အပိုင်း (၇၈)
Vol. 6 Ch. 78
“အမှန်ပဲ။ ကျုပ်က မိန်းမထဘီနားကပ်ပြီး ခိုစားချင်တဲ့လူတစ်ယောက်အပြင် တခြားဘာမှမဟုတ်ဘူး” ရှမ့်လန်သည် ပြုံးကာ ပြန်ပြောလိုက်၏။
ထိုစကားကို ကြားသည့်အချိန်မှာတော့ ကျူးဝမ်ဟွာသည် အလုံးစုံ ဆွံအသွားခဲ့သည်။ ချီးတဲ့မှ… မင်း ရှမ့်လန် ဒီထက်ပိုပြီး အရှက်နည်းနည်းလောက်ရှိရင် မကောင်းဘူးလား။
ထိုအချိန်မှာတော့ စာအုပ်ဆိုင်ထဲတွင် တခြားသော မိန်းကလေး သုံးယောက်တို့ တည်ရှိနေကြ၏။ ၎င်းတို့သည် ချမ်းသာသည့် မိသားစုများမှ သမီးများဖြစ်ပုံပေါ်၏။ ရှမ့်လန်၏ ကြည့်ကောင်းလွန်းသည့် မျက်နှာကြောင့် သူတို့ စိတ်ဝင်တစားဖြစ်မိခဲ့သည်။ သို့ပေမည့် ရှမ့်လန်၏ ပါးစပ်ထဲမှ ထွက်ပေါ်လာခဲ့သည့် စကားလုံးများကို ကြားရချိန်မှာတော့ မည်သို့မှမနေနိုင်ဘဲ တံတွေးများပင် ထွေးချင်စိတ် ပေါက်လာခဲ့ကြ၏။
ကျူးဝမ်ဟွာက ပြောလိုက်သည်။ “အခု ကျုပ်ရဲ့လန်ရှန်မြို့ကို ခင်ဗျားတို့နှစ်ယောက် ဘာလာလုပ်ကြတာလဲ။ ် ရွှမ်ဝူမြို့ထဲမှာ ဘာလို့မနေရတာလဲ”
ရှမ့်လန် မဖြေရသေးခင်မှာပဲ ကျင်းမူကုန်းသည် ဂုဏ်ယူစွာ ပြောလိုက်၏။ “အင်း စာအုပ်တစ်အုပ်ကို ပုံနှိပ် ထုတ်ဝေဖို့ပေါ့”
“စာအုပ်ကို ပုံနှိပ်ထုတ်ဝေမယ် ဟုတ်လား”
ကျူးဝမ်ဟွာက အသာပင် ပြောလိုက်သည်။ “ဘယ်အချိန်တုန်းက စာရေးသားခြင်း အတတ်ပညာက ဒီလောက် အောက်တန်းကျသွားရတာလဲ”
ဆိုလိုရင်းသည် အမှန်ပင် ရှင်းလင်းလွန်းလှ၏။ သာမန်ညောင်ည ဘာမှ မတတ်မြောက်သည့် လူတစ်ယောက် သည် စာအုပ်တစ်အုပ်ကို ပုံနှိပ်ထုတ်ဝေနိုင်မည်လား။ ကျင်းမူကုန်းသည် မိုင်ရာနှင့်ချီရှိသည့် အကွာအဝေး အတွင်းတွင် ဘာတစ်ခုမှ သုံးစားမရသည့် လူတစ်ယောက်အဖြစ် ကျော်ကြားသည်မှာ သံသယရှိစရာ မလိုချေ။ ရှမ့်လန်သည် ရွှမ်ဝူမြို့ထဲတွင် အနည်းငယ် နာမည်ကြီးသော်လည်း လန်ရှန်မြို့ထဲတွင် ရှိနေသည့် လူပေါင်းများစွာ တို့၏ မှတ်ဉာဏ်ထဲ၌မူ ၎င်းသည် အလိုလာဘကြီးပြီး ဘာတစ်ခုမှအသုံးမဝင်သည့် လူတစ်ယောက်အဖြစ်သာ သိရှိနေသေး၏။
ကျူးဝမ်ဟွာသည် ပြုံးကာ ပြောလိုက်သည်။ “ကျုပ်မှတ်ထားတာ အမှန်ပဲဆိုရင် ညီအစ်ကို ရှမ့်လန်က ရွာကျောင်းမှာ ဆယ်နှစ်နီးပါး စာသင်ကြားခဲ့တယ်ဆိုပေမဲ့ အခြေခံအတန်းပညာကိုတောင် မအောင်မြင်ခဲ့ဘူးဆို”
ထိုစကားကိုကြားရသည့် အားလုံးတို့သည် မည်သို့မှမနေနိုင်ဘဲ ရယ်ချင်စိတ်များပင် ပေါက်သွားခဲ့ကြ၏။ ဤမောက်မာလွန်းသည့် လူနှစ်ယောက်တို့သည် အဘယ်သို့သော စာအုပ်မျိုးကို ရေးသားနိုင်မည်နည်း။ ကျိန်းသေပေါက် စာလုံးများကိုပင် မှတ်သားနိုင်သည့် လူမျိုးမဟုတ်ချေ။
