အပိုင်း (၇၄)
Vol. 6 Ch. 74
ရှမ့်လန်သည် အလုံးစုံ ဆွံ့အသွားမိခဲ့၏။ မိန်းမ၊ မင်း ဘာတွေပြောသွားတာလဲ။ မင်း ပြောချင်တာတွေ ပြောသွားတဲ့အပြင် ငါ့ကို ဘာဆေးတွေမှန်းမသိ ပေးခဲ့သေးတယ်။
သို့ပေမည့် ဤဆေးသည် ယင်ဓာတ် မောပန်းခြင်းကို လျှော့ချရန်အတွက် အသုံးပြုသည့်ဆေးလည်း ဖြစ်လို့နေခဲ့၏။ ရှမ့်လန်သည် သူ့မိန်းမ၏ နားလည်တတ်သည့် စိတ်သဘောတရားကို သိရှိပြီးနောက် တကယ်ပင် ဂုဏ်ယူဝံ့ကြွားနေမိတော့သည်။
........
ဆောင်းဦးရာသီတွင် ပိုးကောင်လေးများသည် တောင်ပေါ်တက်ပြီး ပိုးအိမ်ဖွဲ့တတ်ကြသည်။ ပိုးစာရွက်များကို အငမ်းမရ စားသုံးကြသော အရေးကြီးအချိန်အခါလည်း ဖြစ်သည်။
လက်ရှိ အခြေအနေမှာတော့ ပိုးစာခူးသူများသည် တောင်ပေါ်သို့ တက်ကာဖြင့် ပိုးချည်လုံးများကို စတင်ကာ စုစည်းလျက် ရှိနေလေ၏။ ပိုးမွေးမြူခြင်းကြောင့် ရရှိသည့်ဝင်ငွေသည် စပါးစိုက်ပျိုးခြင်းထက် အဆပေါင်းများစွ ပိုမို သာလွန်သောကြောင့် မြို့စားကြီးအိမ်တော်၏ မြေယာတော်တော်များများကို ပိုးစာပင် စိုက်ရန် အတွက် အသုံးပြုထားရသည်။ ပိုးချည်ကြမ်းမှ ရသော ဝင်ငွေသည် မြို့စားအိမ်တော် ဝင်ငွေ၏ အကြီးမားဆုံးသော အစိတ်အပိုင်းလည်းဖြစ်၏။
ထို့ကြောင့် လက်ရှိအနေဖြင့် မူလန်သည် အပြာရောင်ဝတ်စုံကို ဝတ်ဆင်ပြီး ပိုးစာခူးရန် လယ်ကွင်းထဲသို့ ဆင်းနေပြီဖြစ်သည်။ မြို့စားအိမ်တော်၏ သမီးတော်တစ်ယောက် အနေဖြင့် ပင်ပင်ပန်းပန်းဖြင့် ဤသို့အလုပ်လုပ်ရန် မလိုအပ်သော်လည်း ပြည်သူများနှင့် တသားတည်း တည်ရှိကြောင်း ပြသချင်သည့် သဘောပင်။ ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင် ဟန်ပြ အလုပ်လုပ်နေခြင်းပင်။
သို့ပေမည့် ဟန်ပြပြုလုပ်ခြင်းအား မူလန်သည် နာရီပေါင်းများစွာ စိတ်ပါလက်ပါ ပြုလုပ်လျက်ရှိသည်။ တကယ့်ကို တုံးအသည့် ကောင်မလေးပင်။ တစ်ယောက်တည်း ပိုးစာရွက် ပိဿာထောင်ချီကိုပင် ခူးဆွတ်ပြီးဖြစ်သည်။ မြို့စားကတော်သည် နှစ်နာရီနီးပါးခန့်သွားရောက်ကာ ကူညီခဲ့ပြီးနောက် ချက်ချင်း ပြန်သွားခဲ့၏။
သူ၏မိန်းမအိမ်မှာ မရှိသည့်အခါမှာတော့ ရှမ့်လန်သည် ရူးကြောင်ကြောင် စကားများနှင့် သူ့မိန်းမကို ပိုးပန်းနေစရာမလိုတော့ချေ။ ထို့ကြောင့် တစ်နေကုန် ပျင်းရိလို့နေခဲ့သည်။ စာသင်ဆောင်သို့သွားရန် ဆိုသည်မှာလည်း တခြားသောကျောင်းသားများကို နှိပ်ကွပ်သလို ဖြစ်နေမည်ကို စိုးရိမ်ရ၏။ ထို့ကြောင့် သူသည် ကျောင်းသို့ မသွားတော့ချေ။
