← Chapters

အပိုင်း (၈၁)

Vol. 6 Ch. 81

အပိုင်း (၈၁)

Vol. 6 Ch. 81

ရှမ့်လန်၏ ဤစာအုပ်သည် တရှိန်ထိုး အရှိန်ငြီးငြီးဖြင့် အောင်မြင်သွားနိုင်ကြောင်း တန်းရှန်က ကြိုတင် သိရှိပြီးဖြစ်သည်။ သို့ပေမည့် ဤမျှလောက်အထိ အောင်မြင်ပြီး ဤမျှ လျင်မြန်စွာ ကျော်ကြားသွားလိမ့်မည်ဟု သူလုံးဝ ထင်မှတ်မထားခဲ့မိချေ။ လူတို့၏ နှလုံးသားနှင့် ဝိညာဉ်ကို တစ်ခဏအတွင်း ဆွဲဆောင်ဖမ်းစားနိုင်သော အရောင်အသွေးစုံလင်သည့် စာအုပ်ပိုစတာကြီးသည် အမှန်စင်စစ် အဓိကလက်နက်ပင် ဖြစ်သည်။

စာအုပ်၏ မျက်နှာဖုံးသည် ဒုတိယဆွဲဆောင်မှု ဖြစ်ပြီး၊ လူအများအား စာအုပ်ကို ကောက်ယူ၍ လှန်လှောကြည့်ရှုချင်စိတ် ဖြစ်ပေါ်စေသည်။ သို့သော်ငြား အမှန်တကယ် အစွမ်းထက်ဆုံးသော အရာသည် စာအုပ်အတွင်းရှိ အကြောင်းအရာများပင်ဖြစ်သည်။ အလွန်တရာ ပြောင်မြောက်သော အရေးအသားနှင့် ထူးကဲကောင်းမွန်သော ဇာတ်လမ်းဇာတ်အိမ်သည် လူတို့အား ဤစာအုပ်အတွက် ငွေကြေးသုံးစွဲရန် လိုလားစေသည့် အခြေခံအကြောင်းတရားများ ဖြစ်၏။

“ဆိုင်ရှင်… ကျုပ်ကို စာအုပ်မြန်မြန်ပေး။ တခြားသူတွေ ယူသွားလို့ မရဘဲဖြစ်နေမယ်”

“ကုန်ပါပြီ… ကုန်ပါပြီ…”

“ဆိုင်ရှင်၊ ကျွန်တော့်ကို စာအုပ် အုပ် ၁၀၀ အမြန်ပေးပါ… မဟုတ်သေးဘူး။ အုပ် ၂၀၀… မဟုတ်သေးဘူး။ အုပ် ၃၀၀ ပေး။”

တန်းရှန်သည် ကျူးဝမ်ဟွာ၏ ကျော်ကြားမှုကို အမှီပြု၍ မိမိ၏စာအုပ်ရောင်းအားကို မြှင့်တင်ရန်အလို့ငှာ စာအုပ်ဆိုင်များ၏ ဝင်ပေါက်အရှေ့တည့်တည့်တွင် စာအုပ်ခုံများ တမင်တကာ ခင်းကျင်းထားခဲ့သည်။ သို့သော် ယခုအခါတွင်မူ ထိုသို့ပြုလုပ်ရန်ပင် မလိုအပ်တော့ကြောင်း နားလည်လိုက်မိ၏။

ကျူဝမ်ဟွာ၏ စာအုပ်အသစ် ဈေးကွက်ထဲသို့ ရောက်ရှိလာခြင်းမှာ ရေကန်တစ်ခုအတွင်းသို့ ကျောက်တုံးကြီးတစ်တုံး ပစ်ချလိုက်သကဲ့သို့ လှိုင်းတံပိုးများကို ဖြစ်ပေါ်စေခဲ့သည်။ သို့သော် “မာယာမျဉ်းပြိုင်” စာအုပ်က ဖန်တီးလိုက်သော လှုပ်ခတ်မှုမှာမူ ရေကန်၏ဗဟို၌ ဗုံးတစ်လုံး တိုက်ရိုက်ပေါက်ကွဲသွားသကဲ့သို့ပင်။ ရောင်းအားသည် တစ်စထက်တစ်စ ပိုမိုတိုးတက်လာခဲ့သည်။