ရှမ့်လန်သည် ထိုသူ့ကို လျစ်လျူရှုလိုက်၏။ ပြီးနောက် ကျောက်စိမ်းနန်းဆောင် စာအုပ်ဆိုင်ရှင်ဆီသို့ စာမူကြမ်းကို အသာ ကမ်းပေးလိုက်၏။ ဤလူသည် ဆိုင်ရှင်သူဌေးတစ်ယောက်တင်သာ မကချေ။ စာအုပ်ပေါင်း များစွာကို ဖတ်ရှုခဲ့ဖူးသည့် လူတစ်ယောက်လည်း ဖြစ်၏။ ရှမ့်လန်နှင့် ကျင်းမူကုန်း၏ ဂုဏ်သိက္ခာအတွက်တော့ သူသည် အနည်းနှင့်အများဆိုသလို ကြားဖူးခဲ့၏။ ဤမောက်မာသည့် လူနှစ်ယောက်သည် ကောင်းမွန်သည့်စာပေကို မည်သို့ရေးသားနိုင်မည်နည်း။
သို့ပေမည့် ကျင်းမူကုန်းသည် ရွှမ်ဝူမြို့စားကြီး၏ ဆက်ခံသူဖြစ်၏။ ကျောက်စိမ်းနန်းတော်၏ ပိုင်ရှင် တစ်ယောက် အနေနှင့် ၎င်းကို အပြစ်ပြုမိချင်စိတ် မရှိချေ။
ထို့ကြောင့် လေးလေးစားစား ဆိုသလိုပဲ စာမူကြမ်းကို လက်ခံလိုက်၏။ သူ၏ မျက်နှာသွင်ပြင်သည် လေးနက် နေသည့် ဟန်ပန်မူရာမျိုး ရှိသည်ဆိုသော်လည်း စာအုပ်များကို လှန်ကာ ဖတ်ရှုနေသည့်အချိန်မှာတော့ စိတ်ပါဝင်စားမှုကင်းမဲ့လို့ နေ၏။
စိတ်ထဲတွင်လည်း ပြောဆိုရမည့် စကားလုံးများကို ကြိုတင်ကာ စဉ်းစားနေသေးသည်။
[အင်း… မြို့စားသားရဲ့ အရည်အသားက တကယ့်ကို ကောင်းတယ်။ ဂုဏ်သိက္ခာကြီးမားတဲ့ မိသားစု တစ်ခုရဲ့ မျိုးဆက်အဖြစ် ထိုက်တန်ပါပေတယ်။ ဒါပေမဲ့ အားနာပါတယ်ဗျာ။ အနာဂတ် ကျုပ်ဆီမှာ စာအုပ်သစ်တွေ ထုတ်ဝေဖို့အတွက် အစီအစဉ် မရှိသေးပါဘူး။ ဒီတော့ ခင်ဗျားတို့ တခြားစာအုပ်ဆိုင်ကို သွားပြီးတော့ မေးမြန်းနိုင်ပါတယ်။ ဥပမာအားဖြင့် မွှေးပျံ့မင် စာအုပ်ဆိုင်မျိုးပေါ့]
သို့ပေမည့် စာပိုဒ်အနည်းငယ်ကို ဖတ်ရှုပြီးနောက် ဆိုင်ရှင်၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် ချက်ချင်းပင် ပြောင်းလဲသွားခဲ့၏။ ရွှမ်ဝူမြို့စားကြီးနှင့် နှိုင်းယှဉ်၍ရနိုင်သည့် အခြေအနေတစ်ခုဆီသို့ သူ့၏ သဘောကျမှုက တိုးတက်သွားခဲ့၏။ ထို့အတူ သူသည် အံ့အားသင့်လို့လည်း နေ၏။
စာအုပ်ထဲတွင်ရှိနေသည့် စာပိုဒ် တစ်ခုချင်းစီတိုင်းသည် စာရေးသူ၏ လေးနက်သည့် လူသားသဘာဝ အကြောင်းကို ရေးသားထား၏။ ထိုတွင်သာ မကသေးချေ။ အထဲတွင် ပါဝင်သည့် ကဗျာနှင့် စာသား များသည် တကယ့်ကို ကြီးကျယ်ခမ်းနားလွန်း၏။ အလွန်အတွေ့အကြုံမြင့်မားသည့် စာရေးသူ တစ်ယောက်က ရေးသားထားသည့် အရာမျိုးကဲ့သို့ပင်။
ဆက်လက်ကာ ဖတ်ရှုနေမိ၏။ စာအုပ်ဆိုင်၏ ဆိုင်ရှင်သည် ပိုမို၍ပင် အံ့အားသင့် တုန်လှုပ်လာခဲ့တော့သည်။ အချက်အလက်များကို အသေးစိတ် ဖော်ညွှန်းထားခဲ့ပြီး ထိုအရာအားလုံးကလည်း အံ့အားသင့်စရာတွေ ချည်းပင်။ အဆင့်အတန်းသည် အလွန်မြင့်မား၏။ စာအုပ်ဆိုင်ပိုင်ရှင်၏ မျက်လုံးထဲတွင်တော့ ဤစာအုပ်သည် ပြစ်ချက်ဟူ၍ တစ်ချက်ကလေးမှ မရှိချေ။
ပထမဦးဆုံး ပြောရမည်ဆိုလျှင် တကယ့်ကို ဖတ်ရှု၍ ကောင်း၏။ ထို့အပြင် စာပေအဆင့်အတန်းသည် မြင့်မားလွန်းပြီး စာလုံးတစ်ခုချင်းစီတိုင်းတွင် နက်နဲသည့် အဓိပ္ပာယ်များ ပါဝင်လျက် ရှိနေ၏။ သာမန်လူသား တစ်ယောက် အတွက် ထိုကဲ့သို့သော အချစ်ဝတ္ထုမျိုးကို ရေးသားနိုင်လိမ့်မည် မဟုတ်ချေ။