အရူးကြီး၏ ခန္ဓာကိုယ် အခြေအနေသည် ပိုမိုကာ တည်ငြိမ် ကောင်းမွန်လာခဲ့၏။ ပြန်လည်ကောင်းမွန်မှု၏ အမြန်နှုန်းသည် ထင်မှတ်ထားသည်ထက်ပင် ပိုမိုကာ မြန်ဆန်လွန်းခဲ့၏။ အတွင်း ဒဏ်ရာများသည်သာမက ခြေကျိုး၊ လက်ကျိုးခဲ့သည် အရာအားလုံး ပြန်လည်ကာ ပျောက်ကင်းသွားခဲ့ပြီဖြစ်ပြီး သာမန်လူသား တစ်ယောက်ထက်ပင် ပိုမိုကာ မြန်ဆန်နေသည်ဟု သမားတော်အန်းက ညွှန်းဆိုခဲ့၏။ သို့ပေမည့် အရူးကြီးသည် သတိပြန်လည် မရသေးချေ။ ထိုအရာသည် ရှမ့်လန်အား တကယ်ပင် ဇဝေဇဝါ ဖြစ်စေခဲ့၏။
ဤရက်ပိုင်းအတွင်းတွင် ရှမ့်လန်သည် ဘာတစ်ခုမှ လုပ်စရာမရှိချေ။ တစ်နေ့မှာတော့ သူသည် သူ၏ ယောက္ခထီးကို သွားရောက် မေးမြန်းခဲ့သည်။ “ကျုပ်ကို အကျယ်ချုပ်တော့ မချတော့ဘူး မဟုတ်လား”
မြို့စားကြီးက ပြန်လည်မေးမြန်းလိုက်၏။ “မင်း ဘာလုပ်ချင်ပြန်ပြီလဲ”
ရှမ့်လန်က သတိအပြည့်ဖြင့် ပြောလိုက်သည်။ “အိမ်မှာနေရတာ အရမ်းပျင်းဖို့ကောင်းတယ်လ ရွှမ်ဝူမြို့ထဲကို သွားပြီး နည်းနည်းပါးပါး ကစားမလားလို့”
မြို့စားကြီးကက ပြောလိုက်၏။ “အင်း.. မင်း ဘယ်လိုအခြေအနေမျိုးထိ သွားပြီးကစားချင်တာလဲ”
ရှမ့်လန်က ပြောလိုက်သည်။ “ဥပမာအားဖြင့် လမ်းပေါ်မှာတွေ့တဲ့ မတရားမှုတွေကိုမြင်ရင် ဓားကိုဆွဲထုတ်ပြီး ကူညီမယ်။ ဒါမှမဟုတ် အပြစ်ကင်းစင်လွန်းတဲ့ မိန်းကလေးငယ်လေးတွေ အနိုင်ကျင့်ခံရပြီဆိုရင် သွားပြီး ကူညီရမယ်”
ပြီးနောက် ထိုကဲ့သို့ ပေါက်ကရများ လျှောက်ကာပြောဆိုသောကြောင့် သူသည် ထပ်မံ၍ နေအိမ်အကျယ်ချုပ် ကျခံရ၏။ သူ့ယောက္ခထီး၏ မျက်နှာသွင်ပြင်နှင့် အမူအရာကို ကြည့်ရမည်ဆိုလျှင် သူ့ကို ကြာပွတ်နှင့် ရိုက်ချင်ပုံပင်ပေါ်၏။
ဘဝသည် တကယ်ကို ပျင်းရိစရာကောင်းလွန်း၏။ မြို့စားအိမ်တော်၏ သမက်တစ်ယောက်အနေဖြင့် သူသည် အပြင်ဘက်သို့ ထွက်ကာဖြင့် လူများကို သွားရောက်အနိုင်ကျင့်၍လည်း မရနိုင်ချေ။ တော်ဝင်ဆန်သော လူများသည် ဤသို့ ပျင်းရိစရာကောင်းစွာ နေထိုင်ရလေသည်လား။
ကျင်းမိသားစု၏ ဘိုးဘေးသည် အလုပ်ကို ပြင်းပြင်းထန်ထန် ကြိုးစားပြီး ၎င်း၏မျိုးဆက်များအနေဖြင့် တခြားသောသူများကို အနိုင်ကျင့်နိုင်ရန် အခြေခံများကို ဖန်တီးတည်ဆောက်ပေးခဲ့သည် မဟုတ်ပါလား။ ယခု အားလုံးသော သူတို့သည် ငြိမ်ငြိမ်သက်သက်ဖြင့် နေထိုင်နေရ၏။ မည်မျှအဓိပ္ပာယ်မဲ့လိုက်သည့် ကျင်းဘိုးဘေး၏ ကြိုးစားမှုဖြစ်ခဲ့သနည်း။
ကျင်းမူကုန်းကိုပင်ကြည့်၊ မြို့စားအိမ်တော်၏ ဆက်ခံသူတစ်ယောက်ဖြစ်သော်လည်း ဤဝတုတ်သည် ဘာတစ်ခုမှ သုံးစားမရသည့် ပုံပန်းသဏ္ဍာန်မျိုးနှင့် အခန်းထဲအောင်းလျက်ရှိနေ၏။ စိတ်ပျက်စရာကောင်းလှချေ၏။
.......