နောက်ဆုံးမှာတော့ …. လူအများတို့သည် ရူးသွပ်မတတ် အလုအယက် ဝယ်ယူကြတော့၏။

တန်းရှန်၏ ခန့်မှန်းချက်အရ လန်ရှန်မြို့တစ်မြို့လုံးတွင် အများဆုံးရောင်းချရလျှင် စာအုပ်အုပ်ရေ ၃၀၀ မှ ၄၀၀ အထိသာ ဖြစ်ပေမည်။ သို့ပေမည့် ယခုအခါတွင်မူ ဆယ်ဆအထိ မြင့်တက်သွားခဲ့လ၏။ တစ်ရက်တည်းနှင့် အုပ်ရေ ၃၀၀၀ ရောင်းချခဲ့ရသည်။ ဤ… ဤသည်မှာ ရူးသွပ်ဖွယ်ပင်။

သူ၏ နားလည်နိုင်မှု နိမ့်ကျနေလေသည်လား။ သို့မဟုတ် လောကကြီး၏ ပြောင်းလဲမှုက မြန်ဆန်လွန်းနေသည်လား။ လန်ရှန်မြို့ရှိ ယောက်ျားတိုင်းသည် ဤသို့သော ကိစ္စရပ်များ၌ မွေ့လျော်ကြသည့် လူများ ဖြစ်နေသည်လား။

အုပ် ၃၀၀၀။ လန်ရှန်မြို့၌ အရောင်းရဆုံးဖြစ်ခဲ့သော တန်းရှန်၏ စာအုပ်ပင်လျှင် အုပ် ၅၀၀ မကျော်ခဲ့ပေ။ ကျူးဝမ်ဟွာ၏ စာအုပ်ပင် လန်ရှန်မြို့တွင် အုပ် ၅၀၀ မှ ၆၀၀ ခန့်သာ ရောင်းချခဲ့ရသည်။

လန်ရှန်မြို့တစ်ခုလုံးတွင် လူဦးရေ ၃၀,၀၀၀ မှ ၄၀,၀၀၀ အထိရှိပြီး စာတတ်မြောက်သူ ၈,၀၀၀ ပင်မပြည့်ချေ။ ဆိုလိုသည်မှာ စာတတ်သူသုံးဦးတွင် တစ်ဦးသည် ရှမ့်လန်၏ ဤစာအုပ်ကို ဝယ်ယူသွားသည်ဟု ဆိုရပေမည်။ အမှန်စင်စစ် ဤကိန်းဂဏန်းသည် မှားယွင်းနေသေး၏။ အကြောင်းမှာ စာမတတ်သူများပင် လာရောက် ဝယ်ယူကြသောကြောင့်ပင်။

ကျူးဝမ်ဟွာ၏ ကျော်ကြားမှုကို အမှီပြု၍ ဈေးကွက်မြှင့်တင်ရန် ကြိုးပမ်းခဲ့ခြင်းမှာ အမှန်တကယ်ပင် ရယ်ဖွယ်ကောင်းခဲ့သည်။ နောက်ဆုံးမှာတော့ ရောင်းအားသည် ကျူးဝမ်ဟွာထက် အဆပေါင်းများစွာ သာလွန်သွားခဲ့၏။ ထို့အပြင် ဤသည်မှာ အစပျိုးရုံမျှသာ ရှိသေးသည်။ အကြောင်းမှာ ညနေစောင်းအချိန်တွင် အမျိုးသမီး အများအပြားသည်လည်း တိတ်တဆိတ် လာရောက်ဝယ်ယူကြသောကြောင့်ပင်။

