← Chapters

အပိုင်း (၇၆)

Vol. 6 Ch. 76

အပိုင်း (၇၆)

Vol. 6 Ch. 76

ရှေ့တွင်ရှိနေသည့် သူ၏ယောက္ခထီးသည် အလွန်တရာ မောပန်းနေသည့်ပုံပေါ်၏။ ကြည့်ရသည်မှာ ယောက်ျား အားတိုးဆေးကို ကြော်ငြာပေးနေသည့် အမျိုးသားသရုပ်ဆောင်တစ်ယောက်၏ ပုံပန်းသဏ္ဍန်မျိုးနှင့်ပင် တူညီ၏။ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးတွင် အားအင်ဟူ၍ တချက်ကလေးမှ မရှိတော့သည့်ပုံပင်။

“ရှမ့်လန် ဒီစာအုပ်ကို မင်းရေးထားတာလား” သူ၏ယောက္ခထီးက မေးမြန်းလိုက်၏။

ရှမ့်လန်သည် ခေါင်းညိတ်ကာ ပြောဆိုလိုက်သည်။ “ဟုတ်ပါတယ်၊ ကျုပ်ရေးထားတာပါ”

သူ့အနေနှင့် ကျင်းမူကုန်းကို အပြစ်ဟူသမျှ ခေါင်းပေါ်ပုံချ၍ရ၏။ သို့ပေမည့် သူ့ယောက္ခထီး၏ ဦးနှောက်သည် သုံးစားမရသည့်အရာမျိုး မဟုတ်ချေ။

“မင်းရဲ့လက်ကို ဖြန့်စမ်း” မြို့စားကြီးက ပြောလိုက်၏။

ရှမ့်လန်သည် လက်ကို အသာဆန့်တန်းလိုက်သည်။

ဖြောင်း ဖြောင်း ဖြောင်း

မြို့စားကြီးသည် သူ့အား ပေတံဖြင့် သုံးချက်တိတိ ရိုက်နှက်၏။ အားကို အလယ်အလတ်သာလျှင် ထည့်ထားခဲ့သည်။ သို့သော်လည်း အနည်းငယ်တော့ နာကျင်၏။ ရှမ့်လန်သည် ခပ်တည်တည် မနေရဲချေ။ သို့ကြောင့် ခဏလောက် လက်ကိုခါယမ်းပြီး နာကျင်ဟန်ဆောင်လိုက်၏။

ရှမ့်လန်သည် ဤကဲ့သို့ လိင်အသားပေး စာအုပ်မျိုးကို ရေးသားသည့်အပြင် မြို့စားအိမ်တော်၏ သားတော်ကိုပင် ခေါ်ယူကာ ရေးသားခိုင်းခဲ့၏။ အဓိကအားဖြင့် ကျင်းမူကုန်းပင်။ ဤဝတုတ်သည် စာအုပ်ဖတ်ရင်း စိတ်မထိန်းနိုင်သောကြောင့် မဖွယ်မရာကိစ္စရပ်များကို ပြုလုပ်နေတုန်း မြို့စားကြီးတွေ့သွားခဲ့ခြင်းဖြစ်၏။

ဤတစ်ကြိမ်တွင်တော့ သေလုမတတ် ရိုက်နှက်ခံရတော့မည်ဟု ရှမ့်လန်က ခံစားနေမိ၏။ ထို့ကြောင့် သူသည် ဇက်ကိုပုကာဖြင့် သူအဖေ၏ မိုးကြိုးသံကဲ့သို့ ကြီးမားလှသည့် အော်ဟစ်သံနှင့် ဒေါသတရားများ ရောက်ရှိလာမည်ကို စောင့်နေမိ၏။ သို့ပေမည့် မြို့စားကြီးသည် ရှမ့်လန်ကို အချိန်အတော်ကြာကြည့်ရှုပြီး ပြောလိုက်၏။ “အင်း..စာအုပ်ကို ကောင်းကောင်းရေးထားတာပဲ”

