← Chapters

အပိုင်း (၇၅)

Vol. 6 Ch. 75

အပိုင်း (၇၅)

Vol. 6 Ch. 75

“ဟမ်” ကျင်းမူကုန်းသည် ကြောင်အသွားခဲ့၏။

ရှမ့်လန်က ပြောလိုက်သည်။ “ကျင်းမူကုန်း.... အခု မင်းရဲ့အမူအရာက ဘယ်လိုဖြစ်သွားရတာလဲ။ ငါမင်းကို နတ်ဘုရားဖြစ်ဖို့ အခွင့်အရေးတစ်ခု ပေးနေတာ။ မင်းမလိုချင်ဘူးလား”

ကျင်းမူကုန်း၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်သွားခဲ့၏။ “ယောက်ဖ... မင်း ရှစ်ချင်းချင်းရဲ့ ဂုဏ်သိက္ခာ တစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့ ငါ့ကို အသုံးချနေတာမဟုတ်လား”

“အမှန်ပဲ။ ပြဿနာရှိလို့လား” ရှမ့်လန်သည် ယုံကြည်ချက်ရှိရှိဖြင့် ခပ်တည်တည် မေးမြန်းလိုက်သည်။

“အင်း” ကျင်းမူကုန်းသည် ပြန်လည်ကာ ခွန်းတုံ့ပြန်လိုက်၏။

ရှမ့်လန်သည် ကျင်းမူကုန်း၏ ဦးခေါင်းကို အသာပုတ်ကာ ပြောလိုက်သည်။ “ဝတုတ်.. တခြားသောသူတွေရဲ့ အသုံးချခြင်းကို ခံရတယ်ဆိုတာ အဆင်ပြေတယ်။ အဓိကက တန်ဖိုးရှိနေလို့ပဲ။ တခြားသောသူတွေက မင်းကို အသုံးပြုဖို့တောင်မှ ပျင်းရိနေပြီဆိုရင်တော့ မင်းက သာမန်ဝတုတ် မဟုတ်တော့ဘူး။ သုံးစားမရတဲ့ ဝတုတ် ဖြစ်သွားပြီ”

“ဟမ်”

ကျင်းမူကုန်းသည် ရှမ့်လန် ပေါက်ပန်းလေးဆယ်များ လျှောက်ကာ ပြောဆိုနေကြောင်း သိရှိသော်လည်း အဘယ်ကြောင့် နားထောင်၍ ကောင်းနေရသနည်းကိုတော့ မသိရှိပေ။

ရှမ့်လန်က ပြောလိုက်၏။ “မင်း အခွင့်အရေး မလိုချင်ဘူးလား။ ကောင်းပြီ ဒါဆိုရင် သွားတော့။ ငါ တခြား တစ်ယောက်ကို ရှာလိုက်မယ်။ အင်း.. ကျင်းကျုံးကလည်း မဆိုးဘူးပဲ။ သူ့ကိုပဲ ရေးခိုင်းလိုက်မယ်”

“မလုပ်နဲ့၊ မလုပ်နဲ့”

ကျင်းမူကုန်းက ပြောလိုက်သည်။ “ယောက်ဖ... ငါရေးပေးမယ်။ ငါရေးပေးမယ်။ မင်းရဲ့ အဖွင့်ကလည်း အရမ်းကို ဆွဲဆောင်မှု ရှိနေပြီ။ ဒီတော့ ဇာတ်လမ်းကလည်း ဆိုးမှာမဟုတ်ဘူး”

ရှမ့်လန်က ပြောလိုက်၏။ “အင်း.. အဆုံးစွန်ထိ ကောင်းမွန်တဲ့ ဇာတ်လမ်းတစ်ခု ဖြစ်သွားစေရမယ်။ ဟုတ်ပြီလား”

“ကောင်းပြီ”

ကျင်းမူကုန်းက ပြောလိုက်သည်။ “အင်း.. ကျောင်းတော်သားတစ်ယောက်အနေနဲ့ ငါ့ရဲ့ဂုဏ်သိက္ခာ ကတော့ အဆိုးကြီး ဖြစ်မသွားနိုင်ဘူးမလား”