ဒုတိယအားဖြင့် ကျောက်စိမ်းနန်းတော်၏ အဓိကဖောက်သည်များသည် မိန်းကလေးများသာလျှင် ဖြစ်၏။ ၎င်းတို့သည် အချစ်ဝတ္ထုများကို စွဲလမ်းနှစ်ခြိုက်ကြ၏။ ချမ်းသာသည့် မိသားစု၊ အားကောင်းသည့် မိသားစုကြားတွင် ရှိနေသည့် ကလေးငယ်များ၏ ချစ်ခင်ခြင်း၊ မုန်းတီးခြင်း၊ ထိုဇာတ်ကွက်များ ပါဝင်သော စာအုပ်များကို နှစ်သက်ကြ၏။ သို့ပေမည့် ထိုသို့ဆိုလျှင်တောင်မှ သူသည် ဤစာအုပ်ကို ကောင်းကောင်း ထုတ်ဝေ ဖြန့်ချီချင်သေး၏။ ပိုက်ဆံများများ ရှာဖွေ၍မရလျှင်တောင်မှ သူ၏ဂုဏ်သိက္ခာသည် မြင့်မားသွားမှာ သေချာ၏။
ထိုအချိန်မှာပဲ ကျူးဝမ်ဟွာသည် စာမူကြမ်းကို ဆွဲယူကာဖြင့် စာမျက်နှာ နှစ်မျက်နှာလောက်ကို မြန်မြန်ဆန်ဆန် ဖတ်ရှုလိုက်၏။ ပြီးနောက် သူ၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် ချီးစားလိုက်သကဲ့သို့ပင် ရှုံ့မဲ့သွားခဲ့၏။ မျက်နှာတစ်ခုလုံးသည် အော့အန်ချင်စိတ် ဖြစ်လာသကဲ့သို့ပင်။ ပြီးနောက် သက်ပြင်းချကာဖြင့် ပြောလိုက်သည်။
“အင်း…. လောကကြီးမှာ ဒီလိုသုံးမရတဲ့လူတွေ ရှိနေလိမ့်မယ်လို့ ကျုပ်မထင်ခဲ့ဘူး။ ဒီလို စကားလုံးများကို ရေးသားတယ်ဆိုတာ ကျောင်းတော်သားတွေ ဂုဏ်သိက္ခာ ကျဆင်းစေတဲ့ အရာမျိုးပဲ”
ပြောပြီးနောက် သူသည် ထိုစာမူကြမ်းကို သူ၏ဘေးတစ်ဖက်တွင် ရှိနေသော ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီး ဆီသို့ ကမ်းပေးလိုက်၏။
ဤအမျိုးသမီးသည် ကျူးဝမ်ဟွာကို အစဉ်အမြဲ အားပေးလျက်ရှိနေသည့် ရုံးတစ်ရုံးမှ အရာရှိတစ်ယောက်၏ သမီးလည်း ဖြစ်၏။ သူမသည် ကျောင်းတော်သားများနှင့် လှပသည့် အမျိုးသမီးများကြားတွင် ရှိနေသည့် စိတ်ကူးယဉ် အချစ်ဝတ္ထုများကို ချစ်ခင်နှစ်သက် စွဲလမ်းနေသူတစ်ယောက်လည်း ဖြစ်သည်။
သူမ၏စာပေအပေါ် နားလည်နိုင်မှုသည် သာမန်သာလျှင် ဖြစ်၏။ သို့ပေမည့် စာအုပ်ပေါင်းများစွာကို ဖတ်ရှုခဲ့ပြီးနောက် နာမည်ကျော်ကြားသည့် အချစ်ဝတ္ထုများကို ဝေဖန်၊ မှတ်ချက်ပေးနိုင်သည့် အဆင့်အတန်းဆီ သို့ပင် ရောက်ရှိလာခဲ့၏။ ရလဒ်အားဖြင့် သူမသည် လန်ရှန်မြို့ထဲတွင် ပါရမီရှင် ကျောင်းတော်သူ တစ်ယောက်အဖြစ် ထင်ရှားလာခဲ့၏။
ရှမ့်လန်၏ စာအုပ်ကို လက်ခံရရှိပြီးနောက် သူမသည် စာမျက်နှာတစ်မျက်နှာကိုသာလျှင် ဖွင့်ခဲ့၏။ သူမ၏ မျက်နှာတစ်ခုလုံးသည် နီရဲသွားခဲ့တော့၏။ ချက်ချင်းပင် ခြေထောက်ကိုပင် လိမ်ကျစ်လိုက်မိသည်။ တကယ်.. တကယ့်ကို စိတ်လှုပ်ရှားစရာပဲ။
သို့ပေမည့် ရှက်ရွံ့စရာကောင်း၏။ သူမသည် တကယ်ပဲ ဆက်လက်ဖတ်ရှုချင်၏။ သို့ပေမဲ့ ဖတ်ရှု၍ မရနိုင်ချေ။ သူမသည် ဂုဏ်သိက္ခာကြီးမားသည့် မိသားစုတစ်ခုမှ သမီးလည်း ဖြစ်၏။ အားလုံးသော သူတို့၏ အထင်ကြီး လေးစားခြင်းကိုလည်း ခံခဲ့ရသူပင်။ ဤကဲ့သို့ အဆိပ်ပင်မျိုးကို အဘယ်သို့ ဆက်လက်ကာ ဖတ်ရှုရမည်နည်း။