“ဟမ်” ရှမ့်လန်က အံ့အားသင့်သွားမိသည်။

“မဟုတ်ဘူး။ အရမ်း ... အရမ်းကောင်းအောင် ရေးထားတာပဲ” မြို့စားကြီးသည် သေသေချာချာ သုံးသပ်လိုက်၏။

ရုတ်တရက် ရှမ့်လန်သည် ပိုမိုကာ အံ့အားသင့်သွားခဲ့မိ၏။ ပြီးနောက် သူ့သည် ဒေါသထွက်လာမိ၏။

သောက်ကျိုးနည်း ... အရမ်ကောင်းအောင် ရေးထားတယ်ဆိုရင်လည်း ဘာလို့ကျုပ်ကို ရိုက်ရသေးတာလဲ။ အဘိုးကြီး ခင်ဗျားက ကျုပ်မိန်းမရဲ့အဖေသာ မဟုတ်ဘူးဆိုရင် ကျုပ်က ခင်ဗျားလိုအဘိုးကြီးကို ထပြီးရိုက်တယ်။

သို့ပေမည့် သူ၏ယောက္ခထီးက ဆက်လက်ကာ ပြောလိုက်၏။ “မင်းရဲ့ စာပေအနုပညာက တကယ့်ကို မြင့်မား တယ်။ လူသားတွေရဲ့သဘောဝ၊ လူမှုပတ်ဝန်းကျင်ရဲ့သဘောဝကို သေသေချာချာဖော်ညွှန်းထားတယ်။ လိင်အသားပေး ဇာတ်ကွက်တွေကို သေသေချာချာ ရေးသားထားတယ်ဆိုပေမဲ့ ဒါ လူတွေရဲ့သဘာဝပဲ။ လူတွေရဲ့စိတ်ထဲမှာ ရှိနေတဲ့ ခံစားချက်မျိုးက ဒါပဲ”

“ဟမ်.. ဟမ်” ရှမ့်လန်သည် အံ့အားသင့်သွားမိ၏။ ဤအရာသည် ဂန္ဓဝင်စာအုပ်များကို မှီငြမ်းပြီး သူရေးသားခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် ကောင်းမွန်မည်ဆိုသည်မှာ မြေကြီးလက်ခတ်မလွဲချေ။ သို့သော်ငြား မြို့စားကြီးသည် ရှေးရိုးဆန်လွန်းသည့် လူတစ်ယောက်ဖြစ်၏။ ထိုသို့ဆိုလျှင်တောင် သူ၏ စာအုပ်ကို ကောင်းမွန်သည့် မှတ်ချက်များ ပေးလျက်ရှိနေသည်။

အချက်အလက်အားဖြင့် မြို့စားကြီးသည် ပထမတုန်းက အလွန်ဒေါသထွက်ခဲ့၏။ ထို့ကြောင့်ပင်လျှင် ကျင်းမူကုန်းကို ရိုက်နှက်ခဲ့ခြင်း ဖြစ်၏။ သူသည် ရှမ့်လန်ကိုလည်း ရိုက်နှက်ချင်မိ၏။

သို့ပေမည့် ရှမ့်လန်ကို သူ မရိုက်နှက်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူ၏သမက်တော်သည် သူတို့၏ အိမ်ဆီသို့ ဝင်ရောက်လာခဲ့သည်မှာ မကြာသေးသောကြောင့်ပင်။ ရှမ့်လန်သည် မြို့စားအိမ်တော်အတွက် ကောင်းမွန်သည့် ကိစ္စရပ်များကိုလည်း ပြုလုပ်ပေးခဲ့၏။ ထို့ကြောင့် မြို့စားအိမ်တော်အတွက် အရေးကြီးသော လူများထဲမှ တစ်ယောက်ဖြစ်၏။ ထို့ကြောင့် သူလုပ်ချင်တိုင်း လုပ်၍ မရနိုင်ချေ။