ရှမ့်လန်က ပြောလိုက်၏။ “ကောင်းပြီ။ ဒါဆိုရင် ကောင်းမွန်တဲ့ အရေးအသားပုံစံမျိုးကို ပြောင်းကြတာပေါ့။ ငါက သေသေချာချာ ရွတ်ပြမယ်၊ မင်းက ရေး။ စလိုက်ကြရအောင်”

ကျင်းမူကုန်းသည် ချက်ချင်းပဲ ခန္ဓာကိုယ်ကို မတ်မတ်နေလိုက်၏။ စုတ်တံတစ်ခုကို ကောက်ယူကာဖြင့် ရေးသားရန် ပြင်ဆင်လိုက်သည်။

ရှမ့်လန်က ရွတ်ဆိုပြ၏။ “ပုံပြင်တွေက ပြောကြတယ်။ .......... ”

ကျင်းမူကုန်းသည် စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်သည်။ “ယောက်ဖ... ဒီအရေးအသားပုံစံက အရမ်း ကောင်းတယ်”

ရှမ့်လန်က ပြောလိုက်၏။ “နားလည်တယ် ဟုတ်လား”

ကျင်းမူကုန်းက ပြောလိုက်သည်။ “အင်း... အရေးအသားပိုင်း အရမ်းကောင်းတယ်ဆိုတာကိုတော့ သိပ်နားမလည်ဘူး။ ဒါပေမဲ့ ရေးနေရင်းနဲ့ ရေးလို့ကောင်းတယ်ဆိုတာတော့ နားလည်တယ်”

ရှမ့်လန်သည် ဤမျှထူပိန်းလွန်းသည့် လူတစ်ယောက်ကို မြင်ရလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။

“လောကကြီးမှာ ရှိတဲ့လူတွေက အလျင်စလို ဖြစ်လွန်းနေကြတယ်။ လူတွေဟာ ခံစားချက် ခုနစ်မျိုးနှင့် အလိုလာဘ ခြောက်မျိုး ကနေ ရုန်းမထွက်နိုင်ခဲ့ကြဘူး။ ဝိုင်၊ လိင်၊ ဒေါသတရား၊ မောဟတရား၊ ဒီအရာတွေကနေ မချိုးဖောက်နိုင်ခဲ့ကြဘူး။ အဆုံးသတ်မှာတော့ အရာအားလုံးက အတူတူ ပျောက်ကွယ်သွားခဲ့ကြရတယ်။ ဒီတော့ လိင်၊ ဝိုင်၊ လောဘ၊ မောဟတွေကြားထဲမှာ ချမ်းသာခြင်းတရားက အရေးကြီးလာခဲ့တယ်” ရှမ့်လန်သည် ဆက်လက်ကာ ရွတ်ဆိုလိုက်၏။

ကျင်းမူကုန်းသည် စာရွက်ပေါ်တွင် တစ်ခုချင်းချကာ ရေးသားလျက် ရှိနေ၏။

......

“မုကုန်း.. မင်းက စာပေရေးသားခြင်းနဲ့ ပတ်သက်ရင် တကယ့်ကို ပါရမီရှင်တစ်ယောက်ပဲ။ လက်ရေးလည်း လှတယ်”

ကျင်းမူကုန်းက ပြောလိုက်၏။ “အင်း... ငါ အသက်ရှစ်နှစ်ကတည်းကက စာအုပ်ပေါင်းများစွာကို ကူးရေးလာခဲ့တာလေ။ ဒီတော့ စာရေးတာ အရမ်းမြန်နေပြီ”

ဝမ်းနည်းလောက်စရာ ကောင်းလောက်သည့် အတိတ်ဇာတ်ကြောင်းများပင်။ စာပေကျက်မှတ်ခြင်းအရာမှာတော့ မူကုန်းသည် အလွန်နှေးကွေးလွန်းခဲ့သည်။

ကျင်းမူကုန်းက မေးလိုက်၏။ “ယောက်ဖ.... ဒီစာအုပ်ရဲ့နာမည်ကို ဘယ်လိုပေးကြမလဲ”

ရှမ့်လန်က ပြောလိုက်သည်။ “ဒီစာအုပ်ရဲ့နာမည်ကို မာယာမျဉ်းပြိုင်များလို့ ပေးရမယ်”

............

