များနှင့် ပြည့်နှက် လာခဲ့၏။ သူ၏ ယောက်ျားကို စူးစိုက်ကာ ကြည့်ရှုလိုက်၏။ “ယောက်ျား... ကျွန်မဆီမှာ အပြာရောင်ဝတ်စုံတစ်ထည် ရှိတယ်။ အခု အဲတာအပြင် ကျွန်မရဲ့ အတွင်းခံလည်း မရှိတော့ဘူး။ ရှင်အဲဒါတွေ့မိသေးလား”

ရှမ့်လန်၏ ကုပ်တစ်ခုလုံးသည် ပုဝင်သွားခဲ့၏။ အန္တရာယ်... အန္တရာယ် အငွေ့အသက်တွေ ရောက်လာပြီ။

ရှမ့်လန်သည် ချက်ချင်းပဲ စိတ်ထဲတွင် ပေါ်ပေါက်လာသော ဆန္ဒများကို စွန့်ပယ်လိုက်၏။ ပြီးနောက် ပြန်လည် ခွန်းတုံ့ပြန်ရန် စဉ်းစားလိုက်သည်။

[နံပါတ်တစ် - လိမ်မယ်။ မတွေ့ခဲ့ပါဘူးလို့လိမ်မယ်။]

[နံပါတ်နှစ် - ရိုးသားစွာဖြေမယ်။ ငါခိုးခဲ့ပါတယ်။]

ချက်ချင်းပဲ ရှမ့်လန်သည် ဆုံးဖြတ်ချက်ချလိုက်၏။ ယောက်ျားတစ်ယောက်သည် ဖြူစင်ရိုးသားသင့်သည် မဟုတ်ပါလား။ ထို့ကြောင့် ရှမ့်လန်သည် နံပါတ်နှစ်ကို ရွေးရပေမည်။

ရှမ့်လန်သည် ခေါင်းကိုညိတ်ကာဖြင့် ပြောလိုက်၏။ “ငါ ငါမြင်တယ်၊ ငါခိုးခဲ့တာပါ”

ရှမ့်လန် မလိမ်ကြောင်း တွေ့ရသည့်အချိန်မှာတော့ မူလန်သည် စိတ်သက်သာရာရသွားခဲ့သည်။

“အဲဒါ ဘာလုပ်တာလဲ ယောက်ျား”

မူလန်က ဆူလိုက်၏။ “လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း ကောက်သစ်စားပွဲတစ်ခုရှိတယ်။ ကျွန်မ အဲဝတ်စုံကို ဝတ်သွားချင်တာ”

ရှမ့်လန်၌ နောက်ထပ် ရွေးချယ်ခွင့်တစ်ခုကို ထပ်မံပေါ်ပေါက်လာခဲ့၏။

[နံပါတ်တစ် - ‘အင်း၊ ငါမင်းကို အရမ်းကြိုက်လို့ မင်းရဲ့အဝတ်အစားနဲ့ အတွင်းခံတွေကိုယူပြီး တစ်ခုခုလုပ်ခဲ့တာ။ ပြီးတော့ မင်းရဲ့အတွင်းခံ ညစ်ပတ်သွားတာကြောင့် တစ်ခါတည်း ဖျက်ဆီး၊ မီးရှို့၊ လက်စဖျောက်လိုက်တာ။’]

[နံပါတ်နှစ် - ‘ငါယူပြီးတော့ ဝတ်ခဲ့တာ’]

တချို့သော အခြေအနေမျိုးတွင် ရွေးချယ်စရာများ ပေါ်ပေါက်လာခဲ့၏။ တချို့သောအခြေအနေမျိုးတွင် ရွေးချယ်စရာ မရှိချေ။ ယခု ရွေးချယ်ခွင့် နှစ်ခုရှိနေသောကြောင့် အဆင်ပြေနေသေး၏။ ပထမတစ်ခုသည် ဆိုးဆိုးရွားရွားဖြစ်မည့် အရာမျိုးပင်။ ဒုတိယတစ်ခုမှာတော့ သေသည်ထက်ပင် ဆိုးရွားသည့် အရှက်တရားကို ရရှိနိုင်၏။ သို့ကြောင့် ရှမ့်လန်သည်ဆိုးရွားသည့်အရာကိုသာရွေးချယ်ရန် ဆုံးဖြတ်လိုက်၏။ သူအမှန်အတိုင်း ပြော၍ မဖြစ်နိုင်ချေ။