မြို့စားကြီးသည် အခြေအနေ အရပ်ရပ်ကို ကောင်းကောင်းနားလည်ပြီးသား ဖြစ်၏။ သူ၏သား အပြစ်ပြုလုပ်သည်ဆိုပါက ကျိန်းသေပေါက် ရိုက်နှက်ရပေလိမ့်မည်။ သို့ပေမည့် ရှမ့်လန်နှင့်ပတ်သက်လျှင်တော့ ခဏလောက်ဆိုင်းထားရပေမည်။ ပြီးနောက် သူသည် အလုံးစုံ သိချင်နေသည့် စိတ်ဆန္ဒများ ပေါများ လာခဲ့သောကြောင့် ရှမ့်လန်၏ မာယာမျဉ်းပြိုင်များ စာအုပ်ကို ဖတ်ရှုလိုက်မိ၏။

စာလုံးရေ တစ်ထောင်ကျော်ခန့်ကို ဖတ်ရှုပြီးနောက် သူသည် လုံးဝရပ်တန့်၍ မရနိုင်တော့ချေ။ တကယ်ပင် အရေးအသားသည် ကြောက်ခမန်းလိလိ ကောင်းမွန်လွန်းနေ၏။ စာအပိုဒ်ခွဲ တစ်ခုချင်းစီတိုင်းတွင် လူသားများ၏ အလိုဆန္ဒ၊ လိင်ဆန္ဒများကို သေသေချာချာ ရေးသားထားခဲ့၏။ စုတ်ချက်တစ်ခုချင်းစီတိုင်းသည် အားလုံးသော သူတို့၏ နှလုံးသားထဲသို့ ဝင်ရောက်သွားစေနိုင်သည့် စကားလုံးအသုံးအနှုန်းများ ဖြစ်လာခဲ့သည်။

ထိုစာအုပ်ကို ဖတ်ရှုမိပါက ကျိန်းသေပေါက် စားပွဲကိုပင် လက်နှင့်ထုရိုက်ကာ အံ့ချီးနပမ်းဖြင့် ချီးကျူးနေမိမှာ သေချာ၏။ မြို့စားကြီးသည် ရှေးရိုးစွဲလ လူတစ်ယောက်ဖြစ်သည်မှာ အမှန်ပင်။ ထို့အပြင် သူသည် ထိပ်တန်း ပါရမီရှင်အဖြစ် မွေးဖွားလာခဲ့သူတစ်ယောက်မဟုတ်ချေ။ ငယ်ရွယ်စဉ်တည်းက စာအုပ်ပေါင်းများစွာကို ဖတ်ရှုခဲ့ရ၏။ ထို့ကြောင့် စာပေဗဟုသုတဘက်တွင် အနည်းငယ်တော့ ပြည့်စုံလုံလောက်၏။

တစ်ချက်ကြည့်ရှုလိုက်သည်နှင့် ရှမ့်လန်၏ စာအုပ်ထဲတွင်ရှိနေသည့် အနုပညာကို ကောင်းကောင်းမြင်ရ၏။ ပြီးနောက် သူသည် တထိုင်တည်းဆိုသလို စာလုံးရေ တစ်သိန်းနှစ်သောင်းကျော်ကို ဖတ်ရှုခဲ့ရ၏။ ထိုအရာများကို ဖတ်ပြီးနောက် စာအုပ်ကိုချရန်ပင် နှမြောတသ ဖြစ်မိနေ၏။ မည်သို့မှ မနေနိုင်ဘဲ သူမိန်းမကိုပင် ပေးဖတ်လိုက်မိ၏။ သူ ထိုအရာကိုမှ ပေးမဖတ်ဘူးဆိုပါက ပြဿနာ ကြီးကြီးမားမား တတ်နိုင်၏။ ထို့ကြောင့်ပင် ပေးဖတ်လိုက်ခြင်းဖြစ်သည်။