ပြီးနောက် ကျင်းမူကုန်းသည် ရှမ့်လန်ထက်ပင် ပိုမိုကာ ရူးသွပ်လို့နေခဲ့၏။ အပင်ပန်းကင်းစွာဖြင့် ရေးသားလျက်ရှိနေ၏။ နေ့စဉ်နေ့တိုင်း ဆိုသလိုပဲ ရေးသားနေ၏။ တစ်နေ့ကို စာလုံးရေ နှစ်သောင်းကျော်ပင် ရေးသားနိုင်၏။ မယုံကြည်နိုင်လောက်အောင် ကောင်းလောက်သည့် စွမ်းဆောင်ရည်ပင်။

ပြီးနောက် ရှမ့်လန်သည် မာယာမျဉ်းပြိုင်များဆိုသည့် စာအုပ်ကို ကိုးဆယ်ရာခိုင်နှုန်းခန့် ရေးသားပြီးစီး ထားခဲ့ပြီဖြစ်၏။ ကျန်သည့် ဆယ်ရာခိုင်နှုန်းမှာတော့ ဤလောကကြီးနှင့်ပတ်သက်သည့် အကြောင်းအရာများကို ပြန်လည်ကာ ခြုံငုံပြီး နောက်ခံအခြေအနေတစ်ခုလုံးကို ပြောင်းလဲပစ်ရန်သာရှိတော့သည်။

ပြောရမည်ဆိုလျှင် ရှစ်ချင်းချင်း၏ ဇာတ်ကြောင်းများကို ထပ်မံကာ ထည့်သွင်းခဲ့ပြီးသည့်နောက် အားလုံးသော သူတို့သည် စိတ်ကျေနပ်စရာ ဖြစ်လာပေလိမ့်မည်။ ဝတ္ထုထဲတွင် တည်ရှိနေသည့် ရှီမန်ချင်းချင်းသည် အသက် ဆယ့်ကိုးနှစ်ဖြစ်ပြီး ရှစ်ချင်းချင်းနှင့် တူညီစွာပင် တိုက်ဆိုင်လွန်းလှချေ၏။ ရှမ့်လန်၏ ဝတ္ထုထဲတွင်တော့ ရှီမန်ချင်းချင်းသည် အဆင့်မြင့်အရာရှိ တစ်ယောက်၏သားကို လက်ထပ်ယူခဲ့သည့် ပါရမီရှင်မိန်းကလေး တစ်ယောက်ဖြစ်၏။ ထိုအရာရှိ၏နာမည်သည် ကျန်းကျင်းကျီဖြစ်၏။ မည်မျှတိုက်ဆိုင်လိုက်သနည်း။

အထူးသဖြင့် ရှမ့်လန်သည် ရှစ်ချင်းချင်းနှင့် ပတ်သက်သည့် အစိတ်အပိုင်းများကို သေသေချာချာ အသေးစိတ် ရေးသားထား၏။

ကျင်းမူကုန်းသည် ထိုအရာများကို ကူးကာရေးနေရင်းမှာပင် ၎င်း၏နှလုံးသွေးများသည် ဆူပွက်လာခဲ့၏။ အသက်ရှူနှုန်းများသည်လည်း မြန်ဆန်လာခဲ့သည်။ “ယောက်ဖ.... ငါတို့ အားလုံးက ယောက်ကျားတွေ ချည်းပဲလေ။ ဘာ့ကြောင့်မင်းက အဲလောက်ကြီး ထူးချွန်နေရတာလဲ။ မင်းရဲ့ ဇာတ်ဝင်ခန်းတွေက ငါတောင် စိတ်မထိန်းနိုင်တော့ဘူး။ ဒါမျိုးကို ဘယ်လိုစဉ်းစားပြီးရေးရတာလဲ”