ဤအလွန်တရာ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသည့် နေ့ရက်များသည် ရုတ်တရက် အဆုံးသတ်ရမည့်အချိန်သို့ ရောက်ရှိလာခဲ့၏။ ရှမ့်လန်သည် ချက်ချင်းပင် စိတ်တစ်ခုလုံး တက်ကြွသည့် အခြေအနေဆီသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မူလန်သည် ဖိတ်စာတစ်စောင်ကို လက်ခံရရှိသောကြောင့်ပင်။
သူမ မရှိသောကြောင့် ရှမ့်လန်က ထိုအရာကို ဖွင့်ကြည့်လိုက်၏။ ရှစ်မိသားစုဆီမှ ပေးပို့ထားသည့် စာပင်ဖြစ်၏။ ကျန်းကျင်းနှင့် ရှစ်ချင်းချင်းတို့၏ စေ့စပ်ပွဲဖိတ်စာပင် ဖြစ်၏။ ဤအရှက်မဲ့သည့်စုံတွဲသည် တကယ်ပင် စေ့စပ်တော့မည် ဖြစ်၏။ မင်္ဂလာဆောင်ဖိတ်စာကို မြင်ရချိန်မှာတော့ ရှမ့်လန်သည် မည်သည့်စကားမှ မဆိုချေ။ အကြီးအကျယ်ဆုံး ရန်သူများနှင့် ရင်ဆိုင်တွေ့ရတော့မည်ဖြစ်ကြောင်းကို သူက စဉ်းစားနေမိသည်။
“ဟင်း”
ရှမ့်လန်က သက်ပြင်းချလိုက်၏။ ဤအတောအတွင်း ထျန်းဟန်ကို သတ်ဖြတ်ရန် ကြိုးစားခဲ့ပြီးနောက် သူသည် စိတ်အေးလက်အေး နေထိုင်ခဲ့သည်။တကယ်ပင် သွေးကြွေးဆပ်ရန်ကို သူ မေ့လျော့လို့နေခဲ့၏။ ရုတ်တရက် ရောက်ရှိလာခဲ့သော ဖိတ်စာသည် ရှမ့်လန်အား အတိတ်မှ ဖြစ်တည်ခဲ့သည့် အရှက်တရားများကို ပြန်လည်ကာ သတိရစေခဲ့၏။ သူသည် ရှစ်ကွမ်းယွမ်နှင့် ရှစ်ချင်းချင်းဆိုသည့် နာမည်များကို ကြည့်ရှုလိုက်၏။
“ရှစ်ချင်းချင်း... ဒီတစ်ခါ ငါ လက်စားချေရမယ့်အလှည့် ရောက်တော့မှာလား”
တစ်ဖက်လူသည် သူ့ကို အရှက်တကွဲဖြစ်အောင် ပြုလုပ်ခဲ့ပြီးနောက် စေ့စပ်ရန်ပင် ပြင်ဆင်လို့နေခဲ့သည်။ မူလန်နှင့် သူသည် အလောတကြီး လက်ထပ်ခဲ့ရခြင်း ဖြစ်၏။ သို့ပေမည့် ရှစ်ချင်းချင်းသည် စေ့စပ်ပွဲကိုပင် လာရောက် ဖိတ်ကြားလျက် ရှိနေ၏။ ရှစ်ချင်းချင်းနှင့် ၎င်း၏အဖေတို့အား သူ မည်သို့ လက်စားချေရမည်နည်း။
ရှမ့်လန်သည် ဦးနှောက်တစ်ခုလုံးကို အလုပ်ပေးကာဖြင့် သေသေချာချာ စဉ်းစားလျက်ရှိ၏။ အခန်းထဲတွင်လည်း ရှေ့လျှောက်လိုက်၊ နောက်လျှောက်လိုက်လုပ်လို့နေ၏။ ရှစ်ချင်းချင်းကဲ့သို့သော မိန်းမအတွက် ကြောက်မက်ဖွယ်ရာကောင်းလွန်းသည့် လက်စားချေမှုဆိုသည်မှာ ဘာဖြစ်မည်နည်း။ သူမကို ဖမ်းဆီးပြီး သူမနှင့် အိပ်ပစ်လိုက်ရမည်လား။