မြို့စားကြီးသည် အသက်ငါးဆယ်နီးပါးခန့်ရှိသော ယောက်ျားတစ်ယောက်ဖြစ်၏။ သူမိန်းမကို ပေးဖတ်ပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ရှိနေသည့် အားအင်များသည် ယုတ်လျော့သွားခဲ့ရ၏။ သူသည် တော်တော် ကြိုးစားပေးခဲ့ရ၏။ နာရီအနည်းငယ်လောက် ခဏအနားယူပြီးမှသာလျှင် ရှမ့်လန်ကို လာရောက် ရှာဖွေနိုင်ခဲ့သည်။

....

“အင်း.. မူလအားဖြင့် ဒီစာအုပ်ကို ငါ အပိုင်းပိုင်း ဖျက်ဆီးပစ်မလို့ပဲ”

မြို့စားကြီးက ပြောလိုက်၏။ “ဒါပေမဲ့ ကံကောင်းတာက မလုပ်မိဘူး။ မဟုတ်ရင် ငါ အပြစ်ကြီး ပြုလုပ်မိတဲ့ လူတစ်ယောက် ဖြစ်သွားတော့မယ်”

သူ၏ယောက္ခထီးသည် ဝတ္ထုဇာတ်ကြောင်းကို သေသေချာချာ ဖတ်ရှုခဲ့ပြီးပြီဖြစ်၏။ ထိုထဲတွင် ပါဝင်သည့် ကဗျာများ နှင့်လည်း အသားကျလို့နေ၏။ တကယ့်ကို ကောင်းမွန်လှသည့် ကဗျာစာသားများပင်။

“ငါက ရှေးရိုးစွဲလူကြီးတစ်ယောက် ဖြစ်တယ်ဆိုပေမဲ့ အနုပညာနှင့် စာပေပညာကိုတော့ လေးစားတယ်။ ငါ့စိတ်က အမြင်ကျယ်တယ်”

မြို့စားကြီးက ပြောလိုက်သည်။ “ဒီလို လိင်အသားပေးဇာတ်လမ်းတွေထဲမှာလည်း အနုပညာတရားတွေ ရှိနေပါလားဆိုတာ သိသွားပြီ။ ဒီတော့ လူပေါင်းများစွာတို့လည်း ဒီအရာကို သိမှဖြစ်လိမ့်မယ်”

“တကယ်လား” ရှမ့်လန်က တုန်လှုပ်သွားမိ၏။ လောကကြီးတွင်ရှိနေသည့် ကျောင်းတော်သားများသည် ဤသို့ အမြင်ကျယ်ပါ့မည်လား။ သူ့ယောက္ခထီး၏ စကားလုံးများကို နားထောင်ရမည်ဆိုလျှင် လိင်အသားပေး ဝတ္တုများကို ရေးသားခြင်းကပင်လျှင် ကြီးကျယ်မြင့်မားလွန်းသည့် အနုပညာကို ဖန်တီးနိုင်ခဲ့သလိုပင်။ ဟုတ်ပေသည်။ ဤအရာမှာ အရေးကြီးသည့် အကြောင်းအရာတော့ မဟုတ်ချေ။ ဘာပဲပြောပြော သူ၏ ရည်ရွယ်ချက်ကို ရောက်လျှင် ကျေနပ်ပြီ ဖြစ်၏။

“ဒါဆိုရင် အဖေ.. ဒီစာအုပ်ကို ပုံနှိပ်ထုတ်ဝေဖို့အတွက် မငြင်းဘူး မဟုတ်လား”

“အင်း.. ငါ မငြင်းဘူး”

မြို့စားကြီးက ပြောလိုက်သည်။ “ဒါပေမဲ့ ဒီလို အနုပညာမြောက်တဲ့ လက်ရာမျိုးကို ဘာလို့ ရှုပ်ရှုပ်ထွေးထွေးတွေ လုပ်ပြီးတော့ ပုံနှိပ်ချင်ရတာလဲ”