မူကုန်းသည် ဆွံ့အစွာဖြင့် ခေါင်းကိုမော့ကြည့်လျက်ရှိ၏။ ဟုတ်ပေ၏။ ရှမ့်လန် ... ၎င်းသည် အဘယ်ကြောင့် ဤမျှ ထူးချွန်နေရသနည်း။ အဘယ်ကြောင့်ဆိုသော် လူပျို စစ်စစ်ဖြစ်နေသောကြောင့်ပင် ဖြစ်ပေလိမ့်မည်။ လူပျိုတစ်ယောက်၏ မိန်းကလေးနှင့်ပတ်သက်သော စိတ်ကူးယဉ်မှုများသည် အဆုံးအစမဲ့ပြီး လှပလွန်းသည် မဟုတ်ပါလား။

အတွေ့အကြုံ ရင့်ကျက်သော လူများအတွက်ကရော။ ကျိန်းသေပေါက် ၎င်းတို့သည် အရာအားလုံးကို နားလည်နေပြီ ဖြစ်သောကြောင့် လူပျိုများလောက် ချိုမြိန်နေတော့မည် မဟုတ်ချေ။

ရှမ့်လန်သည် သက်ပြင်းချကာ ပြောလိုက်၏။ “အင်း.. ငါက တကယ့်ကို ပြည့်စုံတဲ့ လူတစ်ယောက်ပဲ။ နေရာတိုင်းမှာ ထူးချွန်တယ်ဆိုတာ ငါသိတယ်။ ချီးကျုးပြောဆိုမှုတွေနဲ့ ပတ်သက်ရင် ဒါတွေကို ငါ အသားကျနေပါပြီ”

ခရက်

ကျင်းမူကုန်း၏ လက်ထဲရှိ စုတ်တံက ကျိုးသွားခဲ့၏။ ပြီးနောက် သူသည် ခံစားချက်မဲ့စွာဖြင့် နောက်ထပ် စုတ်တံတစ်ချောင်းကို ထုတ်ယူလိုက်၏။ လေးရက်ခန့်ကြာပြီးနောက် ရှမ့်လန်နှင့် ကျင်းမူကုန်းတို့သည် စာအုပ်၏ ပထမပိုင်းကို ကူးရေးခဲ့ပြီးပြီ ဖြစ်၏။ စာလုံးရေပေါင်း တစ်သိန်းနှစ်သောင်းကျော်ပင် ရှိသည်။

ကျန်သည့်ကိစ္စအရပ်ရပ်ကိုတော့ ကျင်းမူကုန်း လုပ်၍ မရနိုင်ချေ။ ရှမ့်လန်လုပ်မှ ဖြစ်ပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် တချို့သောပုံများကို ရေးဆွဲရမည်ဖြစ်သောကြောင့်ပင်။ ရေးဆွဲရမည့်ပုံများမှာသည် တကယ်ပင် အဆင့်အတန်း မြင့်မားလွန်း၏။ ထူးခြားသည့် လက်ရာများနှင့် ယှဉ်ထိုးနှိုင်းယှဉ် ရေးသားရပေမည်။

ရှမ့်လန်သည် အနောက်တိုင်းစတိုင် ပန်းချီဆွဲခြင်းကို အသားကျနေပြီဖြစ်၏။ သို့ကြောင့် မိန်းကလေးများ၏ ခန္ဓာကိုယ်ကောက်ကြောင်းပုံများကို ဆွဲရာတွင် တကယ်ပင် လက်ရာမြောက်လွန်းလှ၏။ ခါးကောက်ကြောင်း၊ တင်ကောက်ကြောင်း အရာအားလုံးကို ရှင်းလင်းစွာဖြင့် ရေးဆွဲနိုင်စွမ်းရှိ၏။

ကျင်းမူကုန်း၏ မျက်လုံးများသည် ချက်ချင်း အရောင်များလင်းလက်လာခဲ့သည်။ “ယောက်ဖ၊ ငါတို့အားလုံးက ယောက်ကျားတွေချည်းပဲလေ။ ဘယ်လိုဖြစ်ပြီးတော့ မင်းက ထူးချွန်နေရတာလဲ”

ရှမ့်လန်သည် အမှတ်မထင် ပြောဆိုလိုက်၏။ “ငါလိုယောက်ကျားအတွက် မိန်းကလေးတွေက ပိုးဖလံမျိုး မီးကိုတိုးသလို ရောက်လာခဲ့တာလေ။ သူတို့ကို ငါ တားဆီးလို့မရဘူး။ ဒါ့ကြောင့် မိန်းကလေးတွေရဲ့ခန္ဓာကိုယ်ကို ငါ သေသေချာချာ သိနေတယ်။ ဒီလို လှပအောင်ရေးဆွဲနိုင်တာပေါ့”