သူမအား အရှက်မရှိသည့် အမျိုးသမီးတစ်ယောက်ဟု အားလုံးသောသူတို့က တွေးတောနေမည် မဟုတ်ပါလား။ အမျိုးသမီးသည် သုံးစက္ကန့်လောက် တွန့်ဆုတ်သွားခဲ့၏။ ပြီးနောက် ရှမ့်လန်၏ စာမူကြမ်းအား မြေပြင်ပေါ်သို့ ပစ်ချကာဖြင့် ခြေထောက်နှင့် နှစ်ချက်သုံးချက်လောက် နင်းခြေလိုက်၏။
“တကယ့်ကို ယုတ်ညံ့တယ်။ သခင်လေးကျူး ပြောတာ အမှန်ပဲ။ ဒီလိုလူမျိုးတွေက ဒီလိုဆိုးဝါးတဲ့ စာလုံးတွေကို အသုံးပြုပြီးတော့ ကျောင်းတော်သားတွေရဲ့ ကျက်သရေကို ကင်းမဲ့အောင် လုပ်နေတာပဲ”
ကျူးဝမ်ဟွာသည် ဂုဏ်ယူဝံ့ကြွားစွာ ပြုံးလိုက်၏။ သူသည် ဤကဲ့သို့ ဖြစ်လာမည်ကို သိရှိပြီး ဖြစ်၏။ ပြီးနောက် သူသည် ဆိုင်ရှင်ဆီသို့ အသာလှည့်ကာ ပြောဆိုလိုက်၏။ “ဆိုင်ရှင်မူ.. ခင်ဗျား ဒီစာအုပ်ကို ပုံနှိပ်ထုတ်ဝေမယ် ဆိုရင်တော့ ကျုပ် တကယ့်ကို အားနာပါတယ်။ အခုကစပြီးတော့ ကျုပ်ရဲ့စာအုပ်တွေကို ခင်ဗျားဆီမှာ မတင်တော့ဘူး။ ဒီလိုလူမျိုးတွေနှင့် အလုပ်တွဲလုပ်ရတာကို ကျုပ် ဘယ်လိုမှ မနှစ်သက်နိုင်ဘူးလေ”
ပြောပြီးနောက် သူသည် ဘေးတစ်ဖက်တွင် ရှိနေသည့် အမျိုးသမီးကို လှမ်းကာ ကြည့်ရှုလိုက်၏။
ဤအမျိုးသမီးသည် ရှမ့်လန်၏ ချောမောသည့် ရုပ်ရည်သွင်ပြင်ကြောင့် အနည်းငယ် စိတ်လှုပ်ရှားလျက် ရှိခဲ့သော်လည်း နှစ်ပေါင်းများစွာ ကျူးဝမ်ဟွာနားတွင် ပရိသတ်အဖြစ် တည်ရှိခဲ့သူတစ်ယောက်ဖြစ်၏။ သခင်လေးကျုး၏ အကြည့်ကိုမြင်ရသည့်အချိန်မှာတော့ အမျိုးသမီးသည် ချက်ချင်းပဲ ဟန်ပန်မူရာကို ပြောင်းလဲလိုက်သည်။
သူမက ပြောဆိုလိုက်၏။ “ဆိုင်ရှင်မူ… ဒီစာမူကြမ်းက တကယ့်ကို ယုတ်ညံ့လွန်းတယ်။ ရှင်သာ ဒီစာအုပ်ကို ပုံနှိပ်ထုတ်ဝေမယ်ဆိုရင် ကျွန်မ ရှင့်ရဲ့ဆိုင်ထဲကို ဘယ်တော့မှ ခြေလှမ်းမှာ မဟုတ်ဘူး။”
ထိုကဲ့သို့ ပြောလိုက်သည့်အချိန်မှာတော့ သူမ၏ အနားပတ်ဝန်းကျင်တွင် ရှိနေသည့် အမျိုးသမီးအားလုံးကလည်း သဘောတူညီစွာဖြင့် တစ်ယောက်တစ်ပေါက် ခြိမ်းခြောက်လိုက်ကြသည်။
ဆိုင်ရှင်သည် ဆွံ့အသွားမိ၏။ ဤအမျိုးသမီးများသည် လူအရေအတွက် နည်းပါးသော်လည်း လန်ရှန်မြို့ထဲတွင် တကယ့်ကို ဂုဏ်သိက္ခာပိုင်းရာ ကြီးမားသည့် ခေါင်းဆောင်များနှင့် ပတ်သက်ဆက်နွှယ်နေသူများဖြစ်၏။ ထိုသူတို့သည်သာ သူ့၏ဆိုင်ကို မလာသည်ဆိုပါက ကျိန်းသေပေါက် သူ့၏ ဂုဏ်သိက္ခာနှင့် ငွေကြေး အမြတ်အစွန်းများ လျော့ပါးသွားပေလိမ့်မည်။ ဆုံးရှုံးမှုက ကြီးမားမှာ သေချာ၏။
သူ့အနေနှင့် ရှမ့်လန်၏ စာအုပ်ကို ပုံနှိပ်ထုတ်ဝေချင်၏။ သို့ပေမည့် လက်ရှိအခြေအနေတွင် လက်လျှော့ အရှုံးပေးရုံသာလျှင် ရှိတော့၏။ ထို့ကြောင့် ဆိုင်ရှင်သည် စာမူကြမ်းကို ကောက်ယူပြီး ကျင်းမူကုန်း ဆီသို့ လက်နှစ်ဖက်ဖြင့် လေးလေးစားစား ကမ်းကာ ပေးလိုက်သည်။