ရှမ့်လန်သည် အားပြတ်သလို ပြောလိုက်၏။ “အင်း.. ဒီလိုစာအုပ်မျိုးက လိင်အသားပေး စာပေအနုပညာ စာရင်းဝင်ဖို့ လိုအပ်သေးတယ်”

“လိင်အသားပေးစာတွေလား”

မြို့စားကြီးသည် အသုံးအနှုန်းအသစ်ကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ပင်။ ၎င်းသည် ဆက်လက်ကာ ပြောလိုက်သည်။ “ဒီလိုစာအုပ်မျိုးကို ပုံနှိပ်ထုတ်ဝေဖို့ ငါ မငြင်းပါဘူး။ ဒါပေမဲ့ ရှစ်ကွမ်းယွမ်နဲ့ ရှစ်ချင်းချင်းတို့ ပါဝင်တဲ့ အကြောင်းအရာတွေကို ဖျက်ဖို့ လိုလိမ့်မယ်”

“အဖေ... ဒါကို နားလည်တယ် ဟုတ်လား”

“........” မြို့စားကြီးသည် ဆွံ့အသွားမိ၏။ အရူးပင်လျှင် ထိုစာအုပ်ကို ဖတ်ရှုသည်နှင့် ထိုလူများကို ရည်ညွှန်းကာ ရေးသားထားသည် ဖြစ်ကြောင်း သိရှိနိုင်၏။

မြို့စားကြီးက ထပ်မံကာ ပြောလိုက်သည်။ “အင်း.. တကယ့်ကို ကောင်းမွန်တဲ့ ပါရမီလက်ရာမျိုးဆိုတာက သန့်စင်နေဖို့လိုအပ်တယ်။ ရှုပ်ရှုပ်ထွေးထွေးတွေ မပါရင် အကောင်းဆုံးပဲ။ ဒီတော့ ဘာမဟုတ်တဲ့ လက်စားချေမှုတွေကို ခဏဖယ်ပြီး ဒါတွေကို ဖျက်လိုက်ရအောင်”

“အဲလိုမဖြစ်ဘူး”

ရှမ့်လန်က ပြောလိုက်၏။ “အဖေ... ဒီစာအုပ်ကို ရေးတဲ့ရည်ရွယ်ချက်က ရှစ်ကွမ်းယွမ်နှင့် ရှစ်ချင်းချင်းတို့ကို လက်စားချေချင်လို့ပဲ။ ဒါ့ကြောင့် သူတို့ပါတဲ့အကြောင်းအရာတွေကို ဖျက်ပစ်လို့မရဘူး”

“........” ယောက္ခထီးသည် ဆွံ့အသွားခဲ့၏။ အဘယ့်ကြောင့် ဤမျှရှက်ရွံ့စရာကောင်းသည့် အရှက်မဲ့စကားများကို ခပ်တည်တည် မျက်နှာပေးနှင့် ပြောဆိုနေရသနည်း။ ဤကဲ့သို့သော လူတစ်ယောက်ကို ကောင်းကင်ကြီးသည် ကြီးမားလွန်းသည့် ပါရမီများကို ပေးအပ်ထားလေ၏။ မမျှတလိုက်လေခြင်း။

ယောက္ခထီးက ပြောဆိုလိုက်သည်။ “အင်း.. ကြီးမားတဲ့ဂုဏ်သိက္ခာတရားက ရှစ်မိသားစုကို လက်စားချေမယ့် မင်းရဲ့အကြံအစည်လောက်တောင်မှ တန်ဖိုးမရှိဘူးပေါ့”

ရှမ့်လန်က ပြောလိုက်၏။ “ဟုတ်တယ်။ တကယ်လို့ကျုပ်သာ လက်စားမချေနိုင်ဘူးဆိုရင် ဆားစိမ်ခံထားရတဲ့ ငါးသေတစ်ကောင်နဲ့ ဘာထူးမှာလဲ”