ထို့အပြင် တန်းရှန်သည် သတင်းစကားတစ်ခုကိုလည်း ကြားသိခဲ့ရသေးသည်။ လီချွမ်းပြည့်တန်ဆာခန်းတွင် လူများ တန်းစီစောင့်ဆိုင်းနေကြပြီ ဖြစ်သည်။ ရိဟုန်ပြည့်တန်ဆာဆောင်သည်လည်း နံပါတ်စဉ်ဖြင့် ဧည့်သည်များကို လက်ခံနေရ၏။

သခင်လေးရှမ့်၏ စာအုပ် ဤအခြေအနေအထိ အောင်မြင်ကျော်ကြားသွားခြင်းမှာ လုံးဝ စဉ်းစား၍မရနိုင်သော အဖြစ်မျိုးပင်။ စာအုပ်တစ်အုပ်သည် မည်မျှကောင်းမွန်စေကာမူ ဤသို့ဖြစ်ရန် မသင့်ပေ။ ဤသည်မှာ လူအုပ်လိုက်တုံ့ပြန်မှု အာနိသင် (Cybotaxis Effect) နှင့် အာရုံစိုက်ခံရမှု အာနိသင် (Eyeball Effect) တို့ကြောင့် ဖြစ်ကြောင်း သူ မသိရှိခဲ့ချေ။

ဤသည်မှာ လန်ရှန်မြို့တစ်မြို့တည်း၌ ရောင်းချရခြင်းဖြစ်သည်။ အနီးတစ်ဝိုက်ရှိ ခရိုင်လေးခုနှင့် မြို့ပေါင်းနှစ်ဆယ်သို့တိုင် ပို့ဆောင်ရပေဦးမည်။ ဤစာအုပ်သည် နောက်ဆုံး မည်မျှအထိ ရောင်းချနိုင်မည်နည်။ ထိုအဖြေကို ဖန်ဆင်းရှင်သာလျှင် သိပေလိမ့်မည်။

……

ကျူးဝမ်ဟွာသည် အခြားစံအိမ်တစ်ခုတွင် ဝိုင်ကို အရသာခံ သောက်သုံးလျက်ရှိသည်။ ယနေ့ သူ၏ စာအုပ်သည် အလွန်ရောင်းကောင်းခဲ့သောကြောင့် သူ၏ဂုဏ်သတင်းသည်လည်း တစ်ဆင့်မြင့်တက်လာရပေမည်။

အနီးတွင်ရှိသော ကျောင်းသားလေးဦးသည် အပြိုင်အဆိုင် မြှောက်ပင့်ပြောဆိုလျက်ရှိကြသည်။ ထို့အပြင် သူသည် ထင်ရှားသော မျိုးရိုးမှ ဆင်းသက်လာပြီး ငွေကြေးလည်း ကြွယ်ဝသောကြောင့် သာမန်မိသားစုအခြေအနေရှိသော ပညာတတ်အချို့သည် သူ၏ နောက်သို့လိုက်၍ စားသောက်ရန် အထူးနှစ်သက်ကြသည်။ ထို့ကြောင့် သူသည် အဓိက မြှောက်ပင့်ဖားယားတတ်သော လူလေးဦးကို ရွေးချယ်ထားပြီး ခေါင်းဆောင်မှာ ကျောင်းတော်သား ဝူရှီမင် ဖြစ်သည်။

“ဒီနေ့အဖြစ်အပျက်ကို မြင်ကြလား။ လန်ရှန်မြို့မှာ စက္ကူတောင် ဈေးတက်သွားလောက်တယ်”

“သခင်လေးကျူးရဲ့ ဒီစာအုပ်က သမိုင်းတစ်လျှောက် မကြုံစဖူး အရေအတွက်အထိ ရောင်းရမှာ သေချာတယ်။”

“ဟိုမှာကြည့် … နာမည်ကြီးအိမ်တော်က သခင်မလေးတွေက အိန္ဒြေရှိသလို ဟန်ဆောင်နေကြပေမဲ့ အစ်ကိုကျူးအပေါ် ဘယ်လောက်တောင် ရူးသွပ်စွဲလမ်းနေကြသလဲဆိုတာ။”