“မိန်းမ... တောင်းပန်ပါတယ်။ တစ်ညမှာ ... ငါ ... ငါ့စိတ်ထဲမှာ ခံစားချက်တစ်မျိုး ဖြစ်နေတယ်။ ဒါကြောင့် ဘယ်လိုမှမနေနိုင်တော့ဘူး။ မင်းရဲ့ဝတ်စုံကိုယူပြီးတော့ ပြောလို့မရတဲ့ အကြောင်းအရာတွေကို ပြုလုပ်ခဲ့ပါတယ်။ အဲအတွက် ငါအရမ်းကို အားနာပြီးတော့ နှမျောနေတယ်။ ပြီးတော့ ငါမင်းရဲ့ဝတ်စုံကို လက်စဖျောက်တဲ့အနေနဲ့ မီးရှို့ခဲ့ပါတယ်။ လူသတ်အလောင်းဖျောက်တဲ့ ကိစ္စလောက်မကြီးပေမဲ့ ကြီးမားတဲ့ ပြစ်မှုကို ပြုလုပ်မိခဲ့တာပါပဲ.. ဟင်း”

ပြောပြီးနောက် သူသည် မျက်လုံးကိုမှိတ်ကာဖြင့် တွေးလိုက်မိသည်။ ငါတော့သေပြီပဲ။

သူသည် တကယ့်ကို ဆိုးဆိုးရွားရွား သေမည့်အခြေအနေမျိုးသို့ ရောက်ရှိနေပြီဖြစ်၏။ ယောက်ျား တစ်ယောက်အနေနှင့် ကိုယ့်မိန်းမ၏ အတွင်းခံကို ဘာယူလုပ်ရသနည်း။ ထို့အပြင် မီးလည်းရှို့ခဲ့သေး၏။ ရှက်ရွံ့စရာပင်။

သို့ပေမည့် ယောက်ျားတစ်ယောက်အနေနှင့် အရာအားလုံးကို ရင်ဆိုင်ရဲ့သည့်စိတ်ထားမျိုးကိုတော့ ပိုင်ဆိုင် ရပေလိမ့်မည်။ ရှမ့်လန်သည် ရုတ်တရက် မျက်လုံးဖွင့်ကာဖြင့် ပြောဆိုလိုက်၏။

“ကျင်းမူလန်... ဘာပဲပြောပြော ငါရှက်စရာကောင်းတဲ့ ကိစ္စရပ်တွေကို လုပ်ခဲ့ပြီးပြီ။ ဒီတော့ ငါ့ကို မင်းလုပ်ချင်သလို လုပ်တော့။ မျက်ခုံးတစ်ချက် တွန့်ခဲ့မယ်ဆိုရင် မင်းယောက်ျားဖြစ်ဖို့အတွက် ထိုက်တန်တဲ့လူ မဟုတ်တော့ဘူး။ လာစမ်း အပြစ်ပေးလိုက်တော့”

မူလန်သည် အနည်းငယ် ကြောင်အသွားခဲ့သည်။ ယောက်ျား ရှက်စရာကိစ္စရပ်ကို လုပ်ပြီးတဲ့နောက်မှာ ဘယ်လိုဖြစ်ပြီး လူကြီးလူကောင်းတစ်ယောက်ရဲ့ ဟန်ပန်မျိုးနဲ့ ပြောဆိုနေရတာလဲ။ သစ္စာတရားကို ဦးထိပ်ထားသည့် အတွင်းခံသူခိုးဆိုတာ လောကမှာရှိလို့လား။

မူလန်သည် မျက်လုံးများ ချာချာလည်သွားမိ၏။ ပြီးနောက် သူမသည် တည်ကြည်လေးနက်သည့် မျက်နှာသွင်ပြင်နှင့် ပြောလိုက်၏။ “ယောက်ျား... ဘာလို့အဝတ်အစားတွေကို မီးရှို့လိုက်ရတာလဲ။ ဒါတွေကို ပြန်လျှော်လိုက်မယ်ဆိုရင် ကျွန်မ ပြန်ဝတ်လို့ရသေးတယ်လေ။ ကျွန်မတို့ မြို့စားအိမ်တော်က ပိုက်ဆံတွေကို ဖြုန်းတီးတာ အမုန်းဆုံးပဲ”

ပြီးနောက် သူမသည် ရှမ့်လန်၏ ရှေ့စားပွဲပေါ်သို့ ဆေးပုလင်းတစ်ခုကိုတင်ကာ ထွက်ခွာသွားခဲ့၏။ တံခါးအပြင်ဘက်သို့ လျှောက်ထွက်သွားသည့်အချိန်မှာတော့ သတိပေးစကား ပြောလိုက်၏။ “ဒါပေမဲ့ ယောက်ျား၊ ရှင့်ရဲ့ ကျန်းမာရေးက ပိုပြီးအရေးကြီးတယ်။ အဆင်ခြင်မဲ့ လျှောက်မလုပ်နဲ့”

ရှမ့်လန်သည် အသာလှည့်ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ ဆေးပုလင်း၌ ဆေးပေါင်းခြောက်မျိုး တိဟောင်ဆေးဟူ၍ ရေးသားထားသည်ကို မြင်လိုက်ရသည်။ အောက်တွင်အညွှန်းပါသည်။

“ကျောက်ကပ်အားကောင်းစေရန်”

All Chapters