မြို့စားကြီး၏ လက်များသည့် ယားလာခဲ့၏။ ချက်ချင်းပဲ သူသည် တစ်စုံတစ်ယောက်ကို ရိုက်နှက်ချင်စိတ် ပေါက်လာခဲ့၏။ ထို့ကြောင့် နောက်ကို ခြေတစ်လှမ်းဆုတ်ပြီးသည့်နောက် ရှမ့်လန်နှင့် ခပ်ဝေးဝေးဆီသို့ ရှောင်လိုက်၏။ မဟုတ်ပါက ရှေ့ဆီသို့ လှမ်းတက်ပြီး ရိုက်နှက်မိမှာ စိုးသောကြောင့်ပင်။

ပြီးနောက် မြို့စားကြီးက ပြောလိုက်သည်။ “ရှမ့်လန်.. မင်း ရှစ်ချင်းချင်းနှင့် ရှစ်ကွမ်းယွမ်တို့ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးချင်တယ်ဆိုရင် ဒီလိုတိုက်ရိုက်ကြီးလုပ်ဖို့ မလိုပါဘူး။ တစ်စုံတစ်ခုနှင့် အစားထိုးပြီး လုပ်လို့ရတယ်။ မင်းနားလည်တယ်မလား။ အခု မင်းရေးထားတဲ့နာမည်တွေကို ကြည့်ရှုလိုက်တာနဲ့တပြိုင်နက် ရှစ်ကွမ်းယွမ်နဲ့ ရှစ်ချင်းချင်းမှန်း တစ်ခါတည်းကြိုသိနေပြီ”

“ကောင်းပြီ။ ဒီကိစ္စနဲ့ပတ်သက်ပြီး နည်းနည်းတော့ နာမည်လွှဲလိုက်မယ်။ ဒါပေမဲ့ ဒီစာအုပ်ကို ဖတ်တဲ့ လူတိုင်းက ရှစ်ချင်းချင်းနှင့် ရှစ်ကွမ်းယွမ်တို့အကြောင်းကို တွေးကိုတွေးရမယ်”

စာအုပ်ကို ဖတ်ရှုလိုက်သည်နှင့် အဝတ်မပါသော ရှစ်ချင်းချင်း၏ မျက်နှာကို မြင်ယောင်လာမည်ဆိုပါက အကောင်းဆုံးပင်။

မြို့စားကြီးက ပြောလိုက်၏။ “ပြီးတော့ တစ်ခုရှိသေးတယ်။ ဒီစာအုပ်ကို မင်းတစ်ယောက်တည်း ရေးတာပဲ။ ဘယ်လိုဖြစ်ပြီး ကျင်းမူကုန်းကို ဆွဲထည့်ရတာလဲ”

မြို့စားကြီးသည် သူ့၏သားကို နာမည်အပြည့်အစုံ သာလျှင် ခေါ်တတ်၏။ အဘယ်ကြောင့်ဆိုသော် ဤဝတုတ်သည် သူ့ကို စိတ်ချမ်းမြေ့စရာတစ်ခုမှ မပေးသောကြောင့်ပင်။

ရှမ့်လန်က ပြောလိုက်သည်။ “အဖေ... အမှန်ပြောတာကို ကြားချင်တာလား။ လိမ်ညာပြီးပြောတာကို ကြားချင်လား”

ထိုကဲ့သို့စကားကို ပြောဆိုလိုက်သည်နှင့်တပြိုင်နက် မြို့စားကြီးသည် မျက်ခုံးကိုပင့်သွားမိ၏။ “ရှမ့်လန်.. မင်း ဒီလောက်တောင် မောက်မာလာပြီလား။ ငါ့ကို ဒီလိုမျိုး မေးရဲတယ်ပေါ့”