“ခင်ဗျားတို့က အပေါ်ယံကိုပဲ မြင်ကြတာ၊ အနှစ်သာရကိုတော့ ရှင်းရှင်းလင်းလင်း မမြင်ကြသေးဘူး။ အဓိကအချက်ကိုပြောရရင် အစ်ကိုကျူးရဲ့ စာပေရေးအသားက တကယ်ကို ကောင်းလွန်းလို့ပဲ။ ဖတ်ရှုလိုက်ရသူတိုင်း သုံးလလုံးလုံး ဗိုက်ဝသလို ခံစားရလိမ့်မယ်”

“ကျုပ် အလောင်းအစားလုပ်ရဲတယ်၊ နောင်အနှစ် ၅၀ အတွင်း အစ်ကိုကျူးရဲ့စာအုပ်ထက် ရောင်းအား ကျော်လွန်မယ့် စာအုပ်ပေါ်လာမှာ မဟုတ်ဘူး။”

“သခင်မလေး ကျန်းချွင်းဟွာသာ ဒီမြင်ကွင်းကို မြင်ရင် နှလုံးသားထဲမှာ ကြိတ်ပြီး သဘောကျနေမှာပဲ။”

လူအများ၏ မြှောက်ပင့်စကားများကို နားထောင်ရင်း ကျူးဝမ်ဟွာသည် စကားတစ်ခွန်းမျှမဆိုဘဲ ဝိုင်ကိုသာ သောက်သုံးနေ၏။ သူ၏ စိတ်အတွင်း၌မူ အလွန်ကျေနပ်လျက်ရှိသည်။ မြှောက်ပင့်ချီးမွမ်းသောစကားသည် ဘယ်သောအခါမျှ ရိုးအီသွားခြင်းမရှိချေ။ ထိုစကားများကို ဆယ်နှစ်တိုင်တိုင် နားထောင်ရလျှင်တောင်မှ ငြီးငွေ့ဖွယ်ရာ မရှိပေ။

၎င်းတို့၏ မြှောက်ပင့်စကား ဒါဇင်ပေါင်းများစွာကို နားထောင်ပြီးနောက် ကျူးဝမ်ဟွာသည် အသာဆို၏။ “အရာအားလုံး ပြီးသွားပါပြီ။ အေးဆေးပါ။”

ထိုအချိန်မှာပဲ အပြင်ဘက်မှ တံခါးခေါက်သံ ထွက်ပေါ်လာသည်။

“ဘယ်သူလဲ” ဟု ကျူးဝမ်ဟွာက မေးလိုက်၏။

“ကျုပ်ပါ၊ ကျန့်ချန်နန်ပါ။”

ဤသည်မှာ ရူယိစာအုပ်ဆိုင်၏ ပိုင်ရှင်ဖြစ်ပြီး သူ၏အသံမှာ အနည်းငယ် စိုးရိမ်သောကရောက်နေဟန် ရှိသည်။

ကျူးဝမ်ဟွာသည် မျက်ခုံးတစ်ချက် တွန့်ချိုးသွားသည်။ ဤကျန့်ချန်နန်သည် အလိုက်ကန်းဆိုးမသိသူပင်။ လေသံကပင်လျှင် ရိုသေလေးစားမှု ကင်းမဲ့နေသလိုပင်။

အနီးရှိ ကျောင်းတော်သားတစ်ဦးက ချက်ချင်း ပြောလိုက်၏။ “အဘိုးကြီးကျန့်၊ ခင်ဗျား သွေးနားထင်ရောက်နေပြီလား၊ သခင်လေးကျူးကို ဒီလိုလေသံနဲ့ စကားပြောရဲတယ်ပေါ့။ နောင်တစ်ချိန် သခင်လေးကျူးရဲ့ စာအုပ်တွေကို ခင်ဗျားဆိုင်မှာ မတင်တော့မှာ မကြောက်ဘူးလား။”