“အင်း… မြို့စားသားရဲ့ စာအုပ်က တကယ့်ကို ပြိုင်ဘက်ကင်းပါတယ်။ တကယ့်ကို ကျော်ကြားတဲ့ မိသားစုတစ်ယောက်ရဲ့ မျိုးဆက်တစ်ယောက်မှန်း ပီသပါတယ်။ ဒါပေမဲ့ ကျုပ် အရမ်းအားနာပါတယ်။ စာအုပ်သစ်တစ်အုပ်ကို ထုတ်ဝေဖို့အတွက် အစီအစဉ် ကျုပ်ဆီမှာ မရှိပါဘူး။ တခြား စာအုပ်ဆိုင်တွေကို ဘာလို့ သွားမမေးရတာလဲ။ ဥပမာအားဖြင့် မွှေးပျံ့မင် စာအုပ်ဆိုင်မျိုးပေါ့”
ကျင်းမူကုန်းသည် ချက်ချင်း ဒေါသထွက်သွား၏။ ဤသခင်လေး၏ စာအုပ်သည် အလွန်ကောင်းသည်ဟု ဆိုသည်။ ထိုသို့ဆိုလျှင် အဘယ့်ကြောင့် ပုံနှိပ်ထုတ်ဝေခြင်း မပြုလုပ်ချင်ရသနည်း။ လင်းနို့များကဲ့သို့ပင် မျက်လုံးများ ကန်းနေသည်လား။
ရှမ့်လန်သည် ကျင်းမူကုန်းကို အသာပုတ်ကာဖြင့် ပြောလိုက်၏။ “သွားကြစို့”
အချိန်အတိုင်းအတာတိုအတွင်းမှာပင် ရှမ့်လန်သည် စိတ်ထဲတွင် ပြည့်စုံသည့် အကြံအစည်တစ်ခုကို ဖန်တီး တည်ဆောက်ပြီးသား ဖြစ်၏။ ၎င်းသည် ကျူးဝမ်ဟွာကို အလုံးစုံဖိနှိပ်နိုင်မည့် အစီအစဉ်ဖြစ်လို့နေ၏။ အစီအစဉ် တစ်ခုချင်းစီတိုင်းသည် တကယ်ပင် ပြည့်စုံ၏။ ထို့အပြင် ထိုအစီအစဉ်တစ်ခုတည်းတင် မကချေ။ အစီအစဉ် က၊ ခ၊ ဂ .... စသဖြင့် အစီအစဉ်ပေါင်းများစွာကိုလည်း သူက ရေးဆွဲထားပြီးသား ဖြစ်သည်။
………..
ရှမ့်လန်နှင့် ကျင်းမူကုန်းတို့သည် ထိုဆိုင်ထဲမှ ထွက်လျှောက်သွားခဲ့ပြီးနောက် ကျူးဝမ်ဟွာသည် နောက်မှလိုက်လာကာ သူတို့၏ လမ်းအား အသာပိတ်ကာ ရပ်လိုက်၏။ သူသည် အားရပါးရပြုံးကာဖြင့် ပြောဆို လိုက်၏။ “ရှမ့်လန်၊ အချိန်ဖြုန်းမနေနဲ့။ ငါဒီမှာရှိနေတယ်ဆိုမှတော့ လန်ရှန်မြို့ထဲမှာ ရှိတဲ့ ဘယ်စာအုပ်ဆိုင်ကမှ မင်းတို့စာအုပ်ကို ပုံနှိပ်ပေးမှာ မဟုတ်ဘူး။ ပြီးတော့ ဒါက ရွှမ်ဝူမြို့မဟုတ်ဘူး။ ငါတို့ ကျူးကလန်ရဲ့ လန်ရှန်မြို့ပဲ”
ကျူးကလန်သည် တော်ဝင်မျိုးနွယ်များ၏ ဂုဏ်သိက္ခာကို ကျဆင်းစေခဲ့သည့် ကလန်တစ်ခု ဖြစ်၏။ ဘုရင်မင်းမြတ်သည် လှုပ်ရှားတိုက်ခိုက်ခြင်းကိုပင် မလုပ်သေးချေ။ အစောကြီးတည်းက ဒူးထောက်ကာဖြင့် ရှိရှိသမျှသော လယ်ယာမြေနှင့် စစ်သည်အင်အားများက ဆက်သခဲ့သည့် ကလန်လည်း ဖြစ်၏။ တကယ့်ရှက်စရာပင်။ ထိုသို့ဆိုလျှင်တောင်မှ လန်ရှန်မြို့၏ ကျူးကလန်ဟူသည့် ဂုဏ်သိက္ခာစကား စကားကို ဂုဏ်သိက္ခာတရား ကင်းမဲ့စွာဖြင့် ပြောဆိုနိုင်နေသေးသည်လား။
“ပြန်တော့။ မင်းတို့ ရွှမ်ဝူမြို့ကို ပြန်လိုက်တော့”
ကျူးဝမ်ဟွာက ပြောလိုက်၏။ “ငါသာရှိနေမယ်ဆိုရင် လန်ရှန်မြို့ထဲမှာရှိတဲ့ ဘယ်စာအုပ်ဆိုင်ကမှ မင်းတို့စာအုပ်ကို ပုံနှိပ် ထုတ်ဝေရဲမှာ မဟုတ်ဘူး”
ကျင်းမူကုန်းသည် အေးစက်စက် မေးလိုက်သည်။ “ကျူးဝမ်ဟွာ… မင်းငါတို့ကို ဘာလို့ အနိုင်ကျင့်ချင်တာလဲ”
“.......”