ရှမ့်လန်က အလျှင်အမြန်နှင့် ပြောဆိုလိုက်၏။ “လိမ်ညာပြီး ပြောရမယ်ဆိုရင်တော့ ဒီစာအုပ်ကို ရေးသားထားတာ ရှစ်ချင်းချင်းနဲ့ပတ်သက်ပြီး လက်စားချေဖို့ပဲ။ ဒါပေမဲ့ ကြည့်ရတာ ကျုပ်က အမြင်ကျဉ်းတဲ့ လူတစ်ယောက်လို့ ထင်နေလိမ့်မယ်”

ယောက္ခထီးသည် ဆွံ့အသွားမိခဲ့၏။ လောကကြီးထဲတွင် ရှမ့်လန်ထက်ပိုက အမြင်ကျဉ်းမြောင်းသည့် လူဟူ၍ ရှိနေသေးသည်လား။ အင်း.. တစ်ယောက်တော့ရှိသေး၏။ ရှိသေးသည်ဆိုလျှင်လည်း ရှမ့်လန် သတ်ဖြတ် ပေလိမ့်မည်။

မြို့စားကြီးက ပြောလိုက်သည်။ “အစစ်အမှန်တရားက ဘာလဲ”

ရှမ့်လန်က ပြောလိုက်၏။ “အင်း.. နောက်ထပ်အရေးကြီးတဲ့ အလုပ်တစ်ခုကိုလုပ်ဖို့အတွက် လမ်းသစ်ဖောက် တာ”

မြို့စားကြီးက မေးလိုက်သည်။ “ဘယ်လိုလမ်းသစ်မျိုးလဲ”

ရှမ့်လန်က ပြောလိုက်၏။ “ကျင်းချန်ကျွန်းအတွက် တိုက်ပွဲပေါ့”။

မြို့စားကြီးသည် ဆွံ့အသွားမိ၏။ ပြီးနောက် ရှမ့်လန်ကို မယုံကြည်နိုင်သလို ကြည့်လိုက်မိ၏။ မိနစ်ဝက်လောက် တွေးတောပြီးသည့်နောက် သူသည် ရှမ့်လန်၏ ဆိုလိုရင်းကို နားလည်သွားခဲ့၏။ ကျင်းမူကုန်းကို ကူညီခြင်းနှင့် ကျင်းချန်းကျွန်းအတွက် တိုက်ပွဲ၏ ကြားထဲတွင် ချိတ်ဆက်မှု ရှိနေကြောင်း သူ နားလည်သွားမိသည်။

ဤအချိန်မှာတော့ သူသည် ရှေ့တွင်ရှိနေသည့် သမက်တော်ကို ကြည့်ရှုရင်း ခံစားချက်တချို့ကို ရရှိလိုက်၏။ ၎င်း၏ ဉာဏ်ပညာသည် မကောင်းဆိုးဝါးတစ်ကောင်နှင့်ပင် တူညီလျက်ရှိ၏။ တကယ်ပင် ခြေတစ်လှမ်း လှမ်းရန် ပြင်ဆင်နေသည့်အချိန်တွင် ခြေသုံးလှမ်းစာ၊ လေးလှမ်းစာကို ကြိုတင်ကာ တွက်ချက်ခဲ့ပြီးသား ဖြစ်၏။

ကျင်းချန်းကျွန်းအတွက် တိုက်ပွဲသည် စပင်မစသေးချေ။ သို့ပေမည့် ထိုအတွက် အစီအစဉ် များကို စတင်ကာ စီစဉ်လျက် ရှိနေ၏။ နတ်ဘုရားသည် သူ၏သမက်တော်ကို သူ့ဆီသို့ ပေးပို့လိုက်ခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။ သူ့၏အိမ်ဆီသို့ ရောက်ရှိလာခဲ့ခြင်းသည် နတ်ဘုရားများ၏ အလိုဆန္ဒသာလျှင် ဖြစ်ပေလိမ့်မည်။