ကျူးဝမ်ဟွာက ပြုံးလျက်ဆိုသည်။ “ထားလိုက်ပါ၊ တံခါးဖွင့်ပေးလိုက်ပါ။”

ချက်ချင်းဆိုသလိုပဲ အစေခံတစ်ဦးသည် ရှေ့သို့တိုး၍ တံခါးကို ဖွင့်ပေးလိုက်၏။

ရူယိစာအုပ်ဆိုင်ပိုင်ရှင် ကျန့်ချန်နန်သည် အလျင်အမြန် လျှောက်လှမ်းဝင်ရောက်လာပြီး ၎င်း၏ မျက်နှာအမူအရာမှာ အနည်းငယ် ရှုပ်ထွေးနေကာ ပြောရမလို၊ မပြောရမလိုနှင့် တုံ့ဆိုင်းလို့နေသည်။

“ဘာကိစ္စရှိလို့လဲ။”

ကျူးဝမ်ဟွာက ပြောလိုက်သည်။ “နေ့စဉ်အရောင်းကန့်သတ်ချက်ကို မဖယ်နဲ့။ ဒီလောကကြီးမှာ ရှားပါးလေ တန်ဖိုးကြီးလေပဲ။ ဝယ်ဖို့ခက်လေ၊ ပိုဝယ်ချင်လေပဲ။ ကျုပ် ဒါကို ထပ်ပြီးရှင်းပြဖို့ မလိုတော့ဘူးမလား”

“မှန်ပါတယ်… မှန်ပါတယ်” ကျန့်ချန်နန်က ပြန်လည် ဖြေကြားလိုက်၏။

ကျူးဝမ်ဟွာက ပြောလိုက်သည်။ “ဒီနေ့ စာအုပ်ဘယ်လောက်ရောင်းရခဲ့လဲ။ ဘယ်နှစ်နာရီလောက် ရောင်းခဲ့ရလဲ”

“အုပ် ၂၆၀ ပါ။ နာရီဝက်တောင်မကြာခဲ့ပါဘူး။ ပထမအတွဲနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အချိန်သုံးဆ လောက် ပိုနည်းပါတယ်။”

ကျန့်ချန်န်က ဆက်ပြော၏။ “လန်ရှန်မြို့တစ်မြို့လုံး ပေါင်းရင် ဒီနေ့ အုပ် ၅၃၀ ခန့် ရောင်းချခဲ့ရပါတယ်”

“ဩော်။”

ကျောင်းတော်သားတစ်ဦးက အာမေဋိတ်သံပြု၏။ “ဒါက အရောင်းပမာဏကို ကန့်သတ်ထားလို့လေ။ ဒါတောင် ခင်ဗျား နားမလည်ဘူးလား။ တကယ်တမ်း လွတ်လွတ်လပ်လပ် ရောင်းခိုင်းမယ်ဆိုရင် ရောင်းအားက ကြောက်ခမန်းလိလိ ဖြစ်လိမ့်မယ်”

ကျူးဝမ်ဟွာသည် ခပ်တည်တည်ဖြင့် မေးလိုက်သည်။ “အဘိုးကြီးကျန့် .. ဒီရောင်းအားက ခင်ဗျား မျှော်မှန်းထားပြီသား မဟုတ်လား။ ကျုပ်ဆီ ဘာလို့လာရတာလဲ”

ကျန့်ချန်နန်က ဖြေလိုက်၏။ “ဒါပေမဲ့ တခြားစာအုပ်တစ်အုပ်က အုပ်ရေ (၃၀၀၀) ကျော် ရောင်းခဲ့ရလို့ပါ”

အုပ် ၃၀၀၀ ကျော်။

ကျူးဝမ်ဟွာသည် ရုတ်တရက် မတ်တပ်ထရပ်လိုက်မိသည်။ “မဖြစ်နိုင်တာ”