ဟာသပင်။ သူ ... ရှမ့်လန်သည် ချောမောလွန်းသည့် လူတစ်ယောက်ဖြစ်၏။ သူသည်သာ ရှစ်ချင်းချင်းနှင့် အိပ်မည်ဆိုပါက မည်ကဲ့သို့ လက်စားချေနည်း ဖြစ်မည်နည်း။ ဤအရာသည် ရှစ်ချင်းချင်းအတွက် ဆုလာဘ် တစ်ခုပင် ဖြစ်ပေလိမ့်မည်။ ဟုတ်ပေ၏။ သူသည် သူမ၏ တန်ဖိုးအကြီးဆုံးအရာကို ဖျက်ဆီးရပေလိမ့်မည်။ ပထမဦးဆုံး ဂုဏ်သိက္ခာတရားပင်။
ဤကုန်သည်သမီးသည် တော်ဝင်မိသားစုဆီမှ မွေးဖွားလာသူတစ်ယောက် မဟုတ်ချေ။ သူမ၏ ဂုဏ်သိက္ခာ တိုးတက်ရန်အတွက် အကြီးအကျယ် ကြိုးစားခဲ့ရသည်။ သူမသည် နေရာအနှံ့တွင် တော်ဝင်မိန်းကလေးများနှင့် မိတ်ဆွေ အပေါင်းအသင်းဖွဲ့ကာ ကဗျာများ ရေးသားခြင်း၊ နေ့စဉ်နေ့တိုင်း သီချင်းများသီဆိုခြင်း၊ ထိုအရာများကို ပြုလုပ်ပြီး သူမ၏ အသိုင်းအဝိုင်းကို ပိုမိုကျယ်ပြန့်အောင် ကြိုးစားခဲ့ရ၏။
သူမသည် ကုန်သည်တစ်ယောက်၏ သမီးဖြစ်သော်လည်း ပါရမီရှင် ကျောင်းတော်သူတစ်ယောက်၏ ဟန်ပန်အမူအရာမျိုးဖြင့် နေထိုင်ခဲ့ရ၏။ နှစ်ပေါင်းများစွာ ရင်းနှီးမြုပ်နှံ့ခဲ့ပြီးနောက်မှာတော့ သူမသည် ထိပ်တန်း ပါရမီရှင် သုံးယောက်စာရင်းထဲတွင်ပင် ပါဝင်လာခဲ့သည်။
နုကျင်းစီရင်စုတွင် ထိပ်တန်းပါရမီရှင် အလှပဂေး သုံးယောက်ရှိပြီး ပထမတစ်ယောက်သည် ကျန်းချုံး၏ သမီး ကျန်းချင်းဟွာ ဖြစ်၏။
သူ၏မိန်းမ မူလန်ကော ပါလေသည်လား။ အားနာပါသည်။ သူ၏ မိန်းမသည် ကောင်းကင်ထက်မှ နတ်သမီး တစ်ပါးဖြစ်၏။ ထို့ကြောင့် လူသားစာရင်းထဲ ပါဝင်လိမ့်မည် မဟုတ်ချေ။
ရှစ်ချင်းချင်းသည် ပါရမီရှင် အလှပဂေး သုံးယောက်စာရင်းထဲတွင် ပါဝင်သောကြောင့် ကျန်းကျင်း၏ မျက်လုံးထဲသို့ ဝင်လာခြင်းဖြစ်၏။ ဟုတ်ပေ၏။ တချို့က ပြောကြသည်မှာ ရှစ်ချင်းချင်းသည် ရှမ့်လန်နှင့် ယခင်တုန်းက လက်ထပ်ခဲ့၏။ ရှမ့်လန်သည် အမှိုက်တစ်စဖြစ်၏။ အတူတူ အိပ်စက်ခြင်းလည်း မရှိခဲ့သောကြောင့် ရှစ်ချင်းချင်းအား တစ်ခုလတ်ဟု ပြောဆို၍ မရနိုင်ချေ။ ရှမ့်လန်အား လက်ထပ်ခဲ့ခြင်းသည် ကံကြမ္မာဆိုးများကို လွှဲပြောင်းပေးရန် ရည်ရွယ်ချက်တစ်ခုတည်းကြောင့်ပင် ဖြစ်သည်။