တကယ်တမ်းမှာတော့ ရှမ့်လန်သည် ဇာတ်လမ်းပေါင်းမြောက်များစွာကို ကြည့်ရှုထားသောကြောင့် သိရှိနေခြင်းသာလျှင် ဖြစ်၏။ သက်ရှိမိန်းကလေးတစ်ယောက်၏ ခန္ဓာကိုယ်ကို ထိတွေ့ခြင်းနှင့် ပတ်သက်လျှင်တော့ ရှမ့်လန်နှင့် ကျင်းမူကုန်းတို့သည် တူညီ၏။ အတွေ့အကြုံသည် သုညသာလျှင် ဖြစ်နေ၏။ သို့ပေမည့် သူသည် ဤရှက်စရာကောင်းသည့် အကြောင်းအရာကို ဘယ်တော့မှ ဝန်ခံလိမ့်မည်မဟုတ်ချေ။

“ယောက်ဖ ... ဒီမိန်းကလေးရဲ့မျက်နှာက ဘာလို့ ငါနည်းနည်းရင်းနှီးနေတယ်လို့ ခံစားနေရတာလဲ” ကျင်းမူကုန်း က မေးမြန်းလိုက်၏။

“ရင်းနှီးတယ်ဟုတ်လား”

ရှမ့်လန်က ပြောလိုက်သည်။ “သေချာကြည့်လေ”

ကျင်းမူကုန်းသည် ရုတ်တရက်နားလည်သွား၏။ “ငါသိပြီ။ ဒီ ကိုယ်လုံးတီးနဲ့ မိန်းမရဲ့မျက်နှာက ရှစ်ချင်းချင်းနဲ့ တူနေတာပဲ”

ရှမ့်လန်က ပြောလိုက်သည်။ “တိုက်ဆိုင်တာ။ အင်း.. ဒါတွေအကုန်လုံးက တိုက်ဆိုင်လို့ ဖြစ်တာပါလေ”

ပန်းချီပုံသည် အလွန်လျင်မြန်စွာဖြင့် ပြီးပြည့်စုံသွားခဲ့ပြီ ဖြစ်၏။ ဤသို့နှင့်ပဲ ဝတ္ထုဇာတ်လမ်းသည် ပြီးဆုံးသွားခဲ့၏။ ပုံနှိပ်ထုတ်ဝေရန်သာလျှင် ကျန်ရှိတော့၏။

“အင်း.. ငါတို့ မြန်မြန်လုပ်မှဖြစ်မယ်။ ဘယ်လောက်ကုန်ကုန်ကိစ္စမရှိဘူး။ လဝက်အတွင်း ဒီစာအုပ်တွေကို ပုံနှိပ်ထုတ်ဝေနိုင်ဖို့ အရေးကြီးသွားပြီ” ရှမ့်လန်က ပြောလိုက်သည်။

အဘယ့်ကြောင့်ဆိုသော် ရှစ်ချင်းချင်း၏ စေ့စပ်ပွဲရောက်ရှိရန် နှစ်ဆယ့်ငါးရက်သာလျှင် ကျန်ရှိသောကြောင့်ပင်။ သူ၏မိန်းမဟောင်းအတွက် စေ့စပ်လက်ဆောင်ကို နောက်ကျမှပေးလျှင် မည်သို့အဆင်ပြေမည်နည်း။ ပုံနှိပ် ထုတ်ဝေပြီးနောက် ပတ်ဝန်းကျင်နိုင်ငံနှင့် မြို့သီးသီးတို့တွင် တကယ်ပင် ကျော်ကြားသည့်အရာမျိုး ဖြစ်လာ ပေလိမ့်မည်။ ထိုသို့ဆိုလျှင် ရှစ်ချင်းချင်းသည် အံ့အားသင့်စရာလက်ဆောင်ကို ရရှိခဲ့ပြီမဟုတ်ပါလား။