ရှမ့်လန်သည် ဆွံအသွားမိ၏။ ဝတုတ်ကောင်.. ဘယ်လိုဖြစ်ပြီးတော့ ဒီလို ကလေးဆန်တဲ့ မေးခွန်းမျိုးမေးရတာလဲ။ ဒါ တစ်ဖက်လူကို ဟန်ထုတ်ဖို့ အခွင့်အရေး သွားပေးတာပဲ။
သေချာပေ၏။ ကျူးဝမ်ဟွာသည် မောက်မာဝံ့ကြွားသည့် အပြုံးမျိုးကို ပြုံးကာ ပြောလိုက်၏။ “ကျုပ် ကျူးဝမ်ဟွာ က တစ်စုံတစ်ယောက်ကို နှိပ်ကွပ်ချင်တယ်ဆိုရင် အကြောင်းပြချက် လိုသေးလို့လား”
ပြီးနောက် ရှမ့်လန်သည် လန်ရှန်မြို့ထဲတွင် ရှိနေသည့် မည်သည့်စာအုပ်ဆိုင်ကိုမှ မသွားတော့ချေ။ သို့ပေမည့် ကျင်းမူကုန်းမှာတော့ အလိုမကျချေ။ ထို့ကြောင့် အရင်ဦးဆုံး မွှေးပျံ့မင် စာအုပ်ဆိုင်ဆီသို့ သွားလိုက်၏။ သို့ဖြင့် ငြင်းပယ်ခံရလေသည်။ ပြီးနောက် ဒုတိယ၊ တတိယ၊ စတုတ္ထ စာအုပ်ဆိုင်များဆီသို့ အသီးသီးသွားခဲ့၏။ ခြွင်းချက်မရှိချေ။ အားလုံးသောသူတို့သည် ငြင်းပယ်ခဲ့သည်။
ကျူးဝမ်ဟွာနှင့် ၎င်းပရိသတ်များ၏ တောင်းဆိုမှုအောက်တွင် ထင်မှတ်ထားသည့်အတိုင်း လန်ရှန်မြို့ထဲတွင် ရှိနေသည့် မည်သူတစ်ဦးတစ်ယောက်ကမှသည် ရှမ့်လန်၏စာအုပ်ကို ထုတ်ဝေရန် စိတ်ဆန္ဒမရှိကြချေ။
ကောင်းကင်ကြီးက မဲမှောင်လာခဲ့ပြီ။
ကျင်းမူကုန်းသည် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏။ “ယောက်ဖ… အခု ခွေးတွေလိုပဲ အမြီးကုပ်ပြီး အိမ်ပြန်ရမယ့် အခြေအနေရောက်နေပြီ”
ပြီးနောက် သူသည် အံကိုကြိတ်ကာ ပြောလိုက်သည်။ “မဖြစ်သေးဘူး။ ကျုပ်တို့စာအုပ်က အရမ်း ကောင်းတယ်။ ဒါကို မထုတ်ဝေနိုင်ဘူးဆိုရင် အနီးအနားမှာရှိတဲ့ ကျန်းယန်မြို့ကို သွားလို့ရသေးတယ်”
ရှမ့်လန်သည် ခေါင်းကိုခါလိုက်၏။ “မလိုဘူး။ ငါ့နောက်လိုက်ခဲ့”
……….