ဤအရာသည် အိန္ဒိယ၏ တချို့သောလူချမ်းသာများနှင့် ဆင်တူ၏။ ၎င်းတို့သည် မင်္ဂလာမဆောင်ခင်တွင် အရင်ဆုံး ကံကြမ္မာဆိုးများကို ဖယ်ရှားနိုင်ရန်အတွက် သစ်ပင်များ၊ မြင်းများကို လက်ထပ်ခြင်း အလုပ်ကိုပင် ပြုလုပ်ကြ၏။ ဤသို့ပြုလုပ်ခြင်းကြောင့် ဂုဏ်သိက္ခာကျဆင်းသွားမည်လား။ မဟုတ်နိုင်ပေ။ တကယ်တမ်း မှာတော့ ကံကောင်းခြင်းတရားများကို လိုချင်သောကြောင့်ပင်။
ထိုအတိုင်း ညွှန်းဆိုရမည်ဆိုလျှင် ရှမ့်လန်သည် သစ်ပင် သို့မဟုတ် မြင်းပင် ဖြစ်သွားခဲ့၏။ ဂုဏ်သိက္ခာ အကြောင်း ပြောရမည်ဆိုလျှင် ရှစ်မိသားစုထဲတွင် ရှစ်ချင်းချင်းသည် ဂုဏ်သိက္ခာတရားကို အလွန်ဂရုစိုက်တတ်သူ တစ်ယောက်ဖြစ်၏။ သူသည် သူမကို လက်စားချေရန် ကြိုးစားချင်၏။ ထိုသို့ဆိုလျှင် သူမ၏ ဂုဏ်သိက္ခာကို အရင်ဆုံး စုတ်ပြတ်သတ်သွားအောင် ပြုလုပ်မှ ဖြစ်ပေလိမ့်မည်။ ပြီးနောက် သူမ၏ စီးပွားရေးလုပ်ငန်းများကို ဖျက်ဆီးပစ်ရပေလိမ့်မည်။
ထိုမှသာလျှင် သူမသည် သေချင်လောက်သည်အထိ နာကျင်မှုမျိုးကို ခံစားရမှာ ဖြစ်၏။ ထိုသို့ဆိုလျှင် ရှစ်ချင်းချင်း နှစ်ပေါင်းများစွာ တည်ဆောက်ထားခဲ့သည့် ဂုဏ်သိက္ခာတရားကို ဖျက်ဆီးရန်အတွက် သူ ဘာတွေ လုပ်ရမည်နည်း။ များပြားလွန်းသည့် အကြံအစည်များသည် ရှမ့်လန်၏ စိတ်ထဲသို့ တိုးဝင်လာခဲ့၏။ ဤအရာသည် ကြမ်းတမ်းလွန်းလှ၏။ တည်နေရာအနှံ့ဆီသို့ ပြန့်နှံ့သွားမည့် အကြောင်းအရာလည်းဖြစ်သည်။
ဒင် ....။
ရှမ့်လန်၏ စိတ်တစ်ခုလုံးတွင် ဉာဏ်အလင်းပွင့်သွားခဲ့၏။ သူသည် ရုတ်တရက် အကြံအစည်တစ်ခုကို ရရှိခဲ့၏။ လက်ရှိအခြေအနေမှာတော့ အပြင်ဘက်ဆီမှ ခြေသံများ ထွက်ပေါ်လာခဲ့၏။ လေးကန်ပြီး တစ်လှမ်းချင်း လှမ်းလာသည့် ခြေသံမျိုးပင်။ လှည့်ကြည့်စရာမလိုအပ်ချေ။ ကျင်းမူကုန်းဖြစ်ကြောင်း သူက ကောင်းကောင်း သိ၏။
“ရှမ့်လန်.. ငါမင်းကို ပြစရာတစ်ခုရှိတယ်” ကျင်းမူကုန်းသည် အသာပင် ပြောဆိုလိုက်၏။ သူသည် လိင်အသားပေး ပန်းချီပုံများကို ဆွဲထုတ်ကာဖြင့် ပြသလိုက်၏။ ပြောရမည်ဆိုလျှင် ဤဝတုတ်သည် ယခင်ဘဝက ရှမ့်လန်၏ အခန်းအတူ နေထိုင်ခဲ့သည့် ဝတုတ်နှင့် တူညီလွန်းလှသူဖြစ်၏။
အထဲသို့ ဝင်လာပြီးနောက် ရှမ့်လန် သူ့အား စူးစိုက်ကြည့်နေသည်ကို ကျင်းမူကုန်းက မြင်လိုက်ရ၏။ ထို့ကြောင့် ဇက်ကိုပုကာ ပြောလိုက်သည်။ “ယောက်ဖ... ဘာလို့ ငါ့ကို ဒီလိုမျိုး ကြည့်နေရတာလဲ”