မည်သည့်အဝတ်အစားကိုမှ မဝတ်ထားသည့် ရှစ်ချင်းချင်း၏ပုံနှင့် မာယာမျဉ်းပြိုင်များ ဆိုသည့် စာအုပ်ကို ဖတ်ရှုပြီးနောက် ယောက်ျားပေါင်းများစွာတို့သည် ရှစ်ချင်းချင်း အဝတ်ဝတ်ထားလျှင်ပင် အဝတ်မဝတ်ထားသလို ကြည့်ရှုကြတော့မည်ဖြစ်ကြောင်း ရှမ့်လန်က ယုံကြည်နေမိ၏။

ကျင်းမူကုန်းက ပြောလိုက်သည်။ “လဝက်အတွင်း ဈေးကွက်ထဲရောက်အောင် ဖြန့်ရမှာလား။ ဒါဆိုရင် လူအင်အား၊ ပစ္စည်းအင်အား၊ အရာအားလုံးကို ရင်းနှီးမြှုပ်နှံဖို့လိုတယ်။ ဒါဆိုရင် ပြဿနာမရှိနိုင်ဘူး”

ပြီးနောက် သူက မေးမြန်းလိုက်လေ၏။ “ဒါနဲ့ ယောက်ဖ၊ ဒီ ကလောင်နာမည်ကို ဘယ်လိုပေးကြမလဲ”

ရှမ့်လန်သည် ခဏလောက် စဉ်းစားပြီးသည့်နောက် ပြောလိုက်သည်။ “အင်း.. ရှမ့်မူကုန်း”

“ဟမ်”

ကျင်းမူကုန်းက ပြောလိုက်၏။ “နာမည်တော့ကောင်းသားပဲ”

ပြီးနောက် ကျင်းမူကုန်းသည် ရှက်ရွံ့စွာပြောလိုက်သည်။ “ယောက်ဖ၊ ငါတို့ မနက်ဖြန် ဒါကို ပုံနှိပ်ဖို့ ကြိုးစားကြရအောင်”

ရှမ့်လန်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ “ဒီတော့ ဘာလိုချင်လို့လဲ”

ကျင်းမူကုန်းက ပြောလိုက်သည်။ “စာအုပ်က အရမ်းကို ကောင်းတယ်။ ဒီတော့ ရက်အနည်းငယ်အတွင်း စာအုပ်တွေ အကုန်လုံးကို ပုံနှိပ်ထုတ်ဝေဖို့အတွက် အလုပ်များနေမှာပဲ။ ဒါကို သေသေချာချာ ဖတ်ဖြစ်မှာ မဟုတ်ဘူး။ ဒီတော့ ဒီည ဒါကို ယူသွားလို့ရမလား”

ရှမ့်လန်သည် ဝတုတ်၏မျက်နှာကို အချိန်တော်ကြာကြည့်ရှုလိုက်၏။ တစ်ဖက်လူသည် ရှက်ရွံ့လျက်ရှိနေသည်ကို မြင်ရ၏။

“ကောင်းပြီ ယူသွား။ ဒါပေမဲ့ မညစ်ပတ်စေနဲ့နော်” ရှမ့်လန်က ပြောလိုက်၏။ ပြီးနောက် သူသည် ပန်းချီပုံများကို ထုတ်ယူပြီး ပေးလိုက်သည်။

ကျင်းမူကုန်းသည် အလောတကြီးပင် ထိုအရာများကို ဆွဲယူလိုက်၏။

“အင်း... ငါမင်းကို ဒီအတိုင်း ပေးလိုက်တာနော်။ မညစ်ပတ်စေနဲ့။ သေချာမှာထားတယ်” ရှမ့်လန်က ထပ်မံ သတိပေးလိုက်သည်။

ဝတုတ်သည် အလျင်အမြန်နှင့် ထွက်ခွာသွားခဲ့၏။

...........