အမှန်ပင် မဖြစ်နိုင်စရာကိစ္စဖြစ်သည်။ လန်ရှန်မြို့တစ်ခုလုံးတွင် စာတတ်မြောက်သူ မည်မျှရှိသနည်း။ ပညာရပ်ဆိုင်ရာ ကျမ်းများကို ဖယ်လိုက်လျှင် လန်ရှန်မြို့၏ ဝတ္တုစာအုပ် အမြင့်ဆုံးရောင်းအားသည် အုပ် ၈၀၀ ပင် မကျော်ခဲ့ဖူးချေ။

အုပ် ၃၀၀၀ ကျော်။

နေသည် အနောက်အရပ်မှ ထွက်လာသည်ဆိုလျှင်ပင် ဤကိစ္စမဖြစ်နိုင်ချေ ပင်လယ်ရေသည် နောက်ပြန် စီးဆင်းသွားသကဲ့သို့ပင်။

“တစ်စုံတစ်ယောက်က ကိုယ့်စာအုပ်ကိုယ် ပြန်ဝယ်နေတာလား” အနီးရှိ ကျောင်းတော်သားတစ်ဦးက မှတ်ချက်ပြုသည်။

ဤအခြေအနေမျိုးလည်း ဖြစ်တတ်သည်။ ချမ်းသာသော မိသားစုမှ လူငယ်အချို့သည် စာအုပ်ထုတ်ဝေသောအခါ မိမိ၏ ကျော်ကြားမှုနှင့် လူအများ စိတ်ဝင်စားမှုကို ရရှိရန်အလို့ငှာ ကိုယ်ပိုက်ဆံနှင့် ကိုယ့်စာအုပ်ကို ပြန်ဝယ်တတ်ကြ၏။

ကျန့်ချန်နန်သည် ခေါင်းကို ခါယမ်းလိုက်သည် “အဲလိုမဟုတ်ဘူး။ လူတွေက အလုအယက်နဲ့ ဝယ်နေကြတာ။ စာမဖတ်တတ်တဲ့သူတွေတောင် အဲစာအုပ်ကို ဝယ်နေကြတယ်”

“ဘာစာအုပ်လဲ” ကျူးဝမ်ဟွာက အေးစက်စက် အသံဖြင့် မေးလိုက်၏။

ကျန့်ချန်နန်သည် စားပွဲခုံပေါ်သို့ စာအုပ်တစ်အုပ်ကို တင်လိုက်သည်။

ထိုနေရာရှိ ကျောင်းတော်သားတို့သည် စာအုပ်မျက်နှာဖုံးကိုမြင်သည့် ပထမတစ်ချက်မှာပင် ဆွဲဆောင်ခြင်း ခံလိုက်ရ၏။

“မာယာမျဉ်းပြိုင်များ”

အံ့အားသင့်စရာပင်။ ဤမျက်နှာဖုံး၊ ဤစာအုပ်အမည်ကို မြင်လိုက်ရုံနှင့်ပင် ဝယ်ယူချင်စိတ် ဖြစ်ပေါ်လာမိသည်။

သို့ပေမည့် ကျူးဝမ်ဟွာသည် စာအုပ်၏ မျက်နှာဖုံးကို မြင်သည့်အချိန်မှာတော့ မျက်နှာအမူအရာ တစ်ခုလုံး ချက်ချင်း ပြောင်းလဲသွား၏။

“ဟိုကောင် ရှမ့်လန်ရဲ့ စာအုပ်လား”

“မှန်ပါတယ်” ကျန့်ချန်နန်က ဖြေလိုက်သည်။

ချက်ချင်းပင် ကျူးဝမ်ဟွာ၏ မျက်နှာသည် စိမ်းပြာသွားခဲ့သည် ရှမ့်လန်၏ ထိုစာအုပ်ကို သူ ဖတ်ရှုခဲ့ဖူးသည်။ စာပေပညာရှင်အချင်းချင်း မထီမဲ့မြင်ပြုလိုသောစိတ်ကြောင့် သူသည် အလျင်အမြန် ဖတ်ရှုခဲ့ခြင်းဖြစ်သည်။ ထိုသို့ဆိုလျှင်တောင်မှ ရှမ့်လန်စာအုပ်၏ အရေးအသား ၊ စာပေအရည်အသွေးသည် အလွန်မြင့်မားကြောင်း ကျူးဝမ်ဟွာက သိရှိခဲ့၏။