ဤဝတုတ်သည် သူ့အား ကြောက်ရွံ့သည့်အချိန်တွင် ယောက်ဖဟု ခေါ်တတ်၏။ ပုံမှန်အားဖြင့် သူ၏ နာမည်ကိုသာလျှင် ခေါ်တတ်၏။
ရှမ့်လန်က ပြောလိုက်သည်။ “ဝတုတ်... မင်း ကြိုက်တဲ့မိန်းမရှိလား”
ထိုစကားစု ထွက်ပေါ်လာချင်းချင်းမှာပဲ ကျင်းမူကုန်း၏ မျက်လုံးများက နီမြန်းသွားခဲ့၏။
“ချီးထဲမှာ ငါ မင်းကို သူငယ်ချင်းတစ်ယောက်လို ဆက်ဆံခဲ့တယ်။ ဘယ်လိုဖြစ်ပြီးတော့ စကားကောင်းကောင်း မပြောရတာလဲ။ ဘာလို့ ငါ့ရဲ့ နှလုံးသားကို ဓားနဲ့စိုက်ရတာပဲ။ မျက်နှာကို မရိုက်နဲ့။ နှလုံးသားကို မရိုက်နဲ့ .. အဲဒီစည်းမျဉ်းကို နားမလည်ဘူးလား။ ငါ သွားတော့မယ်။ ငါ ကျင်းမူကုန်းက မင်းနဲ့ ဘယ်တော့မှ မသိဘူးလို့ပဲ ထားလိုက်တော့” လူဝကြီးသည် ရုတ်တရက် လှည့်ကာ ထွက်ခွာသွားရန် ပြင်လိုက်သည်။
ရှမ့်လန်က မေးလိုက်၏။ “ယောက်ဖ... ဘာလို့ မင်းကိုကြိုက်တဲ့ မိန်းကလေး မရှိဘူးလို့ ထင်ရတာလဲ”
ကျင်းမူကုန်းက မဖြေခဲ့ချေ။
“ဟုတ်တာပေါ့။ ပထမဦးဆုံး အကြောင်းအရာက မင်းက ရုပ်ဆိုးလို့ပဲ”
ရှမ့်လန်က ပြောလိုက်၏။ “ငါလိုလူတစ်ယောက်အနေနဲ့ လမ်းထဲကို လျှောက်ဝင်လိုက်ပြီဆိုတာနဲ့ မိန်းကလေး ခုနစ်ယောက်၊ ရှစ်ယောက်လောက်က ဝိုင်းလာခဲ့တာလေ။ ငါမှာသာ လုံလောက်တဲ့ ရုပ်ရည်ချောမောမှု မရှိဘူးဆိုရင် မင်းအစ်မက ငါ့ကို လက်တောင် လက်ထပ်မှာ မဟုတ်ဘူး။ ဟုတ်တယ်မလား”
ကျင်းမူကုန်းသည် ငိုချင်သွားခဲ့၏။ “မင်း.. ငါ့ကို သေအောင်လုပ်နေတာလား။ သေအောင်သတ်ပြီးတဲ့အပြင် ငါ့ရဲ့အလောင်းကိုပါ ကြာပွတ်နဲ့ရိုက်ဖို့ စဉ်းစားနေသေးတာလား”
“ဒါပေမဲ့ သာမန်ကျပြီး ရုပ်ဆိုးတဲ့ မင်းလိုလူမျိုးကလည်း မိန်းကလေးတွေရဲ့ ကြိုက်နှစ်သက်ခြင်းကို ခံရနိုင်တယ်။ မင်းဆီကို မိန်းကလေးပေါင်းမြောက်များစွာ တိုးဝင်လာမယ့် အခြေအနေမျိုးဖြစ်လာနိုင်တယ်။ မင်းကို ငိုယို ဖက်ယက်ပြီး သူတို့ကိုယူပါလို့ တောင်းဆိုရတဲ့ အခြေအနေမျိုးရောက်အောင် လုပ်လို့ရတယ်” ရှမ့်လန်က ပြောလိုက်သည်။
ဤစကားစုများ ထွက်ပေါ်လာလာချင်းမှာပဲ ကျင်းမူကုန်း၏ နှလုံးသားထဲတွင် ရှိနေသည့် မုန်တိုင်းများသည် ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့၏။ သူ့၏မျက်လုံးများက လင်းလက်သွားခဲ့၏။ “တကယ်လား”