ဤစာအုပ်သည် နာမည်ကျော်ကြား လာလိမ့်မည်လား။ ကျိန်းသေပေါက် အဓိပ္ပာယ် မရှိလှချေ။ ဤစာအုပ်သည် လောကထဲတွင်ရှိနေသည့် ယောက်ျားပေါင်းများစွာတို့၏ စိတ်အာရုံကို ဖမ်းဆုပ်သွားပေလိမ့်မည်။ ပြီးနောက် အားလုံးသောသူတို့၏ စိတ်ထဲတွင် ရှစ်ချင်းချင်း၏ ပုံပန်းသဏ္ဍာန်က ပေါ်လာရပေလိမ့်မည်။ ဤအရာသည် သူ၏ ရည်ရွယ်ချက်ပင်။

ပြောရမည်ဆိုလျှင် ဤစာအုပ်၏ အရေးအသားနှင့် အဓိပ္ပာယ်ဖော်ဆောင်မှုသည် အလွန်တရာ ကောင်းမွန်လွန်း၏။ အဘယ့်ကြောင့်ဆိုသော် သူသည် တရုတ်ပြည်၏ ဂန္ဓဝင်စာအုပ်များထဲမှ အသုံးအနှုန်းများကို မှီငြမ်းကာ ရေးသား ထားသောကြောင့်ပင်။

..........

ညသို့ရောက်သည့်အချိန်မှာတော့ ရှမ့်လန်သည် အလင်းထဲတွင် သူ့ရေးဆွဲထားသည့်ပုံများကို သေသေချာချာ ကြည့်ရှုလိုက်၏။ တကယ်ပင် အစစ်အမှန်ကဲ့သို့ ထင်မှတ်မှားရ၏။ သို့ပေမည့် ဤပုံများနှင့်ပတ်သက်၍ ရှမ့်လန်သည် မဖွယ်မရာ ဘာတစ်ခုမှ ပြုလုပ်လိမ့်မည် မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် သူ၏ နှလုံးသားထဲတွင် နာကျည်းမှုများ ရှိနေသောကြောင့်ပင်။

အပြင်ဘက်၌ ရှစ်ချင်းချင်း၏ ကိုယ်လုံးတီးခန္ဓာကိုယ်ကို မြင်ရသည်ဆိုလျှင်တောင်မှ သူ့အတွက် အဓိပ္ပာယ်မရှိလှချေ။ ကျင်းမူလန်၏ ခါးလေးတစ်ခုကပင် သူ့အတွက် လုံလောက်သည့်အရာ ဖြစ်နေသည် မဟုတ်ပါလား။

ထိုအချိန်မှာပဲ တံခါးအပြင်ဘက်ဆီမှ တံခါးခေါက်သံတစ်ခုက ထွက်ပေါ်လာခဲ့၏။

“ယောက်ဖ၊ ယောက်ဖ၊ ပြေး ပြေး”

ကျင်းမူကုန်းသည် နာကျင်စွာဖြင့် အော်ဟစ်လျက်ရှိနေ၏။ “အဖေ မင်းကို သတ်တော့မယ်”

ရှမ့်လန်က ကြောက်အသွားခဲ့၏။ ယောက္ခထီးသည် သူ့ကို အဘယ်ကြောင့် လာသတ်ရမည်နည်း။ အလောတကြီး ထကာဖြင့် တံခါးကိုဖွင့်လိုက်၏။ ချက်ချင်းပဲ မျက်နှာတစ်ခုလုံး စုတ်ပြတ်သတ်လျက်ရှိနေသည့် ကျင်းမူကုန်းကို မြင်လိုက်ရ၏။ ဆိုးဆိုးရွားရွား ရိုက်နှက်ခံထားရပုံပင်။

“ယောက်ဖ.. ငါ မင်းရဲ့စာအုပ်ကို ဖတ်နေတဲ့အချိန်မှာ အဖေက ရောက်လာတာ သတိမပြုမိလိုက်ဘူး။ ပြီးတော့ အဖေက ငါ့ကို သေမယ့်အထိ ရိုက်နှက်နေခဲ့တာပဲ။ သူ စာအုပ်ကို ယူပြီး နည်းနည်းဖတ်လိုက်တယ်။ ပြီးတော့ ဒေါသတကြီးနဲ့ ထွက်သွားခဲ့တယ်။ မင်းကိုလည်း သေအောင် ရိုက်သတ်မယ်လို့ ပြောတယ်” ကျင်းမူကုန်းက ပြောလိုက်သည်။