ခဏလောက်ကြာပြီးသည့်နောက် ရှမ့်လန်သည် စာအုပ်ဆိုင်တစ်ခုဆီသို့ ဝင်လိုက်၏။ သူသည် ကြွက်ကဲ့သို့သော မျက်နှာနှင့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်ကို မြင်လိုက်၏။ ပြီးနောက် စာမူကြမ်းကို ထုတ်ယူကာဖြင့် ထိုသူ့ကို ကမ်းပေးလိုက်သည်။
ထိုသူသည် လျင်လျင်မြန်မြန် ဆိုသလိုပင် စာအုပ်ကို ဖွင့်ကြည့်လိုက်၏။ အထဲတွင်ရှိနေသည့် အိပ်ရာခန်းများကို မြင်ရသည့်အချိန်မှာတော့ စိတ်ဝင်တစားဖြင့် ဖတ်ရှု၏။
“ကောင်းတယ်၊ အရမ်းကောင်းတယ်။ စိတ်လှုပ်ရှားစရာပဲ။ ကောင်းကင်ဘုံ၊ ဒါ တကယ့်ကို ကောင်းတဲ့ ပန်းချီပါလား။ ဒီလို ပန်းချီတွေပါ ထည့်ရေးထားတာလား။ အရမ်းကောင်းတယ်။ ကြည့်လို့ကောင်းလိုက်တာ။”
ကျင်းမူကုန်းက ပျော်ရွှင်သွားသည်။ “ဒါဆိုရင် ကျုပ်တို့စာအုပ်ကို ပုံနှိပ်ပေးမှာလား”
“အင်းအင်း.. ပုံနှိပ်ပေးရမှာပေါ့။” သက်လတ်ပိုင်းအရွယ် ဆိုင်ရှင်က ပြောလိုက်၏။
ကျင်းမူကုန်းက ပြောလိုက်သည်။ “အင်း စာပိုဒ်အနည်းငယ်ကိုပဲ ခင်ဗျား ဖတ်ရှုခဲ့တယ်။ ဘယ်လို ဖြစ်ပြီးတော့ ကျုပ်တို့စာအုပ်က ပြိုင်စံကင်းတယ်ဆိုတဲ့စကားကို ခင်ဗျားပြောနိုင်ရတာလဲ”
ထိုစုတ်ချွန်းချွန်းနှင့် သက်လတ်ပိုင်းလူက ပြောလိုက်၏။ “ဟုတ်တယ်။ ကျုပ် စာအုပ်ပေါင်းများစွာကို ဖတ်ခဲ့ဖူးတယ်။ ကျုပ်ရဲ့ နှလုံးသားက ရှေးဟောင်းရေတွင်းကြီးတစ်ခုလိုပဲ တည်ငြိမ်ခဲ့တယ်။ ဒါပေမဲ့ ခင်ဗျား စာအုပ်ထဲမှာရှိတဲ့ စာပိုဒ်အနည်းငယ်ကို ဖတ်လိုက်တဲ့အချိန်မှာတော့ တကယ့်ကို စိတ်နှလုံးသား တစ်ခုလုံး လှုပ်ရှားလာသလို ခံစားလိုက်မိတယ်”
တကယ်ပင် သူသည် စာအုပ်ထဲတွင် ရှိနေသည့် အိပ်ရာခန်းများကို သဘောကျနေခြင်းဖြစ်သည်။
ကျင်းမူကုန်းက ပြောလိုက်၏။ “ဒါဆိုရင် ကျူးဝမ်ဟွာက ခင်ဗျားကို တားဆီးမှာ မကြောက်ဘူးလား။”
စုတ်ချွန်းချွန်းနှင့် သက်လတ်ပိုင်းလူသည် စာပိုဒ်အနည်းငယ်ကို နှမြောတသသလို ဆက်လက်ကာ ဖတ်ရှုနေ၏။ ပြီးနောက် အသာရယ်မောလိုက်သည်။ “ကျုပ်က ဒီလိုစာအုပ်မျိုးတွေ ထုတ်ဝေတာလေ။ ဘာကိစ္စ တခြားသူတွေရဲ့ တားဆီးခြင်းကို ကြောက်ရမှာလဲ”
“ဟမ်…ခင်ဗျားက အပြာစာအုပ်တွေ ထုတ်ရောင်းတာလား” ဝတုတ်ကျင်းမူကုန်းသည် ရုတ်တရက် ထကာ အော်ဟစ်လိုက်မိ၏။
“ဘာဖြစ်လို့လဲ” ရှမ့်လန်နှင့် စုတ်ချွန်းချွန်းလူတို့သည် အသာလှည့်ကာ ကြည့်လိုက်၏။ ဟုတ်ပေ၏။ လိင်စာအုပ်များကို ရောင်းချခြင်းဆိုသည်မှာ ဘာမှားနေသနည်း။ အားလုံးသောသူတို့သည် ဤကဲ့သို့သော အရာများကို နှစ်နှစ်ခြိုက်ခြိုက်နှင့် ဖတ်ရှုရခြင်းကို ကြိုက်နှစ်သက်ကြသည် မဟုတ်ပါလား။
“မဟုတ်၊ မဟုတ်ပါဘူး။” ဝတုတ်သည် ချက်ချင်းပဲ ခန္ဓာကိုယ်ကို နောက်သို့ ဆုတ်လိုက်၏။