ရှမ့်လန်က ခေါင်းညိတ်လိုက်သည်။ “သိပ်မှန်တာပေါ့။ ငါ စုတောင်ပို ဆိုတဲ့ လူတစ်ယောက်ကို သိတယ်။ သူက အရပ်ပုပု ဝဝ ရုပ်ဆိုးတယ်လေ။ ဒါပေမဲ့ သူ့ကို အလှပဂေးပေါင်း မြောက်များစွာက ချစ်ခင်နှစ်သက်ကြတယ်”
ကျင်းမူကုန်း၏ မျက်လုံးများသည် စိမ်းပြာလာခဲ့၏။ သူသည် အသံများ တုန်ယင်စွာဖြင့် ပြောလိုက်၏။ “ဒီလိုလူမျိုး ရှိသေးတာလား။ ဘာ့ကြောင့်လဲ”
ရှမ့်လန်က ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ ပါရမီကြောင့်ပဲ။ မိန်းကလေးတွေအတွက် ယောက်ကျားလေး တွေက ချောမောစရာမလိုဘူး။ အဓိကအားဖြင့် ပါရမီပဲ။ ပါရမီရှိဖို့လိုတယ်”
ရှမ့်လန်က ဆက်လက်ကာ ပြောဆိုလိုက်၏။ “ယောက်ကျားတစ်ယောက်က ရုပ်ဆိုးနေတယ် ဆိုရင်တောင်မှ တကယ့်ပါရမီရှင်တစ်ယောက်ဖြစ်ပြီး တစ်လောကလုံးအနှံ့ ကျော်ကြားတဲ့ လူတစ်ယောက်ဖြစ်သွားရင် မိန်းကလေး တွေက အရာအားလုံးကို လျစ်လျူရှုထားနိုင်တယ်”
ကျင်းမူကုန်းက အနောက်သို့ တစ်လှမ်းဆုတ်လိုက်၏။ ပြီးနောက် သူ၏မျက်နှာကို လက်နှစ်ဖက်နှင့် ဖုံးကာကာ ပြောလိုက်၏။ “ကျုပ်က အရပ်အရမ်းမပုပါဘူး။ ဟုတ်တယ်မလား”
ပြီးနောက် သူသည် အားတက်တရောဖြင့် ပြောလိုက်သည်။ “ဟုတ်တယ်။ ငါသာ ပါရမီရှင်တစ်ယောက် ဖြစ်မယ်ဆိုရင် ငါ့ကို ကြိုက်တဲ့ မိန်းကလေးတွေ အများကြီး ရှိလာနိုင်တယ်။ ဒါပေမဲ့ အင်း ချောမောတဲ့ လူတစ်ယောက်ဖြစ်အောင် လုပ်ရတာထက် ပါရမီရှိတဲ့ လူတစ်ယောက်ဖြစ်အောင် လုပ်ရတာ ပိုပြီး ခက်ခဲတယ်လို့ထင်တယ်”
ရှမ့်လန်က သက်ပြင်းချလိုက်၏။ “မူကုန်း.. မင်းဆီမှာ လိုအပ်ချက်တွေ အများကြီးရှိတယ်ဆိုပေမဲ့ ရိုးသားခြင်းက မင်းရဲ့ အရည်အချင်းပဲ”
“ဒါဆို ငါ သွားတော့မယ်”။ ကျင်းမူကုန်းသည် ချက်ချင်းပဲ လှည့်ထွက်သွားခဲ့သည်။
ရှမ့်လန်သည် အလျင်စလိုနှင့် ကျင်းမူကုန်းကို လိုက်ဆွဲရ၏။ “မူကုန်း.. ငါ့ဆီမှာ တကယ့်ကို ကြည့်ကောင်းတဲ့ အသွင်အပြင်ရှိတယ်။ ဒါပေမဲ့ ငါမင်းကို ရုပ်ချောအောင် မကူညီနိုင်ဘူး။ မင်းရဲ့ပါရမီကို ထွန်းတောက်အောင်တော့ ငါ တစ်ခုလုပ်ပေးလို့ရတယ်”
“တကယ်လား”
ကျင်းမူကုန်းက မေးလိုက်သည်။ “ဒါဆိုရင် ဘာတွေလုပ်ပေးမှာလဲ”