ရှမ့်လန်က ပြောလိုက်၏။ “သောက်ဝတုတ်... စာအုပ်ကိုဖတ်တဲ့အချိန်မှာ အဖေတစ်ယောက်လုံး ဝင်လာတာကို မင်း သတိမထားမိဘူးလား”

ကျင်းမူကုန်းသည် ရှက်ရွံ့သွားခဲ့၏။ ရှက်ရွံမှုကို ဖုံးကွယ်ရန်အလို့ငှာ သူသည် မျက်နှာကို ညာဘက်လက်နှင့် အုပ်ကာလိုက်မိသည်။ ပြီးနောက် ချက်ချင်းပဲ သတိရသွားပြီး ဘယ်ဘက်လက်နှင့် ပြောင်းကာလိုက်သည်။ “ငါ သွားတော့မယ် ယောက်ဖ.. မြန်မြန်ပြေးတော့။ အဖေလာရင် မင်းကို ကျိန်းသေပေါက် ရိုက်သတ်လိမ့်မယ်”

သို့ဖြင့် ကျင်းမူကုန်းသည် အလောတကြီးနှင့် ထွက်ခွာသွား၏။

“ကောင်းကင်ဘုံ”

မူကုန်းဖြစ်ခဲ့သည့် အခြေအနေသည် မည်မျှ ဆိုးဝါးခဲ့ကြောင်း စိတ်ကူးနှင့်ပင် မှန်းဆ၍ မရနိုင်တော့ချေ။ သို့ပေမည့် ခဏလောက်ကြာလျှင် ရောက်ရှိလာမည့် ဒေါသထွက်နေသော ယောက္ခထီးကြီးကို သူ မည်သို့ ရင်ဆိုင်ရမည်နည်း။

ရှမ့်လန်သည် ခြေထောက်ကို အသုံးပြုကာ စဉ်းစားမည်ဆိုလျှင်တောင်မှ သူ့၏ယောက္ခထီးသည် မည်မျှ ဒေါသထွက်နေပြီဖြစ်ကြောင်းကို ခန့်မှန်းကြည့်နိုင်၏။ ရှေးရိုးဆွဲလွန်းသော လူကြီးတစ်ယောက်အနေနှင့် ၎င်း၏သားနှင့် သမက်တို့သည် လိင်အသားပေးဝတ္ထုကို ရေးသားထားကြောင်း သိရှိခဲ့ပါက ကျိန်းသေပေါက် သတ်ဖြတ်ပစ်မှာ သေချာ၏။

ရှမ့်လန်သည် မည်သို့မှမနေနိုင်တော့ဘဲ ဦးနှောက်ကို အပူတပြင်းဖြင့် အလုပ်ပေးလျက်ရှိနေ၏။ ဤကြောက်လန့်ဖွယ်ရာ အခြေအနေဆီမှ မည်ကဲ့သို့ ရုန်းထွက်ရမည်ဖြစ်ကြောင်းကို တွေးတောနေခြင်းပင်။

သို့ပေမည့် ရှမ့်လန်သည် တစ်နာရီနီးပါးလောက် စောင့်ခဲ့၏။ နှစ်နာရီ၊ သုံးနာရီ ... ယောက္ခထီးသည် ရောက်မလာခဲ့ချေ။ သို့မဟုတ် တစ်စုံတစ်ခု ဖြစ်သွားခဲ့လေသည်လား။ ရှမ့်လန်သည် သူ့အား လာရောက်ရိုက်နှက်မည့် ယောက္ခထီးကိုစောင့်ရင်း အိပ်ပျော်သွားခဲ့လေသည်။

မိုးလင်းချိန်မှာတော့ ရုတ်တရက် မျက်လုံးကို ဖွင့်လိုက်မိ၏။ ယောက္ခထီးသည် သူ့၏ရှေ့တွင် မတ်မတ်ရပ်လျက် ရှိနေ၏။ ထို့အပြင် လက်ထဲတွင် ဝတ္ထုစာအုပ်ကို ကိုင်ဆောင်ထားခဲ့၏။ စူးရှသည့် မျက်လုံးနှစ်လုံးနှင့်အတူ ရှမ့်လန်ကို စူးစိုက်ကာ ကြည့်ရှုနေ၏။

All Chapters