မြို့စားကြီး၏ စိတ်နှလုံးသားတစ်ခုလုံးသည် အေးချမ်းသွားခဲ့၏။ သို့ပေမည့် သူသည် ခံစားချက်များကို အလွန်အမင်း ထုတ်ဖော်ကာ မပြသခဲ့ချေ။ သို့သော်လည်း ရှမ့်လန်ကိုတော့ စိတ်ထဲတွင် လေးစားသွားခဲ့၏။ သို့ပေမည့် မျက်နှာပြင်ထက်တွင်တော့ တင်းမာခက်ထန်သည့် မျက်နှာမျိုးနှင့်သာ ကြည့်ရှုလျက်ရှိနေ၏။

သူ့၏သမက်တော်သည် တကယ့်ကို ကောင်းမွန်သည့်လူတစ်ယောက်ဖြစ်ကြောင်း သူက သိရှိပြီးဖြစ်၏။ သူသည်သာ ကျေးဇူးတင်စကား ပြောဆိုလိုက်သည်ဆိုပါက ကမ်းတက်သွားမှာ သေချာ၏။ သူ့ကို ပုခုံးဖက်ကာ အစ်ကိုကြီးဟုပင် ခေါ်နေမလား မသိနိုင်ချေ။

ရှမ့်လန်က မေးမြန်းလိုက်သည်။ “အဖေ... ဒီစာအုပ်က ကျော်ကြားလာမယ်လို့ထင်လား”

“ကျော်ကြားလာမယ်ဟုတ်လား။ ကျော်ကြားတာထက်တောင် ပိုအုံးမယ်”

မြို့စားကြီးက ပြောလိုက်၏။ “စာပေလောက တစ်ခုလုံးကိုတောင် တုန်လှုပ်သွားစေလိမ့်မယ်”

ဤကဲ့သို့ အဆင့်အတန်းမြင့်မားသည့် စာပေရေးသားနည်းနှင့် ရေးသားထားသည့်စာအုပ်မှ မကျော်ကြားဘူး ဆိုပါက စာပေလောကကြီးတစ်ခုလုံးသည် ပျက်စီးနေခြင်းသာဖြစ်ပေလိမ့်မည်။

ရှမ့်လန်သည် နှလုံးသားထဲတွင် ပျော်ရွှင်သွားခဲ့မိ၏။ ဤနည်းလမ်းနှင့် ရှစ်ကွမ်းယွမ်နှင့် ရှစ်ချင်းချင်းတို့ သားအဖ နှစ်ယောက်လုံးသည် ကျိန်းသေပေါက် ဂုဏ်သိက္ခာတရားများ ပျက်စီးရပေလိမ့်မည်။

“ဟား ဟား ဟား ဟား ခစ် ခစ် ခစ် ခစ်”

မြို့စားကြီးသည် တစ်ယောက်တည်း သဘောတကျဖြင့် ရယ်မောပြီး တခစ်ခစ် လုပ်လျက်ရှိနေသည့် သူ၏ သားမက်တော်ကို ကြည့်ရှိပြီး ရိုက်နှက်ချင်စိတ်များပင် ပေါက်လာခဲ့မိ၏။

“အင်း... ဒီလိုကောင်မျိုးကို နတ်ဘုရားတွေက ဘယ်လိုဖြစ်ပြီး ထူးခြားတဲ့ ပါရမီတွေ ပေးထားရတာလဲ”

သူသည် သက်ပြင်းကိုချကာဖြင့် အသာလှည့်ထွက်သွားခဲ့၏။ အရှက်မဲ့လွန်းသည့် သူ၏ သမက်တော်မှာတော့ အားရပါးရ ရယ်မောလျက်ရှိနေသေးသည်။

“ဟား ဟား ဟား .. ခစ် ... ခစ် ... ခစ်”

...........

မနက်ခင်းမှာတော့ ရှမ့်လန်နှင့် ကျင်းမူကုန်းတို့သည် မြို့စားအိမ်တော်မှ စောစောစီးစီး ထွက်ခွာသွားခဲ့ပြီဖြစ်၏။

All Chapters