ရှမ့်လန်က ပြောလိုက်၏။ “မင်းနဲ့ငါ ပူးပေါင်းပြီး စာအုပ်တစ်အုပ် ရေးမယ်။ ဒီစာအုပ်က တကယ့်ကို နာမည်ကျော်ကြား သွားစေရမယ်။ အုပ်ရေ တစ်သောင်းလောက် ရောင်းရနိုင်တဲ့ စာအုပ်မျိုးဖြစ်အောင် လုပ်ရမယ်။ ငါတို့ ရွှမ်ဝူမြို့တင် မဟုတ်ဘူး။ နုကျင်းစီရင်စုတစ်ခုလုံးမှာ စာအုပ်ရဲ့သတင်းက ပြန့်နှံ့သွားခဲ့ရမယ်။ ထျန်းလန်စီရင်စုဆီတောင် ရောက်ရင် ကောင်းမယ်ကွာ။ အာ... အဆုံးစွန်ဆုံး ပြောလိုက်မယ် ရွှဲ့ပြည်နယ်ဆီ ရောက်ရင် အကောင်းဆုံးပဲ။ အချိန်ရောက်လာပြီဆိုရင် ဒီစာအုပ်ရဲ့ စာရေးသူတွေရဲ့တစ်ယောက်က မင်းပဲ။ ဒါဆိုရင် ဘာတွေဖြစ်မယ်ထင်လဲ”
ကျင်းမူကုန်း၏ မျက်လုံးများက လင်းလက်သွားခဲ့၏။ “ဒါ .... ဒါဆိုရင် ငါ ကျော်ကြားပြီပေါ့။ ငါဟာ တကယ့်ကို ကျော်ကြားတဲ့ ကျောင်းတော်သားတစ်ယောက် ဖြစ်တော့မှာပေါ့”
ရှမ့်လန်က ပြောလိုက်သည်။ “သိပ်မှန်တယ်။ သိပ်မှန်တယ် ယောက်ဖ။ ဒါဆိုရင် မင်းက မိန်းကလေး တစ်ယောက်ကို လက်ထပ်လို့ရပြီပေါ့”
ကျင်းမူကုန်း၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်သွားခဲ့၏။ “ယောက်ဖ.. ဘာစာအုပ်ရေးမှာလဲ”
ရှမ့်လန်က ပြောလိုက်သည်။ “အင်း ငါက အနှစ်ချုပ်ပေးမယ်။ မင်းက စာရေး။ အခု စာကြောင်းအနည်းငယ်ကို ပြောပြမယ်။ မင်း သေသေချာချာ နားထောင်”
ကျင်းမူကုန်းသည် ထိုင်ခုံပုတစ်လုံးကို အသာယူကာဖြင့် လေးလေးနက်နက်ဖြင့် နားထောင်လျက်ရှိနေ၏။
ရှမ့်လန်က ပြောဆိုလိုက်သည်။ “အရင်တုန်းက ပိုးထည်နဲ့ အဝတ်အထည်လုပ်ငန်းအတွက် ပြုလုပ်တဲ့ ကုန်သည် တစ်ယောက်ရှိတယ်တဲ့။ သူ့ရဲ့နာမည်က ရှီမန်ချင်းချင်းတဲ့။ လူတွေက သူ့အဖေကိုတော့ လူကြီးမင်း ရှီမန်လို့ ခေါ်ကြတယ်”
........
“အဲ့ဒီ ရှီမန်လူကြီးမင်းက တကယ့်ကို ဆိုးဝါးပြီးတော့ အရှက်မဲ့လွန်းတဲ့ လူတစ်ယောက်ပဲ။ သူက အပြစ်မဲ့တဲ့ မိန်းကလေးပေါင်း မြောက်များစွာကို အနိုင်ကျင့်ခဲ့တယ်။ ဆိုရိုးစကားတစ်ခုရှိတယ်မလား။ နဂါးက နဂါးကိုပဲ မွေးတယ်။ ဖီးနစ်ကလည်း ဖီးနစ်ကိုပဲမွေးတယ်။ ဒီလိုပဲ အရှက်မဲ့တဲ့ လူတစ်ယောက်က အရှက်မဲ့တဲ့ လူတစ်ယောက်ကို မွေးဖွားခဲ့တာပေါ့။ ဒါကြောင့် ရှီမန်ရှင်းရှင်း ဆိုတဲ့ သန္ဓေယုတ်လေး မွေးလာခဲ့တာပေါ့”
...................