သို့ပေမည့် ထိုသို့ဆိုလျှင်တောင် ဘာကအရေးကြီးသနည်း။ ယနေ့ခေတ်၏ ဝတ္တုစာအုပ် ဝယ်ယူသူများသည် အဓိကအားဖြင့် မင်းမျိုးမင်းနွယ် အမျိုးသမီးငယ်များဖြစ်ပြီး ၎င်းတို့သည် ချမ်းသာသောမိသားစုများ၏ အချစ်၊ အမုန်းပြိုင်ဘက်များအကြောင်း၊ အရည်အချင်းရှိပြီး ရုပ်ရည်ချောမောသောအမျိုးသား ဇာတ်ကောင်နှင့် လှပသည့် အမျိုးသမီးများအကြောင်းကိုသာ နှစ်သက်ကြသည်။

ရှမ့်လန်၏ စာအုပ်သည် စာဖတ်ပရိသတ်၏ စိတ်ဆန္ဒနှင့် ကိုက်ညီမှုမရှိပေ။ အဘယ်သို့ များများစာစား ရောင်းချနိုင်မည်နည်။ ဤသည်မှာ သေချာပေါက် လိမ်လည်မှုတစ်ခု ဖြစ်ရမည်။ ရှမ့်လန်သည် လူအများကို တိတ်တဆိတ် ငှားရမ်း၍ စာအုပ်များဝယ်ယူစေကာ ရောင်းအားတု ဖန်တီးခြင်းသာ ဖြစ်ရမည်။

ကျန့်ချန်နန်က ပြောလိုက်၏။ “သခင်လေးကျူး ….. စိတ်ကို တည်ငြိမ်အောင်ထားပြီး ဒီစာအုပ်ကို သေသေချာချာ ဖတ်ကြည့်ပါအုံး”

ကျူးဝမ်ဟွာသည် အသက်ကို ပြင်းပြင်းရှူသွင်းပြီးနောက် စတင်ဖတ်ရှုလိုက်သည်။ သူ၏စိတ်အတွင်းမှာတော့ အဆိုးမြင်စိတ် ၅၀ ရာခိုင်နှုန်းကို ဆက်လက်သယ်ဆောင်ထားဆဲ ဖြစ်သည်။

စာမျက်နှာ ၁၊ စာမျက်နှာ ၂၊ စာမျက်နှာ ၁၀… စာမျက်နှာ ၃၀။

အချိန်နာရီဝက်ခန့် ကြာမြင့်သွား၏။

ကျူးဝမ်ဟွာသည် အလွန်လျင်မြန်သော အရှိန်ဖြင့် “မာယာမျဉ်းပြိုင်များ” ပထမအတွဲကို ဖတ်ရှုပြီးစီးသွားသည်။ သူသည် မျက်လုံးများကို မှိတ်ထားပြီး သူ၏ရင်ဘတ်သည် နိမ့်လိုက်၊ မြင့်လိုက် ဖြစ်နေသည်။

မျက်လုံးများကို ပြန်ဖွင့်လိုက်သည့်အချိန်မှာတော့ ကျူးဝမ်ဟွာသည် ထိုစာအုပ်ကို မြေပြင်ပေါ်သို့ ခပ်ပြင်းပြင်းပစ်ချပြီး အေးစက်လွန်းသည့် လေသံဖြင့် အော်လိုက်၏။ “ဘယ်လောက် ညံ့ဖျင်းတဲ့ စာအုပ်လဲ။ ညစ်ညမ်းတဲ့အရေးအသားတွေနဲ့ လူတွေအာရုံစိုက်အောင် လုပ်ထားတာပဲ။ ယုတ်ညံ့လိုက်တဲ့ နည်းလမ်း”