ရှမ့်လန်သည် နှလုံးသားထဲတွင် ထင်မြင်သေးသလို ခံစားလိုက်မိ၏။ ဤ ဝတုတ်သိသည့်အရာ ဘာရှိသနည်း။ မွှေးပျံ့မင် စာအုပ်ဆိုင်နှင့် ကျောက်စိမ်းနန်းတော် စာအုပ်ဆိုင်တို့သည် ဂုဏ်သိက္ခာကြီးမားပြီး ထည်ဝါလွန်း၏။ ၎င်းတို့၏ ဖြန့်ချိရေးလမ်းကြောင်းများသည် တကယ့်ကို ကြီးမားလှပေသည်။
သို့ပေမည့် တကယ်တမ်း ပြောဆိုရမည်ဆိုလျှင် လက်ရှိ လိင်စာအုပ်များကို ရောင်းချလျက်ရှိနေသည့် ဆိုင်ရှင်တန်းလောက် ဖြန့်ချိရေးအင်အား ကောင်းလိမ့်မည် မဟုတ်ချေ။ ဤလူသည် အားလုံးသောသူတို့၏ တိတ်တခိုး ကြိတ်ကာ အားပေးခြင်းကို ခံရသည့် လူတစ်ယောက်ဖြစ်သည် မဟုတ်ပါလား။
ဆိုင်ရှင်တန်းသည် လန်ရှန်မြို့ထဲရှိ ဆိုင်တိုင်း ၊ဆိုင်တိုင်းတွင် ၎င်း၏ လိင်နှင့်ပတ်သက်သော စာအုပ်များကို ထားရှိနိုင်သည့် အခွင့်အရေးကို ရရှိခဲ့၏။ ၎င်း၏စာအုပ်များသည် အခေါင်းရောက်သည့် ဆိုင်တွင်ပင် ရှိ၏။ ထိုတင်သာ မကသေးချေ။ ၎င်း၏ စီးပွားရေးလုပ်ငန်းသည် တကယ့်ကို ကျယ်ပြန့်လွန်းလှပြီး အနီးအနား နိုင်ငံ လေးနိုင်ငံ၊ ငါးနိုင်ငံလောက်၏ မြို့ပေါင်း နှစ်ဆယ်ကျော်သည် ၎င်း၏ ဖြန့်ကျက်မှု အောက်တွင် ရှိ၏။
“အင်း..ဒါဆိုရင် ခင်ဗျားကို ကျုပ် ဘယ်လိုခေါ်ရမလဲ ဆိုင်ရှင်။” ကျင်းမူကုန်းက မေးမြန်းလိုက်၏။
“ဒီနိမ့်ကျတဲ့ လူရဲ့ နာမည်က တန်းရှန်လို့ ခေါ်ပါတယ်။” စုတ်ချွန်းချွန်းနှင့် သက်လတ်ပိုင်းလူက ပြောလိုက်သည်။ ချက်ချင်းပဲ သူသည် စာအုပ်ထဲတွင် ရှိနေသည့် စာများကို ဖတ်ရှုပြီး ပုံများကိုပါ သေသေချာချာ ကြည့်ရှုပြန်၏။ ပြီးနောက် စိတ်ထဲတွင် အဆက်မပြတ် ချီးကျူးနေမိသည်။
ရှမ့်လန်ဆွဲထားသည့် ပုံကို မြင်ရချိန်မှာတော့ သူသည် တကယ်ပင် အံ့အားသင့်တုန်လှုပ်နေမိ၏။ “တကယ့်ကို ဆရာကြီးပဲ။ အလုံးစုံ မြင့်မြတ်ကြီးကျယ်တဲ့ ဆရာကြီးပဲ”
ဤအဆင့်အတန်း၊ ဤပုံပန်းသဏ္ဍာန်ဖြင့် အရာအားလုံးတို့သည် အားလုံးသောသူတို့ နှစ်ခြိုက်သဘောကျရမည့် အရာဖြစ်လာပေလိမ့်မည်။ ငါ မခံစားနိုင်တော့ဘူး။ ဒီဟာက အရမ်းကို ကောင်းလွန်းအားကြီးတယ်။
ရှမ့်လန်၏ပန်းချီသည် အနောက်တိုင်းပန်းချီများကို အသုံးပြုကာရေးဆွဲထားသည့် ပန်းချီပုံစံမျိုး ဖြစ်၏။ ထို့ကြောင့် ဤလောကကြီးတွင် လုံးဝမရှိချေ။
“အင်း ဒီစာအုပ်က ကျိန်းသေပေါက် အရောင်းရဆုံး စာအုပ်ဖြစ်လာလိမ့်မယ်”
တန်းရှန်က ပြောလိုက်၏။ “သခင်လေး ဒီစာအုပ်ကိုသာ အုပ်ရေသုံးထောင်ကျော် မရောင်းရဘူးဆိုရင် ဘောလုံးကန်ဖို့ အတွက် ကျုပ်ခေါင်းကို ဖြတ်ပြီး ခင်ဗျားတို့ကို ပေးလိုက်မယ်”
“အုပ်ရေ သုံးထောင် ဟုတ်လား။ ဟာသပဲ”
ရှမ့်လန်က ပြောလိုက်၏။ “ကျုပ်ရဲ့ရည်မှန်းချက်က မှတ်တမ်းမှတ်ရာအားလုံးကို ကျော်ဖြတ်သွားဖို့ပဲ။ ကျုပ်ဆီမှာ တောင်းဆိုမှု တစ်ခုတည်းရှိတယ်။ အင်း.. ကျူးဝမ်ဟွာရဲ့ ဒုတိယစာအုပ် ထုတ်မယ့်ရက်နှင့် တူတူရောင်းချပေး။ သူ့ကို ကျုပ် တစစီဖြစ်အောင် လုပ်ပစ်မယ်”