ထို့နောက် သူသည် စာအုပ်ကို ပြန်လည်ကောက်ယူကာ စာမျက်နှာတစ်ခုကို ကျပန်းလှန်လိုက်ပြီး အချစ်ဇာတ်ဝင်ခန်း အပိုဒ်အချို့ကို လက်ညိုးထိုးပြလိုက်သည်။ “ကြည့်လေ အိပ်ရာခန်းတွေကို။ စာပေတန်ဖိုးမရှိတဲ့ စာအုပ် .... တွေ့တယ်မလား။ ဒီလိုကောင်တွေကြောင့် လူတွေရဲ့ အကျင့်စရိတ္တ ပျက်စီးကုန်တာ။ ဒီလိုကောင်တွေကို လူမြင်ကွင်းကို ထုတ်ပြီး ကွပ်မျက်သင့်တယ်”

သို့ပေမည့် ထိုအချိန်မှာပဲ …

ရုတ်တရက် ဘေးတစ်ဖက် စားဝိုင်းဆီမှ ကျောင်းတော်သားတစ်ဦးက ပြောလိုက်၏။ “ကြည့်စမ်းပါအုံး .. ဒီစာအုပ်မျက်နှာဖုံးပေါ်က အမျိုးသားရဲ့မျက်နှာကို နည်းနည်းရင်းနှီးနေသလိုပဲ”

“ဟုတ်တယ်။ နည်းနည်းရင်းနီးနေတယ်”

“ဟုတ်တယ်။ ရင်းနှီးနေသလိုပဲ။ ဒါနဲ့ တင်ပါးမှာလည်း အစက်တွေဆွဲထားသေးတယ်။ ဘာတွေလဲ”

“ဝဲတွေနေမှာပေါ့”

“နေအုံး .. ဒီမျက်နှာကို ကျုပ် အရမ်းရင်းနှီးနေသလိုပဲ”

ပြီးနောက် ထိုနေရာရှိ လူအများ၏ အကြည့်သည် ကျူးဝမ်ဟွာဆီသို့ မလွှဲမရှောင်သာ ရောက်ရှိသွားကြသည်။

ကျူးဝမ်ဟွာ၏ မျက်နှာသည် ချက်ချင်းပင် လုံးဝပြောင်းလဲသွားသည်။ သူသေသေချာချာ မကြည့်ရှုခဲ့မိပေ။ သတိပြုမိသွားချိန်မှာတော့ စာအုပ်ထဲမှ လူနာမည်ကိုပါ သူ သတိပြုလိုက်မိ၏။

ဇာတ်လမ်းထဲမှ ဇာတ်ဆောင်သည် တော်ဝင်မျိုးနွယ်မှဆင်းသက်လာသည် ဆိုသော်လည်း အရာအားလုံးကို ဆုံးရှုံးခဲ့ရသောကြောင့် မိသားစု အခြေအနေ ယိုယွင်းသွားသည်။ အများအားဖြင့် စာပေတွင် ထင်ပေါ်ကျော်ကြားလိုစိတ်ဖြင့် အတွေ့အကြုံမရှိသော မိန်းမပျိုအချို့ကို လိမ်လည်လှည့်ဖြားပြီး ငွေကြေးကိုသာမက ခန္ဓာကိုယ်ကိုပါ အရယူတတ်သည်။ နောက်ဆုံးတွင် သူဌေးကြီး ရှီမန်၏ ထောက်ပံ့မှုဖြင့် ကြီးပွားချမ်းသာသောနေရာသို့ ရောက်ခဲ့သည်။

စေ့စေ့တွေးကြည့်ပါမှ သူ့အကြောင်း ယုတ်ယုတ်ညံ့ညံ့များ ရေးထားခြင်းဖြစ်ကြောင်း ကျူးဝမ်ဟွာ သတိပြုလိုက် မိ၏။

ဤအရာ .. ဤအရာသည် သူ၏ သိက္ခာကို ဖျက်ဆီးခဲ့ခြင်းပင်။

All Chapters